လဲ့ကျန်းက ချက်ချင်းထွက်မသွားသော်လည်း ငှက်အသွင်ပြောင်းလဲကာ အိမ်ငယ်လေး၏အပြင်ဘက်ရှိ ထင်းရှူးပင်အိုကြီးပေါ်သို့ ဆင်းသက်လာသည်။
အိမ်ထဲတွင် မီးအိမ်တစ်လုံး ထွန်းညှိထားပြီး အလင်းရောင်တောက်ပနေ၏။
ချန်းချန်က ကျုံးနန်တောင်ကနေ သူစုဆောင်းရရှိသော ဆေးဖက်ဝင်ပစ္စည်းများကို စီမံခန့်ခွဲနေစဥ် စာဖတ်နေသော အမတကောကောကို တိတ်တိတ်လေး ခိုးကြည့်နေပြီး ခဏတာတွန့်ဆုတ်ကာ ပြောလိုက်သည်။ "ကောကော?"
"အင်း?"
ကျန်းကျဲလျိုက ပြန်ထူးလိုက်ပြီး မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ။"
"ဒီနေ့ ကျွန်တော် တောင်ခြေကိုသွားတော့ လူတချို့ စကားပြောနေတာ ကြားလိုက်တယ်၊ သူတို့က ကောကောကို ရှာနေကြတဲ့ပုံပဲ။" ချန်းချန် ခေါင်းငုံ့လျက် ပြောလိုက်၏။ "သူတို့က ကောကောကို ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ရှာမတွေ့လို့ စိုးရိမ်နေကြတယ်။"
ကျန်းကျဲလျိုက တိတ်တဆိတ် နားထောင်နေကာ ဘာမှ မပြောပေ။
၎င်းတို့က သူ့ကို ကိုယ်ပိုင်မျက်လုံးများဖြင့် မမြင်ရသောကြောင့်သာ စိုးရိမ်နေကြပြီး မြင်ရတော့မှသာ ယုံကြည်ချင်သောကြောင့်ဖြစ်သည်။ လေးစားသမှုစကားများအားလုံးက ဆင်ခြေများသာဖြစ်ပြီး ဖြောင့်မတ်သောလမ်းစဉ်ကို ကျင့်ကြံသောဂိုဏ်းအများစုက ရပ်တည်ချက်ချင်းမတူသော ရှောင်ကျူးချွဲ့ထက်ပင် ပို၍ဆိုးရွားသည်။
ချန်းချန်က ဤအကြောင်းအရာသည် ပြောလို့မကောင်းဟု တွေးလိုက်ပြီး အလျင်အမြန်ပင် အကြောင်းအရာ ပြောင်းလဲလိုက်၏။ "ကျွန်တော် တောင်ခြေမှာ သမင်ပေါက်လေးတစ်ကောင်နဲ့ တွေ့ခဲ့တယ်။ သူ့မှာ သွားစရာမရှိဘူးလို့ ပြောတယ်။ ကျွန်တော် စဉ်းစားနေတာက..."
သူပြောနေစဉ် ကျန်းကျဲလျိုကို သတိကြီးစွာဖြင့် မျက်လုံးများ ပင့်ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကောကောအနေနဲ့ သူ့ရဲ့ ကျင့်ကြံမှုအပေါ်မှာ ရံဖန်ရံခါ လမ်းညွှန်ပေးနိုင်သရွေ့ သူက ကောကောကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်။"
ကျန်းကျဲလျိုက ခေါင်းညိတ်လိုက်သည်။ သူက အမြဲလိုလို သမင်မိစ္ဆာများကို သဘောကျခဲ့ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "အဲ့လိုဆိုရင် သူ့ကို ဒီကို ခေါ်လာခဲ့လို့ရတယ်။"
ချန်းချန်က ကစားစရာအရုပ်အသစ်ရသည့်အလား စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ရုပ်ရည်က အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသာဖြစ်ပြီး သူ၏စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်မှာလည်း သိပ်ပြီးအရွယ်မရောက်သေးပေ။ ကျန်းကျဲလျို၏အမြင်တွင် သူက ကစားရတာကြိုက်သော ကလေးငယ်တစ်ဦးသာ။
ကျန်းကျဲလျိုသည် အရင်က သွားစရာနေရာမရှိသော မိစ္ဆာငယ်များကို မကြာခဏ ခေါ်ယူလေ့ရှိသောကြောင့် ယခု မိစ္ဆာငယ်လေးများ လာရောက်မည်ကို စိတ်မရှိပေ။ ထို့အပြင် ၎င်းက ကျုံးနန်တောင်ဖြစ်ပြီး ဝိညာဥ်ဓါတ်ကြွယ်ဝသောမြေဖြစ်သောကြောင့် မကောင်းသည့်မိစ္ဆာများကို မြင်ရခဲပေ၏။
သူ စာဖတ်ရတာ ပင်ပန်းလာပြီး အနည်းငယ် အိပ်ချင်လာသည်။ သူ အနည်းငယ် ငိုက်မျဥ်းနေစဉ် နံဘေးမှဖယောင်းတိုင်မီးက တောက်ပလာခဲ့ပြီး ထင်းရှူးရနံ့က နေရာတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ကျန်းကျဲလျို မော့ကြည့်လိုက်ရာ သူ၏အိမ်နီးချင်းကောင်းဖြစ်သူက ခုံတစ်လုံးကို သဘာဝကျကျ ဆွဲယူလိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
သူ၏မျက်လုံးများသည် တစ်သက်လုံး အစာမစားဖူးသူကဲ့သို့ အားကောင်းသော... အစာစားချင်စိတ်များ ပြည့်နှက်နေသလိုပင်။
ကျန်းကျဲလျိုက မသေချာဘဲ သူ့ဘာသာသူပြန်ငုံ့ကြည့်ကာ မိစ္ဆာများစားတတ်သည့်အရာကို စဥ်းစားလိုက်၏။ "ဗိုက်ဆာနေတာလား။"
"...မဟုတ်ပါဘူး။"
ကျန်းကျဲလျိုက လက်ထဲရှိစာအုပ်ကို လိပ်လိုက်ပြီး ဝိန်းရမ်ယဲ့၏လက်ကို ထိုစာအုပ်လိပ်ဖြင့်ရိုက်ကာ ပြောလိုက်သည်။
"အဲ့ဒါဆို မင်းက ဒီမှာ ဘာလုပ်နေတာလဲ။ တိတိကျကျ ဘာကိုလိုချင်လို့လဲ။ ငါ နားမလည်တော့ဘူး။"
သူက ခဏရပ်တန့်လိုက်ပြီး ဆက်ပြောခဲ့သည်။
"ငါ့မှာ ဘာဝိညာဥ်စွမ်းအင်မှမရှိတော့ဘူး၊ မင်း အရင်ကတည်းက စစ်ဆေးပြီးသားပဲလေ။ ငါ့မှာ ဘာပိုင်ဆိုင်မှုမှမရှိသလို အသပြာလည်းမရှိဘူး။ မှော်လက်နက်တွေကိုတောင် အသုံးမပြုနိုင်ဘူး။ မင်းလည်း... အဲ့ဒါတွေကို မြင်နိုင်တာပဲ။ ငါ့ရဲ့ကြီးမြတ်မှုက တကယ်ကိုကြီးမားနေလို့ မင်းက သတိအပြည့်ထားပြီး ငါ့ကို သတ်မှဖြစ််မှာမို့လို့လား။"
ဝိန်းရမ်ယဲ့ သူ့အပေါ် သတ်လိုစိတ်မရှိကြောင်း သူ ပြောနိုင်ပေသည်။
ကျန်းကျဲလျိုက ဤသို့ပြောလိုက်ပြီးနောက် အခြားဖြစ်နိုင်ခြေတစ်ခုကိုလည်း တွေးမိသွားပြီး ထိုသူ့ကို ခဏကြည့်ကာ သူ့ဘာသာသူ ရေရွတ်လိုက်၏။
"မင်း ငါ့ကို စားချင်တယ်ဆိုရင်တောင် အဲ့ဒါက တစ်နပ်စာပဲရမှာ။"
သူက အသက်ရှင်နေရုံမျှသာဖြစ်ပြီး ဝိန်းရမ်ယဲ့ဆီမှ လက်ဗလာဖြင့် နှစ်ချက်လောက်တွန်းထုတ်ရုံနှင့်တောင် အစိတ်စိတ်အမွှာမွှာဖြစ်နိုင်သဖြင့် ဝိန်းရမ်ယဲ့က သူ့ကို မသတ်ချင်လောက်ပေ။
ဝိန်းရမ်ယဲ့တစ်ယောက် သူ၏စကားကို ကြားလိုက်ရသောအခါ ဦးခေါင်းထဲ၌ "တစ်နပ်" မှသည် "အနပ်တိုင်း" အဖြစ် ပျံ့နှံ့သွားခဲ့၏။ သို့သော် အလျင်အမြန်သတိပြန်ကပ်၍ ကျန်းကျဲလျို၏ မှောင်မိုက်နေသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရပြီး သူ့စိတ်ထဲမှ ရမ္မက်ဆတ်ဆန်အတွေးများက ချက်ချင်းပျောက်ကွယ်သွားလေ၏။
ဝိန်းရမ်ယဲ့က အခိုက်အတန့်တစ်ခုလောက် မှင်တက်သွားပြီးနာက် ပြောလာခဲ့သည်။
"ခင်ဗျားကို သက်သာလာအောင် ကူညီပေးချင်လို့။"
ကျန်းကျဲလျို သူ့ကို တိတ်တဆိတ်စိုက်ကြည့်နေခဲ့ပြီး ဖယောင်းတိုင်အလင်းရောင်အောက်တွင် နှင်းဖြူရောင် မျက်တောင်များက ဖောက်မြင်ယလုမတတ်ပင်။
"ပြီးသွားရင် ကျွန်တော်တို့ ဘယ်သူကပိုတော်လဲဆိုတာကို ဆုံးဖြတ်လို့ရပြီ။ ဒါဆို အဲ့ဒီနှစ်က ခင်ဗျားကိုရှုံးခဲ့တာတွေအတွက် လက်စားပြန်ချေမယ်။"
ဝိန်းရမ်ယဲ့က အလွန်အမင်းဇွဲကောင်းစွာ ပြောဆိုနေပြီး သူ့ပုံစံက ကိုယ်စားလှယ်တစ်ယောက်နှယ်။
ကျန်းကျဲလျိုက သူ့ကို ကြာမြင့်စွာစိုက်ကြည့်နေခဲ့သော်လည်း တစ်ဖက်လူ၏မျက်လုံးများထဲတွင် မရိုးသားမှုတို့ကို မတွေ့ရပေ။
ဤနတ်ဆိုး၏ ရင်ဘတ်ထဲရှိ နှလုံးသားက ရူးသွပ်စွာခုန်ပေါက်နေကြောင်းကိုတော့ သူ မမြင်နိုင်ခဲ့ပေ။ လင်းရှောင်ဓားဖြင့် လှီးဖြတ်ခံခဲ့ရသော ဒဏ်ရာအမာရွတ်က အနည်းငယ်လောင်ကျွမ်းလာ၏။ သူ၏ နုပျိုသောအတွေးကတောင် တဖြည်းဖြည်း အပူတက်လာကာ သူ့တစ်ကိုယ်လုံး လောင်မြိုက်လာခဲ့သည်။
ဝိန်းရမ်ယဲ့၏ ခရမ်းရောင်မျက်လုံးများက မှောင်မိုက်သွားပြီး သူ့ကိုပဲ စိုက်ကြည့်နေလိုက်သည်။
ကျန်းကျဲလျိုက လူများစွာကို အနိုင်ယူခဲ့ဖူးပြီး ဝိန်းရမ်ယဲ့ကို ဘယ်အချိန်က အနိုင်ရခဲ့ကြောင်း တကယ်တမ်း မမှတ်မိသော်လည်း ၎င်းသည် စိတ်ဝင်စားစရာကောင်းသည်ဟူသော သူ၏ထင်မြင်ချက်ကို မတားဆီးနိုင်ခဲ့ချေ။
သူက ရှစ်တိများစွာကို နှစ်ပေါင်းများစွာကြာအောင် ကူညီခဲ့ပြီး ၎င်းတို့ထဲမှ ယှဥ်ပြိုင်လိုစိတ်အပြင်းထန်ဆုံးက ဝူးရွှမ်းဓါးမျှော်စင်၏သခင်ဖြစ်သူ ကျင်းယွီကျဲဖြစ်သော်လည်း ယွီကျဲကတောင် ဝိန်းရမ်ယဲ့ကဲ့သို့ အတိတ်မှ အရှုံးကို စွဲလမ်းနေသူမျိုးမဟုတ်ပေ။
ကျန်းကျဲလျိုက ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။ "ဒါပေမဲ့ ငါ မကုသချင်ဘူး။"
ဝိန်းရမ်ယဲ့၏ နှလုံးသားထဲရှိ မီးတောက်လေးက ရုတ်တရက် ရပ်တန့်သွားပြီး ကျန်ရှိနေသောအပူက သူ၏လည်ချောင်းကို လောင်ကျွမ်းသွားစေကာ သူပြင်ဆင်ထားသော စကားများကို လောင်မြိုက်သွားစေခဲ့သည်။
"ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ရွေးချယ်နိုင်တာက ငါ့ဘဝမှာ ကျန်ရှိနေတဲ့ တစ်ခုတည်းသောလွတ်လပ်မှုပဲ။"
"ဒါပေမဲ့..."
ကျန်းကျဲလျိုက သူ့ကို စကားဖြတ်ပြောလိုက်သည်။ "ဒါပေမဲ့ မင်းအတွက်၊ စိတ်ဝင်စားစရာကောင်းတဲ့ ငါ့ရဲ့အိမ်နီးချင်းအတွက် ငါ တတ်နိုင်သလောက် နောက်ကျမှ ထွက်သွားဖို့ ကြိုးစားပေးမယ်လေ။"
ဝိန်းရမ်ယဲ့၏နှလုံးသားမှာ သူ၏လည်ချောင်းတွင် ချိတ်ဆွဲထားသကဲ့သို့ ခံစားလိုက်ရပြီး သူ အသက်ရှူထုတ်လိုက်သင့်လားကို မတွေးတတ်ဘဲ မသိစိတ်အရ အသက်ရှူအောင့်ထားမိ၏။ သူက ကျန်းကျဲလျို၏လက်ကို ဆုပ်ကိုင်ကာ သူ့နားကို အလွန်တိုးကပ်သွားပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ကျွန်တော့်ကို စောင့်ကြည့်ဖို့လား။"
"အင်း။" ကျန်းကျဲလျိုက ပြောလိုက်၏။ "နတ်ဆိုးလောကရဲ့ အနာဂတ်ကို စောင့်ကြည့်ဖို့။"
၎င်းသည် လောကကြီး၏အနာဂတ်လည်း ဖြစ်နိုင်ပေသည်။
***
Aurora Novel Translation Team