အခန်း (၁၈) - စကားလုံးများထဲတွင် ဖုံးကွယ်ထားသည့် နက်နဲသိမ်မွေ့သောနာကျင်မှု
မုကျစ်မင်က ခံစားချက်များကို ထိန်းကာ တည်ငြိမ်ဟန်ဆောင်လိုက်ပြီး မင်းသားနှစ်ပါးနားသို့ ချည်းကပ်လာသည်။
''မင်းသားငါးက ကျွန်တော်မျိုးကို ရှာနေတာလား။''
''ဟုတ်တယ်။''
ဖူရီက ပြုံးပြ၍ ခေါင်းညိတ်ပြလိုက်သော်လည်း သူပြောလိုသည့်စကားကို မပြောခဲ့ပေ။ ထို့အစား ဖူကျီအန်းဘက်သို့လှည့်ကာ ပြောလိုက်သည်။
''အစ်ကိုတော် လီကျူးနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်။ ခဏလောက် သူ့ကို ခေါ်သွားလို့ရမလား။''
မုကျစ်မင် ထိုစကားကို ကြားလိုက်ရသောအခါတွင် ခန္ဓာကိုယ်ထဲမှသွေးများက ပြောင်းပြန်စီး၍ သူ့ခေါင်းတစ်ခုလုံး စိတ်အနှောင့်အယှက်ဖြစ်ရမှုကြောင့် ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်မိသည်။ သူ အလျင်စလိုဖြင့် ပြောလိုက်ရသည်။
''ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ မင်းသား။ ကျွန်တော်မျိုး မင်းသားခုနစ်နဲ့ လုပ်စရာလေးရှိပါသေးတယ်။ မင်းသားခုနစ်က သိုင်းကျင့်ဖို့ မြင်းစီးမြားပစ်ဥယျာဉ်ကို သွားရပါဦးမယ်။ ကျွန်တော်မျိုးက မင်းသားခုနစ်ကို အဖော်ပြုပေးရဦးမှာပါ။''
ဖူကျီအန်းက ပြုံး၍ ပြောလိုက်သည်။
''ရပါတယ် မုကောကော။ ကျွန်တော့်ကို နောက်တစ်ခေါက်မှ အဖော်လုပ်ပေးတော့။ အစ်ကို့တော်ကိစ္စက ပိုပြီးအရေးကြီးတယ်။''
မုကျစ်မင် : "...."
'ဖူကျီအန်း....နောက်နှစ်အထိ အိပ်မရအောင် လုပ်ပစ်ဦးမယ်။'
ဖူရီက ပြုံးလိုက်ပြီး
''ကျေးဇူးပဲ။''
''ဘာကိုမှ ကျေးဇူးတင်စရာမလိုပါဘူး။''
ဖူကျီအန်းက အသံကျယ်ကျယ်ဖြင့် ရယ်လိုက်သည်။
''အဲ့လိုဆို အစ်ကိုတော် မုကောကော ကျွန်တော် မြင်းစီးမြားပစ်ဥယျာဉ်ကို သွားပါတော့မယ်။ နောက်မှတွေ့ကြမယ်နော်။''
''ခဏ....ခဏ....''
မုကျစ်မင်သည် ဖူကျီအန်းကို တားရန် ကြိုးစားလိုက်သော်လည်း ဖူကျီအန်းက လက်ဝှေ့ယမ်းပြပြီး ပြေးထွက်သွားကာ ချက်ချင်းပင် မြင်ကွင်းမှပျောက်သွားသည်။
မုကျစ်မင်နှင့် ဖူရီတို့နှစ်ယောက်တည်းသာ လူသွားလမ်းတွင် ကျန်ခဲ့၏။ လူသွားလမ်းက တိတ်ဆိတ်ငြိမ်သက်နေကာ ပုစဉ်းရင်ကွဲသံတို့ကိုသာ ကြားနေရသည်။
ကိစ္စသည် မိမိဆီသို့ ရောက်လာပြီဖြစ်သောကြောင့် မုကျစ်မင် ရင်ဆိုင်ရပေတော့မည်။ ထိုအချိန်တွင် မုကျစ်မင်က ပျာယာခတ်နေသည်ကို ရပ်၍ တည်ငြိမ်အောင် လုပ်လိုက်သည်။ ဖူရီတစ်ယောက် အင်္ကျီလက်ထဲ၌ မည်သို့သောလှည့်ကွက်မျိုး ဖုံးကွယ်ထားသည်ကို သိချင်မိ၏။
လေပင်မတိုက်သောကြောင့် မွန်းကျပ်စေသောလေပူကိုသာ ခံစားမိသည်။ နေကလည်း မြေကြီးကိုပင် လောင်ကျွမ်းသွားမတတ် ခြစ်ခြစ်တောက်ပူနေသည်။ ဖူရီက မုကျစ်မင်ကို ပုံမှန်အကြည့်မျိုးဖြင့် ကြည့်လိုက်သော်လည်း နက်ရှိုင်းစွာပြုံးကာ ပြောလာလေသည်။
''ကိုယ့်မယ်တော်က ဒီနေ့ ဖန်ယိနန်းဆောင်မှာ တော်ဝင်ကွေ့ဖေးနဲ့ စကားပြောနေတာ။ ဖန်ယိနန်းဆောင်ကို အဖော်လိုက်ပေးပါလား။ စကားပြောရင်း သွားကြတာပေါ့။''
''ကောင်းပါပြီ။ မင်းသားငါးက ကျွန်တော်မျိုးကို ဘာများပြောစရာရှိလဲဆိုတာတော့ သိချင်မိတယ်။''
မုကျစ်မင်က ပုံမှန်လေသံဖြင့် ပြန်ဖြေလိုက်သည်။
''သွားရင်းနဲ့ ပြောပြမယ်။''
လမ်းစလျှောက်လိုက်ပြီး ဖူရီက ပြုံး၍ ပြောလာသည်။ မုကျစ်မင်လည်း ဖူရီနောက်မှလိုက်လာကာ ဖန်ယိနန်းဆောင်သို့ ဦးတည်သွားကြလေသည်။
အစက ဖူရီဘက်မှ ရည်ရွယ်ချက်ပြည့်နှက်နေသောကိစ္စများကိုသာ ပြောလိမ့်မည်ဟု မုကျစ်မင်ထင်ထားခဲ့သော်လည်း အဆုံးတွင်မူ ငယ်ဘဝအကြောင်း၊ ကဗျာများအကြောင်းနှင့် စာပေအကြောင်းသာ ပြောဆိုလာခဲ့သည်။ ဖူရီ ထိုသို့လုပ်နေခြင်းက ဘာကိုဆိုလိုသလဲဟု မုကျစ်မင် သိချင်နေမိသည်။ ဖန်ယိနန်းဆောင်နားသို့ ရောက်သောအခါတွင် ဖူရီက ရုတ်တရက် ပြောလာသည်။
''ရှေးဆိုရိုးစကားတစ်ခွန်းရှိတယ်။ သူတော်စင်တွေက လူတိုင်းကို ညီတူညီမျှဆက်ဆံတယ်တဲ့။ လီကျူး ဒီလောကကြီးထဲမှာ သူတော်စင်တွေ ရှိတယ်ဆိုတာကို ယုံလား။''
မုကျစ်မင် တွေဝေသွားသည်။ မည်သို့ပြန်ဖြေရမည်ကို စဉ်းစားနေမိ၏။ သို့သော်လည်း ထိုအချိန်တွင် ဖူရီက ထပ်ပြောသည်။
''ဒီလောကကြီးထဲမှာ သူတော်စင်ဆိုတာ သေချာပေါက်မရှိဘူးပေါ့။ ဒီလောကကြီးမှာ လူတွေအများကြီးရှိတယ်။ လူတိုင်းရဲ့နှလုံးသားက အစွဲအလမ်းရှိကြတယ်။ လီကျူး မင်းရော ဘယ်လိုထင်လဲ။ ကိုယ် ခုနစ်နှစ်သားအရွယ်တုန်းက နိုင်ငံရေးပြုကျင့်ခြင်းဆိုတဲ့စာကို အလွတ်ရွတ်နေနိုင်ပြီ။ ဒါပေမဲ့လို့---''
ဖူရီက ပြုံးလိုက်သော်လည်း မျက်နှာထက်မှ အမူအရာက အနည်းငယ်မျှ ထူးဆန်းနေသည်။
''မင်းကြီးက ကိုယ့်ကို ဘယ်တုန်းကမှ မချီးကျူးခဲ့ဖူးဘူး။ ဒီနေ့ ဖူကျီအန်းရေးတာ တစ်လုံးမှားပေမဲ့လို့ မင်းကြီးက ဖူကျီအန်းကို ဘာဆုလိုချင်သလဲလို့တောင် မေးခဲ့သေးတယ်။ ရယ်စရာမကောင်းဘူးလား။''
ထိုသို့ပြောပြီးနောက်တွင် ဖူရီက အမှုမဲ့အမှတ်မဲ့ဖြင့် နှစ်ကြိမ်နှစ်ခါ ရယ်လိုက်သည်။
မုကျစ်အန်းကလည်း ပြန်ပြောလိုက်၏။
''ဒီလောကကြီးမှာ မင်းကြီးရဲ့အရေးပေးခြင်းခံရတာတွေထက် ပိုများတဲ့အရာတွေရှိပါသေးတယ်။''
ဖူရီက အမူအရာကို ချုပ်တည်းကာ မုကျစ်မင်ကို ကြောက်စရာကောင်းသောအကြည့်မျိုးဖြင့် ငေးကြည့်နေလေသည်။ မုကျစ်မင်ကမူ မကြောက်သည့်အပြင် ထပ်၍ပါ ပြောလိုက်သေးသည်။
''ဖူကျီအန်းက မင်းသားကို အစ်ကိုအရင်းတစ်ယောက်လို ချစ်ခင်တာပါ။ အဲ့ဒါက ရွှေထက်တန်ဖိုးရှိပြီး ကျောက်တုံးထက် အားကောင်းပါတယ်။ တော်ဝင်ကွေ့ဖေးကလည်း မင်းသားကို ကလေးဘဝကတည်းက ကာကွယ်ပေးပြီး ကြင်ကြင်နာနာနဲ့ စောင့်ရှောက်ပေးခဲ့တာပါ...''
''တော်ဝင်ကွေ့ဖေးမယ်မယ်ကလား...''
ဖူရီက ရုတ်တရက်ဆိုသလို မုကျစ်မင်ပြောနေသည်ကို ဖျက်ပြောလိုက်သည်။ ထို့နောက် အေးစက်သောအပြုံးတစ်ခုဖြင့် ဆိုလိုက်လေသည်။
''ဖူကျီအန်းနဲ့ ကိုယ့်ကြားက အကြီးမားဆုံးကွာခြားချက်က ဘာလဲဆိုတာသိလား။ ကိုယ့်မယ်တော်ရဲ့ အဆင့်အတန်းက နိမ့်ပြီး ကိုယ်ကတော့ အရက်မူးနေတဲ့မင်းကြီးနဲ့ မယ်တော်တို့ မှားသွားတဲ့ ညတစ်ည၊ အမှားတစ်ခုကနေ မွေးလာတဲ့ ဘာမှမဟုတ်တဲ့ကောင်သက်သက်ပဲ။ မုချင်းဝမ်ကတော့ မတူဘူး။''
''အတင့်ရဲလိုက်တာ!!''
မုကျစ်မင်က ဒေါသတကြီးဖြင့် အော်ပစ်လိုက်သည်။
''တော်ဝင်ကွေ့ဖေးကို နာမည်တပ်ခေါ်ရဲတယ်ပေါ့လေ။''
''ဘာလို့ မခေါ်ရဲရမှာလဲ!''
ဖူရီ၏အသံကလည်း ပိုကျယ်လာပြီး အကြည့်တို့က ခက်ထန်ကာ ငရဲကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။ ရှေ့သို့ခြေတစ်လှမ်းတိုးကာ မုကျစ်မင်အနားသို့ ချည်းကပ်လာ၏။ သို့သော်လည်း ရုတ်တရက်ပင် ဖူရီသည် တစ်ခုခုကို သတိထားမိသွားကာ အကြည့်တို့က သိမ်မွေ့သွားပြီး မျက်နှာပေါ်မှစိတ်ခံစားချက်ကို ဖုံးကွယ်လိုက်လေသည်။ ထို့နောက်တွင် ခပ်လှမ်းလှမ်းမှ တော်ဝင်ကွေ့ဖေး၏ သိမ်မွေ့သောလေသံကို ကြားလိုက်ရသည်။
''ဪ...လီကျူး....ရီအာ....''
ဖူရီက ပြုံး၍ အလျင်စလိုဖြင့် တော်ဝင်ကွေ့ဖေးကို အရိုအသေပေးလိုက်သည်။ တစ်ဖက်တွင်မူ မုကျစ်မင်ကိုယ်တိုင်လည်း ယခုအချိန်က ဖူရီဖြင့် သွားရှုပ်ရမည့်အချိန်မဟုတ်သည်ကို ကောင်းကောင်းကြီးသိသောကြောင့် အသက်ရှူသွင်းလိုက်ပြီး တော်ဝင်ကွေ့ဖေးကို အရိုအသေပေးလိုက်သည်။
မကြာခင်တွင်ပင် တော်ဝင်ကွေ့ဖေးက လူငယ်လေးနှစ်ဦးနားသို့ ချည်းကပ်လာကာ တောက်ပ၍ လှပသောအပြုံးလေးကို ပြုံးပြလိုက်သည်။
''ဘာလို့ မင်းတို့နှစ်ယောက်တည်း ရှိနေတာလဲ။ ကျီအန်းကရော။''
''တော်ဝင်ကွေ့ဖေးကို ဖြေကြားပါတယ်။''
မုကျစ်မင်က လျှောက်ထားသည်။
''မင်းသားခုနစ်က ကိုယ်ခံပညာလေ့ကျင့်ဖို့ ထွက်သွားပါတယ်။''
''ဪ....အဲ့လိုဆို သူတော့ မင်းတို့နဲ့ကောင်းကောင်းမစားရတော့ဘူးပေါ့။ တော်ဝင်စားဖိုဆောင်က ငါ့အကြိုက် နှမ်းတိမ်လွှာကိတ်မုန့်ပို့လာတယ်။ အရမ်းအရသာရှိတာ။ ငါနဲ့လိုက်ခဲ့ကြ။''
ပြောရင်းဖြင့်ပင် တော်ဝင်ကွေ့ဖေးက ထိုနှစ်ဦးကို လက်ဆွဲခေါ်၍ ဖန်ယိနန်းဆောင်ထဲသို့ ခေါ်သွားတော့သည်။
တစ်ချိန်တည်းတွင်ပင် ဖူကျီအန်းသည် မြင်းစီးမြားပစ်ဥယျာဉ်သို့ သွားခဲ့သည်။ ခပ်လှမ်းလှမ်းတွင် အဖြူရာင်ဝတ်စုံဝတ်ထားကာ ခါးတွင် အနီရောင်ကျောက်စိမ်းပြားကို ချိတ်ထားသောလူငယ်လေးတစ်ဦးကို တွေ့လိုက်ရပြီး ထိုသူသည် ဝါးဖြင့်ဆောက်ထားသော ပွဲကြည့်စင်လေးဘေး၌ ရပ်နေ၏။
''ရှီဖူ!'' (၁)
ဖူကျီအန်းက အဝေးမှ လှမ်းအော်လိုက်ကာ ပြေးသွားခဲ့သည်။
ဖူကျီအန်းပြေးသွားသည်ကို မြင်သောအခါတွင် နောက်လိုက်များက စိုးရိမ်တကြီးဖြင့် သတိပေးကြ၏။
''အရှင့်သား သတိထားပါ။ ဖြည်းဖြည်းမသွားရင် ချော်လဲနေပါဦးမယ်။''
ကူဟယ့်ရန်သည် လက်ထဲမှလေးကြိုး၏တင်အားကို စမ်းသပ်နေခြင်းဖြစ်သည်။ ရုတ်တရက် မလှမ်းမကမ်းမှ ခေါ်သံကို ကြားလိုက်ရသောအခါတွင် ခေါင်းမော့ကြည့်လိုက်သည်။ ဖူကျီအန်းကို မြင်သောအခါတွင် အရိုအသေပေးလိုက်လေသည်။
''မင်းသားခုနစ်။''
''ရှီဖူ အစောကြီးရောက်နေတာပဲ။''
ဖူကျီအန်းက ပြုံးပြ၍ ပြောလိုက်သည်။
သူ့ကိုယ်သူ ထိုရှီဖူဟုသောဘွဲ့ဖြင့် မသင့်တော်ဟု ကူဟယ့်ရန် ထင်မိသော်လည်း ဖူကျီအန်းကမူ ထိုနာမည်ကိုသာ တွင်တွင်ခေါ်နေတော့သည်။ အမှန်တွင် ဖူကျီအန်းသည် သူအမြဲစိတ်ကူးယဉ်ခဲ့မိသော သိုင်းဝတ္ထုများထဲမှ အခြေအနေမျိုးကို ဖန်တီးနေခြင်းသာ။ မည်သို့ငြင်းရမည်ကို ကူဟယ့်ရန်လည်း မသိသောကြောင့် လက်ခံလိုက်ရလေသည်။
''ဒီနေ့ မင်းသားကို လေးကြိုးတင်တာ သင်ပေးပါ့မယ်။''
ကူဟယ့်ရန်က လက်ထဲမှ လေးကို ဖူကျီအန်းကို ပေးလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖူကျီအန်းက ခါးသက်သောမျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။
''ရှီဖူ ရှီဖူက အရမ်းယဉ်ကျေးလွန်းနေပြီ။ အခုဆို ကျွန်တော်တို့ ကိုယ်ခံပညာအတူတူလေ့ကျင့်ကြတာ ကြာပြီမဟုတ်လား။ ကျွန်တော်နဲ့ စကားမပြောချင်ဘူးလား။''
ကူဟယ့်ရန် : "အရှင့်သားက ဘာအကြောင်းများ ပြောချင်လို့ပါလဲ။"
''အကြောင်းအရာကတော့.... အကြောင်းအရာကတော့....''
ဖူကျီအန်းလေးသည် ခေါင်းကုတ်၍ အတော်ကြာစဉ်းစားနေ၏။ သို့သော်လည်း နောက်ဆုံးတွင်မူ ပြောဆိုရမည့်အကြောင်းအရာကို ရှာမတွေ့ပေ။ သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက်မှ ပြောလိုက်လေသည်။
''ဟားဟား မုကောကောသာ ဒီနေ့ ကျွန်တော်နဲ့လိုက်လာရင် ကောင်းမှာ။ သူက စကားအရမ်းများတာ။''
ကူဟယ့်ရန်၏မျက်ဝန်းများက တုန်ယင်သွားသည်။ အမူအရာကလည်း ခပ်တည်တည်အနေအထားမှ ချက်ချင်းပြောင်းသွား၏။ အသံသည်ပင် အားပျော့သွားဟန်တူသည်။
''ယန်မြို့စားရဲ့သားလည်း ဒီနေ့ လာမှာလား။''
ဖူကျီအန်းကမူ ကူဟယ့်ရန် ပုံစံပြောင်းသွားသည်ကို သတိမထားမိဘဲ
'' အစက သူက ကျွန်တော်နဲ့ လိုက်လာမလို့ပဲ။ ဒါပေမဲ့ အစ်ကိုတော်ငါးက သူနဲ့စကားပြောစရာရှိလို့ဆိုပြီး ခေါ်ထားလိုက်တာလေ။ မုကောကောလည်း အစ်ကိုတော်နဲ့ ပါသွားတယ်။''
ထိုစကားကို ကြားလိုက်ရသောအခါတွင်မူ ကူဟယ့်ရန်သည် ခေါင်းငုံ့လိုက်ကာ ထုံထိုင်းသွားသောအကြည့်မျိုးဖြင့် အောက်သို့သာ ငုံ့ကြည့်နေခဲ့သည်။ ခေတ္တမျှကြာပြီးနောက်တွင် ကူဟယ့်ရန်က မေးခွန်းတစ်ခုကို မေးလိုက်သည်။
''မင်းသားငါးက ယန်မြို့စားရဲ့သားကို ကောင်းကောင်း ဆက်ဆံရဲ့လား။''
''ကောင်းကောင်းဆက်ဆံတယ်?!''
ဖူကျီအန်းက တွေဝေနေသောဟန်ဖြင့် ထိုစကားကို အထပ်ထပ်အခါခါ ရေရွတ်လိုက်မိသည်။ သူသည် ယခုအချိန်တွင် ဆယ်နှစ်သားသာ ရှိသေးသောကြောင့် ကူဟယ့်ရန်၏စကားလုံးများနောက်မှ ဖုံးကွယ်ထားသည့်နာကျင်မှုကို မည်သို့နားလည်နိုင်မည်နည်း။ ဖူကျီအန်းက ရယ်လိုက်ပြီး
''အစ်ကိုတော်ငါးက မုကောကောကို ကောင်းကောင်းဆက်ဆံပါတယ်။ အစ်ကိုတော်ငါးကလည်း မုကောကောနဲ့ပဲ လျှောက်အလည်ဆုံးလေ။ သူတို့ဆက်ဆံရေးက ကောင်းတော့ ကျွန်တော်တောင် နည်းနည်းမနာလိုဖြစ်မိတယ်။ ငယ်ငယ်တုန်းကဆိုရင် အစ်ကိုတော်ငါးက မုကောကောကို မကြာခဏဆိုသလို စတတ်တယ်။ မုကောကောက သူ့ကို ရီကောကောလို့ခေါ်အောင်တောင် လုပ်သေးတာ။ အဲ့တုန်းက မုကောကောကလည်း အ'တော့ တကယ်ပဲ အဲ့လိုခေါ်တယ်လေ။ နောက်တော့ကျ အစ်ကိုတော်က မုကောကောအတွက် နှမ်းတိမ်လွှာကိတ်မုန့်တွေ ယူလာပေးတယ်။ သူက ကျွန်တော့်ကို တစ်ခုတောင် မကျွေးဘူးလေ။ အဲ့တုန်းက စိတ်တိုလိုက်တာများ။''
''အင်း။''
ကူဟယ့်ရန်က ဖူကျီအန်းပြောပြသည်ကို တိတ်ဆိတ်စွာနားထောင်နေပြီး ပြောပြီးသည်အထိ စောင့်နေခဲ့သည်။ ဖူကျီအန်း ပြောပြီးသွားသောအခါတွင် တုန်ယင်နေသောလေသံဖြင့် ညည်းတွားလိုက်မိသည်။
''အံ့ဩဖို့ကောင်းသားပဲ။''
''ဟမ်။''
ဖူကျီအန်းက ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။
''မင်းသားခုနစ် မြားပစ်လေ့ကျင့်ရမဲ့အချိန်ရောက်ပါပြီ။ လေးကို ဆွဲလိုက်ပါ။''
ကူဟယ့်ရန်၏အသက်ရှူသံက တဖြည်းဖြည်းတည်ငြိမ်သွားကာ ဖူကျီအန်းအား မြားမည်သို့ပစ်ရမည်ကို စတင်သင်ကြားပေးလိုက်သည်။
.....
မျက်စိတစ်မှိတ်အတွင်းပင် လပြက္ခဒိန် ကိုးလပိုင်းကုန်သို့ (၂) ရောက်လာလေပြီ။ ဝူထုန်ပင်တို့က အေးစက်သောလရောင်အောက်တွင် အရိပ်ကျနေပြီး ဆောင်းဦးမိုးကြောင့် စိုစွတ်နေ၏။ ထိုအချိန်တွင် ရာသီဥတုက အေးသည်ထက်အေးလာပြီ ဖြစ်သည်။
လက်စားချေတတ်သော မုကျစ်မင်ကမူ ဖူကျီအန်းကို တစ်ချိန်လုံး ကောင်းကောင်းအိပ်ခွင့်မပေးပေ။ နေ့တိုင်း မနက်စောစောထ၍ မုကျစ်မင်က နန်းတော်သို့ဝင်ကာ ဖူကျီအန်းကို လာနှိုးသည်။ အိပ်ရာထ၍ စာဖတ်ရန် အမြဲမှာကြား၏။ တစ်ဖက်တွင်မူ ဖူကျီအန်းတစ်ယောက် နေ့တိုင်း စောစောအိပ်ရာထနေရသည်။
ထုံးစံအတိုင်း ထိုနေ့တွင်လည်း မုကျစ်မင်သည် ဖန်ယိနန်းဆောင်သို့ ဝင်၍ ဖူကျီအန်းကို နှိုးလေသည်။
ဖူကျီအန်းက မျက်လုံးဖွင့်လာကာ စောင်ကို ဖက်လိုက်ပြီး အော်ငိုနေတော့၏။
''မုကောကော ဒီနေ့တစ်ရက်လေး နားလို့မရဘူးလား။ ဆရာလည်း ခုထိ နန်းတော်ထဲမဝင်ရသေးဘူးလေ။ ဒီကို ဘာလာလုပ်တာလဲ။ ကျောင်းတောင်မဖွင့်သေးတာကိုး။''
''ကျောင်းမဖွင့်သေးတာနဲ့ ပျင်းလို့ရမယ် ထင်နေလား။ မနက်စောစောထပြီး စာတွေလေ့လာမှတ်သားလို့ရတယ်ဆိုကိုရော စဉ်းစားမိလား။''
မုကျစ်မင်က ပြုံး၍ ပြောလိုက်သည်။
''ကြိုးစားကြတာပေါ့။''
သနားစရာ ဖူကျီအန်းလေးသည်မူ အိပ်ရာထက်တွင် လူးလှိမ့်နေသည်။ နောက်ဆုံးတွင်မူ မုကျစ်မင်က ဖန်ယိနန်းဆောင်ရှိ စာဖတ်ခန်းထဲသို့ ဆွဲခေါ်သွားလေတော့သည်။
ဖူကျီအန်းမှာ ခဏမျှ အော်ငိုပြီးနောက်တွင် စာအုပ်ကိုယူ၍ တိတ်ဆိတ်စွာ လေ့လာမှတ်သားနေသည်။ သို့သော်လည်း အဆုံးတွင်မူ ကစားချင်သောစိတ်လေးကသာ ပေါ်လာ၏။ စာအုပ်ကို ချ၍ ဖူကျီအန်းတစ်ယောက် မုကျစ်မင်ဘေးသို့ သွားကာ စာအုပ်ပုံကို လှန်လှောရှာဖွေကြည့်လိုက်သည်။ မုကျစ်မင်ဖတ်နေသည်ကို သိလိုသောကြောင့် ဖြစ်၏။
''ကမ္ဘာတစ်ဝှမ်းက စက်နည်းစနစ်တွေဆိုပါ့လား။ စစ်ရှုဝူကျင်း။ မော့ဟယ်ဘာသာစကား (၃)....''
ဖူကျီအန်းသည် စာအုပ်နာမည်များကို တစ်ခုပြီးတစ်ခုဖတ်ကြည့်နေခဲ့သည်။ ထို့နောက်တွင် ပြောလိုက်လေ၏။
''မုကောကော၊ မုကောကောဖတ်တဲ့စာအုပ်တွေက ထူးဆန်းလိုက်တာ။ ရှုပ်ယှက်ခတ်နေတာပဲ။''
မုကျစ်မင်က ပြောလိုက်၏။
''တစ်အုပ်က ငါစိတ်ဝင်စားလို့။ ကျန်တာတွေက နောက်ကျ ငါ့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ပဲ။ ငါ့စာအုပ်တွေကို လျှောက်ဖွမနေနဲ့။ ကိုယ့်ဘာသာ သွားဖတ်။''
''အာ... မုကောကော ကျွန်တော့်ကို နားခိုင်းပါဦး။''
ဖူကျီအန်း အော်ညည်းလိုက်သည်။
''နေ့ခင်းကျရင်လည်း ကိုယ်ခံပညာသွားသင်ရဦးမှာ။''
မုကျစ်မင်က စာအုပ်ကို လှန်နေရင်းဖြင့် သာမန်ကာလျှံကာသာ မေးလိုက်သည်။
''ကိုယ်ခံပညာက ဘယ်သူသင်တာလဲ။''
''စစ်သူကြီးကုရဲ့သား။''
မုကျစ်မင် ရုတ်တရက်ဆိုသလို ခေါင်းမော့ပြီး ဖူကျီအန်းကို ကြည့်လိုက်မိသည်။
''စစ်သူကြီးကုရဲ့သား?....''
''အင်း။ ဟုတ်တယ်လေ။''
ဖူကျီအန်းက ခေါင်းညိတ်ပြလိုက်ကာ မျက်ဝန်းထဲ၌ လေးစားမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။
''မုကောကော ကျွန်တော်ပြောပြမယ်။ ကျွန်တော့်ရှီဖူက အရမ်းအားကောင်းတာ။ သူက မြားပစ်၊ မြင်းစီး၊ ဓားသိုင်း၊ ချင်ကုန်း အကုန်တော်တယ်။''
မုကျစ်မင်က လက်ထဲမှ စာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်သည်။
''သူသင်ပေးတာကို ဘာလို့စောစောက မပြောရတာလဲ။''
ဖူကျီအန်းခမျာ ခေါင်းကုတ်မိကာ နားမလည်နိုင်တော့ပေ။
''မေးမှမမေးဘဲ။''
ထိုအချိန်တွင် မုကျစ်မင်၏မျက်ဝန်းများက တောက်ပသွားသည်။
''နေ့ခင်းကျရင် မင်းနဲ့အတူ မြင်းစီးမြားပစ်ကွင်းကို လိုက်ခဲ့မယ်။''
***
Aurora Novel Translation Team
(၁) ရှီဖူ 师父 - ရှီဖူဆိုတာက ဆရာကို ပြောတာပါ။ ရှေးခေတ်အချိန်တုန်းက များသောအားဖြင့် သင်ကြားပြသပေးကြတဲ့သူတွေက အမျိုးသားတွေများတယ်။ အဲ့တာကြောင့် ဆရာဆိုတဲ့လောင်ရှီက 师 ရှီကို ယူပြီး ယောက်ျားလေးမို့လို့ ဖူချင်းက 父 ကို ယူလိုက်ပြီး နှစ်ခုကို ပေါင်းစပ်လို့ ရှီဖူဆိုပြီးခေါ်တာပါ။ ဒါပေမဲ့လို့ လက်တွေ့ကျ ယောက်ျားလေးအတွက်ပဲ သုံးတာမဟုတ်ပါဘူး။ ဥပမာဆိုရရင် သိုင်းဝတ္ထုတွေမှာ ရှီဖူဆိုတဲ့အသုံးအနှုန်းကို သိုင်းသင်ပေးတဲ့ဆရာကို ခေါ်တဲ့နေရာမှာအသုံးများကြတယ်။ သင်ပေးတဲ့ဆရာက ယောက်ျားမိန်းမမရွေးဘဲ အဲ့လိုမျိုးပဲ သုံးတာပါ။
(၂) လပြက္ခဒိန် ကိုးလပိုင်း - အခုခေတ်ပြက္ခဒိန်နဲ့ဆိုရင်တော့ အော်တိုဘာဝန်းကျင်လောက်ပါ။
(၃) မော့ဟယ်ဘာသာစကား - ရှေးခေတ်တရုတ်ပြည်နဲ့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မျိုးနွယ်စုသုံးတဲ့ မန်ချူးဘာသာစကား။