အပိုင်း ၄၀
“အရှင်မင်းကြီးကရော ဘာဖြစ်လို့ ခေါင်းဆောင်းဝတ်ရုံ မဝတ်တာလဲရှင့်။”
“ငါ့အတွက်က ကိစ္စမရှိဘူး။”
“ကျွန်မက မျက်လုံးအရောင်ကြောင့် ဝတ်တာပါ။ အရှင်မင်းကြီးရဲ့ မျက်လုံးအရောင်ကိုမြင်ရင် လူတိုင်းသိသွားကြမှာရှင့်။”
“ပြောင်းလိုက်လို့ရတယ်။”
ခါဆယ်ရ်က တစ်ချက်လောက် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ ယူဂျင်းတစ်ယောက် မျက်လုံး ပြူးသွားရတော့၏။ တောက်ပသော သူ၏ အပြာရောင် မျက်လုံးများက အရောင်ပိုရင့်သွားတော့သည်။
“မှောင်တဲ့နေရာမှာကြည့်ရင် နေဗီပြာရောင်ရင့်ရင့်လို့ပဲ မြင်ရမှာ။”
“ဘယ်လိုလုပ်လိုက်တာလဲရှင့်။”
“ပရာ့ဂ်ျကို လှုပ်ရှားလိုက်တာလေ။ ဒါပေမဲ့ ရှင်းပြရတာတော့ ခက်တယ်။”
“မျက်လုံးအရောင် ပြောင်းထားရင်တောင်…တစ်ယောက်ယောက်က သိသွားရင် ဘယ်လိုလုပ်မလဲဟင်။”
“ငါ့ကို မှတ်မိမဲ့လူဆိုတာ မရှိသလောက်ပဲ။”
“ရှင်။ မြို့တော်ကလူတွေက အရှင်မင်းကြီးရဲ့ လက်ထပ်ထိမ်းမြားမှုကို မသိကြဘူးလား။”
“ဘာဖြစ်လို့ အဲ့ဒီလိုထင်ရတာလဲ။”
“အရှင်မင်းကြီးက ရဲတိုက်အပြင်ကို ခဏခဏ ထွက်တတ်လို့လေ...”
ယူဂျင်းတစ်ယောက် ပြောနေရင်းကနေ သဘောပေါက်သွားတော့သည်။ ဘုရင့်မျက်နှာကို တပ်အပ်မော်ကြည့်ရဲသည့် သာမန်အရပ်သားဟူ၍ ရှိမည်မဟုတ်ပေ။
တစ်ချက်ကြည့်လိုက်လျှင်ပင် အပြာရောင်ဆံပင်ကြောင့် အာရုံလွဲသွားမည်ဖြစ်ကာ ဘုရင်မင်းမြတ်၏ အပြာရောင်ဆံပင်နှင့် မျက်လုံးများကသာ ပြင်းထန်သောမှတ်ဉာဏ်အဖြစ် စွဲမြဲကျန်ရစ်ခဲ့မည်သာ။
သို့သော် ယင်းက ပြဿနာမဟုတ်။ ပြဿနာက ထိုလူ၏ မျက်နှာပင်။
“အရှင်မင်းကြီးကို မမှတ်မိကြဘူးဆိုရင်တောင် အရှင်မင်းကြီးက လူအာရုံစိုက်ခံရမှာပါ။ ကျွန်မကတော့ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ သွားပြီးပြန်လာချင်ပါတယ်။ သွားလေရာမှာ ပတ်ဝန်းကျင်ကလူတွေ ခိုးကြည့်နေကြမယ်ဆိုရင် စိတ်မသက်မသာဖြစ်ပြီး စိတ်ဖိစီးရမှာရှင့်။ အရှင်မင်းကြီးလည်း ကျွန်မလိုပဲ ခေါင်းဆောင်းဝတ်ရုံလေး ခြုံလိုက်ပါနော်။”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားတော့သည်။ ယူဂျင်းလည်း “အာ” ဟုဆိုရင်း မှားသွားမှန်း သဘောပေါက်သွား၏။ မလေးမခန့် ဘုရင်ကို အမိန့်ပေးနေသလို ဖြစ်သွားခြင်းပင်။
ပတ်ဝန်းကျင်မှလူများ တီးတိုးပြောဆိုနေရသည့် အကြောင်းရင်းမှာကား ယူဂျင်း စိုးရိမ်သလိုမဟုတ်ပေ။ ယူဂျင်းက သူနှင့် ဘုရင်မင်းမြတ် စကားပြောနေသည့်ပုံစံကို မည်မျှအထိ ရင်းနှီးပုံပေါက်နေမှန်း မသိခဲ့။
ပတ်ဝန်းကျင်ရှိလူများကို တမင်ထုတ်ကြွားခဲ့ခြင်းမဟုတ်။ ယူဂျင်းနေထိုင်ခဲ့ရာကမ္ဘာတွင် မရင်းနှီးကြသူများတောင် ရင်းနှီးသည့်ပုံစံဖြင့် ပေါ့ပေါ့ပါးပါး စကားပြောကြသည်က ပုံမှန်ပင်။
အားလုံးက အံ့ဩမှုကို ဖုံးဖိရန်အတွက် မျက်နှာများကို တင်းထားကြ၏။ သူတို့ မျှော်လင့်ထားသည်ထက် ဘုရင်နှင့်မိဖုရားက ပိုရင်းနှီးကြပုံပေါ်နေသည်။
မာရီအန်းက ရယ်သံစွက်လျင် ဝင်ပြောလေ၏။
“အရှင်မင်းကြီး။ အရှင်မိဖုရားအတွက် အပြင်ထွက်တာ မဟုတ်ပါလား။ အရှင်မိဖုရားပြောတဲ့အတိုင်းသာ လုပ်ပေးလိုက်ပါရှင့်။”
ယူဂျင်းက ခါဆယ်ရ့်အတွက် စိတ်မသက်မသာဖြစ်သွားရမည်စိုး၍ တုန်လှုပ်နေခဲ့မိ၏။ သို့သော် သူက အနောက်တွင် ရပ်နေသော အပါးတော်မြဲအကြီးအမှူးအား ဘာမှမဟုတ်သလို ပြောလိုက်သည်။
“ယူလာခဲ့။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ခဏနေတော့ အပါးတော်မြဲအကြီးအမှူးက ခေါင်းဆောင်းဝတ်ရုံကို ယူလာလေသည်။ ခေါင်းဆောင်းဝတ်ရုံ ဝတ်နေသော ခါဆယ်ရ်ကိုကြည့်ရင်း ယူဂျင်းတစ်ယောက် ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်ရ၏။ ထွေထွေထူးထူးမဟုတ်သော်လည်း သူ့စကားကို လိုက်နာသည့်ပုံစံက ထူးဆန်းနေသလိုပင်။
အပြင်ထွက်ရန် ပြင်ဆင်ပြီးသွားတော့ နှစ်ယောက်စလုံး နန်းတော်အပြင်ဘက်ကို ထွက်လာခဲ့ကြသည်။ ဥယျာဉ်ထဲတွင် မြင်းရထားနှင့် လူတစ်ယောက်က အသင့်စောင့်နေ၏။
ထိုလူ၏ အရပ်က အဝေးမှ ကြည့်လျှင်ပင် သာမန်အရပ်သားများနှင့် ကွာခြားမှန်း သိသာလှပေသည်။ ယူဂျင်းက ထိုလူကို ကိုယ်ရံတော်ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။
“ဆဗဲန်။”
ခါဆယ်ရ်က ထိုလူ၏နာမည်ကို ခေါ်လိုက်သည်။
ဆဗဲန်က ဘုရင်မင်းမြတ်ကို ဦးညွှတ်ပြီး ဘုရင်မင်းမြတ်အပါးတွင်ရပ်နေသည့် မိဖုရားအား တစ်ဖန်ထပ်၍ ဦးညွှတ်အရိုအသေပေးခဲ့၏။
“ဂျမိုင်း ဆဗဲန်ပါခင်ဗျ။ အရှင်မိဖုရားကို ဂါရဝပြုပါတယ်။ ဒီနေ့ အရှင်မိဖုရားရဲ့အပါးမှာ ကာကွယ်စောင့်ကြပ်ပေးပါ့မယ်။”
ယူဂျင်းတစ်ယောက် ဂါရဝပြုနေသည့် စစ်သည်တော်၏ မျက်နှာက စိမ်းမနေသလို ခံစားလိုက်ရသည်။
“မတွေ့တာကြာပြီနော်၊ ဆာ ဆဗဲန်။”
ဆဗဲန်ကား ယူဂျင်း သဲကန္တာရထဲ၌ မျက်လုံးပွင့်ပွင့်ချင်း ပထမဆုံးတွေ့ခဲ့ရသူဖြစ်ပြီး သူ့ကို နန်းတော်အထိ စောင့်ကြပ်ပို့ဆောင်ပေးခဲ့သော စစ်သည်တော်တပ်မှူးပင်။ ထိုစဉ်က ယူဂျင်းတစ်ယောက် သူတို့ သူ့ကို တခြားတစ်ယောက်ယောက်နှင့် လူမှားနေသည်ဟု နားလည်မှုလွဲခဲ့မိ၏။
သူတို့ရှာနေကြသူက သူမဟုတ်မှန်း သိသွားကြလျှင် ကန္တာရအလယ်တွင် သူ့ကို ပစ်ထားခဲ့လိမ့်မည်ဟု တွေးခဲ့မိသည်။ ထို့ကြောင့် ကန္တာရထဲတွင် သွားနေစဉ်တစ်လျှောက်လုံး မိမိ၏အချက်အလက်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားရန်အတွက် ပါးစပ်ပိတ်ပြီး နေခဲ့၏။
ဆဗဲန်က မလိုအပ်ဘဲနှင့် စကားမပြောဘဲနေကာ ယူဂျင်းနှင့် အကွာအဝေးကို ထိန်းထားခဲ့သည်။ အစားအသောက်နှင့် အိပ်စက်ရေးအတွက် ဂရုစိုက်ပေးသည့်နေရာတွင်တော့ ဖြစ်ကတတ်ဆန်း မလုပ်ခဲ့။
သူစိမ်းများနှင့် သဲကန္တာရထဲတွင် အတူနေပြီး ဘယ်ဆီမှန်းမသိသည့် နေရာကို ဆွဲခေါ်ခံနေရသဖြင့် ယူဂျင်းတစ်ယောက် လုံးဝထိတ်လန့်တုန်လှုပ်နေခဲ့၏။ ယခု ပြန်တွေးကြည့်လျှင် ဆဗဲန်၏ အသာတိတ်တိတ် ဂရုစိုက်မှုက အများကြီး အထောက်အကူဖြစ်ခဲ့ပေသည်။
“အဲ့ဒီတုန်းကအတွက် ကျေးဇူးပါပဲ။”
“လုပ်ရမဲ့တာဝန်ကို လုပ်ဆောင်ခဲ့ရုံပါ။ မြင်းရထားပေါ် တက်ပါခင်ဗျ၊ အရှင်မိဖုရား။”
နှစ်ယောက်စလုံး မြင်းရထားပေါ် တက်လိုက်ပြီးသည့်နောက်တွင် မြင်းရထားလည်း စတင်ထွက်ခွာလေတော့သည်။
“အရှင်မင်းကြီး။ ကိုယ်ရံတော်က ဆဗဲန်တစ်ယောက်တည်းလားရှင့်။”
ခါဆယ်ရ်က ခေါင်းညိတ်ခဲ့သည်။
'ငါက တစ်ယောက်တည်းပဲထားလို့ ပြောခဲ့တဲ့စကားကို နားထောင်တယ်ပေါ့လေ။'
ယူဂျင်း ထိုကိစ္စနှင့်ပတ်သက်၍ သူနှင့် အချေအတင်ငြင်းခုံခဲ့သော်လည်း အဆုံးသတ်နိုင်ခြင်းမရှိခဲ့။ ထိုနေ့က ခါဆယ်ရ့်သဘောထားမှာ မြဲမြံခိုင်မာလှသဖြင့် သူ၏ခေါင်းမာမှုအတိုင်းသာ လုပ်ဆောင်လိမ့်မည်ဟု ထင်ခဲ့မိ၏။
ကြီးမားသည့် အလျှော့ပေးမှုမဟုတ်သော်လည်း ယူဂျင်း၏ဝတ္ထုထဲမှ မရဏဘုရင်ကား ထိုထက်ပိုပြီး အာဏာရှင်ဆန်သူပင်။ သူ့ကိုယ်သူ မှန်ကန်သည်ဟုယူဆသည့်အတိုင်း ဆုံးဖြတ်လိုက်လျှင် ဘယ်တော့မှ ပြောင်းလဲခြင်းမရှိပေ။
‘သတိထားမှပဲ။ ဝတ္ထုထဲက မရဏဘုရင်ကို အခြေခံပြီး ဆုံးဖြတ်ရင် မှားသွားနိုင်တယ်။’
“အခု ဘယ်ကိုသွားနေတာလဲရှင့်။”
“ရင်ပြင်ကို။ ရင်ပြင်ကို ဗဟိုပြုပြီး လမ်းတွေက ခွဲသွားတာဆိုတော့ ဘယ်ကိုသွားချင်လဲဆိုတာကို မင်း ဆုံးဖြတ်ပေါ့။”
မြင်းရထား ရပ်သွားခဲ့သည်။ ခဏအကြာတွင် အပြင်ဘက်မှ တံခါးဖွင့်ပေးလာ၏။ ခါဆယ်ရ်က အရင်ဆင်းလိုက်ပြီး နောက်မှဆင်းလာသည့် ယူဂျင်းကို လက်လှမ်းပေးကာ ကူညီပေးခဲ့သည်။
ယူဂျင်းက ဘယ်ပြန်ညာပြန် ခေါင်းကိုလှည့်ပြီး ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း စနည်းနာလိုက်သည်။ မြင်းရထားရပ်ထားသည့်နေရာက ရင်ပြင်စတင်ရာ နေရာ၏ အစွန်းဘက်ဖြစ်၏။
‘ဝါး…'
ရင်ပြင်၏အလယ်တွင် လှပသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။ သစ်ပင်ကို ဗဟိုပြုကာ တိုင်များဝိုင်းပတ်စိုက်ထူထားပြီး မီးပန်းများ တပ်ဆင်ထား၏။ ထို့ကြောင့် မှောင်နေသည့် ညအခါ၌ပင် သစ်ရွက်ပုံစံများကို မြင်ရလောက်အောင် လင်းနေလေသည်။
ယူဂျင်းက မြေပြင်သို့ အကြည့်ကိုနှိမ့်လိုက်သည်။ အရောင်မျိုးစုံနှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ကျောက်ခဲများကို မြေပြင်ပေါ်တွင် ပန်းချီအကွက်ဖော်ထားသလို ခင်းကျင်းထား၏။ ဤရင်ပြင်ကို မြင်သည်နှင့် ယူဂျင်း၏ခေါင်းထဲသို့ ပုံရိပ်တစ်ခု ဝင်လာတော့သည်။
“အထွတ်အမြတ်မြို့တော်။”
အထွတ်အမြတ်မြို့တော်၏ ရင်ပြင်ကို ပုံစံတူယူပြီး ဖန်တီးထားသည့်ရင်ပြင် ဖြစ်မည်မှာ ကျိန်းသေပေသည်။ သို့သော် ပုံစံကိုသာ ပုံတူယူထားခြင်းဖြစ်ကာ ရင်ပြင်၏ အရွယ်အစားမှာမူ အထွတ်အမြတ်မြို့တော်ထက် သေးငယ်၏။ သစ်ပင်ကလည်း ပို၍သေးသည်။
စိတ်ကူးထဲ၌သာ ပုံဖော်ကြည့်ဖူးသော်လည်း အထွတ်အမြတ်မြို့တော်မှ ရင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်မှုက အံ့ဩဖွယ်ကောင်းလောက်အောင် ကြီးမားကျယ်ပြန့်လှ၏။
“လူတွေ အများကြီးပဲ။”
ညဘက် လမ်းလျှောက်ထွက်လာပုံရသော မိသားစုများ၊ ချစ်သူတွေလို ကပ်လျက်လမ်းလျှောက်နေကြသော ယောက်ျား မိန်းမများ၊ သစ်ပင်ကြီးအောက်မှ ခုံတန်းရှည်ပေါ်တွင်ထိုင်ကာ စကားပြောနေကြသူများနှင့် ကျယ်ပြောလှသည့် ရင်ပြင်က စည်ကားရှုပ်ထွေးနေသည်။
ကြီးမားခမ်းနားသည့် ရဲတိုက်ကို ပထမဆုံးအကြိမ် မြင်ခဲ့ရစဉ်ကထက် ရင်ခုန်ပိုမြန်နေ၏။ ရဲတိုက်က လက်တွေ့မဆန်လှသဖြင့် လက်တွေ့ဆန်သည့် ခံစားချက်မျိုး မရှိခဲ့။ သို့သော် ရင်ပြင်၏ပုံစံက ယူဂျင်းအဖို့ ရင်းနှီးသော မြင်ကွင်းဖြစ်သဖြင့် အများကြီးပို၍ စိတ်ကိုရိုက်ခတ်နိုင်ခဲ့ပေသည်။
ဤလူများမှာ မဟာတွင် နေထိုင်ကြသည့် သာမန်အရပ်သားများပင်။ ယူဂျင်းနေခဲ့သောကမ္ဘာနှင့် ကွာခြားမှု အများကြီးမရှိပေ။
‘တကယ်ပဲ အခု...ငါ ဘယ်ရောက်နေတာပါလိမ့်။’
ဤနေရာက တကယ် ဝတ္ထုထဲက ကမ္ဘာလား။ ဤအရာအားလုံးကို စိတ်ကူးဖြင့်သာ ဖန်တီးထားခဲ့ခြင်းလား။
“ယူဂျင်း။”
ယူဂျင်း ဆတ်ခနဲတုန်သွားသည်။ အောက်ငုံ့ကြည့်လိုက်တော့ ကိုယ်တိုင်ပင်မသိဘဲ ခါဆယ်ရ်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားလျက်ရှိနေကြောင်း သတိထားမိသွား၏။
လက်မှအားကိုလျှော့ပြီး ပြန်လွှတ်ရန်ပြင်လိုက်တော့ ဒီတစ်ခါ ခါဆယ်ရ်က သူ့လက်ကို တင်းတင်းပြန်ဆုပ်ကိုင်လာသည်။ ယူဂျင်း ခေါင်းမော့လိုက်တော့ ခါဆယ်ရ်နှင့် အကြည့်ချင်းဆုံသွား၏။
“ပြန်ကြမလား။”
သူ့အသံတွင် စိုးရိမ်မှုများစွက်နေသည်။ ယူဂျင်းလည်း ခေါင်းခါလိုက်၏။
“ထင်ထားတာနဲ့ မတူလို့ နည်းနည်းအံ့ဩသွားတာပါ။ တအားငြိမ်းချမ်းနေသလိုပဲလေ။ ဘာမှ မဖြစ်ခဲ့သလိုမျိုး။”
ခါဆယ်ရ်က အသစ်အဆန်းဖြစ်သလို ခံစားချက်နှင့် ရင်ပြင်ပေါ်မှ ပြည်သူများကို စိုက်ကြည့်ခဲ့သည်။ မနေ့က တစ်စုံတစ်ယောက် သေဆုံးခဲ့လျှင်တောင် အသက်ရှင်ကျန်ခဲ့သူများကတော့ ဒီနေ့ကို ဆက်ပြီးနေထိုင်သွားကြရမည်သာ။
ဘုရင့်တိုင်းပြည်မှ ပြည်သူများအတွက်ကတော့ သဘာဝကျသော စိတ်ခံစားမှု ဖြစ်ပေလိမ့်မည်။ ဤသဘောကို ဤနေရာတွင် မွေးဖွားကြီးပြင်းလာသူမဟုတ်လျှင် နားလည်နိုင်မည်မဟုတ်ပေ။
“မင်းလည်း အသားကျသွားရင်ကောင်းမယ်။”
“မကြိုက်တဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ အ။”
ယူဂျင်းတစ်ယောက် ရုတ်တရက် ခါဆယ်ရ် သူ့လက်ကိုဆွဲပြီး မြန်မြန်လျှောက်သွားသဖြင့် ခြေလှမ်းစိပ်စိပ်လေးများနှင့် အနောက်မှ အမီလိုက်ခဲ့ရသည်။ ခါဆယ်ရ်က ခေါင်းလှည့်လာကာ အမီလိုက်နေသည့် ယူဂျင်းကိုကြည့်ပြီး ခြေလှမ်းများကို နှေးလိုက်၏။
ယူဂျင်းလည်း ခါဆယ်ရ့်လက်ထဲမှ သူ့လက်သူကြည့်ရင်း တွေးလိုက်မိသည်။
‘ဒိတ်လုပ်နေရသလိုပဲ။’
နှစ်ဦးသား ရင်ပြင်အလယ်ရှိ သစ်ပင်အနားအထိ လျှောက်သွားခဲ့ကြသည်။
“ဘယ်ကိုသွားချင်လဲ။”
ရင်ပြင်ကို ဗဟိုပြု၍ လမ်းများက အမြောက်အမြား ခွဲထွက်သွားကြသည်။ မှူးမတ်များ၏ နေအိမ်များ၊ သာမန်အရပ်သားများ၏ နေအိမ်များ၊ ဆိုင်တွေစုစည်းထားသည့်လမ်း အစရှိသဖြင့်။
“အမ်…”
ယူဂျင်းက မလှုပ်မယှက်ရပ်ပြီး စဉ်းစားနေရာမှ ဖြည်းဖြည်းချင်း လှည့်လာခဲ့သည်။
“ဒီနေ့ အကုန်လုံးတော့ သွားလို့မရဘူး။”
“ဟုတ်ကဲ့။ အရှင်မင်းကြီးလည်း အချိန်ဖဲ့ယူပြီး ထွက်လာခဲ့ရတာ မဟုတ်လားရှင့်။ အချိန်အကြာကြီးမယူပါဘူး။ နောက်တစ်ခါမှ ဖြည်းဖြည်းချင်း ကြည့်လို့ရတာပဲလေ။”
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ ယူဂျင်းပြောသည့် ‘နောက်တစ်ခါ’ တွင် သူ ပါဝင်ပုံမရပေ။
ယူဂျင်းနှင့် အပြင်ထွက်လာခဲ့သည့်အချိန်ကို နှမြောစရာဟု မတွေးမိခဲ့။ သို့သော် ယူဂျင်းက ရွဲ့ပြောခြင်း၊ မကျေမနပ်ပြောနေခြင်းမျိုးမဟုတ်ဘဲ သဘာဝကျကျ ပြောနေခြင်းဖြစ်၍ နားလည်မှုလွဲမှားနေခြင်းကို ပြုပြင်ပေးရန် သင့်တော်သည့်စကားကို မစဉ်းစားနိုင်ခဲ့ချေ။
“ဒါက…”
“ဟိုဘက်ကိုပါ။”
စကားပင်မပြောရသေးခင် အတားခံလိုက်ရသည့် ခါဆယ်ရ်တစ်ယောက် ယူဂျင်း ညွှန်ပြရာဘက်ကို ကြည့်လိုက်သည်။
“ဟိုဘက်သွားရင် ဘာတွေရှိလဲရှင့်။”
“ကုန်သည်တွေရဲ့ ဂိုဒေါင်တွေ၊ ကူးသန်းရောင်းဝယ်ရေးလုပ်တဲ့သူတွေနဲ့ တိုင်းတစ်ပါးကလာတဲ့လူတွေ တည်းခိုကြတဲ့ တည်းခိုခန်းတွေရှိတယ်။”
“အဲ့ဒီဘက်ကို သွားကြည့်ပါမယ်။”
“အဲ့ဒီဘက်လား။ ကြည့်စရာ များများစားစားမရှိတာကို။”
“အဲ့ဒီနေရာက မျက်လုံးထဲထင်းနေလို့ပါ။ သွားကြမလားဟင်။”
ခါဆယ်ရ်က ယူဂျင်း၏ရွေးချယ်မှုကို မနှစ်မြို့ခဲ့။ ခရီးသွား အများအပြား ဝင်ထွက်သွားလာရာ နေရာဖြစ်သဖြင့် လုံခြုံရေးက မတည်မငြိမ်ဖြစ်တတ်ပေသည်။ သို့သော် သူက ဘာမှမပြောဘဲ ယူဂျင်းသွားချင်သည့် လမ်းအတိုင်း လျှောက်ခဲ့၏။ သူနှင့်အတူရှိနေသဖြင့် ပြဿနာဖြစ်မည်မဟုတ်ဘူးဟုတွေးလျက်။
သူ့အပါးမှ အတူတူလျှောက်လာသော ယူဂျင်း၏ မျက်လုံးများက မတည်မငြိမ်လှုပ်ရှားနေသည်။
‘ဘာဖြစ်လို့ အဲ့ဒီနေရာက မျက်လုံးထဲဝင်လာရတာလဲ။’
ရင်ပြင်၏အလယ်မှ ယခု သွားနေသည့်ဘက်ကို ကြည့်လိုက်စဉ် ဘာကြောင့်မှန်းမသိ ရင်းနှီးနေသလို ခံစားခဲ့ရသည်။
ရင်ပြင်၏အစွန်းသို့ ရောက်လေလေ ရင်းနှီးနေသလိုခံစားချက်က မှားယွင်းသည့်ခံစားချက် မဟုတ်မှန်း ပို၍ သိလာရလေပင်။
‘ဒီနေရာကို... သိတယ်။ ရောက်ဖူးတယ်။’
အတိအကျပြောရလျှင် ဂျင်၏မှတ်ဉာဏ်ပင်။ ယူဂျင်း ရဲတိုက်တွင် ပထမဆုံးအကြိမ် စားသောက်ဆောင်သို့ သွားခဲ့စဉ်က စိတ်ထဲ၌ရိုက်နှိပ်ထားသကဲ့သို့ စွဲမြဲနေသော မှတ်ဉာဏ်များကို ပြန်သတိရလိုက်သလို ခံစားချက်နှင့် ဆင်တူ၏။
‘ဂျင်က အိပ်ခန်းနဲ့ စာကြည့်ခန်းမှာပဲ နေတယ်ဆိုပြီးတော့။ ဘယ်တုန်းက ဒီနေရာကို ရောက်ဖူးတာပါလိမ့်။’
“ကျွန်မ အရင်က အပြင်ကို ခဏခဏ ထွက်ဖူးလားရှင့်။”
“မင်းက ရဲတိုက်အပြင်ကို မထွက်ဖူးဘူး။”
ယူဂျင်း၏ နှလုံးက တဒိတ်ဒိတ် ခုန်လာသည်။
‘ဘုရားရေ။ ဘာလို့ ဂျင်က နန်းတော်ထဲမှာပဲ ရှိနေမယ်လို့ တွေးမိတာပါလိမ့်။ ဘယ်သူမှမသိအောင် နန်းတော်အပြင်ကို ထွက်ခဲ့မှာ သေချာတယ်။’
စာကြည့်ခန်းထဲ၌သာ ခေါင်းမဖော်တမ်း စာအုပ်ပဲ ဖတ်နေမည့် ဂျင်ဟူ၍ အင်မတန် ရိုးရှင်းစွာ တွေးခဲ့မိသည်။ မာရာ၏ ကိုယ်စားပြုဖြစ်လာကာ ဤကမ္ဘာကို ဖျက်ဆီးရန် ကြံရွယ်နေသည့် ဗီလိန်ယောက်၏ လှုပ်ရှားမှုကို ယူဂျင်း လျှော့တွက်မိခဲ့ခြင်းပင်။
‘စာကြည့်ခန်းက ဟန်ပြသက်သက်ထားတာလား။ ဆင်ခြေဖန်တီးဖို့အတွက်ပဲလား။’
သူတို့သုံးယောက် ရင်ပြင်၏ အစွန်းဘက်မှ ဆက်နေသည့်လမ်းကို ဝင်လိုက်ကြသည်။
ယူဂျင်းက မျက်လုံးကိုလှိမ့်ကာ ပတ်ဝန်းကျင်ကို စနည်းနာလိုက်၏။ ဂိုဒေါင်များဟု ထင်ရသည့် ရိုးရိုးရှင်းရှင်း အဆောက်အအုံများ၏အရှေ့တွင် သစ်သားသေတ္တာများ ပုံထားကာ အလုပ်သမားလိုပုံစံနှင့် လူများက ပစ္စည်းများကို ရွှေ့ပြောင်းနေကြသည်။
‘ဂျင် ဒီမှာ ဘာလုပ်ခဲ့တာပါလိမ့်။ ကုန်သည်တွေရဲ့ ဂိုဒေါင်တွေရှိတယ်ဆိုတော့ လျှို့ဝှက်ပစ္စည်းတစ်ခုခုကို ရှာဖို့လာခဲ့တာလည်း ဖြစ်နိုင်တာပဲ။’
မြင်သာထင်သာရှိသည့်အရာ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။ ထိုစဉ် ယူဂျင်း၏ မျက်လုံးများ ရပ်တန့်သွားတော့သည်။ သူ့ခြေလှမ်းများလည်း ရပ်တန့်သွား၏။
အကြမ်းဖျင်းကြည့်လျှင် နှစ်ထပ်အဆောက်အအုံဟောင်းတစ်ခုပင်။ နဂိုက အပြာနုရောင် ဆေးသုတ်ထားသည့် အပြင်ဘက်နံရံမှာ အချိန်ကြာမြင့်စွာ ထပ်မံပြုပြင်မွမ်းမံခြင်း မရှိသဖြင့် ဟိုတစ်စဒီတစ်စ ကွာကျကာ ညစ်ပတ်နေ၏။
ယူဂျင်း ရပ်လိုက်တော့ ခါဆယ်ရ်ကလည်း လိုက်ရပ်ပြီး သူကြည့်နေရာဘက်ကို လှည့်ကြည့်ခဲ့သည်။
“ပိတ်ထားတဲ့ တည်းခိုခန်းပဲ။”
“ပိတ်ထားတဲ့ နေရာတဲ့လား။”
“ပြတင်းပေါက်တွေကို သစ်သားပြားနဲ့ ရိုက်ထားတယ်လေ။ အဆောက်အအုံကို ပိတ်ထားတယ်ဆိုတဲ့ သဘောပဲပေါ့။”
သူ့စကားအတိုင်း သစ်သားပြားရိုက်ထားသည့် ပြတင်းပေါက်များကို ယူဂျင်းတစ်ယောက် မှင်တက်စွာ ကြည့်နေမိသည်။ မျက်လုံးများကို မှိတ်လိုက်၊ ဖွင့်လိုက်တိုင်း ပုံရိပ်အများအပြားက မျက်စိရှေ့တွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေ၏။
အတွင်းသို့ဝင်သွားလိုက်လျှင် ဒုတိယထပ်သို့ တက်သွားမည့် ကျောက်လှေကားတစ်ခုရှိသည်။ အပြင်ဘက်မှ ကြည့်လျှင်တော့ ပျက်စီးနေသည့် အဆောက်အအုံဟု ထင်ရသော်လည်း အဆောက်အအုံ၏ အတွင်းမှ ကျောက်လှေကားက ပဲ့နေသောထောင့်များမရှိဘဲ ခိုင်ခံ့လှ၏။
ဒုတိယထပ်၏ ကျဉ်းမြောင်းသော စင်္ကြံနှင့် မျက်နှာချင်းဆိုင်တွင် အခန်းပေါင်းများစွာရှိသည်။ ယင်းတို့အနက် အခန်းတစ်ခန်း၏ တံခါးက ပုံကြီးချဲ့လိုက်သလို ကြီးလာကာ နောက်ခံပုံရိပ်အဖြစ် ကျန်နေခဲ့၏။
နောက်ထပ် မြင်လိုက်ရသည်က မှောက်လျက်လဲနေသည့် လူတစ်ယောက်၏ ဦးခေါင်းပင်။ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို လှန်လိုက်သကဲ့သို့ နောက်ထပ် ပုံရိပ်တစ်ခုသို့ ကူးပြောင်းသွား၏။
မှောက်လျက်လဲနေသည့်လူက ခေါင်းမော့လာသည်။ ပထမဆုံးအကြိမ် တွေ့ဖူးသောလူပင်။ ထိုလူ၏ မျက်လုံးများက နီရဲနေ၏။
ယူဂျင်းလည်း အလန့်တကြား ပင့်သက်ရှိုက်လိုက်မိသည်။ ယိုင်သွားသော သူ၏ကိုယ်ကို ခါဆယ်ရ်က လျင်မြန်စွာ ဖမ်းထိန်းလိုက်၏။
ခါဆယ်ရ့် မျက်နှာက တင်းမာသွားတော့သည်။ သူ့ကို ကြည့်နေသည့် ယူဂျင်း၏မျက်နှာက သွေးဆုတ်ဖြူရော်လျက်။
“ရရဲ့လား။ ဘယ်နားက မသက်မသာဖြစ်လို့လဲ။”
“... ညစာ...အစားမှားသွားတာထင်ပါတယ်။”
“အဲ့ဒါကို ဘာလို့ အခုမှပြောရတာလဲ။ ပြန်ကြမယ်။ လမ်းလျှောက်နိုင်လား။”
ယူဂျင်း ခေါင်းညိတ်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်ခဲ့ကာ ရပ်တန့်သွား၏။ ဘယ်လောက်တောင် လန့်သွားသလဲဆိုလျှင် ခြေထောက်တွင် အားပင်မရှိတော့။
“အား”
ရုတ်တရက် မျက်စိရှေ့မှ အရာများ လည်သွားတော့ ယူဂျင်းတစ်ယောက် ခပ်ပြတ်ပြတ် အော်လိုက်မိသည်။ ဘယ်တုန်းကတည်းက ခါဆယ်ရ့်ရင်ခွင်ထဲ ရောက်နေခဲ့သည်မသိသော သူ့ခန္ဓာကိုယ်က မြေပြင်နှင့် ကင်းကွာနေ၏။
ယူဂျင်လည်း အသာတကြည် အားလျှော့ကာ ခါဆယ်ရ်၏ကိုယ်ပေါ်တွင် မှီထားလိုက်သည်။ ခါဆယ်ရ့် ပခုံးကိုကျော်၍ မြင်နေရသော အဆောက်အအုံဟောင်းက တဖြည်းဖြည်း မြင်ကွင်းမှ ဝေးကွာသွားတော့၏။
ယူဂျင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ အင်မတန် ပင်ပန်းလှပြီ။ ဂျင်၏မှတ်ဉာဏ်များ ဤမျှအထိ အများကြီးနှင့် ပြင်းပြင်းထန်ထန် ပေါ်လာခြင်းမှာ ပထမဆုံးအကြိမ်ပင်။
~~~~
Miel's Translations