Chapter 84: ဓားသိုင်း?
[စုဖေးဖေးရေ၊ မင်း ဖုန်းရွဲ့ကော ရဲ့ ဓားသိုင်းပြိုင်ပွဲတွေ ဘယ်တုန်းကမှ မကြည့်ဖူးဘူးလား?]
[အင်း... ပွင့်ပွင့်လင်းပြောရရင် ဒါ နည်းနည်းတော့ လွန်တယ်နော်?]
[စုဖေးဖေး ကို ယုံတယ်!]
[စုဖေးဖေး က လောက်လေးဂွနဲ့ အဝေးပစ်မှာ ပိုတော်တယ်မလား? အားကစားစွမ်းရည်တော့ ရှိမယ်ထင်တယ်?]
[မဟုတ်ဘူးနော်၊ စုဖေးဖေး မှာ အားကစားစွမ်းရည် မရှိဘူးဆိုတာ မေ့သွားကြပြီလား? All-Star Games မှာ ဖဲကြိုးနဲ့တောင် အဆင်မပြေခဲ့ဘူး၊ အခု ဓားသိုင်းပြိုင်မယ်ပေါ့၊ လှည့်စားနေတာလား?]
[မျှော်လင့်ချက်ကင်းမဲ့သွားပြီ]
လော်ဖေးဖာ တဟား...ဟားအော်ရယ်လေသည်။ "အိုက်ယား… နားထောင်ကြပါဦးဟယ်! ချန်ပီယံကို ထိခိုက်မှာစိုးတယ်တဲ့လား? နင် က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလို့ ဒီလိုစကားမျိုးပြောရတာလဲ?"
သူမ သည် ထိန်းချုပ်မရတော့ဘဲ မျက်နှာတစ်ခုလုံးတွင် လှောင်ပြောင်သည့်အမူအရာတို့ ပြည့်နှက်နေသည်။ သူမ ပြောပြီးနောက် နောက်က အဖွဲ့ဝင်များလည်း ရယ်ကြသည်။ နေရာတကာရှိ လူတိုင်း က စုဖေးဖေးကို လှောင်ပြောင်သည့်အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့အားလုံး က ကောင်းမွန်သည့်ပွဲတစ်ခုကို စောင့်မျှော်နေကြ၏။
…
ပိုင်ရှီ နှင့် ပိုင်စစ်လင်း တို့၏ နားများ ထောင်တက်သွား၏။
"သူမ ဓားသိုင်းတတ်လား?" ပိုင်ရှီ သံသယဝင်နေသည်။
ပိုင်စစ်လင်း က မဖြေဘဲ ဖန်သားပြင်ကို စိုက်ကြည့်နေသည်။
...
ဖုန်းရွဲ့ကော အံ့အားသင့်သွားပြီး ပြုံး၏။ "ကောင်းပြီ။ ဒီတော့ သစ်ကိုင်းတွေနဲ့ လုပ်ကြမလား?"
စုဖေးဖေး ခေါင်းညိတ်လိုက်ပြီး မျက်နှာအမူအရာ ပြေလျော့သွားသည်။
နှစ်ယောက်လုံး စင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ လူတိုင်း က စုဖေးဖေး၏ ထူးဆန်းသောပြပွဲကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။
"ဟေ့၊ စုဖေးဖေး နင် ဒီသစ်ကိုင်းနဲ့ ကစားလို့ ရတယ် ထင်နေလား? ဟား…ဟား…!"
"ပြောဖို့ခက်တယ်။ ဒီမိန်းမ ကို ဘယ်တုန်းကမှ နားမလည်ဘူး”
ဆွေးနွေးသံများနှင့် ရယ်သံများ စခန်းတစ်ခွင်ပျံ့နှံ့နေသည်။
လော်ဖေးဖာ နှင့် စုလင်း တို့ အတူတကွ စုဝေးနေပြီး ကြည့်ရူရန် အကောင်းဆုံးနေရာကို ရှာဖွေနေကြသည်။
ဤတစ်ကြိမ်တွင် စုလင်း သည် မျက်နှာပေါ်က အပြုံးကိုတောင် မဖုံးနိုင်တော့။
" သူမရဲ့ဓားသိုင်း ကို တခါမှ မမြင်ဖူးဘူးဆိုတာ သေချာလား?" လော်ဖေးဖာ က တိုးတိုးပြော၏။
စုလင်း က ပတ်ပတ်လည်ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြသည်။
"သေချာတယ်။ အဲဟာမ ဒါမျိုးမလုပ်ဖူးဘူး။ ပြီးတော့ အားကစားဥာဏ်မရှိဘူး။ ဒါတွေသင်ဖို့တောင် စိတ်မဝင်စားဘူး"
လော်ဖေးဖာ စိတ်သက်သာရာရသွားတော့သည်။
"ဒါပေမယ့် သူမ ပိုးကောင်တွေကို အရင်က ကြောက်တယ်" စုလင်း နဖူးတွန့်သွား၏။ "အခုတော့ မသေချာ…ဘူး...ဟား..ဟား ငါ က နောက်တာနော်!"
လော်ဖေးဖာ က နှာခေါင်းရှုံ့၏။ “ရိူးမှာ နာမည်ကြီးဖို့ သူမရဲ့ဇာတ်ကောင်စရိုက်ကို တမင်တည်ဆောက်လိုက်တာပဲနေမှာ၊ ပိုးကောင်တွေကိုတောင် သူမ သည်းခံနိုင်တယ်၊ အခု တိုက်ခိုက်မှုကျတော့ ဟန်ဆောင်လို့မရနိုင်ဘူး! ဖုန်းရွဲ့ကော ကလည်း မိုက်မဲတဲ့သူမဟုတ်ဘူး။ သူမ က ပရော်ဖက်ရှင်နယ်လားဆိုတာ တစ်ချက်ကြည့်တာနဲ့သိသွားမှာ"
“စုလင်း၊ နင့်အစ်မ တကယ်ကို အံ့အားသင့်စရာပဲ၊ နှစ်ပေါင်းများစွာ ပုန်းအောင်းနေပြီး ဒီလောက်ကြီးမားတဲ့ရည်မှန်းချက်တွေရှိတာ နင် ဘာလို့ မမြင်ခဲ့တာလဲ?”
စုလင်း၏မျက်လုံး ကျဥ်းမြောင်းသွားတော့သည်။— ‘ ဟုတ်တယ်၊ ငါ တကယ် မသိခဲ့ဘူး၊ စုဖေးဖေး အရင်က သည်းခံခဲ့တာတွေအားလုံးက ကြံစည်မှုတစ်ခုပဲ!
"စောင့်ကြည့်လိုက်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ အဲဟာမရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ပစ်မယ်!" လော်ဖေးဖာ က မြေပေါ်က ကျောက်တုံးကို ပြင်းပြင်းကန်ထုတ်၍ "ဖာ့ခ်! ဘဝမှာ ဒီလိုဆက်ဆံခံရတာ ပထမဆုံးပဲ!"
စင်ပေါ်တွင် နှစ်ယောက်လုံး နေရာယူပြီးဖြစ်သည်။
လူအုပ် က စကားပြောရပ်လိုက်ပြီး မျက်လုံးတွေက နှစ်ယောက်ကို စူးစိုက်ကြည့်နေကြသည်။
"ပြိုင်ပွဲစဖို့ အသင့်ပြင်" ကျူးယဲ့ က အသံကို ဆွဲဆန့်၏။
“တောင်းပန်ပါတယ်” ဖုန်းရွဲ့ကော က ဆို၏။ “ငါ အလျော့ပေးမှာ မဟုတ်ဘူး”
ပြိုင်ပွဲကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်း သည် မလေးစားမှုဖြစ်ပြီး အားကစားစိတ်ဓာတ်အတွက် အမြဲအခြေခံဖြစ်သည်။အနိုင်ရရန် မိမိစွမ်းရည်ပေါ်တွင်သာ မူတည်သည်။ ဤသည်မှာ ဖုန်းရွဲ့ကော၏ အခြေခံသဘောတရားဖြစ်သည်။
စုဖေးဖေး၏ မျက်လုံးများ တောက်ပလာသည်။ "သိပ်ကောင်းတာပေါ့”
[စုဖေးဖေး၊ နင် ရှုံးရင်လည်း အဆင်ပြေတယ်! အတုအယောင် မလုပ်နဲ့ နင်မလုပ်နိုင်ဘူး!]
[ဟုတ်တယ်၊ ဘယ်သူအနိုင်ရရ ငါတို့အတွက် နင် က စံနမူနာပြပုဂ္ဂိုလ်ဖြစ်နေဆဲပဲ!]
ရှောင်ဟဲ လည်း ထိုအတိုင်းပင် ထင်သည်။
"စုဖေးဖေး..." ရှောင်ဟဲ က နှာတရူပ်ရူပ်နဲ့ ပြောပြ၏။ “အစ်မရဲ့လုပ်ရပ် က ငါတို့ကို ‘ပြိုင်ဘက်က အားကောင်းနေရင်တောင်၊ ရှုံးမယ်လို့ ကြိုသိနေရင်တောင်၊ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ်’ လို့ ပြောပြနေတာ’
ထန်ထန် နှင့် ရှန်းရုံချင်း တို့က ခေါင်းကို အားရပါးရ ညိတ်ကြသည်။
အခြားတစ်ဖက်တွင်မူ ရန်ပိုင် က ဆူပုတ်ပုတ်ဖြင့် “မရဘူး ဆို မရဘူးလို့ ဆိုလိုတာပဲ၊ ရှုံးရင် အဖွဲ့တစ်ခုလုံး ရှုံးတာလေ!"
ကျန်သူများက လှည့်ပြီး ရန်ပိုင် ကို စိုက်ကြည့်လိုက်ကြသည်။
ရန်ပိုင် မှာ နှုတ်ခမ်းလှုပ်လျက် နှာခေါင်းရှုံ့ကာ ဆက်မပြောတော့။
“အသင့်ပြင်၊ စကြ!”
စင်ပေါ်တွင် ဖုန်းရွဲ့ကော ဦးဆောင်ပြီး သစ်ကိုင်းကိုင်ကာ ရှေ့သို့ခုန်တက်လာသည်!
သစ်ကိုင်းများတွင် ဆေးရောင်များ ရှိ၏။ ဆေးရောင်ပိုများသူ က ရှုံးမည်ဖြစ်သည်။
စုဖေးဖေး ဘေးသို့စောင်းကာ လွယ်ကူစွာ ရှောင်တိမ်းသွားပြီး တိုက်ခိုက်မှုကို ကာကွယ်သည်။
ဖုန်းရွဲ့ကော မျက်ခုံးပင့်သွား၏။ ။
သူမ စုဖေးဖေးကို မထိခိုက်စေရန် ခွန်အားကို ရည်ရွယ်ချက်ရှိရှိ ထိန်းထားခဲ့သည်။ စုဖေးဖေး ဤမျှမြန်ဆန်ပြီး တိုက်ခိုက်မှုကို ကာကွယ်နိုင်မည်ဟု မမျှော်လင့်ထား!
ဖုန်းရွဲ့ကော က ချက်ချင်းအစီအစဥ်ပြောင်းကာ သစ်ကိုင်း ကို စုဖေးဖေးဆီပြန်လှည့်တယ်!
စုဖေးဖေး နောက်သို့ငိုက်လိုက်ပြီး သစ်ကိုင်း သည် သူမရှေ့မှ ပျံသွားသည်။
ဖုန်းရွဲ့ကော အံ့အားသင့်သွားစဥ် သူမ၏ကိုယ်ပေါ်တွင် ဆေးရောင်စွန်းနှစ်ခု ထပ်မံပေါ်လာသည်! သူမ ထုံသွားသည်။ ဒါ... ဘယ်လောက်မြန်လိုက်သလဲ?
[ဖာ့ခ်!!!]
[ဘာဖြစ်သွားတာလဲ!!!]
[ဘုရားရေ!! စုဖေးဖေးရဲ့ အဝတ်မှာ ဆေးရောင်စွန်းသွားလား?]
[ဒီလောက်တော်တာလား? စုဖေးဖေး က တကယ်ဓားသိုင်းတတ်တယ်!]
[ဓားသိုင်းမဟုတ်ပေမယ့် သူမမှာ ရှိတဲ့ ကျွမ်းကျင်မှုနှင့် ခွန်အား က မယုံနိုင်လောက်အောင်ပဲ။ ဓားသိုင်းလိုမျိုး လေ့ကျင့်ထားသလိုပဲ]
[ဘာလို့ သူမရဲ့ အခြေအနေတွေ တိုးတက်လာသလို ခံစားရတာလဲ?]
[သူမ လှိမ့်ချလိုက်ပြီ!! ဆက်သွား!]
စခန်း၏အခြားဘက်တွင်မူ လော်ဖေးဖာ နှင့် စုလင်း တို့မှာ မင်သက်နေကြ၏။
"ဒါ မဖြစ်နိုင်ဘူး!" လော်ဖေးဖာ ထရပ်ရင်း ဆို၏။
နောက်တစ်စက္ကန့်တွင် စုလင်း က သူမကို ဆွဲထား၏။
"စိတ်အေးအေးထား" စုလင်း က မြင်ကွင်းကိုကြည့်ရင်း "အချိန်စက္ကန့် ၂၀ ကျန်သေးတယ်။ ဖုန်းရွဲ့ကော က အားပြည့်မသုံးရသေးဘူး။ မမ မထိခိုက်အောင် ထိန်းထားတာ"
လော်ဖေးဖာ အံ့ကြိတ်ပြီး မနှစ်မြို့စွာ ထိုင်လိုက်ကာ စင်ပေါ်ကို စူးစိုက်ကြည့်နေသည်။
ဖုန်းရွဲ့ကော မှာ နှစ်ကြိမ်လောက် မင်သက်သွားကာ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုလက္ခဏာ ပေါ်လာသည်။
စိတ်ဝင်စားဖို့ကောင်းတယ်!
"၁၅ စက္ကန့်!" ကျူးယဲ့ က အော်၏။
"မထိန်းထားနဲ့” စုဖေးဖေး မေးစေ့မော့လျက် “မင်းရဲ့ရှိသမျှ ခွန်အားသုံးပြီး ငါနဲ့ပြိုင်”
"ကောင်းပြီ!" ဖုန်းရွဲ့ကော လည်း စိတ်လှုပ်ရှားနေသည်။
အခြားသူများ မသိသော်လည်း သူမ သိသည်။ အားပြည့်မသုံးရသော်လည်း အား ၇၀% မှ ၈၀% အထိ သုံးထားခဲ့သည်!
သို့သော် စုဖေးဖေး က အလွယ်တကူ ဖိနှိပ်ခဲ့၏။ ဤသည် က ဧမုချပြိုင်ဘက်ထိုက်တန်သူဖြစ်ကြောင်း ညွှန်ပြနေတာ!
သူမ ချက်ချင်း အသက်ရူထုတ်၍ စိတ်စုကာ မတ်တပ်ရပ်လျက် သစ်ကိုင်းကို ထပ်မံကောက်ယူ၏။ ထိုအခိုက် လူတိုင်း၏ရူးကြောင်ကြောင်မျက်နှာထားများ ပြောင်းလဲသွားချေသည်။
နှစ်ယောက်လုံး သစ်ကိုင်းကိုင်ထားသော မြင်ကွင်း သည် ထပ်မံရယ်စရာမဖြစ်တော့။ လူတွေ ထိုင်ခုံမှ ဖြောင့်တန်းစွာထိုင်လာကြပြီး ဖန်သားပြင်ရှေ့ကလူများလည်း ထိုနည်းတူပင်။
စုဖေးဖေး နှုတ်ခမ်းကို လျှာဖြင့်လျက်ပြီး ပြုံး၏။
"ကကြရအောင်"
သူမမျက်လုံးထဲတွင် ကခုန်နေသော မီးတောက်ကလေးတစ်ခုရှိသည်။ စစ်မြေပြင်ပေါ်ရောက်နေသကဲ့သို့ဖြစ်နေသည်။
အကြောင်းမှာ ပြိုင်ဘက်မျက်လုံးထဲတွင်လည်း အလားတူ သတ်ဖြတ်လိုစိတ်ရှိနေသောကြောင့်ဖြစ်သည်!
ပုံရိပ် ၂ ခု ရုတ်တရက် လှုပ်ရှားကြတယ်!
စုဖေးဖေး က ရှေ့မတိုးဘဲ နောက်ဆုတ်၏။ စက္ကန့် ၁၀ ရေတွက်သံကြားသောအခါ နောက် က သစ်ပင်ကြီးကို နင်းလိုက်သည်။
ထို့နောက် နောက်ပြန်ခုန်တယ်!
ဖုနးရွဲ့ကော၏ သစ်ကိုင်း သည် သူမရှေ့သို့ရောက်နှင့်ပြီးဖြစ်သည်။
စုဖေးဖေး က ကိုယ်ကိုဘေးသို့လှည့်လိုက်၏။ ခါးလှုပ်ရှားမှုသည် အံ့ဖွယ်ကောင်းလောက်အောင် ပြေပြစ်ပြီး ဖုန်းရွဲ့ကော၏ နောက်ကျောသို့ ရောက်သွားခဲ့သည်!
လူအားလုံး မင်သက်သွားကြတယ်!
"၈!"
"၇!"
"၆!"
"၅!"
ဖုန်းရွဲ့ကော ရှေ့သို့ကိုင်းပြီး စုဖေးဖေး၏ ရင်ဘတ်ပေါ် ဆေးရောင်စွန်း ချန်ထားလေသည်။
“၄!"
"၃!"
စုဖေးဖေး က ရုတ်တရက် အတုယူလှုပ်ရှား၏။ ဖုန်းရွဲ့ကော ချက်ချင်းရှေ့တိုးသွားသော်လည်း နောက်စက္ကန့်တွင် စုဖေးဖေး ထူးဆန်းသောမြန်နှုန်းဖြင့် လှည့်ပြီး ဖုန်းရွဲ့ကော ၏ နောက်ကျောသို့ ပုန်းလိုက်၏!
"၂!"
ထိုးဖောက်ဝင်ရောက်လာသော ထက်မြက်သည့်နာကျင်မှု က ဖုနးရွဲ့ကောကို နောက်ဆုတ်စေသည်။
သူမ ကင်မရာဘက်လှည့်လိုက်သည်။ ယခုအခါ နောက်ကျော၊ ဘယ်ရင်ဘတ်၊ ပေါင်နှင့် လည်ပင်းတွေ မှာ ဆေးရောင်များဖုံးနေပြီ ဖြစ်သည်!
ဖုနးရွဲ့ကော အံ့အားသင့်လျက် ငေးကြည့်နေရင်း မင်သက်သွားသည်။
"၁!”
"အချိန်ပြည့်သွားပြီ!"
ကျူးယဲ့၏ အသံက ပဲ့တင်ထပ်နေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"အနိုင်ရသူကတော့ စုဖေးဖေး!!"