no

Font
Theme

အပိုင်း ၃၁

အထွတ်အမြတ်မြို့တော်ကား ဆန်းဂျယ်၏ တန်ခိုးစွမ်းအားဖြင့် ကာကွယ်ထားသော နယ်မြေပင်။ လာ့ခ်၏ တိုက်ခိုက်မှုမှ လုံးဝကင်းလွတ်လုံခြုံသည်။ မည်သို့သော အခြေအနေမျိုးတွင်ဖြစ်စေ မျိုးစေ့များ ကွဲအက်ခြင်းမရှိနိုင်ပေ။

လာ့ခ် ထကြွသောင်းကျန်းရာ နန်းတော်ပတ်ဝန်းကျင်တွင်လည်း အာနီခါ၏ စွမ်းအားကို မလိုအပ်။ လာ့ခ်၏ မျိုးစေ့များက အသုံးဝင်သည်ဆိုရုံနှင့် မဖြစ်မနေ ရှင်သန်အပင်ပေါက်စေရန် အကြောင်းမရှိသောကြောင့်ပင်။

"ယူဂျင်း။"

"ဟုတ်ကဲ့။"

"အကယ်၍များဆိုပြီး ပြောတာဆိုပေမဲ့ အရေးမပါတဲ့ကိစ္စတွေ မလုပ်နဲ့။"

"မျိုးစေ့စမ်းသပ်မှုလား။ မလုပ်ပါဘူး။"

"မင်းအတွက် ရာမီတာက ရေပဲမို့လို့။"

"ရေ။"

ယူဂျင်း မာရီအန်း ပြောခဲ့သော စကားကို သတိရလိုက်မိသည်။

[အာနီခါက သူ့ရဲ့ ရာမီတာကို ရေအသွင်နဲ့ မြင်တယ်လို့ ပြောကြပါတယ်။]

"ရေတဲ့လား။ ဘာသဘောလဲရှင့်။"

"ရာမီတာကို ရေရဲ့ပုံသဏ္ဌာန်နဲ့ အဆင့်သတ်မှတ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ လူတကာထက် ပိုသိနေတဲ့သူကို ရှင်းပြရတာ တစ်မျိုးဖြစ်နေပေမဲ့... မင်းကို ဘာမှမသိဘူးလို့ပဲ သဘောထားပြီး ပြောပြမယ်။ ရာမီတာက အသက်အရွယ်တစ်ခုရောက်ရင် နိုးထလာပြီးတော့ အဲ့ဒါနဲ့ပဲ ကိုယ့်ရဲ့ရာမီတာစွမ်းရည်ကို ခန့်မှန်းကြတာတဲ့။ တချို့က ရေလှောင်ကန်ကို မြင်ကြတယ်၊ တချို့က ရေကန်ကို မြင်ကြတယ်၊ ရေတွင်းကို မြင်တဲ့သူတွေလည်း ရှိတယ်၊ ရေပမာဏ များပြီး နက်လေလေ အဆင့်မြင့်လေလေပဲ။ ရာမီတာက အတိုင်းအဆမရှိ သုံးနိုင်တဲ့စွမ်းရည် မဟုတ်လို့ လက်လွတ်စပယ် သုံးလို့မရဘူး။ ရေဆိုတဲ့သဘောက ခပ်ထုတ်လိုက်ရင် လျော့သွားတတ်တာပဲမဟုတ်လား။"

"အာ..."

ပေါ့ပါးသော တုန်လှုပ်မှုတစ်ခု ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားတော့သည်။ ရာမီတာအဆင့်ကို ဆန်းဂျယ်သာ တိုင်းတာနိုင်သည်ဟု ပြောခဲ့၏။ ဤသည်ကလည်း ဆက်တင်၏ ဟာကွက်တစ်ခုပေပဲလား။

သို့သော် ဤသည်က အင်မတန် အရေးကြီးသည့် ဆက်တင်ဖြစ်မည့်ပုံပေါ်သော်လည်း ဘာကြောင့် မသိခဲ့ရသနည်း။

'ဒါဆို ဖလော်ရာကရော။'

ဝတ္ထုတွင် ပါဝင်သည့် ဇာတ်လိုက် ဖလော်ရာ။

သူက မာရာ၏ ကိုယ်ခွဲဖြစ်သွားသော မာဂျိုနှင့် တိုက်ခိုက်ခဲ့သည့် တစ်ဦးတည်းသော အာနီခါဖြစ်ပြီး ကြံ့ခိုင်အားပြင်းသည့် စွမ်းအားပိုင်ရှင်ပင်။

ဖလော်ရာ၏ ရာမီတာက အစွမ်းထက်လှပြီး သူ၏ စွမ်းအားကို အကန့်အသတ်မရှိ အသုံးပြုကာ မာရာ၏ တပ်ဖွဲ့ကို အင်အားချည့်နဲ့စေခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ ဘယ်သူကမှ၊ ဆန်းဂျယ်ပင်လျှင် ဖလော်ရာအား အစွမ်းအသုံးပြုမှုကို ကန့်သတ်ချုပ်တည်းရန် အကြံမပေးခဲ့ကြပေ။

'ဖလော်ရာက ထူးခြားလို့ပဲလား။ ဇာတ်လိုက်ဆိုတော့လည်း ထူးခြားမှာပေါ့လေ။'

"ဒါဆို ရေတွေ အကုန်ခပ်ထုတ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲဟင်။"

"ငါကတော့ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ ကောင်းကျိုးတော့ မရှိဘူးပေါ့။ ရာမီတာက မင်းမွေးဖွားလာကတည်းက ပါလာတဲ့ စွမ်းအားဖြစ်သလို၊ မင်းခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဗလာကျင်းသွားရင် ဟန်ချက်ပျက်သွားလိမ့်မယ်။"

"မြေအောက်ရေကို အကုန်ခပ်ထုတ်လိုက်ရင် မြေပြိုသလိုမျိုးလားရှင့်။"

"ဥပမာကောင်းပဲပေါ့။"

"... ဘာလို့ မမှတ်မိမှန်း မသိတော့ပါဘူး။"

ယူဂျင်းက သူကိုယ်တိုင် ရေးခဲ့သော ဝတ္ထုဖြစ်လျက်နှင့် ဘာကြောင့် ဒီလောက်အထိ မသိရတာလဲဟု ညည်းညူပြောဆိုခဲ့သည်။

"..."

ခါဆယ်ရ်က မှတ်ဉာဏ်တွေပျောက်သွား၍ စိတ်ပျက်နေသည်ဟု မှတ်ယူလိုက်သည်။ ယူဂျင်းအား စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်ပေးပြီး မှတ်ဉာဏ်များ အမြန်ဆုံးပြန်လည်ရရှိပါစေဟု ဆုတောင်းပေးနိုင်ခြင်းမရှိသော သူ့စိတ်ထဲတွင် လေးလံနေတော့၏။

ယူဂျင်းက ထပ်မံ၍ စဉ်းစားခန်းဝင်ခဲ့လေသည်။ မှတ်ဉာဏ်ပြန်လည်ရရှိစေမည့် နည်းလမ်းကို အသုံးမပြုနိုင်တော့ပေ။

'ဂျင်ရဲ့ မွေးရာပါ ရာမီတာစွမ်းရည်က မရှိသလောက်ပဲကို။'

ဂျင် စွမ်းအားနိုးထလာစဉ်က မည်သည့်ပုံရိပ်ကို မြင်တွေ့ခဲ့ရမလဲဟု သိချင်မိ၏။

'ရေအိုင်ငယ်လေးပဲဖြစ်မလား၊ အဲ့ဒီလိုအရာမျိုး မြင်ခဲ့ရလောက်တယ်မဟုတ်လား။'

ဆန်းဂျယ်က အာနီခါ၏ စွမ်းရည်အဆင့်ကို လျှို့ဝှက်ထားခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ ထုတ်ဖော်လိုက်ပါက ဖြစ်ပေါ်လာနိုင်သော အခြေအနေများမှာ ထိုသို့ပင် ဖြစ်ပေမည်။ သာလွန်သူက နိမ့်ကျသူကို နှိမ်ချခြင်းမှာ လူသားတို့၏ ဆိုးဝါးသော ဗီဇဖြစ်သဖြင့် အာနီခါများသည်လည်း ခြွင်းချက်ဖြစ်မည်မဟုတ်ပေ။

တစ်ဦးနှင့်တစ်ဦး စွမ်းရည်အဆင့်အလိုက် အားပြိုင်ကြမည်ပင်။ 'ရေအိုင်လေးလောက်ပဲလား။ ငါက ရေကန်ကြီး။ လာမနောက်စမ်းနဲ့' အစရှိသဖြင့်။

"ဪ၊ ဒါနဲ့ သတိရသွားလို့ပါ။ နည်းနည်းကြာခဲ့ပြီဆိုပေမဲ့လေ။ ဘာဆိုလား ပျောက်သွားလို့ဆိုပြီး စိတ်ဆိုးခဲ့တာ ရှိတယ်မဟုတ်လား။ အဲ့ဒါက ဘာလဲဟင်။ အခုအထိ မတွေ့သေးဘူးလားရှင့်။"

အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း အဖြေမရခဲ့ပေ။

"အရှင်မင်းကြီး။"

"..."

"အိပ်နေပြီလားရှင့်။"

တုံ့ပြန်သံ လုံးဝရှိမလာခဲ့။

'စောစောလေးကတင် စကားပြောနေသေးတာကို။ အဲ့ဒီအချိန်လေးအတွင်းမှာ အိပ်ပျော်သွားတာလား။'

မနက်ဖြန် မနက်စောစောထပြီး အလုပ်ပြန်လုပ်ရမည့်သူကို မဖြစ်မနေ နှိုးရလောက်သည်အထိ အရေးမကြီးလှပေ။

'နောက်မှပဲ မေးကြည့်ရမယ်။'

ခါဆယ်ရ်က လွယ်လွယ်ကူကူ စိတ်လှုပ်ရှားတတ်သူမျိုးမဟုတ်။ ထိုမျှလောက်အထိ စိတ်ဆိုးခဲ့သည်ဆိုလျှင် ပျောက်သွားသည့်ပစ္စည်းက သေးသေးမွှားမွှားတော့ မဖြစ်နိုင်ပေ။ သို့သော် ထိုနောက်ပိုင်းတွင် စကားမစပ်မိသည်က ထူးဆန်းနေ၏။

ယူဂျင်းလည်း မျက်လုံးမှိတ်ကာ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ အိပ်မပျော်သည့်အပြင် ခေါင်းက ပို၍ပင် ကြည်လင်လာ၏။

စိတ်ထဲမှ သိုးများကို ရေတွက်လိုက်သည်။ တစ်ကောင်မှ စရေလိုက်သည့် သိုးများက မကြာမီတွင် အကောင်တစ်ရာကျော်သွားတော့၏။ သို့တိုင် မပင်ပန်းသေးပေ။ အကြောင်းရင်းကို ရှာကြည့်လိုက်တော့ ခေါင်းထဲတွင် လုံးထွေးနေသောအတွေးများ ပြည့်နေသောကြောင့်ပင်။

အမှောင်ထဲတွင် မျက်နှာက ပူလောင်လာသည်။ ခေါင်းထဲမှာတော့ အကုန်လုပ်ပြီးပြီကို အိပ်မပျော်ဘူးတဲ့လား။

'ဟင့်အင်း။ လေ့ကျင့်ခန်း လုံလုံလောက်လောက်မလုပ်လို့ဖြစ်တာ။ မနက်ဖြန် လမ်းကြာကြာလျှောက်ရမယ်။'

ယူဂျင်းတစ်ယောက် ကောင်းစွာအိပ်ပျော်စေရန်အတွက် ပုံရိပ်အသစ်တစ်ခု စိတ်ကူးကြည့်ရန် ကြိုးစားလိုက်သည်။

'ရေ။'

စောစောက ခါဆယ်ရ့်ဆီမှ ကြားခဲ့ရသော စကားက စိတ်ထဲစွဲစရာပင်။ တောအုပ်သဖွယ် ငြိမ်သက်စွာ လှုပ်ခါနေသည့် ရေပေါ်တွင် ပေါလောပေါ်နေသော ကိုယ့်ပုံစံကိုယ် စိတ်ကူးယဉ်ကြည့်လိုက်သည်။ တဖြည်းဖြည်း ခန္ဓာကိုယ်က ပျော့ခွေလာပြီး ခြေ၊ လက်များတွင် အားပြတ်လာ၏။ ယူဂျင်း၏ သတိကလည်း နက်ရှိုင်းစွာ နစ်မြုပ်သွားလေတော့သည်။

~~~~~

အိပ်ပျော်ပြီဟု ထင်ခဲ့မိ၏။ ဘာကြောင့်မှန်းမသိ ရုတ်တရက် လန့်နိုးလာပြန်သည်။

'အိပ်နေရင်း နိုးလာရင် ပြန်အိပ်ဖို့ ခက်တာကို။'

ယူဂျင်းက မျက်လုံးမှိတ်လျက်ကနေ ညည်းညူလိုက်သည်။ ရေက တဖြည်းဖြည်း လှုပ်ခါလာ၏။ ရေလှုပ်ရှားသံကိုလည်း ကြားနေရသည်။ တစ်မျိုးဖြစ်ကာ ထူးဆန်းနေ၏။ မျက်လုံးဖွင့်လိုက်တော့ ကြည်လင်နေသည့် ကောင်းကင်ကို မြင်လိုက်ရသည်။

'ဘာလဲ။ ဒါဘယ်နေရာလဲ။'

ခေါင်းကို ဘေးဘက်သို့ အသာအယာ လှည့်လိုက်တော့ အဆုံးမရှိသည့် ရေပြင်ကြီးပေါ်လာလေသည်။ အရှေ့တည့်တည့်သို့ ဆန့်တန်းထားသော ကိုယ့်လက်ကိုယ် မြင်လိုက်ရ၏။ လက်ဖဝါးက အပေါ်ဘက်လှန်ထားကာ လက်မောင်းအောက်ပိုင်းက တစ်ဝက်လောက် ရေထဲတွင်မြုပ်နေသည်။

ယူဂျင်းလည်း ဟစ်ခနဲ အံ့သြစွာ ပင့်သက်ရှိုက်ပြီး ထရပ်လိုက်၏။ အရင်ဆုံး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ ဘယ်နေရာကိုပဲကြည့်ကြည့် ဘာဆိုဘာမှမရှိဘဲ ကောင်းကင်တစ်ဝက်၊ ရေတစ်ဝက်သာ ရှိနေသည်။ ရေကို လှုပ်ရှားလိုက်တိုင်းတွင် ရေပွက်သံထွက်လာ၏။

ယူဂျင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ ခြေထောက်နှစ်ဖက်က ခြေချင်းဝတ်အထိ ရေထဲတွင် မြုပ်နေ၏။

'ငါ အခု အိပ်မက်မက်နေတာလား။'

ယူဂျင်းက မျက်လုံးများကို တင်းတင်းမှိတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။ ရင်းနှီးပြီးသား အိပ်ခန်းမျက်နှာကြက်ကို မြင်ရ၏။

'ဟမ်'

မျက်လုံးကို ပြန်မှိတ်ပြီး ပြန်ဖွင့်လိုက်ပြန်သည်။ မျက်နှာကြက်ကိုသာ မြင်နေရဆဲပင်။ ခေါင်းကို ဘေးဘက်သို့ လှည့်လိုက်တော့ အိပ်ရာပေါ်တွင် သူတစ်ယောက်တည်း လဲလျောင်းလျက်ရှိနေ၏။ ဘယ်အထိက လက်တွေ့ဖြစ်ပြီး ဘယ်အထိက အိပ်မက်ဖြစ်သည်ကို ရှုပ်ထွေးသွားတော့သည်။

မှတ်ဉာဏ်များကို ပြန်စဥ်းစားကြည့်လိုက်၏။ မနေ့က ဘုရင်မင်းမြတ်ရောက်လာပြီး ဘေးချင်းယှဉ်လဲလျောင်းကာ စကားပြောနေရင်း အိပ်ပျော်သွားခဲ့သည်။ သူ့ဘေးမှ ဗလာဖြစ်နေသောနေရာတွင် လဲလျောင်းခဲ့ရာမှ ထသွားသော ခြေရာလက်ရာများ ကျန်ရှိနေဆဲပင်။ ခါဆယ်ရ်၏ အိပ်ရာထချိန်က စောသောကြောင့် လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက ထွက်သွားလောက်ပြီဖြစ်ပေမည်။

ယူဂျင်း မှိုင်တွေတွေဖြင့် ထထိုင်လိုက်သည်။ အလွန်ထင်ရှားပြတ်သားသော အိပ်မက်တစ်ခုပင်။

[တချို့က ရေလှောင်ကန်ကို မြင်ကြတယ်၊ တချို့က ရေကန်ကို မြင်ကြတယ်၊ ရေတွင်းကို မြင်တဲ့သူတွေလည်း ရှိတယ်။]

ခါဆယ်ရ်ပြောခဲ့သော စကားက နားထဲတွင် တဝဲလည်လည်ဖြစ်နေတော့သည်။

'မဖြစ်နိုင်တာ။'

မဖြစ်နိုင်ပေ။ ဤသည်က အိပ်မက်သက်သက်ပင်။ အိပ်မပျော်ခင် အသေးစိတ် စိတ်ကူးယဉ်ခဲ့သောကြောင့် ထိုပုံရိပ်များ ထင်ဟပ်လာခြင်းသာ။

သို့သော် ရိုးရှင်းသော အိပ်မက်တစ်ခုမဟုတ်ဘဲ ရာမီတာ၏ အဆင့်ကို ပြသသော အိပ်မက်ထဲတွင်သတိရှိနေသည့် အိပ်မက်မျိုး (lucid dream) ဖြစ်ခဲ့မည်ဆိုလျှင်ရော။

'ဒါဆို ငါ မြင်ခဲ့တာက ဘာလဲ။'

~~~~~

ခါဆယ်ရ်က နေ့တိုင်း ရုံးခန်းစားပွဲတွင် ထိုင်လိုက်သည်နှင့် ညာဘက်ရှိ ငွေရောင်လင်ပန်းကို ဆွဲယူလေသည်။ အပါးတော်မြဲအကြီးအမှူး စီစဉ်ပေးထားသော စာများက စနစ်တကျရှိနေ၏။ စာများကို ဘာမှမဟုတ်သလို ကြည့်ရှုနေသော သူ့လက်များ တုံ့ခနဲရပ်တန့်သွားခဲ့သည်။

သူက ရွှေရောင်စည်းဖြင့် ပိတ်ထားသောစာကို ကောက်ယူလိုက်၏။ ယင်းမှာ ဆန်းဂျယ်၏ စည်းတံဆိပ်ပင်။ ဆန်းဂျယ်၏ စည်းတံဆိပ် ရိုက်နှိပ်ထားသော်လည်း အပြင်သို့ တိုက်ရိုက်မပို့ဘဲ သာမန်စာအဖြစ် ဝင်လာတတ်သည့်အဖြစ်များလည်း ရံဖန်ရံခါရှိတတ်၏။ များသောအားဖြင့် ဘုရားကျောင်းစစ်သည်တော်တပ်ဖွဲ့မှ ပေးပို့သော အသိပေးစာများဖြစ်ပေသည်။

ခါဆယ်ရ်က စည်းတံဆိပ်ကိုဖွင့်ကာ အတွင်းမှစာကို ထုတ်ယူပြီး ဖြန့်ကြည့်လိုက်၏။ စူးရှသည့်မျက်လုံးများဖြင့် ကြည့်နေသော သူ၏မျက်နှာအမူအရာ တင်းမာသွားတော့သည်။

"အပါးတော်မြဲအကြီးအမှူး။"

ခပ်လှမ်းလှမ်းတွင် ရပ်နေသော အပါးတော်မြဲအကြီးအမှူးက ပြန်ဖြေကာ ဘေးသို့တိုးလာသည်။

"ဒါကို ဘယ်တုန်းက ရခဲ့တာလဲ။"

"မနက်က ရောက်လာတာပါ။"

"ဘယ်သူ ယူလာတာလဲ။"

"မနက်စောစော စာပို့မြင်းရထားနဲ့ ရောက်လာတာပါ။ အချိန်ရော၊ ယူလာတဲ့သူရော ပုံမှန်အတိုင်းပါပဲ။ ထပ်ပြီးတော့ စုံစမ်းစစ်ဆေးပြီး တင်ပြပေးရမလားခင်ဗျ။"

"...ဟင့်အင်း။"

ဘုရင်မင်းမြတ်က လက်ဟန်ပြလိုက်တော့ အပါးတော်မြဲ အကြီးအမှူးလည်း အနောက်သို့ ပြန်ဆုတ်သွားသည်။

ခါဆယ်ရ်က စာပါအကြောင်းအရာကို ထပ်မံစစ်ဆေးလိုက်၏။ အောက်တွင် ဆန်းဂျယ်၏ စည်းတံဆိပ်ခတ်နှိပ်ထားသော လက်ရေးစာဖြစ်ပေသည်။

မှန်ကန်သော လုပ်ထုံးလုပ်နည်းအရဆိုလျှင် ဆန်းဂျယ်၏ ကိုယ်တိုင်ရေးစာကို စစ်သည်တော်က စာနှင့်အတူ ကိုယ်တိုင်လာရောက်အခစားဝင်ပြီး ဘုရင်မင်းမြတ်ထံ ဆက်သသံတော်ဦးတင်ကာ အကြောင်းပြန်စာကို ရယူပြီးမှ ပြန်သွားရပေမည်။

သာမန်စာအဖြစ်ပို့ခြင်းက လူကိုယ်တိုင် လာရောက်ခြင်းထက် ပိုမိုမြန်ဆန်စွာ လက်ခံရရှိနိုင်သော်လည်း လမ်းတွင် ပျောက်ဆုံးနိုင်ခြေရှိပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းရာတွင် အားနည်းချက်ရှိ၏။ ဆန်းဂျယ်က သာမန်စာအဖြစ် ပို့ခိုင်းသည်ဟု သီးသန့် ညွှန်ကြားခြင်းမရှိဘဲ ဤသို့သောနည်းဖြင့် ရောက်လာမည်မဟုတ်ပေ။

'လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့လိုအပ်တဲ့ အကြောင်းအရာတော့မဟုတ်ပေမဲ့...'

သာမန် နှုတ်ခွန်းဆက်စကားပင်။ သို့သော် သမားရိုးကျစာအဖြစ် နှုတ်ခွန်းဆက်စကား အပြန်အလှန် ဖလှယ်ရလောက်အောင် ဆန်းဂျယ်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုမရှိပေ။

ရင်းနှီးမှုကိုမြှင့်တင်ရန် လိုအပ်သည်ဟုလည်း မခံစားရ။ ခါဆယ်ရ်ကား လက်ထပ်ရာတွင် အောင်မြင်ခဲ့ပြီးနောက် ဘာကိုမှ အားမလိုအားမရ ဖြစ်စရာမလိုသော အနေအထားတွင် ရှိနေသူပင်။

အစဉ်အလာအရ ဟာရှီတိုင်းပြည်၏ ပြည့်ရှင်ဘုရင်သည် အထွတ်အမြတ်မြို့တော်နှင့် ရုပ်ပိုင်းဆိုင်ရာအရ ဝေးကွာသကဲ့သို့ စိတ်ပိုင်းဆိုင်ရာအရလည်း ဝေးကွာလှ၏။

တခြားတိုင်းပြည်များမှ ဘုရင်များကား မကြာခဏ အသွားအလာရှိကြသည်။ တချို့သောဘုရင်များဆိုလျှင် ရုန်းကန်လှုပ်ရှားရသည့်ရာသီ၌ တိုင်းပြည်တွင်နေကာ ခြောက်သွေ့သောရာသီ၌ အထွတ်အမြတ်မြို့တော်တွင် နေထိုင်ကြ၏။ သို့သော် ဟာရှီတိုင်းပြည်၏ ဘုရင်မှာမူ တိုင်းပြည်ကို စွန့်ခွာခြင်းမရှိပေ။

ဟာရှီဘုရင် အထွတ်အမြတ်မြို့တော်သို့ သွားရသည့်အကြောင်းရင်း နှစ်ခုသာရှိ၏။ ဆန်းဂျယ် ဆင့်ခေါ်ချိန်နှင့် လက်ထပ်ရချိန်။

ခါဆယ်ရ်က အထွတ်အမြတ်မြို့တော်ကို စိတ်မသက်မသာဖြစ်စရာဟု ခံစားရသည်။ သို့သော် နန်းတက်ပြီးနောက်တွင် ခြောက်သွေ့ရာသီရောက်တိုင်း အထွတ်အမြတ်မြို့တော်သို့ သွားရောက်ရ၏။ အကြောင်းမှာကား ထီးနန်းဆက်ခံသူရရှိရန်အတွက် လက်ထပ်ရမည်ဖြစ်သောကြောင့်ပင်။

လက်ထပ်ပြီးနောက် အထွတ်အမြတ်မြို့တော်သို့ သွားရောက်ရန် မလိုအပ်တော့ခြင်းက အကောင်းဆုံးအချက်ပင်ဖြစ်ပေသည်။

သူက စာ၏ နောက်ဆုံးစာကြောင်းကို ထပ်မံပြီးဖတ်လိုက်၏။

-သာသနာပိုင် ဘုရားကျောင်းတော်က အမြဲတစေ တံခါးဖွင့်ထားလျက်နဲ့ အသင့်ရဲ့ဒုက္ခကို လျစ်လျူရှုမည်မဟုတ်။ ဂျင် အာနီခါကိုလည်း နှုတ်ခွန်းဆက်စကား ပါးပေးပါ။

အစဉ်အလာမပျက် ဖော်ပြနေကျ အသုံးအနှုန်းပင်။ ဆန်းဂျယ်က အာနီခါများကို ချစ်ခင်မြတ်နိုးသဖြင့် အထွတ်အမြတ်မြို့တော်မှ ထွက်ခွာပြီး ဝေးလံသောအရပ်သို့ ရောက်ရှိနေသော မိဖုရား၏ သာကြောင်းမာကြောင်းကို မေးမြန်းခြင်းမှာ အထူးအဆန်းတော့မဟုတ်။

သို့သော် ဆန်းဂျယ် ဘုရားကျောင်း စစ်သည်တော်မှတစ်ဆင့် သမားရိုးကျစာများ ပေးပို့ခဲ့သည်မှာ မကြာသေးပေ။ ဆန်းဂျယ်က ခြောက်သွေ့ရာသီအဆုံးတွင် အားပေးစာနှင့်၊ ရုန်းကန်လှုပ်ရှားရသည့်ရာသီ ကုန်ဆုံးပြီးနောက်တွင် နှစ်သိမ့်စာများကို ပေးပို့ခဲ့၏။

ခါဆယ်ရ် မင်းသားဘဝတုန်းက ဖခင် ဘုရင်မင်းမြတ်လည်း စာများလက်ခံရရှိခဲ့သည်ဖြစ်ရာ တခြားတိုင်းပြည်များမှ ဘုရင်များသည်လည်း လက်ခံရရှိကြမည်ဖြစ်ပေသည်။

ခါဆယ်ရ်က မကြာသေးမီက လက်ခံရရှိခဲ့သော ဆန်းဂျယ်၏ စာကို ထုတ်ယူကာ နှိုင်းယှဉ်ကြည့်လိုက်၏။ စာ၏အဆုံးတွင် တူညီသော ဖော်ပြချက်ကို ရေးသားထားကြောင်း တွေ့ရသည်။

-သာသနာပိုင် ဘုရားကျောင်းတော်က အမြဲတစေ တံခါးဖွင့်ထားလျက်နဲ့ အသင့်ရဲ့ဒုက္ခကို လျစ်လျူရှုမည်မဟုတ်။

သူလည်း စာရေးစာချီအား ဆန်းဂျယ်၏စာများ စုစည်းထားသော စာရွက်စာတမ်းဖိုင်ကို ယူဆောင်လာရန် ညွှန်ကြားလိုက်၏။ စာရေးစာချီထံမှ ဖိုင်ကို ရယူပြီးနောက် ယခုအထိ လက်ခံရရှိခဲ့သော စာများအားလုံးကို နှိုင်းယှဉ်ကြည့်ခဲ့သည်။

နောက်ဆုံးစာကြောင်းများကို အကုန် တူညီသော အသုံးအနှုန်းဖြင့်ပင် အဆုံးသတ်ထား၏။ ယခင်က သေချာ ဂရုမစိုက်မိခဲ့ပေ။ ဆန်းဂျယ်၏စာ​က အမြဲတမ်း အကြောင်းအရာ ဆင်တူတွေချည်းပင်။ အဓိကအကြောင်းအရာမဟုတ်သည့် နိဂုံးချုပ် နှုတ်ဆက်စကားများကို ပေါ့ပေါ့တန်တန် ကျော်ဖတ်မိခဲ့၏။

'ထူးဆန်းတယ်။'

နွေးထွေးသော နှစ်သိမ့်မှုထက် ရည်ရွယ်ချက်တစ်ခုကို ခံစားမိ၏။ တစ်ခုခုဖြစ်ခဲ့လျှင် တွေဝေမနေဘဲ အသိပေးရန် ရည်ရွယ်သည်ဟု ထင်ရသည်။

'ငါကပဲ ထိလွယ်ရှလွယ်ဖြစ်နေတာလား။'

ဆန်းဂျယ်ထံ အကူအညီတောင်းခံရလောက်သည့် ကိစ္စမျိုး မရှိသေးပေ။

'မိဖုရားရဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှုကို ချန်လှပ်ထားမယ်ဆိုရင်လေ။'

သို့သော် နန်းတော်အတွင်း၌ သတိထားမိသူမရှိစေရန် နှုတ်ပိတ်မိန့်ချထားသည်မှာ တင်းကျပ်လွန်းသဖြင့် ဆန်းဂျယ် ထိုအချက်ကို သိနိုင်စရာ အကြောင်းမရှိပေ။ ထို့အပြင် ဆန်းဂျယ်က အမြဲတမ်း တူညီသော စာကြောင်းဖြင့် အဆုံးသတ်သော စာများကို ပေးပို့နေသည်မှာ ကြာပေပြီ။

သူ၏ ဆဋ္ဌမအာရုံတွင်တော့ ထိုစာကြောင်းတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ရှိသည်ဟု မှတ်ယူမိသည်။ အရိပ်အခြည်ကြည့်ကာ ဆန်းဂျယ်၏ သဘောထားကို အလိမ္မာလေးနှင့်မေးသော အကြောင်းပြန်စာပို့ခြင်းက မှန်ကန်သင့်မြတ်၏။

ခါဆယ်ရ် စာရွက်ကို ဖြန့်ချလိုက်သည်။ မင်တံကို ကိုင်ထားရင်း အတော်ကြာ ရပ်တန့်နေသော လက်များ လှုပ်ရှားလာ၏။

သူက ဘာမှမသိလေဟန်ဖြင့် စာကိုရေးလိုက်သည်။ မမျှော်လင့်ဘဲ ရရှိသောစာကြောင့် စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်မိကြောင်း ထင်ရှားစေသော်လည်း ဘယ်သူပဲကြည့်ကြည့် သူ၏ ပင်ကိုယ်စရိုက်နှင့် ကွဲထွက်နေခြင်းမျိုးမရှိစေရန် ထိန်းချုပ်ထားသော စကားလုံးလှလှလေးများကို ထည့်သွင်းရေးသားခဲ့၏။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment