ကျန်းကျဲလျိုမော့ကြည့်လိုက်ရာ လီကျန်း၏ အနီရောင်မျက်လုံးများက သူ့အား တည့်တည့်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏စိတ်ခံစားမှုများက ရှုပ်ထွေးပြင်းထန်နေ၏။ ကျန်းကျဲလျိုအား ခြေလက်များပျောက်ဆုံးမနေကြောင်း တွေ့ရတော့မှသာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
ကျန်းကျဲလျိုတစ်ယောက် မြွေနက်လေးကို သူ့ရင်ခွင်ထဲကနေ ဖယ်ထုတ်ရန်သာ အချိန်ရခဲ့ပြီး မိစ္ဆာနယ်မြေကနေ အပြေးပျံသန်းလာသော ကျူးချွဲ့ကျန်းကျွင်း၏ပွေ့ဖက်ခြင်းကို ခံလိုက်ရ၏။ ပြင်းထန်သော နှလုံးခုန်သံက အဝတ်အစားများမှတစ်ဆင့် ပြင်းထန်စွာ ထွက်ပေါ်လာပြီး တုန်ခါမှုက တစ်ဖက်လူ၏ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်လာစေခဲ့သည်။
"ဒီလောက်အန္တရာယ်များတာကို မင်းဘာလို့လုပ်ခဲ့ရတာလဲ။"
လဲ့ကျန်းက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး နောက်ဆုံးတော့ သူ စိတ်အေးသွားခဲ့သည်။ အပြစ်ရှိစိတ်ဖြင့် သူလွှတ်လိုက်ပြီးနောက် သူ၏နှင်းဖြူရောင်ဆံပင်များကို လှမ်းကိုင်လိုက်ချိန် သူ၏လက်ချောင်းထိပ်လေးများ တုန်ခါသွားခဲ့သည်။ ခဏအကြာတွင် တံတွေးမျိုချလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။
"မင်း ငါနဲ့အတူ မိစ္ဆာနယ်မြေကို လိုက်ခဲ့၊ အဲ့ဒီအမှိုက်ကောင်ကျူဝူရှင်းက မင်းအပေါ်ကို တစ်ခုခုလုပ်ခဲ့တာလား။ သူ့ကို ကာကွယ်ပေးနေတာကို ရပ်လိုက်တော့၊ ငါ မင်းပြန်ကောင်းလာအောင် ကူညီပေးမယ်..."
ကျန်းကျဲလျိုက နောက်ဆုံးစကားအချို့ကို လုံးဝနားမထောင်ဘဲ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတော့ ပြောလိုက်၏။ "... ငါ့တံခါး။"
...ကျိုးသွားပြန်ပြီ။
သူ၏တံခါးကိုပြင်ပေးရန် ယဉ်ကျေးစွာ သတိပေးဖို့ သူမည်သို့ပြောရမည်မှန်းမသိတော့ပေ။
ယင်းအကြောင်းကို ခဏမျှတွေးနေစဉ် အဆောက်အအုံငယ်လေး၏ ကျိုးနေသော သစ်သားတံခါးဘေး၌ နောက်ထပ်ပုံရိပ်တစ်ခုပေါ်လာ၏။
စကားတွေအများကြီးပြောခဲ့သော လဲ့ကျန်းက ရုတ်တရက် ရပ်တန့်သွားသည်။ သူ ပြင်းထန်သောသတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် ဖြည်းဖြည်းချင်း ခပ်မတ်မတ်ရပ်လိုက်ကာ တံခါးဘက်ကို ခေါင်းလှည့်ကြည့်လိုက်၏။
တစ်ကိုယ်လုံး အနက်ရောင်အဝတ်အစားနှင့် ခရမ်းရောင်မျက်လုံးရှိသော နတ်ဆိုးကြီးက တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။ သူက လက်ကောက်ဝတ်ကို မသိမသာလှည့်နေပုံပင်။ သူ၏လူသားအရေပြားအောက်မှာ အနက်ရောင်ချွန်မြမြလက်သည်းများနှင့် လက်ချောင်းများက အရိုးများငေါထွက်လာတော့မလို လက်သီးဆုပ်ထား၏။
သူ့တစ်ကိုယ်လုံးက ရန်လိုမုန်းတီးမှုများနှင့် လူသတ်ချင်စိတ်များ ပြည့်နှက်နေသော်လည်း ကျန်းကျဲလျိုအနား ရောက်သွားချိန်တွင် ဘာမှမဖြစ်ခဲ့သလို ထိုအရာများအားလုံး ပျောက်ကွယ်သွားခဲ့၏။
နတ်ဆိုးများက နတ်ဆိုးများဖြစ်သည်။ နတ်ဆိုးများက အမြဲတမ်း အကျည်းတန်ကာ ကြောက်စရာကောင်း၏။
လဲ့ကျန်းက တစ်ဖက်လှည့်၍ ကျန်းကျဲလျို၏အရှေ့မှာ ရပ်တန့်လိုက်သည်။ သူ့မျက်လုံးထဲ၌ ချော်ရည်လို ပွက်ပွက်ဆူနေသော အနီရောင်မျက်လုံးတစ်စုံက မီးတောက်မတတ် နီရဲနေသည်။ သူက နှုတ်ခမ်းကိုက်၍ ရန်ငြိုးအပြည့်လေသံဖြင့် ပြောလိုက်၏။
"မင်းက ဘာလို့ ဒီမှာရှိနေတာလဲ။"
ဝိန်းရမ်ယဲ့က ကျင့်ကြံရေးနောက်တစ်ဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဆိုးလောကကို အုပ်စိုးသော ကျင်းရှန့်အဆင့်တစ်ဝက် ဖြစ်လာကြောင်း မကြာသေးမီကပင် သူသိခဲ့ရ၏။ အတိတ်တုန်းကသာဆို သူ ဝိန်းရမ်ယဲ့ကို တိုက်နိုင်သော်လည်း ယခုအချိန်၌ မသေချာတော့ပေ။
ထို့အပြင် ပုံမှန်အားဖြင့် မိစ္ဆာလာကက မည်သည့်သတင်းကိုမဆို နောက်ဆုံးမှသိရသဖြင့် သူက အဘယ့်ကြောင့် ဤနေရာမှာရှိနေရသနည်း။
ကျုံးနန်တောင်မှာ အခြားဘာမှမရှိဘဲ သူ့မိတ်ဆွေကောင်း၏ အလှတရားသာရှိသည်။
လဲ့ကျန်းတစ်ယောက် ချက်ချင်းနီးပါး အဖြေကိုရှာဖွေတွေ့ရှိခဲ့၏။ သူက ကျန်းကျဲလျိုအရှေ့မှာ ပိတ်ရပ်ကာ သူ့နှလုံးသားထဲတွင် ဝိန်းရမ်ယဲ့က အချစ်ပြိုင်ဖက်ခေါင်းစဉ်ထဲသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။ သူက လက်ကိုအောက်ချ၍ သူ၏ခါးထက်မှ မီးလျှံဓားကို ဆုပ်ကိုင်လိုက်၏။
သူ့ဓားကိုဆွဲမထုတ်ခင် အနောက်မှ ကျန်းကျဲလျိုအသံကို ကြားလိုက်ရ၏။
"လဲ့ကျန်း? တော်တော်လေးပူတယ်။"
လဲ့ကျန်း၏ခန္ဓာကိုယ်အပူချိန်က သူ့စိတ်ခံစားမှုများနှင့်အတူ ပြောင်းလဲတတ်သည်။ ယခုအချိန်၌ သူက အလွန်အမင်း စိတ်ပူကာ စိတ်လှုပ်ရှားနေ၍ အပူချိန်က သေမျိုးများ၏သည်းခံနိုင်စွမ်းထက် ကျော်လွန်လုနီးပါးပင်။ အတိတ်တုန်းက ကျန်းကျဲလျိုသည် အအေးနှင့် အပူဒဏ်ကို ခံနိုင်ရည်ရှိပြီး သဘာဝအားဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ မြင့်မားသော အပူချိန်ကို မခံစားနိုင်သော်လည်း ယခုအခါ ဤအပူချိန်က သူ၏ကန့်သတ်ချက်ထက် ကျော်လွန်နေပေသည်။
လေသံအရ ဤစကားလုံးများမှာ လေးနက်မှုမရှိသော်လည်း လဲ့ကျန်း၏အတွေးများအားလုံး ရပ်တန့်သွားကာ စိတ်ဝိညာဉ်က ရုတ်တရက် ပြေလျော့သွားခဲ့သည်။
အပူချိန် သိသိသာသာ ကျဆင်းသွားပြီးနောက် နတ်ဆိုးကြီးက လက်ဆန့်ထုတ်၍ သူ့ပခုံးကိုဖိကာ သူ့ကို ဘေးသို့ဖယ်ထုတ်လိုက်လေ၏။ ကျူးချွဲ့ကျန်းကျွင်း၏ အရိုးများမှာ ကျိုးကြေလုနီးပါး ဖြစ်သွားပြီး အရိုးများကွဲအက်သည့်အသံတောင် ထွက်ပေါ်လာခဲ့သည်။
ဝိန်းရမ်ယဲ့က ကျန်းကျဲလျိုဘေးတွင် ဘာမှမဖြစ်ခဲ့သလို ထိုင်ချကာ အခုလေးတင်မှ ငှက်ကို အမှုန့်ကြိတ်လုနီးပါးလုပ်ခဲ့သူမှာ သူမဟုတ်သကဲ့သို့ ကျန်းကျဲလျိုအား ပြောလိုက်၏။ "ကျုံးနန်တောင်နောက်က ရေပူစမ်းကို ကျွန်တော်ရှင်းခဲ့တယ်။"
"အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အိမ်နီးချင်းကောင်းလေး။" ကျန်းကျဲလျိုက သူ့ကို ထုံးစံအတိုင်း ခေါ်လိုက်ပြီး သူ့ဘေးနားက လဲ့ကျန်းကို ကြည့်လိုက်၏။ "မင်းတို့က အချင်းချင်းသိကြတာလား။"
ဝိန်းရမ်ယဲ့က တစ်ချက်ကလေးတောင် အကြည့်မလွှဲဘဲ နှုတ်ခမ်းသပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ အန္တရာယ်ရှိသောသတ်ဖြတ်လိုစိတ်တို့ကို ထုတ်လွှတ်နေခဲ့သည်။ "ကျွန်တော်တို့ တစ်ခါတွေ့ဖူးတယ်။"
ကျန်းကျဲလျိုက ခေါင်းညိတ်ပြီး လဲကျန်းကို ပြောလိုက်၏။ "ငါဒီမှာ အဆင်ပြေတာမို့ ပြန်သွားစရာမလိုဘူး။ မင်းကို အနှောင့်အယှက်ပေးစရာလည်း မလိုသလို မိစ္ဆာနယ်မြေဆီကိုလည်း မသွားဘူး။"
လဲ့ကျန်း၏နားရွက်နောက်မှ ထောင်နေသော အနီရောင်အမွေးများက အကြိမ်အနည်းငယ် တုန်ခါသွားကာ ကျန်းကျဲလျို၏ အသွင်အပြင်ကို မျက်မှောင်ကြုတ်ကြည့်ရင်း မကွဲပြားသလို ပြောလိုက်၏။ "ဒါက ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာလဲ။ မင်းရဲ့ဒီအိမ်နီးချင်းက ကောင်းတဲ့လူမဟုတ်ဘူး၊ မင်း သူ့ဆီကနေ အစားခံရမှာကို မကြောက်ဘူးလား!"
ကျန်းကျဲလျိုတစ်ယောက် ပြန်ဖြေဖို့အခွင့်အရေးမရလိုက်ဘဲ ဝိန်းရမ်ယဲ့က ဘေးကနေ လှောင်ပြောင်လိုက်ပြီး သူ့လေသံက အေးစက်နေ၏။ "ကျူးချွဲ့ကျန်းကျွင်း၊ ခင်ဗျား တခြားသူတွေအကြောင်းမပြောခင် ကိုယ့်ရဲ့ မျိုးစိတ်ကို အရင်ကြည့်သင့်တယ်။"
လဲ့ကျန်းမှာ ထိုစကားတစ်ခွန်းတည်းဖြင့် ကြီးကြီးမားမားထိခိုက်သွားပြီး သူ့ပခုံးထက်ရှိအမွေးများကနေ မီးပွားများထပ်မံပေါ်လာပြီး စားပွဲကိုရိုက်ချလိုက်သည်။ ထို့နောက် သူက ဝိန်းရမ်ယဲ့ကို ကြည့်လိုက်သည်။
လေထုက တင်းမာနေချိန်၌ နံ့ဘေးမှ ချောင်းဆိုးသံ အနည်းငယ်ထွက်ပေါ်လာ၏။
အသံက အလွန်အားနည်းပြီး ဖိအားမရှိသော်လည်း နှစ်ဦးသား၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်လိုက်ကာ ရေခဲရေထဲ အနှစ်ခံလိုက်ရသလို အပြည့်အဝနိုးကြားသွားခဲ့သည်။
ကျန်းကျဲလျိုက လဲ့ကျန်း၏ခန္ဓာကိုယ်အပူချိန်ကြောင့် ဒဏ်ရာရရှိသွားခဲ့၏။ သူ ခံနိုင်ရည်ရှိမည်ဟု ထင်ခဲ့သော်လည်း သူ၏ဒဏ်ရာက ပေါ်ပေါက်လာခဲ့သည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှ အနီရောင်တောက်တောက်သွေးများကို သုတ်လိုက်ပြီး သူ၏ကိုယ်တွင်းအင်္ဂါများက ပူလောင်ကာ နာကျင်လာခဲ့၏။
သို့သော် သူက မျက်မှောင်ကြုတ်ရုံသာ ကြုတ်ထားပြီး နာကျင်မှုကို များများစားစားမတုံ့ပြန်ခဲ့ပေ။ ထို့နောက် နှစ်ယောက်သား ငြင်းခုံမနေတော့တာကို မြင်လိုက်ရသဖြင့် ပျက်စီးသွားသော တံခါးဆီသို့ လက်ညှိုးထိုး၍ ပြောလိုက်၏။ "ရှောင်ကျူးချွဲ့၊ မင်းက ငါ့တံခါးကို ဖျက်ဆီးလိုက်တာ။"
"အဲ့ဒါက တံခါးတစ်ခုပဲ မဟုတ်ဘူးလား။ ငါ မင်းကို မိစ္ဆာလောကရဲ့ ဝမ်လင်နန်းတော်ကို ပေးမယ်..."
"ငါ့တံခါးကို ပြင်ပေး။"
"ဆယ့်ငါးမိနစ်ပဲစောင့်၊ ငါ ချက်ချင်းပြင်ပေးမယ်။"
***
Aurora Novel Translation Team