no

Font
Theme

နောက်တစ်နေ့ နံနက်စောစောတွင် ချန်းချန်တစ်ယောက် သူတွေ့ခဲ့သောသမင်လေးကို အမှန်တကယ်ပင် ခေါ်ဆောင်လာခဲ့သည်။

ကျန်းကျဲလျိုက မျက်နှာသစ်ပြီးခါစ ဆံပင်ရှည်ကိုတောင် မချည်နှောင်ရသေးပေ။ ကျုံးနန်တောင်၏ ဆောင်းရာသီကုန်လွန်သည့်အချိန်၌ မည်သည်တို့ကို စိုက်ပျိုးရမလဲဟု စဉ်းစားနေခဲ့၏... သူ၏အတွေးများ တစ်ဝက်လောက်ရောက်သောအခါ သမင်ပေါက်လေး၏ခြေသံများကို ကြားလိုက်ရသည်။

ထို့နောက် တံခါးခေါက်သံနှစ်ချက်ကို ကြားလိုက်ရ၏။ ချန်းချန်က တံခါးဖွင့်ကာ ဦးချိုနှစ်ချောင်းပါသော လူငယ်တစ်ဦးကို ခေါ်သွင်းလာခဲ့သည်။ ထိုလူငယ်က ချန်းချန်ထက် အနည်းငယ်အသက်ကြီးပုံရပြီး အသွင်အပြင်အရ ၁၄-၁၅ လောက်သာ ရှိသေးသည်။ မျက်လုံးဝိုင်းလေးများက တောက်ပကာ ရောင်ဝါများ ပြည့်နှက်နေသည်။

သူက အထဲသို့ ဝင်လိုက်ပြီးနောက် သူ၏အကြည့်များက ကျန်းကျဲလျိုဆီသို့ ကျရောက်သွားသောအခါ ကောင်းကောင်းမြင်ရဖို့ အနားတိုးကပ်လာပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်သည်။ "အမတကောကော!"

ကျန်းကျဲလျိုတစ်ယောက် ချစ်စရာကောင်းသော သမင်ငယ်လေးကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ချန်းချန်၏ ဝမ်းသာအားရ မိတ်ဆက်စကားကို ကြားလိုက်သည်။ "ဒါက ငါ့ရဲ့ ကောကော။ ကျုံးနန်တောင်မှာ တစ်ကိုယ်တည်း ကျင့်ကြံနေတဲ့ အမတလေ... ဒါက အာချူးတဲ့။"

အာချူးက ကျန်းကျဲလျို၏ရှေ့တွင် ရပ်နေ၏။ သူ၏ ဦးချိုနှစ်ချောင်းက အလင်းဖောက်လုမတတ် ကြည်လင်နေပြီး ဦးချိုထိပ်ပိုင်းတွင် အပြည့်အဝမကြီးထွားသေးသလို ထိလိုက်လျှင် နာကျင်မည့်ပုံပေါ်သည့် သွေးမျှင်ကြောလေးများရှိနေသည်။ သူ၏ခြေထောက်များက အပြည့်အဝမပြောင်းလဲသေးသဖြင့် သမင်ခွာပုံစံသာ ရှိနေဆဲပင်။

"အမတကောကော။" အာချူး၏မျက်လုံးများက တောက်ပနေပြီး သူ့နားကို ချဉ်းကပ်လာခဲ့သည်။ သူက ချန်းချန်ထက် ပို၍သတ္တိရှိသည့်ပုံပင်။ "ကောကောက အရမ်းကြည့်ကောင်းတာပဲ၊ ကျွန်တော်ထင်ထားတာထက်တောင် ပိုကြည့်ကောင်းနေတယ်။"

ကျန်းကျဲလျို သူ့ကို ခဏစိုက်ကြည့်လိုက်သည်။ အာချူး၏မျက်နှာပေါ်ရှိ စိတ်ရင်းအမှန်ဖြစ်သော အမူအရာကိုကြည့်ကာ ခဏတာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။ "မင်းက ကျုံးနန်တောင်မှာ ကျင့်ကြံချင်တာလား။"

အာချူးက လေးလေးနက်နက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် ကောကောကို ကောင်းကောင်း လုပ်ကျွေးပြုစုပါ့မယ်။"

ကျန်းကျဲလျိုက ပြောလိုက်သည်။

"ငါ့မှာ ဘာဝိညာဥ်စွမ်းအင်မှမရှိတော့ဘူး။ ငါက အားနည်းပြီး နာမကျန်းဖြစ်နေတာ။ အရင်ကလို အမတဂိုဏ်းရဲ့ ခေါင်းဆောင်လည်း မဟုတ်တော့ဘူး။ မင်း ငါ့ဆီကနေ ဘာမှသင်ယူလို့ရနိုင်မှာမဟုတ်ဘူး။"

"အမတကောကော ကျွန်တော့်ရဲ့ကျင့်ကြံရေးမှာ တစ်ခါတလေ ညွှန်ကြားချက်တချို့ပေးမယ်ဆိုရင် လုံလောက်ပါပြီ!"

သမင်လေးက မျက်တောင်ခတ်လိုက်သည်။ သူက မသိလိုက်မသိဘာသာ တိုးကပ်လာပြီး ရှည်လျားသော မျက်တောင်ရှည်များကို ကျန်းကျဲလျို၏အရှေ့မှာ အပြည့်အဝပြသကာ သူ၏အသက်ရှူသံများက ဖြည်းဖြည်းချင်းပျံ့နှံ့လာ၏။ သူ၏မျက်နှာထက်မှာ နာခံမှုရှိသောအရိပ်အမြွက်တို့ ကိန်းဝပ်နေလေသည်။

သူက ကောင်းမွန်စွာခစားပေးမလိုမျိုး နာခံမှုရှိနေ၏။ သူ၏အပြုအမူများက ငယ်ရွယ်ပြီး တုံးအသော မြေမိစ္ဆာငယ်လေး ချန်းချန်ကို အလွယ်တကူအယုံသွင်းနိုင်ခဲ့သော်လည်း ကျန်းကျဲလျိုကတော့ အလုံးစုံမယုံကြည်ပေ။

သို့သော် ကျန်းကျဲလျိုက ဤအရာကို ဂရုမစိုက်ပေ၊ ဝိန်းရမ်ယဲ့ကို သူ၏အိမ်နီးချင်းအဖြစ် သည်းခံနိုင်သကဲ့သို့ပင်။ သူ၏ အရာများစွာအပေါ်ထားရှိသော သဘောထားသည်ကား "အဆင်ပြေတယ်"၊ "ဘာလို့မပြေရမှာလဲ" နှင့် "အားလုံးကောင်းတယ်" ဟူ၍ဖြစ်ပြီး ရည်ရွယ်ချက်ရှိပုံရသော်လည်း အန္တရာယ်မရှိပုံရသည့် သမင်နတ်ဆိုးတစ်ကောင်ကို လက်ခံရန် လုံလောက်သည်။

ကျန်းကျဲလျိုက ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောရန် ပြင်လိုက်သော်လည်း ခေါင်းမော့ကြည့်လိုက်ရာ ဝိန်းရမ်ယဲ့က တံခါးတွန်းဖွင့်ဝင်လာသည်ကို တွေ့လိုက်ရသည်။

ဤနတ်ဆိုးက ယခင်အတိုင်းရှိနေဆဲဖြစ်ပြီး အနားသတ်တွင် အနီရောင်ချည်ထိုးထားသော အနက်ရောင်ဝတ်ရုံကိုဝတ်ကာ ခရမ်းရောင်မျက်လုံးများက ပုံမှန်မဟုတ်သောခံစားချက်များနှင့် တောက်ပနေဆဲပင်။

ထင်းရှူးရနံ့က လေထုထဲ ပျံ့လွင့်လာပြီး ၎င်းနှင့်အတူ တိုက်ပွဲနှင့် သေခြင်းတရားအငွေ့အသက်ကိုပါ သယ်ဆောင်လာခဲ့သည်။

ကျန်းကျဲလျိုက အခုမှ အိပ်ရာထဲကထွက်လာကြောင်း ဝိန်းရမ်ယဲ့ တွေ့လိုက်ရသည်။ သူက ချန်းချန်၏လက်ထဲမှ ဘီးကို ပေါ့ပေါ့ပါးပါးယူလိုက်ပြီး ကျန်းကျဲလျို၏ ကျဆင်းနေသော နှင်းဖြူရောင်ဆံပင်များကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်လိုက်သည်။

သူ၏လက်ချောင်းများက အေးစက်နေပြီး သူ၏အထိအတွေ့နှင့်အတူ အေးမြမှုကို သယ်ဆောင်လာ၏။

သူ၏လှုပ်ရှားမှုများက အလွန်ချောမွေ့နေပြီး နတ်ဆိုးအရှင်ကိုယ်တိုင်တောင် ထိုအပြုအမူကို သတိမပြုမိခဲ့ပေ။ တစ်ဖက်လူ၏ဆံပင်ကို သူ့လက်ထဲဆုပ်ကိုင်လိုက်ပြီးနောက် ဤသည်မှာ ကျန်းကျဲလျို၏ဆံပင်ကို ပထမဆုံးအကြိမ် ဖြီးသင်ပေးခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။

နတ်ဆိုးအရှင်အဖြစ် ကြမ်းကြုတ်မှုတို့က လုံးဝပျောက်ကွယ်သွားပြီး ထိုအစား အရှက်ရွံ့ဖွယ်ကောင်းလောက်အောက်ထိ သူ၏နှလုံးသားက အပြင်းအထန်ခုန်ပေါက်လာခဲ့သည်။

-ငါ သူ့ဆံပင်ကို ကောင်းကောင်းမဖြီးပေးရင် ငါ့ရဲ့ပြိုင်ဘက်ဟောင်းဆီကနေ အငြင်းခံရမှာကို ကြောက်မိပါရဲ့။

ပြီးတော့... သူ့ကို မတော်တဆနာကျင်စေမိရင် ဘယ်လိုလုပ်ရမလဲ။

ဝိန်းရမ်ယဲ့၏လက်များက အလွန်လျင်မြန်စွာလှုပ်ရှားနေပြီး သူ့စိတ်ထက်တောင် ပိုမြန်ဆန်ခဲ့သည်။ သူ၏စိတ်ကား ရှုပ်ထွေးနေပြီး ရယ်စရာကောင်းစွာဖြင့် အလွန်အကျွံသတိထားနေမိသော်လည်း သူ့လက်၏လှုပ်ရှားမှုများကတော့ လုံးဝ နှေးကွေးသွားခြင်းမရှိချေ။

ကျန်းကျဲလျိုတစ်ယောက် နှစ်စက္ကန့်ထက်ပို၍ စိတ်မပူလိုက်ရဘဲ သူ၏အိမ်နီးချင်းကောင်းက နှင်းဖြူရောင်ဆံနွယ်များကို စည်းနှောင်ကာ ငွေရောင်အဆင်တန်ဆာထဲ ကျောက်စိမ်းဆံထိုးကိုဖြတ်ကာ အလှဆင်ပေးခဲ့၏။

ဝိန်းရမ်ယဲ့က သူ၏လက်တစ်ဖက်ကို တိုက်ခိုက်ဖို့အသင့်ပြင်လျက် သမင်မိစ္ဆာကို မော့ကြည့်ပြီး မေးလိုက်သည်။ "ဒါက ဘယ်သူလဲ။"

"သူ့ကိုခေါ်ထားစေချင်နေတဲ့ မိစ္ဆာလေးပါ။" ကျန်းကျဲလျိုက ပြောလိုက်သည်။

ဆံထိုးက ငွေရောင်အဆင်တန်ဆာကို ဖြတ်သွားပြီးနောက် အေးစိမ့်မှုက ပို၍လေးလံလာသည်။

ဝိန်းရမ်ယဲ့က သူ့အနားသို့ ခေါင်းငုံ့ကာ တီးတိုးပြောလာခဲ့လေ၏။ "ဒါဆို ကျွန်တော်ကရော၊ ခင်ဗျား ကျွန်တော့်ကို အခုထိ မခေါ်ရသေးဘူးလေ။"

သူစကားပြောလိုက်သောအခါ သူ၏ဝင်သက်ထွက်သက်နှင့် ထင်းရှူးရနံ့တို့က လေထုထဲပျံ့နှံ့လာပြီး ကျန်းကျဲလျို၏နားရွက်ဖျားက ခပ်နွေးနွေးဖြစ်သွားခဲ့သည်။

ကျန်းကျဲလျိုက လက်ဆန့်ထုတ်ကာ သူ၏နားရွက်ကို ပွတ်သပ်လိုက်ပြီး သူ့ဘေးနားရှိ ဝိန်းရမ်ယဲ့ကို လက်ညှိုးထိုး၍ အာချူးကို တည်ငြိမ်စွာ ပြောလိုက်သည်။ "မိန်းကလေးတွေက အပြင်ထွက်ရင် သတိထားရမယ်။ အနက်ရောင်အဝတ်အစား ဝတ်ထားတဲ့သူတွေက များသောအားဖြင့် လူဆိုးတွေပဲ။"

၎င်းမှာ ဟာသတစ်ခုဖြစ်သော်လည်း မိစ္ဆာများနှင့်ယှဥ်လျှင် သူက နတ်ဆိုးလောကသားများကို ဘယ်တုန်းကမှ သဘောမကျကြောင်းမှာ လူသိများသောအချက်ပင်။

ဝိန်းရမ်ယဲ့ကလည်း အထူးပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ "ဟုတ်တယ်၊ အဲ့ဒါကလူဆိုးပဲ။"

အာချူးတစ်ယောက် ခဏတာ မှင်တက်သွားပြီး လက်ကို ဆန့်တန်းကာ သူ၏ဦးချိုကိုထိလိုက်ရင်း ပြောလိုက်သည်။ "ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်က သမင်အထီးလေ။"

ကျန်းကျဲလျိုက ခေါင်းငုံ့ကာ လက်ဖက်ရည်ကို ဖြည်းညင်းစွာသောက်လိုက်ပြီး ညက အဆုံးထိမဖတ်ရသေးသော စာအုပ်ကို ဆွဲထုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ယောက်ျားလေးတွေလည်း သတိထားရမယ်။ တချို့လူဆိုးတွေက ယောက်ျားလေးတွေကိုလည်း ကြိုက်ကြတယ်။"

ပြောသူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း နားထောင်သူကတော့ အာရုံစူးစိုက်နေပြီး တစ်ယောက်သော'လူဆိုးကြီး'က အတွေးတစ်ခုဝင်လာကာ သူသဘောကျသော ယောက်ျားလေးကို မကြည့်ဘဲမနေနိုင်တော့ပေ။

အာချူးက မှင်တက်သွားပြီး နားလည်သကဲ့သို့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကျန်းကျဲလျို ဘာစာအုပ်ဖတ်နေသည်ကိုကြည့်ရန် ကိုင်းညွတ်လိုက်သည်။ 'ကောကောခုနစ်ယောက်နှင့် မိန့်မိန့်တစ်ယောက်၊ ငါ့ကို သေလောက်အောင် အလိုလိုက်ပေးတယ်' ဟူသော စကားလုံးများကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲ ရုတ်တရက် ဗလာကျင်းသွားလေ၏။

"ကျင့်ကြံရေးလောကမှာလည်း ဒီလိုစာအုပ်မျိုးတွေကို ဖတ်တဲ့အကျင့် ရှိကြတာလား။"

ကျန်းကျဲလျိုက မဖုံးကွယ်ဘဲ စာမျက်နှာတစ်ခုကို လှန်ကာ မေးလိုက်သည်။

"မင်း ဒီလိုစာအုပ်မျိုး ဖတ်ဖူးတာလား။"

အာချူး မဖြေနိုင်ခင် နားထောင်နေသောဝိန်းရမ်ယဲ့က တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိလိုက်သည်။ သူက ကျန်းကျဲလျို၏လက်ထဲမှ ဖတ်ပြီးသားစာအုပ်တစ်ဝက်ကိုယူလိုက်ပြီး အကြောင်းအရာကို တစ်ချက်ကြည့်လိုက်ရာ ခဏတာ တောင့်တင်းသွားပြီးနောက် စာအုပ်အဖုံးကို လှန်ကြည့်လိုက်သည်။

စာအုပ်အဖုံးတွင်《ဝိညာဥ်စွမ်းအင်ဆိုင်ရာ အမတလမ်းစဥ်》 ဟု ရေးသားထား၏။

ဝိန်းရမ်ယဲ့ ခဏတာရပ်တန့်သွားပြီး လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းကျဲလျို ဖတ်နေသည်ကို သူမြင်ခဲ့ရသော《မှော်အဆောင်များအကြောင်း》နှင့်《နှလုံးသားသန့်စင်ခြင်းလမ်းစဥ်》တို့ကို တွေးမိသွားခဲ့သည်... သူက စာအုပ်ကို တစ်ဖက်လူထံပြန်ပေးလိုက်ပြီး မျက်ခုံးပင့်လိုက်၏။

"ခင်ဗျား ဖတ်နေတဲ့ဟာတွေ... အဲ့ဒါတွေက ဘယ်လိုလုပ်ပြီး နာမည်ကြီးဇာတ်လမ်းတွေ ဖြစ်နေရတာလဲ။ သူတို့က အမတလမ်းစဥ်ဂန္ထဝင်တွေဖြစ်သင့်တာမဟုတ်ဘူးလား။"

ကျန်းကျဲလျိုက သူ့ကိုတစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ဘာကိုအမတဂန္ထဝင်လဲ၊ အဲ့ဒါက ငါတပ်ထားတဲ့ အဖုံးတွေ။"

ဝိန်းရမ်ယဲ့၏မျက်ခုံးများက တွန့်ချိုးသွား၏။ "...ဘာလို့ အဲ့လိုလုပ်ထားတာလဲ။"

"ဘာလုပ်ရမှာလဲ။ ဖတ်ဖို့ပဲပေါ့။"

ကျန်းကျဲလျိုက သိသာသောအရာကို ရှင်းပြနေသကဲ့သို့ သူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။

"ဒီလိုမျိုးစာအုပ်တွေရဲ့ အဖုံးတွေက အရမ်းတိုက်ရိုက်ဆန်ပြီး သိသာတယ်။ ဒါကို ငါ လင်းရှောင်ဂိုဏ်းမှာဖတ်နေရင် တပည့်တွေ မြင်သွားတဲ့အခါ စိတ်ဝင်စားလာပြီး သူတို့ရဲ့ကျင့်ကြံမှုကို နှောင့်နှေးစေမှာမဟုတ်ဘူးလား။"

ကျန်းကျဲလျိုက အလွန်အမင်းတည်ငြိမ်နေပြီး သာမန်အရာကဲ့သို့ ပြောလိုက်သည်။ သူလုပ်ခဲ့သည့်အရာက လုံးဝသာမန်မဟုတ်ဟု မတွေးမိသည့်ပုံပင်။

ဝိန်းရမ်ယဲ့တစ်ယောက် ခဏတာတုံ့ဆိုင်းသွားပြီး ဘာပြောရမှန်း မသိတော့ချေ။ ထို့နောက် ကျန်းကျဲလျိုက တည်ငြိမ်ပြီး စစ်မှန်သောအသံဖြင့် ပြောလာသည်ကို သူကြားလိုက်ရသည်။

"မွန်းတည့်ပြီးရင် ရေပူစမ်းကို ရေချိုးဖို့ သွားမယ်။ အာချူးနဲ့ ချန်းချန်ကိုဂရုစိုက်ဖို့ အိမ်နီးချင်းက ကူညီပေးပါဦး။"

ဝိန်းရမ်ယဲ့က သူ၏ ပိန်လှီသောခန္ဓာကိုယ်ကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

"ဒီအိမ်နီးချင်းကောင်းရဲ့ အမြင်မှာတော့ ခင်ဗျားကိုဂရုစိုက်တာ ပိုအရေးကြီးတယ်လို့ ထင်တယ်။ ခင်ဗျားက ကျွန်တော် တစ်ချက်တွန်းလိုက်ရင်တောင် လဲကျသွားနိုင်တဲ့ပုံနဲ့။"

တစ်ချက်တွန်းလိုက်ရုံနဲ့ လဲကျသွားနိုင်တယ်?

ကျန်းကျဲလျိုက သူ့ကိုယ်သူငုံ့ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါ လဲကျသွားရင် ပြန်မထတော့ဘူး၊ မင်းရဲ့နတ်ဆိုးနယ်မြေက ဝိညာဉ်ကျောက်ဆယ်သန်းလောက်ကို ခြိမ်းခြောက်ပြီးတောင်းလိုက်မယ်။"

သူက ရယ်စရာပြောနေခြင်းသာဖြစ်သော်လည်း နောက်တစ်ခဏတွင် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသော ခရမ်းရင့်ရောင်မျက်ဝန်းတစ်စုံနှင့် တွေ့ဆုံလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ထိုသူကား တကယ်ပင် စိတ်ဝင်စားနေပုံရသည်။

"...ဝိညာဉ်ကျောက်ဆယ်သန်းနဲ့တင် လုံလောက်ပြီလား။"

ကျန်းကျဲလျိုမှာ အနည်းငယ်ထိတ်လန့်သွားပြီး တစ်ဖက်လူက အလွန်နီးကပ်လာသည်ဟု ခံစားမိသောကြောင့် ခေါင်းငုံ့ကာ နှုတ်ခမ်းကိုအုပ်၍ ချောင်းဟန့်လိုက်သည်။ သူ၏လက်ဖမိုးကို စိုစွတ်လာစေပြီး ထူးဆန်းသောအနွေးဓါတ်ကိုယူဆောင်ပေးလာသည့် တစ်ဖက်လူ၏အသက်ရှူသံကို ဟန့်တားလိုက်၏။

"ငါက ရယ်စရာပြောလိုက်တာကို တကယ်ယုံတာပဲလား။"

သူ၏အသံက အမြဲတမ်းလို အေးစက်နေပြီး ရံဖန်ရံခါ ရယ်စရာပြောသောအခါမှသာ လူများအနေနှင့် သက်တောင့်သက်သာ ခံစားရသည်။ သို့သော် ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံး တင်းမာမှု မရှိတော့ပေ။ ဤအေးဆေးသောသဘောထားမှာ အတိတ်တုန်းက လင်းရှောင်ဓါးကို ပခုံးထက်ကိုင်ထားသော ကျန်းကျဲလျိုထက်ပင် အဆပေါင်းဆယ်သန်းလောက် ပို၍ငြိမ်းချမ်းနေ၏။

ဤနတ်ဆိုးက နောက်ဆုတ်မသွားဘဲ ထိုအစား အရှေ့သို့တိုး၏။ အလွန်နီးကပ်လွန်းလို့ တစ်ဖက်လူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသောအအေးဓါတ်က ခေါင်းအစခြေအဆုံး တောက်လောင်နေသည့် သူ၏ကိုယ်ပိုင်အပူငွေ့များကို ဖိနှိပ်နိုင်သကဲ့သို့ပင်။

"ခင်ဗျားပြောရင် ကျွန်တော်ယုံတယ်။"

...

ကျုံးနန်တောင်၏အနောက်ဘက်တွင် ရေပူစမ်းအများအပြားရှိပြီး တောင်ပေါ်တွင် နေထိုင်သူမရှိသောကြောင့် လုံးဝနီးပါး အသုံးမပြုကြပေ။ သို့သော် ဝိန်းရမ်ယဲ့က သူ့အတွက် ဤနေရာကို ရှင်းလင်းပေးခဲ့သည်။

ကျန်းကျဲလျိုက သူ၏ဝတ်ရုံကိုချွတ်လိုက်ပြီး ခန္ဓာကိုယ်နှင့် ကပ်လျက်ရှိသည့် ပါးလွှာသောအင်္ကျီတစ်ထည်ကိုသာ ချန်ထားလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို စမ်းသပ်ရန် ရေကန်ထဲသို့ နှစ်မြှုပ်လိုက်၏။

သူ့မှာ ဝိညာဥ်စွမ်းအင်များ မရှိတော့သော်လည်း သူ၏ကျင့်ကြံရေးမှာ အဆင့်တစ်ခုထိရောက်ခဲ့သည့်အတွက် သူ့ကိုယ်သူ၏အတွင်းပိုင်းကို စစ်ဆေးနိုင်ဆဲပင်။ ယခုအချိန်တွင် သူက သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုလိုက်သည်။ ကြည့်ရှုလေလေ၊ သူ၏မရီဒန်များက မယုံကြည်နိုင်လောက်အောင် ပျက်စီးနေကြောင်း ခံစားရလေလေပင်။ သူ့မရီဒန်များ၏အခြေအနေက စည်းချက်လုံးဝမကျတော့ဘဲ ဆိုးဝါးသောအခြေအနေမှာရှိနေသည်။

သူ နယ်နမိတ်အလွှာကို ပြုပြင်ချိန်တုန်းက ကြီးမားသော သက်ရောက်မှုကို ရင်ဆိုင်ခဲ့ရသည်။ သူက ထိုအရာကို တစ်ယောက်တည်းပြုပြင်ခဲ့သည်။ လင်းရှောင်ဂိုဏ်းမှ တပည့်များက ကူညီသင့်သော်လည်း သတင်းပေါက်ကြားကာ မကောင်းမှုပြုလုပ်သူများ၏ လျှို့ဝှက်တိုက်ခိုက်မှုလည်း ရှိသောကြောင့် နောက်ဆုံးတွင် သူတစ်ယောက်တည်းသာ သွားခဲ့သည်။

ကျန်းကျဲလျိုတစ်ယောက် ရေပူစမ်း၏အပူရှိန်ကြောင့် ခေါင်းမူးလာကာ အတိတ်ကို ပြန်လည်အမှတ်ရရင်း မျက်လုံးများကို မှိတ်လိုက်သည်။

သူက ကျူ၀ူရှင်းကို အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း ၎င်းက ရှစ်တိ၏ရွေးချယ်မှုလည်း ဖြစ်သည်။ ကျူဝူရှင်းက သူ့ကိုကူညီရန် အကောင်းဆုံးမကြိုးစားခဲ့သဖြင့် သူက ချက်ချင်းဆိုသလို ဆံပင်ဖြူသွားပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ကျန်းကျဲလျိုက အလွယ်တကူလက်ခံပေးခဲ့သည်။

သူက မျက်လုံးများကို အနည်းငယ်ဖွင့်ကာ မှိန်ဖျော့သော အလင်းရောင်အောက်မှာ သူ၏လက်ဖမိုးကိုကြည့်ကာ သူ၏ဓါးကို ကိုင်တွယ်သုံးစွဲရာမှ ရရှိခဲ့သော သူ၏လက်ချောင်းများကြားမှ အသားမာများကို စူးရှစွာကြည့်နေခဲ့သည်။ ထိုအသားမာများက သူ၏ကျင့်ကြံရေးအတွက် လက်များသွေးထွက်ကာ အရောင်မဲ့လာသည်အထိ ဓါးကိုဆုပ်ကိုင်ခဲ့ချိန်က အဆက်မပြတ်ပွတ်တိုက်မှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရုတ်တရက်ဆိုသလို ကျူ၀ူရှင်းငယ်စဉ်က သူ့အား တပည့်အဖြစ်လက်ခံခဲ့ချိန်ကို သူ သတိရမိသွားသည်။ သူက မိဘမဲ့ကလေးဖြစ်သော်လည်း အလွန်ကြိုးစားခဲ့၏။ အခြားသူများဆီကနေ အာရုံစိုက်မှုကို ယူဆောင်သွားသဖြင့် အခြားတပည့်များဆီကနေ အမြဲလိုလို အနိုင်ကျင့်ခံခဲ့ရပြီး 'မိဘမရှိတဲ့ အမှိုက်ကောင်' ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ထိုအချိန်က ကျူ၀ူရှင်းသည် အသက်လေးနှစ်သာရှိသေးသလို အရပ်ကလည်း သိပ်မမြင့်သော်ငြား ကြောက်မက်ဖွယ်ကောင်းသော ကြောင်ငယ်လေးကဲ့သို့ ပြေးထွက်လာပြီး သူ့အရှေ့မှာရပ်ကာ သူ့ကို ကာကွယ်ပေးခဲ့သည်။

ဝူရှင်းက လက်ကလေးမြှောက်ကာ သူ့ပါးကိုအုပ်ကိုင်လာပြီး လေးလေးနက်နက် ပြောလာခဲ့၏။

"ကျဲလျိုကောကော၊ သူတို့ကို မကြောက်နဲ့နော်။ ဝူရှင်းက ကောကောကို ကာကွယ်ပေးမယ်။"

အသံလေးက အလွန်ကလေးဆန်လွန်းပြီး သူပြောသည့်စကားလုံးများကိုတောင် ပီပီသသ မပြောနိုင်သေးပေ။

နောက်ပိုင်းတွင် ကျန်းကျဲလျိုက ဘဝသက်တမ်းတစ်ဝက်လောက် သူ့ကိုကာကွယ်ပေးခဲ့ပြီး ကျူ၀ူရှင်းဘက်က သူ့ကို မလိုအပ်တော့သည့်အချိန်မှာ စွန့်လွှတ်ဖို့ရွေးချယ်ခဲ့သည်။

ကျူဝိန်းယွမ် ကွယ်လွန်သွားသည့်နေ့မှစ၍ ကျူ၀ူရှင်းက သူ့ကို "ရှစ်ရှုန်း" ဟုသာခေါ်ခဲ့ပြီး "ကောကော" ဟု မခေါ်တော့ပေ။

ကျန်းကျဲလျိုက ထိုအရာကိုသာတွေးခဲ့ပြီး အခြားမည်သည့်အရာကိုမျှ မတွေးခဲ့ချေ။ အတိတ်တုန်းက သူကျော်လွှားခဲ့ရသော အခက်အခဲများစွာရှိခဲ့သော်လည်း ဤအရာများကို ကျော်လွှားနိုင်သမျှကာလပတ်လုံး ခက်ခဲသည်ဟု မခေါ်နိုင်တော့ပေ။

ရေပူစမ်း၏အပူချိန်က ပို၍ပြင်းထန်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နှင်းဖြူရောင်ပါးလွှာသောအင်္ကျီသည် စိုစွတ်နေပြီး ဆီးနှင်းရောင်ကျောပြင်တွင် ကပ်ငြိနေ၏။ ရေစက်များသည် သူ၏ကျောရိုးတစ်လျှောက် စီးဆင်းနေခဲ့သည်။

ကျန်းကျဲလျိုက ဝိညာဉ်ခန္ဓာနှင့် မွေးဖွားလာခဲ့သဖြင့် အညစ်အကြေးမရှိသောကြောင့် ရေချိုးသန့်စင်ရန် မလိုအပ်ပေ။ သို့သော် သူက ရေချိုးခြင်းနှင့်အသားကျနေပြီး ဤနည်းက အမြဲတမ်း ပို၍သက်တောင့်သက်သာရှိသလို ခံစားရသည်။

ကျုံးနန်တောင်ရှိ ရေပူစမ်းက ပူနေခြင်းမဟုတ်ဘဲ သူက အနည်းငယ်အားနည်းနေခြင်းဖြစ်သည်။ သူ အိပ်ချင်စိတ်ဖြစ်လာပြီး အနည်းငယ် မူးဝေလာလေ၏။

ရုတ်တရက် နံဘေးကနေ ခိုင်မာသော စွမ်းအင်တစ်ခုကို အာရုံခံလိုက်မိသည်။

ကျန်းကျဲလျို တွန့်ဆုတ်စွာဖြင့် မော့ကြည့်လိုက်ချိန်၌ တစ်ဖက်လူ၏ဝတ်ရုံအနက်ရောင်အစကို မြင်လိုက်ရသည်။ သူက စိုစွတ်နေသောလက်ချောင်းထိပ်များဖြင့် သူ၏ဝတ်ရုံထောင့်စွန်းကိုထိလိုက်ပြီး သိမ်မွေ့စွာပြောလိုက်သည်။

"မင်း ငါ့နောက်ကို တကယ်လိုက်လာတာပဲ။"

ဝိန်းရမ်ယဲ့က ပြန်မပြောဘဲ ထိုအစား သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သန့်စင်သော ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းပေးလိုက်သည်မှာ ကျန်းကျဲလျို၏ ခန္ဓာကိုယ်မသက်မသာဖြစ်မှုကို သက်သာစေရန် ဖြစ်ဟန်တူသည်။

"နတ်ဆိုးခန္ဓာကိုယ်ကို ကြားခံအဖြစ်သုံးပြီး ဝိညာဉ်စွမ်းအင်ကို သန့်စင်တာ၊ အဲ့ဒါက မနာဘူးလား။"

ကျန်းကျဲလျို အနည်းငယ် ထိုင်းမှိုင်းစွာ တုံ့ပြန်ပြီးနောက် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"နတ်ဆိုးအရှင်သခင်လေးက သူ့ကိုယ်သူ ပြန်ပြီးနာကျင်အောင်လုပ်နေတာ မမှန်သေးဘူးလားလို့။"

နတ်ဆိုးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့က တူယှဥ်တွဲပြီးမရှိနိုင်ပေ။ နတ်ဆိုးတစ်ယောက်အနေဖြင့် သူက ကျန်းကျဲလျိုထံ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းပေးလိုလျှင် သူ၏ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးပြုမှသာ ကောင်းကင်နှင့် မြေကြီးဆီကနေ စွမ်းအင်ကိုထုတ်ယူကာ သန့်စင်ရသဖြင့် နာကျင်မှုကို ခံစားရမည်သာ။ သဘာဝကျကျ သူကား နာကျင်မှုကို ခံစားရလိမ့်မည်။ ၎င်းက သက်တောင့်သက်သာရှိသောကိစ္စမဟုတ်ချေ။

ကျန်းကျဲလျိုက လက်ချောင်းများကိုပြန်ရုပ်ကာ မေးစေ့ကို လက်ထောက်ထားပြီး မျက်လုံးများမှိတ်၍ ပြောလိုက်၏။

"ငါ မင်းအပေါ်မှာ မကြွေးမတင်ချင်ဘူး၊ မင်း လုံလုံလောက်လောက် လုပ်ပေးပြီးပြီပဲ။"

"အကြွေးမတင်ချင်ရင်။"

ဝိန်းရမ်ယဲ့က တီးတိုးပြောလာသည်။

"ဒါဆို စိတ်ရှည်သည်းခံပြီး ကျန်းမာရေးကောင်းတဲ့ ကျန်းကျဲလျိုကို ကျွန်တော့်ကိုပြန်ပေးလေ။ ခင်ဗျားနဲ့ ကျွန်တော် ဘယ်သူကပိုတော်လဲဆိုတာ ဆုံးဖြတ်ဖို့ နောက်တစ်ခါ မပြိုင်ရသေးဘူး။ ကျွန်တော် ဒီကိစ္စကို လွှတ်ပေးမှာမဟုတ်ဘူး။"

ကျန်းကျဲလျိုက ခဏတာတိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ငါ့အတွက် ခက်ခဲအောင် လုပ်နေပြန်ပြီပဲ။"

သူ၏လက်ချောင်းများက ရေပူစမ်းထဲ အချိန်အတော်ကြာ စိမ်ထားတာတောင် ဝိန်းရမ်ယဲ့၏လက်ချောင်းများကြား ဆုပ်ကိုင်ခံလိုက်ရသောပခါ အအေးဓါတ်ကို ထုတ်လွှတ်နေဆဲပင်။ ဤအေးမြသော ခံစားချက်က အတွင်းမှ အပြင်သို့လှည့်ပတ်နေပြီး သူ၏နှလုံးသားနှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင် ရေခဲကဲ့သို့ အေးစက်လာ၏။

"ဒီတစ်ခါ အကြွေးတင်ရမယ်ဆိုရင်တောင် ငါ မင်းကိုပြန်ဆပ်မှာမဟုတ်ဘူး။"

ကျန်းကျဲလျိုက ပြောလိုက်သည်။

"မင်း ဆုံးရှုံးရလိမ့်မယ်။"

"ဒါဆိုရင်လည်း ကျွန်တော် အရှုံးခံလိုက်မယ်။"

ဝိန်းရမ်ယဲ့က သူ့ကိုစိုက်ကြည့်ကာ လက်ကိုဆန့်တန်းပြီး ဆေးလုံးတစ်လုံးအား ရေပူစမ်းထဲသို့ ချလိုက်သည်။

"တခြားဆေးလုံးတွေက သဘာဝအားဖြင့် စွမ်းအားကြီးပေမဲ့ ဒီရက်ပိုင်း ခင်ဗျားက အခု စက္ကူတစ်ရွက်လိုပဲ အားနည်းနေတာ၊ ဒါကို စမ်းကြည့်လိုက်။"

ဆေးလုံးက နွေးထွေးသောရေထဲသို့ ကျရောက်သွားပြီး လျင်မြန်စွာပျံ့နှံ့ကာ ရေပူစမ်းထဲတွင် ပျော်ဝင်သွားခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment