no

Font
Theme

အပိုင်း ၃၈

“အထိန်းတော်ချုပ်။”

ခပ်လှမ်းလှမ်းတွင်ရပ်နေသော အထိန်းတော်ချုပ်က ဘုရင်မင်းမြတ်ထံ ချဉ်းကပ်လာသည်။

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

“မိဖုရားက…ပုံမှန် ဘယ်အချိန် အိပ်ရာထတတ်လဲ။”

လွန်ခဲ့သောရက်ပိုင်းကသာဆိုလျှင် အထိန်းတော်ချုပ်လည်း ဤမေးခွန်းကို ဆိုင်းမဆင့်ဗုံမဆင့်မေးခွန်းဟု ခံစားရလောက်ပေသည်။ သို့သော် များမကြာမီက ဘုရင်မင်းမြတ်နှင့် မိဖုရား၏ ဆက်ဆံရေးကို ယခင်နှင့်မတူတော့သလို ခံစားမိသဖြင့် မိဖုရား၏ အခြေအနေကို အမြဲသိနေအောင် ကြိုးစားခဲ့၏။ အထိန်းတော်ချုပ်လည်း ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေလိုက်လေသည်။

“အရှင်မင်းကြီး။ မိဖုရားက မနက် ၃ နာရီဝန်းကျင်မှာ အိပ်ရာထလေ့ရှိပါတယ်။”

မဟာတွင် အချိန်ကို တရားဝင်သတ်မှတ်သည့် စံနှုန်းကား ဆန်းဂျယ် သတ်မှတ်ထားသော ‘အချိန်အတိုင်းအတာ’ အပေါ် အခြေခံထားခြင်းဖြစ်သည်။ မနက် ၃ နာရီဆိုသည်မှာ မနက်နှောင်းပိုင်း နေမြင့်ချိန်ပင်။

ခါဆယ်ရ်က မှောင်နေသော အပြင်ဘက်ကိုကြည့်ပြီး အချိန်ကို မှန်းဆလိုက်၏။ မိဖုရား နိုးလာဖို့အတွက် အချိန်အတော်ကြာအောင် စောင့်ရပေဦးမည်။

“အရှင်မင်းကြီး။ လက်ဖက်ရည် ပြင်ဆင်ခိုင်းလိုက်ရမလားရှင့်။”

“တော်ပြီ။”

ခါဆယ်ရ်က ထိုင်နေရာမှ ထလိုက်သည်။

“ဒီနေ့တော့ ကျုပ် ပြန်လာမယ်။ မိဖုရားမေးရင် အဲ့ဒီလိုပြောလိုက်။”

“ကောင်းပါပြီ၊ အရှင်မင်းကြီး။”

ခါဆယ်ရ် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ ခဏအကြာတွင် သူက မိဖုရား၏ အိပ်ခန်းတံခါးရှေ့၌ ရပ်မိလျက်သားရှိနေကာ ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်ရ၏။

ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ လာခဲ့ခြင်းမဟုတ်။ ရဲတိုက်ဝန်းကျင်ကို တစ်ချက်ပတ်ကြည့်ပြီးမှ ထွက်သွားဖို့အတွက် ဝေးသောလမ်းကိုရွေးကာ လာခဲ့ခြင်းဖြစ်သော်လည်း မသိစိတ်က မိဖုရား၏ အိပ်ခန်းအထိ ခေါ်လာခဲ့၏။

ခါဆယ်ရ်လည်း တံခါးကို ဖြည်းဖြည်းချင်းဖွင့်ကာ အထဲသို့ဝင်သွားလိုက်သည်။ အိပ်ခန်းထဲတွင် မှောင်မည်းလျက်။ သူက မီးမထွန်းဘဲ ပရာ့ဂ်ျကို အသုံးပြုပြီး အမြင်အာရုံကို စူးရှအောင်လုပ်လိုက်သည်။

အိပ်ရာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော မိဖုရား၏ပုံစံက ပီပြင်စွာပေါ်လွင်လျက်။ ခါဆယ်ရ်က အနားကိုပိုတိုးသွားပြီး မိဖုရားကို ငုံ့ကြည့်လိုက်သည်။ ဘေးတစောင်း လဲလျောင်းလျက် မျက်လုံးမှိတ်ထားသော မိဖုရား၏ မျက်နှာလေးမှာ အပြစ်ကင်းစင်လှ၏။

「အရှင်မိဖုရားက သန်းခေါင်ယံရောက်လုရောက်ခင်အထိ အရှင်မင်းကြီးကို စောင့်နေပြီးမှ အိပ်ရာဝင်ခဲ့တာပါ။」

ရင်ထဲတွင် မွန်းကျပ်လာသလို ခံစားလိုက်ရသည်။ ခါဆယ်ရ်က အသာအယာ သက်ပြင်းချရင်း ဆံပင်ကိုထိုးဖွလိုက်၏။ မိဖုရားသာ ယခု သူ့ကို ကစားနေသည်ဆိုပါလျှင် ယခင်ကထက် အများကြီး ပိုဆိုးသည့် ကစားပုံပင်။

အပြန်အလှန် အပေးအယူက ရှင်းလင်းပြတ်သားခဲ့သည့် အတိတ်တွင်တော့ ဘာပြဿနာမှမရှိခဲ့။ မိဖုရားကို သူ့နန်းတော်တွင် တည်းခိုနေထိုင်သော ဧည့်သည်တစ်ယောက်လို သဘောထားခဲ့မိပုံပင်။

သို့သော် ယခုကား...

ခါဆယ််ရ်တစ်ယောက် ခံစားနေရသော ရှုပ်ထွေးသည့် ခံစားချက်များကို ရှင်းပြနိုင်ခြင်းမရှိခဲ့။ ခန္ဓာကိုယ် ပူတက်လာရသည့် ရုပ်ပိုင်းဆိုင်ရာ အလိုဆန္ဒများနှင့် မတူပေ။

နောက်ကြောင်းပြန်လှည့်ကာ ထွက်သွားရန်ပြင်လိုက်ချိန်တွင် ဆိုဖာစားပွဲပေါ်၌ ဖြန့်လျက်ရှိနေသော စာရွက်စာတမ်းများကို တွေ့လိုက်ရသည်။ အပေါ်ယံကြည့်လိုက်တော့ အထိန်းတော်ချုပ်ပြောခဲ့သည့် အစီရင်ခံစာများဖြစ်နေ၏။

ခါဆယ်ရ်လည်း အစီရင်ခံစာများကိုယူကာ ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ သူက ဆိုဖာပေါ်ထိုင်ပြီး ယင်းတို့ကို စတင်ဖတ်ရှုတော့၏။

ခါဆယ်ရ် ရဲတိုက်တွင်မရှိသည့်အခါ အထိန်းတော်ချုပ်က ကိုယ့်အစီအစဉ်နှင့်ကိုယ် ဘုရင်မင်းမြတ်ထံမှ အတည်ပြုချက် ယူလေ့ရှိသည်။ အထိန်းတော်ချုပ်အနေနှင့် လုပ်ပိုင်ခွင့်မရှိသော ကိစ္စများကိုတော့ ဆိုင်းငံ့ထားပြီးမှ ခွင့်ပြုချက်တောင်းလေ့ရှိ၏။

အထိန်းတော်ချုပ်၏ အစီရင်ခံစာက ယခင်ကနှင့် မတူတော့ပေ။ အရေးပေါ်ကာလအတွင်း နန်းတော်ထဲ၌ ဖြစ်ပျက်ခဲ့သည့် အသေးအမွှားကိစ္စလေးများကအစ မိဖုရားထံ အစီရင်ခံတင်ပြထားပြီး မိဖုရားက ကိုယ်တိုင် စစ်ဆေးအတည်ပြုပေးထား၏။

ခါဆယ်ရ်က အစီရင်ခံစာပေါ်တွင်ရှိနေသော မိဖုရား၏ စည်းတံဆိပ်ကို ငေးကြည့်နေမိသည်။ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများပေါ်တွင် မိဖုရား၏ စည်းတံဆိပ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

~~~~

ယူဂျင်းက မနက်အိပ်ရာနိုးသည်နှင့် မနက်ခင်း အလုပ်အကျွေးပြုခစားရန် ရောက်လာသည့် ဂျီးန်ကို မေးလိုက်သည်။

“အရှင်မင်းကြီး ပြန်မရောက်သေးဘူးလား။”

“မနေ့ညက ခဏ ပြန်ရောက်လာပြီး သိပ်မကြာခင်ပဲ ပြန်ထွက်သွားတယ်လို့ ကြားရပါတယ်ရှင့်။”

“ဟုတ်လား…”

'မျက်နှာလေးတစ်ခါမြင်ရဖို့ကို ခက်လိုက်တာနော်။'

ယူဂျင်းက စိတ်ထဲမှ ညည်းတွားလိုက်သည်။

‘တကယ် အလုပ်များတဲ့လူပဲ။’

အေးရာအေးကြောင်း နေ့ရက်များကို ကုန်ဆုံးနေခဲ့သည့် သူ့ကိုယ်သူ အပျင်းကြီးသူတစ်ယောက်လို ခံစားလိုက်ရ၏။

‘ငါလည်း ငါ့နည်းငါ့ဟန်နဲ့ ကြိုးစားနေတာပဲ။’

မာရီအန်းယူလာပေးသည့် ပုံတူပန်းချီများမှတစ်ဆင့် မှတ်သားထားသော လူအရေအတွက်မှာလည်း အတော်လေး များလာခဲ့ပေပြီ။ ရဲတိုက်၏ဖွဲ့စည်းပုံကိုလည်း အကြမ်းဖျင်းမှတ်မိနေပြီဖြစ်ပြီး အများစုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုထား၏။

ထို့အပြင် မနေ့က တစ်နေကုန်စစ်ဆေးခဲ့သော စာရွက်စာတမ်းများမှာ မိဖုရားတစ်ပါးအနေဖြင့် သူ၏ ပထမဆုံးသော အောင်မြင်မှုပင်။ ခါဆယ်ရ် လာ့ခ်နှင့် တိုက်ပွဲဝင်နေချိန်တွင် သူက နန်းတော်ထဲ၌ အပျင်းတက်မနေခဲ့ဘူးဆိုသည့် သက်သေအထောက်အထားလည်းဖြစ်၏။

ခါဆယ်ရ်နှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး အစီရင်ခံစာများ ပေးချင်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ ရုံးခန်းထဲတွင် သွားထားပေးဖို့ မမှာခဲ့ဘဲ ကိုယ်တိုင်သိမ်းထားခဲ့ခြင်းပင်။

ယူဂျင်းတစ်ယောက် ဆိုဖာစားပွဲပေါ်သို့ ကြည့်လိုက်မိရာက ထိတ်လန့်သွားတော့သည်။ အနားတိုးကြည့်သော်လည်း စာရွက်စာတမ်းများ ရှိမနေပေ။ ဆိုဖာပေါ်နှင့် စားပွဲအောက်ကိုလည်း ရှာကြည့်ခဲ့၏။ ဧည့်ခန်းသို့ ထွက်သွားတော့မှသာ စားပွဲပေါ်တွင် တင်ထားလျက်ရှိသော စာရွက်စာတမ်းများကို တွေ့လိုက်ရသည်။

‘ထူးဆန်းလိုက်တာ။ ငါ မနေ့က ကျိန်းသေပေါက် အိပ်ခန်းထဲမှာပဲ ဖတ်နေခဲ့တာပါ။’

ရံရွေတော်မိန်းကလေး ရွှေ့ထားတာတော့ မဖြစ်နိုင်ပေ။ ရံရွေတော်မိန်းကလေးမှာ မတော်တဆ မိဖုရား၏ပစ္စည်းကို ထိမိလျှင်တောင် ယူဂျင်းရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်မှုတောင်းခံမည့်သူပင်။

“ဂျီးန်။ ငါအိပ်နေတုန်း တစ်ယောက်ယောက် အိပ်ခန်းထဲ ဝင်သွားသေးလား။ ငါ့ပစ္စည်းတွေကို ကိုင်ခဲ့တဲ့သူရှိတယ်။”

“စစ်ဆေးကြည့်လိုက်ပါ့မယ်၊ အရှင်မိဖုရား။”

ဂျီးန်က အံ့ဩတုန်လှုပ်နေသော မျက်နှာလေးနှင့် ပြန်ထွက်သွားခဲ့သည်။ ခဏနေတော့ ဂျီးန်မဟုတ်ဘဲ မာရီအန်း ပြန်ဝင်လာ၏။

“ကောင်းကောင်းအိပ်ပျော်ပါရဲ့လား၊ အရှင်မိဖုရား။”

“ကောင်းကောင်းအိပ်ပျော်ပါတယ်။ မာရီအန်း။ ဧကန္တ မနေ့ညက…”

“ဟုတ်ပါတယ်၊ အရှင်မိဖုရား။ အရှင်မင်းကြီး မနက်စောစော ဝင်သွားခဲ့တယ်လို့ ပြောပါတယ်။ ကျွန်မလည်း အိပ်ပျော်နေလို့ မသိလိုက်ရပါဘူး။ အရှင်မင်းကြီးက အရှင်မိဖုရား ကောင်းကောင်းရှိနေရဲ့လားဆိုတာကို သိချင်နေတဲ့ပုံပါပဲ။ ရှေ့လျှောက် ဒီလိုမျိုးမဖြစ်ရအောင် အစောင့်ကျတဲ့ ရံရွေတော်တွေကို သေချာမှာကြားထားပါ့မယ်။”

ယူဂျင်းတစ်ယောက် မာရီအန်းကိုယ်တိုင် ဝင်လာရသည့် အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။ ယူဂျင်း ဒေါသထွက်မည်စိုးသဖြင့် စိတ်အေးအောင် လာလုပ်ပေးခြင်းပင်။

ဇနီးမောင်နှံဖြစ်နေသော်ငြားလည်း နှစ်ယောက်၏ ကိုယ်ပိုင်နေရာများကို သေချာခွဲခြားထား၏။ ဘုရင်မင်းမြတ်က မိဖုရား၏ အိပ်ခန်းဆောင်သို့ လာသည့်အခါ အမြဲတမ်း ကြိုတင်ခွင့်တောင်းလေ့ရှိသည်။ ထို့ကြောင့် မနေ့ညက မိဖုရား၏ ဆန္ဒကိုမမေးဘဲ အိပ်ခန်းထဲသို့ ခွင့်ပြုချက်မရှိ ဝင်လာခဲ့သော သူ၏လုပ်ရပ်မှာ ရိုင်းပျရာရောက်ပေသည်။

ဘုရင်နှင့် မိဖုရားက ထူးဆန်းနေခြင်းမဟုတ်ဘဲ ဤနေရာမှ မှူးမတ်အနွယ်တော်တို့၏ ဓလေ့ထုံးတမ်းများက ဒီအတိုင်းဖြစ်နေခြင်းပင်။

မာရီအန်းရဲ့ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ မာရီအန်းက ဘုရင်နှင့်မိဖုရားကြား ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးစားနေသော်လည်း သီးခြားခွဲထားသောနေရာများ အသုံးပြုခြင်းကိုတော့ သဘာဝကျသည်ဟုတွေးထား၏။

“မာရီအန်း။ အရှင်မင်းကြီးက ကျွန်မ အိပ်ခန်းထဲကို ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရဘူးဆိုတဲ့ စည်းမျဉ်းဥပဒေတွေများ ရှိလို့လား။”

“အဲ့ဒီလိုတော့ မရှိပါဘူးရှင့်။”

“ဒါဆို ကျွန်မက အဆင်ပြေတယ်လို့ ပြောရင်တော့ ဘာမှပြဿနာမရှိဘူးပေါ့။”

“မှန်ပါတယ်၊ အရှင်မိဖုရား။”

ခိုင်မာသည့် ဓလေ့ထုံးတမ်းများရှိသော်လည်း ဇနီးမောင်နှံနှစ်ဦး ဆက်ဆံရေးကောင်းမွန်သည်ဆိုလျှင် တစ်ယောက်အိပ်ခန်း တစ်ယောက် လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်မည်ဖြစ်ပြီး၊ ဖြစ်တောင့်ဖြစ်ခဲ အိပ်ခန်းတစ်ခန်းတည်းတွင် အတူနေကြသည့် ဇနီးမောင်နှံများလည်း ရှိနိုင်ပေသည်။

‘ဒါကြောင့် ဂျင်က မရဏဘုရင်နဲ့ အကွာအဝေးတစ်ခုထားပြီး နေခဲ့တာလား။’

ဂျင် ဘာကြောင့် မရဏဘုရင်နှင့် တစ်သမတ်တည်းဖြစ်သော ဇနီးမောင်နှံဆက်ဆံရေးကို ထိန်းသိမ်းထားရကြောင်း သိလိုက်ရ၏။ ဂျင်တွင် ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်များ အများကြီးရှိပေသည်။ ဇနီးမောင်နှံနှစ်ယောက် ဆက်ဆံရေးကောင်းမွန်လျှင် တစ်ယောက်နေရာကို တစ်ယောက်က ကျူးကျော်ဝင်ရောက်မည်မှာ သဘာဝပင်။

‘ဂျင် မိဖုရားတစ်ပါးအနေနဲ့ ဘာမှမလုပ်ခဲ့တာက မာရာကို ဆင့်ခေါ်ဖို့အတွက်တင်မဟုတ်ဘူးပဲ။ ဘုရင်နဲ့ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေ ရှိလာနိုင်တဲ့ အခွင့်အရေးကို တတ်နိုင်သမျှ ရှောင်ခဲ့တာကိုး။’

အိပ်ခန်းနှင့် စာကြည့်ခန်းထဲတွင် အောင်းနေတတ်သည့်နေ့ရက်များ ကြာရှည်လာတော့ ဂျင်၏ နေ့စဉ်ဘဝက သာမန်ဖြစ်လာခဲ့သည်။ ဘုရင်က မိဖုရား တစ်နေကုန် ဘာလုပ်ခဲ့သလဲဆိုသည်ကို အရေးတယူလုပ်ရန်မလိုတော့ပေ။

ယူဂျင်း၏ အမြင်အရ မရဏဘုရင်က လူကို စိတ်ကျဉ်းကျပ်ရစေသည့် စရိုက်ရှိသူမဟုတ်။ မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်မှုမျိုးလည်း မရှိခဲ့ပေ။ တစ်လအတွင်း ယူဂျင်း သိခဲ့ရသောအချက်ဖြစ်သဖြင့် ဂျင်လည်း သိမည်မှာ သေချာပေသည်။

‘ဂျင်က အစကတည်းက စီစဉ်ခဲ့တာမဟုတ်ဘဲ… ဟာရှီတိုင်းပြည်ကို ရောက်လာပြီးမှ မရဏဘုရင်ရဲ့ စရိုက်ကို ခန့်မှန်းပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာဖြစ်မယ်။’

သို့သော် ခါဆယ်ရ် မနေ့ညက ဘာကြောင့် လာခဲ့သလဲဆိုသည်ကိုတော့ မသိခဲ့။

‘ဒီအစီရင်ခံစာကြောင့်လား။ အလုပ်များတဲ့လူကို လာနေရအောင် လုပ်ခဲ့မိတာပဲ။ ရုံးခန်းထဲမှာပဲ ထားခိုင်းလိုက်ရမှာကို။’

ခေါင်းထဲတွင် အတွေးများနေစဉ် မာရီအန်းက သူ့မျက်ကို စိုးရိမ်တကြီး ကြည့်နေကြောင်း နောက်ကျမှ သိလိုက်ရ၏။

“ကျွန်မ အဆင်ပြေပါတယ်။ မာရီအန်း။ မနေ့ညက ကိစ္စကြောင့် အစီအစဉ်အသစ်တွေ လုပ်နေစရာမလိုပါဘူး။”

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”

“အရှင်မင်းကြီး ပြန်လာရင် အကြောင်းကြားပေးပါဦး။”

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရားကြီး။”

မာရီအန်းက စိတ်အေးသွားပုံဖြင့် ပြန်ဖြေခဲ့သည်။

~~~~

ယူဂျင်းက လက်ဖက်ရည်ခွက်ကိုယူပြီး ပါးစပ်နားသို့တေ့လိုက်သည်။ သင့်တော်သည့် အပူချိန်ရှိသော လက်ဖက်ရည်ရနံ့က ခံတွင်းထဲတွင် ပြန့်သွား၏။ သူက ကျေနပ်သွားသည့်ခံစားချက်ဖြင့် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။

ဘေးကို လှည့်လိုက်တော့ လက်ရန်း၏အလွန်တွင် ရဲတိုက်အတွင်းပိုင်းနှင့် ယင်းအလွန်တွင်ရှိနေသော မြို့က ပုံစံငယ်လေးများကဲ့သို့ ဖြန့်ကြက်သွားသည်ကို တွေ့လိုက်ရ၏။ လေပြည်လေညင်းလေးက သူ့ဆံနွယ်များကို အသာအယာ ထိပါးကျီစယ်သွားခဲ့သည်။

ဤနေရာကား ရဲတိုက်၏မျှော်စင်များကို ဆက်သွယ်ထားသည့် တံတားပင်။ မျက်နှာကြက်ရှိသည့် တံတားတိုလေးဖြစ်၏။ တူညီသည့်အကွာအဝေးတစ်ခုစီခြားကာ လက်ရန်းများကို တိုင်ကဲ့သို့ မြင့်မြင့်မားမားတည်ဆောက်ထားပြီး မျက်နှာကြက်ကို ထောက်ပံ့ပေးထားသည့် ပုံစံမျိုးပင်။

ယနေ့မှ ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်းဖြစ်ပြီး ဤနေရာတွင် လက်ဖက်ရည်သောက်ရလျှင် တော်တော်ကောင်းမည်ဟု ယူဂျင်း တွေးမိခဲ့၏။

ယူဂျင်းက စားပွဲနှင့် ကုလားထိုင်ယူလာရန် ရံရွေတော်များကို အမိန့်ပေးလိုက်သည်။ သူ့အမိန့်ကိုရလိုက်သော ရံရွေတော်များက အံ့ဩနေကြသည့်ပုံပင်။ တံတားပေါ်တွင် လက်ဖက်ရည်သောက်ခြင်းက ဤကမ္ဘာ၏ သာမန်အသိနှင့်ဆိုလျှင် ထူးဆန်းသည့်အပြုအမူဖြစ်နိုင်ပေသည်။ သို့သော် မိဖုရား၏ ထူးထူးဆန်းဆန်းအမိန့်ကို ရံရွေတော်အားလုံးက ဘာမှပြန်မပြောဘဲ လိုက်နာခဲ့ကြ၏။

ယူဂျင်းတစ်ယောက် သူ့တစ်ကိုယ်စာ သီးသန့် ကဖေးလေးတစ်ခု လျင်မြန်စွာ ဖန်တီးလိုက်တော့သည်။ မျက်နှာကြက်ကြောင့် အရိပ်ရပြီး လက်ရန်းကလွဲ၍ နံရံမရှိသဖြင့် ဘေးပတ်ဝန်းကျင်က ဟင်းလင်းပွင့်နေ၏။

‘တကယ် ကောင်းလိုက်တာ။’

နေဝင်ချိန်၏ တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို နီရဲနေအောင် ဆေးခြယ်ထားကြသည်။ ဤသို့သော ခမ်းနားသည့်ရှုခင်းကိုကြည့်ပြီး လက်ဖက်ရည်တစ်ခွက်သောက်ရသည့် ဇိမ်ခံမှုမျိုးကို စိတ်တိုင်းကျ အချိန်မရွေး ခံစားနိုင်ခြင်းမှာ မိဖုရားဖြစ်နေ၍သာ ရရှိလာသည့်အခွင့်အရေးတစ်ခုပင်။

ယူဂျင်းက မေးစေ့ကို လက်ဖြင့်ထောက်ပြီး ခေါင်းလေးလှည့်ကာ ပို၍နီရဲလာသည့် ကောင်းကင်ကို စိုက်ကြည့်နေခဲ့သည်။ နေဝင်ချိန်ရှုခင်းကို ငေးမောကာ ဈာန်ဝင်နေသဖြင့် သူ့ကိုစိုက်ကြည့်နေသည့် မျက်လုံးများကို သတိမထားမိခဲ့ပေ။

ခါဆယ်ရ်က ယူဂျင်းကို ထောင့်ဖြတ်အနေအထားဖြင့် အနောက်မှ ကြည့်နေ၏။ သူ့မျက်ဝန်းများထဲတွင် ယူဂျင်း၏ပုံရိပ်က အပြည့်အဝရှိနေပြီး တလဲ့လဲ့လက်နေသည်။

သူက ပျက်စီးဆုံးရှုံးမှုများကို ယနေ့အတွင်း စစ်ဆေးပြီး အဆုံးသတ်ရန် ညစာစားချိန်ပင်မရှိဘဲ လှုပ်ရှားခဲ့သည်။ အသေးအဖွဲကိစ္စများကိုတော့ ကိုယ့်ဘာသာ စီမံခန့်ခွဲကြရန် တာဝန်ပေးထားခဲ့၏။

ထို့နောက် နေမဝင်ခင် အနောက်မှ တစ်ယောက်ယောက်ပဲလိုက်လာသလို နန်းတော်သို့ အလျင်စလို ပြန်လာခဲ့သည်။ ပြန်ရောက်သည်နှင့်

'သူ ဘယ်မှာလဲ' ဟု မေးလိုက်တော့ တံတားပေါ်မှာပါဟု ​လျှောက်တင်သည်ကို ကြားလိုက်ရ၏။ ထင်မှတ်မထားသောနေရာဖြစ်သဖြင့် အံ့ဩတကြီး တက်လာခဲ့ခြင်းပင်။

တံတား၏ အလယ်တွင် စားပွဲခင်းကျင်းထားပြီး လက်ဖက်ရည်သောက်နေသော ယူဂျင်းကို တွေ့လိုက်ရတော့ ရယ်မိရ၏။ အေးအေးလူလူ လက်ဖက်ရည်သောက်နေသည့် သူ့ပုံစံက ကြည့်ကောင်းလှသည်။ ခါဆယ်ရ် သူ့ကို အချိန်အတန်ကြာအောင် ရပ်ကြည့်နေမှန်းတောင် သတိမထားမိခဲ့ပေ။

ယူဂျင်းက ကျောက်ကြမ်းပြင်ပေါ်တွင် ပွတ်တိုက်သံကို ကြားသွားပြီး ပေါ့ပေါ့ပါးပါး ခေါင်းလှည့်ကြည့်လိုက်ရာမှ ရုတ်တရက် အံ့ဩသွား၏။

“အရှင်မင်းကြီး။”

ခါဆယ်ရ်က ကုလားထိုင်ကို ဆွဲယူကာ ယူဂျင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

‘ဘာလို့ ဒီလူက ဒီလို ရုတ်တရက် ပေါ်လာတာပါလိမ့်။’

စိတ်ကိုသာ ကြိုတင်ပြင်ဆင်မထားဘူးဆိုလျှင် မျက်နှာထားကိုထိန်းဖို့က ခက်ခဲပေလိမ့်မည်။ ခါဆယ်ရ်ကား မြင်လိုက်တိုင်း သဘောကျရလောက်အောင် ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက်ပင်။ ဘုရားသခင်က ဂရုတစိုက် ဖန်ဆင်းထားသည့် ဖန်တီးမှုတစ်ခုလားမှတ်ရ၏။

သူ့ကိုတွေ့လျှင် ပြောချင်သောစကားများကလည်း အများကြီးရှိနေသည်။ ပင်ပန်းခဲ့မှာပဲနော်၊ ဘယ်လောက် ပျက်စီးသွားလဲ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာမျိုး မရှိတဲ့ပုံစံကို ပြန်မြင်ရလို့ ဝမ်းသာပါတယ် အစရှိသဖြင့်။ သို့သော် ဘာတစ်ခုမှ ထွက်မလာခဲ့။

“ဘယ်တုန်းက ရောက်လာတာလဲရှင့်။”

အမှတ်တမဲ့ ထွက်လာသည့်စကားပင်။ 'ဘာ​လို့ လာခဲ့တာလဲ' ဟု အဓိပ္ပာယ်ပေါက်သွားမည်စိုးသဖြင့် စကားတစ်ခွန်းကို အလျင်အမြန် ထပ်ဖြည့်လိုက်မိ၏။

“အရှင်မင်းမြတ် ပြန်လာရင် အကြောင်းကြားပေးပါလို့ ​မှာထားခဲ့တာကို…”

“အခုလေးတင် ရောက်တာ။ ရံရွေတော်တွေထက် ငါလာတဲ့အရှိန်က ပိုမြန်တယ်လေ။”

ပြန်ရောက်သည်နှင့် ချက်ချင်း ဒီကိုရောက်လာသည်ဟူသော အဓိပ္ပာယ်ပင်။ ယူဂျင်းက အစီရင်ခံစာကြောင့်ပဲဟု တွေးလိုက်၏။

“အရှင်မင်းကြီးရဲ့ ရုံးခန်းထဲမှာ ထားခဲ့ခိုင်းထားပါတယ်ရှင့်။”

“ဟင်။”

“အထိန်းတော်ချုပ်ရဲ့ အစီရင်ခံစာလေ။"

“ကြည့်ပြီးပြီ။ မနက်အစောကြီးက…”

ခါဆယ်ရ်တစ်ယောက် စကားဆုံးအောင် မပြောလိုက်နိုင်ခဲ့။ ယူဂျင်း၏ အိပ်ခန်းထဲသို့ ရုတ်တရက်ဝင်သွားပြီး အိပ်ပျော်နေသော ယူဂျင်း၏မျက်နှာကိုသာ ကြည့်၍ ပြန်ထွက်သွားခဲ့သည့် သူ၏အပြုအမူကို ရှင်းပြနိုင်ခြင်းမရှိခဲ့ပေ။

“ဟုတ်ကဲ့။ ဝင်လာတယ်ဆိုတာတော့ ကြားပါတယ်။”

“တော်တော်လေး အိပ်မောကျနေတဲ့အချိန်ဆိုတော့ မနှိုးလိုက်တော့ဘူး။”

“အလုပ်ရှုပ်အောင် လုပ်မိသွားတာပဲ။”

“ဘာကိုလဲ။”

“အစီရင်ခံစာလေ။ အဲ့ဒါကို စစ်ဆေးဖို့ လာခဲ့တာမဟုတ်ဘူးလားရှင့်။”

ခါဆယ်ရ့်တွင် ပြောစရာစကားမရှိတော့။ အထိန်းတော်ချုပ်၏ အစီရင်ခံစာကို နဂိုကတည်းက အာရုံမရှိခဲ့ပေ။ အနည်းငယ် တောင့်တင်းသွားသည့် သူ၏မျက်နှာထားကို ယူဂျင်းက သတိမထားမိခဲ့။

“အထိန်းတော်ချုပ်က အင်မတန် တော်လွန်းလို့ ကျွန်မက အထိန်းတော်ချုပ်ကိုပဲ အများစု လုပ်ခိုင်းပြီး စစ်ဆေးရုံပဲ စစ်ဆေးခဲ့တာပါ… အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်လိုအပ်တဲ့ ကိစ္စတချို့ကိုတော့ ကျွန်မကပဲ ခွင့်ပြုပေးခဲ့တာလေ။ ပြဿနာရှိတဲ့ ကိစ္စတွေဘာတွေများ ရှိလားရှင့်။”

ယူဂျင်းက ရဲတိုက်ဂိတ်တံခါးဖွင့်ခဲ့သည့်ကိစ္စအပြင် တခြားသောကိစ္စများကိုလည်း စိုးရိမ်နေခဲ့သည်။ ခါဆယ်ရ်၏အာဏာကို စိန်ခေါ်သည့်လုပ်ရပ်ဟု နားလည်မှုလွဲသွားမည်ကို စိုးရိမ်မိ၏။

ကိုယ့်ကိုယ်ကိုယ်ပင် ဓားနှင့်ထိုးနိုင်သည့် အာဏာ၏ ရက်စက်ကြမ်းကြုတ်မှုကို မီဒီယာမျိုးစုံမှတစ်ဆင့် သွယ်ဝိုက်သောနည်းဖြင့် တွေ့ကြုံခဲ့ရသော်လည်း အာဏာ၏ အထွတ်အထိပ်၌ရှိနေသူ၏ စိတ်ကိုမူ အပြည့်အဝ နားမလည်နိုင်ခဲ့။ ဘယ်အထိက သင့်တော်သည့်စည်းမှန်းလည်း မသိခဲ့ပေ။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment