လဲ့ကျန်း၏ တံခါးပြုပြင်သည့်အရှိန်မှာ အလွန်မြန်ဆန်လှပြီး အမှန်တကယ်ကို ဆယ့်ငါးမိနစ်သာကြာမြင့်၏။ မူလက ထင်းရှူးသားဖြင့်ဆောက်လုပ်ထားသော တံခါးဘောင်ကို ကျူးချွဲ့ကျန်းကျွင်း၏ ကိုယ်ပိုင်ပုံစံဖြစ်သည့် မိစ္ဆာနယ်မြေမှ ဝမ်လင်ကျောက်သားဖြင့် အစားထိုးလိုက်သည်။ ထို့ကြောင့် ၎င်းက တဖျပ်ဖျပ်တောက်ပကာ ချက်ချင်းဆိုသလို တန်ဖိုးကြီးကြောင်း ပြောနိုင်ပေ၏။
စောစောက ကြမ်းပြင်ပေါ်သို့ ပစ်ချခံခဲ့ရသော ချန်းချန်ကလည်း လူသားအသွင် ပြန်လည်ရောက်ရှိလာသည်။ သူက အနီရောင်ဆံပင်နှင့် ဇာမဏီမွေးများပါသော မိစ္ဆာကျန်းကျွင်းကို ခဏတာမျှကြည့်လိုက်ပြီးနောက် အနက်ရောင်အဝတ်အစားနှင့် သွေးရောင်ခြုံထည်ကိုခြုံထားသော သူ၏ရှူးရှူကိုကြည့်လိုက်သည်။
နောက်ဆုံးတွင် ခေါင်းငုံ့၍ ဆေးသောက်နေသော သူ၏အမတကောကောကို စိုးရိမ်တကြီး ကြည့်လိုက်လေ၏။ ချန်းချန်တစ်ယောက် အံ့ဖွယ်စက်ဝန်းတစ်ခု၏ အလယ်ဗဟို၌ ရောက်ရှိနေသလိုမျိုး ခံစားလိုက်ရသည်။
ထိုလူငယ်လေးက မီးဖိုဘေးတွင်ထိုင်ကာ ကျန်ရှိသော ဆေးအကြွင်းအကျန်များကို သွန်ပစ်လိုက်သည်။ ထို့နောက် ပန်းကန်လုံးကိုယူကာ ကျန်းကျဲလျို၏လက်ထဲသို့ ထည့်ပေးလိုက်၏။
ဤဆေးက အလွန်ရိုးရှင်းသောဆေးဖြစ်ပြီး သာမန်သေမျိုးများ သောက်သုံးလေ့ရှိသော အတွေ့များသည့်သည့် ဆေးညွှန်းနှင့်ပင်တူသည်။ သို့သော် ကျန်းကျဲလျို၏ လက်ရှိခန္ဓာကိုယ်နှင့် ဤဆေးကိုသာ သောက်သုံးနိုင်တော့သည်။ သူ၏ကျင့်ကြံရေးခန္ဓာက ပျက်စီးသွားသဖြင့် အမတဆေးများအတွက် ဝိညာဥ်စွမ်းအင်ဆေးမျိုးကို လက်မခံနိုင်တော့ပေ။ ၎င်းက ယခု ပေါက်ပြဲနေသော ဆန်ခါကဲ့သို့ ဖြစ်နေပြီး စွမ်းအင်များက နေရာအနှံ့ကနေယိုဖိတ်ကာ အနည်းငယ်မျှကိုတောင် ခြေရာခံလို့ရမချေ။
ဝိန်းရမ်ယဲ့သည် တစ်ချိန်က ဆေးညွှန်းအကြောင်း မေးမြန်းခဲ့ဖူးပြီး ၎င်းသည် ကျန်းကျဲလျိုကိုယ်တိုင် ရေးသားခဲ့သော ဆေးညွှန်းဖြစ်ကြောင်းနှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း သိရှိထားသောကြောင့် ခွင့်ပြုချက်မရှိဘဲ ဆေးကို ပြောင်းလဲခြင်းမပြုခဲ့ပေ။
ဤဆေးက လက်တွေ့ကျကျအသုံးဝင်မှုမရှိဘဲ နာကျင်မှုကို သက်သာစေရန်သာ။
ကျန်းကျဲလျိုကား ခါးသက်မှုနှင့် အလွန်ရင်းနှီးနေသောကြောင့် ဆေးတစ်ပန်းကန်လုံး သောက်ပြီးသည့်တိုင်အောင် ပြင်းထန်သော ခါးသက်မှုကို မခံစားရပေ။ ထို့နောက် သူက လက်ဖက်ရည်ကို နောက်တစ်ငုံသောက်ကာ စိတ်ဆိုးနေဆဲဖြစ်သောလဲ့ကျန်းကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "မိစ္ဆာနယ်မြေက ဒီအကြောင်းကို ဘယ်တုန်းက သိသွားတာလဲ။"
ကျူးချွဲ့ကျန်းကျွင်းက သူ၏အတွင်းစိတ်ထဲကမီးကို ငြှိမ်းသတ်လိုက်ပြီး သူ့ကို လှမ်းကြည့်လာသည်။ သူ၏ ဖြူရော်နေသောဆံပင်နှင့် မှောင်မိုက်သောမျက်လုံးများကို မြင်လိုက်ရသောအခါ သူ၏ရင်ထဲရှိ အမျက်ဒေါသအားလုံး ရေခဲလှိုဏ်ဂူထဲသို့ နစ်မြုပ်သွားပြီး မီးပွားလေးပင် ထွက်ပေါ်လာနိုင်စွမ်း မရှိတော့ပေ။
"...ဒီနေ့မှ သိတာ။"
"အဲ့ဒါဆို သိပ်မမြန်သေးဘူးပဲ။"
ကျန်းကျဲလျိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်း ဒီနေရာကိုရှာတွေ့နိုင်တာ ချင်းလင်ရဲ့ကျေးဇူးကြောင့်ဖြစ်မယ်။ ငါ အနားယူဖို့ရောက်လာတာ နှစ်ရက်ပဲရှိသေးတယ်။ ငါ့တစ်ခေါင်းလုံး ဆံပင်ဖြူတွေ ပြည့်နှက်သွားတဲ့အချိန်ထိတောင် မစောင့်နိုင်ဘဲ မင်းက ငါ့ကို လာပြီးနှောင့်ယှက်နေပြီ။"
လဲ့ကျန်းတစ်ယောက် သူပြောချင်သည့်စကားလုံးများ လည်ချောင်းထဲတွင် ဆို့နင့်နေသကဲ့သို့ ခံစားရသည်။ သူက မှုန်ကုပ်ကုပ်ဖြင့် ထိုင်ခုံကိုဆွဲယူထိုင်ကာ တစ်ဖက်လူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သွေးကြောများကို စမ်းသပ်လိုက်သည်။
"မင်းက ငါ့ကို စိတ်ဆိုးအောင် လုပ်နေတာပဲ။ သီးသန့်နေချင်တယ်ဆိုလည်း သီးသန့်နေပေါ့။ ဘာလို့ ဒီနတ်ဆိုးကောင်နဲ့ အတူရှိနေရတာလဲ..."
"အဲ့ဒါဆို မင်း သူ့ကို ကန်ထုတ်ပေးနိုင်လား။" ကျန်းကျဲလျိုက ပေါ့ပေါ့တန်တန် အကြံပြုလိုက်သည်။
တိတ်တဆိတ် နားထောင်နေခဲ့သော ဝိန်းရမ်ယဲ့က ရှားရှားပါးပါး ယဉ်ကျေးသည့်အပြုံးကို ပြသလာ၏။ "လာခဲ့လေ။"
လီကျန်း၏ နီရဲရှည်လျားသောဆံပင်များက ရုတ်တရက် မီးတောက်များထွက်ပေါ်လာ၏။ သူက ဝိန်းရမ်ယဲ့ကို ရက်စက်သောအကြည့်ဖြင့်ကြည့်ကာ ခေါင်းကိုလှည့်၍ ကျန်းကျဲလျိုကို ပြောလိုက်သည်။
"ချင်းလင်နဲ့ ငါ ပြန်လာတဲ့အထိ စောင့်ပေး။ ငါတို့ မင်းကို ကယ်တင်နိုင်မှာ သေချာတယ်။"
ကျန်းကျဲလျို သူ့ကို ခဏတာ ကြည့်လိုက်ပြီး ပြောလိုက်၏။
"ချင်းလင်နဲ့ မင်းနဲ့ ပူးပေါင်းလိုက်ရင် နယ်နိမိတ်အလွှာကို ပြုပြင်နိုင်တယ်။ သဘာဝဝိညာဥ်စွမ်းအင်ကို ပြုပြင်ရတာက ငါ့ကိုကယ်တင်ရတာထက် ပိုလွယ်တယ်။"
လဲ့ကျန်း ရုတ်တရက် ရပ်တန့်သွား၏။
"နယ်နိမိတ်အလွှာပျက်စီးသွားရင် ကျင့်ကြံရေးလောကရဲ့ စွမ်းအင်ကို အရင်ဆုံး စုပ်ယူသွားမှာ။ မိစ္ဆာနယ်မြေက ကျင့်ကြံရေးလောကဆုတ်ယုတ်ပြီး အရာအားလုံး ပျက်စီးသွားတဲ့အထိ စောင့်ပြီးမှ တစ်ကြိမ်တည်း သိမ်းပိုက်ဖို့ ကြံစည်နေတာ။ ဒါမှမဟုတ်... မင်းတို့နှစ်ယောက်လုံးက ငါ့ကို စောင့်နေတာလား။"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အသက်ရှူသံပင် တိုးလျသွားသည်။
"ငါ့ရဲ့ဒဏ်ရာက မင်းတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ မိစ္ဆာလောကအတွက် အကျိုးရှိပြီး အန္တရာယ်မရှိနိုင်ဘူး။"
ကျန်းကျဲလျိုက သူ၏အင်္ကျီလက်ကို ပြန်ချလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို ထိုသူ့လက်ချောင်းများကြားမှ ဆွဲထုတ်လိုက်သည်။
"ကျင့်ကြံရေးလောကက သေမျိုးလောကနဲ့ ဆက်စပ်နေပြီး သက်ရှိတွေသန်းပေါင်းများစွာရှိတယ်။"
"သူငယ်ချင်းကောင်း၊ အရင်တုန်းက ငါ သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။"
လဲ့ကျန်းက ပေါ့ပေါ့ပါးပါး ပြန်လည်ဆုပ်ကိုင်လိုက်သော်လည်း သူ၏နှင်းဖြူရောင်လက်အစား သူ၏ဝတ်ရုံအစကိုသာ ထိမိသွား၏။
"ကျဲလျို၊ ငါ..." သူ အလွန်တုန်လှုပ်သွားသောကြောင့် ဘာပြောရမှန်း မသိတော့ပေ။ "ငါတို့... ငါ၊ အဲ့ဒါက ဒီလောက်ပြင်းထန်မယ်လို့ ငါ မထင်ထားခဲ့မိဘူး..."
"ဒီတော့" ကျန်းကျဲလျိုက ပြောလိုက်၏။ "ငါ့ရဲ့ အခုပုံစံကို မင်းမြင်ပြီးပြီပဲ။ သနားဖို့လည်း မလိုဘူး၊ အပြစ်ရှိတယ်လို့လည်း ခံစားနေစရာမလိုဘူး။ မင်းနဲ့ငါက ရပ်တည်တဲ့နေရာချင်း မတူဘူး။ ငါ မင်းကို အပြစ်မတင်ပါဘူး။"
လဲ့ကျန်း သူ့ကို ကြောင်အမ်းစွာ စိုက်ကြည့်နေမိပြီး သူ၏ နီရဲသောမျက်လုံးများထဲမှာ ရှုပ်ထွေးမှုများ ပြည့်နှက်လာ၏။ သူက အလျင်အမြန် လက်ကိုဆန့်တန်းကာ ကျန်းကျဲလျို၏လက်မောင်းကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "ငါ မင်းကို သနားတာမဟုတ်ဘူး၊ ငါ... တကယ်တော့ ငါ..."
သူ အမှန်တကယ်တွေးနေသည့်အရာကို ထုတ်မပြောဝံ့ဘဲ လောင်ကျွမ်းနေသော သူ၏နှလုံးသားက အေးခဲသွားခဲ့ပုံပင်။ သူ၏ဦးနှောက်က ရုတ်တရက် ကြည်လင်လာခဲ့သည်။ "ငါ မင်းအတွက် ကာကွယ်ရေးအမှတ်အသားတစ်ခု ထားခဲ့မယ်၊ မင်း အနိုင်ကျင့်ခံရမှာကို ငါစိုးရိမ်..."
သူ၏ စကားမဆုံးခင်မှာပင် ကျန်းကျဲလျိုက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့အရှေ့မှ ကျူးချွဲ့ကျန်းကျွင်းက သူ၏လက်တစ်ဖက်ကို ဆုပ်ကိုင်လာ၏။
ထိုစဥ် ဝိန်းရမ်ယဲ့က သူ၏လက်ချောင်းများကို ခေါက်ချိုးလိုက်ပြီး လက်ဆစ်များဆီကနေ ချွန်ထက်သောဆူးများပေါ်လာကာ သူ၏လက်ချောင်းများကနေ တံတောင်ဆစ်အထိ ကြောက်မက်ဖွယ်ကောင်းသော သူ၏နတ်ဆိုးခန္ဓာပုံစံကို ပြသလာ၏။ နတ်ဆိုးစွမ်းအင်များစုစည်းနေသော လက်ချောင်းများသည် လဲ့ကျန်း၏ဝတ်ရုံကို ဆုပ်ကိုင်လိုက်ပြီး အရိုးများမှ ဆူးများက သူ၏လည်ချောင်းနံဘေးကို ချိုးမိလုနီးပါးဖြစ်သွားသည်။
"ငါ ဒီမှာရှိတယ်။" ဝိန်းရမ်ယဲ့က အေးစက်စွာ ပြောလိုက်သည်။ "ဘယ်သူကမှ သူ့ကို ထိခိုက်အောင် မလုပ်စေရဘူး။"
ကျူးချွဲ့၏မီးတောက်များက ရုတ်တရက်ဆိုသလို လေထဲသို့ မြင့်တက်သွားသောအခါ ဝိန်းရမ်ယဲ့က လက်ကို ပြန်ရုပ်လိုက်၏။ သူ၏ ပြင်းထန်သောနတ်ဆိုးစွမ်းအင်က ဓားသွားကဲ့သို့တိုးဝင်သွားပြီး လဲ့ကျန်းကို ကြမ်းပြင်ပေါ် လွှင့်ပစ်ကာ သူ၏ပခုံးအရိုးများကို ချိုးပစ်လိုက်သည်။
အရိုးကျိုးသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
တစ်ဟုန်ထိုး တောက်လောင်နေသည့် မီးတောက်များက ကျူးချွဲ့ကျန်းကျွင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး အနီရောင်တောက်ပနေသော မျက်ဝန်းတစ်စုံကိုပင့်လိုက်ရာ ဝိန်းရမ်ယဲ့၏ နတ်ဆိုးအသွင်ပြောင်းထားသော လက်ချောင်းအရိုးဆူးများနှင့် ဆုံမိသွားသည်။
သူ၏မျက်လုံးများကိုပင် ထိုးဖောက်လုနီးပါး ဖြစ်သွား၏။
အရိုးဆူးက သူ့ရှေ့တွင် တစ်လက်မစီ ချဉ်းကပ်လာစဉ် နံဘေးမှာ လက်ဖက်ရည်သောက်နေသော ကျန်းကျဲလျိုက ကြွေခွက်ကိုချကာ ပြောလိုက်သည်။
"အိမ်နီးချင်းကောင်းလေး၊ လက်ဖက်ရည်က အရမ်းခါးတယ်၊ ချိုတဲ့အရာတစ်ခုခုရှိလား။"
ဝိန်းရမ်ယဲ့၏လှုပ်ရှားမှုများက ချက်ချင်းရပ်တန့်သွားပြီးနောက် သူ၏နတ်ဆိုးအသွင်အပြင်တစ်ခုလုံး ပျောက်ကွယ်သွားကာ လက်မောင်းနှင့် လက်ဖဝါးများက လူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားပြီး ကျန်းကျဲလျိုကို လှည့်ကြည့်လိုက်သည်။
ကျန်းကျဲလျို၏အမူအရာက မပြောင်းမလဲတည်ရှိနေပြီး သူ၏မျက်လုံးများက နက်မှောင်နေကာ အလင်းရောင်အနည်းငယ်မျှပင် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိပေ။ သို့သော် နှင်းဖြူရောင်တောက်ပနေသောဆံပင်နှင့် ပါးလွှာသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပုံမှာ အခိုက်အတန့်မရွေး ပျော်ကျသွားတော့မည့် နှင်းခဲလေးကဲ့သို့ပင်။
ဝိန်းရမ်ယဲ့၏ ရန်လိုနေသည့်စိတ်က တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ၏ သတ်ဖြတ်ချင်စိတ်လည်း လျော့ပါးသွားခဲ့သည်။ ထို့နောက် သူက မိစ္ဆာကို ဂရုစိုက်မနေတော့ဘဲ ထိုအစား သိုလှောင်လက်စွပ်ထဲမှ သကြားလုံးအချို့ကို ထုတ်ယူလိုက်သော်လည်း ကျန်းကျဲလျိုကို မပေးခဲ့ပေ။
ကျန်းကျဲလျို သူ့ရှေ့တွင် ရပ်နေသူအား ကြည့်နေလိုက်သည်။
"စောစောကဆေးက ခါးတာလား။"
ခဏတာ တိတ်ဆိတ်ပြီးနောက် ကျန်းကျဲလျိုက ပြန်ဖြေလိုက်သည်။ "ဒါပေါ့။"
"ခင်ဗျား လိမ်နေတာ။" ဝိန်းရမ်ယဲ့က သကြားလုံးတစ်လုံးကို ကောက်ယူလိုက်ပြီး ကျန်းကျဲလျို၏ နှုတ်ခမ်းနားသို့ တိုးကပ်ပေးလိုက်သည်။ "ခင်ဗျားက ခါးတဲ့အရသာလိုမျိုးကို တကယ်မခံစားနိုင်ဘူးလေ။"
သူ ဒီသကြားလုံးပန်းကန်ကို ဟိုးအရင် - ကျန်းကျဲလျိုကို ရှာတွေ့ခဲ့သည့် ဒုတိယနေ့ကတည်းက ပြင်ဆင်ခဲ့သည်။ သူက ဤအမျိုးသားကို အားနည်းသော မိုးမခပင်ပျိုလေးလို ဆက်ဆံခဲ့၏။ ထိုသူ၏ဆေးက ခါးပြီး ထိုခါးသီးသောဆေးကို သောက်သုံးပြီးချိန်၌ မျက်မှောင်ကြုတ်၍ မနှစ်မြို့သလိုဖြစ်မည်ဟု ထင်လိုက်သည်။ ထိုအချိန်ဆို သူက ထိုမိုးမခပင်ပျိုလေးကို သစ်သီးသကြားလုံးလေး ကျွေးလိုက်မည်ပင်။
[T/N: ကျန်းကျဲလျိုရဲ့နာမည်ထဲက လျိုက မိုးမခပင်လို့ အဓိပ္ပါယ်ရပါတယ်။]
သို့သော် တစ်ဖက်လူက ထိုသို့မဟုတ်ခဲ့ပေ။
ထိုသူကား ဆေးသောက်နေချိန်မှာ ခါးသက်မှုနှင့် ဆက်စပ်သော အရသာကို မသိသည့်နှယ် မျက်တောင်တစ်ချက်မခတ်ခဲ့ပေ။
ခါးသက်နေသည်မှာ သူ၏နှလုံးသားသာ။
ကျန်းကျဲလျိုက သူကမ်းပေးသောသကြားလုံးကို လှမ်းကြည့်ပြီး ပြောလာ၏။
"နတ်ဆိုးလောကမှာ အိမ်နီးချင်းတွေကို ဒီလိုမျိုး ကျွေးကြတာလား။ မင်း... အု။"
တစ်ဖက်လူက သူ့ပါးစပ်ထဲကို ထည့်ပေးလာခဲ့ပြီး သကြားရည်ဖြင့်စိမ်ထားသော အသီးက အလွန်ချိုမြိန်ကာ ချိုမြိန်မှုက လျှာဖျားထိပ်မှာ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် ဝိန်းရမ်ယဲ့က ကိုယ်ကိုကိုင်းညွတ်ကာ သူ့ကို ကြည့်လာ၏။ "ခင်ဗျား နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့ရပြီး တွေ့ခဲ့ရတဲ့ သူငယ်ချင်းကောင်းတွေအားလုံးက ဒီလိုမျိုးတွေပဲလား။"
ကျန်းကျဲလျိုတစ်ယောက် ဤသည်မှာ မိစ္ဆာလောက၏ အုပ်ချုပ်သူနှစ်ပါးအနက်မှ တစ်ပါးဖြစ်ကြောင်း ပြောချင်နေသော်လည်း ပါးစပ်ထဲရှိ သကြားလုံးကို မျိုမချနိုင်ခင် ဝိန်းရမ်ယဲ့က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ကျူးချွဲ့ကို ဆွဲထုတ်သွားသည်ကို မြင်လိုက်ရလေသည်။
ကျူးချွဲ့ကျန်းကျွင်း၏ အရိုးများအားလုံးက အခေါင်းပေါက်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်က အလွန်ပေါ့ပါးလှ၏။ သူ့တစ်ကိုယ်လုံး မီးတောက်များဖုံးလွှမ်းသူ့နေချိန်၌ သူ၏တိုက်ခိုက်နိုင်စွမ်းက အားအကောင်းဆုံးဖြစ်ပြီး ဝိန်းရမ်ကျန်းကိုယ်တိုင် ရောက်လာလျှင်တောင် သူ့ကို အလွယ်တကူမဖယ်ရှားနိုင်ပေ။
နတ်ဆိုးလောက၏ သခင်ငယ်လေးအတွက်မူ...
ကျန်းကျဲလျိုတစ်ယောက် 'အနာဂတ်မျိုးဆက်တွေက အချိန်တိုအတွင်း ငါတို့ကို ဖိနှိပ်သွားလိမ့်မယ်' ဟူသော အမူအရာဖြင့် တစ်ဖက်လူ၏နောက်ကျောကို ကြည့်နေခဲ့မိ၏။ သူ ပြုံးလိုက်သော်လည်း ကျင့်ကြံရေးလောက၏ မျိုးဆက်သစ်များနှင့် သူငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သော ရှစ်တိကို တွေးလိုက်မိသောအခါ မပြုံးနိုင်တော့ပေ။
သူ၏နှုတ်ခမ်းလွှာကြားရှိ ချိုမြိန်မှုက ကျန်ရှိနေသေးပြီး သူက လက်ဖက်ရည်ခွက်ကိုမြှောက်ကာ တစ်ငုံသောက်လိုက်သည်။ သူ၏မျက်ခုံးများက စုကျုံ့သွားပြီး ဤလက်ဖက်ရည်၏ ခါးသက်သက်အရသာကို ခံစားလိုက်မိသကဲ့သို့ပင်။
သူသာ ချိုမြိန်မှုကို မမြည်းစမ်းခဲ့လျှင် ခါးသီးသောအရသာကို ခံစားနိုင်လိမ့်မည်မဟုတ်ပေ။
***
Aurora Novel Translation Team