ကျုံးနန်တောင်မှ ထွက်ခွာမည့်နေ့မတိုင်ခင် ကျန်းကျဲလျိုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကွယ်လွန်ခဲ့သော သူ့ဆရာ၏အုတ်ဂူကို သွားရောက်သန့်ရှင်းခဲ့သည်။
ထိုနေ့ကလည်း နှင်းကျနေသောနေ့ဖြစ်ပြီး သူ အုတ်ဂူရှေ့၌ ဘာပြောခဲ့သည်ကို မည်သူမျှမသိသော်လည်း ဝိန်းရမ်ယဲ့ကတော့ သူပြောခဲ့သည့်စကားများကို ခန့်မှန်းနိုင်ပေသည်။ သူပြောခဲ့သည့်အရာက ကျင့်ကြံရေးလောက၊ လင်းရှောင်ဂိုဏ်းနှင့် ကျူဝူရှင်းအကြောင်းများသာဖြစ်လိမ့်မည်။
ဝိန်းရမ်ယဲ့တစ်ယောက် အဝေးမှာရပ်ကာ ကျန်းကျဲလျိုကို ကြည့်နေပြီး နှင်းကဲ့သို့ဖြူဆွတ်နေသော ဤလူသည် ကျူဝိန်းယွမ်၏အုတ်ဂူမှထွက်ခွာ၍ သူ့ဆီပြန်လျှောက်လာသည်အထိ ကြည့်နေခဲ့သည်။
ကျန်းကျဲလျိုက ကျန်းမာရေးမကောင်းသလို ကျုံးနန်တောင်ပြင်၌လည်း အေးနေသည်။ ဝိန်းရမ်ယဲ့က သူ့ကို ဂါရဝမပြုစေချင်သော်လည်း တစ်ဖက်လူက ခေါင်းမာပြီး အားကောင်းသော လူတစ်ယောက်ဖြစ်သည်။ သူက အရောင်အဆင်းမရှိသလောက် အေးစက်သော်လည်း မည်သည့်အရာကိုမျှ ဒေါသမထွက်ချေ။ သို့သော် သူလုပ်ချင်သည့်အရာကို သူကိုယ်တိုင် ဆုံးဖြတ်လေ့ရှိသည်။
သို့သော် ယခုတစ်ခေါက်တော့ ဤသို့မဟုတ်ချေ။ တောင်ပေါ်မှဆင်း၍ ကုသခံယူရန်မှာ ဝိန်းရမ်ယဲ့၏ ဖျောင်းဖျမှုကြောင့်ဖြစ်ပုံရသည်။
ဝိန်းရမ်ယဲ့သည် ထိုသူ့လက်က အေးစက်နေသည်ဟု ခံစားရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "ခင်ဗျား...ထားလိုက်ပါတော့၊ ခင်ဗျား နားထောင်မှာလည်း မဟုတ်ပါဘူး။"
ကြမ်းကြုတ်သော နတ်ဆိုးအရှင်သည် ကျန်းကျဲလျိုနှင့် ပတ်သက်လာသောအခါ အကူအညီမဲ့နေတတ်သည်။ သူက ထိုသူ့လက်ချောင်းများကို အနွေးပေးရင်း ပြောလိုက်၏။ "ခရီးကရှည်ပေမဲ့ ခင်ဗျားကို ခေါ်သွားဖို့ မှော်စွမ်အင်းကို သုံးလို့မရဘူး။ ယွီကျင်းနျန်ရဲ့ ရူးကြောင်ကြောင်စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင် ကျွန်တော် အဲ့ဒီလူကို ဖမ်းခေါ်သင့်...မဟုတ်ဘူး၊ ကျုံးနန်တောင်ကို ဖိတ်ခေါ်သင့်တာ။"
ယွီကျင်းနျန်ကား ကျင့်ကြံရေးလောက၌ ထိပ်တန်းသမားတော်ဖြစ်ကာ ဆေးနှင့်အဆိပ်နှစ်မျိုးလုံး တတ်မြောက်သည်။ သို့သော် ထိုသူ့ကို ဆေးကုသရန်အတွက် ဘယ်တော့မှ ဖိတ်ခေါ်လို့မရဘဲ ကုသမှုခံယူချင်သူများက သမ်းရှင်းဘုရားကျောင်းသို့ သွားရလိမ့်မည်။ ယင်းက သူ၏သံမဏိလိုစည်းမျဥ်းပင်။
ကျန်းကျဲလျို သူ့ကို တွေ့ဖူးပြီး နှစ်ယောက်စလုံး တော်တော်များများ ပြောဆိုဆက်ဆံခဲ့သော်ငြား တစ်ယောက်အကြောင်းတစ်ယောက် မသိကြဘဲ အရမ်းမရင်းနှီးချေ။
သူ့ရှေ့၌ရှိသော နတ်ဆိုးငယ်လေး၏ လက်နှင့် တင်းတင်းကျပ်ကျပ် ကိုင်ထားခံရသဖြင့် ကျန်းကျဲလျို သူ့လက်ချောင်းများကို ဆွဲထုတ်၍ မရဖြစ်နေသည်။
"နွေဦးမတိုင််ခင် ဒီကိုပြန်လာချင်တယ်။" သူ ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ "အာချူးနဲ့ငါ ဆွေးနွေးပြီးပြီ။ အိမ်ရှေ့က လွတ်နေတဲ့နေရာမှာ ပန်းနဲ့ဆေးဖက်ဝင်အပင်တွေ စိုက်ပြီး ပန်းခင်းနဲ့ ဆေးဥယျာဉ်အဖြစ်ပြောင်းသင့်တယ်။"
ကျန်းကျဲလျိုက အာချူးနှင့် ဂရုတစိုက်စီစဥ်ထားသကဲ့သို့ အလေးအနက်ပြောလာသည်။ ဝိန်းရမ်ယဲ့က ခေတ္တ ငြိမ်သက်သွားပြီး တုံ့ဆိုင်းစွာမေးလိုက်သည်။ "ခင်ဗျားက ပေါင်းပင်တွေကိုသတ်ဖို့ တူရွင်းကိုတောင် မ'နိုင်လို့လား။"
ကျန်းကျဲလျို၏ စကားများ ရပ်တန့်သွားပြီး ထိုသူ့အား လှမ်းကြည့်လိုက်သည်။
လေထုက အခိုက်အတန့်တစ်ခုလောက်အထိ ကိုးရိုးကားရားဖြစ်သွားခဲ့၏။
သို့သော် နတ်ဆိုးအရှင်ကား မူမမှန်သည့် တစ်စုံတစ်ရာကိုမှ မခံစားရချေ။ သူသည် မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်ပြန်သည်။ "ခင်ဗျားက ပန်းပင်တွေ ဘယ်လိုစိုက်ရမယ်ဆိုတာကိုရော သိလို့လား။"
ကျန်းကျဲလျို: "...."
သူ တကယ်ကို မသိပေ။
ကျန်းရှန်းဇွင်းက အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်ပြီး ဤကမ္ဘာပေါ်မှာ ကျန်းကျဲလျို မလုပ်နိုင်သည့်အရာဟူ၍ မရှိခဲ့ချေ။ သူ၏ ကောင်းကင်ဝိညာဉ်ခန္ဓာနှင့်ဆိုလျှင် ကလေးမွေးဖွားခြင်းကိစ္စကိုတောင် ပြုလုပ်နိုင်ပေသည်။ သို့သော် သူ့အနေနှင့် သေမျိုးများပြုလုပ်သည့် သာမန်ကိစ္စရပ်များကို လုံးဝမလုပ်တတ်ကြောင်း ပထမဆုံးအနေဖြင့် သတိပြုမိသွားခဲ့သည်။
ဝိန်းရမ်ယဲ့က နာမကျန်းဖြစ်နေသော အလှလေး၏ ဥယျာဉ်မှူးအိပ်မက်ကို ရက်စက်စွာဖျက်ဆီးလိုက်ပြီး သူ့ပခုံးပေါ်၌ရှိသော ဝတ်ရုံကိုစေ့ကာ သူ့နှင့်အတူ အိမ်လေးဆီပြန်လျှောက်သွားရင်း ပြောလိုက်သည်။ "ခင်ဗျား အရင်ကပြောခဲ့တဲ့... ကောင်းကင်ဝိညာဉ်ခန္ဓာအကြောင်းကို ကျွန်တော် နတ်ဆိုးနယ်မြေကို ပြန်သွားပြီးရှာဖွေခဲ့တယ်။"
နတ်ဆိုးလောက၌ ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းများ အမျာအပြားရှိသလောက် မရေမရာဖြစ်နေသည်။ ဝိန်းရမ်ယဲ့က ထိုမှတ်တမ်းများကို ကျန်းကျဲလျို၏စကားများနှင့်ဆက်စပ်၍ မေးလိုက်မိသည်။ "ဒီခန္ဓာကိုယ်က ... မှတ်တမ်းတွေအရဆိုရင် ဘာလို့ ခင်ဗျားက အချစ်နဲ့ သံယောဇဉ်ငြိတွယ်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ဖြတ်တောက်ထားရတာလဲ။"
နတ်ဆိုးငယ်လေးကား သူ့အနာဂတ်အတွက် စိုးရိမ်ပူပန်နေပုံရသည်။
ကျန်းကျဲလျိုက သူ့ကို ကြည့်လိုက်၏။ "မင်းရဲ့ သဘာဝရုပ်ခန္ဓာနဲ့ ပိုနီးစပ်လေလေ မင်းဟာ ပျော်ရွှင်ဖွယ် သွေးသားနဲ့ မျိုးပွားခြင်းကို ပိုနှစ်သက်လာလေလေပဲ။ သွေးနဲ့ အနှစ်သာရ(သုက်)တွေ တွေ့ဆုံပြီး တာအိုကျင့်ကြံရေးခန္ဓာနှစ်ခု ပေါင်းစပ်လိုက်တာနဲ့ လူတွေကို စွဲလမ်းစေပြီး ရပ်တန့်နိုင်တော့မှာမဟုတ်ဘူး။"
သူ ရှင်းရှင်းလင်းလင်း မပြောလိုက်သော်ငြား ထိုစကားများသည်ပင် ဝိန်းရမ်ယဲ့ကို ခဏတာ အံ့အားသင့်စေပြီး နားလည်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။ သူက ကျန်းကျဲလျို၏ ပုံမှန်မျက်နှာထားကိုကြည့်၍ လက်ကို ဆန့်ထုတ်ကာ သူ့ခေါင်းကို ပွတ်သပ်ပြီး မသိစိတ်အရ ပြောလိုက်သည်။ "... အဲ့ဒါ ပိုကောင်းတာ မဟုတ်ဘူးလား။"
ကျန်းကျဲလျို ပြောလိုက်၏။ "ဒါဆို လူတွေကို ဒါကို စွဲလမ်းစေပြီး တဖြည်းဖြည်း ကာမဂုဏ်ကို လိုက်စားစေရမှာလား။ ကြိုးစားခဲ့တဲ့ ရှေးလူကြီးတွေက နာမည်ကြီးကျော်ကြားတဲ့ ဖြောင့်မတ်တဲ့ကျင့်ကြံသူတွေမို့ သူတို့က အနာဂတ် မျိုးဆက်တွေကို စိတ်ပျက်အားလျော့သွားမှာ သေချာတယ်။ ဝိညာဉ်ခန္ဓာရဲ့ဂုဏ်သတင်းကို ထိန်းသိမ်းဖို့နဲ့ မျိုးဆက်သစ်တွေရဲ့ ကျင့်ကြံရေးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လေ။"
ဝိန်းရမ်ယဲ့တစ်ယောက် ထပ်မံတွေးတောလိုက်ပြီးမှ သူဆိုလိုသည့်အရာကို သဘောပေါက်သွား၏။ ဤရုပ်ခန္ဓာသည် ဝိညာဉ်ခန္ဓာဖြစ်သော်လည်း ကျင့်ကြံရေးမီးဖိုနီးပါးထိ ဖြစ်လာနိုင်၏။ ၎င်းမှာ ဟယ့်ဟွမ်ဂိုဏ်းက ကျင့်ကြံရေးကို တိုးမြှင့်လာစေရန် နှစ်ကိုယ်တူကျင့်ကြံရေးအတွက် အထောက်အကူပေးသော မီးဖိုကဲ့သို့ပင်။ သို့သော် ဤကိစ္စ၌ ဆန့်ကျင်ဘက်လိုအင်များကို သက်ရောက်စေပြီး စွဲလမ်းမှုများဖြင့် အတွင်းပိုင်းမိစ္ဆာများကို ဖန်တီးလိုက်နိုင်၏။
ဤသည်ကား နှလုံးသားကို သန့်စင်အောင်ထားရန်လိုအပ်သော နာမည်ကောင်းရှိသည့် ဖြောင့်မတ်သောကျင့်ကြံသူများအတွက် ဖုံးကွယ်ရန်နှင့် ရှောင်ရှားရန် လိုအပ်သည်။ သို့သော် နတ်ဆိုးမျိုးနွယ်စုအတွက်တော့ ... အကျိုးသက်ရောက်မှုက ဘယ်လိုဖြစ်မလဲဆိုတာမသိပေ။
ဤအခိုက်အတန့်၌ နတ်ဆိုးအရှင်သည် သေရန်မကြောက်သော စိတ်ဓာတ်ကို အပြည့်အဝ ဖော်ပြထားသည်။ "ဟုတ်လား။ ကျွန်တော်တော့ မယုံဘူး။"
ကျန်းကျဲလျိုက ထင်းရှူးအိမ်ငယ်လေးအပြင်ဘက်၌ ရပ်ကာ သူ့ခြုံထည်ကြိုးကိုဖြည်၍ တံခါးကနေ မဝင်ခင် နှင်းမှုန်များကို ခါထုတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "မင်း မယုံရင်လည်း စမ်းကြည့်လိုက်လေ။"
သူကား သူ့ဝတ်ရုံကို ချ၍ ဝိန်းရမ်ယဲ့ကို ကြည့်ကာ ပြောလိုက်၏။ "ငါတို့ သမ်းရှင်းဘုရားကျောင်းကို သွားဖို့ မလိုပါဘူး။ မင်း ပစ်ချလိုက်ရုံနဲ့ ငါ့ကို သေအောင်လုပ်လို့ရတယ်။ အဲ့ဒါပြီးရင် ငါ့ကို ဒီနေရာမှာ မြေမြှုပ်လိုက်ရုံပဲ။ ငါ့အခေါင်းမှာရေးဖို့အတွက်လည်း ရှည်ရှည်ဝေးဝေးတွေ မလိုဘူး။ 'ကျန်းကျဲလျို' ဆိုတဲ့ စာလုံးသုံးလုံးကို ထွင်းပေးရုံနဲ့တင် ငါကျေနပ်ပါတယ်။"
ဝိန်းရမ်ယဲ့: "...."
ဝိန်းရမ်ယဲ့မှာ ထိုသူ့အား ခပ်ဖွဖွလေး ကိုင်မိလျှင်တောင် ကျိုးပဲ့သွားမည်ကို စိုးရိမ်နေမိတာကြောင့် သူ့အနေနှင့် ထိုသူပြောသလို မည်သို့ဖြင့် စမ်းလုပ်ကြည့်ဝံ့မည်နည်း။
_
နောက်တစ်နေ့တွင် မြင်းနှင့် ရထားလုံးများ အဆင်သင့်ဖြစ်နေပြီး ချန်းချန်နှင့် အာချူးကတောင် ၎င်းတို့၏အိတ်များကို ထုပ်ပိုးလိုက်ကြသည်။ သို့သော် ဤမြင်းက သာမန်မြင်းနှင့်မတူဘဲ ၎င်း၏ဦးခေါင်းပေါ်မှာ ချိုတစ်ချောင်းရှိပြီး ခွာပတ်ပတ်လည်တွင် ဆူးများရှိနေရာ နတ်ဆိုးလောက၏ ကြောက်မက်ဖွယ်လေထုကို ထုတ်လွှတ်နေခဲ့၏။
ကျန်းကျဲလျိုက လက်နွေးအိုးကိုကိုင်၍ သူ့အရှေ့မှမြင်းကိုကြည့်လိုက်ပြီး ၎င်း၏မျက်လုံးများတွင် မနာခံသော အဓိပ္ပာယ်ကို တွေ့လိုက်ရသည်။
သေချာပေါက်ဆိုသလို၊ ဤသားရဲကား နတ်ဆိုးလောကမှဖြစ်၏။ မဟုတ်လျှင် သာမန်မြင်း သို့မဟုတ် ဝိညာဉ်တိရစ္ဆာန်ဖြစ်လျှင်တောင်မှ ဤသားရဲက သူ့လက်ကို ကြာမြင့်စွာကတည်းက လျက်နေပြီ ဖြစ်လိမ့်မည်။
ဤသားရဲက နတ်ဆိုးလောကမှဖြစ်သော်လည်း သူ့ရှေ့၌ရှိသော ကောင်းကင်ဝိညာဉ်ခန္ဓာ၏ သွေးဆောင်မှုကို မခံနိုင်ချေ။ ကျန်းကျဲလျို၏ ခန္ဓာကိုယ်ရှိ မရီဒန်များသည် ဆန်ခါကဲ့သို့ ယိုစိမ့်နေသော်လည်း ယင်းက ချိုမြိန်မွှေးပျံ့သော ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်ပေးခြင်းအား မရပ်တန့်ဘဲ ထိုမြင်းအား ကိတ်မုန့်အစိတ်အကြီးကြီးလို ဆွဲဆောင်နေခဲ့သည်။
နတ်ဆိုးမြင်းမှာ ဆယ့်ငါးမိနစ်ပင်မခံနိုင်ဘဲ ဤအကြည့်အနည်းငယ်ဖြင့် လက်နက်ချ၍ မရှက်တော့ဘဲ သူ့ကို မှီကာ သူ့လက်မောင်းထဲတွင်မြှုပ်နှံ၍ အသက်ပြင်းပြင်း ရှူဖို့ ကြိုးစားလိုက်၏...
ထိုစဥ် နတ်ဆိုးအရှင်က မြင်း၏လည်ဆံမွေးကိုဆွဲကာ သူ့ကို နောက်ပြန်ဆွဲပြီး သတ်ဖြတ်လိုသလို ခြိမ်းခြောက်လိုက်သည်။ "သူ့ကို မထိနဲ့။"
နတ်ဆိုးမြင်းမှာ မလိုမုန်းတီးစွာ ဟောက်လိုက်၏။ မြင်းက အဆောင်ခေါင်မိုးအောက်တွင် ရှိနေဆဲဖြစ်သဖြင့် သူ့ခမျာ ဦးညွတ်၍ နတ်ဆိုးအရှင်အား ဤအလှလေးကို လှည်းထဲသို့ ခေါ်ဆောင်သွားခွင့် ပြုလိုက်ရသည်။
ကျန်းကျဲလျို ကန့်လန့်ကာကို ဖွင့်လိုက်သောအခါ အတွင်းပိုင်းနေရာကို ပိုင်းခြားထားကြောင်း တွေ့လိုက်ရသည်။ အတွင်းပိုင်းနေရာကို ဤမျှ အလွန်နူးညံ့ကာ ကျယ်ဝန်းစေရန်အတွက် နတ်ဆိုးနည်းစနစ်ဖြင့် တံဆိပ်ခတ်ထားသည်။ သူ စားပွဲငယ်တွင်ထိုင်၍ လက်အနွေးအိုးကို စားပွဲပေါ်တင်လိုက်ပြီး ပေါ့ပါးပါး မေးလိုက်သည်။ "အဲ့ဒါ စစ်မြင်းလား။"
"အင်း။" ဝိန်းရမ်ယဲ့ ထိုသူ့မျက်လုံးအမြင်ကို အံ့သြခြင်း မရှိပေ။ ဤလူသည် လွန်ခဲ့သော နှစ်များစွာက နတ်ဆိုးလောက၏နယ်စပ်ကို ထိန်းချုပ်ခဲ့သူပင်။
သူကိုယ်တိုင် မမြင်ခဲ့ရသော်လည်း ကျန်းကျဲလျိုသည် ဆုံးဖြတ်ချက်ခိုင်မာကာ ပြတ်သားသောသူဖြစ်ပြီး နတ်ဆိုးလောက၏ စစ်မြင်းများကို မမှတ်မိဘဲ မနေနိုင်လောက်ပေ။
"မင်းက ဒါကို ရထားလုံးဆွဲဖို့ သုံးတယ်?" ကျန်းကျဲလျိုက ညင်သာစွာ ညည်းညူလိုက်သည်။ "ဒါက ဖြုန်းတီးတာပဲ။"
"ကျွန်တော် အသိမ်မွေ့ဆုံးတစ်ကောင်ကို ရွေးထားတာ။" နတ်ဆိုးလောက၌ မြင်းအားလုံးသည် အတော်လေးမနှစ်သက်စရာကောင်းပြီး ဝိန်းရမ်ယဲ့က နှစ်ယောက်လုံး၏ အထောက်အထားစာရွက်များ*ကို ပေးရင်း ပြောလိုက်သည်။
[TN/မှတ်ပုံတင်လိုသဘောပါ။]
ကျန်းကျဲလျို၏ ကျင့်ကြံရေးအခြေခံက လုံးဝပျက်စီးသွားပြီး သူ့ခန္ဓာကိုယ်က အားနည်းသောကြောင့် နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးလမ်းစဥ်များကို အသုံးပြုလို့မရပေ။ ဤခရီးအတွက် ၎င်းတို့သည် လူ့လောက၏ သာမာန်လမ်းကြောင်းကိုသာ အားကိုးနိုင်ပြီး လူ့လောကသို့ ဝင်ရောက်သော စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။
အထောက်အထားစာရွက်များက ထုံးစံအတိုင်း အတုဖြစ်ပြီး နတ်ဆိုးမြင်းကိုတောင် သရုပ်ဖျက်ထားသည်။ ရထားလုံးနှစ်စီးက ချမ်းသာသောအိမ်တော်မှ သခင်လေးများ ခရီးသွားလာနေပုံရပြီး အသွင်အပြင်၌ ထူးခြားမှုမရှိပေ။
ကျန်းကျဲလျိုက စာရွက်များကို ယူ၍ နှစ်ယောက်၏ နာမည်များကို ကြည့်သော်လည်း မပြောင်းလဲနေပေ။ သူသည် အောက်သို့ကြည့်ကာ ပြောလိုက်သည်။ "...ကူစူးတွင် နေထိုင်သူများ၊ ဝမ်းကွဲတော်စပ်သည် ..."
သူက မျက်လုံးများကိုပင့်ကာ ဝိန်းရမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်ရှိသောအရာများတွင် ရှုပ်ထွေးသောအရာ မရှိကြောင်း သေချာစေရန် ဆက်ဖတ်ပြီးမှ ပြောလိုက်သည်။ "ဝမ်းကွဲတွေ? ငါက မင်းအဖေနဲ့ မျိုးဆက်အတူတူပဲ။ သခင်ငယ်လေး၊ မင်း... "
သို့သော်ငြား ချန်းချန်သည်ပင် ဝိန်းရမ်ယဲ့၏တူဖြစ်နေပါလျက် သူ့အား ကောကောဟုခေါ်သည် မဟုတ်ပါလား။
ကျန်းကျဲလျိုမှာ သူ့ကိုပြောဖို့ မတွေးနိုင်တော့ဘဲ ဝိန်းရမ်ယဲ့က အခြေအနေကို အခွင့်ကောင်းယူနေသည်ဟုသာ ပြောနိုင်ပေ၏။ ဝိန်းရမ်ယဲ့က အခြားစာရွက်တစ်ခုကို ထုတ်ပြီး သွယ်ဝိုက်ကာ ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော် ဒီဟာကို သုံးချင်ခဲ့တာ။"
ကျန်းကျဲလျိုမှာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူ့မျက်လုံးက အပေါ်၌ရှိသော "ဇနီးမောင်နှံ" ဟူသော စကားလုံးကို ကြည့်လိုက်ရာ လက်ဖက်ရည်များပင် ပြန်ထွက်လာတော့မလိုဖြစ်သွားသည်။ သူ အသက်ရှူကျပ်၍ ရင်ဘတ်ကို ပွတ်သပ်ကာ နှစ်ကြိမ်လောက် ချောင်းဆိုးပြီး သူ့နားရွက်များမှာ အကြောင်းမရှိဘဲ ပူနေသည်ဟု ခံစားလိုက်ရသည်။
သူက သက်ပြင်းချလိုက်ပြီး အောက်သို့ကြည့်ကာ လက်ချောင်းများကို ဆန့်ထုတ်၍ သူ့ရှေ့ရှိ စာရွက်များကို တွန်းဖယ်လိုက်သည်။
ဝိန်းရမ်ယဲ့သည် သူ၏ချောင်းဆိုးသံကို ကြားလိုက်သဖြင့် ချက်ချင်းစိုးရိမ်သွား၏။ ကျန်းကျဲလျို အဆင်ပြေကြောင်း သိလိုက်သောအခါမှ သူသည် တစ််ဖက်လူ၏ အနည်းငယ် နီရဲနေသောနားရွက်များကို သတိပြုမိလာခဲ့သည်။ သူ ခဏလောက် အံ့အားသင့်သွားပြီး သူ၏ခရမ်းရောင်မျက်လုံးများက ထိုသူ့ကို စိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ခင်ဗျား..."
သူက တဖြည်းဖြည်း နီးကပ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအင်သည် အတက်အကျဖြစ်ကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်တစ်ခုရှိနေ၏။ ဝိန်းရမ်ယဲ့က သူ့လက်တစ်ဖက်ဖြင့် ကျန်းကျဲလျိုကို ပွေ့ဖက်ကာ ရထားလုံးနံရံတွင်ဖိလိုက်ပြီး ထိုသူ၏နားရွက်ကို ညင်သာစွာ ထိလိုက်သည်။
ထိုနေရာလေးက အထိမခံဘဲ အလွန်ထိရှလွယ်လွန်းသည်။
ကျန်းကျဲလျိုတစ်ယောက် အခြားလူများဆီကနေ ဘယ်တုန်းကမှ နားရွက်ကိုအထိမခံရဖူးပေ။ သူသည် ငယ်ရွယ်စဉ်ကတည်းက နာမည်ကြီးပြီး လေးစားခံရသူဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် သူ့ရုပ်ခန္ဓာကြောင့် လူတိုင်းနှင့် အကွာအဝေးတစ်ခုထားခဲ့၏။ သူ၏ရှစ်တိ ကျူဝူရှင်းသည်ပင် သူ့လက်ကိုသာ ထိခဲ့သည်။
ယခုအချိန်၌ ဝိန်းရမ်ယဲ့ သူ့ကိုထိလိုက်တော့မှသာ ထိုနေရာက အာရုံခံစားလွယ်ကြောင်း သူ သဘောပေါက်လိုက်ပြီး အကြောင်းမရှိပူလောင်လာသည်။ သူ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အသက်ရှူကာ ပြောလိုက်သည်။ "မလုပ်နဲ့။"
ဝိန်းရမ်ယဲ့: "ခင်ဗျားနားရွက်က..."
"...မပြောနဲ့။" ကျန်းကျဲလျိုက ပြောလိုက်၏။ "မဟုတ်ရင် ငါ စိတ်ဆိုးမိလိမ့်မယ်။"
ကျန်းကျဲလျိုကား ဆံပင်များဖြူကာ မျက်လုံးများက နက်မှောင်နေသည်။ သူ့မျက်လုံးများက ပို၍မှောင်မိုက်ကာ နှစ်ထောင်ပေါင်းများစွာကြာသော ကျုံးနန်တောင်ပေါ်ရှိ မပျော်ဝင်သေးသည့် ဆီးနှင်းများထက်ပင် အနည်းငယ် အေးစက်နေလေ၏။ စကားလုံးများ၌ ခံစားချက်မရှိသော်လည်း ဒီအကြောင်းအရာသည် ဝိန်းရမ်ယဲ့ အရင်ကမကြားဖူးသောအရာဖြစ်သည်။
ဝိန်းရမ်ယဲ့က သူ့ကို မည်သို့ဖြင့် ဒေါသထွက်စေနိုင်မည်ည်း။ တစ်ဖက်လူ၏ဆွဲဆောင်မှုကြောင့် ပျံလွင့်သွားသော အတွေးများသည် ရုတ်တရက် ရပ်တန့်သွားပြီး ပုံမှန်စိတ်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာ၏။ သူက သူ့လက်ကို ထိန်းချုပ်၍ မူလနေရာသို့ ပြန်ထိုင်လိုက်သည်။
ရထားလုံးကိုမောင်းနှင်နေသော မြင်းထိန်းအား ရုပ်သေးပညာကို အသုံပြုထားခြင်းဖြစ်သည်။ ထိုသူကား စက္ကူရုပ်သေး အဆောင်တစ်ခုသာ။ မြင်းလှည်းများက ကျုံးနန်တောင်ခြေကိုရောက်လာပြီး လှည်းဘီးများက ကြွေနေသော အရွက်များပေါ်တွင် ဖြတ်သန်းသွားသဖြင့် ခြောက်သွေ့သည့် အရွက်များ ကွဲအက်သွားသော အသံကို ဖြစ်ပေါ်စေသည်။
၎င်းတို့နှစ်ယောက်ကြား၌ ကိုးရိုးကားရားလေထုရှိနေသည်။
ကျန်းကျဲလျိုမှာ လက်ဖက်ရည်တစ်ခွက် ထပ်ထည့်၍ လည်ချောင်းကို စိုစွတ်စေရန် တစ်ငုံသောက်လိုက်သည်။ နားရွက်ဖျားများရှိ ပါးလွှာသောအနီရောင်သည် ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ လက်ဖက်ရည်ခွက်၏ မျက်နှာပြင်ကိုကြည့်၍ လေထုကို သက်တောင့်သက်သာဖြစ်စေရန် ပြောလိုက်သည်။ "သခင်လေး၊ ဒီလိုဟာသမျိုးကို ပေါ့ပေါ့တန်တန် မစနောက်သင့်ဘူး။ မင်းသာ အပျော်အပါးလိုက်စားတဲ့သူဆိုရင် ငါ ဒီအချက်ကိုသုံးပြီး မင်းကို ငွေညှစ်မိလိမ့်မယ်။"
ဝိန်းရမ်ယဲ့၏ပါးစပ်ကလည်း ခြောက်သွေ့နေသဖြင့် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။ ဤအချိန်၌ သူသည် ခါးသက်မှုကို မခံစားရတော့ဘဲ သူ၏နှလုံးခုန်နေသည်ကိုသာ ခံစားရပြီး မစဉ်းစားဘဲ မေးလိုက်သည်။ "ကျွန်တော့်ကို ငွေဘယ်လောက်ညှစ်မှာလဲ ..."
ကျန်းကျဲလျိုက မျက်လုံးများကိုပင့်ကာ သူ့ကိုကြည့်လိုက်ပြီး သေချာဂရုတစိုက်စဉ်းစားထားဟန်ဖြင့် ပြောလိုက်သည်။ "နတ်ဆိုးနယ်မြေရဲ့တစ်ဝက်ဆိုရင် သိပ်မများလောက်ပါဘူး။"
ဝိန်းရမ်ယဲ့: "တစ်ဝက်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဲ့လောက်ပဲတတ်နိုင်တဲ့ပုံ ပေါ်လို့လား။"
ကျန်းကျဲလျိုမှာ တစ်ဖက်လူ ဤသို့ပြန်ဖြေလိမ့်မည်ဟု မထင်ခဲ့ချေ။ သူက ခေါင်းညိတ်ပြီး ရည်ရွယ်ချက်ရှိစွာနှင့် ဟာသပြောလိုက်သည်။ "မင်းက သခင်လေးပဲ ဖြစ်နေလို့ တော်သေးတယ်။ မဟုတ်ရင် နတ်ဆိုးလောကရဲ့ အနာဂတ်က စိုးရိမ်စရာပဲ။"
ဝိန်းရမ်ယဲ့က ခဏလောက် တိတ်ဆိတ်သွားပြီး တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။ "အင်း၊ အခြေအနေက တစ်နည်းနည်းနဲ့ စိုးရိမ်စရာဖြစ်လာလောက်တယ်။"
***
Aurora Novel Translation Team