ယနေ့ည အမှန်တကယ်ကို ကြယ်ကြွေခဲ့သည်။
ကျန်းကျဲလျို နယ်နိမိတ်အလွှာကို မပြုပြင်ရသေးချိန်၌ ဤအရာကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။ ကျုံးနန်တောင်က ဝေးလံခေါင်သီသော နေရာတွင်တည်ရှိသဖြင့် ဤကြယ်ကြွေခြင်းကိုကြည့်ရန် အလွန်ကောင်းမွန်သောနေရာဖြစ်ပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ယခင်က သူ ကျင့်ကြံရေးအဆင့်ရှိဆဲအချိန်မှာ ယနေ့ည၏မြင်ကွင်းကို ကြိုတင်ခန့်မှန်းခဲ့ပြီးဖြစ်သော်လည်း ထိုအချိန်က သူသည် အရာအားလုံးကိုလွှတ်ချကာ ဤနည်းဖြင့် တည်ငြိမ်စွာ ကြည့်ရှုနိုင်မည့် အခွင့်အရေးရလိမ့်မည်ဟု မထင်ခဲ့ချေ။
ကျန်းကျဲလျို၏ပခုံးတွင် နှင်းဖြူရောင်ခြုံထည်တစ်ခု လွှမ်းခြုံထားသည်။ အမွေးနုများက ပါးလွှာ၍ ပေါ့ပါးပြီး ကော်လံ၌ တောက်ပသည့် အနီရောင်ကြိုးအနားသတ်ရှိ၏။ ဝိန်းရမ်ယဲ့က ၎င်းကို တင်းတင်းကျပ်ကျပ် ချည်ပေးထားသဖြင့် လေမတိုးနိုင်ပေ။
သူက မှော်လက်အနွေးအိတ်လေးကို ပေါင်ပေါ်တွင် တင်ထားပြီး လက်ဖဝါးကို နွေးထွေးအောင် ဖိထားသည်။ ယခုအချိန်တွင် ကွင်းပြင်ထဲမှာ တိတ်ဆိတ်နေပြီး ညက နက်ရှိုင်းကာ ကြယ်များ တလက်လက် တောက်ပနေသည်။
ကျုံးနန်တောင်ပေါ်ရှိ နေရာတိုင်းတွင် နှင်းများကျနေပြီး ဇရပ်သေသးသေးလေးပေါ်တွင်ပင် ကျနေသည်။ ကျန်းကျဲလျိုက တောင်ထိပ်ရှိဇရပ်ထဲမှာ ထိုင်နေပြီး ကျောက်စားပွဲပေါ်တွင် ဆူနေသောသေရည်မှ ပွက်ပွက်ဆူသံများ ထွက်ပေါ်နေသည်။
သို့သော် ၎င်းက ဝိန်းရမ်ယဲ့၏သေရည်ဖြစ်ပြီး သူကမူ လက်ဖက်ရည်ကိုသာ တည်ငြိမ်စွာ သောက်နေခဲ့သည်။
ကျန်းကျဲလျိုက ခေါင်းငုံ့ကာ လက်ဖက်ရည်သောက်သည့်အခါ ညလေတိုက်ခတ်သောကြောင့် ရှည်လျားသော နှင်းရောင်ဆံပင်က နားရွက်တစ်လျှောက် တိတ်တဆိတ် လွင့်ကျသွားသည်မှာ ဝိန်းရမ်ယဲ့၏ မျက်လုံးထဲတွင် လှပ၍ ခန့်မှန်းရခက်သော အိပ်မက်နယ်မြေထဲ ကျရောက်သွားသည့်နှယ်။
နတ်ဆိုးအရှင်က သူအေးမည်စိုးသောကြောင့် တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားတာတောင် ကျန်းကျဲလျိုအတွက်တော့ အလွန်အမင်း အေးစက်နေကာ နွေးထွေးရန် ခက်ခဲနေသည်ဟု ခံစားနေရဆဲဖြစ်သည်။
"ဒါဆို ခင်ဗျားက အခြေအနေအားလုံးကို ထုံးစံအတိုင်း ဂရုစိုက်နေတာပေါ့။" ဝိန်းရမ်ယဲ့မှာ စောစောကဖြစ်ခဲ့သည်အား မမေ့သေးဘဲ သေရည်ထည့်လိုက်ရင်း ပြောလိုက်သည်။ "ခင်ဗျားလိုလူမျိုးက မကြာခင် ပင်ပန်းပြီး သေလိမ့်မယ်။"
သူက ဒေါသသံဖြင့်ပြောခြင်းမဟုတ်ဘဲ မယုံကြည်နိုင်ခြင်းနှင့် စိတ်ပျက်မှုအသံများ ကိန်းဝပ်နေသည်။
ကျန်းကျဲလျိုကလည်း ဒေါသမထွက်ချေ။ ထိုအစား သူက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ခါးသက်သော လက်ဖက်ရည်ကို တစ်ငုံသောက်ကာ မှတ်ချက်ချလိုက်သည်။ "ဒီလိုသေနည်းကို အကြိမ်ပေါင်းများစွာ စဉ်းစားဖူးတယ်၊ ဒါပေမဲ့ ကံကောင်းတာက အခု ပိုလွယ်သွားပြီလေ။ ငါ့ရဲ့ ကျန်ရှိနေတဲ့သက်တမ်းတစ်လျှောက် အေးအေးချမ်းချမ်း အိုမင်းသွားနိုင်မယ်လို့ မျှော်လင့်တယ်... မင်း ငါ့အလောင်းကို ပြင်ဆင်ပေးမယ်မလား။"
ဝိန်းရမ်ယဲ့၏ မျက်လုံးများထဲတွင် မည်သည့်ခံစားချက်ရှိနေမှန်း မသိနိုင်ပေ။ သူက ကျန်းကျဲလျိုကို ကြာရှည်စွာ ခံနိုင်ရည်ရှိခဲ့သော မီးတောင်တစ်ခုကဲ့သို့ စိုက်ကြည့်နေသည်။ "ခင်ဗျား ဘယ်မှာပဲသေသေ ကျွန်တော် ဂရုမစိုက်ဘူး။"
ဤနတ်ဆိုးက အမြဲတစေ နှလုံးသားထဲကစကားကို မပြောတတ်ပေ။ သူ ဂရုစိုက်လေလေ၊ သူ့နှလုံးသား နာကျင်လေလေပင်။ ကျန်းကျဲလျို အခြားသူများအတွက် ဤအရာများကို လုပ်ဆောင်ရန် မထိုက်တန်ဟု သူခံစားရလေလေ၊ နှစ်သိမ့်ဖို့ ပါးစပ်ဖွင့်ဟရန် သူငြင်းဆန်လေလေဖြစ်သည်။ သူ့နှလုံးသားထဲတွင် မီးလောင်နေသကဲ့သို့ဖြစ်နေသော်လည်း မီးလျှံများက ကျန်းကျဲလျို၏စကားများကြောင့် မီးငြိမ်းလာခဲ့သည်။ ယခုတွင် သေနေသောမီးပွားအနည်းငယ်သာ ကျန်တော့ပြီး ထိုမီးပွားများက သူ့နှလုံးသား၏နာကျင်မှုကို ကိုယ်စားပြုပေ၏။
"အကြင်နာမဲ့လိုက်တာ။" ကျန်းကျဲလျိုက နောက်တစ်ကြိမ် မှတ်ချက်ချသည်။ ထို့နောက် ကျယ်ပြန့်သောမိုးကုပ်စက်ဝိုင်းကို မော့ကြည့်ကာ အနက်ရောင်ကောင်းကင်တွင် တလက်လက်တောက်ပနေသော ကြယ်များကို မော့ကြည့်လိုက်သည်။ "မင်းက ငယ်ရွယ်ပြီး အရည်အချင်းရှိတယ်၊ မင်းအနာဂတ်က လွယ်ကူသင့်တယ်။"
သူစကားပြောလိုက်တိုင်း အကြီးတစ်ယောက်ကဲ့သို့ အမြဲပြောတတ်သော်လည်း ကျန်းကျဲလျိုအား တကယ်ပင်အသက်ကြီးသူတစ်ဦးဟု သတ်မှတ်နိုင်သည်။ သူသည် သူ့အဖေနှင့်အတူ လင်းရှောင်ဂိုဏ်းသို့သွားပြီး အာဏာနှင့် အကျိုးအမြတ်များအတွက် သဘောတူညီချက်တစ်ခုကို ဆွေးနွေးခဲ့ချိန်က ဝိန်းရမ်ယဲ့မှာ ငယ်ရွယ်ကာ တက်ကြွသော လူငယ်တစ်ဦးအဖြစ်သာ ရှိနေသေး၏။ သူငယ်ရွယ်စဥ်က ကျင့်ကြံရေးနှင့် ဓါးရေးမှာ ထိပ်တန်းရောက်ဖို့ကိုသာ စိတ်အားထက်သန်နေခဲ့သည်။
"ငါ့မှာသာ မင်းလိုမျိုး ဆက်ခံသူရှိရင် အိပ်မက်ကနေတောင် ပြုံးပြီး နိုးလာမှာ သေချာတယ်..."
သူ၏စကားများ မဆုံးခင်မှာပင် ဝိန်းရမ်ယဲ့က သူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး ထိုသို့သောစကားများ ပြောနေသည်ကို အလွန်မကျေမနပ်ဖြစ်နေပုံရသည်။
ကျန်းကျဲလျိုလည်း ဤအကြောင်းအရာကို ရှောင်ရှားကာ လက်ထဲရှိ ရေနွေးအိတ်ကိုလှည့်ရင်း ပြောလိုက်၏။ "ငါ့ရဲ့ ရှစ်တိလေးကလည်း ငယ်ရွယ်ပြီး အရည်အချင်းရှိတယ်။"
...ကျူ၀ူရှင်း?
ဝိန်းရမ်ယဲ့သည် ဘေးမှနားထောင်ရင်း တစ်ဖက်လူ၏ မျက်နှာအမူအရာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
"သူက ပေါ့ပေါ့ဆဆနေတတ်ပြီး ကျင့်ကြံတာနဲ့ စာပေလေ့လာတာမှာ သိပ်အားမစိုက်ထုတ်ဘူး။ အဲ့ဒီလိုဖြစ်နေပေမဲ့လည်း သူ့ကို ကျော်နိုင်ဖို့အတွက် ငါ အဆပေါင်းတစ်ရာ၊ အဆပေါင်းတစ်ထောင် ပိုကြိုးစားခဲ့ရတယ်။" ကျန်းကျဲလျို၏မျက်နှာက တည်ငြိမ်ပြီး အသံမှာ မထီမဲ့မြင်ဖြစ်ကာ ပေါ့ပေါ့ပါးပါး ပြောလာသည်။ "ရှစ်ရှုန်းတစ်ယောက်အနေနဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ ငါက အင်အားအကြီးဆုံးလူ မဖြစ်နိုင်တဲ့အချိန်မှာ ငါ့ရဲ့ ရှစ်တိကို ငါ့ရှေမှာရပ်ခိုင်းသင့်ရဲ့လား။"
မိုက်မဲသောငှက်က စောစီးစွာပျံသန်းသည်ဟူသော နိယာမကို သူငယ်စဉ်ကတည်းက နားလည်ခဲ့သည်။
"ခင်ဗျားရဲ့ရှစ်တိက ကျေးဇူးမသိတတ်တာ ဝမ်းနည်းစရာပဲ။" ဝိန်းရမ်ယဲ့က ပြောလာသည်။ "မဟုတ်ရင် ခင်ဗျားကို ကျုံးနန်တောင်ပေါ် တစ်ယောက်တည်း ပြောင်းရွှေ့ခိုင်းပါ့မလား။"
ကျန်းကျဲလျိုက ပြောလိုက်သည်။ "ငါက သွားချင်ခဲ့တာလေ။ ကျုံးနန်တောင်က ဘာဖြစ်နေလို့လဲ။ ပြီးတော့ မင်းကလည်း ငါ့ရဲ့ အိမ်နီးချင်းပဲမလား။"
ဝိန်းရမ်ယဲ့၏ မျက်လုံးထဲတွင် ဤသည်မှာ သူ၏ ရှစ်တိအတွက် ရိုးရှင်းသော ဆင်ခြေတစ်ခုသာ။ သို့သော် သူသည် ဆက်လက်၍ ငြင်းခုံခြင်း မပြုတော့ပေ၊ အကြောင်းမှာ သူနှင့်အတူရှိနေလျှင် ကျန်းကျဲလျို ဒုက္ခရောက်မည်မဟုတ်သည်မှာ သေချာသောကြောင့်ပင်။
လက်ဖက်ရည်မျက်နှာပြင်သည် ညလေကြောင့် အနည်းငယ် လှုပ်ရှားသွားပြီး အေးစက်သွားသည်။ ကျန်းကျဲလျိုက လက်ဖက်ရည်ခွက်ကို ကျောက်စားပွဲပေါ်တွင် တင်လိုက်၏။
"ဝူရှင်းက မာနကြီးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတယ်၊ တစ်ခုခုဖြစ်လာရင် ရင့်ကျက်ချင်မှ ရင့်ကျက်လိမ့်မယ်။" ကျန်းကျဲလျိုသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "ငါ အရာအားလုံးကို လွှတ်ချလိုက်ပြီ၊ အခု အနာဂတ်က ဘယ်လိုဖြစ်မယ်ဆိုတာ မသိတော့ဘူး။"
ဝိန်းရမ်ယဲ့ မကြားရက်နိုင်တော့ဘဲ သူ့လက်ထဲရှိ သေရည်ခွက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ရာ ၎င်းက ကွဲအက်သွားခဲ့သည်။ ထို့နောက် သူက အသစ်တစ်ခွက် ထုတ်ယူကာ မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားရဲ့ဆရာက ခင်ဗျားကို ကောင်းကောင်းပြုစုပျိုးထောင်ခဲ့တာပဲ။ ခင်ဗျားကို အစွမ်းကုန် ကျင့်ကြံခိုင်းပြီး သေခိုင်းတယ်..."
ကျန်းကျဲလျို သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ထပ်ပြီး စိတ်ဆိုးပြန်ပြီ၊ ငါ ဘာပြောမှ မင်း စိတ်မဆိုးမှာလဲ။"
ဝိန်းရမ်ယဲ့မှာ သူ၏စိတ်အခြေအနေကို အလွန်အမင်း ပြင်းထန်စွာ ပြောင်းလဲသွားမည်ဟု မထင်ခဲ့ဘဲ တစ်ဖက်လူက ထောက်ပြမှသာ အသိစိတ်ပြန်ကပ်နိုင်ခဲ့သည်။ သူ လက်ကိုဆန့်တန်းကာ တစ်ဖက်လူ၏ အေးစက်နေသော လက်ချောင်းထိပ်များကို ဆုပ်ကိုင်လိုက်ရင်း ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် တီးတိုးပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ကုသပေးမယ်။"
ကျန်းကျဲလျိုက သူ့ကို ကြည့်နေပြီး မျက်လုံးများမှာ နက်မှောင်ကာ အောက်ခြေမရှိသည့် တည်ငြိမ်သော ရေကန်တစ်ခုကဲ့သို့ဖြစ်ပြီး ထိုအထဲတွင် ရေခဲရေအေးများမှလွဲ၍ ဘာမှမရှိပေ။
"ခင်ဗျား အမြဲတမ်း ဘယ်လိုသေရမလဲဆိုတဲ့အကြောင်းကို စဉ်းစားနေတာ ရပ်ပေးလို့ရမလား။" နတ်ဆိုးအရှင်မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာ၏။ "ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုသာ စဉ်းစားစမ်းပါ။"
ကျန်းကျဲလျိုတစ်ယောက် စကားပြန်မပြောဘဲ သူ၏သေရည်ခွက်ကိုကျော်ကာ မီးဖိုငယ်ပေါ်ရှိ အနံ့ပြင်းသော သေရည်ပူကို သစ်သားဇွန်းဖြင့် ခပ်ယူပြီး သူ့လက်ဖက်ရည်ခွက်ထဲသို့ ထည့်လိုက်သည်။
သူ၏လှုပ်ရှားမှုများက ချောမွေ့ပြီး သဘာဝကျလှသောကြောင့် ဤလုပ်ရပ်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မခံစားရချေ။ အင်္ကျီလက်မှ ထွက်နေသော လက်ကောက်ဝတ်သည် သွယ်လျ၍ ကျဉ်းမြောင်းကာ ဖြူရော်ပြီး အရောင်မဲ့နေသည်။ သူ၏လက်သည်းများကတောင် နုနယ်ကာ ကြည်လင်နေ၏။ သူက ခံစားချက်ရှိကာ အသက်ရှင်နေသော လူသားတစ်ဦးထက် ဖြူဆွတ်နေသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ပန်းပုရုပ်တစ်ခုနှင့် ပိုတူသည်။
သေရည်ပူသည် လက်ဖက်ရည်ခွက်ထဲသို့ ရောက်သွားပြီး ကျန်းကျဲလျို သစ်သားဇွန်းကို ချလိုက်သောအခါမှသာ ဝိန်းရမ်ယဲ့က ထူးဆန်းသောအရာတစ်ခုကို သတိပြုမိပြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ "ခင်ဗျား သောက်လို့မရဘူး။"
လက်ဖဝါးထဲရှိ ခန္ဓာကိုယ်အပူချိန်မှာ အလွန်နိမ့်ပြီး လက်ကောက်ဝတ်ရိုးက သွယ်လျသောကြောင့် အနည်းငယ်ထိလိုက်ရုံဖြင့် ကျိုးသွားနိုင်သကဲ့သို့ဖြစ်နေသည်။
"သေရည်က အရမ်းမွှေးတယ်။" ကျန်းကျဲလျိုက ပြောလိုက်သည်။ "ငါ့ကို မြည်းခိုင်းစမ်းပါ။"
"ခင်ဗျား ကျန်းမာရေး မကောင်းဘူးဆိုတာ မသိဘူးလား။ ကျန်းကျဲလျို..."
သူ၏စကားများ မဆုံးခင်မှာပင် မျက်နှာချင်းဆိုင်ရှိ ဖြူဖွေးသောဆံပင်နှင့် နှင်းဖြူရောင်အသားအရေရှိသော ကျန်းကျဲလျိုမှာ ကိုင်းညွတ်ကာ သူ့အနားသို့ ချဉ်းကပ်လာပြီး သူ့ကို အပြုသဘောဆောင်သော အလှတရားဖြင့် တိုက်ခိုက်လိုက်သည်။
တစ်ဖက်လူ၏အသက်ရှူသံက အေးစက်နေပြီး နှင်းကျသောနေ့ရက်များတွင် တိုက်ခတ်သည့်လေပြည်ပမာ။
"ဘာမှလုပ်လို့မရဘဲ ရှင်သန်ဖို့လည်း ကြိုးစားရဦးမယ်၊ အဲ့ဒါက ဘာအဓိပ္ပာယ်ရှိမှာတဲ့လဲ။"
သူ၏အသံက နူးညံ့နေသော်လည်း အလွန်လေးလံနေသည်။ ဝိန်းရမ်ယဲ့က ခဏတာစဉ်းစားပြီးမှ ဤဝါကျသည် စောစောက သူပြောလိုက်သည့်စကားကို တုံ့ပြန်ခြင်းဖြစ်ကြောင်း သဘောပေါက်လာသည်။
...ကျန်းကျဲလျို ပြောတာ အဓိပ္ပါယ်ရှိပေမဲ့ တစ်ခုခုကတော့ မှားနေတယ်...
ဤအခွင့်အရေးကိုယူ၍ ကျန်းကျဲလျိုက လက်ဖက်ရည်ခွက်ထဲရှိ သေရည်ပူကို မှုတ်လိုက်ကာ နတ်ဆိုးလောကမှသေရည်ကို မြည်းစမ်းလိုက်သည်။
ချိုမြိန်လိုက်တာ။
အံ့သြစရာပဲ။
ဝိန်းရိမ်ယဲ့ခမျာ တစ်စက္ကန့်လောက်သာ အကြည့်လွှဲလိုက်စဥ် ထိုသူက တစ်ခွက်လုံး အကုန်သောက်သွားပြီး ဘာမှမလုပ်ခဲ့သကဲ့သို့ တည်ငြိမ်စွာ ခွက်ကိုပြန်ချလိုက်သည်အား တွေ့လိုက်ရလေ၏။
ဝိန်းရမ်ယဲ့က သူ၏ဘေးတစောင်းပုံရိပ်ကို ကြည့်လိုက်ပြီးနောက် မီးဖိုပေါ်ရှိသေရည်ပူကို တစ်ချက်ကြည့်လိုက်ရာ သူ၏စိတ်သည် ကြောင်ခြစ်ထားသော သိုးမွေးလုံးတစ်ခုကဲ့သို့ ဖြစ်သွားပြီး ခဏအကြာတွင် ပြောလိုက်တော့သည်။
"ကျန်းကျဲလျို"
"အွန်?"
"ဒီသေရည်က အရမ်းပြင်းပြီး အာနိသင်က ပိုလို့တောင်ပြင်းတယ်။"
"ဟုတ်လား။" ကျန်းကျဲလျို ခဏရပ်ကာ ပြောလိုက်သည်။ "ငါတော့ ဘာမှ မခံစားရဘူး။"
"ခင်ဗျား သောက်တဲ့တစ်ခွက်က နတ်ဆိုးလောကက နတ်ဆိုးကြီး သုံးလေးငါးကောင်ကိုတောင် လဲသွားစေနိုင်တယ်။"
"..."
ခဏအကြာတွင် ဝိန်းရမ်ယဲ့တစ်ယောက် စိတ်ပျက်သွားသည့်ဟန်ဖြင့် မျက်လုံးများကို လှည့်လိုက်သည်အား မြင်လိုက်ရတာကြောင့် ကျန်းကျဲလျို ညင်သာစွာ မေးခွန်းထုတ်လိုက်သည်။ "ဒါဆို ဘာလို့ချိုနေရတာလဲ။"
နတ်ဆိုးအရှင်မှာ ခေါင်းကိုက်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ "အရသာနဲ့ သူ့ရဲ့ပြင်းအားက ဘာဆိုင်လို့လဲ၊ ခင်ဗျား... အဆင်ပြေရဲ့လား။"
တစ်ဖက်လူကား ပြန်မဖြေတော့ပေ။
ဝိန်းရိမ်ယဲ့က စိတ်ပူနေသော်လည်း ကျန်းကျဲလျိုကတော့ ထိုနေရာ၌ တိတ်တဆိတ်ထိုင်ကာ ကြယ်ကြွေမည်ကို စောင့်ကြည့်နေခဲ့သည်။ ဝိန်းရမ်ယဲ့မှာ ထိုလူသည် သူ၏သေရည်ကို အခွက်တစ်ထောင်လောက် သောက်နိုင်သည်ဟု တွေးလိုက်မိ၏။ သူ ထိုသူ့အား ထင်းရှူးသားအဆောက်အအုံသို့ ပြန်ခေါ်သွားဖို့တွေးနေစဥ် တစ်ဖက်လူ၏ အမြဲတမ်း မှောင်မိုက်ပြီး မှိုင်းညို့နေသော မျက်လုံးများတွင် အနည်းငယ် စိုစွတ်နေသည်ကို သတိပြုမိလိုက်သည်။
ထိုသူ၏ ဖြူရော်ပြီး အရောင်မဲ့လုနီးပါးရှိသော နှုတ်ခမ်းများက နီရဲနေပြီး နားရွက်ဖျားများသည်လည်း အလွန်အမင်း ရဲတောက်နေသည်။
ဝိန်းရမ်ယဲ့ ထိုသူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရင်း အာရုံစိုက်မှုမရှိသော မျက်လုံးများကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ခင်ဗျား မူးနေတာလား။"
ကျန်းကျဲလျို မျက်တောင်ခတ်လိုက်ပြီး နှေးကွေးစွာ အသိစိတ်ပြန်ကပ်လာသည်။ သူ ထရပ်လိုက်ပြီး ခြေလှမ်းလှမ်းလိုက်ချိန်၌ သူ့အိမ်နီးချင်းကောင်း၏ လက်မောင်းထဲသို့ လဲကျသွားပြီး အဖိုးတန်သော ကြွေပန်းအိုးလေးနှယ်။
သူက နတ်ဆိုးလောကတစ်ခုလုံးနှင့်ညီမျှသော ကြွေပန်းအိုးနှင့်ပိုတူပြီး အလွန်အဖိုးတန်လွန်းသဖြင့် သာမန်လူများက ထိတွေ့ရန် မဝံ့ရဲကြပေ။
ဝိန်းရမ်ယဲ့ သူ့ကို တည်ငြိမ်စွာ ထိန်းကိုင်လိုက်ပြီး လက်တစ်ဖက်ကို သူ့ခါး၌ရစ်ပတ်ကာ ပွေ့ဖက်ထားလိုက်သည်။ တစ်ဖက်တွင်မူ ကျန်းကျဲလျို၏ လက်ရှိကျန်းမာရေးအခြေအနေက သိပ်မဆိုးလာသည်ကို ခံစားမိသောကြောင့် ဝိန်းရမ်ယဲ့က သူ၏နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ခင်ဗျားက နှစ်ပေါင်းများစွာ သတိထားခဲ့ပေမဲ့ ကျွန်တော်နဲ့ရှိနေတဲ့အချိန် ဘယ်လိုလုပ်ပြီး သတိလက်လွတ်နိုင်ရတာလဲ။"
ကျန်းကျဲလျို၏ ခန္ဓာကိုယ်အပူချိန်က အလွန်နိမ့်နေကာ ယခုအချိန်မှာ သူက အိပ်ချင်နေပုံရပြီး သူ၏လက်များကို တစ်ဖက်လူ၏လည်ပင်းတွင် ရစ်ပတ်လိုက်သည်။
ဝိန်းရမ်ယဲ့၏ နှလုံးသားထဲရှိ သမင်ငယ်လေးက ခုန်ပေါက်လာပြီး တစ်ဖက်လူ၏ နှင်းကဲ့သို့သော အသက်ရှူသံများဖြင့် လုံးဝသက်ရောက်သွားခဲ့သည်။ သမင်ငယ်လေးမှာ ခုန်ပေါက်လွန်းလို့ ၎င်း၏ဦးချိုတောင် ကျိုးလုမတတ်ပင်။ သူက အသက်ပြင်းပြင်းရှူသွင်းကာ ကျန်ကျဲလျိုကို ပွေ့ချီလိုက်သည်။
"ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်လို့မရဘူးလား။ အဲ့ဒီကျူ၀ူရှင်းကိုပဲ နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးနေခဲ့တာ၊ ခင်ဗျား..."
ဝိန်းရမ်ယဲ့ စကားများကို ပြောမထွက်တော့ပေ။
သူက 'ခင်ဗျား ကျွန်တော့်ကို တွေးပေးလို့မရဘူးလား။' ဟု ပြောချင်ခဲ့သည်။ သို့သော် စကားများက သူ့နှုတ်ဖျားကိုရောက်လာသောအခါ သူက 'အိမ်နီးချင်းကောင်း' တစ်ယောက်မျှသာဖြစ်ကြောင်း သတိရသွားပြီး တစ်ဖက်လူအား သူ့အတွက် ရှင်သန်နေပေးဖို့ ပြောပိုင်ခွင့်မရှိချေ။
ထို့ပြင် ဒီမတိုင်မီက ကျန်းကျဲလျိုသည် သူ့ကို မသိခဲ့သလို သူ့ကိုလည်း လုံးဝ မမှတ်မိခဲ့ပေ။ သူ ထိုသူနှင့် အတူရှိနေနိုင်ခဲ့သည်မှာ သူ၏အားနည်းချက်ကို အခွင့်အရေးယူခဲ့သကဲ့သို့ဖြစ်နေသည်။
ဝိန်းရမ်ယဲ့က လက်ကိုဆန့်တန်းကာ သူ၏ နီရဲနေသော နားရွက်များကို ထိလိုက်ပြီး တစ်ခုခုကို တွေးမိသကဲ့သို့ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ခင်ဗျားက ချိုတဲ့အရာတွေကိုစားဖို့ မွေးဖွားလာတာ မဟုတ်ဘူးထင်တယ်။"
ဝိန်းရမ်ယဲ့ တစ်ဖက်လူကို အိမ်ပြန်ခေါ်သွားချိန်၌ အချိန်စောနေသေးပြီး ချန်းချန်ရော အာချူးရော အိပ်မပျော်ကြသေးပေ။
မိစ္ဆာငယ်လေးနှစ်ကောင်က အမတကောကော မူးနေကြောင်းသိသောကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အသံတိုးတိုးသာ ပြောရဲကြသည်။ အာချူးသည် ချန်းချန်က အမူးပြေဟင်းချို ချက်နေသည်ကို ကြည့်ကာ လက်နောက်ပစ်၍ အဆောင်ငယ်လေးထဲတွင် လမ်းလျှောက်နေခဲ့သည်။ သူက သူ့ဘာသာသူ တီးတိုးရေရွတ်ပြီးနောက် နတ်ဆိုးအရှင်အား အမတကောကောကို အနီးကပ်စောင့်မကြည့်နေသည့်အတွက် ဆူပူလိုက်သည်။
ဝိန်းရမ်ယဲ့မှာ သူမှားကြောင်းသိနေသောကြောင့် အာချူး မည်သို့ဆဲဆိုနေပါစေ ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူက နာမကျန်းဖြစ်ပြီး မူးနေဆဲဖြစ်သော မိုးမခပင်ပျိုလေးကို စောင်ခြုံပေးကာ သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။
မူလတွင် အရာအားလုံး ကောင်းမွန်နေသော်လည်း နံနက်စောစော၌ ကျန်းကျဲလျိုတစ်ယောက် အကြောင်းမယ်မယ်ရရမရှိဘဲ ဖျားနာလာသည်။ ဤတစ်ကြိမ်တွင် ချန်းချန်ပင် ငြိမ်သက်စွာ မထိုင်နိုင်တော့ချေ။
ဝိန်းရမ်ယဲ့က သူ၏နတ်ဆိုးခန္ဓာကို ကြားခံအဖြစ် အသုံးပြု၍ ဝိညာဉ်စွမ်းအင်တချို့အား သူ့ထဲလွှဲပြောင်းပေးခဲ့သည်။ ကြာမြင့်စွာ လေ့လာပြီးနောက် ဖျားနာရသည့် အကြောင်းရင်းကို သူနားမလည်ဘဲ နတ်ဆိုးသေရည်၏ ပါဝင်ပစ္စည်းများကိုပင် သံသယဝင်ခဲ့သည်။
ကျန်းကျဲလျို နိုးလာသည်အထိပင်။
သူ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားနေရပြီး သူနိုးလာသော်လည်း မထချင်ခဲ့ပေ။ သူက ဝိန်းရမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပြန်လှည့်ကာ ပြန်အိပ်လိုက်သည်။
သူ့ခန္ဓာကိုယ်အပူချိန်က နဂိုကတည်းက အလွန်နိမ့်နေပြီးသားဖြစ်သော်လည်း ယခု ကိုယ်ပူလာသောအခါ ခြားနားမှုက ပို၍ကြီးမားလာကာ လူကို လုံးဝ စိတ်မသက်မသာဖြစ်စေသည်။ ဝိန်းရမ်ယဲ့က သူနိုးလာသည်ကို မြင်သောကြောင့် ကိုင်းညွတ်ကာ သူ၏မျက်နှာကို ထိလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "တစ်ခုခု ဖြစ်နေတာလား။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ပူနေတယ်၊ ဘာလို့လဲတော့ ကျွန်တော်လည်း မသိဘူး။"
သူကား အနည်းငယ် စိုးရိမ်နေပုံရသည်။
ကျန်းကျဲလျိုက နှေးကွေးစွာတုံ့ပြန်လာပြီး အလွန်အမင်း အိပ်ချင်နေသော မျက်ခွံများကိုဖွင့်ကာ ဦးခေါင်းကိုလက်ဖြင့်ထောက်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး။"
"ဘာမှမဖြစ်ဘူး?"
"ကောင်းကင်ဝိညာဉ်ခန္ဓာ။" ကျန်းကျဲလျိုက အတိုချုံးပြောလိုက်သည်။ "အဲ့ဒါက ကလေးလိုချင်နေတာ။"
ဝိန်းရမ်ယဲ့: "???"
ယခင်ကဆိုလျှင် သူ့၌ ကျင့်ကြံရေးအဆင့်ရှိပါက ၎င်းကို ဖိနှိပ်နိုင်သော်လည်း ယခု သူ့မှာ ဝိညာဥ်စွမ်းအင်မီးတောက်လေးတောင် မရှိတော့သောကြောင့် သူ၏ အထူးရုပ်ခန္ဓာ၏လက္ခဏာများကို သဘာဝကျကျ ဖိနှိပ်နိုင်မည်မဟုတ်ပေ။
ကျန်းကျဲလျိုက ထိုသို့ပြောပြီးနောက် ဘာမှဂရုမစိုက်တော့ဘဲ အားလုံးက မည်မျှရှုပ်ထွေးကြောင်း လုံးဝလျစ်လျူရှုထားပုံပင်။
ဝိန်းရမ်ယဲ့က အချိန်အတော်ကြာ မှင်တက်နေပြီး အိပ်ပျော်နေသော နာမကျန်းဖြစ်နေသည့် အလှလေးကို စိုက်ကြည့်နေရင်း တစ်ဖက်လူ စောစောကပြောလိုက်သော စကားများမှာ သူ၏စိတ်ထဲတွင် လှည့်ပတ်နေသည်။ သူ ကျန်းကျဲလျို၏ဦးခေါင်းကိုဖွင့်ကာ ဘာပေါက်ကရများပြောခဲ့သနည်းဟု ရှာဖွေသင့်သည်လော သို့မဟုတ် သူ့ကိုယ်ပိုင်ဦးခေါင်းကိုဖွင့်ကာ သူ၏အကြားအာရုံက ပုံမှန်ဟုတ်ရဲ့လားဟု စစ်ဆေးသင့်သည်လော။
သူ ခဏတာ တိတ်ဆိတ်နေရန် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်ဖိအားပေးလိုက်ပြီးနောက် အတော်လေး ခက်ခဲသော မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"... အဲ့ဒါကို ဂရုမစိုက်ဘူးလား။"
ဝိန်းရမ်ယဲ့ အစပိုင်း၌ အဖြေပြန်ရမည်ဟု မထင်ခဲ့သော်လည်း ခဏအကြာတွင် ကျန်းကျဲလျို၏ ဝိုးတဝါးနှင့် အိပ်ချင်နေသော အသံကို ကြားလိုက်ရသေးသည်။ "အင်း၊ အဆင်ပြေပါတယ်။"
ထို့နောက် သူက ထပ်မံ တီးတိုးပြောလိုက်သည်။ "စကားမပြောနဲ့တော့၊ ငါ အိပ်ဦးမယ်..."
ဤနာမကျန်းဖြစ်နေသော မိုးမခပင်ပျိုလေးသည် အချိန်တော်တော်ကြာ အိပ်စက်တတ်ပြီး သူ့ကို အနှောင့်အယှက်ပေးပါက စိတ်ဆိုးတတ်သည်။
ဝိန်းရမ်ယဲ့ နောက်ထပ် စကားမပြောတော့ဘဲ သူ၏စိတ်ထဲတွင် အချိန်အတော်ကြာ ရှုပ်ထွေးနေပြီး စောင်နှင့် တစ်ဖက်လူ၏အတွင်းခံအင်္ကျီကို စိုက်ကြည့်နေခဲ့၏။ နတ်ဆိုးကြီး၏ အကြည့်များက နေုက်ဆုံးတော့ တစ်ဖက်လူ၏ ဝမ်းဗိုက်နေရာသို့ လျှို့ဝှက်ဆန်းကြယ်စွာ ရွေ့လျားသွားခဲ့သည်။
...သူ့ခန္ဓာကိုယ်က လိုချင်တယ်၊ ကလေးလိုချင်နေတာ...?
သူ ကောင်းကင်ဝိညာဉ်ခန္ဓာအကြောင်း ကြားဖူးသော်လည်း ဤအရာက အဘယ်နည်း။
ဝိန်းရမ်ယဲ့တစ်ယောက် သူ၏ နတ်ဆိုးဘဝကား ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။
***
Aurora Novel Translation Team