no

Font
Theme

ဝိန်းရမ်ယဲ့ တစ်ညလုံး အိပ်မပျော်ပေ။

သူတစ်ယောက်တည်း အိပ်မပျော်ရုံသာမက အာချူးကလည်း တီးတိုးပြောဆိုရင်း အငြိမ်မနေခဲ့ရချေ။ ချန်းချန်တစ်ယောက် သေချာနားထောင်ပြီးမှ သူတီးတိုးပြောနေသည့်အရာကို ကြားလိုက်ရသည်။ "ဒါက ဆင်ဆာမဖြတ်ထားတဲ့ စာအုပ်လား။"

ချန်းချန်က များများစားစားမတွေးခဲ့ချေ။ သူသည် စောစောက ထိတ်လန့်မှုကြောင့် ယခု သိပ်အံ့သြမနေဘဲ သန့်ရှင်းပြီး အိပ်ရာဝင်တော့သည်။

ဝိန်းရမ်ယဲ့က ကျန်းကျဲလျို၏ ခုတင်အစွန်းတွင် ထိုင်ကာ အင်အားချည့်နဲ့ပြီး ဖျားနေသော ရှန်းဇွင်း ငြိမ်းချမ်းစွာ အိပ်ပျော်နေသည်ကို ကြည့်နေခဲ့သည်။ မျက်နှာတစ်ခြမ်းကို စောင်ထဲတွင် မြှုပ်နှံထားပြီး နှင်းဖြူရောင် ဆံပင်ရှည်များက နူးညံ့စွာ ပြန့်ကျဲနေသည်။ မျက်လုံးထောင့်များကလည်း နီရဲနေလေသည်။

သူ လုံးဝ အိပ်မပျော်ဘဲ ကျန်းကျဲလျိုကို စိုက်ကြည့်နေလေလေ၊ ပို၍ နိုးကြားလာလေလေဖြစ်နေ၏။ ယခင်က ယခုလိုမျိုးနိုးကြားခဲ့ဖူးခြင်း မရှိဖူးပေ။ ကောင်းကင်ဝိညာဉ်ခန္ဓာ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ခန့်မှန်းခြင်းဆိုင်ရာ သူ၏အတွေးများကို စာလုံးရေ သောင်းနှင့်ချီ၍ပင် ရေးသားနိုင်သည်။

ကျန်းကျဲလျိုက အလွန်နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေပြီး သိပ်တောင် မလှုပ်ရှားချေ။

ဤသည်မှာ တိတ်ဆိတ်သောညပင်။

နံနက်ခင်းအလင်းရောင်သည် သစ်သားပြတင်းပေါက်ထဲသို့ စိမ့်ဝင်လာပြီး သူ အိပ်ချိန်လုံလောက်လုနီးပါးတွင် မျက်လုံးများကို ပျင်းရိစွာဖွင့် အနည်းငယ်ဖွင့်လိုက်သောအခါ နတ်ဆိုးအရှင်၏ ခရမ်းရောင်မျက်လုံးများကို တွေ့လိုက်ရသည်။ ထိုမျက်လုံးများက တုံ့ဆိုင်းမှုနှင့် မကုန်ဆုံးနိုင်သော စကားများဖြင့် ပြည့်နှက်နေသည်။

ကျန်းကျဲလျို ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

...ခင်ဗျားက ကျွန်တော့်ကို ဘာဖြစ်လို့လဲဆိုပြီး မေးဖော်ရသေးတာပဲ။

ဝိန်းရမ်ယဲ့၏မျက်ခုံးများက တွန့်သွားပြီး တစ်ညလုံး ရင်ထဲတွင် စဉ်းစားပြီးမှ ရန်လိုစွာနှင့် ပြောလိုက်သည်။ "ခင်ဗျား ကလေးရနိုင်တယ်ဆိုတာ သိထားပြီးသားလား။"

"အွန်း။" ကျန်းကျဲလျို ခေါင်းညိတ်လိုက်သည်။

ဝိန်းရမ်ယဲ့၏သွေးဖိအားများမှာ ထိုးတက်လာပြီး အံကြိတ်၍ ဆက်ပြောလိုက်သည်။ "အဲ့ဒါဆို ဘာဖြစ်လို့ ကျွန်တော့်ကို ခင်ဗျားနဲ့အိပ်ခွင့်ပေးခဲ့ရတာလဲ!"

ကျန်းကျဲလျိုက သူ့ကို တွေဝေစွာ ကြည့်နေပြီး ရိုးရိုးသားသားအိပ်ရုံနှင့် ဘာမှမမှားဟု တွေးနေလေ၏။

"ကျွန်တော်က ယုတ်မာပြီး အရှက်မရှိဘဲ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို တပ်မက်နေရင် ဘယ်လိုလုပ်မလဲ။" ဝိန်းရမ်ယဲ့က အားပါပါပြောလာသည်။ "ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာတောင် မသိဘူးလား!"

ကျန်းကျဲလျို: "..."

ကျန်းကျဲလျိုအနေနှင့် သူ၏ခန္ဓာကြောင့် အပိုသတိထားရန် အသိစိတ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။ သူ့မှာ ကျင့်ကြံရေးအဆင့်ရှိတုန်းက အခြားသူများ သူ့ကိုမြင်လိုက်ရုံဖြင့် အရှက်မဲ့စွာပြုမူဖို့မဆိုထားနှင့် လေးလေးစားစားသာ ဆက်ဆံတတ်ကြသည်။ ယခု သူ၏ခန္ဓာကိုယ်က ဤအခြေအနေရောက်နေရာ ထပ်ပြီးဂရုစိုက်စရာမလိုတော့ပေ။ ဝိန်းရမ်ယဲ့ကသာ အမှန်တကယ်ယုတ်မာပြီး အရှက်မရှိသူဖြစ်ပါက သူသည် ကြာမြင့်စွာကတည်းက သေဆုံးသွားလိမ့်မည်။

ကျန်းကျဲလျိုတစ်ယောက် တစ်ဖက်လူ ဒေါသထွက်နေသည်ကို ကြည့်ကာ စကားကို ဘယ်ကစပြောရမည်ကို မသိတော့ချေ။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ "မင်းက အရမ်းလူကြီးလူကောင်းဆန်တဲ့သူ မဟုတ်ဘူးလား။"

ထိုကဲ့သို့ တိုတောင်းသော စကားတစ်ခွန်းဖြင့် ဝိန်းရမ်ယဲ့၏ မီးပွားများမှာ ငြိမ်းကျသွားပြီး မျက်မှောင်ကြုတ်ကာ တစ်ဖက်လူ ထထိုင်သည်ကိုသာ ကြည့်နေနိုင်တော့သည်။

ကျန်းကျဲလျိုက လက်ကိုဆန့်တန်းကာ လျှောကျနေသော ဆံပင်များကို ပြန်သပ်လိုက်ပြီး ထိုးကိုက်နေသော ဦးခေါင်းကို ကိုင်ထားရင်း သက်ပြင်းချလိုက်သည်။ ထိုလက်များက အလွန်ဖြူဖျော့နေပြီး အဆစ်များကလည်း သေးသွယ်လှသည်။ ပါးလွှာသော အရေပြားအောက်ရှိ သွေးကြောတိုင်းပင် အားနည်းသည့် ခံစားချက်ကို ထုတ်လွှတ်နေသည်။

ထိုပုံစံလေးကြောင့် ဝိန်းရမ်ယဲ့ခမျာ အတင်းအကျပ်လုပ်ဖို့ကိုအသာထား နမ်းချင်သည့်အတွေးပင်လျှင် ယုတ်ညစ်သလို ခံစားနေရသည်။

ဝိန်းရမ်ယဲ့တစ်ယောက် ရိုးသားသည်ဟု ချီးကျူးခံရပြီးမှ သူ့ကိုယ်သူ သားရဲတစ်ကောင်ဖြစ်သည်ဟု ခံစားလိုက်ရ၏။ သူသည် ကျန်းကျဲလျိုက သူ၏မျက်ခုံးများကို နှိပ်နယ်နေသည်အား ကြည့်နေခဲ့မိသည်။ တစ်ဖက်လူ မျက်လုံးများမှိတ်လိုက််ချိန်မှာ နှင်းဖြူရောင်မျက်ဝန်းများက အနည်းငယ်တုန်လှုပ်သွားပြီး မနက်ခင်းအလင်းရောင်အောက်မှာ အလင်းဖောက်လုမတတ်ပင်။

...ဒီလိုအခြေအနေတွေအောက်မှာ ဘယ်သူက လူကြီးလူကောင်းဆန်နိုင်မှာလဲ။

ကျန်းကျဲလျိုမှာ သေရည်သောက်ပြီး ခေါင်းကိုက်နေသောကြောင့် ဘေးနားရှိ အိမ်နီးချင်းကောင်းလေးက အမူးပြေဟင်းချိုတစ်ခွက် ကမ်းပေးလာသည်။ သူက ကျေးဇူးတင်စကားဆိုကာ ဖြည်းညင်းစွာသောက်လိုက်၏။

ဘေးနားရှိ ဝိန်းရမ်ယဲ့က ပြောလာသည်။ "...လူတိုင်းက ကျွန်တော့်လို ရိုးသားတာ မဟုတ်ဘူး။"

သူက ကျန်းကျဲလျိုကို ကြည့်ကာဆက်ပြောခဲ့သည်။ "ဥပမာ အဲ့ဒီအမွေးထူတဲ့ငှက်က ခင်ဗျားကို မသင့်တော်တဲ့ပုံနဲ့ ကြည့်နေတာ၊ ပြီးတော့ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ဟိုကောင်စုတ်၊ သူတို့က ခင်ဗျားကို တကယ်ဂရုစိုက်ချင်တယ်လို့ ထင်နေတာလား။ သူတို့က ခင်ဗျားကိုပိုင်ဆိုင်ချင်ပြီး ခင်ဗျားနဲ့... ကျစ်၊ ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျား သူတို့ကို မယုံနဲ့။"

ကျန်းကျဲလျိုက ပန်းကန်ကိုချလိုက်ပြီး အနည်းငယ် ရယ်ချင်သော်လည်း ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားကလေ ကျွန်တော့်စကားကိုဆို နားမထောင်ဘူး။ ဒီလောက်ထိ သေရည်မသောက်ဖို့ အတန်တန်ပြောနေခဲ့တာတောင်မှ..."

နတ်ဆိုးလောကရဲ့ သခင်လေးတစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ။ "ရက်စက်တယ်"၊ "မျက်တောင်မခတ်ဘဲ လူသတ်တယ်" လို့ ပြောကြတဲ့ နတ်ဆိုးသဘာဝက ဘယ်ရောက်သွားလဲ။

"အကြာကြီးနေမှ တစ်ကြိမ်တည်းသောက်တာက အဆင်ပြေတယ်လို့ ကျွန်တော့်ကိုလာမပြောနဲ့၊ ခင်ဗျားက အရမ်းနူးညံ့လွန်းလို့ ကျွန်တော့်မှာ ထိတောင် မထိရဲဘူး၊ ဒါပေမဲ့ ခင်ဗျားက တော်တော်လေးသောက်နိုင်တာပဲ..." ဝိန်းရမ်ယဲ့မှာ နေ့တစ်ဝက်လောက် မြည်တွန်တောက်တီးနေပြီးနောက်မှာတောင် စိုးရိမ်နေမိဆဲပင်။ သူစကားပြောပြီးနောက် တစ်ဖက်လူက ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပြသည်ကိုသာ တွေ့လိုက်ရ၏။

...ငါတော့ ရူးချင်လာပြီ။

ဝိန်းရမ်ယဲ့ခမျာ ဤသို့သာ တွေးလိုက်မိတော့သည်။

သူ ကျန်းကျဲလျို၏ပခုံးကိုဆုပ်ကိုင်ကာ ဖြောင့်မတ်မှန်ကန်စွာ ပြောလိုက်သည်။ "ခင်ဗျား ဒီကိစ္စကို ပေါ့ပေါ့‌တန်တန် လုပ်လို့မရဘူးလေ။ အခုလိုမျိုး ရုတ်တရက်ကြီး ထဖျားတာကို ခင်ဗျား အလေးအနက်ထားပေးလို့ မရဘူးလား။"

ကျန်းကျဲလျိုက ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်ပြောလာ၏။ "တကယ် အဆင်ပြေပါတယ်။"

ဝိန်းရမ်ယဲ့မှာ သူ၏သွေးဖိအားများ ဆက်လက်တက်နေသည်ဟု ခံစားလိုက်ရပြီး အံကိုကြိတ်လိုက်၏။ "ကျွန်တော်က နတ်ဆိုး၊ လူကောင်းမဟုတ်ဘူး၊ ခင်ဗျား မကြောက်ဘူးလား။"

"ဟုတ်ပါပြီ။" ကျန်းကျဲလျို သက်ပြင်းချလိုက်သည်။ "ငါ ကြောက်ပါတယ်၊ လွှတ်ပေးပါတော့။"

နတ်ဆိုးအရှင်မှာ ဤစကားကို ကြားသောအခါ လက်ကို လွှတ်ကာ ခုတင်ဘေးတွင် ခြေကားယားထိုင်ပြီး ပြောလိုက်၏။ "ခင်ဗျား ကျွန်တော်ပြောတဲ့ အချက်သုံးချက်ကို လိုက်နာရမယ်။"

အမူးပြေဟင်းချိုကို ဆက်သောက်နေသော ကျန်းကျဲလျိုက မျက်လုံးမဖွင့်ဘဲ ပြောလာသည်။ "ပြောကြည့်လေ။"

သူ ဝိန်းရမ်ယဲ့ကို ပြောခိုင်းသော်လည်း ပြောသည့်အတိုင်း လိုက်နာမည်ဟု မဆိုလိုပေ။ ကျန်းကျဲလျိုကား ခိုင်မာပြီး အားကောင်းသော စရိုက်ရှိသည်။ အချိန်မရွေးနီးပါး အခြားသူများ၏ အကြံပြုချက်များကို နားထောင်ပြီး ရည်ညွှန်းနိုင်သော်လည်း သူက အမြဲတမ်း သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချလိမ့်မည်သာ။

"ရမ်းသမ်းပြီးမစားနဲ့။" ဝိန်းရမ်ယဲ့က ဆက်ပြောသည်။ "မိစ္ဆာတွေကို နောက်ထပ် ထပ်မခေါ်နဲ့တော့။ အရေးကြီးဆုံးက ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အမြဲတမ်း သတိထားနေဖို့ပဲ။ ပြဿနာတွေ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် မညဥ်းပန်းနဲ့၊ ကျွန်တော့်ကို ခေါ်ဖို့ သတိရ။"

သူစကားပြောနေစဉ် ကျန်းကျဲလျို၏လက်ကောက်ဝတ်၌ မင်နက်ရောင်ကျောက်စိမ်းလက်ကောက်တစ်ခုကို ဝတ်ပေးလိုက်သည်။

ကျန်းကျဲလျိုက ပြောလိုက်သည်။ "အိမ်နီးချင်းကောင်းလေး၊ မင်း စိုးရိမ်လွန်းနေပြီ။"

ဝိန်းရမ်ယဲ့က သူ့ဘာသာသူတွေးလိုက်၏။ 'ခင်ဗျားရဲ့ ဒီအခြေအနေမှာ ကျွန်တော့်အနေနဲ့ စိုးရိမ်ပေးတာကလွဲလို့ ဘာမှ လုပ်နိုင်မယ်မထင်ဘူး။'

ကျန်းကျဲလျိုက သူ၏လက်ကောက်ဝတ်မှ မင်ရောင်လက်ကောက်ကို လှည့်ကြည့်လိုက်သောအခါ ထူထပ်သော နတ်ဆိုး၏ကာကွယ်ရေးမန္တာန်နှင့် ဆက်သွယ်ရေးမှော်အဆောင်ကို တွေ့လိုက်ရသည်။ ၎င်း၏အကြောင်းကို သိသဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "ဒါ ငါ့ကိုပေးတာ၊ မင်း နတ်ဆိုးလောကကို ပြန်သွားချင်လို့လား။"

ဝိန်းယမ်ယဲ့သာ ပြန်မသွားဘဲ ဤထင်းရှူးအိမ်လေး၌ သူနှင့်အတူနေမည်ဆိုပါက ဤလက်ကောက်က အသုံးမဝင်ပေ။

"ကိစ္စတချို့ကို ရှင်းဖို့ ပြန်သွားမလို့။" ဝိန်းရမ်ယဲ့ ဆက်ပြောလိုက်သည်။ "နတ်ဆိုရဲ့ကာကွယ်ရေးမန္တာန် အသက်ဝင်လာရင် ကျွန်တော့်ကို အလိုအလျောက် အချက်ပြလိမ့်မယ်။ ကျင့်ကြံရေးအဆင့်မရှိဘဲလည်း အသုံးပြုလို့ရတယ်။ အဲ့ဒါကို လုံးဝ မချွတ်နဲ့၊ ကျွန်တော့်ကို စိတ်အေးလက်အေးဖြစ်အောင် ပေးနေပါ။"

ကျန်းကျဲလျိုက အိမ်နီးချင်းကောင်းလေးကို အခက်တွေ့စေမည်မဟုတ်သလို မင်ရောင်လက်ကောက်သည် လေးလံသည်ဟုလည်း မခံစားရသောကြောင့် ပေါ့ပေါ့ပါးပါး သဘောတူလိုက်သည်။

ဝိန်းရမ်ယဲ့တစ်ယောက် ညဘက်တွင် သူ့လက်အောက်ငယ်သားထံမှ အရေးပေါ်စာတစ်စောင် ရရှိခဲ့သော်လည်း တစ်ဖက်လူသည် အိပ်ပျော်နေဆဲဖြစ်ပြီး နှုတ်မဆက်ဘဲ ထွက်ခွာရန် မလိုလားသောကြောင့် နာရီအနည်းငယ်ကြာ နှောင့်နှေးပြီး ယခုမှ ထွက်ခွာသွားခဲ့သည်။

နတ်ဆိုးအရှင်သည် သူ၏အေးစက်သောလက်ကို ဆုပ်ကိုင်ထားပြီး မျက်နှာတွင် 'ကျွန်တော် စိတ်ပူနေတုန်းပဲ' ဟူသောအမူအရာအပြည့်ရှိကာ သူပြန်လာမည့်အချိန်ကို ပြောပြီး ကျန်းကျဲလျိုက သူ့ကိုတားရန် တိတ်တဆိတ် စောင့်နေခဲ့သည်။

ကျန်းကျဲလျို၏ အသိစိတ်သည် အလွန်မြင့်မားပြီး သူ၏စိတ်ထဲတွင် အလုံးစုံသော အတွေးများ ပြည့်နှက်နေသည်။ သူသည် လက်ကို ပြန်ရုပ်ကာ ပြောလိုက်၏။ "လမ်းမှာ သတိထား။"

ဝိန်းရမ်ယဲ့: "..."

ဝိန်းရမ်ယဲ့ ထွက်သွားပြီးနောက်မှသာ ချန်းချန်က အမတကောကောဘေးတွင် နေရာရကာ ဝတ်ရုံနှင့် ခြုံလွှာတစ်ထည်ကို ခြုံပေးနေစဉ် တီးတိုးပြောလာသည်။ "ကောကော၊ ရှူးရှူရဲ့ ရည်မှန်းချက်က အရမ်းသိသာတာပဲ၊ သူ ထွက်မသွားခင် ချစ်သက်လက်ဆောင်တောင် ပေးလိုက်သေးတယ်။"

ကျန်းကျဲလျိုသည် လက်အနွေးအိုးကိုပွေ့ဖက်ကာ စဉ်းစားပြီး မေးလိုက်၏။

"အဲ့ဒါက အရမ်းသိသာနေတာလား။"

"ကောကော မသိဘူးဆိုတာ ကျွန်တော် မယုံဘူး။" ချန်းချန် ပြောလိုက်သည်။ "ဘာလို့ ရှင်းရှင်းလင်းလင်း မပြောရတာလဲ။ ကောကောက သူ့ကို မကြိုက်ဘူးလား။"

ကျန်းကျဲလျိုက ခဏတိတ်ဆိတ်သွားပြီး လက်ကို ဆန့်တန်းကာ မြွေငယ်လေး၏ဆံပင်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။ "သိကျွမ်းတာဖြင့် မကြာသေးဘူး၊ ဘာလို့ ကြိုက်ရမှာလဲ။"

ထို့ပြင် သူသည် ဘဝ၏နောက်ဆုံးအချိန်များတွင် ရောက်ရှိနေပြီး သူ၏နေ့ရက်များက တိုတောင်းလှသည်။ ထိုသူကတော့ အစွမ်းကုန် အောင်မြင်နေပြီး အနာဂတ်က တောက်ပနေ၏။ ၎င်းတို့တွေ တစ်ယောက််ပေါ်တစ်ယောက် တစ်စုံတစ်ခုခံစားရလျှင် နှစ်ဦးသား အတူတူရှိနေဖို့ ဆုံးဖြတ်လိုက်လိမ့်မည်။ သို့သော် သူကိုယ်တိုင်ကတော့ ဤခန္ဓာကိုယ်ကို မကုသနိုင်ပါက နှစ်အနည်းငယ်အတွင်း သေဆုံးလိမ့်မည်။ ဝိန်းရမ်ယဲ့က သူမရှိဘဲ ကျန်ရှိနေသည့် အဆုံးမရှိသော နှစ်များကို မည်သို့သည်းခံနိုင်မည်နည်း။

သူ စဉ်းစားပြီး တည်ငြိမ်စွာပြုံးကာ တီးတိုးပြောလိုက်သည်။ "ဘာမှ ရှင်းရှင်းလင်းလင်း လုပ်စရာမရှိဘူးလေ၊ ဒီတော့ ဘာကိုပြောရမှာလဲ။"

...

လင်းရှောင်ဂိုဏ်း၌။

အတွင်းခန်းမထဲတွင် တုနှိုင်းမဲ့ လင်းရှောင်ဓားသည် စားပွဲပေါ်မှာရှိနေပြီး ထက်မြက်ဆဲဖြစ်သော်လည်း အေးစက်သော အလင်းရောင်သည် ဝှက်ထားသောကြောင့် ကျန်းကျဲလျို၏လက်ထဲတွင် ရှိခဲ့သည့်ပုံစံနှင့် အလွန်ကွာခြားသည်။

ကျူ၀ူရှင်းက ဂိုဏ်းချုပ်၏နေရာမှာထိုင်ကာ ဓားကို စိုက်ကြည့်နေသည်။

ကျူ၀ူရှင်းမှာ အမှန်တကယ်ပင် ရုပ်ရည်ကြည့်ကောင်းသော်လည်း ယခုအချိန်တွင် သူ၏အမူအရာက အလွန်အမင်း မှုန်မှိုင်းနေသောကြောင့် လူများမှာ ချဉ်းကပ်ရန်ပင် ကြောက်ရွံ့နေကြသည်။

သူက ၎င်းကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း လင်းရှောင်ဓား၏တုံ့ပြန်မှုကို လုံးဝ မတွေ့ရခဲ့ပေ။ သူ ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်သော်လည်း ဘာမှ မတတ်နိုင်ချေ။

လင်းရှောင်ဓားက သူ့ကိုအသိအမှတ်မပြုဘဲ ၎င်းအတွင်းရှိ ဓားဝိညာဉ်မှာ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး ထွက်လာရန် လုံးဝရည်ရွယ်ချက်မရှိပေ။ သူ့ရှစ်ရှုန်း၏လက်ထဲတွင် ဤဓားသည် တုန်ခါပြီး ဘယ်သူကမှ မယှဉ်နိုင်သော်လည်း သူ့လက်ထဲတွင်မူ...

ဒါက လင်းရှောင်ဂိုဏ်း၏ နာမည်ကျော်ဓားဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းသည် သူ၏ဖခင် နှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့သော ရတနာဖြစ်၏။ ယုတ္တိကျကျဆိုလျှင် ၎င်းသည် သူ့နှင့် သွေးသားတော်စပ်ပြီး သူ့ကိုတုံ့ပြန်သင့်သည်။ သို့သော် လက်တွေ့မှာ သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

( T/N- မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်တယ်ဆိုတာ လူအများရှေ့မှာ အရှက်ခွဲတာကို ဆိုလိုချင်တာပါ။ )

ကျူ၀ူရှင်း အသက်ပြင်းပြင်း ရှူသွင်းကာ လင်းရှောင်ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။ ထိုအချိန်တွင် လင်းရှောင်ဂိုဏ်းဝတ်စုံဝတ်ထားသော တပည့်တစ်ဦးက ခန်းမထဲသို့ ဝင်လာပြီး ဒူးထောက်ကာ ပြောလာသည်။ "ဂိုဏ်းချုပ်၊ ကျင်းယွီကျဲ ဘယ်သွားခဲ့တယ်ဆိုတာ ကျွန်တော်တို့ ရှာတွေ့ပါပြီ၊ သူ တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုံးနန်တောင်ကို သွားခဲ့ပါတယ်။"

ကျူ၀ူရှင်း၏မျက်ခွံများ လှုပ်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "ပြီးတော့ ဘာဆက်ဖြစ်လဲ။"

သူ၏ ရှစ်ရှုန်းအကြောင်း သူသိထားသလောက် သူ၏ ရှစ်ရှုန်းသည် ဆုံးဖြတ်ချက်ကို အလွယ်တကူ ပြောင်းလဲမည်မဟုတ်ကြောင်း သူသိသော်လည်း ကျင်းယွီကျဲက ကျန်းကျဲလျိုကို တကယ်ပြန်ခေါ်နိုင်လိမ့်မည်ဟုလည်း သူ မထင်ပေ။

"ပြီးတော့ ကျင်းယွီကျဲက တောင်ပေါ်ကနေ တစ်ယောက်တည်း ဆင်းသွားခဲ့ပါတယ်။ သူပြန်ရောက်ကတည်းက အမြဲတမ်းလိုလို စိတ်မတည်ငြိမ်နေသလိုပဲ။ ပြီးတော့ သူ ထျန်းကျီမျှော်စင်ကိုပြန်သွားပြီး ဝမ်ဝိန်းယွမ်နဲ့ တွေ့ခဲ့ပါတယ်။"

အဲ့ဒီ အမှိုက်ကောင်... ကျူ၀ူရှင်းသည် လက်ချောင်းများကို ပွတ်သပ်ပြီး ထပ်မေးလိုက်သည်။ "ဝမ်ဝိန်းယွမ်နဲ့ ဘာတွေလုပ်လဲ။"

"ဝမ်ဝိန်းယွမ်က ကျင်းယွီကျဲနဲ့ စကားပြောပြီးနောက် ချန်းကျီမျှော်စင်ကိုသွားပြီး ရှန်းဇွင်းကိုလိုက်ရှာနေတဲ့လူတွေကို ပြန်ဆုတ်ခိုင်းလိုက်ပါတယ်။"

လူငယ်လေး စကားဆုံးသွားသောအခါ ဂိုဏ်းချုပ်၏ တုံ့ပြန်သံကို မကြားသောကြောင့် မျက်လုံးများကို တိတ်တဆိတ် ပင့်ကြည့်လိုက်ရာ ကျူ၀ူရှင်းသည် မှောင်မိုက်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။

"မင်း သူ့ကို ဘယ်လိုခေါ်လိုက်တာ?"

ထိုအခါမှသာ လူငယ်လေးက ဂိုဏ်းချုပ်၏တားမြစ်ချက်ကို ချိုးဖောက်မိကြောင်း သဘောပေါက်သွားပြီး စကားများ တုန်ယင်ကာ အလျင်အမြန် ပြောင်းလဲပြောလိုက်သည်။ "ကျန်းကျဲလျိုပါ၊ သူ... သူက ရှန်းဇွင်း မဟုတ်တော့သလို အမတဂိုဏ်းရဲ့ အကြီးအကဲ၊ ဒါမှမဟုတ် လင်းရှောင်ဂိုဏ်းရဲ့ အကြီးအကဲလည်း မဟုတ်တော့ဘူး... သူက ကျင့်ကြံရေးတွေပျက်စီးသွားတဲ့ ဒုက္ခိတတစ်ယောက်ပါ..."

သူ ထိုသိို့ပြောလိုက်သည့်တိုင် ကျူ၀ူရှင်း၏ မျက်နှာက အေးစက်နေဆဲဖြစ်ပြီး လင်းရှောင်ဓား၏ ဓားအိမ်ကို ဖြည်းညင်းစွာပွတ်သပ်ကာ အေးစက်စွာပြောလိုက်သည်။ "သူက ဒုက္ခိတဆိုရင် မင်းကရော ဘာကောင်လဲ။ သူ့ရဲ့ကာကွယ်မှုအောက်မှာ ဒီလောက်အကြာကြီးနေခဲ့ပြီးတော့ ခွေးတစ်ကောင်လောက်တောင် မကောင်းဘူး... ထွက်သွားစမ်း!"

ဤတပည့်သည် ကျူ၀ူရှင်း၏ ရှုပ်ထွေးသော အတွေးများကို တကယ်နားမလည်နိုင်သလို သူတို့ညီအစ်ကိုများကြား ဘာဖြစ်နေသည်ကိုလည်း နားမလည်ဘဲ အသက်ချမ်းသာရာရသူတစ်ဦးကဲ့သို့ ပြေးထွက်သွားခဲ့သည်။

ခန်းမကား တိတ်ဆိတ်သွားပြန်သည်။ ကျူ၀ူရှင်းက ထိုနေရာ၌ပင်ထိုင်ကာ လင်းရှောင်ဂိုဏ်း၏ အကြီးအကဲများထံ စာတစ်စောင် ပို့လိုက်ပြီးနောက် ထရပ်ကာ ခန်းမအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

သူ၏ရှစ်ရှုန်း တစ်ခုခုပြောခဲ့သလားကို သူမသိသော်လည်း ထိုကျင်းယွီကျဲက သူ့ရှစ်ရှုန်းကိုယ်တိုင် ပျိုးထောင်ပေးခဲ့သူဖြစ်ပြီး ဆရာတစ်ဝက်ဖြစ်ရုံသာမက ကျင်းယွီကျဲအတွက် အဖေတစ်ဝက်အဖြစ်တောင် ယူဆနိုင်ပေသည်။

...ဝူရွှမ်းဓားမျှော်စင်နဲ့. ထျန်းကျီမျှော်စင်သာ ပူးပေါင်းသွားခဲ့ရင်...

ကျူ၀ူရှင်း အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။ လင်းရှောင်ဂိုဏ်း၏ ပျင်းရိဖွယ်ကောင်းပြီး လေးလံသောကိစ္စများမှ ကျင့်ကြံရေးလောကရှိ ဂိုဏ်းအမျိုးမျိုး၏ ဆက်ဆံရေးနှင့် လောကကြီး၏အခြေအနေအထိပင် သူ တွေးမိသွားသည်။ နောက်ဆုံး၌ သူ၏အတွေးများက အမြဲလိုလိုအဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်တတ်သူဆီ ရောက်ရှိသွားခဲ့လေ၏။

သူ၏ရှစ်ရှုန်းက အလွန်ရင့်သော အရောင်များကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ ကျင့်ကြံရေးလောကရှိ အရာရာတိုင်းကို သူ့ကိုယ်တိုင်ကိုင်တွယ်မှရသလိုမျိုး နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်အောင် အလုပ်များနေခဲ့သည်။ သူက အမြဲတမ်း မျက်နှာတည်တည်နှင့် ပျော်ရွှင်ခြင်းလည်း မရှိ၊ ဝမ်းနည်းခြင်းလည်း မရှိချေ။

ကျန်းကျဲလျိုက အနည်းနှင့်အများတော့ သူ၏အမြင့်မြတ်ဆုံးသောနေရာကို ပျော်ရွှင်နေသောကြောင့်သာ ကျင့်ကြံရေးလောက၊ လင်းရှောင်ဂိုဏ်းနှင့် သူ့ကိုဂရုစိုက်ပေးသည်ဟု ကျူဝူရှင်း ယုံကြည်နေခဲ့၏။ ထိုအကြောင်းကြောင့်ပင် သူ ဘယ်ကိုသွားသွား သူ့ကို ကျူ၀ူရှင်းပါဟု သို့မဟုတ် လင်းရှောင်ဂိုဏ်းချုပ်ဟောင်း၏ သားဟု မိတ်ဆက်မပေးဘဲ 'ကျန်းကျဲလျို၏ရှစ်တိ' ဟုသာ ပြောတတ်သည်။

ထိုလူများ၏ ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုများက သူသည် သူ့ရှစ်ရှုန်း၏ ဂုဏ်သတင်းအတွက် အလှဆင်မှုနှင့် သင်္ကေတတစ်ခုသာဖြစ်သည်ဟု ဆိုနေသည့်နှယ်။

ကျူ၀ူရှင်းက သူ၏အတွေးများကို ထိန်းချုပ်လိုက်ပြီး စားပွဲပေါ်ရှိ တံဆိပ်ပေါ်သို့ အကြည့်ရောက်သွားသည်။ ၎င်းက ကျန်းကျဲလျို၏ ကိုယ်ပိုင်တံဆိပ်တစ်ခုဖြစ် "မိုးမခနွေဦးလေပြည်"* ဟု ရေးထိုးထားသည်။

[TN/ ချွင်ဖုန်းကျဲလျိုပါ။]

သူ့ရှစ်ရှုန်း ထွက်သွားချိန်က ပြင်းထန်သော ဆောင်းရာသီဖြစ်ခဲ့ပြီး၊ နွေဦးလေပြည်မရှိခဲ့သည်မှာ နှမြောစရာကောင်းလှသည်။ ထိုနေ့က သူ နှုတ်ဆက်စကားတောင် မပြောခဲ့ရပေ။

ကျူ၀ူရှင်း မည်သို့ခံစားနေရသည်ကို မသိတော့ပေ။ သူက လက်ကိုဆန့်တန်းကာ ဝတ်ရုံကော်လံကိုပြင်၍ လင်းရှောင်ဓားကိုကိုင်ကာ အတွင်းခန်းမမှထွက်လာပြီး ဘေးမှာရပ်နေသော တပည့်ကို ပြောလိုက်သည်။ "ငါ အပြင်သွားမယ်၊ တစ်ယောက်ယောက် မေးလာရင် ပြောလိုက်..."

သူ ခဏရပ်တန့်ပြီး ဆက်ပြောလိုက်သည်။ "ရုတ်တရက် အခက်အခဲတစ်ခုပေါ်လာလို့ ငါ့ရှစ်ရှုန်းနဲ့ သွားတွေ့တယ်လို့။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment