no

Font
Theme

မိစ္ဆာလောက။

[T/N - အပင်တွေ၊ တိရစ္ဆာန်တွေကနေ ဆင်းသက်လာတဲ့ကောင်တွေကို မိစ္ဆာလို့ခေါ်ပြီး လူ/နတ်ကနေ ဖြစ်လာတဲ့ကောင်တွေကို နတ်ဆိုးလို့ခေါ်ပါတယ်။]

နတ်ဆိုးလောက၏ အလယ်ဗဟို၌ ဝမ်လင်နန်းတော်တစ်ခုရှိပြီး ကျန်းကျွင်း*နှစ်ပါး၏ နေထိုင်ရာဖြစ်၏။ ဝမ်လင်နန်းတော်ကို ဧရာမသစ်ပင်ကြီးများကြားမှာ တည်ဆောက်ထားပြီး သစ်ပင်များ၏ခြုံနွယ်များက ကွေ့ပတ်ကာ ဝင်္ကပါအလားဖြစ်နေပြီး သဘာဝအလှကို ပေးစွမ်းနေခဲ့သည်။

[T/N: ကျန်းကျွင်း - ဧကရာဇ်/အရှင်။]

ထိုအခိုက်အတန့်၌ ဝမ်လင်နန်းတော်ရှိ မိစ္ဆာငယ်များက မျက်လွှာချကာ ဦးညွတ်လျက် တိတ်ဆိတ်နေကြ၏။

"ငါတို့ သူ့စကားတွေကိုတောင် ယုံလို့ရလို့လား။ မင်း ကျူဝူရှင်းရဲ့အကျင့်ကို မသိတာလည်းမဟုတ်ဘူး။"

ဆံပင်နီနီနှင့် အနီရောင်၀တ်ဆင်ထားသူက ဒေါသတကြီးဖြင့် စားပွဲကိုရိုက်လိုက်ရာ သူ့လက်ဖဝါးအောက်ရှိ ဝိညာဉ်သစ်သားစားပွဲက အဆက်မပြတ်တုန်ခါလာပြီး နောက်အခိုက်အတန့်၌ အစိတ်စိတ်အမွှာမွှာကွဲသွားကာ ဖုန်မှုန့်များဖြစ်လာခဲ့သည်။

ထိုလူက အသက်နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိပုံပေါ်၏။ သူ၏မျက်ခုံးမွေးတန်းကြားတွင် နီနီရဲရဲ ကျူးချွဲ့*အမှတ်အသားတစ်ခုရှိသည်။ အနီရောင်ဆံပင်နှင့် အနီရောင်မျက်လုံးများအပြင် သူ၏ဝတ်ရုံကလည်း မျက်စိဖမ်းစားနိုင်သည့် အနီရောင်ပင်။ ဝတ်ရုံ၏ပခုံးများ၌ ဇာမဏီအမွေးများဖြင့် အလှဆင်ထားကာ အင်္ကျီလက်များတွင် ရွှေချည်များဖြင့်ပုံသဏ္ဌန်ထွင်းထားပြီး ဝတ်ရုံတစ်ခုလုံးက တဖျပ်ဖျပ်လက်နေ၏။

[T/N: Vermilion Bird - တရုတ်ဒဏ္ဍာရီရဲ့ သားရဲလေးကောင်ထဲကတစ်ကောင်ဖြစ်ပြီး ဇာမဏီနဲ့တူပေမဲ့ ဇာမဏီမဟုတ်ဘဲ ဟင်္သာငှက်လိုမျိုးပါ။ သူ့အသံထွက်အတိုင်းပဲ ရေးလိုက်ပါတယ်]

"အဲ့ဒီဖြောင့်မတ်ပါပေ့ဆိုတဲ့ အမတဂိုဏ်းတွေမှာ အမှိုက်တွေ အများကြီးပဲ၊ သူတို့တွေ သူ့ကို ရက်တော်တော်ကြာ ရှာတာတောင် ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး။ သူသာ တစ်ခုခုဖြစ်ရင် ငါ ကျင့်ကြံရေးလောကထဲခြေချပြီး ကျူဝူရှင်းကို သတ်ပစ်မယ်။"

လဲ့ကျန်းက ပိုပိုပြီးစိတ်တိုလာခဲ့သည်။ သူက ရုတ်တရက်ထရပ်၍ ဝမ်လင်းနန်းတော်ထဲတွင် ပတ်လျှောက်နေရင်း ဒေါသပိုထွက်လာသည်။ နောက်ဆုံးတွင် သူက ခါးမှာချိတ်ဆွဲထားသော မီးလျှံဓားကိုဆွဲထုတ်ကာ လှည့်ထွက်သွားခဲ့သည်။

"ဒီကိုပြန်လာခဲ့။"

အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက လက်ဖက်ရည်ကို ဖြည်းညင်းစွာသောက်ကာ သူ့ကို တစ်ချက်ကြည့်၍ ပြောလာခဲ့လေ၏။ "နင် အခုသွားပြီး ကျူဝူရှင်းကို ခေါင်းဖြတ်လိုက်ရင်၊ ကျဲလျို ပြန်လာတဲ့အချိန်ကျ သူအရင်ဆုံးရှာတဲ့သူက နင်ပဲဖြစ်လိမ့်မယ်။"

သူ(မ)ပြောလိုက်သည့်စကားက ကျူးချွဲ့ကျန်းကျွင်း၏ခေါင်းပေါ်ကို ရေခဲရေတစ်ပုံး လောင်းထည့်လိုက်သလိုပင်။ လဲ့ကျန်းက အပြန်အလှန်လမ်းလျှောက်နေပြီး မျက်မှောင်ကြုတ်၍ ရုတ်တရက်ဆိုသလို ဝမ်လင်နန်းတော်၏ အတွင်းခန်းမကြမ်းပြင်ကို သူ့ဓါးဖြင့်ထိုးခွဲလိုက်သည်။

[T/N - လဲ့ကျန်းနဲ့ ကျူးချွဲ့ကျန်းကျွင်းက တစ်‌ယောက်တည်းပါပဲ။]

"ငါ ဘယ်သူ့ကိုမှ မသတ်ပါဘူး၊ သူ့ကို သွားရှာမလို့။"

"ကျင့်ကြံရေးလောကမှာ လူတွေအများကြီးရှိတယ်၊ အဲ့ဒါတောင် ကျဲလျိုရှိတဲ့နေရာကို ရှာတွေ့သေးတာမဟုတ်ဘူး၊ နင်သွားမယ်ဆိုရင်ရော အလုပ်ဖြစ်မှာမို့လို့လား။" ချင်းလင်က လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။ "သူ ဘယ်သွားလဲဆိုတာ နင်သိလို့လား"

လဲ့ကျန်းက ဓားရှည်ကို လက်ထဲတွင်ဆုပ်ကိုင်ထားလျက် သူ၏နှလုံးသားက မီးထက် အနည်းငယ်ပူနေပြီး သူ့ပခုံးပေါ်မှ ဖီးနစ်အမွေးများကတောင် မီးပွားများနှင့်အတူ တဖျပ်ဖျပ်ပျံ့လွင့်နေ၏။

"ဒါဆို သူဘယ်သွားမယ်ထင်လဲ။" လဲ့ကျန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "သူ လင်းရှောင်ဂိုဏ်းက ထွက်သွားပြီး... တခြားဘယ်ကို သွားစရာရှိလို့လဲ။ သူ့ရဲ့ ယိုယွင်းနေတဲ့ခန္ဓာကိုယ်နဲ့ သူ ဘယ်သွားသွား ခံစားနေရမှာပဲမလား။"

ချင်းလင်က သူ့ဆံနွယ်ရှည်များကို နဂါးပုံသဏ္ဌာန်ဆံထိုးဖြင့် စည်းနှောင်ထားသည်။ သူ(မ)မှာ မှင်တက်လောက်စရာ မျက်နှာအသွင်အပြင်များရှိပြီး တည်ငြိမ်စွာပြောလာ၏။ "အဲ့ဒီအစား နင် သူ့ရဲ့လုံခြုံရေးကို စိတ်ပူသင့်တယ်လို့ ငါထင်တယ်။ သူ့ရဲ့ ရုပ်ရည်သာ ကြည့်ကောင်းနေသရွေ့ ဘယ်မှာမဆို အရမ်းအန္တရာယ်များတယ်။"

အရင်က ကျန်းကျဲလျိုနှင့် တိုက်ခိုက်ချိန်တိုင်း သူတို့နှစ်ဦး စုပေါင်းတိုက်ခိုက်တာတောင် အနည်းငယ်သာ အနိုင်ယူနိုင်ခဲ့ပြီး တစ်ဦးချင်းယှဉ်တိုက်ရမည်ဆိုလျှင်တော့ အနိုင်ရဖို့ရာ အခွင့်အရေးမရှိချေ။ လွန်ကဲသော သူ၏စွမ်းအားက သူ့အသွင်အပြင်ကို အကာအကွယ်ပေးထား၏။ ကျန်းကျဲလျို အထွတ်အထိပ်ကို ရောက်နေချိန်တွင် လူတိုင်းက သူ့အစွမ်းအစကို သတ္တိရှိရှိ ပြောရဲကြသော်လည်း သူ၏အလှတရားကိုတော့ မပြောဝံ့ကြပေ။ ထို့ကြောင့် လဲ့ကျန်းက ဤအရာကို ခဏမျှမေ့သွားခဲ့၏။

သူ့မိတ်ဆွေရဲ့ အလှတရားနဲ့သာဆို...

လဲ့ကျန်းစိတ်ထဲတွင် ကျူဝူရှင်းကို အပိုင်းပိုင်းဆွဲဖြဲပစ်ချင်နေမိ၏။ "ကျဲလျိုကို ငါရှာတွေ့ရင် သူ စိတ်ပျော့မသွားအောင်နားချပြီး အဲ့ကျေးဇူးကန်းတဲ့ မျက်လုံးဖြူဝံပုလွေကို သတ်ပစ်ဖို့ ကူညီဦးမယ်။"

"သူက ကျေးဇူးကန်းတယ်လို့ နင်ကပြောပေမဲ့ ကျူဝူရှင်းက ကျဲလျိုကို အန္တရာယ်ထဲ ဝင်ခွင့်ပြုဖို့ ဆန္ဒမရှိဘူးလို့ ငါထင်တယ်။" ချင်းလင်က ပြောလိုက်၏။ "ကျူဝူရှင်းက အမြင်ကျဉ်းပြီး မနာလိုတတ်ပေမဲ့ သူ့ရှစ်ရှုန်းကို အရမ်းယုံကြည်မှုရှိပြီး သူ့စိတ်က ရှုပ်ထွေးနေတာ။ အဲ့ဒါကြောင့် သူက သူ့ကို ကွယ်ဝှက်ထားချင်နေတာ ဆိုရင်တော့..."

ချင်းလင်က ပိုအန္တရာယ်များသော အကြံအစည်ကို ပြောခဲ့ရာ လဲ့ကျန်း၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ မီးတောက်များက ထပ်မံ၍အရှိန်တက်လာပြီး သူ့ကို ခေါင်းအစခြေအဆုံး လောင်ကျွမ်းသွားစေခဲ့သည်။

သူ(မ)က အလျင်စလို အကြောင်းအရာပြောင်းကာ ပြောလိုက်သည်။ "အဲ့ဒီကောင်လေးက သူ့စိတ်သူ နားလည်တာမဟုတ်ဘူး။ စဉ်းစားမနေနဲ့တော့။ ကျူဝူရှင်း သူ့ကို လွှတ်လိုက်တာက စိတ်ချလို့ပဲလို့ ငါထင်တယ်၊ ကျဲလျို သွားဖို့ ဆန္ဒရှိနေတာက အရင်လင်းရှောင်ဂိုဏ်းချုပ်ရဲ့ ဝိညာဉ်ရှိတဲ့ နေရာကိုပဲဖြစ်မယ်...."

လဲ့ကျန်းက ထိုစကားကိုကြားလိုက်ချိန် စိုးရိမ်မှုအပြည့်နှင့် ခြေလှမ်းများက ချက်ချင်းရပ်သွားကာ အသက်အနည်းငယ်ရှူလိုက်ပြီး ပြောလိုက်၏။ "ကျုံးနန်တောင်? အဲ့ဒီနေရာမှာ နှစ်ဝက်လောက်က နှင်းတွေကျနေတာ၊ ထူးဆန်းတဲ့ တောင်ဝိညာဉ်တွေနဲ့ တောရိုင်းမိစ္ဆာတွေလည်း အများကြီးပဲ..."

"အိုက်ရား..." ချင်းလင်က သူ(မ)၏ဝတ်ရုံအနားကို ပွတ်သပ်ပြီး သူ့စကားများကို ဖြတ်ပြောလိုက်၏။ "ကျုံးနန်တောင်က ဝိညာဉ်စွမ်းအင်ကောင်းတဲ့နေရာမို့ ကျဲလျိုက သူ့ဆရာကို အဲ့မှာမြှုပ်နှံဖို့ ရွေးချယ်ခဲ့တာ။ တောင်ပေါ်မှာ ထူးဆန်းတဲ့တောင်ဝိညာဉ်တွေနဲ့ မိစ္ဆာတွေ အများကြီးရှိပေမဲ့ သူတို့အားလုံးက ဝိညာဉ်စွမ်းအင်ကနေ မွေးဖွားလာကြတာမို့ ကြောက်စရာကောင်းပါပေ့ဆိုတဲ့ မိစ္ဆာက ရှားရှားပါးပါးပဲ။ ပြီးတော့ နင့်ရဲ့မိတ်ဆွေက ဘယ်လိုခန္ဓာမျိုးရှိလဲဆိုတာ မေ့နေတာလား။"

သူ(မ) မပြောလျှင် ပိုတောင်ကောင်းလိမ့်မည်။ ထိုအကြောင်းကို သူ(မ)ပြောလိုက်ချိန်၌ လီကျန်း၏အမွေးတောင်များက ပေါက်ကွဲသွားတော့မတတ် ဖြစ်သွားသည်။ "ကောင်းကင်ဝိညာဉ်ခန္ဓာ၊ လူတွေရဲ့ ကျင့်ကြံမှုကို ဟန့်တားနိုင်တဲ့ ကျိုးပဲ့လွယ်တဲ့ခန္ဓာမျိုး။"

ကောင်းကင်ဝိညာဥ်ခန္ဓာက ရှားပါးသော်လည်း ထူးခြားသော ကိုယ်ခန္ဓာမဟုတ်ပေ။ ၎င်းက ယောက်ျားများ၏ခန္ဓာပေါ်မှာသာ ပေါ်လာပုံရ၏။ ထိုခန္ဓာနှင့်ပတ်သက်၍ ထူးခြားသည့်အရာက ပတ်ဝန်းကျင်ရှိသတ္တဝါများကို ဆွဲဆောင်နိုင်ခြင်းဖြစ်ပြီး ထိုသတ္တဝါများနှင့် ဆက်နွှယ်မှုကိုပျိုးထောင်ရန် လွယ်ကူပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျန်းကျဲလျိုက သဘာဝအတိုင်း ရေခဲကဲ့သို့ အေးစက်သောကြောင့်ဖြစ်ပြီး သူက မိစ္ဆာငယ်လေးများကို အလွန်အမင်းသဘောကျကြပေ၏။

ဤသို့ဖြင့် မိစ္ဆာငယ်လေးများကလည်း မသိစိတ်အရ သူနှင့်နီးစပ်ချင်လာကြသည်။ သို့သော် ဤဖွဲ့စည်းပုံက ကျင့်စဉ်ကို အဟန့်အတားဖြစ်စေပြီး ခန္ဓာကိုယ်တွင်းသို့ ဝင်လာသော ၀ိညာဉ်စွမ်းအင်များက တက်ကြွလွန်းပြီး ထိန်းချုပ်ရခက်ပေ၏။ ၎င်းကို ထိန်းချုပ်လိုပါက အနှီခန္ဓာပိုင်ရှင်က သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုအားထုတ်ရလိမ့်မည်။

လူတိုင်းက သူ့ကို ဉာဏ်ကြီးရှင်ဟု ပြောနေကြသော်လည်း ထိုမှတ်ချက်က သူကျော်ဖြတ်ခဲ့ရသည့်အရာများကို တန်ဖိုးလျော့ကျသွားစေကြောင်း လူနည်းစုကသာ သတိပြုမိကြသည်။

"အဲ့ဒါက အဆိုးလည်းမဟုတ်ပါဘူး၊ သာမန်အခြေအနေအောက်မှာ အနည်းဆုံးတော့ အဲ့ဒီတောင်ဝိညာဉ်တွေနဲ့ မိစ္ဆာလေးတွေက သူ့ကို ထိခိုက်စေမှာမဟုတ်ဘူး။" ချင်းလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ "မှတ်တမ်းတွေအကုန်လုံးက အကြောင်းတချို့ကြောင့် ဒီခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ နောင်လာနောက်သားတွေကို ချစ်ခင်မြတ်နိုးတာတွေကိုရပ်တန့်ဖို့ အကြံပေးထားရုံပဲရှိတာ။"

လီကျန်းက နှာရှုံ့ကာ ပြောလိုက်၏။ "အဲ့ဒီမှတ်တမ်းအားလုံးက ပေါက်ကရတွေ။"

ချင်းလင်က လဲ့ကျန်းကို ကောင်းကောင်းသိထားပြီးသားဖြစ်၍ သူလျှို့ဝှက်စွာ တွေးတောနေသော ပြောပြလို့မရသည့် လှုပ်ရှားမှုအနည်းငယ်ကို သိထားသောကြောင့် ပြောလိုက်၏။ "ဒီနည်းနဲ့ဆို ကျဲလျိုက ကျုံးနန်တောင်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ နင် အခုသွားသင့်တယ်။ မဟုတ်ရင် နင်က သူ့ကို အခြားမိစ္ဆာငယ်လေးတွေဆီမှာ ရှာတွေ့သွားစေချင်တာလား။"

သူ(မ)၏စကားတစ်ဝက်ရောက်မှသာ ဒေါသထွက်လွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သော ကျူးချွဲ့ကျန်းကျွင်းက သူ၏မူလအသွင်ကိုပြောင်းလဲကာ မိစ္ဆာလောက၏ အနီရောင်တောက်တောက် ဆေးခြယ်ထားသော ကောင်းကင်ထက် ပျံဝဲကာ ဝမ်လင်နန်းတော်မှ ထွက်ခွာသွားခဲ့သည်။

ချင်းလင်က သူ(မ) စောစောကပြောလိုက်သည့်အရာများကို မှတ်တမ်းတင်ထားသည့်စာပိုဒ်အား မတွေ့မချင်း စာအုပ်ကိုလှန်လှောလိုက်ပြီး အချိန်အတော်ကြာ စဉ်းစားနေခဲ့မိသည်။

... နောင်လာနောက်သားများကို သတိပေးရလောက်သည်အထိ မှတ်တမ်းပြုစုသူက ကောင်းကင်ခန္ဓာပိုင်ရှင်နှင့်ပတ်သက်၍ တိတိကျကျ မည်သို့ဖော်ပြထားသနည်း။ ယခင်ကောင်းကင်ခန္ဓာ၏ မှတ်တမ်းများအားလုံး၌ ၎င်းတို့က ချစ်ရသူနှင့်သံယောဇဥ်ဖြတ်၍ ၎င်းတို့၏နေ့ရက်များကို အထီးကျန်ဆန်စွာ ရှင်သန်နေထိုင်ရလိမ့်မည်ဟု ဤမှတ်တမ်းပြုစုသူ သတိပေးခဲ့သလိုမျိုး ရေးသားထားလေသည်။

___

ကျုံးနန်တောင်။

ထင်းရှူးသားအဆောက်အအုံနှင့် အခြားတစ်ဖက်ရှိဝါးဥယျာဉ်က နံရံတစ်ချပ်ခြားထားသော်လည်း ၎င်းက တစ်အိမ်တည်း၏အစိတ်အပိုင်းများနှယ်။

ဝိန်းရမ်ယဲ့က ဘာတွေးနေမှန်းမသိဘဲ ရှဉ့်တစ်ကောင် ပစ္စည်းစုဆောင်းထားသလိုမျိုး ထင်းရှူးပင် အပေါ်မှအောက်သို့ အသုံးဝင်သောအရာများနှင့် အသုံးမကျသောအရာအားလုံးကို ယူဆောင်နေသဖြင့် ကျန်းကျဲလျိုတစ်ယောက် သူ့အား အသိုက်ဆောက်နေသည်ဟုတောင် ထင်လိုက်မိသည်။

ဆောင်းရာသီက မပြီးဆုံးသေးရာ နှင်းများကျနေဆဲ နေ့တစ်နေ့ပင်။

ကျန်းကျဲလျိုဝတ်ဆင်ထားသော ၀တ်ရုံမှာ အရင်နေ့ညက ဝိန်းရမ်ယဲ့ အစားထိုးပေးခဲ့သော ဝတ်ရုံဖြစ်သည်။ လည်ပင်းတစ်ဝိုက်၌ နူးညံ့သောအမွေးနုများနှင့် နတ်တိုးလောကထုတ် အနက်ရောင်ခြုံထည်ဝတ်ရုံက ကျန်းကျဲလျှိုကို လွှမ်းခြုံထားလေ၏။ တစ်ခုတည်းသောပြဿနာက ၎င်းမှာ ဝိန်းရမ်၏ကိုယ်သင်းနံ့များ ရှိနေသည်။

သူ့အငွေ့အသက်က ထင်းရှူးပင်နှင့် ထင်းရှူးပန်းနံ့လိုပင်။ သူ ထိုရနံ့ကို အချိန်အကြာကြီးရှူရှိုက်ခဲ့ပြီးနောက် အနံ့များကို ခွဲခြားနိုင်စွမ်း ဆုံးရှုံးသွားသဖြင့် ဝိန်းရမ်ယဲ့ သူ့အနားရောက်လာသည်ကိုပင် ချက်ချင်း သတိမပြုမိခဲ့ပေ။

ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများက အဆက်မပြတ်ကျဆင်းနေပြီး ချန်းချန်က ကျန်းကျဲလျို၏ခြေထောက်နားမှာ မြွေအသွင်ဖြင့် အနားယူနေခဲ့၏။

အပူချိန်ကျဆင်းမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး အနက်ရောင်မြွေငယ်လေးက အစပိုင်းတွင် သူ့ခြေရင်း၌ ခွေနေသေးသော်လည်း ရုတ်တရက် ကျန်းကျဲလျို၏အဝတ်ထဲ တွားသွားတက်လာပြီး သူ့လက်မောင်းကို ၎င်း၏အမြီးဖြင့် ညင်သာစွာ ရစ်ပတ်လိုက်သည်။

ကျန်းကျဲလျို စာအုပ်ဖတ်နေရင်း တစ်ဝက်အရောက်တွင် အေးစက်စက်မြွေငယ်လေး ချဉ်းကပ်လာကြောင်း တွေ့လိုက်သည်။ သူက တစ်ချက်ကြည့်လိုက်ပြီး ချန်းချန်က ကောင်းကောင်းပြုမူနေသည့်ပုံပင်။ သူ ခဏကြာမျှ တုံ့ဆိုင်းသွားသော်လည်း ထိုမြွေလေးကို မတွန်းထုတ်ခဲ့ချေ။

သူက တိရစ္ဆာန်ဝိညာဉ်များကို အမြဲတမ်း သဘောကျနှစ်သက်ခဲ့ပြီး မျိုးစိတ်များက သဘာဝနှင့်နီးကပ်လေလေ၊ ထိုတိရစ္ဆာန်များက သူ့ခန္ဓာကိုယ်ထဲမှ ၎င်းတို့နှင့်နှီးနွယ်မှုကို နားလည်ရန် လွယ်ကူလေဖြစ်၏။ ဥပမာအားဖြင့် သူ မိစ္ဆာလောက၏ ကျန်းကျွင်းနှစ်ပါးကို တွေ့ခဲ့ချိန် ချင်းလင်က အရိုးသားဆုံး ပြောလာခဲ့သည်။

"ကျွန်မ ရှင့်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရချိန်မှာ ရှင့်ရဲ့ခြေတော်ရင်းနား လုံးဝဦးညွတ်မိလုနီးပါးပဲ။"

ထိုအချိန်တွင် ကြောင်လေးများအတွက် တောနှံပင်လိုမျိုး သူ့ခန္ဓာကိုယ်ရနံ့က မိစ္ဆာမျိိုးနွယ်များအတွက် အလွန်အကျွံဆွဲဆောင်မှုကို ဖြစ်စေနိုင်ပြီး မိစ္ဆာငယ်များအားလုံး သူ၏ရနံ့ကို ရှူရှိုက်နေချင်ကြောင်း သူသိလိုက်ရသည့်အချိန်လည်းဖြစ်၏။

သူက တောနှံပင်ဖြစ်နေခြင်းကို ကျင့်သားရနေပြီးဖြစ်ရာ ချန်းချန်ရောက်လာသည်ကို များများစားစားတွေးမနေဘဲ စာဆက်ဖတ်လိုက်၏။ သို့သော် နှစ်ကြောင်းမျှသာ ဖတ်ပြီးနောက် ကျုံးနန်တောင်၏ကောင်းကင်က ရုတ်တရက် မည်းမှောင်လာပြီး အုံ့မှိုင်းကာ ကောင်းကင်တစ်ခုလုံးအား နီညိုရောင်သို့ ပြောင်းလဲလိုက်သည်။

နီညိုရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သံချေးနီအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် သွေးကဲ့သို့တောက်ပပြီး မီးတောက်များဝန်းရံထားသည့် အနီရောင်ငှက်တစ်ကောင်က ကောင်းကင်ကနေ ပြေးဆင်းလာကာ ထင်းရှူးသားအဆောက်အအုံ၏တံခါးအား ရိုက်ချိုးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူ့အရှေ့သို့ရောက်လာခဲ့၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment