no

Font
Theme

ကျန်းကျဲလျို နိုးလာချိန်တွင် ပြန်လည်တည်ဆောက်ထားသော ထင်းရှူးသားအဆောက်အအုံကို တွေ့လိုက်ရ၏။

အပေါ်ထပ်နှင့် အောက်ထပ်များကို လေအဝင်အထွက်အတွက် လိုက်ကာများနှင့် ပြတင်းပေါက်များဖြင့် ကာထားပြီး ပရိဘောဂများကိုပင် အတွေးကောင်းကောင်းနှင့် လုပ်ထားပေး၏။ စောစောက သူမွှေးခဲ့သောမီးကို ငြှိမ်းသတ်ကာ ကြေးနီနတ်ဆိုးမီးဖိုနှင့် အစားထိုးခဲ့ပြီး ထိုမီးဖိုမှာ စွမ်းအင်အနည်းငယ်တည်းနှင့် မီးထလောင်ပြီး ဆောင်းရာသီ၏အအေးဓာတ်ကို မောင်းထုတ်နိုင်ပေသည်။

ကျန်းကျဲလျိုက ကြေးနီမီးဖိုကို ခဏမျှ စိုက်ကြည့်ပြီးနောက် ဖြူဖျော့ပြီး သွေးမဲ့နေသော သူ့လက်ဖဝါးများကို ငုံ့ကြည့်လိုက်၏။

ဝိညာဥ်စွမ်းအင်အစအနပင် မရှိချေ။

သူ မော့ကြည့်လိုက်ရာ အနက်ရောင်ဆံပင်၊ မျက်လုံးနက်များဖြင့် ချန်းချန်က အိမ်ထဲရှိ ပစ္စည်းများကို နေရာချနေသည်အား တွေ့လိုက်ရသည်။ သူက ကျုံးနန်တောင်အနောက်ဘက်မှ အဖြူရောင်ဆီးပန်းများကိုခူး၍ ကြွေပန်းအိုးထဲထည့်ထားပြီး ပြတင်းပေါက်နားမှ စားပွဲခုံပေါ် တင်ထားသည်ကို တွေ့လိုက်ရ၏။

ချန်းချန်က ပန်းအိုးကို နေရာချပြီးနောက် လှည့်ကြည့်လိုက်ရာ ကျန်းကျဲလျိုနှင့် အကြည့်ချင်းဆုံသွားပြီး တုန်လှုပ်သွားကာ သတိတကြီး မေးလိုက်သည်။

"ရှန်းဇွင်း?"

ဤသည်မှာ နတ်ဆိုးများထဲမှ တစ်ယောက်၏နှုတ်ဖျားမှ သူကြားလိုက်ရသည့်စကားပင်။

ချန်းချန်မှာ ဤနေရာကလွဲပြီး အခြားသွားစရာမရှိသလို ဤအမတအရှင်က သူ့အသက်ကို ကယ်တင်နိုင်ကြောင်း တွေ့လိုက်ရ၍ ထွက်သွားရန် ငြင်းဆန်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။

"ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်တော် အရှင့်ရဲ့ အနားမှာနေဖို့ ဆန္ဒရှိပါတယ်... အမ်... ဟိုဟာ... အရှင့်ကို ပြုစုဖို့ပါ။ "

ကျန်းကျဲလျိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကြေးမီးဖိုကို ခေါက်လိုက်၏။

"မီးထွန်းလိုက်။"

ချန်းချန်က နာခံမှုရှိစွာဖြင့် မိစ္ဆာစွမ်းအင်အနည်းငယ်ကို ထုတ်လိုက်ရာ ကြေးမီးဖိုအဖုံးပေါ်ရှိ သားရဲဦးခေါင်းမှ မီးများလင်းလာကာ အထဲ၌ မီးတောက်များက ချက်ချင်းတောက်လာပြီး ကျုံးနန်တောင်ပေါ်ရှိ နှင်းထူထူနေ့တစ်နေ့၏ အအေးဓာတ်ကို မောင်းထုတ်ပစ်လိုက်သည်။

ကျန်းကျဲလျိုက နှင်းဖြူရောင်ဝတ်ရုံထူထူကို ဝတ်ထားဆဲပင်။ အတွင်းပိုင်းက အလွန်ပါးလွှာသော အရောင်ဖျော့ဖျော့ အမတဝတ်ရုံတစ်ခုဖြစ်ပြီး အလှဆင်ထားခြင်းလည်း မရှိချေ။

သူ့ပခုံးတစ်ဝိုက်တွင် ဆံနွယ်ဖြူတချို့ ပျော့ပျောင်းစွာ ကျဆင်းနေ၏။ သူက ခပ်လှမ်းလှမ်းမှ အနွေးဓာတ်ကိုရရန် လက်ဆန့်ထုတ်လိုက်ရာ မီးတောက်ကြောင့် ကျောက်စိမ်းလို အဖြူရောင်‌ဖျော့ဖျော့ လက်ဆစ်လေးများက နွေးထွေးသွားခဲ့သည်။

ချန်းချန် အံ့အားသင့်သွားပြန်၏။

သူ တစ်ဖက်လူ၏ မျက်တောင်ရှည်များကို စိုက်ကြည့်ရင်း မျက်နှာကို စိုက်ကြည့်နေမိသည်...

ခဏကြည့်ပြီးနောက် ချန်းချန်၏မျက်နှာက တဖြည်းဖြည်း နီရဲလာပြီး အကြည့်ပြန်ရုပ်ကာ ခြောက်ကပ်စွာ ပြောလိုက်၏။ "ရှန်းဇွင်းက... ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲဟင် ..."

"သေတဲ့အထိ။" ကျန်းကျဲလျိုက သူ့ကို တစ်ချက်ကြည့်လိုက်၏။ "မင်း ငါ့ကို ရှန်းဇွင်းလို့ ခေါ်စရာမလိုဘူး၊ ငါက ရှန်းဇွင်းမဟုတ်တော့ဘူး။"

ချန်းချန်က ဤစကားကို နားမလည်နိုင်ဖြစ်ပြီး သူ့အင်္ကျီလက်ကို ထိတ်လန့်တကြားဆွဲကာ ပြောလိုက်သည်။

"ဒါဆို ကျွန်တော်၊ ကျွန်တော် ရှန်းဇွင်းကို ကောကောလို့ ခေါ်လို့ရမလား။"

ကျန်းကျဲလျို၏ အကြည့်များက ခေတ္တရပ်တန့်သွားကာ မီးတောက်များဘက် လှည့်လိုက်ပြီး အတိတ်မှ ဖြစ်ရပ်တချို့ကို ပြန်သတိရသလို ငေးမောရင်း ပြောလိုက်သည်။

"... မင်းသဘောပဲ။"

ချန်းချန်က မှီခိုစရာတွေ့သလို အလွန်ပျော်ရွှင်သွားပြီး သန့်ရှင်းရေးဆက်လုပ်ရန် အပေါ်ထပ်သို့ ပျော်ရွှင်စွာ တက်သွား၏။

ကျန်းကျဲလျိုက သူ့ခန္ဓာကိုယ်မှ အအေးဓာတ်အားလုံးကို မဖယ်ရှားမီ လက်များကို ခဏမျှ နွေးထွေးစေလိုက်သည်။ သူ့ဒဏ်ရာက မသက်သာသလို အတွင်းအားလည်း မရှိတော့ချေ။ အပေါ်ယံကြည့်လိုက်လျှင် သူ့ပုံစံက သက်တောင့်သက်သာရှိနေသော်လည်း ရံဖန်ရံခါ ခန္ဓာကိုယ်၌ နာကျင်မှုများကို အမြဲခံစားနေရမည်သာ။

၎င်းကို သူဂရုမစိုက်ပေ။

သူ့တွင် သိုလှောင်လက်နက်တစ်ခုရှိပြီး ယင်းက သူ့မှာ ကနဦးရှိခဲ့သည့်အရာမဟုတ်ဘဲ ဝိညာဥ်စွမ်းအင်ကို အသုံးပြုစရာမလိုသည့် အခြေခံအကျဆုံးနှင့် သာမန်လက်နက်ပင်။ ကျန်းကျဲလျိုက ဆေးဖက်ဝင်အရက်၊ လက်ဖက်ရွက်များ၊ မြင်းမြီးနှင်တံနှင့် စာအုပ်အချို့ကို သိုလှောင်နိုင်သည့် အမွှေးအိတ်ပုံစံရှိသော ချန်ခွင်းအိတ်မှလွဲ၍ တခြားဘာမှယူမသွားခဲ့ပေ။

အပြင်ဘက်တွင် လေအနည်းငယ်တိုက်နေ၏။

သူက နောက်ထပ်အရက်အိုးကို အပူပေးပြီး ခွက်ထဲလောင်းထည့်ကာ ကြွေခွက်ကိုကိုင်၍ ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ဤသည်မှာ တာအိုကျင့်ကြံရေးခန္ဓာကို ထိန်းသိမ်းရန် ပြုလုပ်ထားသည့် လင်းရှောင်ဂိုဏ်း၏ သာမန်အရက်ပင်။ အများအားဖြင့် ကျန်းကျဲလျိုက ထိုအရက်ကို ရေကဲ့သို့ သောက်လေ့ရှိသော်လည်း ယခုအခါ တာအိုကျင့်ကြံမှုခန္ဓာကိုယ်က ပျက်စီးသွားသဖြင့် အမှန်တကယ်ကို နောက်ထပ်မသောက်သင့်တော့ပေ။

ဆေးဖက်ဝင်အရက်က အလွန်နွေးထွေးသော်လည်း သူ့ဗိုက်ထဲသို့ ဒုတိယတစ်ခွက်ဝင်သွားချိန်၌ ပြင်းထန်သော သူ၏အတွင်းဒဏ်ရာများကို နှိုးဆွပြီးသားဖြစ်သွား၏။ နာကျင်မှုက အပ်များနှင့် ပင်အပ်များကဲ့သို့ အဆုတ်များကနေ သူ၏နှလုံးသားဆီ ပြင်းထန်စွာပျံ့နှံ့သွားသည်။

ကျန်းကျဲလျို ချောင်းအနည်းငယ်ဆိုးလိုက်၏။ သူ့ကိုယ်သူ ဤမျှအထိ နုနယ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ထို့နောက် ထိုင်ခုံကို လက်တစ်ဖက်ဖြင့်ထောက်လိုက်ပြီး ထိုင်ခုံလက်ရန်းကို ဆုပ်ကိုင်လိုက်ချိန်၌ သူ၏လက်ဖမိုးက တင်းကျပ်လာပြီး သူ၏လက်ချောင်းအရိုးများက တဂျွတ်ဂျွတ်မြည်လာခဲ့သည်။ နာကျင်မှုလှိုင်းများကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်အထိ။

တဖြည်းဖြည်းပြင်းထန်လာသော ချောင်းဆိုးသံကြောင့် ဖျော့‌တော့ကာ အရောင်မဲ့နေသည့် သူ၏နှုတ်ခမ်းများထက် အနီရောင်တောက်တောက်များ စွန်းထင်းသွားကာ ပခုံးများကိုပင် တုန်ရီသွားစေခဲ့၏။

လေးလံသောဝတ်ရုံက သူ့ပခုံးပေါ်ကနေ လျှောကျကာ နှင်းဖြူရောင် အတွင်းဝတ်အင်္ကျီပါးကို ပေါ်သွားစေသည်။

လေက အနည်းငယ်တိုက်ခတ်သွားပြီး အိမ်အပြင်ဘက်၌ ခြေသံများက ရပ်တန့်သွားသည်။

ကျန်းကျဲလျိုက ပြင်းထန်သောနာကျင်မှုကြောင့် ခြေသံအနည်းငယ်ကိုတောင် သတိမပြုမိဘဲ သူ၏လက်ဖဝါးများက ချွေးအေးများဖြင့် ဖုံးလွှမ်းနေပြီး အသက်ရှူလည်းကျပ်နေခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်မှလူက ဝင်ရမလား မဝင်ရဘူးလားဆိုသည်ကို မသိတော့ပေ။

ဤနည်းဖြင့် လောကတစ်ခွင်ကျော်ကြားသော လင်းရှောင်ရှန်းဇွင်းကို ယခုလိုမြင်ရလိမ့်မည်ဟု ဝိန်းရမ်ယဲ့ မထင်မှတ်ထားခဲ့ပေ။

သူ့မှတ်ဉာဏ်ထဲတွင် လွန်ခဲ့သောနှစ်ရာပေါင်းများစွာက ဓားတစ်လက်ကို ဆုပ်ကိုင်ထားကာ အဖြူရောင်အဝတ်အစားဝတ်ထားပြီး သူ့အနောက်မှာ လွင့်မျောနေသောတိမ်တိုက်များနှင့်အတူ လင်းရှောင်ဂိုဏ်း၏ သုန်းယွင်စင်မြင့်ထက်၌ ထိုသူရပ်နေပုံကိုသာ အမှတ်ရနေမိ၏။

သူ့လက်ထဲမှ လင်းရှောင်ဓားက ပြိုင်ဘက်ကင်းဓားပင်။ ကျန်းကျဲလျိုလက်ထဲ၌ ဆုပ်ကိုင်ထားမှသာ ဤဓားက မှန်ကန်သောပိုင်ရှင်၏လက်ထဲ ရှိနေခြင်းဖြစ်သည်။

ဝိန်းရမ်ယဲ့ မတ်တတ်ရပ်နေဆဲပင်။

သူ ထိုအချိန်က ကျန်းကျဲလျို ဓားဆွဲထုတ်လိုက်ချိန် တောက်ပပြီး လွှမ်းခြုံထားသည့်အလင်းရောင်များက ဘက်ပေါင်းစုံမှတိုးဝင်လာပြီး ဓားတစ်လက်အဖြစ်သို့ ပေါင်းစပ်သွားခဲ့ပုံကို အမှတ်ရနေဆဲပင်။

ထိုဓား၏အလင်းတန်းများက သူ့ရင်ဘတ်ကို လှီးဖြတ်လိုက်သည့်အချိန်မှာ သွေးများပန်းထွက်လာပြီး အမာရွတ်ချန်ထားခဲ့သည်ကို သတိရမိသွား၏။ သူ ရှင်းရှင်းလင်းလင်း အမှတ်မိဆုံးအချိန်ကတော့ တစ်ဖက်လူ သူ့ကိုကြည့်လာသည့်အချိန်ဖြစ်သည်။

နေရောင်ခြည်လှိုင်းများ၏ ရောင်ပြန်ဟပ်မှုများကြား သူ့ကိုတောင် မမြင်ရလုနီးပါးပင်။

သူသည် ငယ်ရွယ်စဉ်ကတည်းက နာမည်ကြီးလာခဲ့သော်ငြား ပထမဆုံးအကြိမ်အဖြစ် အခြားသူ၏ ဓားအောက်တွင် ကျဆုံးခဲ့ရသည်။

ထိုသူ့ကို စိန်ခေါ်ရန်လာသော ဝိန်းရမ်ယဲ့၏ ပွက်ပွက်ဆူနေသည့်သွေးများက တဖြည်းဖြည်း အေးစက်လာ၏။

ထိုသူက ကျန်းကျဲလျိုပင်။

သူက မည်သို့ဖြင့် ယခုလိုဖြစ်သွားရသနည်း။

နယ်နိမိတ်အလွှာပြုပြင်ခြင်းနှင့် လင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ပြောင်းလဲခြင်းသတင်းက နတ်ဆိုးလောကသို့ မရောက်သေးပေ။

နတ်ဆိုးလောက၏အမြင်တွင် လင်းရှောင်ဂိုဏ်း၌ လောကတခွင် တုနှိုင်းမရသော ရှန်းဇွင်းရှိနေဆဲဖြစ်ပြီး လောကကြီးကို လက်ထဲဆုပ်ကိုင်၍ စကြာဝဠာကြီးကို တုန်လှုပ်စေနိုင်သော ကျန်းရှန်းဇွင်းက အမတဂိုဏ်းလေးခု၏ ခေါင်ဆောင်အဖြစ် ရှိနေဆဲပင်။

ဤနေရာသို့ ဝိန်းရမ်ယဲ့ လူကိုယ်တိုင်ရောက်လာချိန် ထိုသူ့နှုတ်ခမ်းထက် သွေးများစွန်းထင်းနေပြီး ချောင်းဆိုးနေသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။

နတ်ဆိုးအရှင်အသစ်က ပြတင်းပေါက်အပြင်ဘက်၌ ရပ်လိုက်စဉ် ကျန်းကျဲလျိုက နှုတ်ခမ်းပေါ်ရှိသွေးများကို သုတ်လိုက်ပြီး မော့ကြည့်လိုက်ရာ ပြတင်းပေါက်အပြင်ဘက်မှလူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

ထို့နောက် သူကြည့်နေရင်း ထိုအနက်ရောင်ဝတ်ရုံနှင့် နတ်ဆိုးက တဖြည်းဖြည်း ပို၍စိတ်လှုပ်ရှားလာလေ၏။

"မင်း ဘယ်သူလဲ။" ကျန်းကျဲလျိုက မေးလိုက်သည်။

ဝိန်းရမ်ယဲ့က လူသတ်လိုစိတ်နှင့် ရန်လိုမှုများ အပြည့်ဖြင့် ရောက်လာခဲ့သော်လည်း တစ်ဖက်လူ၏ လက်ရှိအခြေအနေကြောင့် သူ၏ရန်လိုမှုများက ပျောက်ကွယ်သွားခဲ့သည်။ ကျန်းကျဲလျိုက မေးခွန်းများမေးရန် သူ့ကိုမော့ကြည့်လာချိန်၌ သူ့ရင်ဘတ်အမာရွတ်အောက်ရှိ နတ်ဆိုးနှလုံးသားက ကြမ်းတမ်းစွာ ခုန်ပေါက်စပြုလာသည်။ ၎င်းက သတိပေးခြင်းမရှိဘဲ အရိုင်းဆန်စွာခုန်ပေါက်လာပြီး ချက်ချင်းဆိုသလို သူ့ကိူ ထိတ်လန့်တကြားဖြစ်လာစေခဲ့၏။

ဝိန်းရမ်ယဲ့ တစ်ဖက်လူကို ထိုမျှနီးနီးကပ်ကပ် မတွေ့ဖူးပေ။

"ကျွန်တော်က..." ဝိန်းရမ်ယဲ့က ခေတ္တမျှ ရပ်တန့်ကာ ပြောလိုက်၏။ "… ခင်ဗျားရဲ့အိမ်နီးချင်းအသစ်။"

ကျန်းကျဲလျိုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလာခဲ့သည်။ "ကျုံးနန်တောင်မှာ ဘယ်နေထိုင်သူမှမရှိပါဘူး။"

"အဲ့ဒါကြောင့် ကျွန်တော်က အသစ်ဖြစ်နေတာပေါ့။"

ဝိန်းရမ်ယဲ့က တံခါးကိုတွန်းဖွင့်ကာ အိမ်ထဲဝင်လာပြီး သူဝတ်ထားသော အနက်ရောင်သားမွေးဝတ်ရုံကိုချွတ်လိုက်သည်။ သူ့ကိုယ်ပေါ်မှထွက်နေသော အအေးဓါတ်များကိုဖြန့်ကျက်ကာ ကျန်းကျဲလျိုနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

သူ့အရှေ့ရှိနတ်ဆိုးက သူ၏အနက်ရောင်ဆံပင်ကို ချည်နှောင်ထားပြီး မျက်လုံးများက ခရမ်းရင့်ရောင်သမ်းကာ ချောမောသောအသွင်အပြင်က အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားကို သယ်ဆောင်ထား၏။ သူ အလွန်တရာ စိတ်အေးချမ်းသည့်အနေအထားမှာ ရှိနေလျှင်တောင် လူများ၏နှလုံးသားထဲ အကြောက်တရားကို ဖြစ်စေနိုင်ဆဲပင်။

နတ်ဆိုးများ၏ လူအသွင်အားလုံးက အယောင်ဆောင်ထားခြင်းဖြစ်ပြီး သူတို့၏နတ်ဆိုးခန္ဓာကိုယ်များက မွေးဖွားလာချိန်က ပုံအတိုင်းရှိနေသည်။

ကျန်းကျဲလျို သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ဆေးဖက်ဝင်အရက်ကို ဘေးဖယ်လိုက်ကာ လက်ဖက်ရည်ဖျော်ရန် ဘေးနားရှိ ကြေးမီးဖိုပေါ် ရေနွေးတည်ရင်း ပြောလိုက်၏။

"မင်းနေချင်နေလေ။ ဒီတောင်က ငါ့အပိုင်မဟုတ်ဘူး။"

ဝိန်းရမ်ယဲ့က သူ့ကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများက တစ်ဖက်သူ၏လည်ပင်းတစ်ဝိုက်ရှိ အေးခဲနေသော အဖြူရောင်အရေပြားဆီ ကျရောက်သွားသည်။

"တစ်ခုရှိတာက ငါတို့ အိမ်နီးချင်းဖြစ်လာတော့မယ်ဆိုရင် ငါ့ကို ခဏခဏလာမနှောင့်ယှက်နဲ့။"

ကျန်းကျဲလျိုက ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ပြုလုပ်ခြင်းမှာ ရှားပါးသဖြင့် သူ၏လှုပ်ရှားမှုများက အနည်းငယ် ကိုးရိုးကားယားဖြစ်နေ၏။

"ပြီးတော့ တံခါးကိုလည်း လာမခေါက်နဲ့၊ ငါက တစ်နေ့လုံးအိပ်နေတာ။"

ဝိန်းရမ်ယဲ့ တစ်ခုခုပြောချင်သော်လည်း ထိုသူ၏ နှင်းဖြူရောင်ဆံပင်ရှည်များကို မြင်လိုက်ချိန်၌ ရုတ်တရက် တစ်ဖန်ထစ်အသွားပြီး မျက်လုံးများထဲ စိုးရိမ်ပူပန်မှုများက ပြည့်နှက်လာ၏။

သူ့မျက်လုံးများက မည်မျှစူးရှပြီး ပြတ်သားနေသည်ကို သူ သတိမပြုမိချေ။

ကျန်းကျဲလျိုက လက်ဖက်ရည်ပြုလုပ်ပြီးနောက် ညင်သာစွာမှုတ်ကာ ဖြည်းဖြည်းချင်း မေးလိုက်၏။

"အတိတ်တုန်းက ငါ မင်းကို စော်ကားခဲ့မိလို့လား။"

သူက တစ်ဖက်လူ၏အဖြေကို စောင့်မနေဘဲ ဆက်ပြောလိုက်သည်။

"မင်းကြည့်ရတာ ငါ့ကို သတ်ချင်နေသလိုပဲ ဒါမှမဟုတ် အရင်ဆုံး မုဒိန်းကျင့်ပြီးမှ သတ်ချင်နေတာနဲ့တူတယ်။"

ဝိန်းရမ်ယဲ့: "...အရင် မုဒိမ်းကျင့်ပြီးမှ သတ်မယ်?"

"ဟုတ်တယ်။"

ကျန်းကျဲလျိုက သူ့ပုခုံးပေါ်လျှောကျနေသော ဝတ်ရုံကို ဆွဲတင်လိုက်၏။

"မင်းလို နတ်ဆိုးငယ်လေးအပေါ် အမှားလုပ်ခဲ့မိမယ်မထင်ဘူး။ မဟုတ်ရင် အဲ့ဒီအချိန်တုန်းက မင်းကို အခုလိုမျိုး ငါ့အရှေ့မှာ အသက်ရှင်လျက်ရပ်နိုင်ဖို့ ချန်ထားပေးခဲ့မှာမဟုတ်ဘူး။"

ဝိန်းရမ်ယဲ့က သူ့ကိုစိုက်ကြည့်နေဆဲဖြစ်ပြီး ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို ထိခိုက်အောင်မလုပ်ပါဘူး။ ဒါနဲ့ ကျွန်တော့်ကို မမှတ်မိဘူးလား။"

ကျန်းကျဲလျို သူ့ကို တစ်ချက်ကြည့်လိုက်၏။ "ငါမှတ်မိရမှာလား?"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment