အပိုင်း ၃၆
လာ့ခ် အလိုက်ထွက်ရာတွင် ဘုရင်ကိုယ်တိုင် ရှေ့တန်းမှ ဦးဆောင်ရသည်။ ထိုသို့ အန္တရာယ်ရှိသော စစ်ပွဲတွင် ဘုရင်က ရှေ့တန်းမှ ဦးဆောင်နေချိန်၌ တိုင်းရေးပြည်ရေးကိစ္စများတွင်လည်း ချို့ယွင်းလစ်ဟင်းမှုများ ဖြစ်ပေါ်လေ့ရှိ၏။
လာ့ခ် အလိုက်ထွက်ခြင်းကား အဆုံးမရှိသော စစ်ပွဲတစ်ခုပင်။ တာဝန်ရှိသူ ရှိမနေခြင်းက တိုင်းပြည် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်လာစေပေမည်။
တစ်စုံတစ်ယောက်ကတော့ ထိုနေရာလွတ်ကို ဖြည့်ဆည်းပေးရမည်ဖြစ်သဖြင့် ဘုရင်က သူနှင့်အာဏာချင်းယှဉ်နိုင်သူတစ်ဦးအား ဘုရင်ကိုပံ့ပိုးကူညီရန် ခန့်အပ်လေ့ရှိ၏။
ယင်းမှာ မဟာဟူသောကမ္ဘာ၏ အမြင်တွင်သာ ဖြစ်နိုင်သည့် စနစ်တစ်ခုပင်။ နန်းရင်းဝန်၏ အာဏာက မည်မျှပင်ကြီးမားပါစေ ဘုရင်၏ ရာဇပလ္လင်ကိုတော့ လုံးဝသိမ်းပိုက်နိုင်မည်မဟုတ်ပေ။ အစားထိုး၍မရသော ဘုရင်နှင့် တော်ဝင်မိသားစုက အာဏာကို လုံးဝပိတ်ဆို့ချုပ်ကိုင်ထား၏။ နန်းရင်းဝန်၏ အာဏာမှာမူ သူနှင့်သက်ဆိုင်သော နယ်ပယ်တွင်သာ အကန့်အသတ်ရှိပေသည်။
ထို့ကြောင့် အကောင်းအဆိုးများလည်း ရှိလာ၏။ ဘုရင်က မိမိ၏ရာထူးကို ကာကွယ်ရန်နှင့် သားသမီးများကို ချစ်ခင်ရန် မလိုအပ်တော့ပေ။
တချို့ဘုရင်များဆိုလျှင် မိမိ၏တိုင်းပြည်အား စောင့်ရှောက်ရမည့်တာဝန်ကို နန်းရင်းဝန်ထံ လွှဲအပ်ကာ လာ့ခ် အလိုက်ထွက်လျှင်ထွက် မဟုတ်လျှင်လည်း အထွတ်အမြတ်မြို့တော်မှ လူမှုရေးလှုပ်ရှားမှုများတွင် အာရုံစိုက်ကြလေ့ရှိ၏။
သို့သော် ဟာရှီတွင်တော့ ဘုရင်၏ မိန့်ကြားချက်က တိုင်းတစ်ပါးနှင့် ကွဲပြားသော ထုံးတမ်းအစဉ်အလာတစ်ခုဟု ယုံကြည်ထားကြသည်။ မျိုးရိုးစဉ်ဆက်အလိုက် ဘုရင်က တိုင်းပြည်ရေးရာများကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူကာ နန်းရင်းဝန်၏ အကူအညီဖြင့် ဖြေရှင်းလေ့ရှိ၏။ ဘုရင်မသိလိုက်သော တိုင်းပြည်ရေးရာဟူ၍မရှိပေ။
ဘယ်ရုစ်က ပြီးခဲ့သည့် ခြောက်သွေ့ရာသီအပြီးတွင် မိဖုရား ပျောက်ဆုံးမှုကြောင့် မျက်နှာပျက်စရာဖြစ်ခဲ့ရသည်။ ထို့ကြောင့် လာ့ခ် စစ်တပ်နှင့် တိုက်ပွဲဖြစ်မည့် အရိပ်အယောင်များ ပေါ်လာသောအခါ မိဖုရား၏ လုံခြုံရေးကို စောင့်ကြည့်နေခဲ့၏။
ရဲတိုက်ဝန်းကျင်တွင် စစ်သည်အချို့ကို စောင့်ကြည့်စေသည်အထိသွားကာ ယခင်တစ်ခါလို အရှက်တကွဲမျက်နှာပျက်စရာကိစ္စမျိုးကို ကြိုတင်ကာကွယ်ရန် ကြိုးစားခဲ့သည်။
လက်အောက်ငယ်သား စုံစမ်းစစ်ဆေးမှုပြီးဆုံး၍ ပြန်လာမည်ကို စောင့်နေစဉ်တွင် ဘယ်ရုစ်က စစ်ဆေးကြည့်ရှုပြီးသား စာရွက်စာတမ်းများကို စီစဉ်နေရာချထားဖို့ ဆုံးဖြတ်လိုက်သည်။ သူက စုပုံနေသော စာရွက်စာတမ်းများကို ရှေ့သို့ဆွဲယူကာ မေးထောက်ထားလိုက်၏။ ထို့နောက် စိတ်ခံစားချက်မရှိသော အမူအရာဖြင့် တော်ဝင်တံဆိပ်တုံးကို ရိုက်နှိပ်ရင်း ရေရွတ်ခဲ့သည်။
"ဘိုင်ရာ၊ လာ့ခ်။ ရဲတိုက်ထဲမှာတော့ မိဖုရား။ အပြင်မှာရော အတွင်းမှာရော တိုက်ခိုက်ခံနေရတာပဲ။ အာရုံစိုက်စရာတွေ ဒီလောက်များနေတဲ့အချိန်မှာ မိဖုရားရဲ့ လုံခြုံရေးအတွက်ပါ စိတ်ပူနေရတာပါလား။"
ယခင်မိဖုရားများရော၊ ယခုလက်ရှိမိဖုရားပါ အားလုံးက အထွတ်အမြတ်မြို့တော်မှဖြစ်ကြသည်။ ဘုရင့်တိုင်းပြည်နှင့် ကံကြမ္မာကို အဆုံးထိ အတူတူ ဖြတ်သန်းခဲ့သော မိဖုရား ရှိခဲ့ဖူး၏။ မိဖုရားအားလုံးက အထွတ်အမြတ်မြို့တော်တွင်သာ နေထိုင်ရင်း ကွယ်လွန်ခဲ့ကြသည်။ မျိုးဆက်မပြတ်စေဘဲ ယခုအထိ ဆက်ခံသူများ မွေးဖွားပေးနိုင်ခဲ့သည်ကိုပဲ ချီးကျူးစရာကောင်းသည်ဟု ပြောရမလား။
"...စဉ်းစားကြည့်လိုက်ရင် ဝမ်းနည်းစရာပဲ။"
ဘယ်ရုစ်တစ်ယောက် တစ်ချိန်က မိဖုရားများ၏အဖြစ်အပေါ် စွဲလမ်းခဲ့ဖူးသည်။
တော်ဝင်မိသားစုက ကျိန်စာများမိနေသလား။ ဘာကြောင့်များ တိုင်းပြည်ထဲမှာပဲ မိဖုရားက ကိုယ့်နေရာကိုယ် သေချာမစောင့်ရှောက်နိုင်ရတာလဲ။
ထိုကြောင့် သူက အချိန်အကြာကြီး ခက်ခဲသော သုတေသနတစ်ခုကို စေ့စေ့စပ်စပ် စတင်ခဲ့သည်။ မကြာမီတွင် ဘုရင်၏ ပရာ့ဂျ်နှင့် အာနီခါ၏ ရာမီတာတို့က တစ်နည်းနည်းဖြင့် တွန်းလှန်မှုများဖြစ်ပေါ်နေကြောင်း ကောက်ချက်ချခဲ့၏။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဤကဲ့သို့သော ဆန့်ကျင်ဘက် သဘာဝများက မိဖုရား၏ ခန္ဓာကိုယ်အတွက် ဝန်ဖြစ်စေခဲ့ပြီး နောက်ဆုံး၌ သေဆုံးခြင်းသို့ ဦးတည်ရခြင်းပင်။
ယင်းမှာ ကျေနပ်စရာကောင်းသော အဖြေတစ်ခုဟု တွေးလိုက်ကာ ဘယ်ရုစ်၏ စူးစမ်းလိုစိတ်များလည်း ပြေပျောက်သွားတော့သည်။
ဘုရင်ခြောက်ပါးတွင် အစွမ်းထက်သော ပရာ့ဂ်ျများရှိကြောင်း ရှင်းလင်းစွာ သိထားရ၏။ ဘုရင်များက အာနီခါများကို မိဖုရားအဖြစ် အမြဲတမ်း ရွေးချယ်လေ့ရှိသည်။
တူညီသောအချက်တစ်ချက်မှာ ဤဘုရင်များတွင် အစွမ်းထက်သော ပရာ့ဂ်ျများ ရှိနိုင်သော်လည်း မည်သည့်အာနီခါကမှ ကောင်းစွာမကိုင်တွယ်နိုင်ခြင်းပင်။
"ဒီတိုင်းပြည်ရဲ့ မိဖုရားလည်း ဒီနေရာမှာ အချိန်ကြာကြာ နေမှာမဟုတ်ဘူး။ အမြန်ဆုံး ဆက်ခံသူအသစ် မွေးဖွားလာဖို့ မျှော်လင့်ရမှာပဲ။"
တစ်နာရီမပြည့်မီမှာပင် စေလွှတ်လိုက်သော လက်အောက်ငယ်သားက စုံစမ်းစစ်ဆေးရေးကို လက်စသတ်ပြီး ပြန်ရောက်လာသည်။ ထွက်သွားစဉ်ကထက် မေးရိုးက ပို၍တင်းမာနေပုံရ၏။
"ခွင့်ပြုချက်ရလာတယ်တဲ့လား။ ဘယ်သူ့ခွင့်ပြုချက်လဲ။"
"အရှင်မိဖုရားက မြို့တံခါးဖွင့်ဖို့ အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။"
"ထပ်ပြီး ဘာကြံနေတာပါလိမ့်။"
မိဖုရားက ရဲတိုက်မှ ခိုးထွက်ကာ မြို့ရိုးအပြင်ဘက်သို့ တိတ်တဆိတ် သွားဖူးသည့် မှတ်တမ်းရှိဖူး၏။ ထိုအဖြစ်အပျက်ကြောင့် တော်ဝင်မိသားစုက မိဖုရားအပေါ် ယုံကြည်မှု လုံးဝပျက်ပြားသွားခဲ့သည်။
"အလုပ်ကို ဒီလိုမျိုးအပြင် မလုပ်တတ်တာလား။"
"ခင်ဗျာ။"
"နောက်တစ်ခါ အထိန်းတော်ချုပ်ဆီသွားပြီး ပြန်စုံစမ်းလာခဲ့။ အဲ့ဒီရံရွေတော်မိန်းကလေးရဲ့ ရည်ရွယ်ချက်က တကယ်ပဲ ဆိုးတာလား၊ အခု သူဘာလုပ်နေလဲ၊ ဘယ်သူနဲ့တွေ့နေလဲဆိုတာကို ဘာတစ်ခုကိုမှ မလွတ်တမ်း မျက်စိအောက်က အပျောက်မခံဘဲ စောင့်ကြည့်ထား။"
"ဟုတ်ကဲ့ပါ၊ အရှင်။"
လက်အောက်ငယ်သားကို ထပ်မံစေလွှတ်ပြီးနောက် ဘယ်ရုစ်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ မိဖုရားက ပြဿနာများစွာရှိသောသူတစ်ယောက်ဖြစ်သည်ဟု မိမိတစ်ဦးတည်းသာ တွေးနေသလို ခံစားရသောကြောင့် သူ့ရင်ထဲတွင် လေးလံမွန်းကျပ်နေ၏။
~~~~~
နေဝင်ချိန်အထိ အပြာရောင်အချက်ပြမီးရှူး ထွက်ပေါ်မလာခဲ့ပေ။
လာ့ခ်များက နေထွက်ချိန်မှ နေဝင်ချိန်အထိသာ လှုပ်ရှားကြသည်။ နေဝင်သွားသည်နှင့်တစ်ပြိုင်နက် လာ့ခ်၏ ပတ်ပတ်လည်တွင် မာကျောသော ပိုးအိမ်ပုံစံ ကာကွယ်ရေးစနစ်တစ်ခု ပေါ်လာတတ်၏။
ကျောက်တုံးကဲ့သို့ မာကျောသော ပိုးအိမ်ကား ကြံ့ခိုင်သော စစ်သည်များ အစွမ်းကုန်တိုက်ခိုက်လျှင်ပင် မကွဲနိုင်ပေ။ ဘုရင်၏ ပရာ့ဂ်ျက အခြေအနေကို ပို၍ဆိုးဝါးသွားစေနိုင်သည်။
နေထွက်ပြီးနောက်တွင် ကွဲထွက်သွားသော ပိုးအိမ်က ကွဲသွားသော အရေအတွက်အတိုင်း လာ့ခ်အသစ်များအဖြစ်သို့ ပြောင်းလဲသွားတတ်၏။ လာ့ခ်တစ်ကောင်ကနေ အဆပေါင်းများစွာအထိ တိုးပွားသွားနိုင်သည့်အဖြစ်ကို ကြောက်ရွံ့ပြီး မထိရဲကြပေ။
ပိုးအိမ်ထဲတွင် အပြည့်အဝ ပြန်လည်နာလန်ထူလာသော လာ့ခ်က စွမ်းအင်အပြည့်အဝဖြင့် နိုးထလာသည်။ လာ့ခ်၏ ဗဟိုချက်ကို မဖျက်ဆီးနိုင်ဘဲ နေဝင်သွားပါက အဆုံးမရှိသော အလုပ်ကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်ရပေမည်။
လာ့ခ်နှင့်မတူဘဲ လူသားများကတော့ ညဘက်တွင် ပင်ပန်းနွမ်းနယ်လာကြသောကြောင့် ရေရှည်စစ်ပွဲက လူသားများအတွက် တကယ်မကောင်းပေ။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
ပုရွက်ဆိတ် လာ့ခ်စစ်တပ်နှင့် တိုက်ခိုက်နေရသော ရှည်လျားသည့်စစ်ပွဲက ပြီးဆုံးမသွားခဲ့။ ဒုတိယနေ့တွင် ပထမဆုံးသော ခံစစ်စည်းကို ထိုးဖောက်ခံခဲ့ရပြီး အစိမ်းရောင်အချက်ပြမီးရှူး နှစ်ကြိမ်၊ သုံးကြိမ် တက်လာခဲ့သည်။ သို့သော် လူတိုင်းက လာ့ခ်များ၏ စစ်အသုံးအဆောင်ပစ္စည်းများကို ခိုးယူကာ နောက်ထပ်ကျူးကျော်မှုများကို တားဆီးနိုင်ခဲ့၏။
အပြင်ဘက်တွင် မည်မျှပင် ပြင်းထန်သော စစ်ပွဲများ ဖြစ်ပွားနေပါစေ မြို့ရိုးတံတိုင်းများဖြင့် ဝိုင်းရံထားသော ရဲတိုက်အတွင်းဘက်တွင်တော့ တိတ်ဆိတ်နေသည်။ အနီးကပ် ဆူညံသောတိုက်ပွဲထက်ပင် ချောက်ချားဖွယ်နေရာဖြစ်နေ၏။
ယူဂျင်းက မနက်ခင်း မျက်လုံးပွင့်လာသည်နှင့် အထိန်းတော်၏ အခြေအနေ အစီရင်ခံချက်ကို နားထောင်ရင်း တစ်နေ့တာကို စတင်သည်။
သူက လက်ရှိတွင် ရဲတိုက်၏ အဆင့်မြင့်ဆုံးနေရာကို ရရှိထား၏။ ရက်ပိုင်းအတွင်း နန်းတော်၏ အရေးကြီးသော အချက်အလက်များ သူ့ထံသို့ ရောက်လာသည်။
နန်းတော်အတွင်း၌ ကျား၊ မ၊ ရာထူး၊ အသက်အရွယ်အလိုက် လူမည်မျှရှိသည်၊ သိုလှောင်ထားသော စားနပ်ရိက္ခာနှင့် ရေပမာဏမည်မျှကျန်သည်၊ မိဖုရား နှင့် ဘုရင်၏ တစ်နေ့တာအချိန်ဇယား အစရှိသော အချက်အလက်များ။ နားနေရန် သီးသန့်နေရာမရှိသောကြောင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် နန်းတော်ပိုင် အဆောက်အအုံများကို ရှာဖွေရပါသည်ဟူသော အချက်အလက်များ။
လောလောဆယ်တော့ ဘုရင်နှင့် မိဖုရား၏ ဆက်ခံသူအတွက် အရေးပေါ်ခိုလှုံရာနေရာတစ်ခု ရှိပေသည်။ လူအနည်းငယ်အတွက် တစ်နှစ်လောက် အေးအေးဆေးဆေး စားသောက်နိုင်သော အရေးပေါ်စားနပ်ရိက္ခာများကို ပြင်ဆင်ထား၏။
"မနေ့ကတော့ အသေအပျောက် မရှိခဲ့ဘူးပဲ။"
ယူဂျင်းက မာရီအန်းပေးသော စာရွက်စာတမ်းများကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
ပထမဆုံးနေ့တွင် အဝါရောင်အချက်ပြမီးရှူး လွှတ်ခဲ့သော်လည်း သွေးတစ်စက်မျှမကျခဲ့သောကြောင့် သေဆုံးသူမရှိခဲ့ပေ။ သို့သော် ပုရွက်ဆိတ် လာ့ခ်စစ်တပ်၏ ကျူးကျော်မှုကို တိုက်ခိုက်နေစဉ်အတွင်း သေဆုံးသူများ ပေါ်လာတော့သည်။ လူတို့မှာလည်း အားအင်များ တဖြည်းဖြည်းဆုတ်ယုတ်လာကြပေပြီ။
"မာရီအန်း၊ အရှင်မင်းမြတ် နန်းတက်ပြီးတဲ့နောက်ပိုင်း ဒီလောက်အများကြီး ထိခိုက်သေဆုံးကြတာက ဒါပထမဆုံးအကြိမ်ပဲလို့ ပြောခဲ့တယ်မဟုတ်လား။"
"ဟုတ်ပါတယ်၊ အရှင်မိဖုရား။"
"ကျွန်မကြောင့်လား။"
သူ ရောက်ရှိလာခြင်းကပဲ ဆိုးဝါးသော သက်ရောက်မှုများကို ဖြစ်စေခဲ့လေသလား။ စိတ်ထဲတွင် အမြဲစွဲနေသည့်အရာများကို ပြန်စဉ်းစားမိ၏။
သူမှတ်မိနေသည်နှင့် ထူးဆန်းစွာ ကွဲလွဲနေသောစရိုက်၊ သူ လုံးဝမသိခဲ့သော ဤကမ္ဘာအကြောင်း အချက်အလက်များ၊ ရုတ်တရက်ပြောင်းလဲသွားသည့် ဝတ္ထုဇာတ်ကြောင်းများ အစရှိသဖြင့်။
ဤစစ်ပွဲက သူ့ကြောင့်ဟုပဲ ထင်နေမိ၏။ နန်းတော်ကို မပြန်နိုင်ဘဲ အပြင်မှာတိုက်ခိုက်နေရသည့် ထိုလူအတွက် စိတ်မကောင်းဖြစ်ရသလို၊ သေဆုံးသွားကြသူများအတွက်လည်း စိတ်မကောင်းဖြစ်ရသည်။
ရဲတိုက်ထဲတွင်တော့ အခြေအနေက အင်မတန် တည်ငြိမ်နေ၏။ နန်းတွင်းအမှုထမ်းများ၏ မျက်နှာများ ကြည်လင်နေသည်ကိုကြည့်ပြီး နားလည်မှုလွဲခဲ့ရသည်။ ယင်းမှာ သူတို့၏ဘုရင်ကို ယုံကြည်သလောက် အချိန်မရွေး စည်းလုံးနိုင်သည်၊ အေးဆေးတည်ငြိမ်သည်ဟု ဆိုလိုခြင်းပင်။
"အရှင်မိဖုရား၊ ဒီထက်ပိုပြီး စိုးရိမ်ပူပန်နေတာက အရှင်မိဖုရားအတွက် မကောင်းပါဘူး။ စိတ်ကိုအေးအေးထားပါ။ မျက်နှာလည်းမကောင်းတော့ဘူး။"
ယူဂျင်းက လက်နှစ်ဖက်ဖြင့် မျက်လုံးများကိုအုပ်ကာ ခဏကြာအောင် နှိပ်နယ်ပြီးမှ ဖယ်ရှားလိုက်၏။ ရက်အတန်ကြာအောင် ကောင်းကောင်းမအိပ်နိုင်ခဲ့။ ပင်ပန်းနေသော်လည်း အိပ်မပျော်ခဲ့ပေ။
"ကျွန်မက ဒီမှာထိုင်ပြီး စိုးရိမ်ပူပန်နေရုံကလွဲလို့လုပ်နိုင်တာ ဘာမှမရှိဘူး။"
"အရှင်မိဖုရားက အကောင်းဆုံး ဆောင်ရွက်နေတာပါ။ ပြီးတော့ အတွင်းမှာ စိုးရိမ်ပူပန်ပြီး စောင့်မျှော်ပေးနေတဲ့သူ ရှိတယ်ဆိုတာကိုက နှစ်သိမ့်မှုအကြီးကြီးပါပဲ။"
ယူဂျင်းက မြို့ပြင်သို့ ပြေးထွက်သွားသော သူ့ကို 'ဂရုစိုက်ပါ' ဟူသော စကားလေးတစ်ခွန်းပင် မပြောလိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်နေ၏။
သူက အလွန်ရိုးရှင်းသည်ဟု မှတ်ယူခဲ့သော အချက်ပြမီးရှူးများ ထွက်ပေါ်လာလျှင် ခါဆယ်ရ်တစ်ယောက် မြို့ရိုးဆီသို့ အပြေးသွားကာ ခဏတွင်းချင်းမှာပင် တိုက်ခိုက်ပြီး ညနေခင်းကို အေးအေးဆေးဆေး ဖြတ်သန်းရင်း ပြန်လာလိမ့်မည်ဟု နေ့တိုင်း တွေးခဲ့မိသည်။
ထိုစဉ် အစေခံတစ်ဦးက ပြန်လာပြီး လျှောက်တင်ခဲ့၏။
"အရှင်မိဖုရား...အထိန်းတော်ချုပ်က အရှင်မိဖုရားကို ဝင်တွေ့ဖို့ ခွင့်ပြုချက်တောင်းနေပါတယ်။"
"ဝင်လာခိုင်းလိုက်။"
မာရီအန်းက နေရာမှ ထရပ်လိုက်သည်။
"ကျွန်မလည်း ခဏလောက် ထွက်သွားလိုက်ပါဦးမယ်။"
မာရီအန်း နေရာမှထွက်သွားပြီးသည့်နောက်တွင် ဆာရာ ဝင်လာသည်။ ဆာရာက နေ့တိုင်း ယူဂျင်းထံသို့ အကြိမ်အနည်းငယ် ရောက်လာကာ နန်းတော်တွင် ဖြစ်ပျက်သမျှကို အစီရင်ခံလေ့ရှိ၏။
များသောအားဖြင့် ဆာရာက အရာအားလုံးကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်သောကြောင့် ယူဂျင်းက နားထောင်ရုံသာ လိုအပ်ပေသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဆာရာက ဆုံးဖြတ်ချက်မချနိုင်ဘဲ ယူဂျင်း၏ အကြံဉာဏ်ကို တောင်းခံရန် ရောက်လာခဲ့ခြင်းဖြစ်၏။
"လူနာ ဟုတ်လား။"
"ဟုတ်ပါတယ်၊ အရှင်မိဖုရား။ ပြင်းထန်တာတော့မဟုတ်ပေမဲ့ ကူးစက်နိုင်ခြေရှိပါတယ်။ မနေ့က ဖျားပြီး ခေါင်းကိုက်၊ ချောင်းဆိုးနေတဲ့သူအပြင် အဲ့ဒီလိုလက္ခဏာတွေပြနေတဲ့ ရံရွေတော်နှစ်ယောက် ထပ်တိုးလာပါတယ်။ လောလောဆယ်တော့ အဲ့ဒီနှစ်ယောက်ကို သီးခြားခွဲပြီးထားထားပါတယ်ရှင့်။"
ဆာရာ ရှင်းပြသည့် ရောဂါလက္ခဏာများက ယူဂျင်းသိသော တုပ်ကွေးနှင့် ဆင်တူနေသည်။
"ခေါင်းကိုက်တာက ပြင်းထန်ပုံရပါတယ်။ အကိုက်အခဲပျောက်ဆေးပေးဖို့ တောင်းဆိုထားကြလို့ပါ။"
ယခုလို အရေးပေါ်အခြေအနေတွင် နန်းတော်အတွင်း၌ သိုလှောင်ထားသော ပစ္စည်းများအနက် ဆေးဝါးက အရေးအပါဆုံးဖြစ်၏။ ထို့ကြောင့် ဆေးဝါးများ အသုံးပြုရန်အတွက် အမြင့်ဆုံးဆုံးဖြတ်ချက်ချသူ၏ ခွင့်ပြုချက်လိုအပ်ပေသည်။
ယခင်ကဆိုလျှင်တော့ နာကျင်စွာ ညည်းတွားနေရမည်ဖြစ်သော်လည်း ယခုတော့ မိဖုရားထံမှ ခွင့်ပြုချက် တောင်းနိုင်ခဲ့လေပြီ။
"ဆေးပေးလိုက်ပါ။ မနေ့ကအထိ ဖျားနာတာလို ပြင်းထန်တဲ့အခြေအနေမျိုး မဟုတ်လောက်ဘူးလို့ ထင်ထားတာကို။ မကြာခင် အခြေအနေအားလုံး ပြေလည်သွားမှာမို့လို့။"
"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။ ကျွန်မလည်း အဲ့ဒီလိုပဲ ယုံကြည်ထားပါတယ်။"
ဆာရာ ထွက်သွားပြီးနောက်တွင် ယူဂျင်း သက်ပြင်းချလိုက်သည်။
"ထင်ထားတာထက်ကို မလွယ်ပါလား။"
ရာဇပလ္လင်ပေါ်တွင် ထိုင်ရခြင်းက လေးလံလှ၏။ ယူဂျင်းက အရေးကြီးသော ဆုံးဖြတ်ချက်များကို မချဖူးသေးသည့်အတွက် သူ့စကားတစ်ခွန်းက အရာအားလုံး၏ အဆုံးအဖြတ်ဖြစ်မည်ဟူသောအချက်ကို အလွန်ပင် စိတ်ဖိစီးခဲ့ရသည်။
"ဒီလိုနေရာမျိုးမှာ ထိုင်ပြီး ဘာမှမလုပ်နိုင်ဘူးဆိုတော့...နင်လည်း တကယ် အံ့ပါရဲ့နော်။"
ယူဂျင်းက ဂျင်ကိုတွေးရင်း ရေရွတ်လိုက်သည်။ ဂျင်က မာရာ၏ အစွမ်းကို ရရှိရေးအတွက် မည်မျှအထိ ဆိုးဝါးသော အရာများကို လုပ်ဆောင်ခဲ့ကြောင်း ယခုရက်ပိုင်းတွင် ပိုမိုသိရှိလာရ၏။
ဂျင်က တိုင်းပြည်၏ ပြည်သူများကို စတေးကာ မာရာကို ဆင့်ခေါ်ခဲ့သည်။ မာရာ၏ စွမ်းအားကြောင့် လာ့ခ်များ အုပ်စုလိုက်ရောက်ရှိလာသောအခါ လူအများအပြား သေကြေပျက်စီးခဲ့ရ၏။ အတိအကျကို မသိရသော်လည်း ဆယ်ဂဏန်းလောက်မဟုတ်ပေ။
မိမိ၏ ပြည်သူများကို ကာကွယ်ရန် ကြိုးစားနေသော လူက တိုင်းပြည်ကို စွန့်ခွာပြီး ဂျင်ကိုလိုက်ရှာရန် ကမ္ဘာတစ်ဆုံး လှည့်လည်သွားလာရလောက်သည်အထိ ကြောက်မက်ဖွယ်၊ ဝမ်းနည်းဖွယ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ယူဂျင်းတစ်ယောက် ပြတင်းပေါက်ဆီသို့သွားကာ ကောင်းကင်ကို ကြည့်လိုက်၏။ ကောင်းကင်က တိမ်တစ်စက်မျှမရှိဘဲ ကြည်လင်နေသည်။
ဖောင်း...
ကောင်းကင်ကို ကြည့်နေသော ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ကောင်းကင်တွင် အပြာရောင်မီးခိုးများ ပျံ့နှံ့နေ၏။
"အာ..."
နှုတ်ဖျားမှ 'အာ...' ဟူသော ညည်းတွားသံသာ ထွက်ပေါ်လာသည်။ တံခါး ရုတ်တရက် ပွင့်သွားသံကို ကြားလိုက်ရ၏။
"အရှင်မိဖုရား။"
ခေါင်းလှည့်ကြည့်လိုက်တော့ ပြေးဝင်လာနေသော မာရီအန်း၏ မျက်နှာက ငိုတော့မလို မျက်ရည်များ ရစ်ဝိုင်းနေသည်။ ယူဂျင်းက မာရီအန်းကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ မျက်လုံးများ စိုစွတ်ပြီး ပူနွေးလာသလိုပင်။ နောက်ဆုံးတော့ ပြီးသွားခဲ့ပေပြီ။
~~~~~
ကောင်းကင်တွင် ပျံ့နှံ့နေသော အပြာရောင်မီးခိုးများကိုကြည့်ပြီး လူတိုင်း အသက်အောင့်ထားခဲ့ကြသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် နားကွဲမတတ် ပြင်းထန်သော အော်ဟစ်ကြွေးကြော်သံများ ထွက်ပေါ်လာ၏။ ခြေထောက်များ တုန်ရီနေသဖြင့် ထိုင်နေမိသူပင် အားကုန်ညှစ်ထုတ်ကာ အောင်ပွဲခံဟစ်ကြွေးခဲ့သည်။
ခါဆယ်ရ်က ကောင်းကင်ကို အချိန်အတန်ကြာအောင် ကြည့်နေခဲ့ပြီးမှ သူကိုင်ထားသောဓားကို မြေပြင်တွင် စိုက်လိုက်ကာ အကြည့်ကို အောက်သို့ပြန်လွှဲခဲ့၏။ ခုဏလေးကတင် ရှင်းလင်းလိုက်သည့် နောက်ဆုံး လာ့ခ်ကတော့ လုံးဝ ပျောက်ကွယ်သွားပေပြီ။
လေးရက်ဆက်တိုက် တစ်ချက်ကလေးပင် အနားမယူဘဲ ရောက်လာသမျှကို ဓားဖြင့်တိုက်ခိုက်ခဲ့၏။ တင်းမာမှုများ ပြေလျော့သွားသည်နှင့် တစ်ပြိုင်နက် ပင်ပန်းနွမ်းနယ်မှုများ ဝင်ရောက်လာသည်။ သို့သော် ယခုထိ အနားယူဖို့အချိန်မရသေး။ နောက်ဆက်တွဲကိစ္စများ ကျန်နေသေး၏။
"အရှင်မင်းကြီး။"
လက်စတာက ပြေးလာသည်။
"ဒီလောက်များတဲ့ လာ့ခ်စစ်တပ်နဲ့ တိုက်ခိုက်နိုင်တဲ့တိုင်းပြည်ဆိုတာ ဟာရှီတိုင်းပြည်ပဲ ရှိပါလိမ့်မယ်။"
ခါဆယ်ရ်က ပြုံးဖြီးဖြီးလုပ်နေသော လက်စတာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့နဖူးတွင် သွေးစွန်းနေသောပတ်တီး ပတ်ထားလျက်ရှိ၏။ မနေ့က မတွေ့ရသော ဒဏ်ရာပင်။
"မင်းပုံစံက ဘာဖြစ်နေတာလဲ။ အဝါရောင်အဆင့် လာ့ခ်လောက်လေးနဲ့ ဒဏ်ရာရရတယ်လို့။"
"မျက်နှာမပြဝံ့ပါဘူး။ နဖူးက နည်းနည်းလေး ပေါက်သွားတာပါ။"
"ကုသမှုရော စနစ်တကျ ခံခဲ့ရဲ့လား။"
"ဘာမဟုတ်တဲ့ ခြစ်ရာလေးပဲမို့လို့ မစိုးရိမ်ပါနဲ့။ အရှင်မင်းကြီး၊ နောက်ဆက်တွဲကိစ္စတွေ လုပ်ပြီးသွားပြီဆိုရင် တော်ဝင်နန်းတော်ကို ပြန်လိုက်ပါတော့။ လေးရက်လုံးလုံး မနားရသေးဘူးမဟုတ်ပါလား။"
"ဟင့်အင်း။ ထိခိုက်သေဆုံးမှုစာရင်းကို အရင်စစ်ရဦးမယ်။"
လက်စတာလည်း ချက်ချင်းလှည့်ကာ လျှောက်သွားသော ဘုရင်နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။ ဘုရင်၏ စရိုက်ကိုသိသောကြောင့် အနားယူဖို့ ဒုတိယအကြိမ် ထပ်မတိုက်တွန်းတော့။ ဘုရင်က ပျက်စီးဆုံးရှုံးမှု အခြေအနေအားလုံးကို မသိရသေးသရွေ့ ဤနေရာမှ ထွက်ခွာမည်မဟုတ်။
ခါဆယ်ရ်တစ်ယောက် ထိုနေ့ည သန်းခေါင်ကျော်ကာ အရုဏ်တက်ခါနီးမှ ပြန်ရောက်လာသည်။ သူက ခဏဝင်ပြီးသည်နဲ့ ချက်ချင်းပြန်ထွက်ဖို့ စိတ်ကူးထား၏။
အပြင်တွင် ဖြေရှင်းရမည့်ကိစ္စများ အများအပြား ကျန်နေသေးသည်။ သို့သော် အရေးပေါ်သတိပေးချက် ထုတ်ပြန်ပြီးသည့်နောက်တွင် အခိုင်အမာပိတ်ထားသော ရဲတိုက်အတွင်းဘက် တံခါးကို ဘုရင်မင်းမြတ်ပြန်ရောက်လာမှသာ ဖွင့်ပေးပေလိမ့်မည်။ ထို့ကြောင့် လူတိုင်း ရဲတိုက်အတွင်း၌ ပိတ်မိနေကြမည်ဖြစ်၏။
~~~~~
Miel's Translations