no

Font
Theme

ကျုံးနန်တောင်၌ နှင်းများ ကျဆင်းနေသည်။

တောင်ပေါ်ရှိ အမြဲစိမ်းထင်းရှူးများပြည့်နှက်နေပြီး ဝိညာဥ်စွမ်းအင်များ ကြွယ်ဝပေ၏။

ကျူ၀ူရှင်း သင်္ချိုင်းကျောက်တိုင်များကို ဖြတ်သွားသည့်အချိန်မှာ ထိုအပေါ်မှနှင်းများအား လက်နှင့်ပွတ်သပ်သွားလိုက်သည်။ အုတ်ဂူပေါ်၌ ပူဇော်ပသထားသော ပစ္စည်းများနှင့် စက္ကူပန်းများအားကြည့်ကာ ကျန်းကျဲလျိုသည် ဤနေရာတွင် ရှိနေသေးပြီး မထွက်ခွာရသေးဘူးဆိုသည်အား သူ သိလိုက်ရသည်။

သူ ကျောက်တိုင်ပေါ်က စာလုံးများကို ကြည့်လိုက်သည်။ ထိုအရာများအား သူ၏ရှစ်ရှုန်း ထွင်းထုခဲ့ခြင်းပင်။ အဲ့ဒီအချိန်တုန်းက သူသည် ငယ်ရွယ်သေးသည့်အတွက်ကြောင့် ဤမျှလောက်ထူသော ကျောက်တုံးကြီးပေါ်၌ အမှတ်အသားများ မချန်ခဲ့နိုင်ချေ။ ထို့ကြောင့် ကျန်းကျဲလျိုက သူ့အတွက် ကျောက်တိုင်ကို ထွင်းထုပေးခဲ့သလို သူ့ကိုယ်စား လင်းရှောင်ဂိုဏ်းကိုလည်း တာဝန်ယူပေးခဲ့သည်။

ကျူ၀ူရှင်း အလျင်အမြန် တစ်ချက်ကြည့်လိုက်ပြီး အတိတ်က အဖြစ်အပျက်များအား လွှတ်ချသင့်ပြီဟု ခံစားလိုက်ရသည်။ အခု အရာအားလုံးက ဖြစ်သင့်သည့်နေရာကို ပြန်ရောက်နေချေပြီ၊ ဘာမှ မှားယွင်းမှု မရှိတော့ချေ။ သူ၏ရှစ်ရှုန်းသာဆန္ဒရှိလျှင် သူ့အနေနှင့် သူ့ရှစ်ရှုန်းအား လင်းရှောင်ဂိုဏ်းကို ပြန်လာခွင့်ပြုမည်ပင်...

သူသည် ကျန်းကျဲလျိုကို လွမ်းဆွတ်နေကြောင်း သတိပြုမိလိုက်သည်။

ကျူ၀ူရှင်းက သင်္ချိုင်းမြေကိုကျော်ဖြတ်ပြီး မလှမ်းမကမ်းရှိ ဝါးဥယျာဉ်နှင့် အဆောက်အအုံလေးဆီသို့ လျှောက်သွားလိုက်သည်။ ဥယျာဉ်ထဲ၌ မည်သူမှမရှိဘဲ အလှပြထားသည့် ပစ္စည်းတစ်ခုနှယ်။ ဘေးဘက်ရှိ ထင်းရှူးသားနှင့် ဆောက်ထားသော အဆောင်လေးက ရိုးရှင်းပြီး ခံ့ညား၏။ သို့သော် ဝမ်လင်ကျောက်နှင့် ပြုလုပ်ထားသည့်တံခါးက အလွန်တောက်ပနေလေသည်။ အလှတင်ထားသည့်ပုံစံက မိစ္ဆာလောကမှ အနှီငှက်၏ပုံစံဖြစ်နေသည်။

ကျူ၀ူရှင်းက ဓါးကိုဆုပ်ကိုင်ကာ ချဉ်းကပ်သွားခဲ့သည်။ ချိုပေါက်ခါစ သမင်မိစ္ဆာငယ်တစ်ကောင်က ဆေးကျိုနေကြောင်း တွေ့လိုက်ရသည်။ ဆေးဖက်ဝင်ပစ္စည်းများက ကျုံးနန်တောင်မှာ ပေါက်ရောက်နေသည့် သာမန်မြက်များ၊ ဆေးဖက်ဝင်အပင်များနှင့်တူ၏။ ပျံ့လွင့်နေသောအနံ့ကနေ ဆေး၏ခါးသက်သောအရသာကို ခန့်မှန်းလို့ရနိုင်သည်။

...သူက မပြောင်းလဲသွားသေးဘူး။ လမ်းပျောက်နေတဲ့အဲဲဒီမိစ္ဆာတွေကို ခေါ်ထားတုန်းပဲ။

ကျူ၀ူရှင်း မှတ်မိသည်က ထိုသူသည် မိစ္ဆာမျိုးနွယ်စုများ၏ အထူးကြိုက်နှစ်သက်မှုကို ခံရသည်။ ငယ်စဥ်တုန်းက ဝယ်ခဲ့သည့် အမြီးနှစ်ချောင်းပါသော ကြောင်ကတိုးတစ်ကောင်သည် သူ့ကို ဘယ်တော့မှ မျက်နှာသာမပေးသော်လည်း အနှီအကောင်က သူ့ရှစ်ရှုန်းကို အမြဲတမ်းကပ်နေပြီး သူ့ကို ချော့မော့နေသလိုမျိုး လျှာနှင့်လျက်ကာ နမ်းတတ်သည်။ သူ၏ရှစ်ရှုန်းက သီးသန့်ဆန်ကာ အေးစက်သော်လည်း သူ့ကို စွဲလမ်းနေသော ထိုတိရစ္ဆာန်လေးများနှင့် မိစ္ဆာလေးများကိုတော့ မတွန်းလှန်နိုင်ခဲ့ပေ။

အဖြစ်အပျက်များ ဖြစ်ပျက်လာခဲ့ပြီးနောက် လူအများအပြားသည် လင်းရှောင်ဂိုဏ်း၏ရှန်းဇွင်းက မိစ္ဆာလေးများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရသည်အား ကြိုက်နှစ်သက်သည်ဟု ထင်ခဲ့ကြပြီး သူ့ရှစ်ရှုန်းကို ချော့မော့ရန် ဤမိစ္ဆာငယ်လေးများကိုတောင် အသုံးပြုခဲ့ကြသည်။ ကျန်းကျဲလျိုက အစပိုင်းတွင် ဘာမှမပြောခဲ့သော်လည်း သူ၏အိပ်ဆောင်ကို မိစ္ဆာအိမ်မွေးတိရစ္ဆာန်လေးများနှင့် မပြည့်စေရန် နောက်ပိုင်းတွင် ညင်သာစွာ ရှင်းပြခဲ့သည်။

အမှန်တကယ်တော့ မိစ္ဆာငယ်လေးများသာမကဘဲ သူ့ကို မြင်ဖူးသည့်လူတိုင်း...

ကျူ၀ူရှင်းတစ်ယောက် သူ့အတွေးများကို ထိန်းချုပ်လိုက်ပြီး သမင်မိစ္ဆာငယ်ဆီသို့ လျှောက်သွားကာ မီးဖိုထဲက ဆေးကို ကြည့်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ "ရွှမ်းလင်ဇီး*ရဲ့ အပင်ပေါက်လေးတွေအားလုံးကို နှုတ်လာခဲ့တာလား။ နှစ်ရာကျော်လောက်စောင့်ပြီးမှ ခူးသင့်တယ််။ အဲ့ဒါက ပွင့်ချပ်ခုနစ်ခုဖြစ်လာတဲ့အချိန်ကျရင် ကျင့်ကြံရေးလောကမှာ အကောင်းဆုံးဖြစ်နေမှာ။"

[TN/ ရွှမ်းလင်ဇီးက မှိုအမျိုးအစားတစ်မျိုးပါ။]

အာချူးမှာ မော့တောင်မကြည့်ဘဲ ညည်းညူလိုက်သည်။ "လင်ဇီးကို ရင့်တဲ့အထိစောင့်နေရင်၊ သူက သေတောင်သေသွားလောက်ပြီ။"

သူ ညည်းညူပြီးခါမှ တစ်ခုခု မှားနေသည်ဟု ရုတ်တရက် ခံစားလိုက်ရကာ ချက်ချင်းခေါင်းမော့လိုက်ချိန် ကျူ၀ူရှင်း၏ ပြုံးနေသည့်မျက်နှာကို တွေ့လိုက်ရသည်။

အာချူး ကြောင်အသွားကာ မေးလိုက်မိသည်။ "ခင်ဗျားက ဘယ်သူလဲ။"

ကျူ၀ူရှင်းက ပြန်ဖြေလိုက်သည်။ "ငါက ကျန်းကျဲလျိုရဲ့ ရှစ်တိပါ။"

အာချူး၏ဦးနှောက်ကား ချက်ချင်းရပ်တန့်သွားပြီး အကြောင်းအရာ၏ ပထမတစ်ဝက်ကိုသာ ဖတ်ဖူးသည့် သူ့ဦးနှောက်က စာကြောင်းများကို အလျင်အမြန် ပြန်တွေးနေပြီး ကျူ၀ူရှင်း၏ပုံရိပ်ကို ပုံဖော်လိုက်သည်။ ထို့နောက် သူ့ဦးခေါင်းထဲ အချက်ပေးခေါင်းလောင်သံ မြည်လာခဲ့ပြီး မသိစိတ်အရ နောက်ဆုတ်သွားကာ မေးလိုက်မိသည်။ "ခင်ဗျား... ခင်ဗျား ဘာလိုချင်တာလဲ။"

"မကြောက်ပါနဲ့။" ကျူ၀ူရှင်းက ဆေးအိုးအဖုံးကို ဖွင့်လိုက်ပြီး အာချူး၏လက်ထဲက ကြွေပန်းကန်လုံးကို ယူကာ အနက်ရောင်ဆေးများအား ခပ်လိုက်ပြီး ပြောလိုက်သည်။ "ငါ သူ့ကို ဂရုစိုက်ပေးမယ်၊ မင်း အနားယူလို့ရပြီ။"

အာချူးက သဘာဝကျကျ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း စကားတစ်လုံးတောင် မပြောနိုင်ခင် ထက်မြက်သော ဝိညာဉ်စွမ်းအားတစ်ခုဆီမှ ဖမ်းဆုပ်ခံရကာ သူ့ခန္ဓာကိုယ်ကို ဆေးမီးဖိုနှင့် ဖိထားလိုက်ပြီး သူ၏ကိုယ်တွင်းအင်္ဂါများ ကြေမွသွားသလို ခံစားလိုက်ရသည်။ သူ့ဦးခေါင်းပေါ်ရှိ နူးညံ့သောချိုလေးများမှာ စုတ်ပြဲသွားပြီး သွေးများ တဖြည်းဖြည်း စိမ့်ထွက်လာသည်။

သူ အသက်ရှူလို့မရတော့ဘူးဟု ခံစားရသည့်အချိန်၌ သူ့ခန္ဓာကိုယ်ပေါ်က ဖိအားများက ရုတ်တရက် လျော့ကျသွား၏။ အာချူးတစ်ယောက် မြေပြင်ပေါ် လဲကျသွားပြီး အသက်ရှူမဝဖြစ်နေခဲ့သည်။ ထို့နောက် ခေါင်းလှည့်ကြည့်လိုက်ချိန် ကျူ၀ူရှင်းက တံခါးကို တွန်းဖွင့်ဝင်သွားသည်ကို တွေ့လိုက်ရသည်။

အခန်းထဲမှာ အနည်းငယ် မှောင်မိုက်နေ၏။

ပြတင်းပေါက်ရှေ့က ဝါးကန့်လန့်ကာအား ချထားကာ အားပျော့နေသော နေရောင်ခြည်က ဝါးကန့်လန့်ကာ၏ ကြားထဲကနေ ဖြည်းညင်းစွာနှင့် အားနည်းစွာထိုးဖောက်ဝင်ရောက်နေသည်။

ဤသည်မှာ ကျူဝူရှင်း သူ့ကို ပထမဆုံးအကြိမ်ပြန်တွေ့ခြင်းပင်။

အိမ်ငယ်လေး၌ ကြည်လင်သည့် ရေပုလဲလေးများနှင့် သွယ်တန်းထားသော ကန့်လန့်ကာများရှိသည်။ အလှဆင်ထားသောပုံစံက ရိုးရှင်းသော်လည်း ကြမ်းတမ်းသော နတ်ဆိုးလောက၏ အလှတရားနှင့် တူညီနေသည်။

ကျူ၀ူရှင်း ဆေးခွက်ကို စားပွဲဘေး၌ ညင်သာစွာ ချလိုက်ပြီး ကြိမ်ထိုင်ခုံပေါ်၌ နှင်းဖြူရောင်သားမွေးကို တွေ့လိုက်ရသည်။ ခြုံထည်က နူးညံ့ကာ နှင်းဖြူရောင်ဖြစ်နေပြီး အနောက်မှမြင်နေရသော သူ့ဆံပင်ဖြူများက တစ်သားတည်း ဖြစ်နေလေသည်။

အခန်းထဲ၌ တိတ်ဆိတ်နေကာ လေတိုက်နေသည့် အသံလေးလောက်သာ ကြားနေရသည်။

ပြတင်းပေါက်အား တစ်ဝက်သာ ပိတ်ထားကာ တောင်ပေါ်လေညင်းများက ပုလဲကန့်လန့်ကာများကို ညင်သာစွာလှုပ်ရှားနေသည်။ မီးဖိုက အချိန်အတော်ကြာ လောင်ကျွမ်းနေဆဲပင်။

ကျူ၀ူရှင်းက သူ၏ကျောပြင်ကို စိုက်ကြည့်နေပြီး လမ်းတစ်လျှောက်လုံး ပြင်ဆင်လာသော စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုက ရုတ်တရက် ပျက်စီးသွားခဲ့၏။ သူ ဤခရီး၏ရည်ရွယ်ချက်ကိုတောင် မေ့လုနီးပါး ဖြစ်သွားပြီး သူ့စိတ်ထဲ စကားတစ်ခွန်းသာ ရှိနေသည် - ဒီနေရာက ဘယ်လိုနေရာလဲ၊ သူ့ရဲ့ ရှစ်ရှုန်းနဲ့ ထိုက်တန်ရဲ့လား။

ကျူ၀ူရှင်း ထိုသူအိပ်နေသည်အား သိပ်မမြင်ဖူးပေ။ အကြောင်းမှာ ကျန်းကျဲလျိုက အနားယူသည်မှာ ရှားသောကြောင့်ပင်။ အရင်က သူ၏ကျင့်ကြံမှုနှင့် စိတ်စွမ်းအင်တို့က သူ့ကို အချိန်အကြာကြီး အိပ်စရာမလိုဘဲ ထောက်ပံ့ပေးနိုင်သည်။

ဤနှင်းဖြူရောင််ခြုံထည်ကလည်း နတ်ဆိုးမျိုးနွယ်စုဝင်များက လုပ်ပေးထားတာ ဖြစ်လောက်သည်။

ကျူ၀ူရှင်း ကြိမ်ထိုင်ခုံဘေးတွင် ရပ်တန့်လိုက်ပြီး ခြုံထည်လေးကို အနီးကပ်ကြည့်လိုက်ပြီးနောက် ဤသည်မှာ နတ်ဆိုးလောက၌ တန်ဖိုးရှိသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိလိုက်သည်။ သူ့စိတ်ထဲတွင် စုပုံနေသည့် သံသယများ ပိုဆိုးလာသည်။ သူ နှင်းဖြူရောင်ခြုံထည်၏ အစွန်းကိုကိုင်ကာ မည်သည့်လက္ခဏာ၊ အမှတ်အသားများ ရှိနေမလဲဟု ကြည့်ချင်သော်လည်း ခုခံမှုတချို့ကို တွေ့လိုက်ရသည်။

ကျူ၀ူရှင်း ငုံ့ကြည့်လိုက်ရာ တစ််ဖက်လူ၏လက်သည် မသိစိတ်အရ ခြုံထည်ကိုဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရသည်။

သူသည် ဤမျှလောက် တည်ငြိမ်ပြီး ညင်သာသော ကျန်းကျဲလျိုကို မမြင်ဖူးခဲ့ပေ။ သူ၏ရှစ်ရှုန်းက 'စောင်ကိုဆုပ်ကိုင်ထားခြင်း' ကဲ့သို့ အပြုအမူမျိုးကို လုပ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ချေ။

ကျူ၀ူရှင်း ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ထိုသူ့ပခုံးပေါ်ကို ကျနေသော ဆံပင်ရှည်များအား ဖယ်ရှားပေးကာ တိုးတိုးလေးပြောလိုက်သည်။ "ရှစ်ရှုန်း?"

ကျန်းကျဲလျိုမှာ များသောအားဖြင့် နှိုးရလွယ်ပေသည်။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သလို အိပ်စက်ခြင်းကိုလည်း သဘောမကျပေ။

ကျန်းကျဲလျိုမှာ ကျူဝူရှင်းကို တွေ့ရလိမ့်မည်ဟု မထင်ထားချေ။

သူ အနားယူပြီးကတည်းက အမြဲတမ်း အိပ်ချင်နေပြီး တစ်နေ့တာ၏တစ်ဝက်လောက်ကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ လက်ရှိအချိန်၌ မျက်လုံးများ ဖွင့်လိုက်ချိန် ခေါင်းနည်းနည်းမူးနေဆဲဖြစ်ရာ ပေါ့ပေါ့ပါးပါးသာ တုံ့ပြန်လိုက်၏။

ကျန်းကျဲလျိုက နှင်းဖြူရောင်ခြုံထည်ကို ဖယ်ရှားလိုက်ကာ ပြေလျော့နေသောဆံပင်ဖြူများကို သပ်လိုက်ပြီး သူ့ကိုကြည့်ကာ မေးလာသည်။ "ရှစ်ဖူကို ကန်တော့ဖို့ လာတာလား။"

ကျူ၀ူရှင်းက ပြန်ဖြေလိုက်သည်။ "ကျွန်တော် အဖေ့ကို တွေ့ပြီးပြီ၊ ရှစ်ရှုန်းကို တွေ့ဖို့လာခဲ့တာ။"

"အင်း။" ကျန်းကျဲလျို၏မျက်ခုံးများက စုကျုံ့သွားပြီး မေးလိုက်သည်။ "လာတွေ့ရုံသက်သက်ပဲ မဟုတ်ဘူးမလား၊ ဘာဖြစ်လို့လဲ။"

သူ ကျူ၀ူရှင်းအား ကောင်းကောင်းသိသည်။ သူ့ကိုယ်သူထက်တောင် ကျူဝူရှင်းကို ပို၍နားလည်ပေသည်။

ကျူ၀ူရှင်းက သူ့အရှေ့မှာ ရပ်နေပြီး သူ့မျက်ခုံးများအား ပွတ်သပ်နေသည့် လက်ချောင်းများကို စိုက်ကြည့်နေရင်း သွေးမရှိသော လက်သည်းများကို ကြည့်ပြီး ခဏကြာတော့ မေးလိုက်မိသည်။ "လွန်ခဲ့တဲ့ ရက်တွေတုန်းက ကျင်းယွီကျဲ ရှစ်ရှုန်းကို လာတွေ့ခဲ့သေးလား။ ရှစ်ရှုန်း သူ့ကို ဘာပြောခဲ့သေးလဲ။"

ကျန်းကျဲလျို သူ့လက်ကို ချလိုက်ပြီး မျက်လုံးများကိုပင့်ကာ သူ့မျက်နှာအား ဘာခံစားချက်မှမရှိဘဲ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ယွီကျဲက ငါ့ကို ဝူရွှမ်းဓါးတောင်ကို ခေါ်သွားချင်တာ။ ဒါပေမဲ့ ငါ ငြင်းလိုက်တယ်။"

ဤသည်မှာ ကျူ၀ူရှင်း မျှော်လင့်ထားသည့်အတိုင်းပင်။ သူ တစ်ဖက်လူ၏အမူအရာကနေ ကျန်းကျဲလျိုတစ်ယောက် ဤအရာများအား သူ့ကိုပြောပြဖို့မထိုက်တန်သလို ခံစားနေရကြောင်း သူသိလိုက်ရသည်။ ပြောပြနေသည့် လေသံကတောင် ပေါ့ပါးနေပြီး သူက ဘာကိုမှ ဂရုမစိုက်သည့်နှယ်။

မည်သည့်အချိန်မှစတင်ခဲ့ကြောင်း သူမသိသော်လည်း ယခု သူ၏ရှစ်ရှုန်း သူ့အပေါ် ဆက်ဆံပုံက သူ့အရှေ့၌ ဘာခံစားချက်မှ မပြသလို လိုအပ်သည်ထက်ပို၍ စကားမပြောတော့ပေ။

ကျူ၀ူရှင်း ရင်ဘတ်ထဲ တင်းကျပ်လာပြီး အကြောင်းမဲ့ စိတ်အနှောင့်အယှက်ဖြစ်နေမိသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်၏။ "ရှစ်ရှုန်း နတ်ဆိုးလောကက သူနဲ့တောင် မိတ်ဆွေဖြစ်နေတာလား။ အဲ့မိတ်ဆွေက ရိုးရိုးရှင်းရှင်း မဟုတ်ဘူးနဲ့တူတယ်။ သူက ရှစ်ရှုန်းအတွက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အများကြီး စုဆောင်းပေးထားတာဆိုတော့။"

သူ လျှောက်သွားကာ ထင်းရှူးအိမ်ငယ်လေးကို တစ်ဆောင်လုံး လှည့်ကြည့်လိုက်ပြီး ကြည့်နေလေလေ ဒေါသထွက်လေလေ ဖြစ်နေသည်။ အနှီဒေါသများက ဘယ်ကလာမှန်း သူ မသိပေ။ "အဲ့ဒီလူမှာ ဘယ်လိုလေးစားစရာ အနေအထားမျိုးရှိမှန်း ကျွန်တော်မသိပေမဲ့ ရှစ်ရှုန်းမှာ အဲ့လိုမိတ်ဆွေရှိနေတာကို ကျွန်တော်တောင် မသိလိုက်ဘူး။ ရှစ်ရှုန်းကို နတ်ဆိုးလောကရဲ့ပစ္စည်းတွေတောင် လက်ဆောင်ပေးလိုက်သေးတယ်။ ရှစ်ရှုန်း ကျွန်တော့်ကို အပြစ်တင်နေတုန်းပဲလား။"

ကျန်းကျဲလျိုက သူ့ကို တည်ငြိမ်စွာကြည့်လိုက်ပြီး မေးလိုက်သည်။ "ငါက မင်းကို အပြစ်တင်ရအောင် မင်းက ဘာအမှားလုပ်ထားလို့လဲ။"

ကျူဝူရှင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်မသက်မသာဖြစ်ခြင်းနှင့် ထူးဆန်းသော ဒေါသကို ထိန်းချုပ်ကာ သူ့ကို ပြုံးပြရင်း ပြောလိုက်သည်။ "ကျွန်တော် ရှစ်ရှုန်းထွက်သွားမှာကို တားဖို့မကြိုးစားခဲ့ဘဲ ဒီလိုမျိုး လူသူအရောက်အပေါက်နည်းတဲ့ တောင်ကုန်းမှာ နေထိုင်ဖို့ခွင့်ပြုမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ အဲ့ဒါကြောင့် ရှစ်ရှုန်း ကျွန်တော့်အပြစ်ကို ဆေးကြောခွင့်ပြုပါ။ ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့မယ်မလား။"

သူက 'ရှစ်ရှုန်းသာ ကျွန်တော်နဲ့ ပြန်လိုက်လာရင် ဒီကိစ္စကို ဂရုမစိုက်ဘူး' ဟူသော အမူအရာနှင့် ကျန်းကျဲလျိုဘက်သို့ လက်ကိုဆန့်တန်းလိုက်ပြီး သူ့အသံထဲတွင် သနားခြင်းနှင့် ကြင်နာမှုများ ရောယှက်နေသည်။

ကျန်းကျဲလျိုသည် သူ့ကို ဒေါသမထွက်လိုဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ ဘယ်တုန်းကမှ အဲ့လိုမတွေးခဲ့ဘူး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment