အပိုင်း ၃
ခါဆယ်ရ့်အသံတွင်စွက်နေသည့် ပေါ်တင်စွပ်စွဲချက်ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပြီး မာရီအန်းအတွက်တော့ ယင်းမှာ ပြဿနာဟု နိမိတ်ပြနေသည့်နှယ်ပင်။ မာရီအန်း၏ မျက်လုံးများ အလန့်တကြား ပြူးကျယ်သွားခဲ့ပြီး သူ့အမှားသူ ပြန်နုတ်ယူဖို့ မျှော်လင့်ချက်ဖြင့် ခေါင်းတွင်တွင်ခါလိုက်သည်။
"အရှင်မင်းကြီး အဲ့ဒီလိုမဟုတ်ပါဘူး..."
မာရီအန်း စကားစလိုက်သော်လည်း တစ်ဖန်ထပ်ပြီး ဖြတ်ပြောခံလိုက်ရသည်။
"ဒါဆို ဘာများလဲ။ ရှင်းပြစမ်းပါဦး။"
ခါဆယ်ရ်က ဘာသိဘာသာ မေးလိုက်သည်။
မာရီအန်းတစ်ယောက် တရိုတသေ ခေါင်းညိတ်လိုက်ပြီး အနူးအညွတ် ဦးညွှတ်ထားရင်း လျှောက်တင်စရာရှိသည်ကို ဆက်လက်လျှောက်တင်ခဲ့၏။
"အရှင်မင်းကြီး စိုးရွံ့မိပေမဲ့ အရှင်မိဖုရားက တော်တော်လေး...ဟို...တရားမဲ့နေပါတယ်။"
မျက်လုံးများတွင် စိုးရိမ်မှု အတိုင်းသားပေါ်လွင်နေလျက် မာရီအန်း လျှောက်တင်လိုက်သည်။ နန်းတော်ထဲမှ လူများအတွက် အပူ၊ သူ့အသက်အတွက် အပူ၊ စသည်ဖြင့် စာရင်းက ဆက်သွားတော့၏။
ခါဆယ်ရ်က ခပ်တိုးတိုး ခနဲ့ရယ်ရယ်လိုက်သည်။
"သူ့ကို 'တရားမဲ့' တဲ့အတိုင်း လွှတ်ထားလိုက်မယ်ဆိုရင် အကြိမ်တိုင်း သူသတ်တဲ့ လူအရေအတွက်က နှစ်ဆဖြစ်သွားမလားပဲ။"
သူမရှိချိန်တွင် မိဖုရားက မည်သည့်အရာများကို ဆောင်ရွက်နိုင်စွမ်းရှိကြောင်း ကောင်းကောင်းသိထားသည့် ခါဆယ်ရ်က သူ့ဟာသူ စိတ်တိုစွာ ရေရွတ်လိုက်သည်။
မိဖုရား၏ ကိုယ်ထိလက်ရောက် အပြစ်ပေးမှုများကြောင့် သေဆုံးခဲ့ရသည့် အစေခံစုစုပေါင်းမှာ စိုးရိမ်စရာအရေအတွက် ဖြစ်လာခဲ့လေပြီ။ ကျူးလွန်သည့် ပြစ်မှုတိုင်းအတွက် အပြစ်ပေးရသည့် အကြောင်းရင်းရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း ခါဆယ်ရ်၏ အမြင်တွင်မူ ထိုမျှသေးသိမ်သော ကိစ္စရပ်များအတွက် မည်သူမျှ သေဒဏ်ကျခံရန် မထိုက်တန်ပေ။
မိဖုရား၏ နန်းတော်အတွင်း အမိန့်အာဏာအသစ် တည်စေရန်ကြိုးစားမှုသည် ဘုရင်နှင့် သူ၏ လက်အောက်ငယ်သားများအတွက် ပြဿနာကိုသာ ဆောင်ကြဉ်းပေးခဲ့သည်။ သူတို့၏ ဝေးလံခေါင်သီ ကန္တာရတိုင်းပြည်တွင် မိဖုရားရှိနေရုံလေးဖြင့် သူ့လုပ်ရပ်များကြောင့် လူတိုင်း ကြောက်ရွံ့တုန်လှုပ်ကြရလေ၏။
ခါဆယ်ရ်က မိဖုရား ဂျင် အာနီခါအား သူ၏ အပြစ်ပေးမှုများကြောင့် သူ့ထံပြန်လာမည့် တန်ပြန်အကျိုးဆက်ကို တင်းတင်းကျပ်ကျပ် သတိပေးဖို့ ကြိုးစားခဲ့သည်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကပင်...
"မင်းကြောင့် နောက်ထပ် လူတစ်ယောက် ထပ်သေရပါတယ်လို့ ကြားတာနဲ့ ဒီအတိုင်း အပြစ်မပေးဘဲ လွှတ်ပေးတော့မှာမဟုတ်ဘူး။"
ခါဆယ်ရ်က အဲ့ဒီအတိုင်း အတိအကျ ပြောခဲ့၏။ သို့သော် သူ့အသံတွင် ခြိမ်းခြောက်သည့်လေသံ အတိအလင်း ပါဝင်နေသော်ငြားလည်း မိဖုရား သူ့အား ကြည့်ခဲ့သည့်အကြည့်ကို ပြန်အမှတ်ရမိဆဲပင်။ မိဖုရား၏ မျက်နှာတွင် နားမလည်နိုင်မှုက အတိုင်းသားကပ်ထားလျက်။ ဘုရင်မင်းမြတ်ကို ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဒေါသဖြစ်အောင်လုပ်ခဲ့မိမှန်း သူ့ကိုယ်သူ နားမလည်သည့်နှယ်။ သို့ရာတွင် အံ့ဩနားမလည်နိုင် ဖြစ်ခဲ့သော်လည်း မိဖုရား၏ မျက်လုံးများထဲမှ ရန်လိုမုန်းတီးမှုမှာ မပြောင်းမလဲ ရှိမြဲအတိုင်း ရှိနေခဲ့သည်။ ထိုအချက်က ခါဆယ်ရ့်ကို အဆုံးမဲ့ နှောက်ယှက်နေတော့၏။
ထိုအချိန်မှစ၍ ခါဆယ်ရ်သည် မိဖုရားနှင့် ပိုပိုပြီး ဝေးကွာလာခဲ့သည်။ မည်သည့်အရာကမှ သူတို့နှစ်ဦးအား နီးစပ်အောင်လုပ်ရန် မစွမ်းသာချေ။ သူတို့နှစ်ဦးသည် ယခင်ကရော၊ ဘယ်သောအခါက မှ မရင်းနှီးခဲ့ဖူးသော်လည်း မိဖုးရားအပေါ် ခံစားရသည့် ခါဆယ်ရ်၏ မုန်းတီးစက်ဆုပ်မှုသည် ယခုတွင် ယခင်ကထက်ပင် ပို၍ ပြင်းထန်လာလေတော့သည်။
မိဖုရားက သူ့သတိပေးချက်အတိုင်း လိုက်နာလို့သာ တော်သေးတော့၏။ မိဖုရား ကျူးလွန်သည့် အပြစ်ပေးမှုအရေအတွက်မှာ အင်မတန် လျော့ကျလာခဲ့သည်။ သို့သော် ထို့နောက်များတွင်တောင် အကြောက်တရားက အရိပ်သဖွယ် အုပ်မိုးနေဆဲပင်။ နန်းတွင်းအမှုထမ်းများမှာ မိဖုရားကို အင်မတန် ကြောက်ရွံ့ကြတာကြောင့် သူတို့၏ ပူပန်မှုများကို ဘုရင်မင်းမြတ်ထံ လျှောက်ထားခြင်းမရှိဘဲ တိတ်တိတ်နေဖို့သာ ရွေးချယ်ခဲ့ကြ၏။
သို့ပေမဲ့ ပြဿနာက အရေးကြီးနေသော်လည်း ဘုရင်မင်းမြတ်မှာ မိဖုရားအား ရှင်းပစ်နိုင်ခြင်းမရှိချေ။ မိဖုရားအား မုန်းတီးစက်ဆုပ်သော်လည်း သူ့အတွက် ထီးမွေးနန်းမွေ အရိုက်အရာခံ မွေးဖွားပေးဖို့ရန်အတွက် မိဖုရားကို လိုအပ်သောကြောင့်ပင်။
"အလောင်းတွေ့တယ်လို့ မကြားရတာတောင် တော်တော်ကြာသွားခဲ့ပြီ။"
ခါဆယ်ရ်က တစ်ခါထပ်ပြီး ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ အလောင်းထပ်တွေ့ပြန်တာများလား။"
သို့သော် မာရီအန်းက တုံ့ပြန်သည့်အနေဖြင့် ခေါင်းခါပြီး ငြင်းခဲ့သည်။
"မဟုတ်ပါဘူး အရှင်မင်းကြီး။"
သူက ဘုရင်မင်းမြတ်ကို လျှောက်လိုက်သည်၊ သူ့အသံတွင် စိတ်သက်သာမှုက သိသိသာသာ စွက်နေ၏။
"ဘာအလောင်းမှ ရှာမတွေ့ထားပါဘူး။"
မလေးမခန့်လုပ်ရာမကျစေဘဲ ဘယ်လိုပြောရမလဲဆိုတာကို မသိတာကြောင့် တစ်ဖန် တိတ်သွားခဲ့ပြန်သည်။ ခါဆယ်ရ်က မာရီအန်း စကားဆက်လာမည်ကို စောင့်နေခဲ့၏။
ယင်းမှာ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးသည့် အရိပ်အယောင်ပဲဟု မာရီအန်း ယူဆလိုက်သည်။
"အရှင်းမင်းကြီး အကြံပေးခွင့်ရှိမယ်ဆိုရင်..."
မာရီအန်း စကားစခဲ့ပြီး ခါဆယ်ရ်က မျက်ခုံးတစ်ဖက်ပင့်လျက် ကြည့်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဆက်မပြောဖို့ မျိုသိပ်လိုက်တာတောင်မှ သတ္တိက မာရီအန်းကို အနိုင်ယူသွားခဲ့၏။
"...မိဖုရားကို ပြုစုစောင့်ရှောက်ဖို့ အကြံပေးချင်ပါတယ်။"
နားမလည်စွာ မျက်တောင်ခတ်ရင်း ခါဆယ်ရ်၏ မျက်ခုံးများက သူ့နဖူးထိပ်အထိ မြင့်တက်သွားတော့သည်။ ဒီလောက်ရက်စက်ကြမ်းကြုတ်သည့် မိဖုရားအတွက် ပုံမှန်မဟုတ်သည့် တောင်းဆိုမှုပင်...
"နေပါဦး။"
ခါဆယ်ရ်က သူနားကြားမှားတာဖြစ်ပါစေဟု မျှော်လင့်နေတဲ့အလား အံ့ဩမယုံနိုင်စွာ မေးလိုက်သည်။
"သူ့ကို စောင့်ရှောက်ရမယ် ဟုတ်လား။"
"မှန်ပါတယ် အရှင်မင်းကြီး။"
"ဘာဖြစ်လို့လဲ။"
"အရှင်မိဖုရား အစားအသောက် မသုံးဆောင်ဘဲ နေခဲ့တာ နှစ်ရက်ကျော်သွားခဲ့ပါပြီ။"
ခါဆယ်ရ်၏ မျက်လုံးများ အံ့ဩတကြီး ပြူးသွားရတော့သည်။ မိဖုရားက မိမိ၏ နေသာထိုင်သာရှိရေးကို လျစ်လျူရှုခြင်းမှာ ထင်မှတ်မထားသည့်အရာပင်...
"ဒီတော့ ဘာကြောင့်များလဲ။"
ခါဆယ်ရ်က ဆက်ပြီးမေးလိုက်သည်။
သို့သော် မာရီအန်းကလည်း ထပ်တူနားမလည်နိုင်မှုနှင့် ပခုံးသာကျုံ့ပြခဲ့၏...
"ကျွန်မတို့လည်း မသိရပါဘူး၊ အရှင်မင်းကြီး။"
မာရီအန်းက ပြောလိုက်သည်။
"မိဖုရားက အိပ်ခန်းဆောင်ထဲကနေ မထွက်ဘဲ အမျိုးသမီး အမှုထမ်းတွေလည်း ခွင့်ပြုချက်မရှိဘဲ အထဲဝင်ခွင့်မရဖြစ်နေပါတယ်။"
ခါဆယ်ရ်က တဒင်္ဂ တွေးတွေးဆဆ ဖြစ်သွားခဲ့ပြီး ထို့နောက် မာရီအန်းကို ပြန်ကြည့်လိုက်သည်။
"ဒါဆို ခင်ဗျားလည်း ဝင်လို့မရဘူးလို့ ပြောချင်တာလား။"
မာရီအန်း ခေါင်းညိတ်လိုက်သည်။ ခါဆယ်ရ်က တစ်ဖက်လှည့်သွားပြီး နက်နက်နဲနဲ တွေးနေ၏။ နားမလည်နိုင်မှုက သူ့စိတ်မှာ အပြည့်အဝ နေရာယူထားပြီး အဆုံးမရှိ နှောင့်ယှက်နေတော့သည်။
"အဆာငတ်ခံဆန္ဒပြတာ ဖြစ်မလား။"
သူ့ဟာသူ တိုးတိုးရေရွတ်လိုက်ပြီး ထို့နောက် သူ့မျက်လုံးများ အရောင်နက်သွားတော့သည်။
'ဒီမိန်းမ ဒီတစ်ခါ ဘာကြံဦးမလို့ပါလိမ့်။'
~~~~~
မာရီအန်းပြောသည့်ကိစ္စမှာ သိပ်အရေးမကြီးသည့်ကိစ္စမှန်း သိလိုက်ရသည့်အခါ ခါဆယ်ရ်၏ မျက်နှာထားက ပြေလျော့သွားခဲ့သည်။ ချပ်ဝတ်တန်ဆာများ အားလုံးချွတ်လိုက်ပြီးသည့်နောက်တွင် အများကြီး နေသာထိုင်သာရှိသွားပြီး ပို၍ပေါ့ပါးသွားသည်ကို ခံစားလိုက်ရ၏။
"နှစ်ရက်လောက် အစာငတ်ခံရုံလေးနဲ့ မသေပါဘူး။"
"အရှင်မင်းကြီး။"
မာရီအန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မိဖုရားက သူ မွေးဖွားကြီးပြင်းလာတဲ့ ဇာတိကနေထွက်လာပြီး ဒီလိုဝေးလံတဲ့နေရာအထိ တစ်ယောက်တည်း လာခဲ့ရတာပါ။ သူ့မှာ ယုံကြည်အားကိုးနိုင်တဲ့သူဆိုလို့ ခင်ပွန်းဖြစ်တဲ့ အရှင်မင်းကြီးပဲရှိတာပါ။"
"..."
"အရှင်မင်းကြီး။ အရှင်မင်းကြီးက မိဖုရားကို တန်ဖိုးထားပြီးမဆက်ဆံရင် အောက်ကလူတွေက အတင့်ရဲပြီး ရောင့်တက်ကြပါလိမ့်မယ်။ အရှင်မိဖုရားရဲ့ ဂုဏ်သိက္ခာက အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာပါပဲ။"
"..."
"အရှင်မင်းကြီး။"
"ဟား...ဒီတော့ ကျုပ်ကို ဘာလုပ်စေချင်နေတာလဲ။"
"အရှင်မိဖုရား အဆင်ပြေရဲ့လားဆိုတာကို စစ်ဆေးကြည့်ရှုပေးပါ။"
"ခဏနေ ညီလာခံရှိသေးလို့ ပြီးမှပဲ သွားလိုက်မယ်။"
"ဘယ်တော့ပြီးလို့ပြီးမယ်မှန်း မသိရတဲ့ ညီလာခံမဟုတ်ပါလား။ ခဏလောက် ဝင်တွေ့လိုက်တာက အဲ့ဒီလောက်ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အရှင်မင်းကြီးကိုက တအားနေနိုင်လွန်းပါတယ်။ ရာရာစစ ဝင်ပါသင့်တဲ့နေရာတော့ မဟုတ်ပေမဲ့ ဘယ်အချိန်အထိ..."
"ဟုတ်ပါပြီ၊ သိပြီလို့။"
ခါဆယ်ရ်က မာရီအန်း၏ ရှည်ရှည်ဝေးဝေး ပူညံပူညံလုပ်သည့် စကားများကို ဖြတ်ပြောလိုက်သည်။ 'မိဖုရားက တစ်နှစ်သား၊ နှစ်နှစ်သား ကလေးလေးလည်းမဟုတ်ဘဲနဲ့ ပွဲတော်တည်တာအထိ လိုက်သတိထားနေရမှာလား' ဟူ၍ ပါးစပ်ကနေ တိုးတိုးကျိတ်ကျိတ်ပြောရင်း ကိုယ်ကို တစ်ဖက်လှည့်လိုက်၏။
"အရှင်မင်းကြီး။ အခု မိဖုရားဆီ သွားမှာမဟုတ်လား။ ဒေါသမဖြစ်ဘဲ စကားကို ညင်ညင်သာသာလေး ပြောမှဖြစ်ပါမယ်။"
သူ့အနောက်ကနေ ဇွဲမလျှော့တမ်း တိုက်တွန်းနေသည့် မာရီအန်း၏ စကားကို နားထောင်ရင်း ခါဆယ်ရ်က ဘာမှမပြောဘဲ လျှောက်သွားခဲ့သည်။ တခြားသူသာဆိုရင်တော့ ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်သော်လည်း မာရီအန်း၏ ဒီအတိုင်းအတာလောက် ပူညံပူညံလုပ်မှုကိုတော့ ဘယ်လောက်ပဲဖြစ်ဖြစ် နားထောင်နိုင်ပါသည်။ မာရီအန်းက သူ့အား နွေးထွေးမှုဟူသည့် ခံစားချက်ကို သိရှိအောင် ပြသပေးသည့်သူ ဖြစ်သောကြောင့်ပင်။
~~~~~
'ဘုရင်မင်းမြတ် ပြန်လာပြီ' ဟူသော သတင်းကို ကြားလိုက်ရပြီးသည့်နောက်တွင် ယူဂျင်းခမျာ မှန်တင်ခုံတွင် ထိုင်နေသည့်အနေအထားမှ လှုပ်ရှားနိုင်ခြင်းပင် မရှိတော့ချေ။ သူ့မျက်လုံးများက ရှုပ်ထွေးနားမလည်နိုင်မှုဖြင့် လေဟာပြင်ထဲသို့ ရောက်တတ်ရာရာ ကြည့်လျက်ရှိနေခဲ့၏။
'ဘယ်လိုလုပ်မလဲ။ အဲ့ဒီလူက ဂျင်ရဲ့ မိသားစုပဲ။ တစ်ခုခုထူးဆန်းနေတာကို ချက်ချင်း သတိထားမိသွားလောက်တယ်မဟုတ်လား။'
ဆောက်တည်ရာမရဖြစ်လာသည်နှင့်အမျှ ခံတွင်းကလည်း ခြောက်သွေ့လာခဲ့သည်။ ဒီတစ်နေ့လေးပဲဖြစ်ဖြစ် လွတ်မြောက်ပါရစေလားဟူ၍ အသည်းအသန် မျှော်လင့်ဆုတောင်းခဲ့မိပေမဲ့ သူ၏ ထက်သန်သောဆုတောင်းမှာ မပြည့်ဝခဲ့ပေ။ တံခါးအပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရသည်။
"အာနီခါ။ အရှင်မင်းကြီး ကြွချီလာပါပြီ။"
'ဘာ။'
"အာနီခါ။ ဝင်လာခဲ့ပြီ။"
ထို့နောက်တွင် ကြားလိုက်ရသည့် အမျိုးသား၏ အသံကြောင့် ယူဂျင်း လန့်သွားခဲ့သည်။ တံခါးပွင့်သွားသည့် အခိုက်အတန့်တွင် ခုန်ထလိုက်မိတော့၏။
ခါဆယ်ရ်က အိပ်ခန်းထဲဝင်လာပြီး အရင်ဆုံး အိပ်ရာနှင့်ဆိုဖာကို ကြည့်လိုက်ပြီးမှ ထို့နောက် မှန်တင်ခုံရှေ့တွင် ရပ်နေသည့် ယူဂျင်းနှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။
မာရီအန်း၏ နားပူနားဆာလုပ်မှုကို သည်းမခံနိုင်၍သာ လာခဲ့သော်လည်း မိဖုရားကိုတော့ လုံးဝ စိတ်မပူမိပေ။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် ဘယ်တော့မှ လုပ်မည်မဟုတ်သည့် မိန်းမဖြစ်သောကြောင့်ပင်။
အဆာငတ်ခံသည်မှာ ဘယ်လိုမှမဖြစ်နိုင်ဘဲ ဟန်ဆောင်နေခြင်းသာ ဖြစ်ရပေမည်။ သူ့ခန္ဓာကိုယ် ထိခိုက်ရမည့်အတိုင်းအတာအထိတော့ အစားမစားဘဲ နေမည်မဟုတ်ချေ။
သူပြန်လာသည့်အချိန်ဝန်းကျင်တွင် ပုံမှန်မဟုတ်ဘဲ ပြုမူနေသည့် မိဖုရား၏ ရည်ရွယ်ချက်အစစ်အမှန်ကို ခါဆယ်ရ် သံသယဝင်မိရ၏။ နောက်ဆုံးမှာ မိဖုရားရဲ့အကြံတွေကို တစ်စွန်းတစ်စလောက်ပဲဖြစ်ဖြစ် သိနိုင်လောက်မလားမသိဘူးဟူ၍ တစ်ဖက်ကလည်း မျှော်လင့်မိခဲ့သည်။
သို့သော် သူ့ကို မျက်လုံးရွဲကြီးတွေ အဝိုင်းသားဖြင့်ကြည့်နေသည့် မိဖုရား၏ ပုံစံက အသစ်အဆန်းဖြစ်နေခဲ့သည်။ မိဖုရားကို ထိုကဲ့သို့သော အမူအရာမျိုးဖြင့် တွေ့ရသည်မှာ ဒါပထမဆုံးအကြိမ်ပင်။
'မရဏဘုရင် ခါဆယ်ရ်...'
ယူဂျင်းက သူ့အရှေ့တွင်ရှိနေသည့် လူဆီကနေ အကြည့်မခွာနိုင်ဖြစ်နေခဲ့သည်။
ပန်းပုဆရာ ထွင်းထုပုံသွင်းထားသည့်နှယ် ခံ့ညားလှသည့်ယောက်ျား၏ ဆံပင်တို့မှာ အင်မတန် ထင်ရှားတောက်ပသည့် အပြာရောင်ရှိ၏။ ယူဂျင်းနေထိုင်ခဲ့သည့်ကမ္ဘာတွင် ထိုကဲ့သို့သော ဆံပင်အရောင်မှာ ဆေးဆိုးမှသာ ရရှိနိုင်မည့်အရောင်ဖြစ်သည်။ သို့သော် သဘာဝအတိုင်း တောက်ပြောင်နေသည့် အပြာရောင်ဆံပင်သည် ဆေးဆိုး၍ ရရှိလာသည့် လုပ်ယူထားသော အပြာရောင်နှင့် အကွာကြီးကွာလှပေသည်။
မဟာမှ လူအများစုမှာ အညိုရောင်ဆံပင်နှင့် အညိုရောင်မျက်လုံး ရှိကြသူများဖြစ်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် အရောင်အနုအရင့်သာ အနည်းငယ် ကွာခြားမှုရှိကြသည်။
သူ၏ ဆံပင်အရောင်ကတော့ ထူးခြားလှ၏။ အဆင့်အတန်းအရိုက်အရာနှင့် အရည်အချင်းကို သင်္ကေတပြုသောကြောင့်ပင်။
မဟာတွင် ဘုရင်ခြောက်ပါးရှိသည်။ သူတို့တွင် ထူးခြားသည့် အစွမ်းများရှိကြ၏။ ဘုရင်တစ်ပါးစီတွင် မတူညီသည့် အရည်အချင်းများရှိကြပြီး ဆံပင်အရောင်နှင့် မျက်လုံးအရောင်တို့သည်လည်း ကွဲပြားကြပေသည်။
မဟာတွင် အပြာရောင်ဆံပင်နှင့် အပြာရောင်မျက်လုံး ရှိကြသူဟူ၍ မရဏဘုရင်နှင့် သူ၏ နောင်လာနောက်သား မျိုးဆက်များအပြင် မရှိကြပေ။
သူဖန်တီးထားသောကမ္ဘာမှ အရေးပါအရာရောက်သော ပုဂ္ဂိုလ်က လမ်းလျှောက်လျက်၊ စကားပြောလျက်ရှိနေသည်ကို မြင်တွေ့ရသည်တွင် ယူဂျင်းတစ်ယောက် အင်မတန်ပင် စိတ်လှုပ်ရှားနေတော့သည်။ မြင်ရတွေ့ရသည်ကို အင်မတန် ဝမ်းသာမိသည့်အတွက် လက်ဆွဲ၍ပင် နှုတ်ဆက်ချင်မိခဲ့သည်။ သို့ရာတွင် သူရောက်ရှိနေသည့်အခြေအနေကား ဤအဖြစ်ကို နှစ်သက်သဘောကျလို့မဖြစ်သည့် အခြေအနေပင်။
ဂျင် အာနီခါက ဆိုးယုတ်မှုကို ကိုယ်စားပြုသည်ဆိုလျှင် မရဏဘုရင် ခါဆယ်ရ်က သူနှင့်ဆန့်ကျင်ဘက်ဖြစ်သော ကောင်းမြတ်မှုကို ကိုယ်စားပြုသည့် ဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်ပေသည်။ ထို့အပြင် သူက ဂျင် အာနီခါ၏ နောက်ဆုံးထွက်သက်ကို နုတ်ယူမည့် အခန်းကဏ္ဍကို ယူထားသည့်ဇာတ်ကောင်ပင်။
'ငါ ဘာလို့ အဲ့ဒီလိုကြီး ရေးခဲ့တာပါလိမ့်နော်။'
အမှားလုပ်မိရင် ဒီလူ့လက်ထဲမှာ သေလောက်မလား။ ကျောပြင်က စိမ့်ခနဲအေးသွားတော့သည်။
ခါဆယ်ရ် ရယ်လိုက်မိသည်။ ဒီမိန်းမက ထူးဆန်းတဲ့အရာတွေကို လုပ်သတဲ့။ ရိုင်းတဲ့အတိုင်းအတာရောက်သည်အထိ ပေါ်တင်အကဲခတ်မှုပင်။
"အခု ဘာလုပ်မှာလဲ။"
"...ရှင်။"
"ပြောစရာပဲဖြစ်ဖြစ်၊ တောင်းဆိုစရာပဲဖြစ်ဖြစ် ရှိတယ်ဆိုရင် ရှင်းရှင်းလင်းလင်းသာပြော။"
သူ့လေသံက တစ်နည်းအားဖြင့် မာကျောခက်ထန်လှ၏။ မိဖုရား၏ အမြဲတစေ မသင်္ကာစရာဖြစ်နေသော စရိုက်အမူအကျင့်ကြောင့် ဒေါသထွက်နေခြင်းပင်။ မိဖုရားက မိသွားနိုင်ခြေရှိသည့် အလိမ်အညာများကို မပြောပေမဲ့ အမှန်ကိုလည်း ဟုတ်တိပတ်တိ ပြောဆိုခြင်းမရှိပြန်ပေ။
ယူဂျင်းက မျက်တောင် တစ်ချက်နှစ်ချက်ခတ်လိုက်ပြီး ထို့နောက်တွင် မသိမသာ မျက်လွှာချလိုက်သည်။ ဘုရင်မင်းမြတ် ဘာကြောင့် ဒေါသထွက်နေမှန်း စဉ်းစားမရခဲ့ပေ။
'ကြည့်နေလို့ မဖြစ်တာများလား။'
ယူဂျင်း၏ အပြုအမူက ခါဆယ်ရ့်ကို ပို၍ပင် ဆွပေးသလို ဖြစ်ခဲ့သည်။ သူက ထောင့်ချိုးတစ်ခုစောင်းပြီး ခေါင်းငဲ့လိုက်သည်။
'အကြည့်လွှဲတယ်ပေါ့လေ။'
မိဖုရားနဲ့ မတူသလိုဖြစ်နေသည်။ မိဖုရားက မျက်လုံးချင်းဆုံသွားသည့်အခါတွင် မျက်လုံးကိုလှိမ့်ပြီး ပြုံးပြခဲ့၏။
မိဖုရား၏ အပြုံးမျက်ဝန်းက ကြည့်လို့ကောင်းသည်ဟူ၍ ခါဆယ်ရ် တစ်ခါမှ မတွေးမိခဲ့ဖူးပေ။ မိဖုရား၏ နက်မှောင်သည့် မျက်ဝန်းနက်များက အမြဲတမ်း အေးစက်နေလေ့ရှိသောကြောင့်ပင်။ တစ်ခါတလေတွင် မိဖုရားက လူ့အရေခြုံထားသည့် အရုပ်တစ်ရုပ်များလားဟူ၍ တွေးမိဖူး၏။
"အစားမစားဘဲနေတာ နှစ်ရက်ရှိပြီလို့ကြားတယ်။ အဲ့ဒါကြောင့် အားလုံးက စိတ်ပူနေကြတာ။ ဘာအကြောင်းများရှိလို့လဲ။"
"ဘာမှမရှိပါဘူး။"
"ဆက်တိုက် ဒီလိုချည်းပဲ လုပ်နေတော့မှာလား။"
"တွေးစရာကိစ္စလေးတွေ နည်းနည်းရှိနေလို့ပါ။ အခု အဆင်ပြေသွားပါပြီ။"
ယူဂျင်းက အကြည့်ကို အောက်စိုက်ထားတာကြောင့် ခါဆယ်ရ်၏ မျက်နှာထားအပြောင်းအလဲကို သတိမထားမိလိုက်ပေ။ တဒင်္ဂကြာအောင် ဘာစကားမှ မကြားရသည့်အခါ ရင်တဒုတ်ဒုတ်ခုန်လာပြီး ချွေးပြန်လာတော့သည်။
'အမှားလုပ်လိုက်မိတာများလား။'
မသိရပေ။ တိုတိုတုတ်တုတ် အဖြေလေး တစ်ခွန်းနှစ်ခွန်း ပေးခဲ့မိသည်သာရှိ၏။
"ဘာအတွေးတွေများ တွေးနေရလို့ အဲ့ဒီလောက်အထိ ထွက်တောင်မတွေ့နိုင်ရတာလဲ။"
မိဖုရားတစ်ပါးအနေနဲ့ လုပ်သည့်အရာဟူ၍ ထိုတစ်ခုအပြင် မရှိသလောက်ရှားပေမဲ့ ခါဆယ်ရ်က ထိုအရာကိုပင် မလုပ်တော့ဘူးလားဟူ၍ ခနဲ့တဲ့တဲ့ ရွဲ့ပြောလိုက်ခြင်းပင်။
'ထွက်မတွေ့လို့ ဒေါသထွက်နေတာများလား။'
'ပြန်ရောက်လာပါပြီလား' ဟူ၍ ဆီးကြိုနှုတ်ဆက်ခြင်းက အဲ့ဒီလောက် အရေးကြီးသည်လား။ ယူဂျင်းက အနည်းငယ် မခံချင်ဖြစ်မိပေမဲ့ ရိုရိုကျိုးကျိုးပင် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်။"
ခါဆယ်ရ်၏ မျက်ခုံးများ တွန့်သွားတော့သည်။
'တောင်းပန်တယ်ပေါ့လေ။'
မိဖုရားက သူ့အမှားသူ အသိအမှတ်ပြုသည်ကို ဝတ်ကျေတန်းကျေ စိတ်ရင်းမပါသည့်စကားမျိုးလောက်တောင် တစ်ခါမှ မကြားဖူးခဲ့ပေ။ ခါဆယ်ရ်က သင်္ကာမကင်းသည့်မျက်လုံးများဖြင့် မိဖုရားကို နီးနီးကပ်ကပ်ကြည့်ပြီး ပြောခဲ့သည်။ သို့ရာတွင် သူ၏အသံက သိသိသာသာပင် နူးညံ့လာ၏။
"အစားအသောက်ကရော။ နေ့လယ်စာစားချိန်က တော်တော်လွန်သွားခဲ့ပြီဆိုပေမဲ့ ညစာစားချိန်ကလည်း တော်တော်လိုသေးတယ်။ ဘယ်လိုလုပ်မှာလဲ။"
ယူဂျင်းက တဒင်္ဂ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော် အစားအသောက်အကြောင်း စကားထဲပါလာသည်တွင် ရုတ်တရက် ဗိုက်က အင်မတန်ဆာလာ၏။
"အခု...စားလိုက်ပါ့မယ်။"
"ခဏနေရင် ညီလာခံရှိလို့ သွားရတော့မှာ။ ထွက်သွားရင်း အဆင်သင့်ပြင်ထားဖို့ ပြောလိုက်မယ်။"
"ဟုတ်ကဲ့။"
ယူဂျင်းက ဆက်တိုက်ခေါင်းငုံ့ထားခဲ့ရာက တံခါးပိတ်သွားသည့်အသံကို ကြားတော့မှပဲ ခေါင်းပြန်မော့ခဲ့သည်။ အရှိန်အဝါကြီးသည့် ယောက်ျားပင်။ ရုတ်တရက် အိပ်ခန်းက လစ်ဟာသွားသလားမှတ်ရ၏။ ယူဂျင်းက အောင့်ထားခဲ့သည့် ပင့်သက်ရှည်ရှည်ကို ရှူထုတ်လိုက်တော့သည်။
သူ့ကို ကန္တာရထဲမှ ရဲတိုက်အထိ စောင့်ကြပ်ပို့ဆောင်ပေးခဲ့ကြသည့် စစ်သည်တော်များရော၊ ရဲတိုက်တွင်တွေ့ရသည့် အမှုထမ်းများအားလုံးပါ သူ့ထက် အဆင့်အတန်းနိမ့်ပါးသူများ ဖြစ်ကြ၏။ ယူဂျင်း အမှားလုပ်မိခဲ့ရင်တောင် ဘယ်သူမှ သူ့အား အပြစ်တင်ခြင်း၊ ဝေဖန်ရှုတ်ချခြင်း လုပ်နိုင်ကြမည်မဟုတ်ချေ။
သို့ရာတွင် ဘုရင်ကတော့ ထိုသို့မဟုတ်ပေ။ သူက ဤတိုင်းပြည်တွင် အဆင့်အမြင့်ဆုံးလူဖြစ်ပြီး ဂျင် အာနီခါ၏ ခင်ပွန်းဖြစ်၏။
"ငါ့ရဲ့ ခင်ပွန်း..."
ယူဂျင်းက လေးလံစွာ သက်ပြင်းချလိုက်သည်။
သူက လက်ထပ်ဖို့မဆိုထားနှင့် ရည်းစားတောင် ဟုတ်တိပတ်တိထားခဲ့ဖူးသူမဟုတ်ပေ။ သူ၏ နောက်ဆုံး ပတ်သက်မှုက ဘယ်တုန်းက ဖြစ်ခဲ့သလဲဆိုသည်ကိုပင် မသိချေ။ တစ်သက်လုံး အချစ်နှင့် ခင်မင်ရင်းနှီးမှုကို လျစ်လျူရှုပြီး နေခဲ့သူဖြစ်၏။ ဖြစ်ချင်းဖြစ် တစ်ယောက်တည်းသာ အထီးကျန်ကျန် နေလိုက်မည်။ သူ၏ ခက်ခဲသည့်အခြေအနေအကြောင်း သူများတွေသိသွားကြလျှင် မာနထိခိုက်ရမည်ဖြစ်သောကြောင့်ပင်။
သို့သော် သူ့တွင် နေ့ချင်းညချင်းပင် ခင်ပွန်းတစ်ယောက် ရှိလာခဲ့သည်။
"ပြဿနာပဲ။ အခက်အခဲတွေက ရုတ်တရက်ကြီး မြင့်တက်လာတာပါလား။"
ခဏလောက်ပဲ စကားလေးနည်းနည်း ပြောရသေးပေမဲ့ ခါဆယ်ရ်က အပ်တစ်ချောင်းစာလောက် ဟာကွက်ကိုပင် အလွတ်ပေးမည့်သူ မဟုတ်သည့်ပုံပင်။ သူက အသာလေး ကျော်သွားလိုက်လို့ရမည့်သူမဟုတ်မှန်း အသေအချာ သိနေ၏။ ရှေ့လျှောက် ဘယ်လိုနေရမလဲဟုတွေးရင်း ခေါင်းက တဒိတ်ဒိတ်ထိုးလာတော့သည်။
~~~~~
ညီလာခံခန်းမဆီသို့ စင်္ကြံလျှောက်လမ်းအတိုင်း လျှောက်ဆင်းလာသည့် ခါဆယ်ရ်က ခြေလှမ်းရပ်လိုက်သည်။ သူ့နောက်မှလိုက်လာကြသည့် အပါးတော်မြဲများလည်း ရပ်တန့်သွားကြတော့သည်။
တဒင်္ဂ စဉ်းစားလိုက်ပြီးသည့်နောက်တွင် အနောက်ကို လှည့်ကြည့်လိုက်၏။ ဘုရင်မင်းမြတ်၏ မြင်ကွင်းကို ပိတ်ကွယ်မနေစေရန်အလို့ငှာ အပါးတော်မြဲများက ဘေးဘက်သို့ မြန်မြန်ရှဲပေးလိုက်ကြသည်။
မကြာခင်လာမည့် ညီလာခံအစား တခြားကိစ္စများက ခါဆယ်ရ်၏ စိတ်တွင် အပြည့်နေရာယူထားလျက်ရှိကြ၏။ ယခင်က ယခုလိုမျိုး တစ်ခါမှမဖြစ်ဖူးခဲ့ပေ။
သူက ရှင်းလင်းနေသည့် စင်္ကြံကိုမဟုတ်ဘဲ မျက်စိဖြင့်မမြင်နိုင်သည့် အလွန်သို့ ကြည့်ခဲ့သည်။ ထိုစင်္ကြံအတိုင်း လျှောက်သွားပြီး ထောင့်ချိုး၍ လှေကားအတိုင်း တက်သွားလိုက်မည်ဆိုလျှင် မိဖုရား၏ အိပ်ခန်းဆောင်ကို တွေ့ရပေမည်။
ယခု ခံစားနေရသည့် ထူးထူးဆန်းဆန်း ခံစားချက်က ဘာမှန်းမသိသော်လည်း တစ်ခုကတော့ သေချာပေသည်။ မိဖုရားနှင့် စကားတွေထပ်ပြောပြီး အဖြေရှာချင်သည်ဆိုသည့် အချက်ပင်။ မကြာခင်စတင်မည့် ညီလာခံကြောင့်သာမဟုတ်လျှင် မိဖုရားဆီ ပြန်သွားမိလောက်ပေသည်။
'ထူးဆန်းတယ်။'
ဒီနေ့ မိဖုရားက အမှန်တကယ်ပင် ထူးဆန်းနေခဲ့သည်။ သူ့လေသံနှင့် မျက်နှာထားတို့က ပုံမှန်နှင့် ကွဲပြားနေ၏။ မိဖုရားက 'ဒီလိုဖြစ်ပါတယ်၊ ဟိုလိုဖြစ်ပါတယ်' ဆိုတာလိုမျိုး တည်တည်တံ့တံ့ ဖြောင့်ဖြောင့်မတ်မတ် လေသံမျိုးဖြင့် တစ်ခါမှ စကားမပြောဖူးပေ။ နှာသံရောနေသလို နူးနူးညံ့ညံ့အသံမျိုးနှင့် ချွဲချွဲနွဲ့နွဲ့လေသံလုပ်ပြီး ပြောလေ့ရှိသူပင်။
~~~~~
Miel's Translations