no

Font
Theme

Chapter 4: မိသားစု ၏ လျှော့တွက်မှု။

ဒါရိုက်တာလျို က ရှက်ရွံ့စွာဖြင့် ချောင်းခြောက်ဆိုး၍ ပြောလာသည်။ -"ဒီညအတွက် ဒီလောက်ပဲ။ ဧည့်သည်တွေ၊ ကိုယ့်ဟာကိုယ် တောထဲဝင်နိုင်ပါပြီ"

ဒီတကြိမ်တွင် တည်နေရာ သည် ပူပြင်းတဲ့ကျွန်းတစ်ခုဖြစ်ပြီး၊ သူတို့ ‌ရောက်သည်နှင့် အလွန်ထူထပ်သော သစ်တောကြီးကို မြင်တွေ့ရသည်။

စကားပြောပြီးတာနဲ့ ဧည့်သည်တွေ လွတ်လွတ်လပ်လပ် စတင်လှုပ်ရှားကြ၏။

ပိုင်စစ်လင်း သည် ရှည်လျားသော ခြေထောက်များဖြင့် ရှေ့သို့ကြီးမားစွာ လျှောက်လာသည်။

နေဝင်ဆည်းဆာရောင် ထံ မျက်နှာမူထားဟန် မှာ ရုပ်ရှင်မှကားချပ်တိုင်းလို လှပလွန်းနေသည်။ သဘာဝအလျောက် စိမ်းကားနေသော မျက်ခုံးများ က သူ့ကို ပတ်ဝန်းကျင်လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေဆဲ။

ကင်မရာသမားလည်း ထပ်မံအပိုရိုက်ကွက်များ ဖမ်းမိသွားသည်။

[အံ့ဖွယ်ပဲ! လှလိုက်တာ!!]

[သူ့မျက်နှာလေး ကို ထပ်ရိုက်ပေးပါ!]

[ပုံမှန်ဆို အခုလိုတွေ့ဖို့ သိပ်ခက်တာ!]

[သဘာဝအလျောက် ဆွဲဆောင်မှုတွေ ဖြာထွက်နေတာပါကွာ!]

ပိုင်စစ်လင်း၏ လက်ထောက်ရှောင်ဟဲ သည် သူ့အနောက်မှ အဆက်မပြတ်လိုက်လာသည်။

အဖွဲ့စည်းမျဥ်းတွင် လက်ထောက်ပါခွင့်မပြုသော်လည်း၊ ရှောင်ဟဲ ကိုယ်တိုင် ရသစုံလင်ရိူးသို့ တိုက်ရိုက်ဝင်ရောက်ထားသဖြင့် ဒါရိုက်တာလျို မှာ မျက်စိမှိတ်ကာ ခွင့်ပြုလိုက်ရသည်။

ရှောင်ဟဲ သည် ပိုင်စစ်လင်း ဘေးသို့ချဥ်းကပ်ကာ အအေးခံထားသော ပုဝါခြောက်ကို ထုတ်ယူ၍ မေးသည်။ "ချွေးသုတ်ချင်လား?"

ပိုင်စစ်လင်း ကြည့်လိုက်သည်နှင့် ရှောင်ဟဲ က ချက်ချင်း ပုဝါကိုဖယ်ကာ လက်အိတ်အထူဝတ်ထားသော လက်များ ကို ပြသသည်။

“ဒါကို ကျွန်တော် မထိထားဘူး၊ စိတ်ချလက်ချသုံးလို့ရတယ်"

ပိုင်စစ်လင်း ထို့နောက်မှသာ ပုဝါယူပြီး မျက်နှာမှချွေးများကို သုတ်လေသည်။

ရှောင်ဟဲ စိတ်ထဲမှ တွေးမိသည်။- ‘မနက်ကစလို့ ပိုင်စစ်လင်း က လူတစ်ယောက်ယောက် ထိတာမျိုး ခွင့်မပြုတော့ဘူး၊ တကယ်ပဲ ထူးဆန်းလိုက်တာ’

မကြာမီ ရှန်းရုံချင်း ၏ ဖုန်းတုန်လာသည်။ နံပါတ်ကိုမြင်တော့ ကြောက်လန့်ပြီး ဘေးသို့သွားကာ မိုက်ခရိုဖုန်းပိတ်ထားကြောင်း သေချာပြီးမှသာ ဖုန်းကိုဖြေဆိုသည်။

“ဟဲလို?”

“နင် ကောင်းကောင်းလုပ်ခဲ့တယ်"

"ကျေးဇူးတင်ပါတယ်"

စုလင်း၏ အေးစက်သောအသံ က ကျေနပ်မှုဖြင့် ပြည့်နေသည်။ "အစီအစဥ်အတိုင်း ဆက်လုပ်"

"အခုလား?" ရှန်းရုံချင်း အသံနှိမ့်ကာ မေးလိုက်သည်။

"ညတာရှည်လျားလွန်းရင် အိပ်မက်ဆိုးတွေများလာမယ်။ ဘယ်အချိန်ထိ စောင့်နေမှာလဲ?"

ရှန်းရုံချင်း တံတွေးမျိုချလိုက်ပြီး ထပ်မေးရန် မဝံ့တော့ပေ။

"ကောင်းပြီ! ကျွန်မ မြန်မြန်လုပ်မယ်!"

ဖုန်းချပြီးသောအခါ ပြုံးရွှင်နေသော မျက်နှာထားဖြင့် အဖွဲ့နောက်သို့ လိုက်သွားလေသည်။

မကြာမီ အားလုံး ပထမဆုံးအနားယူစခန်း သို့ ရောက်ရှိလာကြသည်။

အစီအစဥ်စည်းမျဥ်းအရ လူတိုင်း ဖုန်းကိုင်ဆောင်ရမည်ဖြစ်ပြီး၊ နေ့စဥ်အလုပ်များပြီးမြောက်ခြင်းဖြင့် ရမှတ်များရကာ ရှင်သန်ရေးပစ္စည်းများ လဲလှယ်နိုင်သည်။

ဒါရိုက်တာလျို က ပြုံးပြုံးရွှင်ရွှင်ထွက်လာပြီး ကြေညာသည် -"ဧည့်သည်များအားလုံး ပထမဆုံးအလုပ်ပြီးမြောက်လို့ ဂုဏ်ယူပါတယ်နော်! ဆုအနေနဲ့ ရှင်သန်ရေးအထောက်အကူပစ္စည်း ၄-ခု ပေးမဲ့အပြင် တဲကို အလကားပေးမယ်”

"ဒါရိုက်တာ၊ ညစာကရော?" ယောက်ျားတစ်ယောက် က လက်မြှောက်၍မေးသည်။

တစ်နေကုန်စားစရာမရှိဘဲ ကြယ်ကျွန်းပေါ်နေခဲ့ရသဖြင့် ညစာ သည် အာရုံစိုက်မှုဗဟိုဖြစ်နေသည်။

"ကိုယ်တိုင် ဖြေရှင်း"

"ဘာ?!"

နေဝင်ချိန်နီးနေပြီဖြစ်သဖြင့် မိုးသစ်တောထဲ၌ အစာရှာဖွေရန် မလုံခြုံပေ။

"လူတိုင်း၊ စိတ်ငြိမ်ငြိမ်ထားပါ၊ ဖုန်းဖွင့်ပြီး ရှင်သန်ရေးစင်တာထဲဝင်၊ ပြီးရင် ညစာအတွက် ရမှတ်လဲလို့ရတယ်"

လူတိုင်း သက်သာရာရသကဲ့သို့ စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ကြည့်ရှုကြသည်။ ထိုအခါ အံ့အားသင့်သံများ တဖန်ပြန်လည်မြည်လာသည်။

"ဒါရိုက်တာ! ဒါ က ဘယ်လိုဖြစ်တာလဲ!"

“ပေါင်မုန့်တစ်ဝက်ကို ရမှတ်၄မှတ်? ဈေးကြီးလွန်းတယ်! ဒါဆို ညစာအတွက် ပေါင်မုန့်တချပ်ပဲ စားရမှာလား!"

"ဟုတ်တယ်! တစ်ချပ်တည်းနဲ့ ဘယ်လိုလုပ် ဗိုက်ဝမှာလဲ!"

ဒါရိုက်တာလျို က လည်ချောင်းသံ ရှင်းကာ တိတ်တဆိတ်နေဖို့ အချက်ပြသည်။ “ သားကောင်ဖမ်းခြင်း၊ ဆေးဖက်ဝင်အပင် စုဆောင်းခြင်း ကနေ အမှတ်ရနိုင်သေးတယ်၊ နောက်ပိုင်း မှာ စိန်ခေါ်မှုအမျိုးမျိုးလည်း ရှိသေးတော့ တဲတွေ ယူပြီးရင် စိတ်ကြိုက်လုပ်ဆောင်နိုင်တယ်"

"ဘာ?! သားကောင်ဖမ်းမှာလား?!"

"ဒါတွေက ဘယ်လိုကစားနည်းတွေလဲ?!"

[ဘာဖြစ်နေတာလဲ!]

[လူတွေ ဗိုက်ဆာပြီးသေအောင် ထားမှာလား?]

[အခြားသူတွေဆို ဘာဖြစ်ဖြစ် ပိုင်စစ်လင်း ကိုတော့ ဗိုက်မဆာစေနဲ့!]

[ဒါပြိုင်ပွဲမဟုတ်ဘူးလား? ဘယ်သူဗိုက်ဆာခံနိုင်မလဲဆိုတာ ကြည့်ရမှာလေ!]

.....

[ငါ သိသားပဲ! ဒါရိုက်တာက အမြဲဒီလိုလုပ်တတ်တာ!]

[ကြည့်ရှုနှုန်းအတွက် ကျင့်ဝတ်ပျက်ကွက်နေတာလား?]

ရှန်းရုံချင်း လည်း မျက်ခုံးတွန့်၍ ငိုချင်ယောင်ဆောင်ကာ သနားစရာကောင်းအောင် ပြုမူသည်။

"ရုံချင်း!" မော်ဒယ်အဖြစ် မိတ်ဆက်ခဲ့သော ယောက်ျား က ငါးတစ်ကောင်နှင့် ချဥ်းကပ်လာသည်။ "မင်းထက်စောရောက်လို့ ငါ ငါးဖမ်းထားတယ်၊ ကျူးမိုအဖွဲ့ဆီကနေ မီးခြစ်နဲ့ လောင်စာလဲထားတော့။ ငါးကင်စားကြရအောင်"

"ရန်ပိုင် က တကယ် ချောတာ"

"သူ့မိသားစုက တရုတ်ရိုးရာဆေးဝါးလုပ်ငန်းလုပ်တာလို့ ကြားဖူးတယ်။ ဆေးဖက်ဝင်အပင်ရှာတဲ့အပိုင်းလည်း ရှိတော့ ရုံချင်း ကံကောင်းသွားပြီ”

"ငါ တကယ် သူနဲ့ ဝိညာဥ်တွေရောယှက်ချင်လိုက်တာဟယ်"

ပတ်ဝန်းကျင်မှ ချီးကျူးသံများကို ကြားရသောအခါ ရှန်းရုံချင်း မောက်မာစွာ ပြုံး၏။ ပရိသတ်အာရုံစိုက်မှုဗဟိုဖြစ်နေသဖြင့် ဂုဏ်ယူစိတ်များနေစဥ် ချက်ချင်းပင် စုဖေးဖေး ကို လှည့်ရှာလိုက်သည်။

ယနေ့ စုဖေးဖေးရဲ့လက်ထဲ အရှုံးပေးခဲ့ရပြီး ယခုအချိန်တွင် လက်စားချေလိုသည်။

ထိုမိန်းမ သည် ဝမ်းဗိုက်ကြွက်သားရှိယောက်ျားများကိုသာ ငေးရင်း တံတွေးယိုနေတတ်သော အရူးပမာဖြစ်သည်။ ပေါင်မုန့်ကိုက်စားရင်း သူတို့ ငါးကင်စားနေသည်ကို ကြည့်နေရပါက... ထိုသို့အရှက်ရစေခြင်း သည် စိတ်ကျေနပ်ဖွယ်ဖြစ်မည်။

သို့သော် စုဖေးဖေး ကို ဘယ်နေရာမှမတွေ့ရပေ။

နောက်ကျကျန်နေခဲ့တာများလား?

ရှန်းရုံချင်း က နှုတ်ခမ်းဆူကာ နှာမှုတ်၏။ ထို့နောက် ရန်ပိုင် ဘက်သို့ လှည့်ကာ ချိုမြိန်စွာ ပြုံးပြသည်။ - "ကျေးဇူး”

ရန်ပိုင် က မှင်သက်နေစဥ် ဘက်တစ်ဖက်မှ တစ်စုံတစ်ဦးက ရုတ်တရက်ပြောလာသည်။ “ဘာအနံ့လဲဟ?”

လူတိုင်း ပေါင်မုန့် ကိုက်နေသည်ကို ရပ်လိုက်ကြသည်။

"ဟိုဘက်က…အနံ့လေး ကောင်းလိုက်တာ!"

ရှန်းရုံချင်း သည် ငါးကင်စားနေသော်လည်း ထိုအနံ့ကြောင့် တံတွေးမျိုချလေသည်။

"ကြည့်ပါဦး! ဟိုမှာ မီးခိုးထွက်နေတာ!"

ရှောင်ဟဲ က အံ့အားသင့်စွာ လက်ညိုးထိုးလေသည်။

လူတိုင်း က လက်ညိုးထိုးရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ပိုင်စစ်လင်း သည် အနည်းငယ်လှည့်ကြည့်ကာ မျက်လုံးကျဥ်းမြောင်းသွား၏။

သူ့တွင် ဓာတ်ပုံမှတ်ဥာဏ်ရှိပြီး လက်ရှိဇာတ်လမ်းအခြေအနေကို ကောင်းစွာသိသည်။

သူ ကန်ခံရသည့်အခိုက်မှ ယခုမီးခိုးထွက်နေသည်အထိ - ဤဇာတ်ကွက်များ က မူလစာအုပ်ထဲတွင် မပါဝင်ပေ။

"မီးလောင်နေတာလား?” ‌ရှောင်ဟဲ က ပူပန်စွာ မေးသည်။

မီးဟုန်းဟုန်းတောက်ပါက လူအားလုံး၏ဘဝအတွက်အန္တရာယ်ရှိပြီး အစီအစဥ်လည်း ဆက်ထုတ်လွှင့်နိုင်တော့မည်မဟုတ်။

ပိုင်စစ်လင်း က တစ်ချက်သာကြည့်ပြီး ပြောလေသည်။ “မကြာသေးခင် က မိုးရွာခဲ့လို့ မီးခိုးထူထဲမှာ မဟုတ်ဘူး… တစ်ယောက်ယောက် မီးမွှေးနေတာ ဖြစ်ရမယ်”

"တစ်ယောက်ယောက် မီးမွှေးနေတာလား?" လူတိုင်း အံ့အားသင့်သွားသည်။ "ကျွန်းပေါ်မှာ ငါတို့ပဲရှိတာလေ? ဘယ်သူ မီးမွှေးနိုင်တာလဲဟ?”

လူတိုင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။

"အိုး... စုဖေးဖေး ဘယ်ရောက်သွားလဲ?" တစ်ယောက် က အံ့အားသင့်စွာမေးလာသည်။

“သူမ မဖြစ်နိုင်ဘူး” ရှန်းရုံချင်း မျက်လုံးလှိမ့်ပြလိုက်သည်။

ဤစကားပြောသည်နှင့်တပြိုင်နက် လူအားလုံးက မီးခိုးထွက်နေရာကို လှမ်းကြည့်မိကြပြီး ခါးတွေ အေးစက်သွားကြသည်။

[ဒုက္ခပေးသူ အွန်လိုင်းပေါ် တက်လာပြီ]

[ဒီတစ်ခါတော့ ကျွန်းတစ်ခုလုံးမီးရှို့တော့မှာလား?]

[အမှားကြီးတစ်ခုများလား! ဂုဏ်ယူချင်လို့ လုပ်နေတာနေမယ်!]

[သူမ က မကောင်းတာပဲလုပ်တတ်တာ!]

ထုတ်လွှင့်မှုမှတ်ချက်များ ၌ ကျိန်ဆဲသံများနှင့် ပြည့်နေပြီး ပတ်ဝန်းကျင်လူများလည်း စိတ်ဆိုးနေကြသည်။ ဤမျှအရှုပ်တော်ပုံဖြင့် သူတို့အားလုံးကို သတ်ဖို့ကြံတာလား?

"အမြန်သွားကြည့်စမ်း!" ဒါရိုက်တာလျို က ချက်ချင်းဆိုသလို ဝန်ထမ်းများအား ညွှန်ကြား၏။

လူအုပ်လည်း ရှေ့သို့ရွေ့လျားလာကြပြီး ပိုင်စစ်လင်း လည်း နောက်ဆုံးမှ ဖြေးဖြေးချင်းလိုက်လာသည်။

ရှောင်ဟဲ သည် လိုက်ကြည့်ချင်ပေမဲ့ ခြေလှမ်းကြီးများမလှမ်းရဲဘဲ လည်ပင်းဆန့်ကာ ကြည့်နေသည်။ သူ၏သူဌေးနှင့် အဝေးကြီး မနေလိုချေ။

လူအုပ် အလျင်အမြန်ရှေ့သို့သွားပြီး ချုံဖုတ်များကို ဖယ်ရှားလိုက်သည်။ ကင်မရာက လည်း အဆက်မပြတ်လိုက်လာတယ်!

ဦးစွာ လူအုပ် သည် မီးတောက်လောင်သံ ကို ကြားရသည်။ ထို့နောက် နေဝင်ဆည်းဆာနှင့် လိုက်ဖက်နေသော မီးတောက်၏ အဝါရောင်အလင်းတန်းများက လူတိုင်းရှေ့မှ ပုံရိပ်ကို ပေါ်လာခဲ့သည်။

မီးဖိုထဲတွင် ကင်စင်ပေါ်၌ ‘တဖြစ်ဖြစ်’ မြည်နေသော ယုန်သားကင်တွေ ရှိနေသည်။

စုဖေးဖေး က မီးတောက်ဘေးတွင် ထိုင်နေပြီး ယုန်ခြေထောက် မှ အသားတစ်တုံး ကို ကြမ်းတမ်းစွာ ဆုတ်ဖြဲကာ အနည်းငယ်ဝါး၍ မျိုချသည်။

ယုန်ခြေထောက်သည် ရွှေရောင်တောက်ပြီး အဆီများစိုနေကာ အရေခွံ က ခြောက်သွေ့ပြီး အတွင်းသားမှာ လတ်ဆတ်နူးညံ့သည်။

စားနေစဥ် သူမ၏ ဆံပင်တွေ က ရူပ်ပွနေလျက် လှည့်ကြည့်သည်။

ခြောက်သွေ့သော ပေါင်မုန့်ကိုက်စားသူများ မှာ ဆာလောင်မှုဖြင့် တံတွေးမျိုချမိတော့သည်။

ရိုက်ကူးရေး မှ လူများလည်း ပြောစရာစကားရှာမရဖြစ်နေကြသည်။

ထုတ်လွှင့်မှုမှတ်ချက်များတွင် စိတ်လှုပ်ရှားမှုများပြည့်နေသည်။

[ဘာဖြစ်နေတာလဲ???]

[ဒီယုန်က ဘယ်ကလာတာလဲ????]

[မီး ဘယ်လိုမွှေးလဲဆိုတာ ယုန်ကိုမေးကြည့်ပါလား!]

[မီးလောင်နေတာမဟုတ်ဘူးလား?]

[တစ်ကောင်လုံးကင်နေတာလား?]

[ဘေး က ပရော်ဖက်ရှင်နယ်ကင်စင် ကို ဘယ်ကရတာလဲ!]

စုဖေးဖေး က နောက်ထပ်တစ်ကိုက်ကိုက်ပြီး ဇဝေဇဝါဖြစ်ဟန်လုပ်ကာ လှည့်လာသည်။

လူတိုင်း မှာ တံထွေးမြိုချလိုက်ကြပြီး ခေါင်းဆန့်လာကြသည်။

နောက်စက္ကန့်ပိုင်းတွင် စုဖေးဖေး က လူအားလုံး၏ အံ့အားသင့်စွာကြည့်ရှုနေစဥ် နောက်ထပ်ယုန်ကင်တစ်ကောင်ကို ထုတ်ယူသည်။

[နောက်တစ်ကောင်ရှိသေးတယ်?!]

[ဒီတစ်ခါတော့ ငါ သူမကို လျှော့တွက်မိသွားပြီ!]

ပိုမိုပြင်းထန်သော မှတ်ချက်များ လှိုင်းလိုက်ဝင်လာသည်။ အကြောင်းမှာ ဖြူစင်နေသောလက်နှစ်ဖက် က လတ်တလောကင်ထားသည့်ယုန်ကို ဆုပ်ကိုင်ကာ အထက်အောက်လှုပ်၍ လှန်ပြနေခြင်းကြောင့် ဖြစ်သည်။ ထိုအနံ့ကြောင့် လူတိုင်း ပြစ်ဝင်ရန် စိတ်ဆန္ဒပြင်းပြလာစေသည်။

စုဖေးဖေး က လူအုပ်ထဲမှ တစ်ယောက် ကိုသာ စကားပြောလေသည်။ “ပိုင်စစ်လင်း၊ စားချင်လား?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment