တံခါးပိတ်လိုက်ရာ လေအေးများက ပိတ်ဆို့ခြင်းခံလိုက်ရ၏။
ယခုတစ်ခေါက်၌ ဝိန်းရမ်ယဲ့က ကျန်းကျဲလျိုကို အယုံသွင်းဖို့ ကျရှုံးခဲ့သည်။
ယခုလိုအခြေအနေမျိုး၌ သူ၏အမူအရာက တည်တည်ငြိမ်ငြိမ်နှင့် မယိမ်းမယိုင်တည်ရှိနေသော်လည်း အကြည့်တစ်ချက်နှင့်ပင် ဝိန်းရမ်ယဲ့က ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသော သူ၏နှလုံးသားကို ထိန်းချုပ်ဖို့ကြိုးစားနေဆဲဖြစ်ကြောင်း တွေ့မြင်နေရပေ၏။
ထို့နောက်တွင်မူ ဝိန်းရမ်ယဲ့က အားမစိုက်ထုတ်ရဘဲ မျက်စိတစ်မှိတ်အတွင်း အိမ်တစ်လုံးဆောက်ကာ သူ့အိမ်နီးနားချင်းဖြစ်လာခဲ့၏။ ထင်းရှူးသားအဆောက်အအုံ၏ တစ်ဖက်ခြမ်းရှိ လေထုထဲကနေ ခြံဝန်းငယ်တစ်ခုထွက်ပေါ်လာပြီး အိမ်နှစ်ခုကြားမှာ နံရံတစ်ခုသာခြားထားသည်။
နေက တရွေ့ရွေ့ကျဆင်းသွားပြီး မှောင်ရီစပြုလာကာ ကောင်းကင်ကြီးကလည်း တဖြည်းဖြည်းမှောင်မိုက်လာပြီ။
ချန်းချန်က သူ့ရှူးရှူ၏အဖြစ်အပျက်ကို ထိတ်လန့်နေဆဲဖြစ်ပြီး အချိန်အတော်ကြာ တွေးကြည့်ပြီးနောက် ဘာဖြစ်နေမှန်းမသိပေ။ သူက ကျန်းကျဲလျိုအတွက် စာအုပ်များကို စီပေးနေရင်း သူ့ဘာသာသူ ရေရွတ်လိုက်၏။
"သူက ဘယ်မှာလိုက်ရှာခံနေရလို့လဲ... ဘယ်မှာ သွားစရာမရှိဖြစ်နေလို့လဲ..."
ချန်းချန်ကတောင် သူ့ကို အမြဲလျစ်လျူရှုထားခဲ့သော ဤရှူးရှူမှာ မကောင်းသည့်ရည်ရွယ်ချက်တို့ရှိနေကြောင်း ခံစားမိနေသည်။ သူက ဝိန်းရမ်ယဲ့နှင့် ဆွေမျိုးနည်းနည်းတော်စပ်သော်လည်း တစ်ဖက်လူက သူ့ကို မိသားစုဝင်အဖြစ် အမှန်တကယ်မဆက်ဆံခဲ့ပေ။ တစ်ဖက်လူက တော်ဝင်မျိုးနွယ်၏ စစ်မှန်သောသခင်
နှင့် နတ်ဆိုးအရှင်အသစ်ဖြစ်ပြီး သူ့လိုသွေးနှောနှင့် မည်သို့ဆက်စပ်လို့ရမည်နည်း။
ဆန့်ကျင်ဘက်အနေဖြင့် သူက ကျန်းကျဲလျိုကို တစ်ရက်နှင့်တစ်ညသာ သိခဲ့သော်လည်း တစ်ဖက်လူက သူ့အသက်ကို ကယ်ဆယ်ထားပြီး သူ၏မိသားစုနောက်ခံကို ဂရုစိုက်ပုံမပေါ်ချေ။ ချန်းချန်က ကျန်းကျဲလျိုကို အကောင်းမြင်နေပြီး သူ၏ရှန်းဇွင်းကောကောက အစွမ်းထက်လျှင်တောင် ယခုက ဒဏ်ရာရနေဆဲဖြစ်ပုံပေါ်ရာ ဤနတ်ဆိုးကို မည်သို့ဖြင့် သူ့နားမှာ နေခွင့်ပေးလိုက်ရသနည်း။
သူ စာအုပ်များကို စီပြီးချိန်၌ ကျန်းကျဲလျို၏နောက်ကျောကို လှည့်ကြည့်လိုက်သည်။
ကျန်းကျဲလျိုက ကြိမ်ကုလားထိုင်ပေါ် ထိုင်နေပြီး အပြင်ဝတ်ရုံကိုချွတ်၍ ခြေထောက်များပေါ် ဖုံးထားပြီး ဖယောင်းတိုင်အလင်းရောင်အောက်မှာ စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သည်။
သူ့ဆံထိန်းသရဖူကို ချွတ်ထားရာ နှင်းဖြူရောင်ဆံပင်ရှည်က သူ့ပခုံးပေါ် အသာအယာပြေလျော့နေကာ အေးချမ်းသိမ်မွေ့သောခံစားမှုကို ပေါ်လွင်စေ၏။ သူက စာအုပ်ထဲကို စျာန်ဝင်နေသကဲ့သို့ အကြည့်တစ်ချက်မလွှဲဘဲ အလေးအနက်စာဖတ်နေခဲ့သည်။
ချန်းချန်က တံတွေးမျိုချလိုက်ပြီး ဖြည်းညင်းစွာ ငုံ့၍ တိုးတိုးလေး ပြောလိုက်၏။ "ကောကော?"
"...အမ်?"
ကျန်းကျဲလျိုက တစ်ခဏမျှ တွန့်ဆုတ်သွားပြီး မျက်လုံးများကို ပင့်ကြည့်လိုက်၏။
"ကောကော၊ ကောကောက ကျွန်တော့်ရှူးရှူကို မယုံဘူးမဟုတ်လား။"
ချန်းချန်က ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာရှိသေးပြီး ဆယ်ကျော်သက်နှင့် ကလေးကြား အရွယ်ပင်။
"ကျွန်တော့်ဦးရီးတော်က အိမ်ရာမဲ့နတ်ဆိုးမဟုတ်ဘူး၊ သူက ညဆို အာရုံခံကောင်းတယ်။"
"အမ်း။" ကျန်းကျဲလျိုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။ "ဒါဆို သူ့အထောက်အထားက ဘာလဲ။"
ချန်းချန်က ကျန်းကျဲလျို မသိတာကို မယုံကြည်နိုင်သကဲ့သို့ မျက်လုံးပြူးများကျယ်သွားပြီး လျင်မြန်စွာ ပြောလိုက်၏။ "သူက ဝိန်းရမ်ကျန်းရဲ့ အကြီးဆုံးသားပါ။"
ဝိန်းရမ်ကျန်း... ထိုနာမည်က သူ့အတွက် တစ်စုံတစ်ခု အဓိပ္ပါယ်ရှိပုံရပြီး သူ နတ်ဆိုးနယ်မြေ၏ နတ်ဆိုးသခင်အကြောင်းကို ရေးရေးလေး မှတ်မိလာ၏။ ထိုနတ်ဆိုးအရှင်က တစ်မျိုးလုံးကို အူနှုတ်အသည်းထုတ်သည့် ရက်စက်ကြမ်းကြုတ်သည့်သူ မဖြစ်နိုင်သော်လည်း နတ်ဆိုး၏နက်နဲပြီး မှောင်မိုက်သောစိတ်က ခန့်မှန်းရခက်ပေ၏။ သူက အပြင်ပန်းတွင် ကြင်နာပုံပေါ်ပြီး စိတ်အတွင်းပိုင်းမှာ ကျားရဲကဲ့သို့ ရက်စက်လောက်သည်။
ကျန်းကျဲလျိုတစ်ယောက် သူ့စိတ်ထဲရှိ ခန့်မှန်းချက်နှင့် ကိုက်ညီသဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်၏။ "ဒီလိုဆိုရင် သူက နတ်ဆိုးလောကရဲ့ သခင်ငယ်လေးပေါ့။"
ချန်းချန်က ခဏမျှ အံ့အားသင့်သွားပြီး လောကနှစ်ခုကြားရှိ ဖုံးကွယ်ထားသော သတင်းများကို အလွယ်တကူမသိရှိနိုင်ကြောင်း အမှတ်ရသွားကာ လျင်မြန်စွာပြောလိုက်သည်။ "မဟုတ်ပါဘူး၊ သူက..."
ဤဝါကျ၏ စကားလုံးလေးခြောက်လုံးကိုသာ ပြောရသေးချိန် တံခါးခေါက်သံက ရုတ်တရက် ထွက်ပေါ်လာပြီး အဆောက်အအုံငယ်လေးထဲ ဝင်လာသောလူ၏ ခြေသံများ ထွက်ပေါ်လာသည်။
"သူက ဘာဖြစ်လဲ။" ဝိန်းရမ်ယဲ့က အနည်းငယ်နက်မှောင်နေသော ခရမ်းရောင်မျက်လုံးများဖြင့် တံခါးဝကနေ ကြည့်နေ၏။ "မင်း ဘာတွေပြောနေတာလဲ။"
ချန်းချန်တစ်ယောက် အလွန်ထိတ်လန့်သွားကာ ကျန်းကျဲလျိုနောက်တွင် အလျင်စလို ပြေးပုန်းပြီးနောက် တရားခံတစ်ယောက်လို အပြစ်ရှိစိတ်အပြည့်ဖြင့် အပေါ်ထပ်သို့ ပြေးသွားခဲ့သည်။
ကျန်းကျဲလျိုက အသံကြားရာသို့ လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူက နှင်းခဲနှင့် ဆီးနှင်းများ ဖုံးလွှမ်းနေသော သွေးနီရောင်ဝတ်ရုံကြီး ၀တ်ထားသည်ကို တွေ့လိုက်ရ၏။ ဝတ်ရုံအမွေးများပေါ်ရှိ နှင်းပွင့်များက တစ်ခဏအတွင်း အရည်ပျော်တော့မလို။
ဝိန်းရမ်ယဲ့က လမ်းလျှောက်လာခဲ့ရင်း ဝတ်ထားသော ဝတ်ရုံကြိုးများကို ဖြည်လိုက်ပြီး ကုလားထိုင်နောက်ကျောတွင်ချိတ်ကာ ကျန်းကျဲလျို၏ဘေးနား ကပ်ထိုင်လိုက်၏။
"မင်း ဒီကို ဘာလာလုပ်ပြန်တာလဲ၊ အိမ်နီးချင်းကောင်းလေး။"
ကျန်းကျဲလျို များများစားစားမတွေးဘဲ မီးအိမ်အောက်ကစာအုပ်ကို ကောက်ကိုင်လိုက်ကာ ပေါင်ပေါ်ရှိ ဝတ်ရုံပေါ် တင်၍ ဆက်ဖတ်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို ကူညီဖို့လာတာ။" ဝိန်းရမ်ယဲ့က ပြောလိုက်၏။ "ခင်ဗျားက လင်းရှောင်ကနေ ကန်ထုတ်ခံလိုက်ရတဲ့ ပူဆွေးကျန်ရစ်သူ ခွေးတစ်ကောင်လို သနားစရာကောင်းနေလို့။"
သူက အမှန်တကယ််ကို တုတ်ထိုးအိုးပေါက်စကားပြောတတ်သူပင်။
ကျန်းကျဲလျို သူ့ကို တစ်ချက်ကြည့်လိုက်၏။ "မင်းမှာ ပြန်ရမဲ့အိမ်ရှိတယ်လေ၊ ဘာလို့ ဒီကို ရောက်နေတာလဲ။"
"ကျွန်တော် ဒီကိုလာတာ ခင်ဗျားကြောင့်ပဲ။" ဝိန်းရမ်ယဲ့က ပြောလိုက်၏။ "ကျွန်တော် ခင်ဗျားကို ကုသပေးချင်တယ်။"
ကျန်းကျဲလျိုက စာအုပ်လှန်ခြင်းကို ခဏရပ်လိုက်ပြီး အသာအယာ မျက်မှောင်ကြုတ်ကာ ခဏကြာပြီးနောက် ပြောလိုက်သည်။
"ငါ့ကို ကုသလို့မရနိုင်တော့ဘူး၊ ပြီးတော့ ငါ အခုအဆင်ပြေပါတယ်။ မင်းရဲ့ စာနာစိတ်ကို ဒီနေရာမှာ မလိုအပ်ဘူး။"
ဝိန်းရမ်ယဲ့က သူ့ဘေးတွင်ထိုင်ကာ ဖယောင်းတိုင်မီးရောင်အောက်တွင် ခပ်ဖျော့ဖျော့ အရိပ်တစ်ခုပေါ်နေသော နှင်းဖြူရောင်မျက်တောင်ရှည်များကို ကြည့်နေမိသည်။ ထိုလူ၏ခန္ဓာကိုယ်ကနေ အလွန်ဖျော့တော့ပြီး နူးညံ့သည့်ရနံ့လေး ပေါ်ထွက်နေပြီး အရည်ပျော်ပြီးခါစ ဆီးနှင်းအလွှာပါးလေးနှယ်။
"ကျွန်တော် ခင်ဗျားကို သနားနေတာမဟုတ်ဘူး။"
ဝိန်းရမ်ယဲ့က လက်ဆန့်ထုတ်လိုက်သော်လည်း လက်ချောင်းထိပ်များက သူ့ကိုမထိခင် တစ်လက်မအလို၌ လေထဲမှာ ခဏရပ်တန့်သွားပြီး ပြောလိုက်၏။
"ကျင်းရှန့်အဆင့်တစ်ဝက်ဖြစ်တဲ့ အမတလောကရဲ့ခေါင်းဆောင်။ ခင်ဗျားက အောင်မြင်မှု အထွတ်အထိပ်ကို ရောက်နေတဲ့သူ။ တခြားသူတွေအတွက် အရာအားလုံးကို ဆုံးရှုံးရတာ ထိုက်တန်လို့လား။"
ဝိန်းရမ်ယဲ့က ကျင့်ကြံရေးလောကတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တစ်စုံတစ်ယောက်အား စုံစမ်းခိုင်းပြီးဖြစ်ပုံရ၏။ ကျန်းကျဲလျို၏ဇာတ်လမ်းက ဖုံးကွယ်၍မရဘဲ ရက်အနည်းငယ်အတွင်း တောမီးသဖွယ် ပျံ့နှံ့သွားမည်ဖြစ်သည်။
ကျန်းကျဲလျိုက စာဆက်ဖတ်နေပြီး မျက်လုံးများနှင့်အတူ လက်ချောင်းထိပ်များက လှုပ်ရှားနေသော်လည်း စကားမပြောချေ။
ဝိန်းရမ်ယဲ့က နတ်ဆိုးလက်နက်တစ်ခုဖြစ်သည့် သိုလှောင်လက်စွပ်ထဲမှ လက်အနွေးအိုးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းက ရှားပါးသည့်အပြင် ၎င်းကိုအသုံးပြုရန် ဝိညာဥ်စွမ်းအင်ထည့်သွင်းရန်မလို၍ သေမျိုးများကတောင် အသုံးပြုနိုင်ပေ၏။
သူက သားရဲများ၏ပုံကို ထွင်းထုထားသည့် လက်အနွေးအိုးကို ကျန်းကျဲလျိုလက်ထဲထည့်ကာ ဆက်ပြောလိုက်သည်။
"ခင်ဗျား ကယ်တင်ခဲ့တဲ့ လူအများစုက တစ်ကိုယ်ကောင်းဆန်ပြီး အောက်တန်းကျတဲ့ လူဆိုးတွေ၊ သူတို့က ခင်ဗျားရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဂရုမစိုက်ဘဲ အကျိုးအမြတ်တွေကိုပဲ ရိတ်သိမ်းချင်နေတာ... ခင်ဗျားရဲ့ရှစ်တိလိုပေါ့။"
ကျူဝူရှင်း၏ဂုဏ်သတင်းက အမှန်တော့ သိပ်မဆိုးပေ။ သူက လင်းရှောင်ဂိုဏ်း၏ ဉာဏ်ကြီးရှင် ကျင့်ကြံသူဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ကျန်းကျဲလျို၏လောင်းရိပ်အောက်မှာ ဖိနှိပ်ခံခဲ့ရပြီး အရာအားလုံးတွင် ဒုတိယသာဖြစ်ခဲ့၏။ ကျင့်ကြံရေး၊ ရုပ်ရည်၊ စိတ်နေသဘောထား၊ ဓားစွမ်းရည် သို့မဟုတ် အကြီးအကဲများ၏ ချီးကျူးမှုတွင်ပင်ဖြစ်စေ သူက အမြဲတမ်း ခြေတစ်လှမ်းနောက်ကျစမြဲပင်။
ထိုအချိန်တွင် ကျူဝိန်းယွမ်က နတ်ဆိုးလောက၏ထောင်ချောက်မိပြီး အန္တရာယ်ကျရောက်ခဲ့၏။ သူသေခါနီးတွင် ကျန်းကျဲလျိုနှင့် ကျူဝူရှင်းကို သူ၏ခုတင်ဘေးသို့ ခေါ်လိုက်ပြီး အကြီးအကဲများအားလုံးရှေ့တွင် သူက သူ့သားအရင်းမဟုတ်သော ကျန်းကျဲလျိုကို ဂိုဏ်းချုပ်နေရာပေးခဲ့လေသည်။
ထိုအချိန်မှစ၍ ကျူဝူရှင်း၏ပင်ကိုယ်စရိုက်က တဖြည်းဖြည်း ပြောင်းလဲလာသော်လည်း ကျန်းကျဲလျိုကတော့ နှစ်ထောင်ပေါင်းများစွာ မပြောင်းလဲဘဲ သူ့အား တစ်ဦးတည်းသော ညီငယ်လို အမြဲတမ်းဆက်ဆံခဲ့၏။
ကျန်းကျဲလျိုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ မပြောချေ။
ဝိန်းရမ်ယဲ့က မှော်ပစ္စည်း၏အပူချိန်ကို ချိန်ညှိကာ တစ်ဖက်လူ၏ လွတ်နေသောလက်ထဲသို့ ထည့်လိုက်ချိန်၌ တစ်ဖက်လူ၏ လက်ချောင်းထိပ်များ၏ အေးခဲမှုနှင့် ထိတွေ့မိသွားခဲ့သည်။
"ခင်ဗျားရဲ့ ကာကွယ်မှုအောက်မှာ လင်းရှောင်ဂိုဏ်းနဲ့ ကျင့်ကြံရေးလောကက ဘယ်လောက်ကြာကြာ ငြိမ်းချမ်းခဲ့လဲဆိုတာ ခင်ဗျားသိလား။"
ဝိန်းရမ်ယဲ့က သူ့ကိုကြည့်ပြီး ပြောလိုက်၏။
"နတ်ဆိုးတွေရဲ့သဘာဝက ရက်စက်ကြမ်းကြုတ်ပြီး စစ်ပွဲကိုမြတ်နိုးကြတယ်။ သူတို့က ကျူးကျော်လာဖို့ နည်းနည်းလေးမှစိတ်မကူးဘဲ တစ်နှစ်ပြီးတစ်နှစ် ဘာဖြစ်လို့ အေးအေးချမ်းချမ်း နေခဲ့ကြတာလဲ။ နတ်ဆိုးလောကရဲ့ စစ်မှန်တဲ့ အရှင်နှစ်ပါးက ဘာလို့ ခင်ဗျားနဲ့မိတ်ဖွဲ့ဖို့ ဆန္ဒရှိနေတာလဲ။ ဘာလို့ လောကနှစ်ခုကြားက ကိစ္စဝိစ္စတွေကို ခင်ဗျားကိုပဲ ယုံကြည်အပ်နှံထားရတာလဲ။ ပြီးတော့ နှစ်ပေါင်းများစွာ တိတ်ဆိတ်နေတဲ့ မြေအောက်လောကရော..."
သူက ခဏရပ်လိုက်ပြီး ဆက်ပြောခဲ့၏။
"ကျန်းကျဲလျို၊ ခင်ဗျား ဒီမှာရှိနေသရွေ့ တခြားနည်းလမ်းတွေရှိမှာပဲ။ ဒါပေမဲ့ သူတို့က ခင်ဗျား အခုလုပ်နေတာတွေနဲ့ မထိုက်တန်ဘူး။”
ကျန်းကျဲလျိုက မှော်လက်နက်၏ သက်တောင့်သက်သာရှိသော အပူချိန်ကြောင့် လက်ချောင်းများကို ကွေးဆန့်လိုက်ကာ စာအုပ်ကိုညင်သာစွာခေါက်၍ တစ်ဖက်လူကို ကြည့်၍ တည်ငြိမ်စွာပြောလိုက်သည်။
"အခု ငါက အသုံးမကျတဲ့သူဖြစ်သွားပြီ၊ ထိုက်တန်လား မတန်ဘူးလားလို့ ငါ့ကို ပြောမဲ့အစား မင်းပျော်နေသင့်တယ်။ ငါ့အမြင်အရတော့ အဆုံးမဲ့ဆင်းရဲဒုက္ခပင်လယ်ကို ဖယ်ရှားနိုင်ပြီး ငါ့ဘာသာငါ လွတ်လွတ်လပ်လပ်နေနိုင်ပြီ။ ဒါ ကောင်းကင်ကပေးတဲ့ ကောင်းချီးပဲ၊ ငါ ကျေးဇူးတင်သင့်တယ်။"
"ခင်ဗျား..."
"မင်းတို့အားလုံးက အတွေးအရမ်းများလွန်းလို့ ငါ နတ်ဆိုးတွေကို သဘောမကျတာ။"
ကျန်းကျဲလျိုက ပြောလိုက်၏။
"ငါ လောကမှာရှိတဲ့ သတ္တဝါအားလုံးအတွက် ကျောထောက်နောက်ခံ မဖြစ်ချင်တော့ဘူး၊ ငါ အဲ့ဒါကို သည်းမခံနိုင်တော့တာ မှားသလား။"
ဝိန်းရမ်ယဲ့၏စကားများက ရပ်တန့်သွားပြီး သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်မိသည်။ သူ၏ခရမ်းရောင်မျက်လုံးများထဲတွင် တဖျပ်ဖျပ်လက်သွား၏။ ခဏကြာပြီးနောက် သူက အသံတိုးတိုးနှင့် မေးလိုက်သည်။
"...ခင်ဗျားက နတ်ဆိုးတွေကို သဘောမကျဘူး?"
အမ်? အဲဲ့ဒါက အဓိကကျလို့လား။
ကျန်းကျဲလျိုမှာ ထိုသူ့အာရုံစိုက်မှုက ဤကဲ့သို့ဖြစ်မည်ဟု မမျှော်လင့်ထားရာ ခေါင်းမညိတ်သလို ခေါင်းလည်းမခါဘဲ ဝိန်းရမ်ယဲ့၏ နာကျင်နေသော အမူအရာကိုသာ ကြည့်နေမိစဥ် သူ့လက်ကို ဆုပ်ကိုင်ခံလိုက်ရ၏။
ကျန်းကျဲလျိုက သူ့လက်အား စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားသော တစ်ဖက်လူ၏လက်ကို ကြည့်လိုက်သော်လည်း ဝိန်းရမ်ယဲ့က သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တစ်စုံတစ်ခုကို အလေးအနက်သတိရလိုက်သကဲ့သို့ နတ်ဆိုးစွမ်းအင်အမျှင်လေးကို ထုတ်လွှတ်ကာ တစ်ဖက်လူ၏လက်ကောက်ဝတ်ထဲ စီးဝင်စေကာ သူ၏မရီဒန်များထဲ ထိုးဖောက်ဝင်ရောက်သွားစေခဲ့သည်။
တစ်ဖက်တွင် သူက တစ်ဖက်လူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးလိုက်ပြီး အခြားတစ်ဖက်တွင် ဆက်မေးလိုက်၏။ "ဒါဆို ခင်ဗျား ဘာကိုသဘောကျလဲ။"
ကျန်းကျဲလျို: "...ငါ မင်းကို သဘောကျတယ်။"
(T/N- ဒီနားမှာ I like you လို့ရေးထားပေမဲ့ I like you to blah blah/ ငါ မင်းကို ဘာလုပ်စေချင်တယ်လို့ ပြောချင်တာပါ။)
သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော နတ်ဆိုးစွမ်းအင်များက တစ်ဟုန်ထိုး ပေါက်ထွက်လုနီးပါးဖြစ်သွားပြီး ၎င်းက အန္တရာယ်များလှပေသည်။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးအရှင်၏စိတ်က ဗလာဖြစ်သွားကာ နားရွက်များထဲ တဝီဝီမြည်နေခဲ့လေ၏။ သူက ကျန်းကျဲလျိုကို တုံးအစွာကြည့်လျက် ခဏအကြာတွင် ပြောလာသည်။
"ကျွန်တော့်ကို သဘောကျတယ်...?"
သူ ဘာမှမလှုပ်ရှားရသေးဘူးလေ။ တချို့ခံစားချက်တွေ မပေါက်ဖွားလာသေးသလို၊ သူ့(ကျန်းကျဲလျို)ကိုလည်း ကျင့်ကြံရေးလောကကနေ မခေါ်ထုတ်ရသေးဘူးလေ...
"ငါ မင်းကို စကားလျှော့ပြောစေချင်တယ်။" ကျန်းကျဲလျိုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ဝိန်းရမ်ယဲ့ခမျာ အနာဂတ်တွင် တစ်ဆယ့်ရှစ်ယောက်မြောက်ကလေး၏အမည်ကိုတောင် တွေးတောနေခဲ့ပြီး ထိုစကားကို ကြားလိုက်ရသောအခါ သူ၏အတွေးများက လေထုထဲပျောက်ကွယ်သွားပြီး လှပသောအတွေးများအားလုံး ကျိုးပဲ့သွားသော အိပ်မက်အပိုင်းအစများနှယ် ကြမ်းပြင်ပေါ်ပြန့်ကျဲသွားခဲ့သည်။
ကျန်းကျဲလျို၏ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်လာသော နတ်ဆိုးစွမ်းအင်က အချိန်အတော်ကြာ ရပ်တန့်သွားပြီး သူ့စိတ်တည်ငြိမ်သွားမှ ဆက်လက်ပြီးစစ်ဆေးခဲ့သည်။
ဝိန်းရမ်ယဲ့ ထိုလူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ပိုနားလည်လေလေ သူ့နှလုံးသားက နစ်မြုပ်လာလေလေပင်။ ကျန်းကျဲလျို၏တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေပြီး သူ၏အခြေတည်ဝိညာဥ်ကိုတောင် မမှတ်မိလုနီးပါးရှိနေ၏။ ဝိညာဉ်အရင်းအမြစ်... သူ ထိုအရာကို မစစ်ဆေးရသေးသော်လည်း ၎င်းက ပိုကောင်းမည်မဟုတ်ကြောင်း သိလိုက်ပေသည်။
သူ့ရင်ဘတ်ထဲ တဆစ်ဆစ်နာကျင်လာပြီး ဤလူက ယခုလိုအခြေအနေမှာ ရှိနေသည်ကို ယုံရခက်နေ၏။ သူသည်လည်း ကျူဝူရှင်းကဲ့သို့ ကျန်းကျဲလျိုကို တုနှိုင်းမယှဉ်နိုင်သော တန်ခိုးရှင်ဖြစ်ကြောင်း တွေးလေ့ရှိပြီး တစ်လောကလုံးကလူတိုင်းကဲ့သို့ ကွဲပြားမှုမရှိသော လေးစားမှုကို အမြဲလိုလို ခံစားခဲ့ရသည်။
သူ့အားမာန်အားလုံးကိုသုံး၍ ထိုသူနှင့် ယှဉ်ပြိုင်ချင်ကာ ထိုသူနှင့်တစ်တန်းတည်းဖြစ်ဖြစ် သို့မဟုတ် ထိုသူ့ထက်သာလွန်အောင် လုပ်ချင်ခဲ့မိ၏။
သို့သော် ယခုတွင်မူ...
ဝိန်းရမ်ယဲ့က လက်ကို ဖြည်းညင်းစွာဖယ်လိုက်ပြီး တစ်ဖက်လူ၏ နှင်းဖြူရောင်လက်ကောက်ဝတ်နှင့် လက်ချောင်းထိပ်များကို ကြည့်လိုက်သည်။
"...အခုလိုဖြစ်နေတာတောင် ခင်ဗျားက သည်းခံနိုင်တုန်းပဲ။"
တုံ့ပြန်မှုမရသောအခါ သူ စကားပြောတာကို ရပ်တန့်လိုက်ပြီး ကျန်းကျဲလျိုကို မော့ကြည့်လိုက်၏။
တစ်ဖက်လူလက်ထဲရှိ စာအုပ်က တစ်ဝက်ဖွင့်ထားသော စာမျက်နှာတွင် ရပ်နေပြီး ထပ်မရွေ့တော့ပေ။ ထိုသူက ကြိမ်ကုလားထိုင်ပေါ်တွင် ကိုယ်ဟန်အနေအထားပြောင်း၍ မျက်လုံးမှိတ်ကာ စောင်းအိပ်နေပြီး ဆံနွယ်ဖြူဖြူများက သူ့ပခုံးပေါ်ထက် ညင်သာစွာပြန့်ကျဲလျက် မျက်တောင်များက ရှည်လျားပါးလွှာနေ၏။
ဖယောင်တိုင်အလင်းရောင်က နွေးထွေးစွာ ထွန်းလင်းနေကာ သူ၏ ချောမွေ့သွယ်လျသော မေးစေ့လေးနှင့် ဖြူဖျော့သောအသားအရေကို တောက်ပနေစေသည်။
တစ်ခဏကြာပြီးနောက် ဝိန်းရမ်ယဲ့တစ်ယောက် ထိုလူက နုနယ်နေလျှင်တောင် ကျန်းကျဲလျိုဆိုတာ လောကကြီးမှ သူ့ကိုပေးအပ်လာသော လက်ဆောင်တစ်ခုဟု ရုတ်တရက် ခံစားလိုက်ရ၏။
သူ့မျက်လုံးများထဲတွင် ကျန်းကျဲလျိုက အလွန်အမင်းအဖိုးတန်ကာ ဂရုစိုက်ပေးဖို့လိုအပ်သူဖြစ်သည်။ အတိတ်တုန်းက သူသည် လင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ဓားသွားပေါ်မှ ရေခဲကဲ့သို့အေးစက်သော အမတမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်၍ လောကတစ်ခွင်က သူ့ကို ဦးညွတ်ခဲ့ရသည်။ ယခုမှာမူ သူက အရည်ပျော်နေသော နှင်းများလို ပျော့ပျောင်းနူးညံ့နေပေ၏။
ဝိန်းရမ်ယဲ့က သူ့ကို ခဏလောက်စောင့်ကြည့်ပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။
"ခင်ဗျား အိပ်နေပြီလား။"
တစ်ဖက်လူက မလှုပ်ချေ။
သူက လက်လှမ်း၍ တစ်ဖက်လူအား ခုတင်ပေါ်သယ်သွားပေးကာ ပွင့်နေသောစာအုပ်ကိုဖယ်ရှားဖို့ ကြိုးစားခဲ့သော်လည်း ကျန်းကျဲလျိုက စာအုပ်ကို မလွှတ်ချေ။
ကျန်းကျဲလျိုက စာအုပ်ကို သူ့ရင်ခွင်ထဲထည့်လိုက်ပြီး အလွန်တိုးညင်းသောအသံနှင့် ပြောလာသည်။ "...ငါ နည်းနည်းလောက်ဖတ်ဦးမလို့..."
"ခင်ဗျား ပင်ပန်းနေတာမဟုတ်ဘူးလား။"
ဝိန်းရမ်ယဲ့က သူ့ဝတ်ရုံကို ကောက်ယူကာ ကျန်းကျဲလျိုကိုယ်ပေါ်ရှိ ဝတ်ရုံကိုယူ၍ သူ့ဝတ်ရုံနှင့် အစားထိုးလိုက်၏။ ကြီးမားသောသွေးရောင်ဝတ်ရုံက ထိုသူ့ကို ပခုံးကနေ တစ်ကိုယ်လုံး ဖုံးအုပ်ထားနိုင်သော်လည်း ၎င်းက စောင်ထက် ပိုမိုပေါ့ပါးပြီး လူများကို စိတ်မသက်မသာ ဖြစ်စေမည်မဟုတ်ပေ။
ကျန်းကျဲလျိုက ချက်ချင်းပြန်မဖြေခဲ့သော်လည်း ဝတ်ရုံအောက်မှ အပူချိန်က တဖြည်းဖြည်းတက်လာချိန်၌ အလွန်ပျော့ပျောင်းသောအသံဖြင့် တိုးတိုးလေးပြောလာ၏။ "...ငါ့ကို စကားမပြောနဲ့... အရမ်းပင်ပန်းနေပြီ။"
ဝိန်းရမ်ယဲ့၏ ကျင့်ကြံမှုအဆင့်နှင့်ဆို ထိုစကားများကို သဘာဝကျကျ ရှင်းရှင်းလင်းလင်းကြားနိုင်သည်။ သူက ကျန်းကျဲလျိုဘေးတွင် ဝင်ထိုင်၍ ဖယောင်းတိုင်မီး တဖျပ်ဖျပ်လက်နေသည်ကိုကြည့်ကာ ပြတင်းပေါက်မှ ဖြတ်သွားသော ညလေညင်းသံကို နားထောင်နေစဉ် အိပ်ပျော်သွားသော တစ်ဖက်လူ၏အသက်ရှူသံကို ခံစားလိုက်ရသည်။
အရာအားလုံးက အလွန်တိတ်ဆိတ်နေခဲ့သည်။
ကျန်းကျဲလျိုက သူ့အား ဤသို့ပြုမူဆက်ဆံနေခြင်းမှာ သူ့အပေါ် ယုံကြည်မှုကြောင့်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းကျဲလျိုက သူ့ကို လုံးဝမယုံကြည်ဘဲ ...သူက ...ဒီအတိုင်း ဘာကိုမှ ဂရုမစိုက်ချင်ရုံမျှသာ...
သူ၏တာဝန်အားလုံး ပြီးမြောက်ပြီးဖြစ်၍ ကလေးဘဝကနေ အရွယ်ရောက်ပြီးသည်အထိ တာဝန်နှင့် ဝတ္တရားအားလုံးက ယခု ဤနေရာမှာ အဆုံးသတ်သွားလေပြီ။ အတိတ်တွင် ကျန်းကျဲလျိုက လင်းရှောင်ဂိုဏ်းနှင့် ကျင့်ကြံရေးလောကအတွက် အသက်ရှင်နေထိုင်ပုံပင်။ ယခုအချိန်မှာ... နောက်ဆုံးတော့ သူက သူကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်နိုင်ပြီဖြစ်၏။
ထို့ကြောင့် သူက မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ မောပန်းနွမ်းနယ်နေချိန် ငြိမ်းချမ်းစွာ အိပ်စက်နိုင်မှုက ဤလောကတွင် သက်တောင့်သက်သာအရှိဆုံးအရာဖြစ်သည်။
ဝိန်းရမ်ယဲ့က ခုတင်ဘေးနားထိုင်ပြီး ထိုသူ့ကို ကြည့်နေခဲ့၏။
ဖယောင်းတိုင်မီးများ မှိန်ဖျော့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
အဆုံးမဲ့သော နူးညံညင်သာမှုများဖြင့်ပင်...
****
Aurora Novel Translation Team