no

Font
Theme

လင်းရှောင်ဂိုဏ်း။

နေရာတစ်ခုလုံးက လက်ရှိလောကထိပ်သီးများနှင့် ပြည့်နှက်နေသော်လည်း လေထုကတော့ ကျောက်ရည်ပူပူများရှိနေသလို အသက်ရှူရခက်စေ၏။

ကျူဝူရှင်းက ကျန်းကျဲလျိုထွက်ခွာသွားကြောင်း လူတိုင်းကို ပြောပြပြီးနောက် ခေါင်းငုံ့ထိုင်ကာ လင်းရှောင်ဓားမှ ပန်းဖွားလေးကို ကစားနေရင်း အဖြေကိုစောင့်နေခဲ့သည်။

တိတ်ဆိတ်မှုက ပြင်းထန်လာ၏။

နောက်ဆုံးတွင် တစ်ယောက်ယောက်က မအောင့်နိုင်တော့ဘဲ ဓားကို စားပွဲပေါ်ရိုက်ချကာ ကြိမ်းမောင်းလိုက်သည်။ "ရှန်းဇွင်းက ဒဏ်ရာအပြင်းအထန်ရထားတာ။ အဲ့ဒါတောင် မင်းက သူ့ကို သွားခိုင်းရဲတယ်ပေါ့။ ဒါတွေအားလုံး မင်းစိတ်နဲ့ လုပ်နေရမှာမဟုတ်ဘူး။ မင်းက အာဏာနဲ့ ရာထူးအတွက် တိုက်ပွဲဝင်နေတာ။ မင်းက ရှန်းဇွင်းဖြစ်ခွင့်မရှိဘူးကွ!"

ကျင်းယွီကျဲက ပိုကျိန်ဆဲလေလေ ဒေါသပိုထွက်လာလေပင်။ သူက စားပွဲပေါ်သို့ရိုက်ချလိုက်သော ကြယ်ခုနစ်ပွင့်ဓားကိုယူကာ ဓါးအိမ်ထဲကချွတ်၍ ကျူဝူရှင်းကိုချိန်ရွယ်ကာ အေးစက်စွာပြောလိုက်သည်။ "ချန်ပေ့က အရမ်းရက်ရောတယ်။ ဒါပေမဲ့ ငါကတော့ လက်မခံနိုင်ဘူး။ လင်းရှောင်ဂိုဏ်းက သူ့တစ်ယောက်ကိုတောင် မပြုစု မစောင့်ရှောက်ပေးနိုင်ဘူးဆိုရင် ငါကပဲ ပြုစုစောင့်ရှောက်ပေးမယ်!"

သူ့နောက်လိုက်များထဲမှ တစ်ယောက်ကလေးမှတောင် သူ့ကို မဖျောင်းဖျရဲပေ။ ကျူဝူရှင်းဘေးနား ထိုင်နေသူတစ်ဦးတည်းကသာ ခေါက်ယပ်တောင်ကို လှုပ်ကာ စိတ်မပါသလို သဘောတူလိုက်၏။ "မင်းရဲ့ ပြိုင်ဘက်ကင်းဝူရွှမ်းဓားမျှော်စင်ကို မလိုအပ်ပါဘူး။ ငါ ဝမ်ဝိန်းယွမ်လည်း ဒီမှာရှိတာပဲ။ ထျန်းကျီမျှော်စင်က ရှန်းဇွင်းကို ပြန်ခေါ်လာပြီး ဂရုတစိုက် ကုသပေးရမှာပေါ့။"

ကျင်းယွီကျဲက ထိုသူကို ဂရုစိုက်ရန် ပျင်းလွန်းသဖြင့် ကျူဝူရှင်းအား ကျားမျက်လုံးတစ်စုံဖြင့် တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်၏။ "ချန်ပေ့က လင်းရှောင်နဲ့ လောကကြီးကို ကာကွယ်ဖို့ သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးခဲ့ပေမဲ့ သူ့ကို ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ သူ့ရဲ့ရှစ်တိတစ်ယောက်အနေနဲ့ မင်းမှာ အသိစိတ်နည်းနည်းရှိတယ်ဆိုရင် ရှန်းဇွင်းဘယ်မှာရှိလဲဆိုတာ ပြောလိုက်။ ငါ အခုချက်ချင်း သွားခေါ်ခဲ့မယ်။"

ကျူဝူရှင်းက ဓားရှည်ကို လက်ဖဝါးထဲ ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။ "ငါ့ရှစ်ရှုန်းမှာ ကျင့်ကြံဆင့်တွေ မရှိတော့ဘူးဆိုပေမဲ့ ကျင့်ကြံရေးလောကမှာတော့ သူ့ကို ပညာအရှိဆုံးပုဂ္ဂိုလ်အဖြစ် မှတ်ယူနိုင်တယ်။ မျှော်စင်သခင်ကျင်းက ဒီလိုပြောလာတော့ ငါ့ရှစ်ရှုန်းကို ဘယ်လိုလူလို့ သတ်မှတ်ထားတာလဲ ..."

သူ့မျက်ခုံးများက တွန့်ချိုးသွားကာ စကားများက ပိုအေးစက်လာ၏။ "လင်းရှောင်ဂိုဏ်းက ဒီလောကရဲ့ သက်ရှိသတ္တဝါအားလုံးအတွက် လမ်းခင်းပေးခဲ့တယ်။ မင်းကတော့ ပြန်ပေးမဆပ်ချင်လို့ ငါ့ကို သွားပုတ်လေလွင့်ပြောတယ်။ ဒီဓားကို ငါ့ရှစ်ရှုန်းက ငါ့လက်ထဲ အပ်လိုက်တာ၊ မျှော်စင်သခင်ငယ်လေးက တကယ်တမ်းကျတော့ ဒီဓားအပေးခံရတဲ့သူ ဖြစ်ချင်နေတာ မဟုတ်ဘူးမလား။"

လင်းရှောင်ဓားကို မင်းဆက်တိုင်းရှိ လင်းရှောင်ဂိုဏ်းခေါင်းဆောင်များကိုသာ လက်ဆင့်ကမ်း ပေးအပ်ခဲ့သည်။ လင်းရှောင်ဓားကို ကိုင်ဆောင်မှသာလျှင် "လင်းရှောင်ဂိုဏ်းချုပ်" ဟုခေါ်နိုင်၏။ ရတနာများက အသက်ဝိညာဉ်များရှိပြီး သဘာဝအားဖြင့် လုယက်သူများ လက်ထဲတွင် ရှိနေမည်မဟုတ်ပေ။

ကျင်းယွီကျဲက သူ့ကို မကြောက်သော်လည်း ကျန်းကျဲလျို၏ ရှစ်တိလေးတစ်ယောက်အနေနှင့် သူ့အနေအထားကို စိတ်ပူနေခဲ့၏။ သူ့ကို သတ်လိုက်ခြင်းက ကျန်းကျဲလျိုကို ပျော်ရွှင်စေမည်မဟုတ်။ သူ ဒေါသတကြီးဖြင့် ကြမ်းပြင်ကို ဓားနှင့် ထိုးခွဲကာ ပြောလိုက်တော့သည်။ "ငါ ရှန်းဇွင်းကို တွေ့တဲ့အချိန် မင်း သူ့အပေါ် လုပ်ခဲ့တာတွေကို ရှာတွေ့တာနဲ့ မင်းရဲ့ခေါင်းကို ဖြတ်ပစ်ဖို့ ချက်ချင်းပြန်လာခဲ့မယ်။"

ကြမ်းပြင်က ကျောက်ခဲနှင့် အနက်ရောင်သံမဏိဖြင့် ပြုလုပ်ထား၍ အလွန်မာကျော၏။ ၎င်းက ကြယ်ခုနစ်စဥ်ဓားကြောင့် အက်ရာဖြစ်ကာ အက်ကြောင်းများက ပင့်ကူအိမ်ကဲ့သို့ ခပ်နက်နက် ထိုးဖောက်သွားပြီး အက်ကွဲသွားခဲ့သည်။

ကျင်းယွီကျဲက ဓားကို ချက်ချင်းပြန်ဆွဲထုတ်ကာ လှည့်ထွက်သွား၏။ အမတကို ဂုဏ်ပြုကာ အရိုအသေပေးရန်ရောက်လာခဲ့သော ဝူရွှမ်းဓားမျှော်စင်၏ ကျင့်ကြံသူများကလည်း သတ်ဖြတ်ချင်သလိုရောင်ဝါများနှင့် လင်းရှောင်ဂိုဏ်းကို ကျောခိုင်းသွားသည်။

ဝူရွှမ်းဓားမျှော်စင်အပြင် အခြားဂိုဏ်းများကလည်း ထိုရလဒ်ကို မကျေမနပ်ဖြစ်ကြသော်ငြား ကျင်းယွီကျဲလောက် စိတ်မြန်လက်မြန်မရှိကြပေ။ ငယ်ရွယ်သန်စွမ်းပြီး ကျန်းကျဲလျို၏ မျက်နှာသာပေးမှုကိုခံရသော ကျင်းယွီကျဲက ဒေါသကြီးသောသူမျိုးဖြစ်၍ သူ့ကိုယ်သူထိန်းချုပ်မထားနိုင်ချေ။

ဝူရွှမ်းဓားမျှော်စင်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသလို အခြားဂိုဏ်းများကလည်း ထွက်ခွာသွားကြလေ၏။ ထျန်းကျီမျှော်စင်မှ ဝမ်ဝိန်းယွမ်သာလျှင် ယခင်နေရာတွင် ရှိနေခဲ့ပြီး သူ့လက်ထဲမှ ယပ်တောင်ကို ဝှေ့ယမ်းလိုက်၏။

"မျှော်စင်သခင်က မသွားဘူးလား။" ကျူဝူရှင်း ဖြည်းညင်းစွာ ထရပ်လိုက်သည်။

"ကျွန်တော်က ရှန်းဇွင်းဘယ်မှာလဲဆိုတာ ဂိုဏ်းချုပ်ကို ထပ်မေးချင်လို့ပါ။"

ကျူဝူရှင်းက အချိန်အတော်ကြာအောင် ဖိနှိပ်ခံထားရ၍ ယခုအချိန်တွင် ပိုမိုစိတ်တိုလာပြီး အေးစက်စွာ ပြောလိုက်၏။ "ငါ့ရဲ့ရှစ်ရှုန်း ဘယ်သွားသွား၊ ငါက အမတမိတ်ဆွေအားလုံးကို သတင်းပေးဖို့လိုလို့လား။ ဒါက ငါတို့လင်းရှောင်ဂိုဏ်ရဲ့ ကိစ္စဖြစ်ပြီး မင်းဝင်မစွက်ဖက်ဖို့ အကြံပေးချင်တယ်။ ဒါ့ထက်ပိုပြောရရင် ငါ့ရှစ်ရှုန်းက တခြားသူတွေ နှောင့်ယှက်တာကို မကြိုက်ဘူး။"

"တခြားအဓိပ္ပါယ်မရှိပါဘူး။" ဝမ်ဝိန်းယွမ်က ယပ်ခတ်နေသည်ကိုရပ်ပြီး ပြောလိုက်သည်။ "ရှန်းကျိုပြည်ကို ငါကြည့်လိုက်တော့ ဒီကပ်ဆိုးကြီးကနေ လုံးဝကျော်ဖြတ်သွားနိုင်ပုံမပေါ်သေးဘူး။"

ကျူဝူရှင်းက ရပ်တန့်လိုက်ပြီး သူ့အကြည့်များကတောင် ရပ်တန့်သွားခဲ့သည်။ "မင်းဘာပြောလိုက်တာလဲ၊ ဒါပေမဲ့ ငါ့ရှစ်ရှုန်းက သေချာပေါက်..."

"ဟေး-" ဝမ်ဝိန်းယွမ်က ထွက်သွားရန် ထလိုက်ပြီး ပျင်းရိစွာ ပြောလာသည်။ "ကျန်းရှန်းဇွင်းကို ဆုံးရှုံးသွားတာက ဒီကပ်ဆိုးကြီးရဲ့ တကယ့်အစဖြစ်နိုင်တယ်"

သူ အများကြီးမပြောတော့ဘဲ ယပ်တောင်ကို ခေါက်လိုက်ပြီး နှင်းထူထူအောက် အေးစက်စက်ညတွင် မြောက်ဘက်သို့ အတွေးများနှင့် ကြည့်ကာ သူ့နောက်မှ တာအိုကျင့်ကြံသူကိုခေါ်၍ ထွက်သွားလိုက်သည်။

ဆီးနှင်းများက ထူထပ်စွာဖြင့် ဘုရားကျောင်းထဲသို့ ကျဆင်းလာသည်။

ကျူဝူရှင်းက ဘုရားကျောင်းပေါ်၌ အရည်ပျော်ကျနေသော နှင်းပွင့်များကို ခဏမျှရပ်ကာ ကြည့်နေခဲ့သည်။

ဒီလိုရာသီဥတုမျိုး...

တာအိုကျင့်ကြံသူများက အခြေခံအဆင့်တစ်ကြိမ်တည်ပြီးသည်နှင့် အပူအအေးကို မသိတော့သော်လည်း ၎င်းတို့၏ကျင့်ကြံဆင့် ပျက်စီးသွားလျှင်တော့ ထိုကဲ့သို့ပျက်စီးနေသောခန္ဓာကိုယ်ထဲ အပူအအေးဓာတ်က မည်သို့ကျူးကျော်လာကြောင်း ၎င်းတို့မသိနိုင်ပေ...

ကျူဝူရှင်း အချိန်အတော်ကြာအောင် မိန်းမောသွားပြီး အနီးနားရှိ တပည့်ဖြစ်သူက ခေါ်လိုက်မှ ရုတ်တရက် သတိပြန်ဝင်လာကာ သက်ပြင်းတစ်ချက်လိုက်မိသည်။

...

ဤသို့ရာသီဥတုမျိုးက ခန္ဓာကိုယ်ကို အမှန်တကယ်နာကျင်စေ၏။

ကျန်းကျဲလျိုက ဆရာဖြစ်သူ၏ သင်္ချိုင်းဂူကို သန့်ရှင်းအောင် သုတ်နေစဉ် တစ်ကိုယ်လုံး ချမ်းတုန်သွားသည်။ သူ ဆရာဖြစ်သူနှင့် ခဏမျှစကားပြောခဲ့ပြီး ထိုအချိန်က သူပျိုးထောင်ခဲ့သော ကလေး၏ယခုလက်ရှိအခြေအနေ၊ ကျူဝူရှင်းလုပ်ခဲ့သမျှနှင့် လင်းရှောင်ဂိုဏ်းက အမတဂိုဏ်းလေးခု၏ ခေါင်းဆောင်ဖြစ်လာပုံကိုလည်း ပြောပြခဲ့သည်...

သူ စကားအများကြီးပြောခဲ့ပြီး အေးသလိုခံစားရချိန်မှာ သူ့ခြေထောက်နားတွင် ဆီးနှင်းများက တစ်ပေဝက်လောက်ထိ ထူထဲလာ၏။

ကျန်းကျဲလျို မတ်တတ်ထရပ်လိုက်ပြီး ဆရာဖြစ်သူအား မြှုပ်နှံထားရာနှင့် မလှမ်းမကမ်းတွင် ဆောက်ထားသောတဲအိမ်လေးကို လှည့်ကြည့်လိုက်သည်။

၎င်းက တဲအိမ်လေးဖြစ်သော်လည်း ပစ္စည်းက မြက်မဟုတ်ဘဲ သက်ရှိလောကတွင် ရှားပါးသော ကျင့်ကြံရေးလောက၌ အသုံးများသည့် ဆောက်လုပ်ရေးပစ္စည်းသာ။ အိမ်က ဖုန်ထူနေသော်လည်း သည်းမခံနိုင်လောက်အောင်မဟုတ်။

ကျန်းကျဲလျိုတစ်ယောက် အမှန်တကယ်ကို ပင်ပန်းနေပြီး မနက်ဖြန်မှ ဤနေရာကို သန့်ရှင်းရေးလုပ်ချင်သဖြင့် မီးအနည်းငယ်သာ မွှေးလိုက်၏။

သူ တဲအိမ်လေးထဲရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ မီးဖိုအား ခဏမျှ စိုက်ကြည့်နေရင်း မျက်လုံးများက အနည်းငယ်ဝေဝါးလာကာ သတိဖြင့် အကြည့်လွှဲလိုက်ချိန်၌ ဖရိုဖရဲ ပေါင်းပင်အစုအဝေးထဲ တွေ့လိုက်ရသည်မှာ... မြက်ပင်များထဲမှ အနက်ရောင် မြွေပေါက်လေးတစ်ကောင်ပင်...

မြွေပေါက်လေးက ဒဏ်ရာရထားသကဲ့သို့ တစ်ကိုယ်လုံး အေးခဲနေကာ ဒဏ်ရာက နီညိုရောင်ဖြစ်နေပြီး သူ့ပုံစံက ကျန်းကျဲလျိုထက် နည်းနည်းသာ ပိုကောင်းမည့်ပုံပင်။

ကျန်းကျဲလျို ခဏမျှစဉ်းစားလိုက်ပြီး လက်ဆန့်၍ မြွေငယ်လေးကို မီးဖိုဘေးနားဆွဲလိုက်ကာ မြွေပေါက်လေး၏ပတ်ပတ်လည်ကို မီးမွှေးပေးလိုက်၏။

သူ၏ကျင့်ကြံဆင့်အခြေခံက လုံး၀ပျက်စီးသွားပြီဖြစ်သော်လည်း စိတ်စွမ်းအင်ကတော့ ရှိနေဆဲဖြစ်သည်။ သူ့တွင် အပူအအေးကို ခံနိုင်ရည်မရှိတော့သော်လည်း ထိန်းထားနိုင်ဆဲပင်။

ကျန်းကျဲလျိုက သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပတ်သက်၍ အလွန်ရှင်းလင်း၏။ ယာယီအားဖြင့် သူ မသေနိုင်သေးသော်ငြား နှစ်အနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်၊ မနိုင်တော့ မသေချာပေ။

သို့သော် မည်မျှပင်နှစ်များကြာညောင်းပါစေ သူတစ်ယောက်တည်းသာ။

ထိုသို့တစ်ဝက်တစ်ပျက်တွေးရင်း မောပန်းပြီး အနည်းငယ် အိပ်ငိုက်လာ၏။ တစ်ခဏမျှ မျက်စိမှိတ်ပြီး အနားယူနေစဉ် ရုတ်တရက် ပွတ်တိုက်သံတစ်ခုကို ကြားလိုက်ရသည်။

ကျန်းကျဲလျိုက မျက်မှောင်ကြုတ်ပြီး မျက်လုံးပင့်ကြည့်လိုက်ရာ မီးက လောင်နေဆဲဖြစ်ကာ မြွေပေါက်လေးနေရာတွင် ဒဏ်ရာရထားသော မိစ္ဆာငယ်တစ်ကောင် ထိုင်နေကြောင်း တွေ့လိုက်လေသည်။

မိစ္ဆာလေးက ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ခန့်သာရှိသေးပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာရောင်ဝါက ပြင်းထန်ခြင်းမရှိဘဲ ယင်းအစား အလွန်ထိရောက်သောသက်ရောက်မှုရှိနေသည်။ ကျန်းကျဲလျိုက နောက်အခိုက်အတန့်တွင် သူ့ကို သတ်လိမ့်မည်ဟု ထင်နေသကဲ့သို့ အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးများဖြင့် သူ့ကို ထိတ်လန့်စွာ

စိုက်ကြည့်နေသည်။

ကျန်းကျဲလျိုက မီးထည့်ရန် လက်ဆန့်လိုက်သော်လည်း စကားတော့ မပြောခဲ့ပေ။

ခဏအကြာတွင် မိစ္ဆာလေးက မဝံ့မရဲမေးလာသည်။ "နတ်ဘုရားက ဘယ်ကလာတာလဲဟင်။"

"အဲ့ဒါက ငါ မင်းကို မေးချင်နေတာ။" ကျန်းကျဲလျိုက သစ်ကိုင်းတစ်ကိုင်းကိုယူကာ သူ့ဘေးနားရှိ ပြာများနှင့် ဆော့နေလိုက်၏။ "မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment