Chapter 21: မြှား
ခဏစဉ်းစားပြီးနောက် သူ သည် ထိုလူများ၏ ရည်ရွယ်ချက်ကို နောက်ဆုံးနားလည်သွားခဲ့သည်။
“ခင်ဗျားတို့က …အလုပ်လာလျှောက်ဖို့ လာကြတာလား?” ရှောင်ဟဲ နည်းနည်းလန့်နေချေသည်။
ထိုယောကျာ်းများအားလုံး က စုဖေးဖေးရဲ့အစားအစာကို ခိုးယူရန် ကျွမ်းကျင်ပုံပင်။ သူတို့၏ ရိက္ခာအားလုံး ကုန်ခမ်းပြီး ဗိုက်ဆာလောင်မှုဒဏ် ခံစားရမှာတော့မှာလား?
ရှောင်ဟဲ လှည့်ကြည့်လိုက်ရာ ယုန်သတ်ပြီး ပြန်လာသော စုဖေးဖေး ကို တွေ့သွားသည်။ သူ ချက်ချင်းပြေးသွားကာ တိုးတိုးညှင်းညှင်း ပြောပြသည်။ “ဒီလူတွေ အလုပ်လျှောက်ဖို့ ရောက်လာတာ”
စုဖေးဖေး ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။ ထိုသူများ က
ခန္ဓာကိုယ်ကြီးမား၊ ကြွက်သားထူထဲကာ အလုပ်များများ လုပ်နိုင်ပုံရသည့် သူများဖြစ်သည်။
သူမ ချဉ်းကပ်လာကာ ခေါင်းဆောင် ကို လက်ဖြင့်ပုတ်ပြီး ပြောလိုက်သည်။
"မနက်ဖြန် အလုပ်စမယ်။ သဘောတူလား?"
ခေါင်းဆောင် က စုဖေးဖေးရဲ့ပခုံးကို လက်တချောင်းဖြင့် ညင်သာစွာ တွန်းထုတ်သည်။ “ငါတို့ကို စားစရာဖူလုံအောင် ကျွေးမှာလား?”
စုဖေးဖေး၏ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးထသွား၏။ သူမ က အားတင်းပြုံး၍ ပြောလေသည်။ “ကျွေးမယ်!”
[ဟား…ဟား ၊ပိုင်စစ်လင်း ရဲ့ တုံ့ပြန်မှုကို တစ်ယောက်ယောက် မြင်လိုက်လား?]
[သူ မနာလိုဖြစ်နေတာပဲ ဟား...ဟား!]
[ဦးခေါင်းမှာ ကြက်သီးထနေတာ မြင်လိုက်ကြလား?]
[ငါ ဒီရိူးကို ၃၊ ၄ ရက် မကြည့်ပဲနေတဲ့အချိန် အခု စုဖေးဖေးမှာ ပရိသတ်တွေ ရှိနေပြီလား?]
[ငါရယ်သေနေပါပြီ၊ စုပိုင်အိုးသင်္ဘောကြီး မတော်တဆဖြစ်တော့မလို့!]
ညစာ ကို စုဖေးဖေး က လျင်မြန်စွာ ပြင်ဆင်ခဲ့သည်။
ညစာစားပွဲတွင် တောဟင်းသီးဟင်းရွက်ဟင်းချို အပြင် ယုန်သားကင် ပါဝင်၏။ လူကြီး၃ဦးမှာ အလွန်ယဉ်ကျေးစွာ စားသောက်နေပြီး စားသောက်ပြီးသောအခါ မျက်ရည်ကျမတက် စိတ်လှုပ်ရှားသွားကြသည်။
“မြွေဟင်းချို ကို မြည်းကြည့်” စုဖေးဖေး က တငုံ့သောက်ကာ စိတ်ကျေနပ်စွာ မျက်လုံးမှိတ်လိုက်တော့သည်။
ဤကမ္ဘာရှိ အစားအစာများ က သူမ၏မူလကမ္ဘာထက် ပိုမိုအရသာရှိသည်။ အသား က ချိုမြိန်ပြီး သီးနှံများကလည်း အနည်းငယ်မျှထူးခြားသည်။
စုဖေးဖေး က တိုက်တွန်းသော်လည်း မည်သူမျှ မြွေဟင်းချိုကို မမြည်းစမ်းကြချေ။
နောက်ဆုံးတွင် ထန်ထန် က ရဲဆေးတင်ကာ ပြောသည်။ “ညီမ…ညီမ တငုံသောက်ကြည့်မယ်”
စုဖေးဖေး က ချက်ချင်းယိုင်ကျလာကာ ထန်ထန်အတွက် မြွေဟင်းချို ကို ခွံ့သည်။
[ဘာလို့ ဒီမြင်ကွင်း က ရုတ်တရက် ချစ်စရာကောင်းသွားရတာလဲ?]
[ဖာ့ခ်... စုဖေးဖေးနဲ့ပိုင်စစ်လင်းကို ship တာ အဆင်ပြေပေမဲ့ ငါတို့အတွက် စိတ်မသက်မသာဖြစ်စရာ မလုပ်နဲ့!]
[ငါကြားဖူးသမျှ အကောင်းဆုံး ရသစုံလင်ရိူးပဲ!]
[ကြည့်လိုက်ပါဦး၊ စုဖေးဖေးနဲ့ ရှောင်ဟဲတောင် နည်းနည်း ချစ်စရာကောင်းနေပြီ...]
[စုဖေးဖေး က ဘယ်သူနဲ့မဆို လိုက်ဖက်နေတာ၊ ငါ ကျိန်ရဲတယ်!]
[သူမ ဒီနောက်လိုက်လေးကို အရမ်းအလိုလိုက်တာ၊ ကြည့်ဦး၊ ဒီလိုအခွင့်အရေးကို ဒီမှာရှိတဲ့ တခြားသူတွေကော ရမှာလား?]
ထန်ထန် ကို ဂရုတစိုက် တိုက်ကျွေးပြီးနောက် စုဖေးဖေး က ပန်းကန်ကို ဘေးဖယ်လိုက်သည်။ သူမ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နေသည်။
"ဘယ်လိုလဲ?"
ပိုင်စစ်လင်း၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူ့အကြည့် က ပထမဦးစွာ စုဖေးဖေး၏ပန်းကန်ပေါ်သို့ ရောက်သွားပြီး ထို့နောက် ထန်ထန် ဆီသို့ ရွေ့လျားသွားသည်။
ထိုအချိန်တွင် ထန်ထန် သည် ကောင်းမွန်သည့်အရသာ ထဲသို့ လုံးဝနှစ်မြုပ်နေပြီး ခြိမ်းခြောက်နေသော အန္တရာယ်ကို လုံးဝသတိမမူမိပေ။
[ပိုင်စစ်လင်း ရဲ့ မျက်လုံးတွေမှာ ပြဿနာရှိနေပြီ!]
[ဘာတွေဖြစ်နေတာလဲ?!]
[ငါ က ငါ့ဘေဘီ ကိုပဲ ဂရုစိုက်တာ။ အားလုံးပါးစပ်ပိတ်!]
"အရမ်း... အရမ်းကောင်းတယ်!" ထန်ထန် နှုတ်ခမ်းများကို ဖြည်းညှင်းစွာ လျက်ပြီး ခေါင်းတဆတ်ဆိတ်ညိတ်ကာ ပြန်ဖြေသည်။
“ကောင်းတယ်ဟုတ်!" စုဖေးဖေး နှုတ်ခမ်းထောင့်များကွေးတက်သွားလျက် ရက်ရက်ရောရော ပန်းကန်ကို လှမ်းပေးလိုက်သည်။ "ဒါတစ်ခွက်လုံး မင်းအတွက်ပဲ"
ထန်ထန် ချက်ချင်းယူလိုက်ပြီး မျက်လုံးနှင့် မျက်ခုံးများ လဆန်းလိုကွေးညွတ်ကာ ပြုံးသည်။ သူမ၏ဝိုင်းဝန်းသော မျက်နှာလေးသည် ချစ်စရာအလွန်ကောင်းနေသည်။
စုဖေးဖေး မျက်လွှာချ၍ အကြည့်လွှဲလိုက်လေ၏။
ထိုမိန်းကလေး က… သူမရဲ့ကိုယ်ပိုင်အစေခံ၊ ရှောင်ရ နှင့် သိပ်တူလွန်းသည်။ ဝန်ကြီးချုပ်က သူမကို နန်းစွန့်ခိုင်းတဲ့နှစ်မှာ ရန်သူရဲ့အချိန်ကို နှောင့်နှေးအောင် ကူညီဖို့အတွက် ရှောင်ရ က ခန်းမရှေ့မှာ သေဆုံးခဲ့ရတာ သနားစရာပင် ဖြစ်၏။
ထိုနှစ်တွင်ပင်၊ စစ်တပ်များ နယ်စပ်ကိုကျူးကျော်ဝင်ရောက်လာသောအခါ သူမသည် စစ်မြေပြင်တွင် စေ့စပ်ထားသူ၏မြှားကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
မြား က သူမ၏နဖူးကြားတည့်တည့်ကို ဖောက်ထွင်းသွားခဲ့ပြီး၊ ယခုတိုင် ထုံထိုင်းနေသော နာကျင်မှုကို ရံဖန်ရံခါ ခံစားနေရဆဲ။
စုဖေးဖေး မျက်လုံးများကို မှိတ်ထားလျက် လက်ဖြင့် မျက်ခုံးမွှေးများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
အပူဓာတ်ကို ခံစားရပြီး အရေပြားမှာ ချောမွေ့ကာ အမာရွတ်မရှိချေ။
ထိုအရာများအားလုံး အတိတ်မှာပင် ကျန်ရစ်ခဲ့ပြီ။ ဤသည်မှာ နောက်ဘဝအသစ် ဖြစ်လို့၊ ကောင်းကောင်းမွန်မွန် ရှင်သန်ရမည့် အချိန်ဖြစ်သည်။
“နာနေလို့လား?” ခပ်နိမ့်နိမ့် နှင့် ကြမ်းတမ်းသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
စုဖေးဖေး နည်းနည်းမင်သက်သွားပြီး ရုတ်တရက်လှည့်ကြည့်လိုက်သည်။
ပိုင်စစ်လင်း ကြည့်နေသည်ကို မြင်ရသည်။ သူ၏မျက်လုံးများမှာ မှောင်မိုက်နေပြီး အရာရာကို ထိုးထွင်းသိမြင်နိုင်ပုံပင်။
"ဘာလို့မေးတာလဲ?" သူမ လက်ကိုချ၍ မေးလိုက်၏။
“နာနေပုံပေါ်လို့” ပိုင်စစ်လင်း က သူမကို ကြည့်ကာ “အဲဒီနေရာမှာ ဒဏ်ရာမရှိဘူး၊ စိတ်မပူနဲ့”
သူ ပြောတာအမှန်ပင်၊ ဒဏ်ရာမရှိဘူး။ ဤဘဝတွင် မိမိကိုယ်ကို ထိခိုက်အောင် မလုပ်တော့။
စုဖေးဖေး၏ အေးစက်နေသော ခန္ဓာကိုယ်တွင် အပူဓာတ် စတင် ပြန်လည်ဝင်ရောက်လာသည်။
"ငါလည်း မြည်းကြည့်မယ်"ပိုင်စစ်လင်း၏ စကားလုံးများမှာ လိုရင်းရောက်ပြီး ပြတ်သား၏။ သူ က မေးစေ့မော့၍ သူမလက်ထဲက ပန်းကန်ကို ညွှန်ပြသည်။
[ဘာ? မသောက်ချင်ဘူးလို့ မျက်ခုံး က ကြိုပြီး ပြောထားတာပဲလေ မဟုတ်ဘူးလား?]
[ဘေဘီပိုင် ရေ... မင်းနည်းနည်း လွန်နေပြီနော်]
[ထန်ထန်ကို ကျွေးတာကြောင့်မဟုတ်လား? မင်းကိုလည်း အဲလိုကျွေးစေချင်တာပဲ!]
[ဘာတွေတွေးနေတာလဲ!]
စုဖေးဖေး သူမ၏လက်ထဲက ပန်းကန်ကို လှမ်းပေးလိုက်သည်။
"အသစ်တစ်ခွက် လိုချင်တယ်"
သူ နည်းနည်းရွံ့ရှာနေပါ၏။ သူ က မျက်လုံးထောင့်မှ ထန်ထန် ကို ကြည့်ကာ ပြော၏။ “ဒီပန်းကန် က သူမ သုံးထားတဲ့ဟာကြီး”
ထန်ထန် စကားမပြောနိုင်ဖြစ်ကာ ရင်ဘတ်ထဲ၌ နာကျင်သွားသလို ခံစားလိုက်ရသည်။
ဟုတ်၏။ သူမ သုံးခဲ့သည်။ သို့သော် စုဖေးဖေး သုံးပြီးသား မဟုတ်ဘူးလား?
ထန်ထန် သည် ပိုင်စစ်လင်းကို သတိထားပြီး ကြည့်နေသော်လည်း ပြန်မပြောဝံ့ချေ။
စုဖေးဖေး ပန်းကန်အသစ်တစ်လုံး ယူလာပြီး သူ့လက်ထဲ ထည့်ပေးကာ ရေရွတ်သည်။ “အတော်လေး ပြသာနာရှာတာပဲ”
ပိုင်စစ်လင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ က ပန်းကန်ကို ကြည့်၍ စုဖေးဖေး ကို ကြည့်သည်။
စုဖေးဖေး ထိုအကြည့်ကြောင့် အနည်းငယ် စိတ်ရူပ်သွားကာ လှည့်ထွက်သွားသည်။ သူမ လှည့်ထွက်သွားချိန်တွင် ပိုင်စစ်လင်း၏မျက်နှာမှာ မှုပ်ကုပ်သွားတော့သည်။
[ကြည့်.,.ကြည့်! ငါပြောတာ မှန်တယ်မဟုတ်လား!]
[ဟင်းချိုကို တစ်ယောက်ယောက်က ခွံ့ကျွေးမှာ မျှော်နေတာလား?]
[ဟားဟားဟား! ငါ ရယ်သေနေပါပြီနော်!]
[ဘေဘီပိုင် စိတ်မကောင်းဖြစ်နေတယ်။ ဖေးဖေး က တော်လိုက်တာ!]
[အပေါ် က တစ်ယောက်ရေ အဓိပ္ပာယ်လွန်ကောက်နေပြီနော်!]
[ငါက ပိုင်စစ်လင်းရဲ့ဖန် ဆိုပေမဲ့ ငါ... ငါထင်တာက...]
[နင် ခံစားနေရတာကို ငါလည်း ခံစားနေရတယ်ထင်တယ်...]
[မဖြစ်ရဘူး!ခံနိုင်ရည်ရှိစမ်းပါ!]
သူတို့ သည် စုဖေးဖေးအပေါ် အမြင်သစ်များ ရှာဖွေရင်း ရုန်းကန်ခဲ့ကြသည်။
ထိုအတောအတွင်း ရှောင်ဟဲ က တုန်တုန်ယင်ယင်ဖြင့် ချဉ်းကပ်လာသည်။
"အစ်ကိုပိုင်၊ မြွေဟင်းချို က အေးသွားပြီ။ နွှေးပေးရမလား?"
သူ ယူလိုက်မည့်အချိန်တွင် ပိုင်စစ်လင်း ပန်းကန်ကို ဘေးဖယ်ထားကာ
"မလိုဘူး" ဟု ဆိုပြီး ထရပ်ကာ ထွက်သွားသည်။
ရှောင်ဟဲနှင့် ထန်ထန် နှစ်ယောက်သာကျန်ရစ်ခဲ့ပြီး ဘာဖြစ်သွားမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြသည်။
ကြံ့ခိုင်သောယောက်ျားကြီးများ က "အရသာရှိတယ်!" ဟု ဆိုတာ ဟင်းချိုကို ဇွတ်တိုက်သောက်ရင်း ချီးမွမ်းနေဆဲ။
[ဟား,,,ဟား! ဘေဘီပိုင် က tsundere ဖြစ်နေတာကိုး! မသောက်တော့ဘူးလား?]
[ငါသေတော့မယ်လို့! သူ့မှာ တကယ်ပြဿနာရှိနေပြီနော်!]
[ဘေဘီပိုင်ရေ မင်း တစ်ခုခုမှားနေတာ သိရဲ့လား?!]
[ဒီအတိုင်းဆိုရင် အချစ်ဇာတ်လမ်း တကယ်ဖြစ်လာနိုင်တယ်!]
တစ်ရက်တစ်ညသည် လျင်မြန်စွာ ကုန်လွန်သွားသည်။ နောက်တစ်နေ့နံနက်တွင် ကြံ့ခိုင်သောယောက်ျားကြီး ၃ ဦး သည် အချိန်မှီ စခန်းသို့ လာရောက်အစီရင်ခံကြသည်။
စခန်းအတွင်း၌ စုဖေးဖေးနှင့်ပိုင်စစ်လင်း တို့ တချိန်တည်းနီးပါး အိပ်ရာထကြသည်။ စုဖေးဖေး က ရေဖြင့် မျက်နှာကို ရိုးရိုးရှင်းရှင်း သစ်လိုက်ပြီး ပြီးဆုံးသွားသည်။
ပိုင်စစ်လင်း ကမူ ဖြည်းဖြည်းချင်း သန့်သန့်ရှင်းရှင်းဖြင့် သွားတိုက်ဆေးညှစ်၊ သွားတိုက်၊ မျက်နှာသစ်သည်။ သူ၏လှုပ်ရှားမှုတိုင်း က ဗစ်တိုးရီးယားခေတ် စံနမူနာရုပ်လုံးကြွယ်မှုများ ထင်ဟပ်နေသည်။ သူ၏အသွင်အပြင်ကို ချီးကျူးသည့် မှတ်ချက်များလည်း ထပ်မံပေါ်ထွက်လာသည်။
တိုက်ရိုက်ထုတ်လွှင့်သော ရက်အနည်းငယ်အတွင်း "လူသူကင်းမဲ့သောကြယ်ကျွန်း ၂" သည် မြို့ပြ၏ အပူပြင်းဆုံးအကြောင်းအရာဖြစ်လာသည်။ အစပိုင်းတွင် ပိုင်စစ်လင်းကြောင့် ကြည့်ရူနှုန်းမြင့်လာသောလည်း နောက်ပိုင်းတွင်မူ စုဖေးဖေးကြောင့်သာ ဆက်လက်ရပ်တည်နေခြင်းဖြစ်သည်။
ရိူးကို စိတ်မဝင်စားသူများပင် နာမည်အကြီးဆုံးအကြောင်းအရာများ ကို သိရှိစေရန် အပ်ဒိတ်ဖတ်ရန် နှိပ်မိကြသည်။
ထို့ကြောင့် ပျော်ရွှင်နေသူမှာ ဒါရိုက်တာလျို ဖြစ်သည်။ ထို့အပြင် ဖုန်းခေါ်ဆိုမှုတစ်ခုကို ရလိုက်သောအခါ သူ၏မျက်နှာထက် ရုတ်တရက် တောက်ပသွားချေသည်။
"မင်းပြောတာ တကယ်လား? စုလင်း လာတော့မယ်လို့လား?" သူ က တုန်ယင်နေသောလေသံဖြင့် မေးလိုက်ပြီး စိတ်လှုပ်ရှားနေသည်ကို မထိန်းထားချေ။