သူ၏နောက်ကျောတွင် ကြယ်ခုနစ်ပွင့်ဓားကို လွယ်ကာ ကျုံးနန်တောင်၏ နှင်းဖုံးနေသော လမ်းမှ တောင်ပေါ်သို့ တက်သွားပြီး လူသူကင်းမဲ့သော ဝါးဥယျာဉ်တစ်ခုကို ဖြတ်ကျော်၍ ဘေးချင်းကပ်လျက် ထင်းရှူးသား အဆောက်အအုံကို မြင်လိုက်ရသည်။
အိမ်ငယ်လေးတွင် လူများနေထိုင်ပုံရသည်။ အပြင်ဘက်တံခါးဝ၌ ဦးချိုနုနုလေးများပါသော သမင်မိစ္ဆာလေးထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက ရွေးချယ်စရာမရှိဘဲ ငြီးငွေ့စွာဖြင့် ဆေးတချို့ချက်ပြုတ်နေပုံပင်။
ကျင်းယွီကျဲသည် သူ၏ချန်ပေ့က မိစ္ဆာငယ်များကို မကြာခဏ ခေါ်ယူလေ့ရှိကြောင်း သိထားပြီး ယခုလည်း ထိုအတိုင်းဖြစ်မည်ဟု ယူဆလိုက်သည်။ သူက အံ့သြခြင်းမရှိဘဲ ကိုင်းညွတ်ကာ ကောင်းကောင်းမွန်မွန်မေးလိုက်သည်။
"သမင်လေး၊ ကျန်းရှန်းဇွင်းက ဒီမှာရှိလား။"
အာချူးက မျက်လုံးကိုလှန်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်လိုက်သကဲ့သို့ ပြောလိုက်သည်။
"ရှိတယ်၊ ခင်ဗျားက အခွင့်အရေးယူဖို့ ရောက်လာတာလား။"
ကျင်းယွီကျဲ၏ အပြုံးသည် တောင့်တင်းသွား၏။ "အခွင့်အရေးယူတယ်?..."
"ဒါမှမဟုတ် ဒုက္ခရောက်နေတဲ့သူကို ပိုဒုက္ခရောက်အောင် လုပ်မလို့လား။"
အာချူးက မထီမဲ့မြင်စွာ ပြောလာသည်။
"ဇာတ်လိုက် မကျရှုံးသေးခင်ကတော့ အားလုံးက ရိုသေကိုင်းရှိုင်းတဲ့ ဆွေမျိုးတွေ၊ ရင်ဖွင့်ဖော်တွေ၊ မိတ်ဆွေတွေ၊ ဂရုစိုက်တဲ့ ရှစ်တိတွေပဲ။ ဇာတ်လိုက် ဒဏ်ရာရသွားတော့ ခင်ဗျားတို့တစ်ယောက်စီတိုင်းက သူတို့ကိုယ်သူတို့ တတိယတန်းစား ဝတ္ထုတွေထဲက ကယ်တင်ရှင်တွေလို့ ထင်နေကြတယ်။ ငါ့ရဲ့ အမတကောကောရဲ့ အဆင့်အတန်းကိုတောင် မကြည့်တော့ဘူးလား၊ မင်းတို့က ထိုက်တန်ကြလို့လား။"
ကျင်းယွီကျဲမှာ သမင်နတ်ဆိုးငယ်လေးကြောင့် လုံးဝ အံ့အားသင့်သွားပြီး တစ်ဖက်က ဘာကိုဆိုလိုသည်ကို မသိခင် အာချူးက သူ့ကိုရှုံ့ချကာ ထပ်မံဆူပူလာသည်။
"ချစ်လို့ မုန်းရတာတဲ့၊ ကောင်းလိုက်တဲ့လူ၊ ခင်ဗျားတို့ သူ့ကို တစ််ယောက်တည်းလွှတ်ထားပေးလို့မရဘူးလား!"
အာချူးတစ်ယောက် အနှီဝတ္ထုထဲတွင် ဖော်ပြထားသော ထိုလူများကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ သူ ပထမဆုံးရောက်လာချိန်၌ ချန်းချန်ကို တတ်နိုင်သမျှ လှည့်စားခဲ့ပြီး နောက်ဆုံး၌ ကျန်းကျဲလျိုကို ရှာဖွေတွေ့ရှိခဲ့သည်။ စကားဆုံးအောင်ပြောပြီးနောက် သူက အိမ်ထဲကိုဝင်ကာ တံခါးကိုဆောင့်ပိတ်လိုက်လေသည်။
အာချူးတစ်ယောက် တံခါးပိတ်ကာ အိမ်ထဲသို့ ဝင်သွားပြီးနောက် ချက်ချင်းပင် မသိနားမလည်သော ချိုမြိန်သည့် သမင်ငယ်လေးအဖြစ် ပြောင်းလဲသွားကာ ကျန်းကျဲလျိုဘေးတွင် ကျိုထားသော ဆေးကို ချထားပေးလိုက်သည်။
ကျန်းကျဲလျိုက စာဖတ်နေချိန်၌ အမြဲတမ်း အာရုံစူးစိုက်၏။ ဆူညံသံအနည်းငယ်ကို ကြားသော်လည်း အားလုံးသည် ဖြတ်သွားရုံမျှသာဖြစ်ပြီး ဘာတစ်ခုမှ သူ၏စိတ်ထဲမရောက်ခဲ့ပေ။ ထိုအခိုက်အတန့်၌ သူသည် အာချူးကို မော့ကြည့်ကာ မေးလိုက်သည်။
"အပြင်က ဘယ်သူလဲ။"
အာချူးက ပြောလိုက်၏။ "တဏှာရူးတစ်ယောက်ပါ။"
ကျန်းကျဲလျို ဦးစွာ ခေါင်းညိတ်ပြီးနောက် တစ်ခုခု မှားနေသည်ကို ကြားလိုက်သောကြောင့် မျက်ခုံးပင့်ကာ မော့ကြည့်လိုက်သည်။
ဘယ်တဏှာရူးလဲ၊ သူတို့က ဘာလို့ ဒီကိုရောက်လာကြတာလဲ။
ကျုံးနန်တောင်၌ နှစ်ဝက်လောက် နှင်းများကျဆင်းနေပြီး လူသူကင်းမဲ့သည်။ ထူးဆန်းသောမိစ္ဆာများ၊ ဝိညာဥ်များနှင့် ပြည့်နှက်နေရာ လည်ပတ်ရန်ပင် မထိုက်တန်ချေ။
အာချူးက အမတကောကော၏ အမူအရာကိုတွေ့လိုက်ပြီး အားနာစွာဖြင့် ပြောဆိုလိုက်သည်။ "အဲ့ဒီလူက လူကောင်း လုံးဝမဟုတ်ဘူး!"
သူ ဖတ်ခဲ့ရသည့်အပိုင်းများအရ ကျင်းယွီကျဲသည် မူရင်းဝတ္ထုက လူကောင်းများထဲတွင် လုံးဝ မပါဝင်ချေ။ အစောပိုင်းအဆင့်၌ သူက ဇာတ်လိုက်အပေါ် တပ်မက်သောစိတ်ကို ပြသခဲ့ပြီး ချစ်ခြင်းနှင့် မုန်းတီးခြင်း လက္ခဏာများကိုပင် ပြသခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့အနေနှင့် ဤဝတ္ထုက CP မပါသည့် ကျင့်ကြံရေးဝတ္ထုဖြစ်ကြောင်း သိရှိထားပေ၏။ အမတကောကောသည် အလွန်မြင့်မြတ်ပြီး ဤဖားများ၊ ပုတ်သင်ညိုများနှင့် မထိုက်တန်ချေ။
(*CP မပါဘူးဆိုတာ မူရင်းဝတ္ထုအရဆို ကျန်းကျဲလျိုအတွက် လက်တွဲဖော်မရှိဘူးလို့ ပြောချင်တာပါ။)
သို့သော်လည်း ဝိန်းရမ်ယဲ့က ဤဝတ္ထုထဲ သူ့ဘာသာသူ ဝင်ရောက်လာခဲ့သည်... သူက ပြဿနာမရှိလောက်ပေ...
အာချူးတစ်ယောက် ဇာတ်လမ်းကို တွေးတောကာ ကျင်းယွီကျဲက "လူကောင်းမဟုတ်" ဟု အခိုင်အမာဆိုနေစဉ် တစ်စုံတစ်ယောက်က ထင်းရှူးသားအဆောင်အအုံငယ်၏ တံခါးကို ခပ်ဖြည်းဖြည်း ခေါက်လာခဲ့သည်။
သုံးချက်တိုတိုနှင့် တစ်ချက်ရှည်ရှည်၊ ၎င်းမှာ အလွန်ယဉ်ကျေးသော အမူအရာဖြစ်၏။
အသံကြားပြီးနောက် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
ထိုကဲ့သို့ တံခါးကနေ ပုံမှန်အတိုင်းဝင်လာသည့် တစ်စုံတစ်ယောက်ကို တွေ့ရခဲ၏။ ကျန်းကျဲလျိုမှာ တည်ငြိမ်စွာ တွေးလိုက်မိသည်။
ရွှေရောင်ဝတ်ရုံဝတ်ထားသော လူငယ်လေးတစ်ဦး ရှေ့သို့ လျှောက်လာသည်ကို မြင်လိုက်ရပြီး ထိုသူ၏မျက်လုံးများက သူ့အား တောက်ပစွာ ကြည့်နေကာ ထို့နောက် ထိုသူသည် ဒူးတစ်ဖက်ထောက်ကာ သူ့ကို အရိုအသေပေးလာခဲ့သည်။
"ချန်ပေ့ ဒုက္ခဝေဒနာတွေ ခံစားနေရတာပဲ။"
ကျန်းကျဲလျိုက သူ့ကိုယ်သူ ကြည့်လိုက်၏။ သူကတော့ ဒုက္ခဝေဒနာ ခံစားနေရသည်ဟု မခံစားရပေ။
"ဝူးရွှမ်းဓါးမျှော်စင်ကို လာချင်လား။ ကျွန်တော် ချန်ပေ့အတွက် အခန်းတစ်ခန်း ပြင်ထားပြီးပါပြီ။ အဲ့ဒီကိုရောက်တာနဲ့ ချန်ပေ့က ဝူးရွှမ်းဓါးမျှော်စင်ရဲ့ ဂုဏ်သရေရှိဧည့်သည်ဖြစ်သွားမှာပါ။ ကျွန်တော့်အဖေက ချန်ပေ့ရဲ့ သတင်းကြောင့် အိပ်မရ စားမရနဲ့ ချန်ပေ့ကို မကောင်းတဲ့လူတွေ တစ်ခုခုလုပ်သွားမှာ စိုးရိမ်နေတာ။ ကျွန်တော်လည်း... ကျွန်တော်လည်း အမြဲတမ်း စိုးရိမ်နေခဲ့တာ..."
သူ စကားပြောလေလေ ပို၍ စိုးရိမ်လာလေလေပင်။ သူ၏မျက်လုံးများက ဦးစွာ အပေါ်မှ အောက်သို့ စုန်ဆန်ကာ ကြည့်ရှုပြီးနောက် ကျန်းကျဲလျို၏ နှင်းဖြူရောင် အင်္ကျီအောက်ပိုင်းမှ တဖြည်းဖြည်း မြင့်တက်လာကာ နောက်ဆုံးတွင် သူ၏မျက်နှာကို မြင်သည်အထိ ရောက်သွားသည်။
ကျင်းယွီကျဲ အံ့အားသင့်သွားခဲ့သည်။
ချန်ပေ့က အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သူ ကြာမြင့်စွာကတည်းက သိထားသော်လည်း သူ၏စိတ်ထဲတွင် တစ်ခါမှ မမြင်ယောင်ခဲ့ဖူးချေ။
သူကလေးဘဝမှာ ကျန်းကျဲလျို သူ့ကို ကယ်တင်ပေးခဲ့စဉ်က ဓားတစ်ချောင်းတည်းဖြင့် မြေအောက်လောကမှ တက်လာသော နတ်ဆိုးထောင်ပေါင်းများစွာကို ဖယ်ရှားပစ်လိုက်ပြီး မြေအောက်လောက၏မြစ်ထဲသို့ နစ်မြုပ်သွားသော သူ့ကို ပြန်ခေါ်ပေးခဲ့သည်။ မဟုတ်ပါက ကျင်းယွီကျဲသည် ထိုအချိန်တွင် နတ်ဆိုးများအတွက် စားစရာ ဖြစ်သွားခဲ့မည်ဖြစ်ပြီး ယနေ့ကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
သူနှင့် ကျန်းကျဲလျို၌ ဆရာတပည့်ဟူသော အမည်မရှိသော်လည်း သူသည် လင်းရှောင်ဂိုဏ်းတွင် မကြာခဏ နေထိုင်ပြီး ကျူ၀ူရှင်းနှင့်အတူ လေ့ကျင့်ခဲ့သည်။ သူ ဓားကိုင်ပုံကို ပြင်ပေးတုန်းက ကျန်းကျဲလျို၏ ခန္ဓာကိုယ်အပူချိန်နှင့် အသက်ရှူသံတို့အား မှတ်မိနေသေးသည်။ အေးစက်မှုတို့အလယ်မှာ ညင်သာမှု၏ အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
ထို့ကြောင့်... သူ ကျူဝူရှင်းကို ဆူပူခဲ့သော်လည်း သူ့နှလုံးသားထဲမှာ ကျူဝူရှင်းကဲ့သို့ တူညီသောအတွေးရှိနေခဲ့သည်။ ဤကမ္ဘာပေါ်၌ ကျန်းကျဲလျို မလုပ်နိုင်သည့်အရာရှိနေသည်ကို သူ မယုံကြည်နိုင်ပေ။
နှင်းဖြူရောင် ခြုံထည်ဝတ်ရုံ၊ တောက်ပြောင်မှုတို့မရှိတော့သည့် ဆံပင်အဖြူများနှင့် သူ့အရှေ့မှလူကို မြင်သည်အထိပင်။ သူ့ကိုကြည့်နေသူက တည်ငြိမ်သောအမူအရာတို့ ရှိနေခဲ့သည်၊
ကျင်းယွီကျဲ၏ မြတ်နိုးခြင်း၊ တောင့်တခြင်း၊ လျှို့ဝှက်ချစ်ခြင်းနှင့် လေးစားခြင်းတို့အားလုံးက အကန့်အသတ်သို့ ရောက်သွားပုံရပြီး ရုတ်တရက် ပွင့်ထွက်သွားကာ အပိုင်းအစများသည် သူ့နှလုံးသားထဲတွင် စုပြုံသွားပြီး နာကျင်မှုကြောင့် စကားပင် မပြောနိုင်တော့ပေ။
"...ချန်ပေ့။"
ကျန်းကျဲလျိုက ထိုအခေါ်အဝေါ်ကို တုံ့ပြန်လိုက်သလို ခေါင်းညိတ်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ယွီကျဲ၊ မျှော်စင်သခင်ကြီးကို ငါ ကျန်းမာရေး မကောင်းလို့ မလာနိုင်ဘူးလို့ ပြောလိုက်ပါ။"
ကျင်းယွီကျဲမှာ လည်ချောင်းက ခြောက်ကပ်သလို ခံစားလိုက်ရပြီး အားပါးတရ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျွန်တော် ဒီမှာနေပြီး ဂရုစိုက်ပေးရင်..."
သူ စကားမဆုံးခင် ကျန်းကျဲလျို မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်ရသည်။
သူ၏နှလုံးသားကား ချက်ချင်း စည်းချက်လွတ်သွားပြီး ချန်ပေ့အား သူ့စကားကြောင့် စိတ်မပျော်မှာကို ကြောက်ရွံ့ကာ သူ့နှလုံးသား လည်ချောင်းအထိ တက်လာသည်အထိ စိုးရိမ်တကြီး ခုန်နေချိန်တွင် တစ်ဖက်လူ၏ နူးညံ့သောစကားပြောသံကို ကြားလိုက်ရသည်။
"ချန်းချန်နဲ့ကိစ္စတွေ ဖြေရှင်းပြီးပြီလား။"
ကျင်းယွီကျဲက ခဏတာရပ်တန့်သွားပြီးနောက် သူ့နောက်မှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်ကြောင့် သူ၏ခေါင်းက မူးဝေသွားခဲ့သည်။ နောက်တစ်ခဏတွင် တစ်ဝက်ခန့်ပြောင်းလဲနေသော နတ်ဆိုးလက်တစ်ဖက်က သူ၏လည်ပင်းနောက်ဘက်မှ ဆုပ်ကိုင်လိုက်ပြီး သူ၏လည်ချောင်းကို ဖြတ်သွားစေလောက်သည့်အားဖြင့် သူ့ကို ပစ္စည်းတစ်ခုမ'သလိုမျိုး မြှောက်ကာ သူ့လမ်းကနေ ဖယ်ရှားလိုက်သည်။
"အွန်း၊ သူ့(ချန်းချန်)နောက်ကနေ ဘယ်သူမှလိုက်လာတော့မှာမဟုတ်ဘူး။"
ဝိန်းရမ်ယဲ့ သူ၏ချစ်ရသူကို ဦးစွာဖြေကြားပြီးနောက် သူ့ခရမ်းရောင်မျက်လုံးများကို အနည်းငယ်လှည့်ကာ ကျင်းယွီကျဲအား ကြည့်လိုက်သည်။ သူ၏မျက်ဆံများက မှောင်မိုက်နက်နဲကာ အန္တရာယ်များပြီး လျှို့ဝှက်ဆန်းကြယ်သောအပြုံးနှင့် လူသတ်ချင်စိတ်ကို သွယ်ဝိုက်၍ ဖော်ပြနေသည်။
"မင်းက ငါ့လမ်းမှာပိတ်နေတယ်။"
***
Aurora Novel Translation Team