မိစ္ဆာလေးက ခေတ္တမျှ တိတ်ဆိတ်သွားပြီး မျက်ရည်ကျလာကာ ကျန်းကျဲလျို၏ အလွန်မွှေးကြိုင်သော အမတစွမ်းအင်ကို အနံ့ခံရင်း ပြင်းထန်သော အမတစွမ်းအင်ရှိသည့်တစ်စုံတစ်ဦးက သေချာပေါက် သူ့ကို မနာကျင်စေဘူးဟု ခံစားမိကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။ "တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်ချင်နေတာ။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို မျက်ခြည်ပြတ်သွားတယ်... ပြီးတော့ ကျွန်တော်... ဒီနေရာကိုတွေ့လိုက်ပြီး ပြေးပုန်းနေခဲ့တာ။"
ကျန်းကျဲလျိုက ခေါင်းညိတ်လိုက်ပြီး မီးကို ထပ်ထိုးလိုက်ပြန်သည်။ "မင်းကို ဘာလို့ သတ်ချင်တာလဲ။"
သူက မိစ္ဆာများကို မကြာခဏဖမ်းဆီးလေ့ရှိပြီး သူ့လေ့ကျင့်ပေးမှုအောက်တွင် မိစ္ဆာများစွာရှိပေသည်။ သူ့တွင် မိစ္ဆာများနှင့်နှီးနွှယ်မှုရှိကြောင်း ပြောကြသော်လည်း သူ လင်းရှောင်ဂိုဏ်းမှထွက်လာပြီးနောက် ထပ်ပြီးမတွေ့ရတော့ဟု ထင်ထားခဲ့မိသည်။
မြွေမိစ္ဆာလေးက မျက်ရည်သုတ်လိုက်ပြီး ပြောလာသည်။ "ကျွန်တော့်နာမည်က ချန်းချန်ပါ။ ကျွန်တော်... ကျွန်တော်က သွေးနှောမိစ္ဆာပါ။"
ချန်းချန်၏မျက်လုံးများက ငိုကြွေးမှုကြောင့် နီရဲလာပြီး နာခံမှုရှိစွာ ပြောလာ၏။
"ကျွန်တော့်အမေက သားရဲမိစ္ဆာ... အဖေက နတ်ဆိုး။ နတ်ဆိုးလောကမှာ တော်ဝင်မိသားစုရဲ့ သွေးကို သွေးနှောမိစ္ဆာနဲ့ ရောထွေးခွင့်မပြုဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော့်အစ်ကိုက... ကျွန်တော့်ကို သတ်ဖို့ အမိန့်ပေးခဲ့တယ်။"
(T/N: အမေက အပင်/တိရစ္ဆာန်ကနေဖြစ်လာတဲ့ 妖-ယောင်းလို့ခေါ်တဲ့ လူနီးနီးတူတဲ့မိစ္ဆာပါ။ အဖေကကျ အမတ ဒါမှမဟုတ် နတ်ဘုရားတွေကနေ နတ်ဆိုးလမ်းစဥ်ထဲ ရောက်လာခဲ့တဲ့ 魔-မော်လို့ခေါ်တဲ့ နတ်ဆိုးပါ။)
တော်ဝင်သွေး? ကျန်းကျဲလျိုတစ်ယောက် သူ့ကို မမျှော်လင့်ထားသလို စိုက်ကြည့်လိုက်မိ၏။
နတ်ဆိုးလောကတွင် ချင်းလုံနှင့် ချင်းလင်တို့လို စစ်မှန်သောဘုရင်နှစ်ပါးရှိပြီး အမျိုးမျိုးသော နတ်ဆိုးဂိုဏ်းကြီးများက ၎င်းတို့နောက်ကိုလိုက်ကြ၏။ မျိုးရိုးအမည် 'ချန်း' ပါသော မြွေမိစ္ဆာအများကြီးရှိသည်မှာ မဆန်းပေ။ သို့သော် နတ်ဆိုးလောကရှိ တော်ဝင်မိသားစုသွေးက အလွန်တန်ဖိုးရှိသည်။
ကျန်းကျဲလျို မေးလိုက်မိသည်။
"မင်းအစ်ကိုက ဘယ်သူလဲ။"
သူ နတ်ဆိုးလောကအကြောင်းကို နက်နဲစွာ မမှတ်မိနိုင်ခြင်းမှာ သူနှင့် ဆက်ဆံမှုသိပ်မရှိသောကြောင့်ပင်။ သူမှတ်မိသည်မှာ လွန်ခဲ့သည့်နှစ်များစွာက နတ်ဆိုးနယ်မြေအမတသခင်က တော်ဝင်မိသားစုမှ ကလေးများကို လင်းရှောင်ဂိုဏ်းသို့ စာချုပ်တစ်ခုညှိနှိုင်းရန် စေလွှတ်ခဲ့ပြီးနောက် ဘယ်တော့မှ သူ့ကို ထပ်မတွေ့ရတော့ချေ။
ချန်းချန်က ပြောလိုက်၏။ "ကျွန်တော့်အစ်ကိုက ဝိန်းရမ်ရှီ၊ ကျွန်တော့်ရဲ့ အစ်ကိုဝမ်းကွဲပါ။ သူက ဦးလေးရဲ့နောက်ကွယ်မှာ ကျွန်တော့်ကို သတ်ချင်နေတာ။"
ကျန်းကျဲလျို ခေါင်းညိတ်ပြလိုက်ပြီး သူ့အနေနှင့် လူချမ်းသာမိသားစု၏ပြဿနာထဲ ဝင်မပါတာပိုကောင်းပေ၏၊ သူက တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်ကိုနွေးအောင်လုပ်ပြီး မျက်လုံးမှိတ်လျက် မေးမော့ကာ ပြောလိုက်သည်။ "တကယ်လို့ မင်းကိုသတ်ဖို့ တစ်ယောက်ယောက် လာခဲ့ရင်၊ အသံကိုလျှော့ထား။ ငါ့ကို မနှိုးမိစေနဲ့။"
ချန်းချန် ခဏမျှ အံ့အားသင့်သွားပြီး သူ့ကိုယ်သူ ကြောင်တောင်တောင် လက်ညှိုးထိုးပြပြီးနောက် တစ်ဖက်လူကို တုံးအစွာ လက်ညှိုးထိုးပြလိုက်သည်။
ကျန်းကျဲလျို၏ဆံပင်များက ပြန်ကျဲ့ကာ နှင်းများအသွင် ဖြူဆွတ်နေသော်လည်း လက်ချောင်းများက ဆံပင်ထက်ပင် ပိုဖြူကာ အေးစက်နေလေ၏။ မီးရှိနေ၍သာ သူ့တစ်ကိုယ်လုံးရှိ အေးစိမ့်မှုကို အလုံအလောက် တားမြစ်နိုင်ခြင်းပင်။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်၌ အနံ့တစ်ခုရှိနေဆဲဖြစ်ကာ အရိုးထဲထိ နက်နဲသောအနာများက တစ်ချက်ထိလိုက်သည်နှင့် ကွဲအက်သွားတော့မလို။
ချန်းချန်က ကျန်းကျဲလျို သူ့အား ကယ်တင်နိုင်မည်ဟု မူလကထင်ခဲ့သော်ငြား တစ်ဖက်လူလည်း ဒဏ်ရာရထားပုံပေါ်ကြောင်း သိလိုက်ပြီးနောက် သူ့စိတ်ထဲ ငြိမ်သက်သွား၏။ မည်သည့်နေရာကနေ သတ္တိများရလာလဲမသိဘဲ သူ တိုးတိုးလေးပြောလိုက်သည်။
"... ကျွန်တော် ထွက်ပြေးလိုက်ပါ့မယ်၊ နတ်ဘုရားကို ဒုက္ခမပေးပါဘူး။"
ကျန်းကျဲလျိုက မလှုပ်ရှားတော့ချေ။
ထင်းများလောင်ကျွမ်းသံ ထွက်လာ၏။
အိမ်အပြင်၌ နှင်းကျနေဆဲဖြစ်ပြီး နှင်းများက တောင်ကို ပိတ်ဆို့ထားတာကြောင့် သာမန်လူများအနေနှင့် တောင်ပေါ်တက်ရန် ပိုခက်ခဲသလို အပြင်ရှိ တောရိုင်းတိရစ္ဆာန်များ၏ အူသံကိုလည်း ကြားနေရသည်။
လရောင်က ပြတင်းပေါက်ထဲကို သွန်းလောင်းဝင်ရောက်လာပြီး ခြေရင်း၌ ဟိုတစ်စဒီတစ်စပေါ်နေ၏။ မိုးသောက်ခါနီးအချိန်တွင် ချန်းချန်တစ်ယောက် ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘဲ မှင်တက်ကာ နိုးလာခဲ့သည်။
သူ ဝေ့ဝဲကြည့်လိုက်ရာ ကျန်းကျဲလျိုက မီးဖိုပေါ်တွင် သေရည်ကို အပူပေးထားပြီး မနီးမဝေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သေရည်က ဆေးဖက်ဝင်သေရည်ဖြစ်ပုံရပြီး ခါးသက်သက်အရသာရှိမည့်ပုံပင်။
"နတ်ဘုရား။"
ချန်းချန်က သတိတကြီး မေးလိုက်၏။
"ဘာလုပ်နေတာလဲဟင်။"
ကျန်းကျဲလျိုက အပူချိန်ကို စမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ငါ မင်းကို ဆေးဖော်စပ်ဖို့ ထည့်ချက်မလို့။"
ချန်းချန်တစ်ယောက် ခေတ္တမျှ အံ့အားသင့်သွားပြီး ဤသည်မှာ တစ်ဖက်သူက သူ့ကို ခြောက်လှန့်ရန် သို့မဟုတ် ရေခဲတမျှ အေးစက်သော နတ်ဘုရားက သူ့ကို သေရည်လုပ်ရန် အမှန်တကယ်ဖမ်းချင်နေသည်လားဟု တွေးလိုက်မိ၏။ သူ့စိတ်ထဲတွင် ခဏအတွင်း ပထမဆုံးပေါ်လာသည့်အရာက မည်သို့လက်ဦးမှုယူရမလဲမဟုတ်ဘဲ သူ့ကို မထိခိုက်စေရန် မည်သို့ခုခံရမလဲဟူ၍။
မည်သို့ပင်ဆိုစေ ဤအားနည်းနေသောအလှလေးက တွန်းလိုက်လျှင်တောင် လဲကျတော့မလိုပင်။ သူသာ ပြင်းပြင်းထန်ထန် ခုခံလျှင် သူ့ကို နာကျင်စေမှာ အသေအချာပင်။ အပြင်ပန်းအရ ဤလူသားက ဖန်သားနှင့် ပြုလုပ်ထားပုံရပြီး သတိမထားလျှင် ပျက်စီးသွားနိုင်၏။
ချန်းချန်က အချိန်အတော်ကြာသည်အထိ မှင်တက်နေပြီး အဖြေမထုတ်နိုင်ဘဲရှိနေ၏။ ကြည်လင်နေသော အပြင်ဘက်ကောင်းကင်ကြီးက ရုတ်တရက် နေသာနေရာမှ နှင်းမုန်တိုင်းများ ထပ်တိုက်လာပြန်၏။
နောက်အခိုက်အတန့်တွင် ရက်စက်ကြမ်းတမ်းသော နတ်ဆိုးအနည်းငယ် ထိုးဖောက်ဝင်ရောက်လာပြီး အိမ်တံခါးကို အစိတ်စိတ်အမွှာမွှာခွဲကာ ကြွေးကြော်လာသည်။
"ချန်းချန်၊ အခုချက်ချင်းထွက်လာခဲ့စမ်း!"
နတ်ဆိုးများက ဤနေရာအထိ ရောက်လာကြသဖြင့် ချန်းချန်တစ်ယောက် ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားခဲ့၏။ သူက နောက်တစ်ကြိမ် ချက်ချင်း ထွက်ပြေးမည်ပြုလိုက်ရာ တစ်ဖက်စွန်းရှိ ထွက်ပေါက်ကိုလည်း ပိတ်ဆို့ထားခံရပြီး နှစ်ဖက်စလုံးကနေ တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာကြသည်။
နတ်ဆိုးများဆီမှ နတ်ဆိုးစွမ်းအင်က ပြတင်းပေါက်ဘောင်ကို ဖျက်ဆီးပစ်လိုက်သဖြင့် နှင်းမုန်တိုင်းက ဖြတ်ဝင်လာပြီး မီးတောက်များကို ငြှိမ်းသတ်လိုက်၏။
ကျန်းကျဲလျိုက သေရည်အပူပေးခြင်းကို ခဏမျှရပ်လိုက်ပြီး အပေါ်ကိုရွှေ့ကာ တံခါးဝရှိ ဧရာမနတ်ဆိုးစွမ်းအင်ကို မျက်လုံးပင့်ကြည့်လိုက်သည်။
"ချန်းချန်၊ ငါ မင်းကို ဒီနေ့သတ်ပစ်..."
နောက်ဆုံးစကားလုံးကိုမပြောမီ ဦးဆောင်လာသော နတ်ဆိုးမှာ မျက်လုံးများလည်သွားပြီး ရုတ်တရက်ဆိုသလို စကားလုံးများ ရပ်တန့်သွားကာ ထိတ်လန့်မှုအပြည့်ဖြင့် ဘုံးခနဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူက မြေပြင်ကနေထပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာ၏။
"ကျန်း...ကျန်း...ကျန်း...ကျန်း...ကျန်းရှန်းဇွင်း....ကျ.. ကျ... ကျွန်တော်က လူကောင်း၊ မဟုတ်... ကျွန်တော်က နတ်ဆိုးကောင်းတစ်ယောက်ပါ...ကျွန်တော်...."
ကျန်းကျဲလျိုက အံ့သြစွာ မျက်ခုံးပင့်လိုက်မိသည်။
"မင်း ငါ့ကိုသိတယ်?"
"သိ...သိ...သိပါတယ်။"
အနှီနတ်ဆိုးမှာ စိတ်ဖိစီးလေလေ စကားကို ကောင်းကောင်းမပြောနိုင်လေပင်။ သူက ညှိုးငယ်သောမျက်နှာနှင့် ပြောလာ၏။
"လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ကျွန်တော့်ဆရာနဲ့အတူ ရှန်းဇွင်းကိုတွေ့ဖူးပါတယ်။ အရှင် ဒီမှာရှိမှန်းသာသိရင် ကျွန်တော့်ကို အနှစ်ရှစ်ရာလောက်ရှိတဲ့သတ္တိကို ပေးရင်တောင် ဝင်မလာရဲပါဘူး။ တကယ်လို့ ရှန်းဇွင်းက သူ့ကို အထဲခေါ်ထားတာကို သိခဲ့ရင်...ကျွန်တော်...ဘယ်လိုလုပ်ပြီး ဒီမှာလာရှုပ်ဖို့ သတ္တိရှိပါ့မလဲ။"
ကျန်းကျဲလျိုအနေဖြင့် သူ့ကျင့်ကြံဆင့်ပျက်စီးသွားသည့် သတင်းက နတ်ဆိုးနယ်မြေသို့ ရောက်ရှိသွားခြင်းရှိ၊ မရှိကို မသိသဖြင့် ပေါ့ပေါ့ဆဆ တုံ့ပြန်ကာ တံခါးဘောင်ကို ညွှန်ပြပြီး ပြောလိုက်သည်။
"မင်း ငါ့တံခါးကို ဖျက်ဆီးလိုက်တယ်။”
နတ်ဆိုးမျိုးနွယ်ဝင်က မျက်ရည်များ ကျလုနီးပါးဖြစ်ကာ သူရဲကောင်းဆန်ဆန် ပြောလိုက်၏။
"ကျန်းရှစ်ဇွင်း၊ ကျွန်တော်ပဲ ဒါကို လုပ်ခဲ့တာပါ၊ ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးလိုက်ပါ။"
သူ့နောက်ရှိ နတ်ဆိုးငယ်များကလည်း မူရင်းပုံစံကနေ လူသားပုံစံပြောင်းလဲထားပြီး ကနဦး စိမ်းဖန့်ဖန့်မျက်နှာများနှင့် အစွယ်များကနေ ငယ်ရွယ်နုပျိုသူပုံစံသို့ ပြောင်းလိုက်ကြသည်။
သူငိုတော့မည်ကိုမြင်၍ ကျန်းကျဲလျိုက တည်ငြိမ်စွာပြောလိုက်၏။
"ငါ့အတွက် တံခါးကိုပြင်ပေး၊ ပြီးရင် မင်းထွက်သွားလို့ရပြီ။"
နတ်ဆိုးခေါင်းဆောင်က လွတ်ငြိမ်းချမ်းသာခွင့်ရသည်နှင့် ကျန်းကျဲလျိုကို ဝပ်တွားဦးညွတ်လုနီးပါးပင်။ သူက ရုတ်တရက်ထရပ်လိုက်ပြီး သူ့အနောက်မှ နတ်ဆိုးတစ်သိုက်ကိုခေါ်ကာ အလုပ်စကြတော့၏။
သူ့ဘေးမှာရှိနေသည့် ချန်းချန်ကတော့ အတော်ကြာ ကြောင်အနေခဲ့သည်။ သူက ကျန်းကျဲလျို ဆေးဖက်ဝင်သေရည်အချို့ သောက်ပြီးနောက် ခင်းထားသော ကွပ်ပျစ်ပေါ် လဲလျောင်းအိပ်ပျော်သွားသည်ကို ကြည့်ရင်း အလှဆင်ရန် အလုပ်များနေသော နတ်ဆိုးများကို ကြည့်လိုက်၏။
ဘာ...ဘာဖြစ်သွားတာလဲ။
အမွှေးတိုင်တစ်ဝက်စာ ကုန်ပြီးနောက် ရိုးရိုးရှင်းရှင်း အိမ်ငယ်လေးက ထင်းရှူးသားဖြင့် ဆောက်ထားသော နှစ်ထပ်တိုက်အသွင်ပြောင်းလဲသွား၏။ ပရိဘောဂအချို့ပင် ထည့်သွင်းထားသေးသည်။ စားပွဲ၊ လျောင်းထိုင်ကုလားထိုင်များ၊ တံခါးလိပ်ပါသော စာအုပ်စင်များနှင့် အားလုံးက သပ်ရပ်နေ၏။
အလှဆင်နတ်ဆိုးအဖွဲ့က စီစဉ်မှုပြီးသွားပြီးနောက် ရှန်းဇွင်းကို မနှိုးရဲဘဲ ချန်းချန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် အင်္ကျီလက်များခါ၍ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
ချန်းချန်: "...ဒီလူက"
...ကြည့်ရတာ ငါ အရမ်းထူးခြားတဲ့လူတစ်ယောက်နဲ့ ပတ်သက်မိတဲ့ပုံပဲ။
နတ်ဆိုးခေါင်းဆောင်ကြီးက သူ့နောက်မှ နတ်ဆိုးများကို ကျုံးနန်တောင်ပေါ်ကနေ ခေါ်ထုတ်ပြီးနောက် ၎င်းတို့အချင်းချင်း တီးတိုးစပြောကြတော့၏။ သူ့အနောက်မှ စုန်းမနှစ်ဦးက တိုးတိုးလေးပြောနေကြသည်။
"အဲ့ဒါက အနှိုင်းမဲ့အမတအရှင် ကျန်းရှစ်ဇွင်းပဲ။ သူက ဘာလို့ ကျုံးနန်တောင်ကို ရောက်နေတာလဲ..."
"နင်ဘာသိလို့လဲ၊ ဒီနေရာက စစ်မှန်တဲ့လင်းရှောင်ရဲ့ အရင်မျိုးဆက်ခေါင်းဆောင်ကို မြှုပ်နှံထားတဲ့ နေရာလေ၊ ပြီးတော့ အမတအရှင်က သူ့ဆရာရဲ့ဝိညာဉ်ကို လာကန်တော့တာနေမှာ။"
"ချန်းချန်၊ ဒီကောင်လေးတော့... ဒီလောက်ကံကောင်းတဲ့ဘဝကို ငါလည်း ဘယ်တော့ရမှာလဲ၊ ငါလည်း အမတအရှင် ခေါ်ထားတာကို လိုချင်တယ်..."
"နင် ဘာတွေတွေးနေတာလဲ၊ နင်က နတ်ဆိုးတစ်ယောက်၊ ကျန်းရှစ်ဇွင်းက မိစ္ဆာတွေကို သဘောကျတယ်ဆိုပေမဲ့ နတ်ဆိုးတွေကိုတော့ အဲ့လိုမဟုတ်ဘူး။ အဲ့ဒါကို နင် မသိဘူးလား။"
"ငါသိပါတယ်။ ဒါပေမဲ့ ငါက... ငါက..."
"တော်လောက်ပြီ!" အဖွဲ့ခေါင်းဆောင်က သူ့နောက်မှ နှစ်ဦးကြားစကားဝိုင်းကို ဖြတ်တောက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်၏။
"ဒီခရီးမှာ ချန်းချန်ကို ငါမဖမ်းမိလိုက်ဘူး။ ပြီးတော့ ဒီအကြောင်းကို သခင်လေးရှီကိုလည်း ရှင်းပြလို့ရမှာမဟုတ်ဘူး။"
"သခင်လေးရှီက ကြက်မွေးတွေကို လုပ်ပိုင်ခွင့်အာဏာအဖြစ် အသုံးပြုနေတာ*၊ ငါတို့နတ်ဆိုးအရှင်ကတော့ ချန်းချန်ကို သတ်မယ်လို့ မပြောခဲ့ဘူး။ အရှင်က သူ့ကို လုံးဝဂရုစိုက်တာမဟုတ်ဘူး။"
(T/N - တကယ့်လုပ်ပိုင်ခွင့်အာဏာမရှိတာပါ။)
ဤစကားကြောင့် အဖွဲ့ခေါင်းဆောင်ကို တစ်စုံတစ်ခုအား သတိရမိသွားစေပြီး သူ့မေးစေ့ကို ထိကာ ပြောလိုက်၏။ "ငါတို့အရှင်က ကျင်းရှန့်အဆင့်တစ်ဝက်ပဲ၊ ပြီးတော့ ရှန်းဇွင်းကလည်း ကျင်းရှန့်အဆင့်တစ်ဝက်.... ငါကြားတာတော့ အရှင်က ကျန်းရှန်းဇွင်းကို အမြဲတွေ့ချင်နေတာတဲ့၊ အမတအရှင် ဘယ်ရောက်နေလဲဆိုတာ မသေချာရုံလေးပဲ၊ ဆိုတော့ကား..."
"သာ့ကောက ဘာကိုဆိုလိုတာလဲ။"
"အရှင့်ဆီ သတင်းပို့ရအောင်။"
အဖွဲ့ခေါင်းဆောင်က နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
"ငါတို့နတ်ဆိုးအရှင်သခင်ဆုပ်ကိုင်ထားတဲ့ စွမ်းအားနဲ့ဆို လင်းရှောင်ဂိုဏ်းချုပ်ဟောင်းဖြစ်နေရင်တောင် အဲ့ဒါက...(ကြို့ထိုး)..."
ပဟေဠိမျက်လုံးများအောက်၌ ခေါင်းဆောင်ဖြစ်သူက အံကြိတ်ကာ ပြောလိုက်သည်။
"သရေဖြစ်မှာပဲ!"
သူ ရှန်းဇွင်း၏လှုပ်ရှားပုံကို အရင်က တစ်ကြိမ်မြင်ခဲ့ဖူးရာ ချဲ့ကားခြင်းမလုပ်ဝံ့ပေ။
ထိုအချိန်က နတ်ဆိုးအရှင်မှာ နတ်ဆိုးလောက၏သခင်ငယ်အဖြစ်သာ ရှိနေဆဲဖြစ်ပြီး ကျန်းရှန်းဇွင်းနှင့် လက််ရည်ယှဥ်ရန် တစ်ကြိမ်တောင်းဆိုခဲ့ပြီးနောက် ဓားလွှဲချက်တစ်ချက်တည်းဖြင့် ဖိနှိပ်ခံခဲ့ရ၏။
ထိုဓားဒဏ်ရာက နတ်ဆိုးအရှင်၏ရင်ဘတ်ပေါ်တွင် ဒဏ်ရာထင်ကျန်ရစ်ကာ အချိန်အတော်ကြာ မပျောက်ဘဲ အမာရွတ်ဖြစ်လာခဲ့လေသည်။
***
Aurora Novel Translation Team