no

Font
Theme

အပိုင်း ၂

ယူဂျင်းတစ်ယောက် ထရပ်လိုက်ပြီး မှန်တင်ခုံစားပွဲဆီသို့ လျှောက်သွားလိုက်သည်။ အသက်ရှူနှုန်းကို ထိန်းချုပ်ထားလျက် မှန်ထဲမှပုံရိပ်အား ကြည့်လိုက်၏။



'မဖြစ်နိုင်တာ။'



သူက ဦးခေါင်းကို နီးကပ်အောင်တိုးလိုက်ပြီး ရှေးဟောင်းမှန်ကြီးဆီသို့ လက်လှမ်းလိုက်သည်။ အပြန်အလှန်အားဖြင့် မှန်ထဲမှ အမျိုးသမီးသည်လည်း ယူဂျင်း၏ လက်ဖဝါးနှင့်ထိရန် လက်လှမ်းလာခဲ့၏။



ယူဂျင်းက မျက်တောင်ကြမ်းကြမ်းခတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ နှုတ်ခမ်းများကိုစူ၍ ဟိုဘက်ဒီဘက်လှုပ်ရှားလိုက်ပြီး ထို့နောက် လျှာထုတ်လိုက်သည်။ ဆိုဖာပေါ်တွင်ထိုင်ရင်း လက်တစ်ဖက်ဖြင့် မေးထောက်လျက်သားကနေ ခေါင်းကလေးကို ထောင့်ချိုးတစ်ခုအထိ ငဲ့စောင်းလိုက်ပြီး နောက်လက်မောင်းတစ်ဖက်ကို ဆိုဖာလက်တင်ပေါ်တွင်ထားရင်း သူ့ကိုယ်သူ ထောက်ပံ့ထားခဲ့၏။ မှန်ထဲမှ အမျိုးသမီးက ယူဂျင်းလုပ်သမျှ အားလုံးကို တစ်ထပ်တည်းလိုက်လုပ်ခဲ့သည်။



အဲ့ဒီနောက်တွင် သူ့ခန္ဓာကိုယ်မှာ အံ့အားသင့်မှု ပေါက်ကွဲပျံ့နှံ့သွားပြီး စိတ်ကူးကြည့်၍မရလောက်အောင် ပြင်းထန်လှသောကြောင့် ကြွက်သားတစ်ခုလောက်တောင် လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူ့ပုံရိပ်ကိုသာ အတန်ကြာအောင် ငေးကြည့်နေခဲ့မိလေသည်။ သူ၏စိတ်တွင် နားလည်ခဲ့ပြီးသည်မှာ ကြာလှပြီဖြစ်သော်လည်း ယခုလက်ရှိအခိုက်အတန့်အထိ သူ့ထံတွင် ဖြစ်ပျက်ခဲ့သည့် ဆန်းကြယ်သော အဖြစ်အပျက်ကို ယုံကြည်ရန် ငြင်းဆန်နေမိဆဲပင်။



မှန်ထဲမှ အမျိုးသမီးသည် ဆံပင်ရှည်ရှည်နှင့်ဖြစ်၏။ မည်းနက်နေသည့် သူ၏ ဖြောင့်စင်းသောဆံနွယ်များသည် ခါးအထိ ဖြာဆင်းကျနေပြီး သူ၏ မျက်လုံးများမှာ ငြင်းမရအောင် မည်းနက်လှပါသည်။ လျှို့ဝှက်နက်နဲမှု အတိလွှမ်းသော မျက်လုံးနက်နက်နှစ်လုံးသည် ယူဂျင်းအား ပြန်လည်စိုက်ကြည့်နေကြလေသည်။



ယူဂျင်းမှာ ကြီးပြင်းအရွယ်ရောက်လာသည်နှင့်အမျှ လူအမျိုးမျိုးအထွေထွေ၏ ရုပ်ရည်သွင်ပြင်တို့နှင့် အကျွမ်းဝင်အသားကျခဲ့သူပင်။ တိတိကျကျပြောရလျှင် ဂျင် အာနီခါ၏ ရုပ်ရည်သွင်ပြင်သည် အာရှသားတို့၏ ရုပ်ရည်သွင်ပြင်နှင့် ကွဲပြားလှသည်။



သူ့ဆံပင်သည် ပေါ့ပါး ပျော့ပျောင်းလှ၏၊ ဦးရေပြားနှင့် တွယ်ဆက်နေသည်ဟူ၍ပင် မခံစားရပေ။ ထိုဆံပင်တစ်ဆုပ်စာထဲသို့ လက်ချောင်းများ ထိုးဖွကြည့်လိုက်သည့်အခါ တသွင်သွင်စီးကျနေသောရေတို့ သူ့လက်ခုပ်ထဲမှ လျှောကျသွားသည့်နှယ် ခံစားလိုက်ရသည်။



ယူဂျင်း ခပ်ရှိန်ရှိန် ဖြစ်သွားခဲ့သည်။ သူ့မျက်လုံးတို့မှာ မင်ရည်စိမ်ထားသည့်အလား စိတ်အနှောင့်အယှက်ဖြစ်ရလောက်သည့်တိုင် မည်းနက်နေ၏။ အရောင်တအားနက်လှသည့်အတွက် ထိုအထဲတွင် နစ်သွားသလိုပင် ခံစားလိုက်ရသည်။ မျက်ဆန်တို့နှင့် သူငယ်အိမ်တို့မှာ ခွဲခြား၍မရနိုင်လုနီးပါးပင်-ငြင်းမရအောင် မည်းနက်သည့် သူငယ်အိမ်တို့က မျက်ဆန်တို့ကို မျိုထားလျက်ရှိလေသည်။


သူ၏ ကိုယ်လုံးကိုယ်ဖန်မှာမူ အနောက်နိုင်ငံသားတို့နှင့် နီးစပ်ပေသည်။ သို့ရာတွင် သူ၏ အရိုးအဆစ်များမှာ ပိုသွယ်ပြီး ကိုယ်လုံးကိုယ်ပေါက်က ပျမ်းမျှအနောက်တိုင်းသားများထက် အနည်းငယ်ပို၍ နူးညံ့ပျော့ပျောင်း၏။ သူ၏ပုံစံသည် အနောက်တိုင်းသားများ၏ အခြေခံ ကိုယ်ခန္ဓာဖွဲ့စည်းပုံအား အသုံးပြုထားသော စိတ်ကူးယဉ် ပြဇာတ်များထဲမှ သွေးနှော နတ်မိမယ်လေးတစ်ပါးနှယ်ပင်။



ပွင့်ပွင့်လင်းလင်း ပြောရပါလျှင် သူ့ပုံရိပ်သူ ပထမဆုံးအကြိမ် မှန်ထဲတွေ့လိုက်ရချိန်တွင် ရုတ်ခြည်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ယခုလိုအလှမျိုးမှာ ကြုံတောင့်ကြုံခဲ အလှတရားပင်။



ရုပ်ရည်သွင်ပြင်တစ်ခုလုံးအား ခြုံငုံပြရလျှင် တင့်တယ်လှပလွန်းလှပါသည်။ သွယ်လျနူးညံ့သည့် သူ၏ ခြေတံလက်တံများနှင့် ပြစ်မျိုးမှဲ့မထင် ကြည်စင်သည့်အသားအရေက သူ့အား ဖြူစင်အပြစ်ကင်းသည့်ပုံကို ဆောင်စေစဉ်တွင် ပင်ကိုနီသည့် နှုတ်ခမ်းလေးနှစ်လွှာက ညှို့ယူဖမ်းစားနိုင်သည့် အရှိန်အဝါတစ်မျိုးကို ဖန်တီးပေးနေခဲ့သည်။ မဖြစ်နိုင်လောက်အောင် ဆန့်ကျင်ဘက်ဖြစ်ကြသည့် အလှတရားများက အင်မတန်ကို ပနံသင့်လျက် ရှိနေကြပေသည်။



'ဗီလိန်က အလှလေးမဖြစ်သင့်ဘူးရယ်လို့ ဥပဒေတော့မရှိပါဘူး၊ ဒါပေမဲ့...'



တစ်နည်းအားဖြင့် ယူဂျင်းတစ်ယောက် ထူးဆန်းသလို ခံစားလိုက်ရသည်။ အဆိပ်ပြင်းပြီးမောက်မာသည့် မိန်းမတစ်ယောက်အား စိတ်ပုပ်သလောက် အရုပ်ဆိုးလိမ့်မယ်ဟု စိတ်ကူးပြီး ပုံဖော်ကြည့်မိရာက တုနှိုင်းမဲ့အလှကလေးဖြစ်နေကြောင်း သိလိုက်ရသည့်အတွက် ဖြစ်လာရသည့် အိုးတိုးအမ်းတမ်းစိတ်ကြောင့် ကလီစာတွေ ကျုံ့သွားရတော့၏။



အထူးသဖြင့် သူ ကူးပြောင်းခဲ့နိုင်ခြေရှိသည့် ယခုထက်ပိုဆိုးသော ဇာတ်ကောင်များအကြောင်း စဉ်းစားပြီးသည့်နောက်တွင် 'ဘယ်ဆိုးလို့လဲ။' ဟု ယူဂျင်း တွေးလိုက်မိသည်။



'ဗီလိန်ဖြစ်တော့ရော ဘာဖြစ်သေးလဲ။' ကျွန်တစ်ယောက်ဖြစ်လာရသည်ထက်စာလျှင် အများကြီးသာသေးသည်ပဲ။ အနည်းဆုံးတော့ သူသည် လှပပြီး အဆင့်အတန်းမြင့်သူ ဖြစ်သည်မဟုတ်ပါလော။



ဤအတွေးဖြင့် ယူဂျင်းတစ်ယောက် နည်းနည်းချင်းစီ စိတ်သက်သာလာခဲ့သည်။



ဂျင် အာနီခါသည် မရဏဘုရင်ကို လက်ထပ်ခဲ့ပြီး ဟာရှီတိုင်းပြည်၏ မိဖုရားဖြစ်လာခဲ့သည်။ နောင်တစ်ချိန်တွင် ခင်ပွန်းဖြစ်သူ၏လက်၌ ရင်နင့်ဖွယ်အဆုံးသတ်နှင့် ကြုံတွေ့ရပေမည်။



ထို့ကြောင့် ယခုအချိန်တွင် ယူဂျင်းခမျာ ပြဿနာနှင့် ရင်ဆိုင်နေရတော့သည်။ တဒင်္ဂ ဝင်းလက်သွားခဲ့သည့် သူ့မျက်နှာလေးမှာ တစ်ဖန် မှိုင်တွေသွားရပြန်ပေသည်။



'ဝတ္ထုရဲ့ အခုလက်ရှိ အခြေအနေကို ငါလည်းမသိဘူး။'



မည်သည့်ဝတ္ထုတွင်မဆို ဗီလိန်တစ်ယောက် မီးမောင်းအောက်သို့ ဝင်လိုက်သည့်အခိုက်အတန့်သည် ထိုဗီလိန် ယုတ်မာမှုများကို စတင်ကျူးလွန်သည့်အချိန်ပင်ဖြစ်၏။ သို့ရာတွင် သူ့အိပ်ခန်းဆောင်၏ လုံခြုံရာသို့ ဘာပြဿနာမှမရှိဘဲ ပြန်လာနိုင်ခဲ့ပေသည်။ ထို့ကြောင့် ဂျင် အာနီခါတစ်ယောက် အခုထိ ဇာတ်အိမ်အတိုင်း ပြစ်မှုပေါင်းမြောက်မြားစွာကို မကျူးလွန်ရသေးဟု ယူဆလိုက်မိ၏။



"အာနီခါ။" ရုတ်တရက် နူးညံ့သည့်အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့သည်။



ယူဂျင်းတစ်ယောက် လန့်သွားပြီး အသံလာရာ တံခါးဘက်သို့ လှည့်ကြည့်လိုက်၏။ တစ်မိနစ် ကုန်လွန်သွားသည့်တိုင် သူက ပြန်မထူးဘဲ ရှိနေဆဲပင်။



"အာနီခါ။" သတိနှင့် စိုးရိမ်မှုစွက်နေသည့် အသံက တစ်ဖန် ထပ်ခေါ်ခဲ့ပြန်သည်။



"အာနီခါ၊ ဘုရင်မင်းမြတ် ပြန်လာပါပြီ။"



ယူဂျင်း၏ မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားလေတော့သည်။



~~~~



ဘုရင်မင်းမြတ်အား တင်ဆောင်လာသည့်မြင်းသည် နောက်ထပ်ဂိတ်တံခါးတစ်ခုကို ကျော်ဖြတ်ပြီး ရဲတိုက်တည်ရှိရာ မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုနေရာတွင် လူအမြောက်အမြားက သူတို့၏ နေအိမ်များမှ ထွက်လာကြပြီး သူရောက်အလာကို မျှော်နေကြလေ၏။



ဂိတ်တံခါးနှင့် နီးလာချိန်တွင် ခါဆယ်ရ်သည် လက်တွင်ကိုင်ထားသည့် မြင်းဇက်ကြိုးကိုလွှဲပြီး ခပ်ကြမ်းကြမ်း ဆွဲလိုက်သည်။ သို့သော် သူ၏မြင်း အာဘူသည် အရှိန်လျှော့ရန် ငြင်းဆန်ပြီး သူ့သခင်လိုချင်သည်ထက် ပိုမြန်သည့်အရှိန်ဖြင့် ပြေးသွားခဲ့သည်။



အာဂမြင်းနက်ကြီး အာဘူသည် ဘုရင်မင်းမြတ်၏ ဆုံးမသွန်သင်မှုကို အကြိမ်ကြိမ် ခံယူခဲ့ရပြီးသားပင်ဖြစ်သည်။ ပြဿနာကား ရှင်ဘုရင်၏ မြင်းသည် ကြွားလုံးထုတ်ရသည်ကို နှစ်သက်နေခြင်းပင်။ ကြားရသည်မှာ အဓိပ္ပာယ်မရှိသလောက် အာဘူသည် လူတို့၏ ကြိုဆိုမှုမှလာသည့် နွေးထွေးမှုနှင့် အာရုံစိုက်မှုတို့ကို နှစ်ခြိုက်လှသည့်အတွက် ဘုရင်မင်းမြတ် ဇက်ကြိုးကိုထိန်းပြီး ​ခိုင်းခဲ့သည်ထက် ပိုလျင်မြန်စွာ ပြေးခဲ့သည်။



လျင်မြန်သည့်အရှိန်ဖြင့် ရဲတိုက်နှင့် နီးလာချိန်တွင် သခင်ဖြစ်သူ ဆူပူဆုံးမမည်ကို စိုးရွံ့ပြီး အာဘူက နောက်ဆုံးတော့ သူ၏ ရှေ့ခွာများကို အရှိန်သတ်လိုက်သည်။ ဖွဲ့စည်းလာသည့် အီနားရှားနှင့် ရုတ်တရက် ရပ်တန့်ဖို့ရန် မလွယ်ကူခဲ့ပေ။



အမိန့်ကို မနာခံဘဲ အရှိန်မြှင့်ခြင်းပဲဖြစ်ဖြစ်၊ ကြိုတင်ဦးတည်ချက်ပြောင်းခြင်းပဲဖြစ်ဖြစ် လုပ်မိသည့်အတွက် အဆူအငေါက်ခံရသည့်အချိန်များ အာဘူ့တွင် ရှိပေသည်။ ထို့အပြင် တစ်စုံတစ်ယောက်ကို ထိခိုက်စေခဲ့လျှင် ပို၍ကြီးလေးသည့် အပြစ်ဒဏ်ကို ရမည်ဖြစ်သောကြောင့် မြင်းက သူ့၏ခွာများကို မြေကြီးထဲသို့ အလျင်အမြန်ထိုးစိုက်ပြီး အရှိန်သတ်လိုက်သည်။



အသည်းအသန် အားထုတ်ပြီးသည့်နောက် အာဘူသည် အရှေ့ဂိတ်တံခါးတွင် ရပ်နေသည့်လူနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်နိုင်လိုက်သည်။



"ဟူး"



ဂိတ်တံခါးစောင့်များ၏ စိတ်တုံးတုံးချ သက်ပြင်းချသံများ ဟိုနားသည်နားမှ ထွက်ပေါ်လာတော့သည်။ အာဂမြင်းကြီး သူတို့ထံနီးကပ်လာသည့် မြင်ကွင်းကြောင့် အရိုးခိုက်အောင် ကျောစိမ့်သွားခဲ့ကြပေမဲ့ အာဘူ၏ ခွာများနှင့် အသက်ရှူရပ်လောက်စရာ အကွာအဝေးတွင်ရှိနေသည့် လူကတော့ အေးအေးလူလူ ဘာကိုမှမမှုသလို အပြင်ပန်းအသွင်အပြင်နှင့်ရှိနေခဲ့သည်။



နန်းရင်းဝန် ဗီးရပ်စ်သည် အလန့်တကြားနှင့် မျက်တောင်တစ်ချက်ခတ်မိခြင်းပင် မရှိခဲ့ပေ။ သူ့ပတ်ဝန်းကျင်တွင် ရှိကြသူများ၊ အထူးသဖြင့် အမျိုးသမီးများက လေးစားစွာ ပင့်သက်ရှိုက်လိုက်ကြသည်။



မြင်းခွာကြောင့် ဒဏ်ရာပြင်းထန်စွာ ရနိုင်ခြေရှိ၏။ သို့ရာတွင် နန်းရင်းဝန်က ဘုရင်မင်းမြတ်၏ ရှေ့မှောက်၌ သူ၏ အေးအေးလူလူအပြုံးကို ထုတ်ပြရင်း ဘာမှမမှုသည့်အသွင် ရှိနေလေသည်။



ခါဆယ်ရ်က မြင်းပေါ်မှဆင်းပြီး ခေါင်းဆောင်းကို ချွတ်လိုက်သည်။ စောစောက ခေါင်းဆောင်းထဲတွင် ထိုးသိပ်ခံထားခဲ့ရသည့် အပြာရောင်တောက်တောက် ဆံပင်တို့ကို ယခု အပြည့်အဝ မြင်နေရပြီဖြစ်၏။



ဟာရှီတိုင်းပြည်၏ ပြည့်ရှင်ဘုရင် နောက်ဆုံးတွင် ရဲတိုက်သို့ ပြန်ရောက်လာပြီဖြစ်သည့်အတွက် အားလုံး ဒူးထောက်လိုက်ကြလေတော့သည်။



~~~~



ထို့နောက်တွင် ခါဆယ်ရ်က ခေါင်းဆောင်းကို မြေကြီးပေါ် ပစ်ချလိုက်ပြီး စစ်သည်တော်တစ်ဦးက အဲ့ဒါကို ကောက်ယူရန် မြန်မြန်လာခဲ့သည်။


ခါဆယ်ရ်က ထို့နောက် အာဘူဘက်ကို လှည့်ကြည့်လိုက်ပြီး သားရဲကြီး၏ ခန္ဓာကိုယ်ကို ကြီးမားလေးလံသည့် သူ၏ ညာဘက်လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ သံချပ်ကာ မျက်နှာဖုံးထဲမှ သားရဲကြီး၏ မျက်လုံးနီနီများတွင် ရန်လိုမှုတို့ အတိလွှမ်းနေတော့၏။ သခင်ဖြစ်သူ၏ ဆူပူမှုကို ခံရသည်တွင် သူ့ပုံစံသည် ဒေါသထွက် စိတ်ရှုပ်နေသည့်ပုံပင်။


ခါဆယ်ရ်က မျက်လုံးတွေကို မှေးစင်းလျက် မျက်လုံးနီနီ သားရဲကြီးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးပြာပြာများသည် မြွေတစ်ကောင်၏ မျက်လုံးတွေအလား သိသိသာသာပင် အလျားလိုက် ရှည်ထွက်နေ၏။


"ကျွတ်စ်...ကျွတ်စ်...တော်တော်စိတ်ပျက်တယ်။"


သားရဲကြီး၏ မျက်လုံးနီနီတို့သည် ရှက်ရွံ့မှုဖြင့် တဖြည်းဖြည်း တစ်ဖက်သို့ လှည့်သွားပြီး ခါဆယ်ရ်၏ နှုတ်ခမ်းများက အပေါ်ဘက်သို့ ကွေးတက်သွားခဲ့သည်။ ဤသည်မှာ ကြီးမြတ်ပြီး အရိုင်းဆန်သည့် သူ၏ သားရဲကြီးထံမှ ဝပ်တွားနာခံမှုကို တွေ့မြင်နိုင်သည့် တဒင်္ဂပင်။


မည်သို့ပင်ဆိုစေ ခါဆယ်ရ်သည် သူ၏မြင်းအပေါ် အလေးထားဂရုစိုက်တတ်ပြီး အကောင်းဘက်မှပဲဖြစ်ဖြစ်၊ အဆိုးဘက်မှပဲဖြစ်ဖြစ် အာဘူသည် ထူးခြားသည့်ကောင်ကြီး ဖြစ်သည်ဟူသော အချက်ကို ဘယ်တော့မှ မေ့မထားခဲ့ပေ။ အာဘူ၏ သစ္စာခံမှုသည် အာဏာစက်၏ ကြီးမြင့်မှုပေါ်တွင် မှီတည်နေပေသည်။ ထို့ကြောင့် ကြင်ကြင်နာနာ ဆက်ဆံခြင်းထက် သူ၏ အတင်းအကြပ်ဆန်သည့် အမိန့်က ပို၍ထိရောက်မှုရှိပေ၏။


ခါဆယ်ရ်က အနီးအနားတွင်ရှိနေသည့် အစေခံတစ်ယောက်ထံ မြင်းဇက်ကြိုးကို ကမ်းပေးလိုက်ပြီး သူ့မြင်းကိုခေါ်သွားရန် အမိန့်ပေးခဲ့သည်။ 


"တစ်နေ့လုံး အစားမစားရသေးဘူးဆိုတော့ အစားများများကျွေးလိုက်။"


သင့်တော်သည့် 'ဆုပေးမှု' ကလည်း သားရဲကြီးကို ယဉ်ပါးအောင်လုပ်ရာတွင် အရေးပါသည်ပင်။


"မှန်လှပါ အရှင်မင်းကြီး။"


အစေခံက ပြန်ဖြေခဲ့သည်။


အစားစားရတော့မည်ဆိုသည့်အတွက် စိတ်လှုပ်ရှားသွားတာကြောင့် အာဘူက ရုန်းကန်ခုခံခြင်းမရှိဘဲ အစေခံနောက်ကို လိုက်သွားတော့သည်။


အစေခံက အရှေ့ကနေ ခမ်းနားကြီးကျယ်တဲ့ မြင်းဇောင်းဆီ ဦးဆောင်ခေါ်သွားချိန်မှာ အာဘူက မုန့်စားရတော့မည့် ကလေးတစ်ယောက် ခုန်ပေါက်သွားတဲ့အလား ပျော်ရွှင်စွာ ခွာကိုတစ်ချက်ချင်းစီကြွ၍ လျှောက်သွားခဲ့သည်။


အာဘူ၏ ချစ်စဖွယ်အပြုအမူလေးကို တွေ့မြင်ရသော်လည်း ခါဆယ်ရ်က မျက်နှာထားတည်တည်ကိုသာ ဆက်ပြီးထိန်းထားခဲ့၏။


သူက အရှေ့ကို မြန်မြန်တစ်လှမ်းလှမ်းလိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်သည်။ ကြောက်လန့်တကြားမျက်နှာမျိုး မရှိသည့်သူဟူ၍ တစ်ယောက်မှမရှိပေ။ အမှန်ပင်၊ ခါဆယ်ရ်သည် သူ၏ အာဏာစက်ကို ပြည်သူတို့ သိနားလည်အောင် သတိပေးရမည့် အနေအထားသို့ ဘယ်သောအခါမှ ကျရောက်မည်မဟုတ်။


လူတိုင်းက သူ့အား ချစ်ခင်ကြသလို တစ်ချိန်တည်းတွင် ကြောက်လည်းကြောက်ရွံ့ကြသည်။


နန်းရင်းဝန် ဗီးရပ်စ်က ခြေလှမ်းကျဲကျဲတို့ဖြင့် စတင်လျှောက်ထွက်ခဲ့သည့် ရှင်ဘုရင်နှင့် ဘေးချင်းယှဉ်ရပ်ခဲ့၏။ သူတို့အနောက်တွင် အမှုထမ်းများ လိုက်ပါလာပြီး နန်းတော်ဂိတ်တံခါးမှ အားမာန်အပြည့်ဖြင့် ဝင်လာခဲ့ကြလေသည်။


"အရှင်မင်းမြတ် ဘေးကင်းကင်း ပြန်ရောက်လာတာကို တွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။"


နန်းရင်းဝန် ဗီးရပ်စ်က ဂါရဝပြုနှုတ်ခွန်းဆက်ခဲ့သည်။


ခါဆယ်ရ်က ခေါင်းညိတ်ပြီး လိုရင်းကိုသာ ချက်ချင်းတန်းပြောလိုက်၏။


"ညီလာခံက တစ်နာရီအတွင်းထင်တယ်။"


"ဟုတ်ပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဆင့်ခေါ်စာတွေ ထုတ်ပြန်ထားပါတယ်။"


"လောလောဆယ် ဘာသတင်းထူးလဲ။"


ခါဆယ်ရ်က မေးလိုက်သည်။


"မကြာခင် ခြောက်သွေ့ရာသီ ကုန်လွန်တော့မဲ့အကြောင်း ဘုန်းတော်ကြီးဆီက အမှာပါးလာပါတယ်။"


ဗီးရပ်စ်က နှောင့်နှေးမှုမရှိ ပြန်ဖြေခဲ့သည်။


"ပြီးတော့ရော။ ငါမရှိတုန်း နန်းတော်မှာ 'ထူးခြားဖြစ်စဉ်' တစ်ခုခုများ ရှိသေးလား။"


စောစောက ခပ်ရေးရေး ပြုံးနေခဲ့သည့် ဗီးရပ်စ်၏ နှုတ်ခမ်းတို့ ရုတ်ခြည်းဆိုသလို တင်းခနဲဖြစ်သွားတော့သည်။ သူက အင်မတန်ကြိုးပမ်းအားထုတ်ပြီး တည်ငြိမ်အေးဆေးသည့် မျက်နှာထားမျိုး တစ်ဖန်ပြန်လည်ပြသခဲ့၏။ သို့သော် ပြင်းထန်သည့် စိုးရိမ်ပူပန်မှုကြောင့် သူ့လက်ဖဝါးများတွင် ချွေးစေးများပြန်လာတော့သည်။


"မရှိပါဘူး အရှင်မင်းကြီး။ ဒီနေ့ ညီလာခံရဲ့ အဓိက အကြောင်းအရာက တံတိုင်းကာကွယ်ရေးကို တိုးမြှင့်ဖို့ဖြစ်တဲ့အကြောင်း အားလုံးကို ကြိုတင်ပြီး အသိပေးထားလိုက်ပါ့မယ်။ ကျွန်တော်မျိုးလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပါဦးမယ်။ ခွင့်ပြုပါဦး အရှင်မင်းကြီး။"


ခါဆယ်ရ်က ဒီအတိုင်း ခေါင်းသာညိတ်ပြခဲ့သည်။


ဗီးရပ်စ်က မဆိုင်းမတွပင် လမ်းလျှောက်ရပ်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။ အတန်ကြာ၍ ခေါင်းပြန်မော့လိုက်ချိန်တွင် ဘုရင်မင်းမြတ်နောက်က လိုက်သွားသည့် နောက်ဆုံးသော အစေခံ၏ ကျောပြင်ကိုသာ မြင်ရတော့သည်။ 


'မကြာခင် ပြောပြပါ့မယ်။'


နန်းရင်းဝန် သက်ပြင်းဖွဖွချလိုက်မိသည်။ ဘုရင်မင်းမြတ်က ကန္တာရထဲသို့ သွားသည့်အခါတိုင်းတွင် နန်းရင်းဝန် ဗီးရပ်စ်အား အမြဲတမ်း အာဏာအပြည့်အဝ လွှဲအပ်ခဲ့လေ့ရှိသည်။ သူ့အား ချီးမြှင့်ထားသည့် ရာထူးအထောက်အထားများမှာ လေးစားအားကျဖွယ်ကောင်းသလောက် ဖိအားတွေကလည်း ပြောမပြနိုင်လောက်အောင်ပင်။


သူနှင့် အခြားသော ဘုရင့်အတိုင်ပင်ခံများက လက်တလော နန်းတော်ထဲမှ အဖြစ်အပျက်များကို ဘုရင်မင်းမြတ်ထံ အသိပေးလျှောက်တင်ဖို့အရေးအား ဆိုင်းငံ့ထားရန် သဘောတူထားခဲ့ကြ၏။ အဲ့ဒီလိုဆိုမှ ဘုရင်မင်းမြတ်အား ရှိနေရုံနှင့်တင် ကျိိန်စာနှင့်တူသော ဇနီးကြောင့် စိတ်တိုရမည့်အစား တိုင်းပြည်၏ အခက်အခဲများကို ဖြေရှင်းရန်အတွက် တစ်ရက် နှစ်ရက်လောက် အချိန်ပေးရပေဦးမည်။


ကံကောင်းထောက်မစွာ ပျောက်သွားခဲ့သည့် မိဖုရားက ဘေးမသီရန်မခ ပြန်ရောက်လာခဲ့သည်။ ဗီးရပ်စ် နှာခေါင်းရှုံ့ရယ်လိုက်မိ၏။


'အင်း နှမြောစရာပဲ။ မိဖုရား တစ်သက်လုံး ပျောက်သွားလိုက်ရင် ပိုကောင်းမှာကို။'


ထိုအမျိုးသမီး အတွေးထဲဝင်လာချိန်တွင် သူ၏ ဝတ်ကျေတန်းကျေအပြုံးက မျက်နှာပေါ်မှ ပျောက်ကွယ်သွားတော့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အားလုံးကို ဒေါင်းတောက်အောင် ရှာပုံတော်ဖွင့်စေခဲ့သည့် တစ်ယောက်သောသူကို တွေးလိုက်မိတော့ လူက အနည်းငယ် ဒေါသထွက်လာသလိုပင်။


'တကယ်ပဲ ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ခဲ့တာပါလိမ့်။'


မိဖုရား ပျောက်ဆုံးသွားသည့်အဖြစ်က အဖြေမရသည့်မေးခွန်းများကို ချန်ရစ်ထားခဲ့သည်။ မိဖုရားကို ကိုယ်တိုင် မေးမြန်းကြည့်လို့မရတာကြောင့် ဒီလုပ်ရပ်နောက်ကွယ်တွင် ယုတ်မာစဉ်းလဲသည့် ရည်ရွယ်ချက်တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု အတပ်တွေးလိုက်မိ၏။ မိဖုရားသည် ကောက်ကျစ်စဉ်းလဲသည့် အမျိုးသမီးဖြစ်ပြီး ဒီအတွက်ကြောင့် သူ မိဖုရားကို မုန်းတီးမိသည်။


အစကတည်းက မိဖုရားကို ဘဝင်မကျခဲ့ခြင်းတော့ မဟုတ်ပေ။ တော်ဝင်ထိမ်းမြားမင်္ဂလာပွဲတုန်းက ဂုဏ်ယူဝမ်းမြောက်စွာ တက်ရောက်ခဲ့ပြီး ဇနီးမောင်နှံ၏ အနာဂတ်တွင် ကံကောင်းစေဖို့တောင် စိတ်ရင်းအပြည့်ဖြင့် ဆုတောင်းပေးခဲ့ပါသေးသည်။


သို့ပေမဲ့ အချိန်တရွေ့ရွေ့ကုန်လာပြီး မိဖုရား၏ သန္ဓေစစ် သန္ဓေမှန်ကို သိလိုက်ရချိန်တွင် မိဖုရားအပေါ် တိုး၍ မုန်းတီးစက်ဆုပ်မိတော့သည်။ မိဖုရားသည် နန်းရင်းဝန် အင်မတန်မုန်းသည့် လူစားမျိုးပင်။ သူက အာဏာကိုသာ ခံစားသာယာပြီး တာဝန်ဝတ္တရားများကို ဆောင်ရွက်ဖို့တော့ ငြင်းဆန်ခဲ့၏။ သူ၏ မိဖုရားတာဝန်ကိုပင် ပစ်ပယ်လိုက်ပါသေးသည်။


တိုင်းပြည်ရေးရာများတွင် မိဖုရား ပါဝင်ပတ်သက်ခြင်းမရှိတာက တော်သေးသည်ဟုပင် ဆိုရပေမည်။ သို့ပေမဲ့လည်း သူရှိနေလျှင် ဘုရင်မင်းမြတ်ကို ထိခိုက်စေပြီး တိုင်းပြည်ပျက်ကိန်းဆိုက်လိမ့်မည်ဟူသော အလိုလိုသိစိတ်ကို နန်းရင်းဝန်တစ်ယောက် ဖယ်ခါချခြင်း မပြုနိုင်ခဲ့ပေ။


~~~~~


စစ်ဆေးရေးထွက်ရာမှ ပြန်လာလျှင် ပုံမှန်လုပ်နေကျအကျင့်အတိုင်း ခါဆယ်ရ်က သူ၏ အိပ်ဆောင်သို့ အဝတ်အစားလဲရန် သွားခဲ့သည်။ ယခုမှစ၍ မိနစ်အနည်းငယ်အတွင်းတွင် တစ်ခုခုစားပြီး ညီလာခံခန်းမသို့ တန်းသွားရပေမည်။


သို့သော် ဒီနေ့သည် တစ်မူကွဲပြားနေသယောင် ထင်ရ၏။ အိပ်ခန်းဆောင်အတွင်းသလို့ ဝင်လျှင်ဝင်ချင်းပင် ခါဆယ်ရ် ခြေလှမ်းကို ရပ်လိုက်မိသည်။ ဝဝပြည့်ပြည့် အမျိုးသမီးကြီးတစ်ဦးက သူ့ရှေ့မှောက်တွင် ငြိမ်းချမ်းသည့်အပြုံးဖြင့် အနူးအညွတ် ဦးညွှတ်ထားလျက် ရှိနေခဲ့သည်။


ခါဆယ်ရ်က ဆက်လျှောက်သွားခဲ့ပြီး အိပ်ခန်းဆောင်အလယ်သို့အရောက်တွင် လက်နှစ်ဖက် ဘေးကိုဆန့်တန်းထားရင်း ရပ်လိုက်၏။ ထိုနောက် သူ၏ အစေခံများက လက်မောင်းနှင့် ခြေထောက်တို့တွင် ဝတ်ဆင်ထားသည့်အရာများအပါအဝင် ချပ်ဝတ်တန်ဆာများကို အလျင်အမြန် ချွတ်ပေးခဲ့ကြသည်။


"မင်္ဂလာနေ့လယ်ခင်းပါ အရှင်မင်းကြီး။ ကျွန်မ ဘာများလုပ်ပေးရပါဦးမလဲ။"


အမျိုးသမီးကြီး မာရီအန်းက တစ်ဖန်ဦးညွှတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးခဲ့သည်။ 


"ဗီးရပ်စ်က ကျုပ်ကို လိမ်သွားတယ်။ ကျုပ်မရှိတုန်း ဒီနန်းတော်ထဲမှာ မကောင်းတဲ့ကိစ္စ ဘာမှမဖြစ်ခဲ့ဘူးတဲ့။"


"သူပြောတာမှန်ပါတယ် အရှင်မင်းကြီး။ အေးချမ်းတဲ့ ဟောဒီနန်းတော်တံတိုင်းအတွင်းမှာ ဘယ်အရာကများ ကျွန်မတို့ကို ထိခိုက်အောင် လုပ်နိုင်မှာတဲ့လဲ။"


"အဲ့ဒါသာ အမှန်ဆိုရင် ခင်ဗျားက ဘာလို့ ဒီမှာရှိနေရတာလဲ။"


သူ၏လည်ကုပ်က ဆံစပြာပြာတွေထက်တောင် ပိုပြီးကြည်လင်တောက်ပသည့် မျက်ဝန်းပြာပြာများက အမျိုးသမီးကြီးအား မေးခွန်းထုတ်နေတဲ့အလား စူးစိုက်ကြည့်နေလေ၏။


မာရီအန်းက နှစ်သိမ့်ပြုံးဖြင့် ဘုရင်မင်းမြတ်ကို အသာအယာ ကြည့်လိုက်သည်။ တိုင်းပြည်ထဲမှာ ဘယ်သူကမှ သူ့လောက် ​ဟောဟောဒိုင်းဒိုင်း မရှိကြ၍ပေပဲလား၊ မာရီအန်း လုပ်သလိုမျိုး ဘယ်သူကမှ ဘုရင်မင်းမြတ်ကို စေ့စေ့ကြည့်နိုင်ခြင်း မရှိကြပေ။


မာရီအန်းမှာ ရှင်ဘုရင်၏ အထိန်းတော်ဖြစ်ခဲ့ဖူးပြီး တစ်ချိန်က နန်းတွင်းအထိန်းတော်ချုပ်ကြီးလည်း ဖြစ်ခဲ့ဖူးသူပင်။ သူက မိဖုရားမရှိခဲ့စဉ်အတွင်း ကာလအတန်ကြာအောင် တော်ဝင်အိမ်တော်ကို တာဝန်ယူခဲ့ရသူလည်းဖြစ်၏။


အမှန်အတိုင်းပြောရလျှင် သူ့အထက်တွင် နန်းရင်းဝန်သာရှိသော်လည်း မာရီအန်းက ရှင်ဘုရင် မိဖုရားဂျင်နှင့် လက်ထပ်ထိမ်းမြားပြီးသည့်နောက်တွင် သူ၏အာဏာကို ကိုင်လွှဲခြင်း မပြုခဲ့ပေ။


အကြောင်းမူကား မာရီအန်း၏ တာဝန်များကို ပခုံးပြောင်းထမ်းရွက်ရမည့် မိဖုရားက မာရီအန်း ရှိနေသည်ကို မုန်းတီးသောကြောင့်ပင်။ ရှင်ဘုရင် ခါဆယ်ရ်ကိုယ်တိုင် အကြိမ်ကြိမ် နားချဖျောင်းဖျခဲ့သော်လည်း မာရီအန်းက ယင်းရာထူးကို တစ်ဖန်ပြန်ယူဖို့ ငြင်းဆန်ခဲ့၏။

 

ထိုအချိန်မှစ၍ မာရီအန်းကို နန်းတော်ထဲတွင် မတွေ့ရသလောက်ပင်။ သူက တိုးတိုးတိတ်တိတ်သာ နေခဲ့ပြီး လူတွေနှင့် ပေါင်းသင်းဆက်သွယ်ခြင်းပင် မပြုခဲ့ချေ။ ထို့ကြောင့် မာရီအန်းတစ်ယောက် ဆိုင်းမဆင့်ဗုံမဆင့် ဘုရင့်ရှေ့တော်မှောက် ရောက်လာသည်မှာ ပုံမှန်မဟုတ်ပေ။ ဂါရဝပြုရုံ၊ ခါဆယ်ရ်အား ကြိုဆိုရုံသာဆိုလျှင် ထိုသို့လုပ်ရန်အတွက် တခြားနေ့ကို ရွေးလိမ့်မည်ဖြစ်သည်။ 


"အရှင်မင်းကြီးက အကဲပိုနေတာပါ။ တကယ်ကို ဘာမှမဟုတ်ပါဘူး။"


ခါဆယ်ရ်က မသိမသာ နှာခေါင်းရှုံ့လိုက်သည်။ မာရီအန်း ဒီမှာရှိနေသည်ကိုက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နန်းတော်မှာ အုံအုံကြွကြွ ဖြစ်ခဲ့သည်ဟု ကြေညာမောင်းခတ်နေသည့်နှယ်ပင်။


"ပြောစမ်း၊ ဘာများလဲ။"


ခါဆယ်ရ်က အာဏာသံဖြင့် အမိန့်ပေးလိုက်သည်။ 


မာရီအန်းက ဘုရင်မင်းမြတ်ကို တစ်ချက်ကြည့်လိုက်၏။


"မိဖုရားက..."


ခါဆယ်ရ် စုတ်သပ်မိသွားခဲ့သည်။


"သူ့ကို မေ့တော့မလို့။ ဒီတစ်ခါ ဘယ်သူ သေသွားပြန်ပြီလဲ။"


~~~~~


Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment