အခန်း (၁၃) - သူ ငါ့ကို သဘောမကျဘူးပဲ
ယန်မြို့စားမှာ မူလက စစ်သူကြီးကူသည် နိုင်ငံရေးကိစ္စများကို ပြောလိုလိမ့်မည်ဟု ထင်ခဲ့သော်လည်း စစ်သူကြီးကူ စကားစပြောသောအခါ မုပေါ်ရန်၏ မိသားစုနှင့်သာ သက်ဆိုင်သော အကြောင်းအရာများ ဖြစ်နေသည်။
မုပေါ်ရန်သည် စိတ်ထဲ၌ တွေးနေမိသည်။
'စစ်သူကြီးကူက ဒီလိုမျိုး စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူလို့ မထင်ထားမိဘူး။'
ထို့ကြောင့် သူက ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ဇနီးက ကျန်းမာရေး မကောင်းလို့ သားတစ်ယောက်ပဲ ရနိုင်ခဲ့ပါတယ်။"
စစ်သူကြီးကူ၏ မျက်နှာသည် အံ့သြဟန်ရှိနေသည်။ သူသည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း မော့ကြည့်ကာ ညင်သာစွာဖြင့် လေကိုမှုတ်ထုတ်လိုက်ပြီး
"ယန်မြို့စားမှာ သားတစ်ယောက်တည်း ရှိတာလား။ ကျွန်တော် ထင်တာက...."
စစ်သူကြီးကူမှာ သူ၏ စကားများက မသင့်လျော်လွန်းသည်ဟု ထင်သောကြောင့် ဆက်မပြောတော့ပေ။
သို့သော် ယန်မြို့စားမင်းသည် စစ်သူကြီးကူ ဘာပြောလိုသည်ကို ခန့်မှန်းမိပြီးဖြစ်သည်။ ယန်မြို့စားက ဟန်ဆောင်မှုမရှိသောသူဖြစ်၏။ စစ်သူကြီးကူက ထိုမျှလောက် စိတ်ကောင်းရှိသည်ကို မြင်ပြီးနောက် ယန်မြို့စားက နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
"ဒါဟာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ စစ်သူကြီးရဲ့သားနဲ့ ကျွန်တော့်သားက အသက်အရွယ်ချင်း တူကြတယ်။ သူတို့ထဲက တစ်ယောက်ကသာ မိန်းကလေးဆိုရင် ကောင်းမွန်တဲ့စုံတွဲ ဖြစ်လာနိုင်တယ်။ သူတို့က အရမ်းလိုက်ဖက်ညီတဲ့ စုံတွဲဖြစ်မှာပဲ၊ လှပတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုတောင် ဖြစ်လာနိုင်လောက်တယ်ဆိုတာ ဘယ်သူသိနိုင်မလဲ! အားရား၊ လက်ထပ်ထိမ်းမြားခြင်းနဲ့ ကျွန်တော်တို့ မိသားစုတွေကို ပေါင်းစည်းဖို့ဆိုတဲ့ မျှော်လင့်ချက်က မှန်ထဲက ပန်းပွင့်ပုံရိပ် ဒါမှမဟုတ် ရေထဲက လရောင်ရောင်ပြန်ဟပ်မှုလိုပါပဲ၊ အချည်းနှီး အိပ်မက်ကြီးတစ်ခု ဖြစ်သွားတာ တကယ်ကို စိတ်မကောင်းစရာပါ!"
စစ်သူကြီးကူက ဤစကားကို ကြား၍ ရယ်မောကာ
"ကျွန်တော့်မိသားစုကို တန်ဖိုးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ယန်မြို့စား။ မြို့စားဆီက ဒီလိုစကား ကြားရတာ တကယ့် ကောင်းချီးပါပဲ! အဲ့ဒီတုန်းက ကျွန်တော့်ဇနီးလည်း သမီးလေးတစ်ယောက် လိုချင်ခဲ့ပေမဲ့ ဒီကမ္ဘာမှာ မပေးနိုင်တဲ့ အရာတွေ အများကြီး ရှိတယ်လေ၊ ဟူး။ အာ၊ ဒါပေမဲ့ နတ်ရွာစံသွားတဲ့ ဧကရာဇ်မင်းမြတ်က အရမ်း ပွင့်လင်းခဲ့တာ။ သူ အသက်ရှင်တုန်းက ယောက်ျားချင်းလက်ထပ်တာဟာ သာမန်လူတွေရဲ့ ဓလေ့ထုံးစံတစ်ခုပဲ။ သူက မင်းသားတစ်ပါးကို မြင့်မြတ်တဲ့မျိုးနွယ်စုရဲ့ သားနဲ့ လက်ထပ်ခွင့်တောင် ပေးခဲ့သေးတယ်။ ဒီဓလေ့က ဒီနေ့အထိ ဆက်လက်တည်ရှိနေပြီး သာမန်လူတွေကြားမှာ ဒီလိုလက်ထပ်မှုတွေ အများကြီးရှိတယ်။ ဖြစ်နိုင်တာ...."
ဤအကြောင်းအရာကို ပြောသောအခါ စစ်သူကြီးကူသည် ဤကဲ့သို့သော အရာများကို နားမလည်နိုင်သော လူများစွာလည်း ဤကမ္ဘာတွင် ရှိကြောင်း ရုတ်တရက် သတိရသွားသည်။ ထို့အပြင် ယန်မြို့စားတွင် သားတစ်ယောက်သာရှိပြီး သူတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သောကြောင့် စစ်သူကြီးကူသည် သူ ထပ်မံ၍ ပြောရန် မသင့်လျော်ကြောင်း ထင်မြင်ကာ ထိုကဲ့သို့သော အကြောင်းအရာကို ဆက်မပြောတော့ပေ။ စစ်သူကြီးကူက အလျင်အမြန် ဦးညွတ်လိုက်ကာ
"အဟမ်း! များသွားပြီ၊ ကျွန်တော် စကားတွေ အများကြီးပြောမိပြီ။ ကျွန်တော်က ရိုင်းပျပြီး စကားများလွန်းပါတယ်၊ ယန်မြို့စား ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး!"
မုပေါ်ရန်သည် ကူမြောင်၏ လက်မောင်းကို အလျင်အမြန် ဆုပ်ကိုင်ကာ ကြင်နာစွာ ပြုံးပြီး
"စစ်သူကြီးက ကျွန်တော့်ရဲ့မုမိသားစုနဲ့ ကျွန်တော့်သားကို သဘောကျတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်!"
ထို့နောက် အဖေအိုကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ သူတို့၏ စကားများသည် သက်သက်မဲ့ အဓိပ္ပာယ်မဲ့သော စကားများလား သို့မဟုတ် စိတ်ရင်းမှန်ဖြင့် ပြောသော စကားများလားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
____
တစ်ဖက်၌ ကူဟယ့်ရန်နှင့် မုကျစ်မင်တို့သည် ခြံဝင်းသို့ ဖြည်းညင်းစွာ လျှောက်သွားကြသည်။ ညင်သာသော လေပြည်သည် စိမ်းလန်းသော ဝူထုန်သစ်ပင်၏ အရွက်များကို လှုပ်ခတ်စေသော်လည်း လူငယ်နှစ်ဦးစလုံး စကားမပြောကြချေ။
မုကျစ်မင်သည် ဤအခွင့်အရေးကိုယူ၍ ကူဟယ့်ရန်ကို အနီရောင်ကျောက်စိမ်းပြား၏ အဓိပ္ပာယ်ကို မေးမြန်းလိုသော်လည်း ကူဟယ့်ရန်က ၎င်းကို ခါးတွင် မဝတ်ဆင်ထားသည်ကို မုကျစ်မင်မြင်သောအခါ မည်သို့စကားစပြောရန် မသိတော့ပေ။
သူတို့ ယန်အိမ်တော်တွင် ရှိနေပါက ခြံဝင်းအတွင်း လျှောက်သွားကာ နွေဦးရာသီ၏ ရှုခင်းကို ခံစားနိုင်ကြသည်။ သို့သော် စစ်သူကြီး၏အိမ်တော်သည် အုတ်နံရံများနှင့် ကျောက်ကြမ်းပြင်များဖြင့် အလွန်အမင်း ရိုးရှင်းသောပုံစံရှိသည်။ ဝူထုန်သစ်ပင်များမှလွဲ၍ အခြားအပင်မျိုးစုံ မရှိပေ။ မုကျစ်မင်က ကူဟယ့်ရန်သည် သူ့ကို တစ်နေရာသို့ ခေါ်ဆောင်သွား၍ ပြသရန်ဟု ထင်ခဲ့သော်လည်း ခဏကြာ လျှောက်သွားပြီးနောက် ကူဟယ့်ရန်သည် တိတ်ဆိတ်နေကာ ကောင်းကင်ကိုသာ ကြည့်နေခဲ့သည်။ ထိုအခါမှ မုကျစ်မင်မှာ သူတို့က အချိန်အတော်ကြာ တိတ်ဆိတ်စွာဖြင့် ရှက်ရွံ့စွာ လျှောက်သွားနေကြောင်း သဘောပေါက်သွားသည်။
မုကျစ်မင် အကူအညီမဲ့စွာ ပြုံးပြီး ပထမဆုံး စကားစပြောရန် ဆုံးဖြတ်ကာ ခေါ်လိုက်သည်။
"ကူရှုန်း*"
(*ညီအစ်ကိုကူ)
ကူဟယ့်ရန်က ကောင်းကင်မှ အကြည့်ကို ရုပ်သိမ်းကာ မုကျစ်မင်ကို ကြည့်လာသည်။
မုကျစ်မင်က ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်ပြီး နှစ်ဘဝနေထိုင်ခဲ့ပြီးနောက် လူအမျိုးမျိုးနှင့် စကားပြောဖူးသည်။ သူ့အတွက် ပေါ့ပေါ့ပါးပါး စကားပြောဆိုရန် မခက်ခဲပေ။
"ကူရှုန်း၊ ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်မှာ ကူရှုန်းကို ကျွန်တော် ကူညီနိုင်တာ တစ်ခုခုရှိရင် ပြောပါ။ ကျွန်တော် ဝမ်းသာစွာနဲ့ တတ်နိုင်သလောက် ကူညီပေးမှာပါ။"
ကူဟယ့်ရန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အင်း။"
မုကျစ်မင်: "..."
'ဒီနေ့က တတိယလရဲ့ လှပတဲ့ နွေဦးနေ့လေ! ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ!'
'သူက တကယ်ကို ဂရုမစိုက်ဘူးပဲ!!!!'
တဖြည်းဖြည်း စိတ်ပျက်လာသော မုကျစ်မင်တစ်ယောက် နောက်ဆုံးတွင် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ရက်က နွေဦးရာသီ အမဲလိုက်ပွဲမှာ ကူရှုန်းရဲ့ လက်နက်စွမ်းရည်က တကယ်ကို အံ့သြစရာကောင်းတယ်။ ရွှေနဂါးကို ပါးစပ်ဟစေပြီး အော်ဟစ်သံက ကောင်းကင်နဲ့မြေကြီးတောင် ဒီလိုအဖြစ်အပျက်ကို မေ့ဝံ့မှာမဟုတ်ဘူး! (၁) ကူရှုန်းက တကယ်ကို သူရဲကောင်းတစ်ယောက်ပဲ၊ ပြီးတော့ ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့သူ၊ ဒီလောကမှာ အင်အားအကြီးဆုံးလူ ဖြစ်လာမှာ သေချာတယ်! ကူရှုန်း ဘယ်အရွယ်ကစပြီး မြားပစ်လေ့ကျင့်ခဲ့တာလဲ သိချင်လိုက်တာ!"
ကူဟယ့်ရန်က ပြန်ဖြေသည်။
"လေးနှစ်သား။"
"လေးနှစ်?!"
မုကျစ်မင် အံ့သြသွားပြီး
"စစ်သူကြီးကူရဲ့ မိသားစုစည်းမျဉ်းတွေက တော်တော်တင်းကျပ်ပုံပဲ။ အာ၊ ဒါက စစ်သူကြီးတွေရဲ့ ပုံစံအမှန်ပဲလေ။ ဒါပေမဲ့ ဒီအကြောင်းကြောင့်ပဲ စစ်သူကြီးက ကူရှုန်းလို ထူးခြားတဲ့ အရည်အချင်းရှိတဲ့သူကို မွေးထုတ်နိုင်ခဲ့တာပေါ့! အင်း၊ ဒါပေမဲ့ ကူရှုန်းလည်း ခံစားခဲ့ရမယ်လို့ ထင်တယ်။ ငယ်ငယ်ကတည်းက ဆော့ကစားဖို့ အချိန်နည်းခဲ့မှာ သေချာတယ်။"
ကူဟယ့်ရန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။
"မြားပစ်လေ့ကျင့်တာက ဆော့ကစားတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။"
မုကျစ်မင်သည် လက်သီးဆုပ်ကာ
"ကူရှုန်းက ပညာရပ်တွေကို အရမ်းကြိုးစားအားထုတ်သူပဲ! ကျွန်တော်တို့လို သာမန်လူတွေနဲ့ တခြားစီပဲနော်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်။"
ကူဟယ့်ရန်: "..."
မုကျစ်မင်: "...."
ထိုအခိုက်အတန့်၌ ယန်မြို့စား၏ သားသည် စိတ်ထဲ၌ ဝမ်းနည်းကာ တိုက်ပွဲကို လုံးဝရှုံးနိမ့်သွားပြီဟု ညည်းညူနေမိသည်။
'အခု ၁၀၀% သေချာသွားပြီ။ ကူဟယ့်ရန်က ငါ့ကို သဘောမကျဘူးပဲ။'
***
Aurora Novel Translation Team
မုကျစ်မင်က ကူဟယ့်ရန် သူ့ကို သဘောမကျဘူးလို့ ထင်နေတဲ့အချိန်မှာ ကူဟယ့်ရန်ကတော့ သူကြိုက်နေတဲ့သူရှေ့မှာမို့ ရှက်နေပြီး ကောင်းကင်ကိုပဲ မော့ကြည့်နေခဲ့တာပါ ( ꈍᴗꈍ)
Translator's Note:
(၁) 箭惊龙开口赞夸,天地不敢忘 (ling jn lng ki zn ku, tin d b gn wng); အဲ့ဒါက ပုံမှန်အားဖြင့် ဧကရာဇ်မင်းမြတ်က လူအများရှေ့ (အရေးပါတဲ့ အမတ်မယတွေနဲ့ တိုင်းပြည်ရဲ့ အခြားကိုယ်စားလှယ်တွေ ) မှာ ကူဟယ့်ရန်ကို ချီးကျူးခဲ့ပြီး အနည်းဆုံး စစ်ရေးအရ မျက်နှာသာပေးကြောင်း ပြသခြင်းဖြစ်ပြီး၊ အရာရှိဖြစ်လာတဲ့အခါ အခွင့်အလမ်းများစွာ ရရှိစေနိုင်တာကို ပြောချင်တာပါ။