အပိုင်း ၃၄
“စိတ်ကသိကအောက်ဖြစ်လို့လား။”
“အာ၊ မဟုတ်ပါဘူး။ အဆင်ပြေပါတယ်။”
'ဒီလူက ခေါင်းမာတာပဲလား၊ စိတ်ထားနူးညံ့တာပဲလား။'
ခါဆယ်ရ်က ဂျင်နှင့် ချုပ်ဆိုခဲ့သော စာချုပ်ကို သစ္စာရှိရှိ ထိန်းသိမ်းခဲ့သူပင်။ သို့သော် ဂျင်က သစ္စာဖောက်ခဲ့သည်ဖြစ်ရာ သူ၏ ဒေါသက မည်မျှအထိကြီးခဲ့မည်နည်း။ ခါဆယ်ရ် ဒေါသတကြီးပုံစံဖြင့် ရောက်ရှိလာခဲ့သည့် ထိုနေ့ကို ပြန်တွေးလိုက်မိသည်။ ခံပြင်းစိတ်ဖြင့် ထိုနေ့က ရင်ထဲတလှိုက်လှိုက် ဖြစ်ခဲ့ရသော်လည်း၊ ယခု ပြန်စဉ်းစားကြည့်ပါက သူ့အနေနှင့် ပို၍ပင် ဒေါသထွက်ပိုင်ခွင့်ရှိပေသည်။
'မှတ်ဉာဏ်ပျောက်သွားတယ်ဆိုပြီး ဆင်ခြေပေးခဲ့ပေမဲ့လည်း ဘာပဲဖြစ်ဖြစ် အဲ့ဒီလူရဲ့အမြင်မှာတော့ ငါကျူးလွန်ခဲ့တဲ့ ကိစ္စပဲလေ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ သူက ဒေါသထွက်တာမျိုးလည်းမရှိ၊ အဲ့ဒီကိစ္စအကြောင်း စကားစတာမျိုးလည်းမလုပ်ခဲ့ဘဲနဲ့။'
မှတ်ဉာဏ်များကို မြန်မြန်ပြန်ရှာဖွေရန်လည်း သူက အလျင်စလို မတိုက်တွန်းခဲ့ပေ။ မေးမြန်းသမျှကိုလည်း အကုန်ပြန်ဖြေပေးခဲ့၏။ ယခုမူ သူက ယူဂျင်းကို ကိုယ်တိုင်ပင် ခေါ်ဆောင်ကာ အပြင်ကို လိုက်လံပြသပေးဦးမည်ဟု ဆိုနေပြန်သည်။ အားလပ်သူမဟုတ်သဖြင့် တမင်အချိန်ပေးမည်ဟူသော စကားပင်။
'ဘာပဲဖြစ်ဖြစ် အဲ့ဒီလူက... 'ဂျင်' ကို အဲ့ဒီလောက်ကြီး မမုန်းခဲ့တာလည်း ဖြစ်နိုင်တာပဲ။ လင်မယားကြားက ကိစ္စဆိုတာ လင်နဲ့မယားပဲသိတာလို့ ပြောကြတယ်မဟုတ်လား။'
စိတ်မှိုင်သွားရတော့သည်။
'ငါက 'ဂျင်' မဟုတ်တဲ့အကြောင်း၊ လုံးဝ တခြားလူတစ်ယောက်ဖြစ်နေတဲ့ကြောင်း သိသွားရင် ဘယ်လိုတုံ့ပြန်လောက်မလဲ။'
“အရှင်မင်းမြတ် အတူတူလိုက်မယ်ဆိုရင် ကိုယ်ရံတော် မလိုအပ်တော့ဘူးမဟုတ်လားရှင့်။”
“ကိုယ်ရံတော်မပါရင် မဖြစ်ဘူးလို့ ပြောခဲ့တယ်လေ။”
“ဒါဆိုလည်း တစ်ယောက်တော့ ခေါ်ပါ့မယ်။ အဲ့ဒီလိုမှမဟုတ်ရင် အပြင် လုံးဝမထွက်တော့ပါဘူး။ တစ်နေကုန် နန်းတော်ထဲမှာပဲ အခန်းအောင်းပြီး စိတ်ဓာတ်ကျနေလိုက်တော့မှာပါ။”
“...”
ခါဆယ်ရ်က နားမလည်နိုင်စရာ ခြိမ်းခြောက်မှုကို လုပ်နေသော ယူဂျင်းအား စိုက်ကြည့်နေမိသည်။ မိမိ၏ စိတ်ဓာတ်ကျမှိုင်တွေဖွယ် ခံစားချက်အခြေအနေကို အဘယ်ကြောင့် ညှိနှိုင်းမှုအထောက်အပံ့ ကိရိယာအဖြစ် ချသုံးရသနည်း။ သို့သော် ‘စိတ်ဓာတ်ကျမှု’ ဟူသော စကားလုံးကြောင့် နေမထိထိုင်မသာဖြစ်လာသည့် သူ၏စိတ်က ပို၍ပင် ထူးဆန်းနေပေသည်။
ဖောင်း....
ထိုစဉ် အချက်ပြမီးပန်း ပေါက်ကွဲသွားလေသည်။ ခါဆယ်ရ်တစ်ယောက် ကမန်းကတန်း ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်၏။ ယူဂျင်းလည်း အနောက်မှလိုက်ကာ ထရပ်ခဲ့သည်။ ခါဆယ်ရ့်ဘေးတွင်ရပ်ကာ ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်တော့ အဝါရောင် မီးခိုးများကို မြင်တွေ့ရ၏။
“ဟား...”
ယူဂျင်း သက်ပြင်းချလိုက်မိသည်။ တခြားအရောင် အချက်ပြမီးပန်း ပေါက်ကွဲခြင်းမရှိသေးပေ။ ရုန်းကန်လှုပ်ရှားရသည့်ကာလ စတင်ခဲ့သည်မှာ သုံးပတ်ကျော်သွားပေပြီ။ အချက်ပြမီးပန်းကို စစ်ဆေးလိုက်သော ယူဂျင်း၏စိတ်က အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်ပြောင်းလဲနေသည်။ ပထမတွင် အံ့အားသင့်သွားပြီး၊ ‘ထပ်ပေါက်ပြန်ပြီ’ ဟု နှစ်ခေါက် သုံးခေါက် တွေးမိရာမှ ယခုမူ ကြောက်စိတ်ဝင်လာ၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် အနီရောင် အချက်ပြမီးပန်းက မဖြစ်မနေ ပေါက်ကိုပေါက်ကွဲလိမ့်မည်ဟု ဆိုကြသည်။ မည်သည့်အချိန်တွင် ဖြစ်မည်ကို မသိသော်လည်း မဖြစ်မနေ ရင်ဆိုင်ရမည့် ဘေးဆိုးကို စောင့်ဆိုင်းနေရသည့် ခံစားချက်မျိုးပင်။ အချက်ပြမီးပန်းသံကို ကြားရတိုင်း ရင်ထဲတဒိတ်ဒိတ်ဖြစ်ရ၏။
ခါဆယ်ရ်က ပြတင်းပေါက်ကိုဖွင့်ကာ လသာဆောင်သို့ ထွက်သွားခဲ့သည်။ သူက အောက်သို့ ငုံ့ကြည့်ရင်း အသံရှည်ဆွဲပြီး လေချွန်လိုက်၏။ ယူဂျင်းက သူ့ဘေးတွင် အသာလေးရပ်ရင်း သူ့ကို ခိုးကြည့်လိုက်သည်။ အချက်ပြမီးပန်း ပေါက်ကွဲသည်နှင့် ချက်ချင်း ပြေးထွက်သွားမည်ဟု ထင်ခဲ့မိ၏။
'ဘာကိုကြည့်နေတာပါလိမ့်။'
သူ၏ အကြည့်ကိုလိုက်၍ ယူဂျင်းလည်း အောက်သို့ ငုံ့ကြည့်လိုက်လေသည်။
"အာဘူ။"
ယူဂျင်းတစ်ယောက် အဝေးမှ ပြေးလာနေသော မြင်းနက်ကြီးကို တွေ့လိုက်ရတော့သည်။
'အာဘူကို ခေါ်လိုက်တာကိုး။'
“အရှင်မင်းကြီး။”
ယူဂျင်းလည်း လန့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်မိ၏။ ဘယ်အချိန်က ဝင်လာမှန်းမသိသော လူတစ်ယောက်က ဒူးတစ်ဖက်ထောက် ထိုင်လျက်ကနေ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသောဓားကို ဘုရင်မင်းမြတ်ထံသို့ မြှောက်တင်ဆက်သလေသည်။ ခါဆယ်ရ်က သတ်မှတ်ထားပြီးသား အစီအစဉ်အတိုင်း လိုက်နာသကဲ့သို့ သဘာဝကျကျလေး ဓားကိုလက်ခံယူလိုက်၏။
“မိဖုရား။”
“ရှင်။”
“ကိုယ်ရံတော်ရွေးတဲ့ကိစ္စကို နောက်မှ ပြန်ဆွေးနွေးကြတာပေါ့။”
“ဟုတ်ကဲ့။ အရေးတကြီးကိစ္စလည်း မဟုတ်ပါဘူး။”
ဓားကိုင်ထားသော ခါဆယ်ရ်က ကျန်လက်တစ်ဖက်ဖြင့် လသာဆောင်လက်ရန်းကို ဆုပ်ကိုင်ကာ ကိုယ်ကို မြှောက်လိုက်သည့်အခါ ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
“အန္တရာယ်များ...”
စကားမဆုံးမီမှာပင် လက်ရန်းကို လုံးဝ ကျော်လွန်သွားပြီဖြစ်သော သူ၏ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားလေသည်။ ယူဂျင်းလည်း လက်နှစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ ဟစ်ခနဲ ပင့်သက်ရှိုက်လိုက်မိ၏။
ထို့နောက် လက်ရန်းနားသို့ မြန်မြန်ကပ်သွားပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။ အပြာရောင် အငွေ့များဖြင့် ဝန်းရံဖုံးလွှမ်းလျက် မြေပြင်ပေါ်သို့ ဆင်းသက်သွားသော ခါဆယ်ရ်၏ပုံစံကို တွေ့လိုက်ရ၏။
ယူဂျင်းအဖို့တော့ အချက်ပြမီးပန်း ပေါက်ကွဲပြီးနောက် ခါဆယ်ရ် ပြေးထွက်သွားသည့် မြင်ကွင်းကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရခြင်းပင်။ ကျားသစ်နက်ကြီးအဖြစ် ပြောင်းလဲသွားသော အာဘူ၏ ကျောပေါ်မှနေ၍ ခါဆယ်ရ်က ချက်ချင်းပင် အတွင်းဘက် မြို့ရိုးတံတိုင်းကို ခုန်ကျော်သွားခဲ့သည်။
“ဝါး...”
အံ့ဩမှင်တက်စိတ် တည်ငြိမ်သွားသည်နှင့် တင်းမာမှုများ ပြေလျော့သွားသော ခြေထောက်များတွင် အားပြတ်သွားလေတော့သည်။ ယူဂျင်းတစ်ယောက် လက်ရန်းကိုကိုင်လျက် လျှောကျသကဲ့သို့ ထိုင်ချလိုက်မိ၏။
“အရှင်မိဖုရား။”
“အဆင်ပြေပါရဲ့လားရှင့်။”
“အဆင်ပြေတယ်။ တစ်ချက်လေး အံ့အားသင့်သွားတာ။”
ယူဂျင်းလည်း ရံရွေတော်၏ လက်ကို ဆုပ်ကိုင်ကာ ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ဆိုဖာပေါ်တွင် ထိုင်နေသော သူ၏ ဘေးနှစ်ဖက်တွင် ရံရွေတော်များက အပါးမှကပ်လျက် ခြေလက်များကို နှိပ်နယ်ပေးခြင်း၊ လက်ဖက်ရည်နွေးနွေးကို ယူလာပေးခြင်း အစရှိသဖြင့် ပျာပျာသလဲ လှုပ်ရှားနေကြ၏။
အပါးတော်မြဲ အကြီးအမှူးဆိုလျှင် ဆိုဖာအနီးတွင် တဝဲလည်လည်လုပ်နေရင်း ဂနာမငြိမ်စွာဖြင့် ယူဂျင်းအား ‘အဆင်ပြေပါရဲ့လား’ ဟု ထပ်ခါတလဲလဲ မေးမြန်းနေလေသည်။
“ဘာမှမဟုတ်ပါဘူး။ အရှင်မင်းကြီးကိုလည်း သွားမပြောပြပါနဲ့။ အလကားသက်သက် စိတ်ပူရအောင် မလုပ်ချင်လို့ပါ။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ယူဂျင်း အံ့အားသင့်သွားရသည်မှာ ထိတ်လန့်သွားခြင်းကြောင့်မဟုတ်ဘဲ အမှတ်မထင် မျက်မြင်တွေ့ရှိခဲ့ရသော လက်တွေ့မဆန်သည့် မြင်ကွင်းက ရင်သပ်ရှုမောဖွယ် အထူးအဆန်းဖြစ်နေသောကြောင့်ပင်။
တကယ်ကို အဆုံးအထိ ပြီးပြည့်စုံလှပေသည်။
လက်ရန်းကိုကိုင်ကာ ခုန်ကျော်သွားသည့် မြင်ကွင်း၊ မြွေပုံသဏ္ဌာန်ဖြင့် ပေါ်ထွက်လာသော ပရာ့ဂ်ျ လွှမ်းခြုံထားလျက် ပြုတ်ကျသွားသည့်ပုံစံ၊ ကျားသစ်ဖြစ်သွားသော မှော်ဝင်သားရဲကြီး၏ ကျောပေါ်သို့တက်ကာ ခုန်ပျံကျော်လွှားသည့် မြင်ကွင်းတို့က ရုပ်ငြိမ်ပုံများအဖြစ် ယူဂျင်း၏ ခေါင်းထဲတွင် ဓာတ်ပုံတွေလို စီးဆင်းသွား၏။ ခမ်းနားသော အထူးနည်းပညာဖြင့် ဖန်တီးထားသည့် ဗီဒီယိုအတုအယောင်လိုမဟုတ်ဘဲ၊ အားလုံးက မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော လက်တွေ့ဖြစ်ရပ်များပင်။
ယူဂျင်းက အနေတော် အေးနေပြီဖြစ်သော လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေ၏။ လသာဆောင်လက်ရန်းကနေ ခုန်ချလိုက်သည့်အခိုက်အတန့်မှ ထိုလူ၏ မျက်နှာအမူအရာကို စိတ်ထဲတွင် လုံးဝစွဲနေသည်။
အနည်းငယ် ဘာမှမမှုသလိုပုံစံရှိသော်လည်း မိမိ၏ ခွန်အားကို ကောင်းစွာသိရှိသော ဘဝင်လေဟပ်မှုဟုဆိုရမည်လား။ လူများကိုအုပ်စိုးရသော ရှင်ဘုရင်တစ်ပါး၏ ဆွဲဆောင်မှုက ဤသို့ပါလားဟူ၍ သိလိုက်ရသလိုပင်။
ထိုစဉ် ဧည့်ခန်းတံခါးပွင့်သွားကာ မာရီအန်းတစ်ယောက် အလျင်အမြန် ဝင်လာလေသည်။ ဤအတောအတွင်း မာရီအန်းထံသို့ တစ်စုံတစ်ယောက်က အပြေးသွားပြီး စကားပါးခဲ့ပုံရ၏။ ယူဂျင်းက မျက်နှာပျက်နေသော မာရီအန်းကိုကြည့်ကာ ပြုံးလိုက်သည်။
“အရှင်မိဖုရား။ ဘယ်လိုဖြစ်ရတာပါလဲ။”
“အားလုံးက လွန်လွန်ကျူးကျူး ပွက်လောရိုက်နေကြတာပါ။”
ယူဂျင်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
“အားလုံး ထွက်သွားကြတော့။”
အကုန်ဧည့်ခန်းထဲမှ ထွက်သွားကြသည့်အခါ မာရီအန်းနှင့် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ ယူဂျင်းက ဖြစ်ကြောင်းကုန်စင်ကို မာရီအန်းအား အကြမ်းဖျင်း ရှင်းပြလိုက်သည်။
“ရံရွေတော်တွေ လန့်လည်းလန့်လောက်ပါတယ်။ ပထမဆုံးအကြိမ် မြင်ဖူးသလိုမျိုး လွန်လွန်ကဲကဲ တုံ့ပြန်မိတာဆိုတော့။”
“ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာ အမှန်ပါပဲ။ လုံလုံလောက်လောက်ကို အံ့အားသင့်ထိုက်ပါတယ်။ အရှင်မင်းကြီးကလည်း ထောက်ထားစဉ်းစားပေးမှု နည်းခဲ့တာကိုး။”
“ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာတဲ့လား။”
မာရီအန်းက တဒင်္ဂ တုံ့ဆိုင်းသွားပြီးမှ သတိထားပြီး ပြောခဲ့သည်။
“နဂိုကတည်းက ရုန်းကန်လှုပ်ရှားရတဲ့ ရာသီဆိုရင် အရှင်မင်းကြီးက မနက်စောစော ထွက်သွားပြီး နေဝင်မှ ပြန်လာတတ်တာပါ။ တစ်နေကုန် နန်းတော်မှာရှိနေတဲ့ရက်ဆိုတာ ခပ်ရှားရှားပါပဲ။”
“နေ့ဘက်တွေ ရုံးခန်းမှာ တစ်နေကုန် အလုပ်လုပ်တယ်ဆို။ ဒီလို ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာဆိုရင် အထူးတလည် အလုပ်များလို့လား။”
“အရင်က ညဘက်တွေပါ အလုပ်လုပ်ခဲ့တာပါ။”
“...”
ယူဂျင်းတစ်ယောက် အကြည့်ကို အောက်သို့ စိုက်ကာ ဘာမှမရှိတော့သော လက်ဖက်ရည်ခွက်ကို ပွတ်သပ်နေမိတော့၏။ နားရွက်များ ပူနွေးလာသည်။ ဤရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် ညဘက် အလုပ်လုပ်ရန် အချိန် လုံးဝမရှိနိုင်သည်မှာ သေချာ၏။ နေ့စဉ် ညတိုင်း ယူဂျင်း၏ အိပ်ခန်းသို့ လာနေရသည်ကိုး။
“အရှင်မိဖုရား။ မလျော်ကန်ပေမဲ့လည်း ရာရာစစ အတင့်ရဲပြီး လျှောက်တင်ပါ့မယ်။ နှစ်ဦးသား ရင်းနှီးချစ်ခင်တဲ့ပုံစံက တကယ်ကို ကြည့်ကောင်းပါတယ်။ အရှင်မင်းကြီး အမှားလုပ်တဲ့အခါ အမြဲတမ်း သည်းခံပေးဖို့ပြောနေတာမဟုတ်ပါဘူး။ အရှင်မင်းကြီးက အမှားလုပ်ခဲ့မိရင် နည်းနည်းလေး ခွင့်လွှတ်ပေးဖို့ ပြောပါရစေ။ ပြောဆိုဆက်ဆံတဲ့နေရာမှာ မကျင်လည်တဲ့ပုဂ္ဂိုလ်မို့လို့ပါ။”
မာရီအန်း၏အသံ အနည်းငယ် တုန်ယင်သွားသည်။ ခေါင်းမော့ကာ မာရီအန်း၏ မျက်နှာအမူအရာကို ကြည့်လိုက်တော့ မျက်ဝန်းများလည်း အနည်းငယ် နီရဲနေသည်ကို တွေ့ရ၏။
ဘုရင်မင်းမြတ်အပေါ် စိတ်ရင်းမှန်ဖြင့် စိုးရိမ်ပူပန်သောစိတ်ကို ခံစားရသဖြင့် ယူဂျင်း၏ ရင်ထဲ နွေးထွေးသွားရသည်။ ခါဆယ်ရ့်တွင် ရှုပ်ထွေးသော မိသားစုကိစ္စများ ရှိလောက်သည်ဟု ယူဆထားသော်လည်း မာရီအန်းက အပါးတွင် ရှိနေသောကြောင့် လမ်းမှားမရောက်ဘဲ ကောင်းစွာကြီးပြင်းလာခြင်းဖြစ်ပေမည်။
ခါဆယ်ရ့်ကို မနာလိုအားကျစိတ် ဖြစ်မိရ၏။ မိမိဘေးတွင်လည်း မာရီအန်းလို လူတစ်ဦးရှိခဲ့မည်ဆိုပါလျှင် ဘဝက အများကြီးပို၍ သာယာခဲ့လောက်ပေမည်။
“မာရီအန်း။ အရှင်မင်းကြီးက လူကောင်းတစ်ယောက်ပါ။”
မာရီအန်းက နှစ်နှစ်ကာကာပြုံးနေသော မျက်နှာဖြင့် ခေါင်းညိတ်ခဲ့သည်။
“ကြင်နာတတ်ပြီး စိတ်ထားကလည်း နူးညံ့သိမ်မွေ့တဲ့လူလေ။”
မာရီအန်း၏ မျက်နှာအမူအရာက မရေမရာဖြစ်သွားတော့၏။ ကြင်နာမှုနှင့် နူးညံ့သိမ်မွေ့မှုဆိုသည်ကား။ မည်မျှပင် ကောင်းစွာမြင်နိုင်ရန် ကြိုးစားပါစေ ယင်းမှာ ဘုရင်မင်းမြတ်နှင့် မည်သို့မျှ လိုက်ဖက်အပ်စပ်မှုမရှိသော ဖော်ပြချက်ပင်။
“မကြာခင် အရှင်မင်းကြီးက သူကိုယ်တိုင် အပြင်ဘက်ကို လိုက်ပြပေးမယ်လို့ ပြောခဲ့တာပါ။”
“ဘုရားရေ။ အရှင်မင်းကြီးကလားရှင့်။”
မာရီအန်းက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ တကယ်ပဲ နှစ်ယောက်သား အခုမှ တကယ့် အကြင်လင်မယားအစစ် ဖြစ်တော့မှာကိုး။ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးကို အကုန်လွှတ်ချလိုက်ရသလို ခံစားချက်ပင်။
"အပြင်ထွက်ဖို့ ပြင်ဆင်လိုက်ပါ့မယ်။"
မာရီအန်းတစ်ယောက် မနေ့က ဘုရင်မင်းမြတ်နှင့် တွေ့ခဲ့ရသည့်အကြောင်းကို ပြန်တွေးကာ ညင်သာစွာ ပြုံးလိုက်သည်။ လူကိုဆင့်ခေါ်ပြီး အားလုံးကို ထွက်သွားရန် အမိန့်ပေးတော့ အရေးကြီးကိစ္စဟု ထင်ခဲ့မိ၏။
[ဒီနေ့...အစေခံ လွှတ်လို့ရမလား။]
ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ မာရီအန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငုံ့ထားခဲ့သည်။
[မနက်ဖြန်တော့ လွှတ်လို့ရပါလိမ့်မယ်။]
နှစ်ဦးကြားတွင် နူးညံ့သိမ်မွေ့သော လေညင်းလေး တိုက်ခတ်နေသည့် ယခုအချိန်၌ နှစ်ကိုယ်တည်း အပြင်ထွက်ခြင်းကား အချိန်အခါသင့်ဆုံးပင်။ တန်ဖိုးရှိသော အမှတ်တရများက တစ်ချိန်ချိန်တွင် အခက်အခဲများ ကြုံလာခဲ့လျှင် ကျော်လွှားနိုင်စေမည့် ခြေနင်းတုံးတစ်ခု ဖြစ်လာပေလိမ့်မည်။
ညနေနှောင်းပိုင်းတွင် မိဖုရား၏ အိပ်ဆောင်သို့ ရေချိုးရေ ရောက်ရှိလာမည်ဖြစ်ရာ ပြဿနာတစ်စုံတစ်ရာမရှိစေရန် ပြင်ဆင်ထားမှပင်။
~~~~~
ဘုရင်မင်းမြတ်ကို တင်ဆောင်ထားသော ကျားသစ်နက်က မြို့ရိုးတံတိုင်းဆီသို့ ပြေးသွားလေသည်။ တစ်ကြိမ် ခုန်ပျံလိုက်တိုင်း မိုင်ပေါင်းများစွာသော အကွာအဝေးအထိရောက်အောင် ကျော်လွှားနိုင်သဖြင့် ပျံသန်းနေရသလိုပင်။
ကျားသစ်နက်ပေါ် တက်စီးထားသော ခါဆယ်ရ်၏ ခန္ဓာကိုယ်ပတ်လည်တွင် မြူခိုးကဲ့သို့ ပြာလဲ့လဲ့ စွမ်းအင်များ ဝန်းရံထားလျက်ရှိနေသည်။ သာမန်လူတစ်ဦးသာဆိုလျှင် ကျားသစ်၏ ကျောပေါ် တက်ပြီးနောက် ခဏတာမျှပင်မခံနိုင်ဘဲ လွင့်စင်သွားမည်သာ။ သားရဲကြီး ခုန်ပျံလိုက်သည့်အခိုက်အတန့်၌ တွန်းကန်အားကို ပရာ့ဂ်ျက စုပ်ယူပေးခဲ့သည်။
မြို့ရိုးနှင့် နီးကပ်လာသော်လည်း တပ်သားတို့၏ ဟစ်ကြွေးသံကိုမူ မကြားရပေ။ တပ်သားများက တန်းစီလျက် နေရာယူထားကြ၏။ အားမာန်အပြည့်ပါသော တပ်သားတို့၏ မျက်လုံးများက ပေါက်ကွဲထွက်မည့်အချိန်ကို စောင့်ဆိုင်းနေသည့်အလား တိတ်တဆိတ် တောက်ပလျက်။
"မကောင်းတဲ့ နိမိတ်ပဲ။"
ခါဆယ်ရ်က ကျားသစ်ကို စီးနင်းကာ မြို့ရိုးတံတိုင်းပေါ်သို့ တစ်ခါတည်း ခုန်တက်လိုက်သည်။ မြို့ရိုးတစ်ဖက်ရှိ သဲကန္တာရကို ကြည့်နေသော သူ၏ မျက်နှာတွင် ဘာအမူအရာမှမရှိပေ။
ဝါကျင်ကျင် သဲကန္တာရ၏ သဲများကို မည်းနက်သောအရောင်က ဖုံးလွှမ်းထားလျက်ရှိသည်။ အမည်းစက်လေးများက စနစ်တကျ ရွေ့လျားကာ မြို့ရိုးတံတိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေကြ၏။
အရေအတွက်ကိုမူ မရေတွက်နိုင်ခဲ့။ ပုရွက်ဆိတ်ပုံစံဖြင့် ပေါ်လာသော လာ့ခ်များပင်။ ထိုမျှဆိုလျှင် တပ်မတော်ဟု ခေါ်ဆိုနိုင်ပေမည်။
"အရှင်မင်းကြီး။"
လက်စတာက ဘေးနားသို့ ရောက်လာသည်။ စစ်မြေပြင်သို့ ဦးတည်နေသော စစ်သည်တော်၏ မျက်လုံးများတွင် အရေးကြီးလေးနက်မှုတစ်မျိုး လွှမ်းခြုံနေ၏။
"အဝါရောင်အဆင့်ပါ။"
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ အဝါရောင်အဆင့် ပုရွက်ဆိတ် လာ့ခ်များမှာ ခွေးကြီးတစ်ကောင်ခန့် ကိုယ်လုံးကိုယ်ထည်ရှိ၏။ စစ်သည်တော်တစ်ဦးတည်းပင် အလွယ်တကူ အမဲလိုက်သုတ်သင်နိုင်ပြီး သာမန်တပ်သားများဆိုလျှင်တော့ နှစ်ဦးပူးပေါင်းလိုက်လျှင် အေးဆေးစွာ ရင်ဆိုင်နိုင်ပေသည်။
အဆိုးဆုံးတော့ မဟုတ်သော်လည်း လက်လှမ်းမီသော ရန်သူလည်း မဟုတ်ပြန်ပေ။ လာ့ခ်တစ်ကောင်ချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်က အရေးမကြီးသော်လည်း ပုရွက်ဆိတ်များက အရေအတွက်ဖြင့် ဖိအားပေးတိုက်ခိုက်တတ်သည်ကိုး။
"အစိမ်းရောင် အချက်ပြမီးရှူး လွှတ်လိုက်။"
မြို့ရိုးတံတိုင်းကို ကာကွယ်ရန် မဖြစ်နိုင်တော့။
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။"
လက်စတာက တစ်ဖက်လှည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ ခဏအကြာတွင် တပ်သားတစ်ဦး ပစ်လွှတ်လိုက်သော အစိမ်းရောင် အချက်ပြမီးရှူးက ကောင်းကင်တွင် ပေါက်ကွဲသွားတော့၏။
ဆက်တိုက် ပေါက်ကွဲနေသော အစိမ်းရောင် မီးပွားများက ပြည်သူလူထု အမြောက်အများအတွက် လုံလောက်သော သတိပေးချက် ဖြစ်လာပေမည်။ အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် သူနာများက ခိုလှုံရာသို့ ခိုလှုံကြပြီး ရောင်းဝယ်ဖောက်ကားမှုများကို အားလုံးရပ်ဆိုင်းကာ ဆိုင်များသည်လည်း တံခါးပိတ်ကြပေလိမ့်မည်။
ကြံ့ခိုင်သူများက လုပ်လက်စ အလုပ်များကို ရပ်ဆိုင်းကာ မြို့တော်နေရာအနှံ့အပြားတွင် ကာကွယ်ရေးခံတပ်များ တည်ဆောက်ကြ၏။ အိမ်တိုင်းတွင် လှံနှင့် လေးများကို အမြဲတမ်း အသင့်ဆောင်ထားကြသည်။ လက်နက်များတွင် လိမ်းကျံရန် ဆီများကို တာဝန်ခံ မင်းမှုထမ်းများက လျင်မြန်စွာ ခွဲဝေပေးကြပေလိမ့်မည်။
"ငါ ဆင်းသွားပြီး တစ်ချီလောက်တော့ လှုပ်ရှားမှပဲ။ လက်စတာ၊ ဒီနေရာရဲ့ ကွပ်ကဲမှုကိုတော့ မင်းကိုပဲ အပ်ထားခဲ့မယ်။"
"အရှင်မင်းကြီး၊ တပ်သားတွေကို ခေါ်သွားသင့်..."
"အဲ့ဒီကောင်တွေက အချိန်နဲ့တိုက်ခိုက်ရမှာ။ ဒီလိုကိစ္စမျိုးမှာ တပ်သားတွေ ဒဏ်ရာရကုန်ရင် ဆုံးရှုံးမှုက ပြင်းထန်လိမ့်မယ်။ ပထမခံစစ်ကြောင်းပျက်ရင် အစိမ်းရောင်မီးရှူးပြန်လွှတ်၊ ဒုတိယခံစစ်ကြောင်းပျက်ရင် အနီရောင်မီးရှူး လွှတ်လိုက်။"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။"
"သွားရအောင်၊ အာဘူ။"
ခါဆယ်ရ်က အာဘူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ ကိုယ်ကို နှိမ့်လိုက်သည်။ အာဘူက မြို့ရိုးတံတိုင်းကိုကျော်ကာ ကန္တာရထဲသို့ ခုန်ဆင်းသွား၏။ ပုရွက်ဆိတ်တပ်ကြီးဆီသို့ သားရဲကြီးတစ်ကောင်တည်းနှင့် သားရဲကြီးပေါ်မှ ဘုရင်မင်းမြတ်တစ်ပါးသာ ရဲရင့်စွာ ပြေးဝင်သွားတော့သည်။
လက်စတာက လက်နှစ်ဖက်စလုံးကို လက်သီးတင်းတင်းဆုပ်ထားလိုက်၏။ အနိုင်ရနိုင်ခြေ မရှိသလောက်ဖြစ်နေသော ထိုတစ်ဇွတ်ထိုးမြင်ကွင်းကိုကြည့်ရင်း သူ၏သွေးများ ပွက်ပွက်ဆူလာလေတော့သည်။
~~~~~
Miel's Translations