no

Font
Theme

ဝိန်းရမ်ယဲ့ အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းသွားခဲ့သည်။

ယခုအချိန်မှာ သူ မည်သို့ခံစားနေရကြောင်း ဖော်ပြရန် ခဲယဉ်းပေသည်။

ယနေ့အချိန်ထိ သူအောင်မြင်ခဲ့သမျှအရာအားလုံးသည် ထိုနေ့က သူလက်ခံရရှိခဲ့သော ဓါးချက်နှင့်သာမက သူ့အရှေ့မှာထိုင်နေသောလူနှင့်ပါ များစွာဆက်စပ်မှုရှိသည်။ သူက ကျင့်ကြံရေးကို စွဲလမ်းလာပြီး ပို၍သန်မာကာ ပိုကောင်းလာရမည့်အကြောင်းကိုသာ တွေးနေခဲ့သည်။ သူ တစ်ဖက်လူလိုမျိုးသန်မာချင်ပြီး တစ်ဖက်လူထက်ပို၍ သန်မာချင်ခဲ့သည်။

မကြာသေးမီကပင် ဝိန်းရမ်ယဲ့က ကျင့်ကြံရေးအဆင့်နောက်တစ်ဆင့်ကို ရုတ်တရက်ချိုးဖျက်နိုင်ခဲ့ပြီး ကျင်းရှန့်အဆင့်တစ်ဝက်ကို အောင်မြင်ခဲ့ရာ သူ့ဖခင်ဆီကနေ နတ်ဆိုးအရှင်ရာထူးကို လက်ဆင့်ကမ်း ယူခဲ့သည်။ တစ်ခုတည်းသောအချက်မှာ ကျန်းကျဲလျိုက ခြေဦးတည့်ရာသွားနေသဖြင့် သူ မည်သည့်နေရာကိုသွားကြောင်းမသိသလို မည်သူကမှလည်း သူ့ကို ရှာမတွေ့တော့ပေ။

သူ၏ အတွင်းအားများကို စုစည်းပြီးနောက် သူရှာဖွေနေသူက ကျုံးနန်တောင်တွင် ရှိနေကြောင်း သိလိုက်ရပြီး သူ၏နှလုံးသားထဲ ဒေါသမီးလျှံများ ပြည့်နှက်လာခဲ့သော်လည်း ကောင်းကင်ဘုံ၏ဆန္ဒက သူ့ကို ဤအခွင့်အရေးအား ပေးခဲ့လေသည်။

ဝိန်းရမ်ယဲ့ တစ်ဖက်လူ၏ လက်ချောင်းသွယ်သွယ်များကို ငုံ့ကြည့်လိုက်ရာ သူ၏အသားအရေက သွေးမရှိသလိုဖြူဖျော့နေပြီး နေမကောင်းသည့်အရိပ်အယောင် ပေါ်နေ၏။

ကျန်းကျဲလျိုက ဤမေးခွန်းကိုသာမေးပြီး ဆက်မပြောတော့ပေ။ သူ့ရှေ့ရှိလူက မည်သူဆိုတာကိုမသိသလို သူ့အပေါ်မှာ ဘာထင်မြင်ချက်မှမရှိသော်လည်း တစ်ဖက်လူ၏ ရှုပ်ထွေးနေသော ခံစားချက်များတွင် သတ်ဖြတ်လိုစိတ်မရှိကြောင်း ခံစားနိုင်၏။ သတ်ဖြတ်လိုစိတ်မရှိသရွေ့တော့ သူ အသေးစိတ်အချက်များကို ဂရုမစိုက်ချေ။

သူ့လက်ထဲမှ လက်ဖက်ရည်ကို အေးသွားအောင်မှုတ်ပြီးနောက် ကျန်းကျဲလျိုက ခေါင်းငုံ့ကာ တစ်ငုံသောက်လိုက်ရာ ခါးသက်သက်အရသာက အာခံတွင်းထဲ စီးဝင်သွားခဲ့လေ၏။ သို့သော်လည်း သူက မျက်ခုံးတောင်မတွန့်ဘဲ တစ်ခွက်လုံးသောက်လိုက်ပြီး ရှားရှားပါးပါးဆိုသလို ဖော်ရွေသောအပြုအမူနှင့် ဝိန်းရမ်ယဲ့အတွက်တောင် တစ်ခွက်ငှဲ့ပေးလိုက်သေးသည်။

ဝိန်းရမ်ယဲ့က လက်ဖက်ရည်ကိုယူကာ ရင်လေးစွာ တစ်ငုံသောက်လိုက်၏။ ချက်ချင်းဆိုသလို ပြင်းထန်သော ခါးသက်သက်အရသာက သူ့လျှာဖျားအထိ ထုံသွားစေပြီး ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

သူက တည်ငြိမ်စွာ လက်ဖက်ရည်သောက်နေသော ကျန်းကျဲလျိုကို မော့ကြည့်နေပြီး သူ၏အရသာခံနိုင်စွမ်းကိုတောင် သံသယဝင်လုနီးပါးပင်။ "ခင်ဗျား ဒါကို ဘယ်လိုတောင်သောက်လိုက်တာလဲ။"

ထိုမေးခွန်းမဆုံးခင် စိတ်ဖိစီးစွာဖြင့် နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်ပြန်၏။ "ခင်ဗျား နေမကောင်းဖြစ်နေတာကို ဘာလို့ ဒီမှာ တစ်ယောက်တည်း နေနေတာလဲ။ လင်းရှောင်ဂိုဏ်းက လူတွေရော ဘယ်ရောက်နေလဲ။ ပြီးတော့ ခင်ဗျားဆံပင်တွေ..."

ဝိန်းရမ်ယဲ့က အသက်ပြင်းပြင်းရှူကာ သူ၏ဒေါသများက မည်သည့်နေရာကနေ ဖြစ်ပေါ်လာမှန်းမသိခဲ့ပေ။ ထို့နောက် အနည်းငယ်တည်ငြိမ်အောင် ကြိုးစားပြီးနောက် လက်ဆန့်ထုတ်ကာ ကျန်းကျဲလျို၏နားရွက်နားမှ ဆံပင်ဖြူများကို လှမ်းထိလိုက်သည်။

ဆံပင်များက နှင်းများကဲ့သို့ အေးစက်ခြောက်သွေ့နေပြီး တောက်ပြောင်မှု မရှိသလောက်ပင်။

"ခင်ဗျား ဘယ်လိုဖြစ်ခဲ့တာလဲ။" နောက်ဆုံးတွင် ဤမေးခွန်းကို မေးလိုက်၏။

ကျန်းကျဲလျိုက လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်လိုက်ပြီး သူ့ဆံပင်ကိုမထိခင် နတ်ဆိုး၏လက်ကို လှမ်းဖမ်းလိုက်ပြီး သူ့ဆီိကို ပြန်ပေးလိုက်လေ၏။ "မင်းဘာသာမင်း စုံစမ်းကြည့်လိုက်။"

သူ့အရေပြားက ပုံမှန်မဟုတ်စွာ အေးစက်နေပြီး ဝိန်းရမ်ယဲ့၏လက်ကို ထိလိုက်ပြီးနောက် ပို၍အေးစက်သွားခဲ့သည်။ သို့သော် မယုံကြည်နိုင်လောက်အောင် တိုတောင်းလှသော ဤအထိအတွေ့လေးက ဝိန်းရမ်ယဲ့၏နှလုံးခုန်သံကို ထိန်းချုပ်မှုလွတ်သွားသော မြင်းရိုင်းတစ်ကောင်လို မရပ်မနား ခုန်ပေါက်စေခဲ့သည်။ သူ၏နှလုံးသားက အကြောင်းပြချက်မရှိ အပြင်းအထန် တုန်လှုပ်သွား၏။

ဝိန်းရမ်ယဲ့တစ်ယောက် မီးလောင်သွားသည့်နှယ် သူ့လက်ကို ရုတ်တရက် ပြန်ရုပ်လိုက်မိသည်။

အကယ်၍ ဤမြင်းရိုင်းသာ လျှောက်သွားစရာမြက်ခင်းပြင်ရှိပါက ယင်းမြက်ခင်းပြင်ကို 'မြင်မြင်ချင်းအချစ်' ဟု ခေါ်ရပေမည်။

နတ်ဆိုးကြီးခမျာ သူ၏ရမ္မက်အတွေးများကြောင့် သူ၏ဦးခေါင်းတစ်ခုလုံး ပူလောင်လာပြီး သူ့နှလုံးသားပေါ် သမင်တစ်ကောင် ခုန်ပေါက်နေသည်ဟုတောင် ခံစားနေရသည်။ ထို့ကြောင့် သူ ၎င်းကို ခွဲထုတ်လိုက်ချင်သော်လည်း တစ်ဖက်လူအား သွေးသံတရဲရဲမြင်ကွင်းဖြင့် ခြောက်လှန့်မိမည်စိုးသဖြင့် ပြန်လည်ထိန်းချုပ်လိုက်၏။

"ကျွန်တော့်ကိုမထိနဲ့။"

ကျန်းကျဲလျိုက ခဏတာတိတ်ဆိတ်သွားသည်။

"ငါ့ကို အရင်လာစတာ မင်းမဟုတ်ဘူးလား။"

"မဟုတ်ပါဘူး၊ ကျွန်တော်က ဘယ်မှာ..."

"မင်း ငါ့ဆံပင်ကို ထိတယ်လေ။"*

(T/N: ဒီနားမှာ ပြောတဲ့စကားက ထိတာနဲ့ စတာနဲ့ အဓိပ္ပါယ်နှစ်မျိုးရှိပါတယ်။)

ဝိန်းရမ်ယဲ့က တိတ်ဆိတ်နေစဉ် စားပွဲ၏အခြားတစ်ဖက်ရှိ ကျန်းကျဲလျိုက ခါးသက်သက် လက်ဖက်ရည်တစ်ခွက်ကို သောက်နေသည်အား ငေးကြည့်နေခဲ့သည်။

မီးဖိုနှင့် နီးနေသည်ဖြစ်စေ၊ မနီးသည်ဖြစ်စေ တစ်ဖက်လူ၏ခန္ဓာကိုယ်ထဲကနေ ကြောက်မက်ဖွယ်အေးစက်သောလေထုက ထွက်ပေါ်လာခဲ့သည်။

ဝိန်းရမ်ယဲ့က မီးဖို၏မီးတောက်များကိုဖြတ်၍ သူ့ကို ဆက်လက်ကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲမှ သမင်က သေတော့မတတ် ခုန်ပေါက်နေလေ၏။ ထိုသူ လက်ဖက်ရည်ခွက်ကို ချလိုက်သည်အား ကြည့်နေရင်း အခိုက်အတန့်တစ်ခုလောက် မျက်မှောင်ကြုတ်လိုက်မိပြီး အနက်ရောင်မျက်လုံးများထဲကနေ အလင်းရောင် အရိပ်အယောင်ကို မတွေ့ရတော့ပေ။

သမင်ငယ်လေးက အချိန်အတော်ကြာ ခုန်ပေါက်နေပြီး ခွာသံများပေးကာ ရမ္မက်ဆန်သောအတွေးများက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ကျန်ရှိနေသည်မှာ နှလုံးသားနာကျင်မှုများသာ။

ဝိန်းရမ်ယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ရင်း နတ်ဆိုးနယ်မြေကို သူနှင့်အတူသွားချင်လားဟု တစ်ဖက်လူအား မေးချင်နေခဲ့၏။ သို့သော် သူ တစ်ခွန်းမှမပြောရသေးခင် အပေါ်ထပ်ကနေ ထင်ရှားသောခြေသံများ ထွက်ပေါ်လာပြီး ကလေးဆန်သောအသံကို ကြားလိုက်ရသည်။

"ကောကော၊ ကျွန်တော် အပေါ်ထပ်မှာ ရှင်းပြီးပြီ! ဗီရိုတစ်ခုကို စာအုပ်စင်အတွက် အသုံးပြုလို့ရတယ်၊ ကောကော လိုချင်ရင်..."

ချန်းချန်က လှေကားလက်ရန်းပေါ် မှီလိုက်ပြီးနောက် ရုတ်တရက် စကားရပ်တန့်သွားပြီး ကျန်းကျဲလျို၏ မျက်နှာချင်းဆိုင်၌ ထိုင်နေသူကို ကြောင်အစွာ စိုက်ကြည့်ရင်း သူ့ဦးနှောက် လုံးလုံးပိတ်ဆို့သွားသလို တုန်ယင်စွာ ပြောလိုက်မိသည်။

"ရှူး... ရှူးရှူး။"

(T/N: ရှူးရှူး - ဦးလေး။)

ဝိန်းရမ်ယဲ့က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း လျစ်လျူရှုကာ ကျန်းကျဲလျိုဘက်သို့ လှည့်ပြောလိုက်၏။

"သူ ခင်ဗျားကို ကောကောလို့ ခေါ်လိုက်တာလား။"

"အင်း။"

ကျန်းကျဲလျိုက ချန်းချန်၏ နာမည်အရ လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို ဆက်စပ်မိသွားပြီး သူ့ရှေ့မှလူ၏ လက္ခဏာကို အကြမ်းဖျင်း ခန့်မှန်းမိကာ ခေါင်းညိတ်လိုက်၏။

တစ်ဖက်လူက ချန်းချန်ကို အဘယ့်ကြောင့်ခေါ်ထားကြောင်း မသိသောကြောင့် ဝိန်းရမ်ယဲ့က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"တကယ်တော့ ကျွန်တော်လည်း ပြေးနေရတာပါ။"

လှေကားကနေ ပြေးဆင်းလာသော ချန်းချန်တစ်ယောက် ထိုစကားများကို ကြားလိုက်ရပြီးနောက် ကြောင်အမ်းစွာရပ်နေရင်း သူ၏ရှူရှူးကို ကြည့်လိုက်မိသည်။

"ကျွန်တော့်ကိုလည်း ခေါ်ထားမဲ့သူ ဘယ်သူမှမရှိဘူး။"

သူ့ပါးစပ်ဖျားကနေ ထွက်လာသောစကားအပေါ် ဝိန်းရမ်ယဲ့ နည်းနည်းလေးမှ မရှက်ရွံ့ပေ။

ချန်းချန်ခမျာ လုံးဝ အံ့အားသင့်သွားပြီး သူ့ရှူးရှူကို ကြည့်ပြီးနောက် သူ၏နတ်ဘုရားကောကောကို ကြည့်လိုက်သော်လည်း စကားကတော့ မပြောနိုင််ခဲ့ပေ။

"ကျွန်တော် ခင်ဗျားကိုလည်း ဂရုစိုက်ပေးလို့ရတယ်။"

ဝိန်းရမ်ယဲ့က စကားပြောရင်း အနားသို့ တဖြည်းဖြည်းတိုးလာရာ ကျန်းကျဲလျိုနှင့် လက်မအနည်းငယ်သာ ဝေးနေသဖြင့် ဝင်သက်ထွက်သက်များကိုတောင် ခံစားမိလုနီးပါးပင်။

ကျန်းကျဲလျို၏မျက်တောင်များက အနည်းငယ် တုန်ရီသွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "အဲ့ဒီတော့?"

"ကျွန်တော် ခင်ဗျားတို့နှစ်ယောက်နဲ့ အတူနေမယ်။" ဝိန်းရမ်ယဲ့က ပြောလိုက်သည်။

ကျန်းကျဲလျိုက တစ်ဖက်ကနေ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်လှိုင်းများကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်စွာ မျက်မှောင်ကြုတ်လိုက်၏။

"ငါသဘောမတူရင်ရော? "

"...ခင်ဗျားကို အရင်ဆုံး မုဒိမ်းကျင့်ပြီးမှ သတ်ပစ်မယ်။"

နတ်ဆိုးက အမှန်တကယ်ကို ကြမ်းကြုတ်သည့်ပုံပင်။

အခန်းထဲမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အပြင်ဘက်မှ လေတိုက်သံက တဖြည်းဖြည်း ကျယ်လောင်လာကာ အဆောက်အအုံငယ်လေး၏ တံခါးကို တွန်းဖွင့်လိုက်သည်။

တစ်ဖက်လူဆီကနေ ထွက်ပေါ်လာသော ပြင်းထန်သည့်နတ်ဆိုးစွမ်းအင်များက သူ့ကို လုံးဝနီးပါး ဖုံးလွှမ်းသွားပြီး ကျိုးပဲ့နေသော သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထား၏။ ကျန်းကျဲလျို သူ့ကို တိတ်တဆိတ်ကြည့်နေရင်း လက်မြှောက်ကာ တစ်ဖက်လူ၏မျက်ခုံးကြားကို သူ၏လက်ချောင်းလေးဖြင့် တွန်းထုတ်၍ ပြောလိုက်သည်။

"တံခါးပိတ်လိုက်တော့၊ ငါ အေးနေပြီ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment