no

Font
Theme

နတ်ဆိုးအရှင်က ခဏတာ တိတ်ဆိတ်သွားပြီး တီးတိုးပြောလာသည်။ "ဘယ်အမျိုးအစားမှ မဟုတ်ဘူး။"

ဝိန်းရမ်ယဲ့ တံခါးကိုပိတ်ကာ တစ်ဖက်လူအား နူးညံ့သော ခုတင်ပေါ်တွင် ပြန်တင်ပေးလိုက်သည်။ သူ၏ တစ်ဝက်စိုနေသော ဆံပင်နှင့် ပါးလွှာသော အင်္ကျီတို့ကို နတ်ဆိုးမန္တာန်ဖြင့် ခြောက်သွေ့စေလိုက်သည်။ သူက အပြင်ခြုံထည်ကို သူ့အားခြုံပေးထားဆဲဖြစ်ပြီး ဘေးနားရှိ မီးဖိုကိုလည်း မီးညှိပေးလိုက်သည်။

"ဘယ်လိုနေသေးလဲ။"

ဝိန်းရမ်ယဲ့က သူ၏လက်ကောက်ဝတ်ကိုစမ်းကာ သူ၏အခြေအနေကို စစ်ဆေးရင်း မေးမြန်းလိုက်သည်။

သူ့ရင်ဘတ်ထဲမှာ စုပုံနေသောသွေးများက ပျောက်ကွယ်သွားလေပြီ။ သို့သော် သူ၏မရီဒန်များက ပျက်စီးနေဆဲဖြစ်ပြီး ကြောင်ကလေးတစ်ကောင် ကစားထားသော သိုးမွေးလုံးကဲ့သို့ ရှုပ်ပွနေသည်။

ယခုအချိန်၌ သူ့အရှေ့မှ နာမကျန်းဖြစ်နေသော ကြောင်ပိုင်ရှင်သည် ခြုံထည်ကို တင်းတင်းကျပ်ကျပ်ဆွဲကာ အလွန်အိပ်ငိုက်နေရင်း ဖြည်းညင်းသော အသံဖြင့် ပြောလိုက်သည်။ "...နာကျင်တာကလွဲလို့ ဘာမှမခံစားရဘူး။"

ချန်းချန်က မူလအသွင်ပြောင်းလဲထားပြီး မီးမထွန်းရသေးသော ဖယောင်းတိုင်စင်ပတ်ပတ်လည်လည်တွင် ရစ်ခွေနေသည်။ အာချူးက ထိုနေရာတွင် ရှိပုံမရဘဲ အပေါ်ထပ်မှာ တိတ်ဆိတ်နေ၏။

ကျန်းကျဲလျို၏ အသံကား အလွန်တိုးညင်းကာ လေတိုက်ပြီးနောက် ပျောက်ကွယ်သွားသော လေပြည်လေးနှင့်တူသည်။ ဝိန်းရမ်ယဲ့တစ်ယောက် သူ့အသံကိုကြားလိုက်သောအခါ သူ့နှလုံးသားထဲမှာ ထိတ်လန့်သွားခဲ့၏။ သူက နှာခေါင်းဖျားကို ထိမိလုနီးပါးအထိ တိုးကပ်ရင်း သူ့ကိုမေးလိုက်သည်။

"အရင်ဆုံး ဟန်ဆောင်ခဲ့တဲ့အတွက် ခင်ဗျား ကျွန်တော့်ကို အပြစ်တင်ချင်လည်းတင်လိုက်၊ ဒါပေမဲ့ ခင်ဗျား တကယ်ပဲပြန်မလိုချင်ဘူးလား..."

သူက သက်သာကောင်းမွန်လာတာကို မလိုချင်ပေ၊ သူ၏ နောက်ဆုံးဆန္ဒက ဤဘဝကို လက်လွှတ်လိုက်ဖို့ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ဖို့ပင်။

ကျန်းကျဲလျိုက ရေပူစမ်းကြောင့် မူးဝေနေခဲ့ပြီး ဆေး၏အာနိသင်ကလည်း အစွမ်းပြလာလေပြီ။ ယခုအချိန်မှာ သူ အိပ်ပဲအိပ်ချင်နေ၏။ သူက ဖြည်းဖြည်းချင်းမျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။

"မလိုချင်ဘူး ဟုတ်လား?... ဘာကိုလဲ။"

ဝိန်းရမ်ယဲ့က သူ့ကိုကြည့်ကာ စကားမပြောနိုင်ခဲ့ပေ။

"မင်းက တစ်ခုခုလုပ်စရာရှိလို့ ငါ့ဘေးကို ရောက်လာတဲ့ပုံပဲ။"

သူက အမှန်တကယ်ကို အိပ်ငိုက်နေပြီး မသဲမကွဲထပ်ပြောလိုက်သည်။

"ဒါပေမဲ့ အဆင်ပြေပါတယ်၊ လက်ရှိအခြေအနေနဲ့ ငါ အသားကျနေပါပြီ။"

လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က သူ၏ဆရာ သေဆုံးခြင်းကို လက်ခံရသလိုမျိုး၊ လင်းရှောင်ဂိုဏ်း၏ ရှုပ်ထွေးမှုအားလုံးနှင့် အမတဂိုဏ်းတစ်ခုလုံး၏ ယိုယွင်းပျက်စီးခြင်းတို့ကိုပါ လက်ခံခဲ့သလိုပင်။ ထို့အပြင် သူ့ရှစ်တိ၏ တဖြည်းဖြည်း ပြောင်းလဲလာမှု၊ သူ၏မိတ်ဆွေများ မျက်နှာချိုသွေး၍ နောက်ကျောအား ဓားနှင့်ထိုးခြင်းတို့ကိုလည်း လက်ခံခဲ့ရသည်... သူက သူ့ပတ်ပတ်လည်မှ သေရေးရှင်ရေး၊ အကောင်းနှင့်အဆိုးတိုင်းကို လက်ခံခဲ့သည်။ သူ့ခန္ဓာနှင့်စိတ်တို့ ယိုယွင်းပျက်စီးကာ ဆုတ်ယုတ်လာသည့်တိုင်ပင်။

နွေဦးလေပြည်တို့ ရောက်မလာသောအခါ မိုးမခနွယ်လေးများက ညှိုးနွမ်းကုန်၏။

လောက၏ အတက်အကျများကို မည်သူ သိနိုင်မည်နည်း။

ကျန်းကျဲလျိုက ဖြည်းညင်းစွာ တိုးဝှေ့ကာ မျက်လုံးများကို မှိတ်ပြီး တီးတိုးပြောလိုက်သည်။ "အိမ်နီးချင်းကောင်းလေး... ကျေးဇူးတင်ပါတယ်။"

ဝိန်းရမ်ယဲ့က သူ့ကို ကြောင်အစွာ စိုက်ကြည့်နေပြီး အချိန်အတော်ကြာ စကားမပြောဘဲ လက်ကို ဆန့်တန်းကာ တစ်ဖက်လူ၏ လျှောကျနေသော ဆံပင်ဖြူများကို ပွတ်သပ်ရန် ကြိုးစားသော်လည်း မထိတွေ့မီ၌ပင် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

...တစ်ဖက်လူ၏ ချစ်မြတ်နိုးခြင်းခံရသူများထဲတွင် မည်သူမျှ မိမိတို့၏ အကျိုးစီးပွားကို ဦးစားမပေးသူများ မရှိကြချေ။ ကျူ၀ူရှင်းနှင့် လဲ့ကျန်းတို့ကလည်း ထိုနည်းတူပင်။

ကျန်းကျဲလျို၏ ဒုက္ခဝေဒနာများနှင့် မည်သူကမျှ မထိုက်တန်ပေ။

___

သူက မွန်းလွဲနှောင်းပိုင်းမှ နံနက်အစောပိုင်းအထိ အိပ်စက်ခဲ့သည်။

နံနက်အလင်းရောင်သည် အားပျော့နေဆဲဖြစ်ပြီး မှောင်နေဆဲဖြစ်၏။ ဖယောင်းတိုင်များနှင့် မီးအိမ်များကို ချန်းချန်က ထွန်းပေးထားပုံပင်။ အာချူးက ပြန်ရောက်လာပြီး ဆေးအချို့ အပူပေးထားသော်လည်း ကျန်းကျဲလျိုက နိုးမလာဘဲ ဆေးများကသာ အေးစက်သွားခဲ့သည်။

ကျန်းကျဲလျိုတစ်ယောက် နိုးလာသော်လည်း အိပ်ချင်စိတ် မပျောက်သေးပေ။ မျက်လုံးဖွင့်လိုက်သောအခါ သူ၏အိမ်နီးချင်းကောင်းလေးက သူ့လက်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရပြီး တစ်ဖက်လူကို ချက်ချင်းကြည့်လိုက်မိသည်။

ကျန်းကျဲလျို: "...မင်း မအိပ်ဘူးလား။"

တစ်ဖက်လူ၏မျက်လုံးများက တောက်ပနေပြီး အပြည့်အဝအာရုံစိုက်နေ၏။ "မအိပ်ချင်ဘူး။''

ကျန်းကျဲလျို သူ့ကို ခဏကြည့်ကာ ပြောလိုက်သည်။ "အိပ်စက်ခြင်းက ဘဝရဲ့ အကြီးမားဆုံးသော ပျော်ရွှင်မှုတစ်ခုပဲ။"

ဝိန်းရမ်ယဲ့ ခဏတာ တွေဝေသွားပြီး မေးလိုက်မိသည်။ "ခင်ဗျားက ဘယ်လိုအိပ်တာကို ဆိုလိုတာလဲ။"

ကျန်းကျဲလျိုမှာ ခဏလောက် တုံ့ပြန်နိုင်ခြင်းမရှိဘဲ ကြောင်အသွားပြီးနောက် စစနောက်နောက် ပြောလိုက်သည်။ "မင်းတွေးမိတဲ့တစ်ခု။"

ဤတစ်ကြိမ်တွင် သူ၏အိမ်နီးချင်းကောင်းလေးဘက်မှ တုံ့ပြန်နိုင်ခြင်းမရှိတော့ချေ။

ကျန်းကျဲလျိုက အေးစက်နေသော ဆေးခွက်ကို ကောက်ကိုင်ကာ အနည်းငယ် သောက်လိုက်ချိန်တွင် ဝိန်းရမ်ယဲ့၏ တုံ့ဆိုင်းနေသော အသံကို ကြားလိုက်ရသည်။ "တကယ်လား။"

ကျန်းကျဲလျိုက မျက်ခုံးပင့်ကာ တစ်ဝက်သောက်ပြီးနောက် ဆေးခွက်ကိုချလိုက်ပြီး တစ်ဖက်လူ ဘာလုပ်ချင်သည်ကို ကြည့်ရန် အကဲခတ်လိုက်သည်။

ထို့နောက် နတ်ဆိုးအရှင်က သူ၏အပြင်ဝတ်ရုံကို ချွတ်ကာ ကျန်းကျဲလျိုဘေးနား ဝင်ရောက်လဲလျောင်းပြီး သူ့ကို ရင်ခွင်ထဲသို့ဆွဲသွင်းကာ ပွေ့ဖက်လိုက်ရင်း ကျေနပ်စွာ ပြောလိုက်သည်။ "ကောင်းပြီလေ။"

ကျန်းကျဲလျို: "...နတ်ဆိုးအရှင်လေးရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေက တကယ်ကို ထိပ်တန်းပဲ။ မင်းမှာ အမြင်ရှိတယ်။"

"ဟုတ်တာပေါ့။" ဝိန်းရမ်ယဲ့ ထိုသူ့ကို နမ်းချင်သော်လည်း စိတ်ကို ထိန်းချုပ်ကာ တီးတိုးပြောလိုက်သည်။ "အစောကြီးပဲရှိသေးတယ်၊ အခုက နေ့တစ်နေ့ရဲ့ အအေးဆုံးအချိန်ပဲ။ ကျွန်တော့်ဖက်ထားလိုက်၊ ကျွန်တော်က နွေးနေတာ။"

ကျန်းကျဲလျိုက ပြောလိုက်သည်။ "ကောင်းပါပြီ မီးဖိုလေး။"

သူသည်လည်း အိပ်ချင်နေသေးသောကြောင့် ရိုးရိုးရှင်းရှင်း ပြန်အိပ်လိုက်သော်လည်း မအိပ်ခင် မျက်လုံးများကိုပင့်ကာ ဤနုပျိုပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကို ကြည့်လိုက်သည်။

ထိုသူက မမျှော်လင့်စွာဖြင့် စဉ်းစားတတ်သည်၊ မမျှော်လင့်စွာဖြင့် ကလေးဆန်သည်၊ မမျှော်လင့်စွာဖြင့် ချစ်စရာကောင်းနေသည်။

နတ်ဆိုးမျိုုးနွယ်အပေါ် သူ၏မကောင်းမြင်မှုက နတ်ဆိုးတိုင်းအတွက် အသုံးချလို့မရသည့်ပုံပင်။ သူ၏ အိမ်နီးချင်းလေးသည် ယခုအချိန်အထိ တကယ်ကို ကောင်းမွန်နေခဲ့သည်။

အခန်းကား တိတ်ဆိတ်နေ၏။

မိုးလင်းပြီးနောက် ခုတင်ပေါ်တွင် ကျန်ရှိသော နွေးထွေးမှုသည် ရှိနေဆဲဖြစ်ပြီး ဝိန်းရမ်ယဲ့တစ်ယောက် မကြာသေးမီကမှ ထွက်သွားပုံရသည်။

ကျန်းကျဲလျို ဆေးကို တစ်ဖန်သောက်လိုက်ပြီး တစ်စုံတစ်ခုစားလိုက်၏။ ထို့နောက် ချန်းချန်၏ ရှုပ်ထွေးနေသော်လည်း ဂရုတစိုက်မေးလာသံကို ကြားလိုက်ရသည်။ "ကောကော၊ ကျွန်တော့်ရှူးရှူနဲ့ ကောကောရဲ့ဆက်ဆံရေးက... တကယ်ပဲ အဲ့လောက်ထိကောင်းတာလားဟင်။"

ကျန်းကျဲလျို မဖြေနိုင်ခင် အပေါ်ထပ်မှ ဆင်းလာသော အာချူးလည်း ရောက်လာပြီး သမင်ခေါင်းလေးကိုစောင်းကာ မေးလာ၏။ "အမတကောကောက သူနဲ့ အတူတူအိပ်နေတာ။ အတူတူအိပ်ရင် အကောင်ပေါက်လေးတွေ မွေးလာမယ်လို့ ကြားဖူးတယ်!"

"အဲ့ဒါက မြွေထီးနဲ့ မြွေမ အိပ်မှကွ။" ချန်းချန်က စကားကို ပြန်ပြင်လိုက်၏။ "ကောကောနဲ့ ဦးရီတော်ငယ်က ယောက်ျားလေးတွေ၊ သူတို့က မြွေပေါက်လေးတွေ မွေးမှာမဟုတ်ဘူး။ ယောက်ျားလေးနှစ်ယောက် အတူအိပ်ရင် ဘာမှဖြစ်မှာမဟုတ်ဘူး၊ နော် ကောကော။"

ကျန်းကျဲလျိုသည် နားထောင်ရင်း ခေါင်းညိတ်ကာ ခဏလောက် စဉ်းစားပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို လှည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မဟုတ်ဘူး၊ ငါက အရာအားလုံး လုပ်နိုင်တယ်၊ ကလေးမွေးတာတောင် လုပ်နိုင်တယ်။"

ချန်းချန်တစ်ယောက် ကြောင်အမ်းသွားလေသည်။ "...အာ?"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment