no

Font
Theme

ဓားသွားမှ သွေးများ တစ်စက်ချင်း မြေပြင်ပေါ် စီးကျသွား၏။

ကျန်းကျဲလျိုက လင်းရှောင်ဓားကို ဆုပ်ကိုင်ကာ လက်ဆစ်များက ခြေကုန်လက်ပန်းကျသလို တုန်ခါနေပြီး လက်ချောင်းများ၏ လှုပ်ရှားမှုကြောင့် ဒဏ်ရာများကိုပင် ဆွဲဖြဲမိသွားသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအား အကြွင်းအကျန် နည်းနည်းကိုမျှ မခံစားမိတော့ပေ။

သူမြင်နေရသမျှက ရှန်းကျိုပြည်ကို တရွေ့ရွေ့ အနီရောင်ဆိုးလိုက်သလို လင်းရှောင်ဓားမှ ထွက်ပေါ်ပြန့်ကျဲလာသော အနီရောင်တောက်တောက်ကိုပင်။

ကျန်းကျဲလျိုက သူ့ခန္ဓာကိုယ်ကို ကျားကန်ကန်ထား၏။

သူ့ခန္ဓာကိုယ်ရှိ အတွင်းအားများမှာ နယ်နိမိတ်အလွှာ၏ အတန်ကြာရိုက်ခတ်မှုကြောင့် ကြေမွသွားခဲ့ပြီး ယခုအချိန်တွင် သူက ဓားထောက်၍ ရပ်နေနိုင်သော်လည်း သူ့တာဝန်ပြီးမြောက်ဖို့ရာ ခြေလှမ်းတစ်ဝက်သာ ကျန်တော့၏။

ကောင်းကင်မှ အဆက်မပြတ် ဖြန့်ကျက်နေသောရောင်ဝါနှင့် နယ်နိမိတ်အလွှာကို ပြုပြင်ပြီးနောက် ကမ္ဘာကြီးက ချက်ချင်းရပ်တန့်သွားခဲ့သည်။ ကောင်းကင်မှာ တိမ်ထူထူ ဖုံးလွှမ်းနေပြီး နေမင်းကြီးကလည်း သွေးလိုပင်။

ကျန်းကျဲလျို မျက်လုံးမှိတ်ထားလိုက်ချိန် သူ့အရှေ့ရှိ အမှောင်ထုက ငြိမ်သက်သွားရာ ခေတ္တမျှရပ်တန့်ပြီးနောက် မျက်လုံးဖွင့်ကာ လှည့်ထွက်သွားပြီး ဆွဲထုတ်ထားသော လင်းရှောင်ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်လိုက်၏။

လင်းရှောင်ဓားက လင်းရှောင်ဂိုဏ်းချုပ်၏ဓားဖြစ်ပြီး လင်းရှောင်ဂိုဏ်း၏ အမြင့်ဆုံးစွမ်းအားသင်္ကေတတစ်ခုလည်းဖြစ်သည်။ ၎င်းက ကျန်းကျဲလျို၏လက်ဖဝါးထဲတွင် တုန်ရီငိုကြွေးသံသဲ့သဲ့ဖြင့် ဝပ်တွားလာပြီးနောက် ရုတ်တရက် တိတ်ဆိတ်ကာ အသံမထွက်တော့ပေ။

ကျန်းကျဲလျို လှည့်ကြည့်လိုက်ရာ ကောင်းကင်မှတိမ်များက သူ့နောက်တွင်ပြန့်ကျဲနေပြီး နေရောင်ခြည်များက တိမ်များကို အရောင်ခြယ်သနေကာ အတုမရှိသော မင်နက်ရောင်ဆံပင်ရှည်များက နှင်းများအသွင် ပြေလျော့သွားပြီး သိမ်မွေ့သောနတ်သူတော်စင်ဝတ်ရုံတစ်ခုလို ဖြစ်သွား၏။ သို့သော် ၎င်းက အလွန်အမင်း ပါးလွှာမှုကို ပြသနေသည်။

နယ်နိမိတ်အလွှာကို ထပ်မံပြုပြင်ပြီးနောက် ရှန်းကျိုပြည် ရင်ဆိုင်ရမည့်ကပ်ဆိုးကြီးက သူ့လက်ဖဝါးထဲ၌ ပျောက်ကွယ်သွားခဲ့၏။

ကျူဝူရှင်းက မလှမ်းမကမ်းတွင်ရပ်ကာ သူ့ကို စိုက်ကြည့်နေခဲ့သည်။

ရှစ်ရှုန်း*ဖြစ်သူ၏ ပြေကျသွားသော အဖြူရောင်ဆံနွယ်ရှည်တွေက လေများကြောင့် လွင့်မျောနေသည်ကို ကြည့်နေစဉ် ဖုန်တစ်စက်မရှိသော ထိုသူ့၀တ်ရုံပေါ်မှ သွေးများတစ်စက်ချင်းကျဆင်းလာကာ မျက်စိကျိန်းလောက်စရာ အနီရောင် တောက်တောက်က တဖြည်းဖြည်း များပြားလာခဲ့သည်။

(*ဆရာတူအစ်ကိုကြီး)

ကျန်းကျဲလျိုက ဓားကိုသိမ်းလိုက်ကာ ကောင်းကင်နှင့် မြေကြီးကို နှုတ်ဆက်လိုက်သကဲ့သို့ သူ့နောက်မှ တိမ်များအား ကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။

ကျူဝူရှင်းက လင်းရှောင်ဓားကို စိုက်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ထောင်စုနှစ်များစွာထက်မနည်း သူ့ကို ဖိအားပေးခဲ့သည့် ရှစ်ရှုန်းအား ငေးကြည့်နေမိသည်။

ကျန်းကျဲလျိုက ခန္ဓာကိုယ်အနှံ့ လှုံ့ဆော်ပြေးလွှားနေသော အတွင်းအားများကို ဖိနှိပ်ချင်နေပြီး ကျူဝူရှင်းကို တည်ငြိမ်စွာ မေးလိုက်ချင်သော်လည်း သူ မထိန်းထားနိုင်တော့။ ခြေနှစ်လှမ်းမျှသာလှမ်းပြီးနောက် အတွင်းအင်္ဂါငါးပါး၏ နာကျင်မှုကြောင့် ဓားအိမ်ကိုကိုင်ထားရင်း ခဏရပ်သွားခဲ့၏။ သူ့နှုတ်ခမ်းထောင့်များတစ်လျှောက် ချိုမြိန်မှုတစ်ခုက တိုးဝင်လာသည်။

သူ ဝူရှင်းကို သူ့အား လာရောက်မကူညီစေချင်ပေ။

ကျန်းကျဲလျိုအနေနှင့် ထိုအရာကို မလိုအပ်ချေ။ သူ ပို၍ကျိုးပဲ့နုနယ်လေလေ ထူးထူးခြားခြား သက်သာသလို ခံစားရလေလေပင်။ ၎င်းကသာ အလွန်နာကျင်စရာမဟုတ်လျှင် သူ့ရှစ်တိ*ကို ပြုံးပြပြီး လင်းရှောင်ဂိုဏ်းကို အပ်နှံထားနိုင်သေး၏။

(*ဆရာတူညီလေး)

၎င်းက မူလပိုင်ရှင်ထံ ပြန်အပ်ရမည့်ကိစ္စလေးဖြစ်ရုံသာ။ ကျန်းကျဲလျို တွေးလိုက်သည်။

လင်းရှောင်ဂိုဏ်း၏ ပထမဆုံးဂိုဏ်ချုပ် ကျူဝိန်းယွမ်က ဝူရှင်း၏ ဖခင်အရင်းပင်။ သူက ဆရာဝိန်းယွမ်၏ တပည့်တစ်ဦးသာဖြစ်ပြီး သူ့ရှေ့မှ ရှစ်တိကသာ သွေးသားတော်စပ်သူပင်။

ကျန်းကျဲလျိုက ရှစ်တိဖြစ်သူထံသို့ လျှောက်သွားလိုက်၏။

တိမ်များနှင့် မြူခိုးများ တစ်ဟုန်ထိုးတက်လာပြီး လဆုတ်တိမ်များပေါ် ဖုံးလွှမ်းသွားကာ ရောင်ဝါလှိုင်းလုံးကြီးက ပြန်အသက်ဝင်လာ၏။ ယင်းအခိုက် သေခြင်းတရားလို မူလက ငြိမ်သက်နေသော တောင်ထွတ်ဖျားက ပြန်အသက်ဝင်ကာ ခြေဖဝါးအောက် အက်ကွဲကြောင်းများမှ တိုးထွက်လာပြီး အရာအားလုံးက အသစ်ဖြစ်သွား၏။

ကျန်းကျဲလျိုက ခြေထောက်အောက်မှ မြက်ပင်နုနုကို ရှောင်လိုက်ပြီး လင်းရှောင်ဓားကို လက်ကမ်းပေးလိုက်သည်။

"ရှစ်ရှုန်း။"

ကျူဝူရှင်းက ဓားကိုယူ၍ ပတ်ဝန်းကျင်ကိုကြည့်ကာ ပြောလိုက်၏။

"ရှစ်ရှုန်းက ဘာလို့ ဒါကို တစ်ယောက်တည်း လုပ်ရမှာလဲ။ တကယ်လို့ တခြားတစ်ယောက်ကသာ ကူညီပေးမယ်ဆိုရင်..."

"ကျင်းရှန့်အဆင့်တစ်ဝက်ကပဲ နှစ်ထောင်ချီကမ္ဘာကြီးရဲ့ နယ်နိမိတ်အလွှာကို ထိတွေ့နိုင်မှာ။ မင်း ဒီကျင့်ကြံ‌ရေးလောကမှာ နောက်ထပ်တစ်ယောက်ကို ရှာတွေ့နိုင်သေးလို့လား။"

ကျန်းကျဲလျို၏အသံက ယခင်အတိုင်း မထူးမခြားနား အေးစက်နေပြီး ခံစားချက်မရှိသလောက်ပင်။ သူက လူတိုင်းအပေါ်ကို အေးစက်ကာ လျစ်လျူရှူထားသကဲ့သို့ဖြစ်နေ၏။

ဓားကို တင်းတင်းဆုပ်ကိုင်ထားသည့် ကျူဝူရှင်း၏လက်က အနည်းငယ်ဖျော့တော့သွား၏။ သူက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ဒီအချိန်မှာတောင် ရှစ်ရှုန်းက ကျွန်တော့်ကို စကားတစ်ခွန်းပြောဖို့ ငြင်းနေချင်တုန်းပဲပေါ့။"

ကျူဝူရှင်းက မျက်လုံးဝင့်၍ ကြည့်လိုက်ရာ အနည်းငယ်ပင်ပန်းနေသော မျက်ခုံးများကို မြင်လိုက်ရပြီး ချစ်ခင်တွယ်တာမှု အရိပ်အယောင်ကို မတွေ့ခဲ့ရသလို နောင်တရခြင်း သို့မဟုတ် မကျေနပ်မှု အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရဘဲ ရေခဲတမျှနက်နဲသော ရေကန်ကဲ့သို့ ငြိမ်သက်ခြင်းသာ ကျန်ရှိနေ၏။

ဒီအချိန်မှာတောင်....

ကျန်းကျဲလျိုတွင် မည်သည့်ဝိညာဉ်စွမ်းအားမျှမရှိတော့သဖြင့် သူ့ကိုသတ်ရန်အတွက် လက်ကို မြှောက်လိုက်ရုံသာ။ လင်းရှောင်ဓားက သူ့လက်ထဲတွင် ရှိနေပြီဖြစ်ပြီး ထိုအချိန်မှစ၍ ကျူဝူရှင်းရှေ့တွင် သူ့ကို ဖိအားပေးမည့် ရှစ်ရှုန်းတစ်ယောက် မရှိတော့ပေ။

သို့သော် ယခုအချိန်တွင်ပင် ကျန်းကျဲလျိုက အလွန်မောက်မာနေဆဲ။

"ရှစ်ရှုန်းအတွက် သွားဖို့နေရာရှိသေးလား။"

ကျူဝူရှင်းက ထိုသူ့ကို စောင့်ရှောက်ရန်ဆန္ဒမရှိပေ။ ထိုလူ၏ဂုဏ်သိက္ခာက လင်းရှောင်ဂိုဏ်း သို့မဟုတ် ကျင့်ကြံရေးလောကမှာတောင် အလွန်ခိုင်မာလှ၏။ နှစ်ထောင်ပေါင်းများစွာ သူ့ကို လေးစားစရာအမတလင်းရှောင်အဖြစ်လည်းကောင်း၊ အမတဂိတ်၏ ခေါင်းဆောင်အနေဖြင့်လည်းကောင်း အသိအမှတ်ပြုခံခဲ့ရသည်။ အကယ်၍ ကျန်းကျဲလျိုကို ဆက်ထားပါက ထိခိုက်ထားသော မသန်စွမ်းသူဖြစ်နေလျှင်တောင် ကိုင်လှုပ်ရခက်သော ရာထူးအနေအထားရှိနိုင်၏။

ကျန်းကျဲလျိုက ကျူဝူရှင်းတွေးနေပုံကိုသိသည်။ သူက ဦးခေါင်းကိုလှည့်ကာ ရက်စက်သောတိမ်တိုက်နီများကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူ ပြောလိုက်၏။ "ကျုံးနန်တောင်ကို သွားမှာ။"

၎င်းက သူ့ဆရာကို မြှုပ်နှံထားသည့်နေရာဖြစ်ကာ လူများနှင့် အလွန်ဝေးကွာပြီး သတ္တဝါဆန်းများစွာရှိ၍ နေထိုင်ရန် မသင့်တော်ပုံပေါက်၏။

"ကျုံးနန်တောင်။" ကျူဝူရှင်းက ဤနေရာကို ထပ်ခါတလဲလဲပြောရင်း ရှစ်ရှုန်းဖြစ်သူ၏ နှင်းဖြူရောင်ဆံပင်များကိုကြည့်ပြီး ရုတ်တရက် လက်မြှောက်ကာ တစ်ဖက်လူ၏နှုတ်ခမ်းမှ သွေးစများကို သုတ်ပေးရင်း ပြုံးလိုက်သည်။ "အဲ့ဒါက နေရာကောင်းပဲ။ ရှစ်ရှုန်းကို အေးအေးချမ်းချမ်း နလန်ထူဖို့ ခွင့်ပြုပေးရမှာပေါ့။"

လက်ချောင်းထိပ်လေးများက သူ့နှုတ်ခမ်းထောင့်စွန်းကို အသာအယာ ပွတ်တိုက်သွားပြီး သူ့စိတ်နှင့်မတူ‌အောင် နူးညံ့နေ၏။

"ပြန်လည်ထူထောင်ဖို့..." ကျန်းကျဲလျိုက ထိုအထိအတွေ့ကို ရှောင်ပြီး ပြောလိုက်၏။ "ဆရာ့ရဲ့သင်္ချိုင်းဂူရှေ့မှာသေဖို့က ငါအသက်ရှင်နေစဉ် နောက်ဆုံးဆန္ဒပဲ။"

ကျန်းကျဲလျို သူ့ကိုကြည့်လိုက်ရာ သူ၏မျက်လုံးများထဲမှ ကြယ်ရောင်များ တဖျပ်ဖျပ်လက်နေသည်ကို တွေ့လိုက်ရလေသည်။ "အခု ငါထွက်သွားတော့မယ်။ မင်းက လင်းရှောင်ဂိုဏ်းကို ဂရုစိုက်လိုက်ပါ။ ဘယ်သူကမှ မင်းကို ထိန်းချုပ်ပြီး သင်ပေးမှာမဟုတ်ဘူး။"

ဤစကားကိုပြောချိန်၌ သူ့မှာ ဘာခံစားချက်မှမရှိသော်လည်း ကိုယ်တွင်းအင်္ဂါငါးပါး၏ နာကျင်မှုက သူ့အား ချိုးဖျက်လုနီးပါးပင်။ ကျန်းကျဲလျို ချောင်းဆိုးလိုက်ပြီး နှုတ်ခမ်းထက်မှာ သွေးများထပ်မံစွန်းသွားပြန်သည်။ သူက ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။ "အနာဂတ်မှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင်... ရှစ်ရှုန်းက ဒီမှာရှိတော့မှာ မဟုတ်ဘူး။"

ကျူဝူရှင်းက ဆို့နင့်ပြီး သူ့မျက်နှာကို ခဏစိုက်ကြည့်နေ၏။

"မင်း ငါ့ကို လာရှာဖို့ မလိုဘူး။" ကျန်းကျဲလျိုက ပြောလိုက်သည်။ "လူတိုင်းကိုလည်း ပြောနေစရာမလိုဘူး။ ကျုံးနန်တောင်ကို ပြန်သွားဖို့က ဒီအဆုံးမရှိတဲ့ နှစ်တွေမှာ ငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။"

ကျူဝူရှင်းမှာ ရုတ်တရက် ဘာပြောရမှန်းမသိတော့။

ကျန်းကျဲလျို ထိုစကားများကိုမပြောမီ အခြေအနေအမျိုးမျိုးကို သူ(ကျူ)စိတ်ကူးယဉ်ခဲ့ဖူး၏။ သူ့စိတ်ထဲ၌ သူ့ရှစ်ရှုန်းက အရှိန်အဟုန်နှင့် တိုးတက်နေပြီး ထက်မြက်ကာ သူ့အဖေ၏ယုံကြည်မှုကို ဖြည့်ဆည်းပေးရန်နှင့် လောကဝိညာဉ်များကို ကာကွယ်ရာ၌ အမြဲတမ်း အကောင်းဆုံးဖြစ်သူပင်။ သူ့ရှေ့ရှိ ကပ်ဘေးကြောင့် ကျန်းကျဲလျို ရူးမိုက်သွားမည်ဟု ဘယ်သောအခါမှ မတွေးထားခဲ့မိပေ။ သူ့ရှစ်ရှုန်း၏အရိပ်အောက် နေခဲ့ရသော်လည်း ရှစ်ရှုန်း၏တောင်ပံများအောက် နေခဲ့ရကြောင်း သတိမထားမိခဲ့ချေ။

အတိအကျပြောလျှင် ဤယုံကြည်မှုမျိုးကြောင့် ရှစ်ရှုန်းဖြစ်သူကို အစွမ်းကုန် ကူညီခဲ့ခြင်းမရှိပေ။ ကျူဝူရှင်းက ယင်းကို သူ့အပြစ်ဟု ဘယ်တော့မှမမှတ်ယူခဲ့ဘဲ ရှစ်ရှုန်းက ယင်းကို သေချာပေါက် လုပ်နိုင်သည်ဟုတွေးခဲ့၏။ ဤလောကတွင် သူ့ရှစ်ရှုန်း မလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။

သို့သော် ကျန်းကျဲလျိုက အဖျားတက်နေပြီး ဒဏ်ရာအပြင်းအထန်ရကာ သွေးအန်နေသော်လည်း ထိုစကားများကို အေးအေးဆေးဆေး ပြောနေနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ကျူဝူရှင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး စိတ်ထဲ ဖရိုဖရဲဖြစ်နေကာ သူ့ရှစ်ရှုန်းက သူ့အား လင်းရှောင်ဂိုဏ်းအာဏာကို ကြိုတင်အသိမပေးဘဲ ပေးအပ်ခဲ့သည်ဟု တွေးမိနေ၏။ လင်းရှောင်ဓားကို လက်လွှဲယူပြီး မည်သို့ထူထောင်ရမလဲဆိုတာ မသင်ပေးခဲ့ပေ...

ဤအရာများအားလုံးက သူ့မျက်လုံးအောက်မှ မလွတ်နိုင်မှန်း ကျူဝူရှင်းသိသော်လည်း ကျန်းကျဲလျိုက ၎င်းကို မပြောခဲ့ပေ။

သူ့လက်ဖဝါးထဲမှ လင်းရှောင်ဓားက အကြောင်းပြချက်မရှိ ပူလာ၏။

ကျန်းကျဲလျိုက ဆက်ပြောခဲ့သည်။ "မိစ္ဆာတွေနဲ့ တူယှဥ်တွဲနေထိုင်တဲ့နည်းလမ်းမှာ ငါ့ရဲ့ စည်းမျဉ်းဟောင်းကို လိုက်နာတာပဲဖြစ်ဖြစ်၊ စည်းမျဉ်းအသစ်တွေ ချမှတ်တာပဲဖြစ်ဖြစ် ရှစ်တိတွေနဲ့ တခြားရှစ်ရှုန်းတွေ သူတို့ဘာသာ လုပ်ပါစေ။ အဲ့ဒါက..."

ကျူဝူရှင်း အနည်းငယ်စိတ်လှုပ်ရှားသွားပြီး နောက်ဆုံးတွင် တစ်ဖက်လူ၏ တောင်းဆိုမှုကို စောင့်ဆိုင်းကာ စေ့စေ့စပ်စပ် နားထောင်လိုက်သည်။

"... အဲ့ဒါက ငါ့တံခါးအောက်မှာ မိစ္ဆာလေးတွေ အနည်းငယ်ရှိရုံပဲ။" ကျန်းကျဲလျိုက ခဏမျှတိတ်ဆိတ်သွားပြီးနောက် ဆက်ပြော၏။ "သူတို့ကို လွှတ်ပေးလိုက်ပါ။"

ကျူဝူရှင်း သူ့ကို ကြောင်အမ်းစွာ ကြည့်လိုက်မိသည်။

သူ့ရှစ်ရှုန်း၏ သွေးစွန်းနေသော အင်္ကျီလက်များကို တွေ့လိုက်ရပြီး ထိုသူက နှုတ်ခမ်းကိုကာရင်း ချောင်းဆိုးလိုက်ချိန် သူ့ကိုယ်တွင်းအင်္ဂါများထဲမှ သွေးခဲများက ကိုယ်ပေါ်၌ ထင်ကျန်လာ၏။ သန်မာပြီး တုနှိုင်းမယှဉ်နိုင်သော အမတလမ်းစဥ်၏ခေါင်းဆောင်က ယခု သူ့အရှေ့မှာ အလွန်နုနယ်နေပုံပင်။ အရောင်အသွေး နုနယ်လွန်းပုံကြောင့် ကျူဝူရှင်း ထိတောင်မထိဝံ့ပေ။

ကျန်းကျဲလျိုက မျက်လုံးများကိုမှိတ်ထားပြီး သူ့စိတ်ထဲ မူးဝေခြင်းကို သက်သာစေပြီးနောက် ထွက်သွားချင်သလိုမျိုး ရှေ့ခြေတစ်လှမ်းတိုးလိုက်၏။

ဤခြေလှမ်းက မတည်ငြိမ်ဘဲ အနည်းငယ် ယိမ်းထိုးသွားသော်လည်း နောက်ခဏတွင် ကျူဝူရှင်းက သူ့ကို ရင်ခွင်ထဲထည့်ကာ ဖမ်းထိန်းလိုက်သည်။

"ရှစ်ရှုန်း။ ခဏစောင့်ပါဦး။" ကျူဝူရှင်းမှာ တစ်စုံတစ်ခု ဆုံးရှုံးတော့မည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး အကြောင်းပြချက်မရှိ အနည်းငယ်တုန်လှုပ်သွား၏။"နှစ်ထောင်ချီလောကရဲ့ နယ်နိမိတ်အလွှာကို ပြုပြင်ရမယ်ဆိုတာ ဂိုဏ်းအားလုံး အခုချက်ချင်း သိသင့်တယ်။ ပြီးတော့ သိပ်မကြာခင် လင်းရှောင်ဂိုဏ်းက ရောက်လာတော့မှာပါ။ ရှစ်ရှုန်း..."

သူထိန်းထားသောလက်ကို ဖြည်းညင်းစွာ တွန်းဖယ်ခြင်းခံလိုက်ရရာ သူ့ရှစ်ရှုန်းက သူစိတ်ကူးထားသောအတိုင်းပင်။ ဘေးအန္တရာယ်ကြုံပြီးနောက်တွင်ပင် သူက သန်မာကာ အလျှော့မပေးဘဲ မွေးဖွားလာပြီး မည်သူ့ကိုမျှ မထိခိုက်စေဘဲ သူ့ရှေ့၌ ရပ်တည်နိုင်ခဲ့၏။

သို့သော် ဤတစ်ကြိမ်၌ မတူတော့ပေ။

ကျန်းကျဲလျိုက အလွန်ပင်ပန်းနေလေပြီ။

သူက သွေးတစ်လုတ် မျိုချလိုက်ပြီး ကျိုးပဲ့၍ ဗလာကျင်းနေသော ဤခန္ဓာကိုယ်က မည်မျှကြာအောင် ခံနိုင်ရည်ရှိမည်ကို မသိနိုင်ပေ။ သို့သော်လည်း သူ ဂရုမစိုက်ချေ။ အနှစ်တစ်ထောင်ကျော်ကြာ သူ့ဝန်ထုပ်ဝန်ပိုးက နောက်ဆုံးတွင် သက်သာရာရသွားချေပြီ။

ကျန်းကျဲလျို အလွန်အမင်း ပျော်ရွှင်ဝမ်းသာမိ၏။

သူ ကျူဝူရှင်းကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်သည်။ "ရှစ်တိ... အဲ့ဒါကို တန်ဖိုးထားပါ။"

ကျူဝူရှင်း အချိန်အတော်ကြာ ဆွံ့အနေမိပြီး သူ့လက်မှ လင်းရှောင်ဓားကသာ ရုန်းထွက်ကာ ထိုသူ့နောက်လိုက်ချင်သလို ပြင်းထန်စွာ တုန်ခါသွားခဲ့၏။ ကျူဝူရှင်းက သူ့လက်ဖဝါးရှိဓားအိမ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး နှလုံးသားကို ရုတ်တရက် တည်ငြိမ်စေကာ လက်မြှောက်၍ အရိုအသေပြုလိုက်၏။ "ရှစ်ရှုန်းက ကျွန်တော်နဲ့ အဝေးဆုံးကို သွားတော့မှာ။ ကျွန်တော်..."

"မင်း လိုက်ပို့စရာမလိုဘူး။"

ကျန်းကျဲလျိုက ရှားရှားပါးပါး ပြုံးပြလာ၏။

"ပြန်သွားတော့။"

တိမ်များက ကောင်းကင်ကို ဖုံးလွှမ်းနေပြီး နေမင်းကြီးက အနောက်ရပ်သို့ နစ်မြုပ်သွား၏။

ကျူဝူရှင်း၏ ဝတ်ရုံထောင့်စွန်းများ၌ သွေးများဖုံးလွှမ်းနေပြီး သူ့နှလုံးသားထဲကနှင့် မတူတော့သော ရှစ်ရှုန်းဖြစ်သူထွက်သွားသည်ကို ကြည့်ကာ ခွဲခွာသွားသူပုံရိပ်မှ နူးညံ့သိမ်မွေ့မှု အရိပ်အယောင်ကို ရှာဖွေလိုက်၏။

ကျန်းကျဲလျိုက အလွန်ပိန်လွန်းပြီး ပခုံး၊ ခါး သို့မဟုတ် လက်ချောင်းများဖြစ်ပါစေ၊ သွေးကွက်များကို သုတ်လိုက်ချိန်၌ အားလုံးက လေပြင်းတစ်သုတ်လို ဝေးလွင့်သွားပြီး သူ ဘယ်တော့မှ လောကကြီးထဲ ရှာမတွေ့နိုင်သော နေရာတစ်ခုသို့ ပျောက်ကွယ်သွားနိုင်ကြောင်း နှစ်ပေါင်းများစွာတိုင် မသိခဲ့ပေ။

ကျူဝူရှင်းက လင်းရှောင်ဓားကိုဆုပ်ကိုင်၍ သတိပြန်မကပ်မီ အချိန်အတော်ကြာအောင် ရပ်နေခဲ့၏။

မည်သူကမှ သူ့ကို မတားနိုင်တော့ဘဲ တစ်ဖက်လူ၏လက်အောက်မှာ ကာလအတန်ကြာနေခဲ့ရသော အရိပ်များ၊ ဂိုဏ်းချုပ်တစ်ဦး၏ နေရာအတွက် မနာလိုမှုများ... အားလုံးက အချည်းနှီးဖြစ်သွားပြီး မည်သူကမှ သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဆုံးမတော့မည်မဟုတ်‌ပေ။

သူ့မှာ ရှစ်ရှုန်း မရှိတော့ပေ။

....

ရစ်ဝဲနေသော နေမင်းကြီး၏ရောင်ခြည်များ အဆုံးသတ်သွားကာ နှင်းများက ရှားရှားပါးပါး ကျဆင်းလာ၏။

ကျုံးနန်တောင်ကို သွားရာလမ်း၌ သူတွေ့ကြုံခဲ့ရသမျှ အရာအားလုံးက ခါးသီးဖွယ် အေးစက်စက်နှင်းထူထူများဖြစ်ပြီး လမ်းတွင် မည်သူမှမရှိပေ။

ညက မှောင်မိုက်နေပြီး နှင်းထူထူတွင် အနှောင်အဖွဲ့မရှိ ရွေ့လျားနေသော ရထားလုံးရှေ့၌ မီးအိမ်တစ်လုံး ချိတ်ဆွဲထား၏။

ရထားလုံးပေါ်၌ ငွေဖြင့် ငှားရမ်းထားသော ရထားထိန်းတစ်ဦးပါလာပြီး ရထားလုံးကိုလည်း ငွေဖြင့် ငှားရမ်းခဲ့ခြင်းပင်။

နှစ်ပေါင်းများစွာ အမတလမ်းစဉ်၏ခေါင်းဆောင်ဖြစ်ခဲ့သော ကျန်းကျဲလျိုကို အခြားအမတများက မကြာခဏ ရှန်းဇွင်း*ဟုသာ ခေါ်လေ့ရှိပြီး ငွေတုံးသုံးစွဲခဲသောကြောင့် မည်မျှပေးရမည်ကို သူမသိပေ။ ဈေးကို ရထားထိန်းကသာပြောခဲ့၏။ ရထားထိန်းက လင်းရှောင်ဂိုဏ်း၏ တပည့်တစ်ဦးပင်။ သူ့ကို လင်းရှောင်ဂိုဏ်းမှ မွေးစားခဲ့သည်။ ကျန်းကျဲလျိုကို မသိလျှင်ပင် ပစ္စည်းဥစ္စာကို လိုချင်တပ်မက်ခြင်း သို့မဟုတ် အမှားများလုပ်ဝံ့ခြင်းမျိုး မရှိပေ။

(T/N: ရှန်းဇွင်း - အမတဆရာသခင်/ အမတစီနီယာ။ ကျန်းကျဲလျိုကို ခေါ်တဲ့အသုံးအနှုန်းပါ။)

မီးအိမ်အရိပ်က ရထားလုံးတံစက်မြိတ်တွင် ယိမ်းနွဲ့နေပြီး ရထားလုံးထိန်းက မြင်းကိုရပ်တန့်ကာ အတွင်းဘက်သို့ မေးလိုက်၏။ "လူကြီးမင်းသွားချင်တဲ့နေရာကို ရောက်ခါနီးပါပြီ။ အဲ့မှာ ရထားလုံးသွားနိုင်တဲ့လမ်းကြောင်း တစ်ခုပဲရှိပါတယ်။ ပြီးရင် လူကြီးမင်း တောင်ပေါ်ကို ခြေလျင်တက်ရပါလိမ့်မယ်... တောင်ပေါ်မှာ မိစ္ဆာတွေ အများကြီးရှိတာမို့ ဒီလူအိုကြီး တကယ်မသွားရဲပါဘူး။"

ကျန်းကျဲလျိုက တုံ့ပြန်ကာ မေးလိုက်၏။ "ဘယ်တော့လောက်ရောက်မလဲ။"

"ရောက်ခါနီးပါပြီ။"

ယခုအချိန်တွင် ဂိုဏ်းများအားလုံးက နယ်နိမိတ်အလွှာပြုပြင်ခြင်းအကြောင်းကို သိရှိကြပြီးဖြစ်ကာ လင်းရှောင်ဂိုဏ်းသို့ သွားကြလိမ့်မည်။

ကျန်းကျဲလျို၏အကျင့်ဟောင်းက ပြောင်းလဲရန် ခဲယဉ်းပြီး ပထမအကြိမ်တွင် သူက ဂိုဏ်းအကြောင်း စဉ်းစားခဲ့သော်လည်း ယခုအချိန်၌ သူ့တွင် စိုးရိမ်စရာ သို့မဟုတ် ရေရှည်အစီအစဉ်များမရှိတော့ပေ။

၎င်းတို့တွေ ခဏမျှ မောင်းနှင်ပြီးနောက် ကျုံးနန်တောင်သို့ ရောက်သွား၏။ ရထားလုံးထိန်းက ရထားလုံးကိုရပ်လိုက်ပြီး ခွေးခြေခုံချပေးခဲ့သည်။ သူ မတ်တတ်ပြန်ရပ်၍ ခေါင်းမော့ကြည့်လိုက်ချိန် သေးသွယ်သော လက်ဆစ်နှင့် လက်သည်းဝိုင်းဝိုင်းလေးများရှိပြီး သွေးမရှိဘဲ ကျောက်စိမ်းလို ထုဆစ်ထားသော လက်လှလှလေးက ရထားလုံးကန့်လန့်ကာအား ဆွဲဖယ်လိုက်သည်ကို တွေ့လိုက်ရ၏။

ရထားလုံးထိန်းမှာ မသိလိုက်ခင်မှာပဲ အသက်ရှူအောင့်မိသွားကာ ဤလူငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်လေးလံသော ပိုးသားဝတ်ရုံပါရှိပြီး နှင်းဖြူရောင်ဆံပင်ရှည်များအား တစ်ဝက်ချည်ထားကာ အေးစက်ခံ့ညားသော မျက်နှာထက် နက်မှောင်သော မျက်လုံးများရှိပြီး အတွင်း၌ မည်သည့်တောက်ပမှု တစ်စုံတစ်ရာကိုမှ မမြင်ရချေ။ အေးခဲသောလေနှင့် နှင်းများက လူများကို နောက်ပြန်ဆုတ်စေလုနီးပါးပင်။

ရထားလုံးထိန်းစိတ်ထဲ ကောင်းကင်ရှိ လေနှင့် နှင်းများကတောင် ဤလူငယ်လောက် မအေးစက်ဘူးဟု ခံစားလိုက်ရ၏။

သို့သော် တစ်ဖက်လူကို ကူညီလိုက်ချိန်တွင် လူငယ်လေးက အသက်ရှူနေသော်လည်း မတည်မငြိမ်ဖြစ်ပြီး အားနည်းနေသည်ဟု သူခံစားခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်။" ကျန်းကျဲလျို ထိုသူ့ကို ကျန်အခကြေးငွေပေးလိုက်ပြီး ရင်းနှီးနေသောနေရာအား ကြည့်လိုက်၏။

အတိတ်တုန်းက သူ့ဆရာကြီးဆုံးပါးသွားချိန် သူနှင့် သူ့ရှစ်တိက ဤနေရာတွင် မြှုပ်နှံပေးခဲ့သည်။ ဆရာကြီးက သူမဆုံးခင် လင်းရှောင်ဂိုဏ်းနှင့် ဝူရှင်းအား စောင့်ရှောက်ရန် သူ့ထံ အပ်နှံခဲ့၏။

ယခု သူ့တာဝန်ပြီးသွားပြီဖြစ်ကာ သူ့ကျင့်ကြံရေးအခြေခံက လုံးဝပျက်စီးသွား၍ မသန်စွမ်းသူနှင့် မခြားနားတော့ပေ။

လင်းရှောင်ဂိုဏ်း၊ ကျင့်ကြံရေးလောကနှင့် ရှန်းကျိုအထက်ရှိ သတ္တဝါများအားလုံးက သူ့ကို မလိုအပ်တော့ချေ။

ကျန်းကျဲလျိုက လက်ဆန့်ကာ ဝတ်ရုံရှည်ကို သူ့ပုခုံးပေါ် လွှမ်းခြုံလိုက်ပြီး နှင်းထူထူများ‌ပေါ် ခြေချလိုက်၏။

ပထမဆုံးအကြိမ် တာအိုဝါဒကို စတင်လေ့ကျင့်ကတည်းက ယနေ့လို ကမ္ဘာကြီး၏ အေးစက်မှုကို ပြန်တွေ့ကြုံရပြန်သည်။

ကျန်းကျဲလျိုက နှင်းဖုံးနေသော သင်္ချိုင်းဂူအထိ နှင်းများကို ဖြတ်ကျော်သွားခဲ့၏။

သူ ဒူးထောက်ထိုင်ကာ လက်ဆန့်လိုက်ပြီး အထိမ်းအမှတ်စာတိုင်ရှိ နှင်းဖြူဖြူများကို ဖယ်ရှားကာ စာတိုင်ပေါ်ရှိ စာသားကို အချိန်အကြာကြီး ကြည့်နေခဲ့လိုက်သည်။ ပြောစရာများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း ဘယ်ကစရမည်မှန်း သူမသိတော့။

ကျန်းကျဲလျိုက ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်၏။ သုံးနှစ်သားအရွယ်တွင် ကျူဝိန်းယွမ်က လင်းရှောင်ဂိုဏ်းဆီ ခေါ်လာခဲ့သည်။ ထိုအချိန်မှစ၍ သူ့ဆရာက သူ့မိဘဖြစ်ခဲ့ပြီး လင်းရှောင်ဂိုဏ်းက သူ့မွေးရပ်မြေပင်။

လရောင်က ဖြည်းညင်းစွာ ထွန်းလင်းလာသည်။

ကျန်းကျဲလျို အကြာကြီးစဉ်းစားပြီးနောက် ညင်သာစွာ ပြောလိုက်၏။

"ဝူရှင်းက အရွယ်ရောက်လာပြီ။"

"ကျွန်တော် ဆရာ့ကိုအဖော်ပြုပေးဖို့ ရောက်လာပါပြီ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment