ခဏတာအတွင်း လေထုသည် အနည်းငယ် တင်းမာလာ၏။
ဝိန်းရမ်ယဲ့သည် လက်တစ်ဖက်ဖြင့် အနီရဲရဲ အပြင်ခြုံထည်၏ကော်လံကို ဖြေလျှော့ကာ ဖြည်လိုက်ရာ၊ ထိုပေါ်ရှိ နှင်းပွင့်များမှာ ခါလိုက်သည်နှင့် ပျောက်ကွယ်သွားပြီး ခြုံထည်ကို ပုံမှန်အတိုင်း ချိတ်ဆွဲလိုက်သည်။
"ဒါ ဘယ်သူလဲ။" ဝိန်းရမ်ယဲ့က မေးလိုက်သည်။
ကျန်းကျဲလျို သူ့ကို တစ်ချက်ကြည့်ကာ ပြောလာ၏။ "ဝူရွှမ်းဓါးမျှော်စင်ရဲ့သခင်လေး၊ ငါ့ရဲ့ဟို့ပေ့။"
[TN/ ဟို့ပေ့ - အငယ်မျိုးဆက်။]
ဤနတ်ဆိုးမှာ ပုံမှန်အတိုင်း ရှိနေပုံရသော်လည်း၊ သူ၏ခန္ဓာကိုယ်မှ ရန်လိုမှုသည် သူ၏လည်ပင်းကို ရစ်ပတ်ထားသကဲ့သို့ လျှံထွက်နေပြီး သူ၏ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထကာ တစ်ကိုယ်လုံး အေးစိမ့်သွားစေသည်။
ကျင်းယွီကျဲတစ်ယောက် ကျူးချွဲ့ကျန်းကျွင်း ကျန်းချန်ပေ့ကို ခေါ်ဆောင်သွားရန် အဘယ်ကြောင့် မအောင်မြင်ခဲ့သည်ကို ဝိုးတဝါး ခန့်မှန်းမိသည်ဟု ခံစားလိုက်ရသည်။
ထိုသူသည် အခြေအနေကို အခွင့်ကောင်းယူကာ ချန်ပေ့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပုံပင်။
ကျင်းယွီကျဲ၏နောက်ကျောမှာ ချွေးအေးများ စို့လာ၏။ သူ ဤနတ်ဆိုးကို မကြည့်ရဲပေ။ သူ၏ဦးနှောက်ထဲမှာ မည်သို့တွေးရမှန်းမသိသည့် ထူးဆန်းသော ကမောက်မအတွေးများနှင့် ပြည့်နှက်နေပြီး ချန်ပေ့က တစ်နည်းနည်းဖြင့် ဖိအားပေးခံရကာ ဤနတ်ဆိုးနှင့် တစ်အိမ်တည်းအတူမျှဝေခြင်းဖြစ်မည်ဟု တွေးလိုက်သည်။
ကျန်းကျဲလျိုက လက်ကို ဝှေ့ယမ်းကာ သူ့အရှေ့မှ သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့သော လူငယ်လေးကို ပြောလိုက်သည်။ "မင်း၊ ဒီကို လာခဲ့။"
ကျင်းယွီကျဲမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး၊ လက်ဖဝါး၌ အရာပင် ထင်လုနီးပါးဖြစ်ကာ၊ သူ့အရည်အချင်းမရှိမှုကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေမိသည်။ သူက သက်ပြင်းရှည်တစ်ခုကို ချကာ၊ ကျန်းကျဲလျိုဆီသို့ လျှောက်သွားလိုက်သည်။
"ငါ ဒီမှာရှိနေတာ မင်းသိနေပြီဆိုတော့။" ကျန်းကျဲလျိုက တွေးရင်း ပြောလိုက်သည်။ "နောက်ထပ် လာမရှာနဲ့တော့၊ ငါ အဆင်ပြေတယ်။"
ကျင်းယွီကျဲ ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများကား ဝိုးတဝါးနှင့် မသေချာမရေရာဖြစ်နေကာ၊ ဤစကားကို သူ တကယ် မှတ်မိသည်လား မမှတ်မိသည်လား မသိပေ။
"ကျန်တဲ့သူတွေလည်း အတူတူပဲ။ တောက်ဓမ္မလမ်းစဥ်က ရှည်လျားပြီး ခက်ခဲတယ်၊ မင်းမှာ အဆုံးမရှိတဲ့ အနာဂတ်ရှိသေးတာမို့ အခု မင်းရဲ့တာဝန်တွေကို ထမ်းဆောင်ရမဲ့အချိန်ပဲ။" ကျန်းကျဲလျို၏ လေသံက ပေါ့ပါးပြီး၊ သူ၏ခန္ဓာကိုယ်တွင် ရင်းနှီးသော ရေခဲနှင့် နှင်းကဲ့သို့သော အငွေ့အသက်တစ်ခု ရှိနေသည်။
၎င်းက ကျုံးနန်တောင်၏ လေနှင့်နှင်းကဲ့သို့၊ အေးစိမ့်မှုသည် အဆုတ်ထဲသို့ စီးဝင်လာကာ၊ လူများကို ချက်ချင်းလက်ငင်း နိုးထစေနိုင်သည်။
ကျန်းကျဲလျို လက်ကို ဆန့်တန်းလိုက်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ကဲ့သို့ တည်ငြိမ်စွာဖြင့် တစ်ဖက်လူ၏ဆံပင်ထိပ်ကို ထိလိုက်သော်လည်း၊ တစ်ဖက်လူ၏ အေးစက်သော ဆံပင်အလှဆင်ပစ္စည်းကိုသာ ထိတွေ့ခဲ့သည်။
သူသည် လက်ကို ပြန်ရုပ်သိမ်းပြီး ညင်သာစွာပြောလိုက်သည်။ "မင်းကို လိုက်မပို့တော့ဘူး၊ အခု ပြန်လိုက်တော့နော်။"
ကျင်းယွီကျဲ ထိုနေရာတွင် အံ့အားသင့်စွာ ရပ်နေမိပြီး၊ တစ်ဖက်လူက သူ့လက်ကို ပြန်ရုပ်လိုက်သောအခါ ထိုသူ၏အင်္ကျီစကို ရုတ်တရက်ဆွဲကိုင်ကာ အော်ခေါ်လိုက်၏။ "...ချန်ပေ့!"
ကျန်းကျဲလျိုကား သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်။
"ချန်ပေ့၊ ကျွန်တော်... တကယ်တော့ ကျွန်တော်က..." သူပြောချင်သည့်စကားများကို အကြိမ်များစွာ လေ့ကျင့်ထားသော်လည်း လည်ချောင်းထဲတွင် စူးရှသော ဓားတစ်ချောင်း စိုက်နေသကဲ့သို့ တစ်ဖက်လူရှေ့တွင် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ စကားပြောရန် ခက်ခဲလာပြီး နောက်ဆုံး၌ အမှန်တကယ် ရှက်ရွံ့လာခဲ့သည်။
သူသည် အံကြိတ်လိုက်ပြီး အချိန်အတော်ကြာမှ ပြောလိုက်၏။ "ချန်ပေ့ရဲ့ ကန့်သတ်ချက်တွေကို နည်းနည်းလောက် လျှော့ပေးလို့မရဘူးလား!"
ကျန်းကျဲလျို: "...ကန့်သတ်ချက်တွေ?"
ကျင်းယွီကျဲက သူ့ကို အရှင်လတ်လတ် ဝါးမျိုနိုင်လောက်သော အကြည့်များအောက်မှာ ရဲရဲတင်းတင်း ပြောလိုက်သည်။ "အဲ့ဒါက..."
သူသည် ကျန်းကျဲလျိုအနောက်မှ သမင်ကို ကြည့်ကာ စိတ်မပါ့တပါနှင့် ပြောလိုက်သည်။ "ချန်ပေ့နဲ့အတူ နေနိုင်ဖို့အတွက်။"
ကျန်းကျဲလျိုက သူ၏အင်္ကျီလက်ကို ပြန်ဆွဲလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "မင်းက အိမ်ခြေရာမဲ့ ဖြစ်နေလို့လား။"
ထိုကဲ့သို့သော လေသံဖြင့် သူပြောလာသောအခါ၊ သူသည် ဒေါသထွက်လုနီးပါး ဖြစ်နေပြီဟုဆိုလိုနေ၏။ ကျင်းယွီကျဲ ထိုသူ့ကို ထပ်မံထိတွေ့ရန် မဝံ့ရဲသော်လည်း၊ သူ့မျက်လုံးများက ပခုံးမှ တွဲလောင်းကျနေသော ချန်ပေ့၏ဆံပင်များပေါ်တွင်သာ ကျရောက်နေသည်။
နှစ်ပေါင်းများစွာ သူ့အား အိပ်မက်ယောင်စေခဲ့သော ဤချန်ပေ့သည် ယခင်ကကဲ့သို့ ခိုင်မာမှုနှင့် ထက်မြက်မှုတို့မရှိတော့ဘဲ၊ ထိုအစား အရည်ပျော်ရန်လွယ်ကူသော နှင်းတစ်ဆုပ်ကဲ့သို့ဖြစ်ကာ၊ အချိန်တစ်ခု၌ လုံးဝ ပျောက်ကွယ်သွားတော့မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အချိန်တစ်ခုသို့အရောက်တွင် ထိုသူအား ဆုံးရှုံးသွားရတော့မည်။
သူ စကားမပြောနိုင်ဖြစ်နေစဉ်၊ ဘေးနားမှ နတ်ဆိုးက လက်များကိုအညောင်းဆန့်ရင်း အရိုးများအား ချိုးနေသည့်အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ကျင်းယွီကျဲ၏ ဆံပင်များ ထောင်ထသွားပြီး၊ သူ တုံ့ပြန်နိုင်ခြင်းမရှိခင်၊ အေးစက်သော လေပြည်တစ်ချက်က သူ၏နားရွက်ဘေးမှ တိုက်ခတ်သွားကာ၊ သူ၏ပါးပြင်ကို ခြစ်သွားပြီး သွေးစို့သွားစေသည်။ သွေးစွန်းရာသည် လက်မဝက်ခန့် ထင်ကျန်သွားပြီးနောက်မှ ၎င်းက ဓားမြှောင်တစ်လက်ဖြစ်နေကြောင်း သူ သဘောပေါက်လိုက်သည်။
ဓားမြှောင်က သူ၏ပါးပြင်ကို ရှပ်ပြီးခြစ်သွားသလို ရှည်လျားသော အနက်ရောင်ဆံပင်အချို့ကို ဖြတ်တောက်သွားခဲ့သည်။ အေးစက်သောလေက သူ၏ဦးခေါင်းနောက်ပိုင်းကို တိုက်ခတ်ကာ၊ ထိုဓါးမြှောင်က တစ်စုံတစ်ခုကို ထိမှန်သွားပုံပင်။
သူ့နောက် မလှမ်းမကမ်း၌ ခရမ်းရောင်ရင့်ရင့် နတ်ဆိုးဓားမြှောင်က တောက်ပြောင်နီရဲသည့် နားရွက်မွေးတစ်စကို ဖြတ်တောက်သွားပြီး ဆံချည်မျှင်အနည်းငယ်ဝေးကွာလျှင် လဲ့ကျန်း၏မျက်လုံးကို ဖောက်ထွင်းနိုင်သည်။
ဤကျူးချွဲ့က မည်သည့်အချိန်က ရောက်လာသည်ကို မသိ၊ အခုမှ ရောက်လာသကဲ့သို့ ဒါမှမဟုတ် ပြတင်းပေါက်အပြင်ဘက်တွင် အချိန်အတော်ကြာ ရှိနေခဲ့သကဲ့သို့လည်း ထင်ရသည်။
ကျူးချွဲ့ကျန်းကျွင်းက သူ၏မူလပုံစံကို ဖျောက်ဖျက်ကာ လူ့အသွင်အပြင်သို့ ပြောင်းလဲလိုက်သည်။ သူက ကိုင်းညွတ်ကာ မြေပြင်မှ ဖြတ်တောက်ခံထားရသော နားသယ်မွှေးကို ကောက်ယူလိုက်ပြီး၊ လက်တစ်ဖက်တည်းဖြင့် ပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်ကာ အခန်းထဲရှိ လူအနည်းငယ်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ကျင်းယွီကျဲပေါ်မှာတောင် မရပ်တန့်ဘဲ၊ သူ၏သူငယ်ချင်းကောင်းဘက်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။
"ကျဲလျို!" လဲ့ကျန်းက နတ်ဆိုးလောက၏ အမတပြဒါးရှင်ပါဝင်သော ကျောက်စိမ်းဘူးလေးတစ်ခုကို ထုတ်ယူလိုက်သည်။ "ငါ ပြန်သွားပြီး မင်းအတွက် တစ်ခုခုယူလာခဲ့တယ်၊ ဒါ မင်းအတွက် အသုံးဝင်လောက်မှာပါ။"
ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသော ရွှေနီရောင်ရဲရဲဖြင့် ဖုံးလွှမ်းနေသည့် လဲ့ကျန်းက တောက်လောင်နေသော မျက်လုံးများကိုပင့်ကာ ဝိန်းရမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်စယာကောင်းစွာဖြင့် သူသည် စောစောကဓားမြှောင်အကြောင်း ဘာမှ မပြောဘဲ ထိုအစား ကျန်းကျဲလျို၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် သွားလိုက်၏။
ဝိန်းရမ်ယဲ့က သူ ပြင်ဆင်လာသည့်အရာကို ချက်ချင်းသဘောပေါက်လိုက်၏။
"ငါ အရင်တုန်းက မှားခဲ့တယ်။" လဲ့ကျန်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ ငါ မင်းအတွက် ပြန်ဖြည့်ဆည်းပေးမယ်။ ငါ့ကို လျစ်လျူမရှုပါနဲ့..."
သူ့စကားများ မဆုံးခင် ကျန်းကျဲလျိုက လက်ကိုရွှေ့လိုက်ပြီး ခေါင်းငုံ့ကာ ခါးသက်သော ဆေးရည်အားလုံး ကုန်သည်အထိ ဆက်သောက်လိုက်သည်။ သူက စားပွဲပေါ်ရှိ အမတပြဒါးရှင်ကို ကြည့်တောင်မကြည့်ခဲ့ချေ။
သူက ကြွေပန်းကန်ကို ချလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ "မင်း အရမ်းစကားများတာပဲ။"
လဲ့ကျန်းတစ်ယောက် အေးခဲသွားခဲ့သည်။
"မင်းရောပဲ။" ကျန်းကျဲလျို ကျင်းယွီကျဲကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ၏လေသံက ရေခဲကဲ့သို့ အေးစက်နေ၏။ "မင်းတို့အားလုံး အရမ်းဆူတယ်။"
အခန်းထဲ၌ တိတ်ဆိတ်သွားပြီး အပူချိန်က အတက်အကျဖြစ်နေသည်။
ဤတိတ်ဆိတ်မှုက အသက်ရှူရန်ခက်ခဲလောက်အောင် ငြိမ်သက်သွားသောအခါ တစ်နည်းနည်းဖြင့် ရှုပ်ထွေးနေသော လဲ့ကျန်း၏အသံက ထွက်ပေါ်လာသည်။
"ကျဲလျို... မင်း ငါ့ကို တကယ်ပဲ မတွေ့ချင်ဘူးလား။ ငါ... ငါ့ကို တစ်ခါလောက်ပဲ ခွင့်လွှတ်ပေးလို့မရဘူးလား။ တကယ်တော့ ငါ..."
"ထွက်သွား။"
သူ၏အသံသည် ရုတ်တရက် ရပ်တန့်သွား၏။
ချင်းလင်က သူ့ကို ဝိန်းရမ်ယဲ့ တားဆီးလို့မရစေရန် အမတပြဒါးရှင်ကို ယူသွားဖို့ သင်ပေးခဲ့သည်။ ထို့နောက် အမှားဝန်ခံရန်၊ စိတ်ရင်းမှန်ဖြင့် တောင်းပန်ရန် သင်ကြားပေးခဲ့သော်လည်း၊ လက်ရှိအခြေအနေကို မည်သို့ ရင်ဆိုင်ရမည်အား သင်ကြားပေးခဲ့ခြင်းမရှိချေ။
လဲ့ကျန်း၏မျက်လုံးထဲရှိ မီးတောက်များက လုံးဝနီးပါး ငြိမ်းသွားပြီး၊ သူ့ခန္ဓာကိုယ်အပူချိန်မှာ ယခင်က မရှိခဲ့ဖူးသော အတိုင်းအတာအထိ လျော့ကျသွားခဲ့သည်။
သူ အရင်က ယခုလိုမျိုးတစ်ခါမှမခံစားဖူးဘဲ ဤအခိုက်အတန့်၌သာ သူ အမှန်တကယ်ဆုံးရှုံးခဲ့သောအရာကို သဘောပေါက်သွားသည်။
ဆန့်ကျင်ဘက်အနေနှင့် ကျင်းယွီကျဲက အလွန်အလိုက်သိပြီး၊ စကားတစ်ခွန်းမျှ မပြောဘဲ ကိုင်းညွတ်အရိုအသေပြုကာ ထင်းရှူးသားအိမ်လေးထဲကနေ ထွက်သွားလေသည်။
လဲ့ကျန်းတစ်ယောက် မိုးကြိုးပစ်ခံရသကဲ့သို့ ထိုနေရာ၌ အေးခဲနေခဲ့သည်။ တော်တော်ကြာမှ သတိပြန်ကပ်လာပုံရပြီး တိတ်ဆိတ်စွာ ထွက်သွားခဲ့လေ၏။
ကျန်းကျဲလျိုက ဆေးသောက်ပြီးနောက် ထိုနေရာ၌ စာဖတ်ကာ စာရွက်ပေါ်၌ တစ်စုံတစ်ခုကို ရေးသားနေခဲ့သည်။ စုတ်တံ၊ မင်၊ စက္ကူနှင့် မင်တုံးတို့ကို ဝိန်းရမ်ယဲ့က ပေးထားခြင်းဖြစ်၏။ ၎င်းတို့အားလုံးက အကောင်းစားပစ္စည်းများဖြစ်သော်လည်း လျစ်လျူရှု၍မရသော မှော်စွမ်းအင်ကို ထုတ်လွှတ်နေသောကြောင့် ကျန်းကျဲလျိုကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်။
သူ စာရေးနေစဉ်၊ အဆောက်အအုံရှေ့တွင် သူစိုက်ပျိုးချင်သည့်အရာကို သမင်လေးအာချူးနှင့် ဆွေးနွေးနေလိုက်သည်။ နှစ်ဦးသား ခဏကြာ စကားပြောပြီးနောက်၊ အာချူးက တိုးတိုးတိတ်တိတ် မေးလာသည်။ "အမတကောကော၊ သူတို့ ကောကောစကားကို နားထောင်လိမ့်မယ်ဆိုတာ ကောကော ဘယ်လိုသိတာလဲ။"
ကျန်းကျဲလျိုက ခေါင်းငုံ့ကာ စာဆက်ရေးနေရင်း မသိစိတ်မှ သူ့လိုမျိုး အသံကို နှိမ့်လိုက်သည်။ "ငါ့ရဲ့သူငယ်ချင်း၊ ငါပျိုးထောင်ပေးခဲ့တဲ့ ကလေး၊ သူတို့ကို ဖြောင့်မတ်တဲ့လူကြီးလူကောင်းလို့ မခေါ်နိုင်ပေမဲ့ သူတို့တွေက ကြမ်းတမ်းတဲ့သူတွေတော့ မဟုတ်ဘူး။"
'အဲ့ဒါက ကောကော သူတို့ရဲ့ Crush နေတဲ့စိတ်တွေကို ထည့်မတွက်လို့လေ။' အာချူးစိတ်ထဲ တိုးတိုးလေး ပြောလိုက်မိသည်။
"ဒါနဲ့၊ ချန်းချန်ရော ဘယ်မှာလဲ။"
အာချူးက ပြောလိုက်သည်။ "သူက ကောကောအတွက် အရက်ဝယ်ဖို့ တောင်အောက်ကို ဆင်းသွားတယ်။ ဆေးအရက်လေ၊ ကင်းမြီးကောက်နဲ့ ပချဥ်ဖောက်ထားတဲ့အမျိုးအစား၊ အဆစ်အမြစ်ရောင်တာကို ကုသဖို့ သုံးတာ။"
"ငါ့မှာ အဆစ်အမြစ်ရောင်တဲ့ရောဂါမရှိပါဘူး။"
"ဒါပေမဲ့ ကောကောက အမြဲတမ်း ခေါင်းကိုက်နေတာ မဟုတ်ဘူးလား၊ အဲ့ဒါက ခေါင်းကိုက်တာကိုလည်း ကုသပေးနိုင်တယ်။" အာချူးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကိုကြည့်နေပြီး သူ၏မျက်လုံးများက သူကူညီပေးချင်ကြောင်း ဆောင်းဆိုနေလေ၏။
ကျန်းကျဲလျိုက သူ၏ရည်ရွယ်ချက်အနည်းငယ်ကို အာရုံခံနိုင်သော်လည်း၊ တဖြည်းဖြည်း အတူနေထိုင်ရင်း၊ သမင်လေးက မကောင်းတဲ့သူမဟုတ်ကြောင်း သိသောကြောင့် သူ ဘာမှမပြောခဲ့ပေ။
သေမျိုးဆေးအရက်များက သူ့ခန္ဓာကိုယ်အတွက် အသုံးမဝင်သော်လည်း၊ ၎င်းတို့၏ ဆေးအာနိသင်က အားနည်းသောကြောင့် ပိုမိုလုံခြုံပြီး စမ်းသပ်ရန် လွယ်ကူလေသည်။
နှစ်ဦးသား စကားပြောနေစဉ် တိတ်တဆိတ်နားထောင်နေသော ဝိန်းရမ်ယဲ့က သွေးရောင်ဝတ်ရုံကို ကောက်ယူကာ အပြင်သွားရန် ခြေလှမ်းအနည်းငယ် လှမ်းထွက်သွားသည်။ သူ တံခါးကို တွန်းဖွင့်ခါနီး၌ ကျန်းကျဲလျို၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဝိန်းရမ်ယဲ့?"
ပုံမှန်အားဖြင့် ကျန်းကျဲလျိုက သူ့ကို "အိမ်နီးချင်းကောင်းလေး" သို့မဟုတ် "သခင်ငယ်လေး" ဟု ခေါ်ဆိုလေ့ရှိ၏။ ဤကဲ့သို့ အမည်အပြည့်အစုံအား ခေါ်ဆိုခဲသည်။
ဝိန်းရမ်ယဲ့က ရပ်တန့်ကာ သူ့ကို လှည့်ကြည့်လိုက်၏။
ကျန်းကျဲလျိုက စာရေးခြင်းကိုရပ်လိုက်ပြီး ထိုသူ့ကို ခဏကြာ ကြည့်နေလိုက်သည်။ သူ၏မျက်လုံးများက နက်မှောင်ခါးသီးနေပြီး၊ အလင်းရောင် လုံးဝ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိပေ။
သူက ဖြည်းညင်းစွာပြောလိုက်၏။ "အိမ်နီးချင်းကောင်းလေး၊ မင်း အပြင်ထွက်မယ်ဆို သွားပါ၊ ဒါပေမဲ့ လူတော့မသတ်နဲ့နော်။"
ဝိန်းရမ်ယဲ့၏နှလုံးသားက တစ်စုံတစ်ခုဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်လူက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည်ဟု ခံစားလိုက်ရကာ၊ သူ့ဦးခေါင်းထဲရှိအတွေးများအားလုံး သူ့မျက်လုံးများအောက်ကနေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဒါပေမဲ့ ဘာဖြစ်လို့ သူ့ရဲ့ခံစားချက်တွေကိုတော့ မမြင်နိုင်ရတာလဲ...
ကျန်းကျဲလျို ခဏရပ်သွားပြီးနောက် ပြုံးပြလိုက်သည်။ "*ငှက်တွေကိုလည်း မသတ်ရဘူးနော်။ သွေးနံ့ကို ငါ မကြိုက်ဘူး။"
[TN/ငှက်ဆိုတာ လီကျန်းကိုပြောတာပါ။ သူ့ရဲ့နတ်ဆိုးပုံစံက ငှက်ပါ။]
ဝိန်းရမ်ယဲ့ ထိုသူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့မိသည်။
သူ၏နှလုံးသားထဲမှ ဒေါသများက ချက်ချင်းငြိမ်းကျသွားပြီး၊ အေးစိမ့်နေသောရေခဲရေဖြင့် သူ့ဦးခေါင်းပေါ်သို့ လောင်းချခံလိုက်ရသလိုပင်။ သူ့အားနည်းချက်ကို အလွယ်တကူ ဆုပ်ကိုင်ခံလိုက်ရပြီး၊ တိုတောင်းသော စကားတစ်ခွန်းဖြင့် ခြိမ်းခြောက်ခံလိုက်ရခြင်းက ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားစေသည်။
သူ အပြင်ကိုမထွက်ခွာဘဲ ထိုအစား ကျန်းကျဲလျိုထံ ချဉ်းကပ်လာပြီး သူ့ဆီကိုကိုင်းညွတ်ရင်း ခေါင်းငုံ့လိုက်သည်။ အေးစက်သောရောင်ဝါနှင့် ရောနှောနေသော ပြင်းထန်ပြီး မတည်ငြိမ်သည့် ရန်လိုမှုက တစ်ဖက်လူ၏မျက်နှာကို ထိမှန်သွား၏။
"...ဘာလို့လဲ။"
ကျန်းကျဲလျို ပြုံးလိုက်ပြီး၊ ခရမ်းရောင်ရင့်ရင့် မျက်လုံးများကို စိုက်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ "လောကကြီးက ငြိမ်းချမ်းဖို့ မလွယ်ကူဘူးလေ၊ အဲ့ဒါကြောင့် ငါ့ကို ထောက်ထားပေးပါ။"
ကျင်းယွီကျဲသည် သူ၏ဟို့ပေ့ဖြစ်ပြီး၊ ကျင့်ကြံရေးလောက၏ ဖြောင့်မတ်သောလမ်းစဉ်အပေါ် သူ့သစ္စာစောင့်သိမှုသည် လူတိုင်းအတွက် ထင်ရှားသလို သူ့ပါရမီက ထူးချွန်ကာ၊ သူ့ဂုဏ်သတင်းကလည်း အလွန်ကောင်းမွန်သည်။ အနာဂတ်၌ ဝူရှင်း တစ်စုံတစ်ခု မှားယွင်းစွာ လုပ်ခဲ့လျှင်တောင်၊ ကျင်းယွီကျဲရှိနေလျှင် ဝူရှင်းအား အမှားများထပ်မကျူးလွန်မိအောင် အမှန်ပြင်ဆင်ဖို့ ကူညီပေးလိမ့်မည်ပင်။
ထို့ပြင် လဲ့ကျန်းနှင့် သူ၏ဆက်ဆံရေးကလည်း နှစ်ထောင်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့သည်။ ထိုသူ မရှိလျှင် မိစ္ဆာလောကက ရှုပ်ထွေးသွားပြီး လောကကြီးက ငြိမ်ချမ်းတော့မည်မဟုတ်ပေ။
"ခင်ဗျား တကယ် စိတ်လျှော့လိုက်ပြီလား။" ဝိန်းရမ်ယဲ့က သွားများကိုလျှာဖြင့်သပ်ကာ၊ ထိုသူ့ကို စိုက်ကြည့်လိုက်သည်။ "ဒီစကားလေးလုံးကြောင့် ခင်ဗျား အသက်တောင် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တာ။ ခင်ဗျားရဲ့ အခုလို အခြေအနေနဲ့ တခြားသူတွေကိုတောင် စိုးရိမ်နေသေးတယ်၊ ကျန်းကျဲလျို၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အရင် စိုးရိမ်သင့်တယ်။ ခင်ဗျာရဲ့မရီဒန်တွေက ဆန်ခါပေါက်လို ယိုစိမ့်နေပြီး တစ်နေ့ကို လေးငါးကြိမ်လောက် နာကျင်လို့နိုးလာခဲ့ရတယ်။ ခင်ဗျားရဲ့အိပ်မက်ထဲမှာတောင် နာကျင်နေရတာ။ ပြီးတော့ ခင်ဗျား ဆေးသောက်တာထက် သွေးအန်တာက ပိုများနေတယ်..."
သူ၏စကားများကား ဤနေရာ၌ ရပ်တန့်သွားခဲ့သည်။
ကျန်းကျဲလျိုက သူ၏လက်ချောင်းများကို သူ၏နှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်သည်။ သူ၏လက်ချောင်းများက အေးစက်သော်လည်း အလွန်နူးညံ့ပေသည်။
ကျန်းကျဲလျိုက တစ်ဖက်လူအား အကုန်သိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူ ၎င်းအား ထပ်မကြားချင်တော့ရာ သိမ်မွေ့စွာမေးလိုက်သည်။
"ငါ့ရဲ့တွက်ချက်မှုတွေအရဆိုရင်၊ ဒီည ကြယ်ကြွေလိမ့်မယ်။ မင်း ငါနဲ့အတူ ကြည့်ချင်လား။"
ဝိန်းရမ်ယဲ့မှာ ခဏလောက် ဘာပြောရမှန်း မသိဖြစ်သွားသည်။
သူ၏လည်ချောင်းထဲ ရေခဲတစ်နေသလို ခံစားနေရ၏။ သူက ထိုသူ့ကိုပွေ့ဖက်ရန် ဖြည်းဖြည်းချင်းငုံ့ကိုင်းကာ အလွန်တည်ငြိမ်နေသောအမူအရာဖြင့် ခေါင်းငုံ့လိုက်သည်။ သူ တစ်ဖက်လူ၏ပခုံးများပေါ် မှီလိုက်ချင်သော်လည်း၊ တင်းတင်းကျပ်ကျပ် မဖိဝံ့ပေ။ သူ့စိတ်ထဲမှာ ကြယ်ကြွေတာကိုကြည့်ဖို့ မျှော်လင့်ခြင်းများနှင့် ပြည့်နှက်လာ၏။
သူ၏စိတ်ခံစားချက်များမှာ ယခင်က မကြုံဖူးလောက်အောင် တည်ငြိမ်နေပြီး တစ်ဖက်လူ ကြေမွသွားမှာကို သူ စိုးရွံ့သောကြောင့် ခဏတာမျှသာ ညင်သာစွာပွေ့ဖက်၍ ပေါ့ပါးသောအသံဖြင့် တုံ့ပြန်လိုက်သည်။ "...အွန်း။"
***
Aurora Novel Translation Team