ဤစကားက နှစ်သိမ့်မှုပေးသော စကားဖြစ်သော်လည်း ကျူဝူရှင်းဖိနှပ်ထားသော ခါးသီးမှုနှင့် ဒေါသများကို ပေါက်ထွက်လာစေခဲ့သည်။ သူ၏မျက်လုံးများထဲတွင် တောက်လောင်နေသော ဒေါသများနှင့် ပြည့်နှက်လာပြီး သူ့ရှစ်ရှုန်းက သူ့ကိုအပြစ်မတင်ကြောင်းကို မယုံသည့်နှယ်။ သူ၏ဦးနှောက်၌ ပုံရိပ်အမျိုးမျိုး ပေါ်လာပြီး နောက်ဆုံးတွင် ကျန်းကျဲလျို၏ မှောင်မိုက်အေးစက်သော မျက်ဝန်းများ၌ အဆုံးသတ်သွားသည်။
ခါးသက်သော ဆေးရနံ့က တလိပ်လိပ်တက်လာသော မြူခိုးများလို လေထုထဲတွင် ပျံ့လွင့်လာလာသည်။
ကျူဝူရှင်း လက်သီးတင်းတင်းဆုပ်ထားပြီး မျက်လုံးများမှိတ်ကာ ခဏတာ စိတ်တည်ငြိမ်စေလိုက်ပြီးမှ မျက်လုံးဖွင့်၍ မေးလိုက်သည်။ "အဲ့နတ်ဆိုးမိတ်ဆွေ... သူက ဘယ်သူလဲ။"
ကျန်းကျဲလျိုက ဆေးခွက်ကို ယူလိုက်ပြီး ထိုကလေးနှင့် စကားမများချင်သဖြင့် ဆေးကို ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်ကာ ဘာမှ မပြောပေ။
သို့သော် ကျူဝူရှင်း၏စိတ်ထဲရှိ ထင်ကြေးများသည် ပို၍ အစွန်းရောက်လာ၏။ သူ သည်းမခံနိုင်တော့ဘဲ တစ်ဖက်လူ၏ လက်ချောင်းများကြားမှ ကြွေခွက်ကို ဆွဲယူလိုက်ရာ ဆေးရည်တစ်ဝက်ခန့် ကြမ်းပြင်ပေါ်သို့ ဖိတ်စင်သွားခဲ့သည်။
ကျူဝူရှင်းက ထိုသူ့ပခုံးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ၏ စိတ်ခံစားချက်များက မည်သို့မျှ ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်နေသည်။ "ရှစ်ရှုန်း၊ ကျွန်တော့်ကို ပြောပြ၊ ဘယ်သူက ရှစ်ရှုန်းကို ဂရုစိုက်ပေးနေတာလဲ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အတူတူ ကြီးပြင်းလာခဲ့တာ၊ ရှစ်ရှုန်းက အပြင်လူတစ်ယောက်ကို ကျွန်တော့်ထက် ပိုယုံကြည်နေတာလား! ကျွန်တော်နဲ့ ရှစ်ရှုန်းရဲ့ ချစ်ကြည်ရင်းနှီးမှုကြားမှာ တတိယလူ ဝင်ရောက်ဖို့ ဘယ်လိုအခွင့်အရေးမျိုးမှ မရှိရဘူး! ရှစ်ရှုန်း၊ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ။ နတ်ဆိုးတွေအားလုံး ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး။ သူတို့အားလုံးက ကြမ်းကြုတ်ပြီး မကောင်းတဲ့ရည်မှန်းချက်တွေရှိတယ်၊ ရှစ်ရှုန်းကို အနှေးနဲ့အမြန်ဆိုသလို သတ်ပစ်လိမ့်မယ်..."
ကျန်းကျဲလျို၏ပခုံးသည် သူ၏ ဆုပ်ကိုင်မှုကြောင့် နာကျင်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ "နတ်ဆိုးလောကရဲ့ သခင်လေးပါ။"
[TN/ သူခေါ်တဲ့သခင်လေးဆိုတာ နတ်ဆိုးအရှင်သခင်ကိုမှ ရှေ့ကနေ 'little' ထည့်ခေါ်တာပါနော်။]
ကျူဝူရှင်း အံ့အားသင့်သွားကာ မေးလိုက်မိသည်။ "...သခင်လေး?"
ကျန်းကျဲလျိုက စိတ်ရှည်စွာ ပြောလိုက်သည်။ "ဝိန်းရမ်ယဲ့။"
သူကား ပေါ့ပေါ့ပါးပါးနှင့် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း ကျူဝူရှင်း၏ နားထဲသို့ ကျရောက်သောအခါ လုံးဝကွဲပြားခြားနားသွားသည်။ ဝိန်းရမ်ယဲ့သည် ပလ္လင်ကိုသိမ်းပိုက်ခဲ့ကြောင်းအား သူ မကြာသေးခင်ကမှ သိခဲ့ရသည်။ သို့သော်လည်း ယခင်က နှစ်ဦးသားကြား မည်သည့်ဆက်ဆံရေးမျိုးကိုမျှ သူ မသိခဲ့သလို ထိုကဲ့သို့ တိုတောင်းသော အချိန်ကာလအတွင်း၌ သူ့ရှစ်ရှုန်း၏ အေးစက်သောစရိုက်ဖြင့် နတ်ဆိုးအရှင်နှင့် မည်ကဲ့သို့သော ချစ်ကြည်ရင်းနှီးမှုမျိုး တည်ဆောက်နိုင်မည်ကို သူ မတွေးတတ်ပေ။
ကျူဝူရှင်း၏ဦးခေါင်းထဲ သွေးဆောင့်တိုးလာပြီး သူ၏ရင်ဘတ်မှာ ဒေါသကြောင့် အသက်ရှူမဝဖြစ်ကာ အံကိုကြိတ်ထားရင်း ပြောလိုက်သည်။ "ဝိန်းရမ်ယဲ့? ရှစ်ရှုန်း သူ့ကို ဘယ်တုန်းက သိခဲ့တာလဲ။ သူက ဘာကောင်မှမဟုတ်ဘူ။ ရှစ်ရှုန်းဘေးမှာနေဖို့ သူက ထိုက်တန်လို့လား။ ရှစ်ရှုန်း..."
ကျူဝူရှင်း ထိုသို့ပြောနေရရင်း ရုတ်တရက် အခြားဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူ၏စကားများက ရပ်တန့်သွားပြီးမှ ဖြည်းညင်းစွာ မေးလိုက်သည်။ "...ဒါ ရှစ်ရှုန်းရဲ့ အစီအစဉ်လား"
ကျန်းကျဲလျိုမှာ သူ့ရှစ်တိ ဘာကိုဆိုလိုသည်အား နားမလည်ဘဲ တစ်ဖက်လူ သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသောနေရာ၌ နာကျင်လာသည်ဟုသာ ခံစားရသောကြောင့် လက်ကို ဆန့်တန်းကာ ထိုသူ့လက်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "ဝူရှင်း၊ မင်း ငါ့ကို နာကျင်အောင်လုပ်နေတာပဲ။"
ကျူဝူရှင်း၏အတွေးများက ရှုပ်ထွေးနေသောကြောင့် ကျန်းကျဲလျို၏စကားများကို လုံးဝမကြားဘဲ တီးတိုးပြောလိုက်သည်။ "ရှစ်ရှုန်းနဲ့ ဝိန်းရမ်ယဲ့က အရင်ကတည်းက သိနေကြတာလား။ ရှစ်ရှုန်းက သူနဲ့အတူ ကုသပြီး ပြန်လည်ကောင်းမွန်လာဖို့ ပြင်ဆင်ရင်း ကျင်းယွီကျဲရဲ့ အကူအညီနဲ့ ရှစ်ရှုန်းရဲ့ဂုဏ်သိက္ခာကို ပြန်ပြီး..."
သူ၏စကားများက ရုတ်ခြည်းပြတ်တောက်သွားသော်လည်း သူ့အတွေးများကို တစ်ဖက်လူအား ရှင်းရှင်းလင်းလင်းပြသလိုက်ချေပြီ။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင်တောင် သူ ကျန်းကျဲလျိုကို တကယ်တမ်း နားမလည်ခဲ့ပေ။
ကျန်းကျဲလျိုတစ်ယောက် သူ၏ဆုပ်ကိုင်ထားမှုကြောင့် တော်တော်လေးနာကျင်နေပြီး သူ၏ ဆေးရည်တစ်ဝက်ကလည်း ဖိတ်စင်သွားခဲ့သည်။ လက်ရှိအချိန်၌ တစ်ဖက်လူ၏ စကားများကို ကြားလိုက်ရသောအခါ ကျူဝူရှင်းအပေါ် အမြဲတမ်း အမြင်ကောင်းရှိခဲ့သော်လည်း ဤကောင်ဆိုးလေးကြောင့် သေသူပင် ပြန်ရှင်လာနိုင်သည်ဟု သူ ခံစားလိုက်ရပြီး အတွင်းအင်္ဂါများအားလုံး လှုပ်ခတ်လာကာ သွေးများအန်ထွက်လာခဲ့သည်။
သူ အကြိမ်ပေါင်းများစွာ ချောင်းဆိုးလာပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပြင်းထန်လာကာ သူ၏အဆုတ်များမှာ ကွဲအက်တော့မလိုပင်။ သူ၏နှုတ်ခမ်းများမှာ သွေးအနည်းငယ် စွန်းထင်းလာသည်။
ထိုအချိန်၌ ကျန်းကျဲလျို၏ လက်ကောက်ဝတ်ရှိ မင်လက်ကောက်သည် မှိန်ဖျော့စွာ တောက်ပလာ၏။ နှစ်ဦးသား မတုံ့ပြန်နိုင်ခင်မှာပင် ပြင်းထန်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ကျူဝူရှင်းမှာ ရုတ်တရက် ထွက်ပေါ်လာသော ထိုနတ်ဆိုးစွမ်းအင်ကြောင့် ဒုန်းခနဲ လွင့်ထွက်သွားခဲ့သည်။
ဤနတ်ဆိုးစွမ်းအင်က အလွန်ပြင်းထန်ပြီး ၎င်း၏လမ်းကြောင်းပေါ်မှ ပြတင်းပေါက်နှင့် ပရိဘောဂများကို ချိုးဖျက်လိုက်သည်။ ကျူဝူရှင်း၏ ခန္ဓာကိုယ်မှာ ထင်းရှူးအိမ်ငယ်လေးထဲကနေ တိုက်ရိုက် လွင့်စဥ်သွားပြီး ကျူးချွဲ့ကျန်းကျွင်း တည်ဆောက်ခဲ့သော ဝမ်လင်ကျောက်တံခါးကတောင် အပိုင်းပိုင်းအစအစ ကြေမွသွားခဲ့သည်။ ကျယ်လောင်သောအသံနှင့်အတူ သူသည် နှင်းတောထဲတွင် မီတာဆယ်ချီလောက်ထိ လွှင့်ပစ်ခံလိုက်ရပြီး သွေးများက နေရာအနှံ့ ပက်ဖျန်းသွားခဲ့သည်။
ကျန်းကျဲလျိုတစ်ယောက် သွေးအန်ရင်း မြေပြင်မှထလာသော ကျူဝူရှင်းကို ကြည့်ပြီးနောက် အပေါက်ကြီးတစ်ခု ပေါက်သွားသော ထင်းရှူးအိမ်ငယ်လေးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။ "...ပျက်စီးသွားပြန်ပြီ။"
ထိုမျှသာမက ရုတ်တရက် အသက်ဝင်လာသော မင်နက်ရောင်လက်ကောက်က နတ်ဆိုးစွမ်းအင်များဖြင့် တောက်ပလာခဲ့သည်။ နောက်တစ်ခဏတွင် ကျုံးနန်တောင်၏ ကောင်းကင်ယံရှိ ထူထပ်နေသော တိမ်များသည် ရုတ်တရက် ပျံ့နှံ့သွားပြီး တိမ်တိုက်များကြား၌ ခရမ်းရောင် လျှပ်စီးများထွက်ပေါ်လာကာ ကြီးမားသော မှော်စွမ်းအင်တစ်ခုကို စုစည်းလိုက်သည်။
ခရမ်းရောင်လျှပ်စီးအလင်းတန်းတစ်ခုက တိမ်တိုက်များကြားမှ ဆင်းသက်လာပြီး ယင်းမှာ နယ်ပယ်နှစ်ခုကြား သယ်ယူပို့ဆောင်ရေးမန္တာန်ဖြစ်နိုင်သည်။ မျက်စိတစ်မှိတ်အတွင်း သွေးများဖြင့်ဖုံးလွှမ်းနေသော နတ်ဆိုးအရှင်သည် လျှပ်စီးနှင့်အတူ ပေါ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် အခြားသူများ၏သွေးများ ပေကျံနေကာ ထူထဲသောသွေးရနံ့များကို ထုတ်လွှတ်နေသည်။
သူ့ကိုယ်ပေါ်မှ စီးကျနေသောသွေးများမှာ နွေးတောင်နွေးနေသေးသည်။
ဝိန်းရမ်ယဲ့၏ အနက်ရောင်ဝတ်ရုံက သွေးများဖြင့် စိုရွှဲနေ၏။ သူ၏ခရမ်းရင့်ရောင်မျက်ဝန်းများက အေးစက်နေပြီး သူရောက်လာသည်နှင့်တစ်ပြိုင်နက် "မင်း မကြာခင် သေတော့မယ်" ဟူသော ပြင်းထန်သည့်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
သို့သော် ပြင်းထန်သောထိုအရှိန်အဝါက ချက်ချင်းနီးပါး ပျောက်ကွယ်သွားလေသည်။ ဝိန်းရမ်ယဲ့က သွေးများဖြင့် ဖုံးလွှမ်းနေသည့် ကျူဝူရှင်းကို မမြင်ခဲ့ပေ။ သူက ကျန်းကျဲလျိုကို ထိချင်နေသော်လည်း တစ်ဖက်လူကို ညစ်ပတ်သွားမည်ကို စိုးရိမ်သောကြောင့် အလျင်စလိုမေးလိုက်၏။ "ဘာဖြစ်တာလဲ။"
ကျန်းကျဲလျိုသည် သူ၏ ဦးခေါင်းပေါ်ရှိ ဦးချိုကိုကြည့်နေပြီး ခဏတာစဉ်းစားကာ လေဝင်နေသော နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။ "အမ်း... တံခါးပြင်ပေးဦး။"
***
Aurora Novel Translation Team