ဆေးလုံးက နွေးထွေးသောရေပူစမ်းထဲသို့ စိမ့်ဝင်သွားပြီး ခဏချင်း ရေထဲတွင် ပျော်ဝင်သွားသည်။
ကျန်းကျဲလျိုသည် သူဘာလုပ်နေသည်ကို သတိပြုမိသော်လည်း ဆေးစွမ်းကို ချက်ချင်း မခံစားရသဖြင့် မေးလိုက်မိသည်။ "ဒါကဘာလဲ။"
"နတ်ဆိုးနယ်မြေက ရှာတွေ့ခဲ့တာ။" ဝိန်းရမ်ယဲ့က ပြောလိုက်၏။ "ကျောက်စိမ်းဝိညာဉ်ပျိုးဆေးလုံး။"
ဤအမည်သည် ကျင့်ကြံရေးလောက၌ လူသိများပေ၏။ ၎င်းက နတ်ဆိုးနယ်မြေရှိ ရှားပါးသော အမတဆေးများထဲမှ တစ်ခုဖြစ်သော်လည်း အခြားဆေးလုံးများနှင့် အာနိသင်များနှင့်မတူပေ။ ကျောက်စိမ်းဝိညာဉ်ပျိုးဆေးလုံးသည် ပျော့ပြီး အာနိသင်ပြရန် အလွန်နှေးကွေးသည်။
၎င်းကိုအသုံးပြုရန် အချိန်ကြာမြင့်ပြီး ဖြည်းဖြည်းချင်းမှ ခန္ဓာကိုယ်နွေးထွေးလာခဲ့၏။ ထို့ကြောင့် အလွန်အမင်း အားနည်းသောခန္ဓာများများအတွက် တိုက်ရိုက်သောက်သုံးလို့မရသော်လည်း ရေချိုးခြင်းနှင့် ရေစိမ်ခြင်းတို့အတွက် အသုံးပြုနိုင်ပေသည်။
သို့သော် အခြားသော အမတဆေးများနှင့် နှိုင်းယှဉ်လျှင် ၎င်းက ရေရှည်အသုံးပြုရသော်လည်း ဘေးထွက်ဆိုးကျိုးမရှိပေ။ ဆေးလုံးက မယုံကြည်နိုင်လောက်အောင်ရှားပါးပြီး အဖိုးတန်ကာ ပြောကြသည်မှာတော့ ဤဆေးလုံးကို နတ်ဆိုးအရှင်တစ်ပါးတည်း ရရှိနိုင်သည်ဟူ၍။
၎င်းက ကျင့်ကြံရေးလောကမှ ကောလာဟလများဖြစ်သော်လည်း မှန်၏မှား၏ကို မပြောနိုင်ပေ။ သို့သော် ကျန်းကျဲလျိုက ခဏတာ စဉ်းစားပြီး မေးလိုက်သည်။
"မင်း ငါ့ကိုကုသဖို့ ဒီပစ္စည်းကို ယူလာတာ မင်းအဖေ သိလား။"
ကျန်းကျဲလျိုက အချိန်များကုန်ဆုံးသွားကြောင်းကို သတိမပြုမိပေ။ သူ၏အမြင်မှာ ဝိန်းရမ်ယဲ့အား အငယ်တန်းမျိုးဆက်လေးအဖြစ် မြင်နေရဆဲဖြစ်သည်။ ထို့အပြင် နတ်ဆိုးလောက၏ သခင်အသစ် ပြောင်းလဲသွားပြီဟူသောသတင်းက ကျန်းကျဲလျို နယ်နိမိတ်အလွှာကို ပြုပြင်နေတုန်းကသာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် သူ့အတွက် ဤအမျိုးသားသည် နတ်ဆိုးလောက၏ အရှင်ငယ်လေးသာဖြစ်သည်ဟု ခံစားနေရ၏။
ဝိန်းရမ်ယဲ့ကတော့ ထိုသူ၏အတွေးများကို သတိမပြုမိဘဲ ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
ကျန်းကျဲလျိုက ပြောလာခဲ့သည်။
"ဝိန်းရမ်ကျန်းက ငါ့ကို သေစေချင်နေမှာ၊ သူက ငါ့ရဲ့နာမကျန်းမှုကို ကုသပေးရလောက်အောင်ထိ ကြင်နာမနေဘူး။ ဒါပေမဲ့ မင်း... မင်းက ငယ်သေးတယ်၊ မင်းက မင်းရဲ့စိတ်အလိုကိုလိုက်ပြီး လုပ်နေတာ။"
အမျိုးသားများက ငယ်ရွယ်သည်ဟု အပြောခံရသည်အား သဘောမကျကြပေ။
ဝိန်းရမ်ယဲ့က မျက်မှောင်ကြုတ်ကာ ပြန်လည်ချေပရန် ကြိုးစားနေစဉ် ကျန်းကျဲလျိုက နှစ်ချက်လောက် ချောင်းဆိုးလိုက်သောကြောင့် သူပြောမည့်စကားများကို ချက်ချင်းမေ့သွားပြီး မျက်တောင်မခတ်ဘဲ ထိုသူ့ကို စိုက်ကြည့်နေမိသည်။
ရေအပူချိန်က တဖြည်းဖြည်း မြင့်တက်လာ၏။ ဆေးကလည်း အစွမ်းပြလာပြီး ပျက်စီးနေသော ခန္ဓာကိုယ်ကို သန့်စင်ပေးကာ အနည်းငယ်ကျဥ်စူးစူးခံစားချက်ကို ခံစားခဲ့ရသည်။
ကျန်းကျဲလျိုက အစပိုင်းတွင် နှစ်ချက်သာ ချောင်းဆိုးခဲ့သော်လည်း ရင်ဘတ်အောင့်ခြင်းက တဖြည်းဖြည်း ပိုဆိုးလာသည်။ ရေပူစမ်းကနေ ဆွဲထုတ်ပေးလာသော သွေးခဲများနှင့် ဆေးစွမ်းကြောင့် ရေထဲမှာ ရေပူဖောင်းလေးများထလာ၏။ သူက မျက်မှောင်ကြုတ်ကာ အသက်ရှူကျပ်လာပြီး ပို၍ကျယ်လောင်စွာချောင်းဆိုးလာကာ ပါးလွှာဖျော့တော့သော နှုတ်ခမ်းများတွင် သွေးများ စွန်းထင်းလာသည်။
သူ၏ဆံပင်အဖျားများသည် စိုစွတ်နေပြီး ရေပူစမ်းထဲသို့ ကျဆင်းကာ ရေထဲတွင် ဖြည်းညင်းစွာ လည်ပတ်နေသည်။ မျက်တောင်များမှာ နှင်းဖြူရောင်ဖြစ်ပြီး နေရောင်အောက်တွင် လုံးဝနီးပါး အလင်းဖောက်နေသလိုပင်။ သူ၏တစ်ကိုယ်လုံးက အရောင်မရှိသကဲ့သို့ ထင်ရပြီး မှောင်မိုက်တိတ်ဆိတ်သော မျက်လုံးများနှင့် နှုတ်ခမ်းပေါ်ရှိ တောက်ပသော နီရဲသည့်အရောင်သာ ရှိသည်။
ဝိန်းရမ်ယဲ့၏ နှလုံးခုန်နှုန်းများ ရုတ်တရက် မြန်ဆန်သွားပြီး ချက်ချင်း လက်ကိုဆန့်တန်းကာ သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး အလျင်အမြန်ပြောလိုက်သည်။
"သည်းမခံနိုင်တော့ဘူးလား။ ကျွန်တော် ခင်ဗျားကို တွဲသွားပေးမယ်။"
သူ့စကားမဆုံးခင် သူ့လက်ကို ဖိကိုင်ခံလိုက်ရပြီး ကျန်းကျဲလျို၏ တိုးညင်းသော စကားသံကို ကြားလိုက်ရသည်။
"...မလိုဘူး။"
ဝိန်းရမ်ယဲ့၏လှုပ်ရှားမှုများက ချက်ချင်းဆိုသလို တောင့်တင်းသွား၏။
သူ တစ်ဖက်လူ၏လက်ဖဝါးမှ တည်ငြိမ်နေမှုအား ခံစားလိုက်ရသည်။ ထိုလူ၏လက်ချောင်းထိပ်များက နူးညံ့ကာ လက်ဆစ်တစ်ဖက်ရှိ အသားမာများက သူ့လက်ဖဝါးကို မရည်ရွယ်ဘဲ ဖြတ်သွားသည်မှာ လျှာပေါ်မှာ နူးညံ့သောအဖုလေးများရှိသည့် ကြောင်ကလေးက လျက်နေသည့်နှယ်။
ထိုအခိုက်အတန့်၌ သူ၏နှလုံးသားက တစ်ဖန် ပြန်၍ တဒုတ်ဒုတ်ခုန်လာသည်။
ကျန်းကျဲလျို သူ့ကို ခဏဆုပ်ကိုင်ထားစဉ် နတ်ဆိုးအရှင်၏ နှလုံးသားထဲမှ သမင်သည် ခုန်ပေါက်လာပြီး အကြိမ်ပေါင်းများစွာ ကျိုးကြေလုနီးပါး ဖြစ်သွား၏။ တစ်ဖက်လူ၏ခန္ဓာကိုယ်က စိုစွတ်နေပြီး သူ၏ဆံပင်များကတောင် စိုစွတ်နေသေးသည်။ သူ(ဝိန်း)က သူ့(ကျန်း)ကို ရင်ခွင်ထဲရောက်အောင် သိုင်းဖက်လိုက်ပြီး သူ၏အတွင်းအပူငွေ့ကို ဖြည်းဖြည်းချင်း တိုးမြှင့်လိုက်သည်။
ဝိန်းရမ်ယဲ့တစ်ယောက် သူ့ကိုယ်ပိုင်နတ်ဆိုးနှလုံးသားက သူ့ဆန္ဒများကို လုံးဝဂရုမစိုက်ဘဲ သူ၏ရူးသွပ်သော သွေးဆောင်မှုနှင့် ပြင်းထန်သော ချစ်ခြင်းပြသမှုများကြောင့် သူ့မျက်နှာကို လုံးဝပျက်စေသည်ဟု ခံစားလိုက်ရသည်။
ကျန်းကျဲလျိုက သတိပြုမိပုံမပေါ်ဘဲ သူ့နှုတ်ခမ်းပေါ်ရှိ သွေးများကို သုတ်လိုက်သည်။ သူ၏ နုနယ်သောပခုံးက အနည်းငယ်လျှောကျသွားကာ ဝိန်းရမ်ယဲ့၏ပွေ့ဖက်မှုထဲ နီးကပ်သွား၏။ သူ့ခန္ဓာကိုယ်က အေးစက်နေပြီး ရေကန်ထဲရှိနေရာမှသာ အပူရှိန်ထွက်နေသည်။ ဤအားအင်ချည့်နဲ့သော ခန္ဓာကိုယ်သည် အသက်ဝင်မှု လုံးဝနီးပါးမရှိဘဲ ဖြည်းညင်းစွာလျှောကျလာခဲ့သည်။
ကျန်းကျဲလျို ချောင်းဆိုးလေလေ ခန္ဓာကိုယ်တွင်း စုပုံနေသော သွေးခဲများ ပို၍ ပြေလျော့လာလေလေပင်။ သူက ဝိန်းရမ်ယဲ့၏အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ခေါင်းငုံ့ပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။
ရေပူစမ်းဘေးရှိမြေပြင်မှာ အနီရင့်ရောင်များ စွန်းပေသွားခဲ့လေသည်။
ထို့နောက် ကျန်းကျဲလျိုက သူ၏အင်္ကျီလက်ကို ခပ်ဖွဖွဆွဲထားပြီး ခဏမျှမျက်လုံးများကို မှိတ်ထားကာ ညင်သာစွာ ပြောလိုက်သည်။
"အဆင်ပြေပါတယ်၊ သွေးအန်တာက ကောင်းတဲ့အရာပဲ။ အဟွတ်..."
ဝိန်းရမ်ယဲ့ကား သူ့ကို ထိလိုက်လျှင် ပေါက်ထွက်သွားမည့် ပူဖောင်းတစ်လုံးကဲ့သို့ ဆက်ဆံခဲ့သည်။ သူက လှုပ်တောင်မလှုပ်ရဲဘဲ အသက်ကိုပင် ဖြည်းညင်းစွာ ရှူရှိုက်နေမိသည်။ ထိုအသံကို ကြားလိုက်ပြီးမှသာ ထိုသူ၏ နှုတ်ခမ်းထောင့်မှ နီရဲသောသွေးများကိုသုတ်ရန် သူ၏လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။
"ခင်ဗျား တကယ် အဆင်ပြေရဲ့လား။"
"ငါ အဆင်ပြေပါတယ်။" ကျန်းကျဲလျိုက ပြောလိုက်သည်။ "ငါ အားနည်းနေတာ။"
ဝိန်းရမ်ယဲ့တစ်ယောက် သူ့စိတ်ထဲ အတွေးတစ်ခုပြန်လည်တိုးဝင်လာသည့်နှယ် အခိုက်အတန့်တစ်ခုလောက် အေးခဲသွားခဲ့၏။ သူက ခဏတာရပ်တန့်သွားပြီးနောက် တစ်ဖက်လူကို ရေပူစမ်းကနေ ချီထုတ်လာခဲ့သည်။ ထို့နောက် လေနည်းနည်းလေးမှမဝင်နိုင်စေရန် သူ၏ခြုံထည်ကိုချွတ်ကာ သူ့ကို ဖုံးအုပ်ပေးလိုက်သည်။ သူက ထရပ်ကာ ကျန်းကျဲလျိုကို ပွေ့ချီလျက် ထင်းရှူးသားအဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။
၎င်းက သူ၏စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်မှုပင်။
သူနှင့်ထိတွေ့နေသော ကျန်းကျဲလျို၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက ပူလောင်နေပြီး ပုံမှန်မဟုတ်သည့် အံ့သြဖွယ်အပူချိန်ကို ယူဆာင်ပေးလာ၏။ သူက ထိုနုပျိုသော အချစ်များကို ဂရုတစိုက် ကွယ်ဝှက်ကာ အကြောင်းပြချက်များစွာ ပြုလုပ်ခဲ့သော်လည်း တစ်ဖက်လူနှင့် တွေ့ဆုံသောအခါ ထိုအကြောင်းပြချက်များက လုံးဝအသုံးမဝင်ကြောင်း သူ သဘောပေါက်ခဲ့သည်။
တစ်ဖက်လူ ဘာလုပ်နေပါစေ သူ သူ့ကိုမချစ်ဘဲ မနေနိုင်ခဲ့ပေ။
ကျန်းကျဲလျိုက အားမရှိတော့ခြင်းသာဖြစ်ပြီး ဆေးအာနိသင်ကြောင့် စိတ်ရှုပ်ထွေးသွားခြင်းမျိုး မခံစားရချေ။ သူက တစ်ဖက်လူ၏ ပုံမှန်မဟုတ်သော နှလုံးခုန်သံကို ချက်ချင်းနီးပါး သတိပြုမိသော်လည်း ကျန်းကျဲလျိုသည် နတ်ဆိုးမျိုးနွယ်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့် ၎င်းတို့၏ပုံမှန်နှလုံးခုန်နှုန်းကို မသိရာ တည်ငြိမ်စွာ စတင်တွက်ချက်ခဲ့သည်။
တစ်မိနစ်လျှင် အကြိမ် ၃၀၀ ကျော်...
သူက အချစ်ရေးတွင် အတွေ့အကြုံမရှိသောကြောင့် ဝိန်းရမ်ယဲ့၏ လုပ်ဆောင်ချက်အား ခွဲခြား၍ မပြောနိုင်သော်လည်း ထိုနတ်ဆိုး၏လည်ပင်းပေါ် ပေါ်လာသော နတ်ဆိုးအမှတ်အသားများကို မြင်တွေ့လိုက်ရသည်။
နတ်ဆိုးအမှတ်အသားများက သူ၏ဝတ်ရုံအောက်ကနေ အပေါ်သို့ ပျံ့နှံ့သွား၏။ နတ်ဆိုးအမှတ်အသားများက သူ့နတ်ဆိုးအသွင်၏ ထူးခြားသောလက္ခဏာများဖြစ်ပုံပင်... ထိုနတ်ဆိုးအမှတ်အသားများက နတ်ဆိုးများ၏စိတ်ခံစားချက်များ ထိန်းမနိုင်စွာ ရုတ်ခြည်းပြောင်းလဲသွားသောအခါ ဖြစ်ပေါ်လာတတ်သည်ဟု ပြောကြသည်။
ကျန်းကျဲလျိုက 'စိတ်ခံစားချက်များ ရုတ်ခြည်းပြောင်းလဲသွားသော' အနှီနတ်ဆိုးကို ကြည့်ပြီးနောက် အခြားသူ၏ ရည်ရွယ်ချက်ကို ဂရုတစိုက် စဉ်းစားနေပုံက တစ်စုံတစ်ခုကို ရေးရေးလေး သဘောပေါက်လာသကဲ့သို့ပင်။
သို့သော် သူ နက်နက်ရှိုင်းရှိုင်း မစဉ်းစားနိုင်ခင် ဝိန်းရမ်ယဲ့၏ တိုးညင်းသော အသံကို ကြားလိုက်ရ၏။
"ကျွန်တော် မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိလာသလိုပဲ။"
...အမ်?
တစ်ဖက်လူကား မမျှော်လင့်စွာ ပြောလာခဲ့သည်။
ကျန်းကျဲလျိုက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"ငါ့ကို မကောင်းကြံချင်တဲ့လူတွေမှ အများကြီးပဲ။"
ဝိန်းရမ်ယဲ့ ဤစကားကြောင့် ရုတ်တရက်ဆို့နင့်သွားပြီး ပြင်းထန်သော အမျက်ဒေါသက ရုတ်တရက် ထိုးတက်လာသည်။
"သူတို့တွေအားလုံးက သေချင်နေကြတာပဲ။"
"တချို့က အမတဂိုဏ်းတွေရဲ့ ခေါင်းဆောင်နေရာကို ယူဖို့ ငါ့ကို သတ်ချင်ကြတယ်၊ တချို့က ငါနဲ့ အပေါ်ယံပေါင်းသင်းပြီး စောစောစီးစီး လမ်းခွဲသွားချင်ကြတယ်။ တခြားသူတွေ... အဟွတ်! တချို့က ငါနဲ့ မိတ်ဆွေဖွဲ့ချင်ယောင်ဆောင်ပြီး ငါ့ကိုဖယ်ရှားဖို့ အခွင့်အရေးရှာတတ်ကြတယ်။ သခင်လေး၊ မင်းက ဘယ်အမျိုးအစားလဲ။"
သူက အလွန်တည်ငြိမ်စွာနှင့် ပေါ့ပေါ့ပါးပါး မေးလိုက်ပြီး ဝိန်းရမ်ယဲ့၏ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ဖြည်းညင်းစွာ ဖိနှိပ်လိုက်သည်။
***
Aurora Novel Translation Team