no

Font
Theme

အပိုင်း ၃၀

ယူဂျင်းက တုန်ယင်နေသောလက်များဖြင့် ညဝတ်အင်္ကျီအရှေ့ခြမ်းကို ဆွဲစုလိုက်သည်။ ရင်သားက ညဝတ်အင်္ကျီအတွင်း၌ ဖုံးကွယ်ခံလိုက်ရသည့်နောက်မှ ခါဆယ်ရ်လည်း နောက်ဆုံးတွင် အကြည့်ခွာတော့၏။

သူက ယူဂျင်းကို လုံးဝဖိထားမိခြင်းမရှိစေရန် အနည်းငယ် ဘေးဘက်သို့ရွှေ့ကာ ဝမ်းလျားမှောက်လျက် လဲလျောင်းခဲ့သည်။ ယူဂျင်း၏ပခုံးတွင် မျက်နှာအပ်ပြီး ခပ်ကြမ်းကြမ်း သက်ပြင်းချလိုက်၏။

"ဘယ်လောက် ထပ်စောင့်ရဦးမှာလဲ။"

"ရက်ပိုင်းလောက်....ထပ်ပြီးလား...."

အေးစက်စွာ ဗလုံးဗထွေး ရေရွတ်လိုက်သည့် စကားများက မသဲမကွဲ။ နားထဲတွင် ကြားနေရသည့် သူ၏ အသက်ရှူသံကား မတည်မငြိမ်။ ယူဂျင်းလည်း ပူတက်လာသောမျက်နှာဖြင့် ကိုယ့်နှုတ်ခမ်းကိုယ် ဖိကိုက်ထားမိတော့သည်။

အင်မတန် ဂနာမငြိမ်စွာ စိတ်လှုပ်ရှားနေသည့် သူ၏ပုံစံက ပုံမှန် တည်တည်ငြိမ်ငြိမ်ရှိသော သူ၏ အငွေ့အသက်နှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ မည်သို့သော နက်နက်ရှိုင်းရှိုင်း အထိအတွေ့ အပွတ်အသပ်ထက်မဆို ပို၍လှုံ့ဆော်နှိုးဆွနိုင်စွမ်းရှိ၏။

ယူဂျင်းက မျက်နှာကြက်ကိုကြည့်ပြီး ပက်လက်လှဲနေသောအနေအထားနှင့်ရှိနေကာ၊ ခါဆယ်ရ်က ယူဂျင်း၏ကိုယ်ကို တစ်ဝက်ဖုံးပြီး ဝမ်းလျားမှောက်လျက်အနေအထားဖြင့် ပူတက်လာသည့်ခန္ဓာကိုယ်ကို ငြိမ်ကျအောင်လုပ်နေသည်။

နှစ်ယောက်သား၏ အသက်ရှူသံများ တဖြည်းဖြည်း ပုံမှန်ဖြစ်လာ၏။ ပူနွေးလာသည့် လေထုကလည်း ဖြည်းဖြည်းချင်း ငြိမ်ကျပျောက်ကွယ်သွားတော့သည်။

"အရှင်မင်းကြီး။ ဒီလိုကနေ အိပ်ပျော်သွားပါဦးမယ်။"

အိပ်ရာဝင်ရန် အဆင်သင့်ဖြစ်နေသည့် ယူဂျင်းလိုမဟုတ်ဘဲ ခါဆယ်ရ်က အခုအထိ အဝတ်မလဲရသေးပေ။

"အခုအထိ ထလို့မရသေးဘူး။"

"အာ..."

ယူဂျင်းတစ်ယောက် ဘောင်းဘီအတွင်း၌ မားမားမတ်မတ် ထောင်ကြွနေသည့် သူ့လိင်တံ၏ အခြေအနေကို အလွယ်လေး စိတ်ကူးကြည့်နိုင်ခဲ့သည်။ 'တော်တော်လေး ခက်ခဲမှာပဲ' ဟု တွေးရင်း ယူဂျင်းက အသာလေး တခစ်ခစ်ရယ်လိုက်၏။

ခါဆယ်ရ်က ခေါင်းထောင်ကြည့်လာတော့သည်။

"ရယ်တယ်ပေါ့လေ။ ဘယ်သူကြောင့်ဖြစ်ရတာလဲ။"

"ကျွန်မအမှား မဟုတ်ပါဘူးနော်။ ရရဲ့လားရှင့်။"

ခါဆယ်ရ်က သဘောတွေ့နေသည့် မျက်နှာထားနှင့်ရှိနေသော ယူဂျင်းကိုကြည့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ မြင့်တက်လာသည့် အလိုရမ္မက်ကို မထိန်းချုပ်နိုင်ဘဲ ရုန်းကန်နေရသတဲ့။ အတွေ့အကြုံမရှိသော လူပျိုပေါက်လေး ဖြစ်သွားရသလိုပင်။ သို့သော် ထိုအဖြစ်အတွက် ရှက်ရွံ့ခြင်းမဖြစ်မိသည့် ခံစားချက်ကား ထူးဆန်းလှပေသည်။

"ဟိုလေ....ယောက်ျားတွေမှာ ဘယ်သူမဆို မြန်မြန်လေး ငြိမ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ သိထားပါတယ်။ လေးနက်တဲ့သီချင်းကို ဆိုတာလိုမျိုးများလား။"

ခါဆယ်ရ်က ပေါက်ကရတွေဟူသော မျက်နှာထားဖြင့် ယူဂျင်းကို ကြည့်လိုက်သည်။ မှတ်ဉာဏ်မပျောက်မီရော၊ ပျောက်ပြီးချိန်တွင်ပါ ပြောင်းလဲမသွားသည့်အရာတစ်ခုရှိ၏။ ယူဂျင်းက သူ့ကို လုံးဝ ရှိန်နေခြင်းမရှိပေ။

'နားမလည်နိုင်ဘူး။ တူသလိုလိုထင်ရပေမဲ့ လုံးဝ တူမနေပြန်ဘူးလေ။'

ယခင်က မိဖုရားကား အရာအားလုံးကို အထင်သေးစွာကြည့်တတ်သည့် မျက်နှာထားကို ဖုံးဖိခြင်းမရှိခဲ့။ သူက အာနီခါဖြစ်နေကာ သူ၏ ကျောထောက်နောက်ခံက ဆန်းဂျယ်ဖြစ်နေသဖြင့် ဒီအတိုင်း လက်ခံထားခဲ့သည်။

သို့သော် ယခုတလော မိဖုရားတွင် မောက်မာပလွှားသည့် အငွေ့အသက်မျိုးမရှိတော့။ ထို့ကြောင့် တစ်ခါတလေ ယဉ်ကျေးမှုမရှိသည့် အတိုင်းအတာအထိ သူ့ကို ပေါ့ပေါ့ပါးပါး ဆက်ဆံသော်လည်း ဒေါသမဖြစ်မိပေ။

"သိနေတာတွေ အများကြီးပါလား။ အဲ့ဒါမျိုးကျတော့ မှတ်မိတယ်ထင်ပါရဲ့။"

ခါဆယ်ရ်တစ်ယောက် ထိုစကား ထွက်ပြီးလျှင်ထွက်ပြီးချင်း နောင်တရမိတော့သည်။ 'စကားကို နူးနူးညံ့ညံ့လေး ပြောပါ။' ဟူသော မာရီအန်း၏ ပူညံပူညံစကားက အတွေးထဲ ဖျတ်ခနဲပေါ်လာ၏။

"မင်းကို အပြစ်တင်ဖို့ပြောလိုက်တဲ့စကား မဟုတ်ဘူး။"

"ဟား....ကျွန်မ မြန်မြန်လေး မှတ်ဉာဏ်တွေ ပြန်ရအောင်လုပ်မှ ဖြစ်မှာကို။ အဲ့ဒီလိုဖြစ်ဖို့ အရိပ်အယောင်မရှိဘူးဖြစ်နေတယ်။ ဒီထက်ပိုပြီး ကြိုးစားပါ့မယ်။"

"..."

ခါဆယ်ရ် ပို၍ပင် နောင်တရလေတော့သည်။ နောက်တစ်ခါ မှတ်ဉာဏ်နှင့်ပတ်သက်ပြီး စကားတောင်မစတော့ဘူးဟု သန္နိဋ္ဌာန်ချလိုက်၏။ သူက မိဖုရား မှတ်ဉာဏ်ပြန်ရလာစေရန် ဆန္ဒမရှိပေ။ လုံးဝပင်။

"အရှင်မင်းကြီး။"

"အင်း။"

"..."

"ပြောလေ။"

"ဒီမှာ အိပ်မလားရှင့်။"

ယူဂျင်းတစ်ယောက် သူ့စကားက နားလည်မှုလွဲစရာ ဖြစ်နိုင်မှန်း သတိထားမိသွားသည်။ စကားအတိုင်း နံဘေးတွင် လဲလျောင်းပြီး အိပ်ချင်သလားဟူသော အဓိပ္ပာယ်နှင့် မေးလိုက်ခြင်းပင်။

"ကျွန်မ ပြောချင်တာကလေ။"

"အိပ်ရာက နှစ်ယောက်အိပ်ဖို့အတွက် လုံလုံလောက်လောက် ကျယ်တာမလို့။"

"...ဟုတ်ပါတယ်။"

ယူဂျင်းက ခပ်ရေးရေး ပြုံးလိုက်သည်။ ခါဆယ်ရ် ချက်ကျလက်ကျ ပြန်ပြောပုံကို သဘောကျ၏။ ယခုအထိ သူ့ကို ကောင်းကောင်းမသိသေးသော်လည်း ခါဆယ်ရ်က တစ်ဖက်သားကို စိတ်ကသိကအောက်ဖြစ်ရအောင် လုပ်မည့်သူမဟုတ်ပေ။

'ဘယ်လိုများ ဒါတွေအားလုံးက လက်တွေ့မဖြစ်နိုင်ရမှာလဲ။'

ယူဂျင်းက ရှုပ်ထွေးနေသောစိတ်ဖြင့် အနီးကပ်ကြားနေရသော ခါဆယ်ရ်၏ အသက်ရှူသံကို နားစွင့်နေမိသည်။ လက်ဖြင့် ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ထိလိုက်၏။ ယခုအထိလည်း သူ့နှုတ်ခမ်းများ၏ အထိအတွေ့က စွဲထင်ကျန်ရစ်နေဆဲပင်။

ကလေးရရန်အတွက်ဖြစ်စေ၊ ဒီအတိုင်း အလိုရမ္မက်ကြောင့်ပဲဖြစ်စေ ထိုလူ ယူဂျင်းကို လိုချင်နေသည့် အလိုဆန္ဒကား လက်ဖြင့်ထိတွေ့ကိုင်တွယ်ကြည့်၍ရလောက်အောင် ထင်ရှားပြတ်သားလှပေသည်။

သူနှင့် ဖလှယ်ရသည့် အနမ်း၊ အပွေ့အဖက်၊ အထိအတွေ့အပွတ်သပ်၊ အားလုံးကို သဘောကျ၏။ သူနှင့် ကိုယ်ငွေ့ချင်းဖလှယ်ရသည်က ရှင်းပြ၍မရသည့် စိတ်သက်သာရာရမှုကို ဆောင်ကြဉ်းပေးနိုင်ပေသည်။ အထူးသဖြင့် သူက နာမည်ခေါ်လိုက်လျှင် အားပေးမှုကိုရသကဲ့သို့ အားများရှိလာသည်။

ဒီအတိုင်း ခန္ဓာကိုယ်နှင့်ပတ်သက်သည့် ဆွဲဆောင်ခံရမှုဟူ၍ အတိအကျပြောနိုင်ခြင်းမရှိပေ။ ရေရေရာရာ အဖြေရှာနိုင်ခြင်းမရှိသည့်စိတ်က လေညင်းလေးတိုက်လျှင်တောင် ဦးတည်ချက်မဲ့စွာ ယိမ်းလွင့်မျောပါသွားတတ်သည့် ဖုန်တစ်စလိုပါပဲလားဟူသောအတွေးမျိုး ဝင်လာတော့သည်။

~~~~~

ယူဂျင်းက မည်းမှောင်စွာ အရိပ်ဖုံးနေသော မျက်နှာကြက်ကို စိုက်ကြည့်နေသည်။

'အဲ့ဒီနေ့လိုပဲ။'

ယူဂျင်းတစ်ယောက် ယခုလ ပထမဆုံးနေ့တွင် အတူတူမင်္ဂလာညကုန်ဆုံးရသည့်အဖြစ်အတွက် မရဏဘုရင်နှင့် ပထမဆုံးအကြိမ် တစ်အိပ်ရာတည်း လဲလျောင်းအိပ်စက်ရသည့်နေ့ကို တွေးလိုက်မိသည်။ ယနေ့လည်း ထိုနေ့ကအတိုင်း နှစ်ယောက်သား အိပ်ရာထက်တွင် ဘေးချင်းယှဉ်လျက် လဲလျောင်းနေ၏။

ထိုနေ့နောက်ပိုင်း၏ ပေါင်းဖက်ရသည့်ညများက အမြဲတမ်း ပြင်းပြသည့် နှီးနှောစပ်ယှက်မှုဆီသို့ ဦးဆောင်သွားခဲ့သည်ချည်းသာ။ နွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် ခါဆယ်ရ်နှင့် ကိုယ်ချင်းနှီးနှောဖက်တွယ်ထားသည့် အခြေအနေအတိုင်း အိပ်ပျော်သွားတတ်သည်။ ယခု သဘာဝမကျသလို ခပ်ခွာခွာ လဲလျောင်းနေသော အခြေအနေက တစ်မျိုးဖြစ်နေ၏။

"အိပ်နေပြီလားရှင့်။"

ယူဂျင်းက အင်မတန် တိုးညင်းသည့်အသံလေးဖြင့် မေးလိုက်သည်။ ရှင်းလင်းပြတ်သားသည့်အဖြေက ချက်ချင်းနီးပါး ပြန်လာ၏။

"ဟင့်အင်း။"

"မပင်ပန်းဘူးဆိုရင် သိချင်နေတာလေး ရှိပါတယ်။ စကားက ရှည်သွားမလားမသိပါဘူး။ မနက်ဖြန်မှ ပြောရမလားရှင့်။"

"ရတယ်။"

နဂို မေးရန်လုပ်ထားသော မေးခွန်းမဟုတ်သည့် တခြားမေးခွန်းတစ်ခုက ရုတ်တရက် ခေါင်းထဲဖျတ်ခနဲပေါ်လာသည်။ ဤလူက ဘယ်လိုလူမျိုးလဲဆိုသည်ကို ပို၍သိချင်၏။

'အမေက သက်ရှိထင်ရှားရှိနေတယ်ဆို။'

ဘာကြောင့် အဲ့ဒီပုဂ္ဂိုလ်က အထွတ်အမြတ်မြို့တော်မှာနေတာလဲ။ ဘာကြောင့် ဘယ်သူမှ အရင်မိဖုရားအကြောင်း မပြောကြတာလဲ။ သူ့အတွက် မိခင်ဖြစ်သူက လွမ်းဆွတ်တမ်းတရသူလား၊ မေ့ပစ်ချင်တဲ့ စိတ်ဒဏ်ရာလား။

~~~~~

မမေးဝံ့ခဲ့ပေ။ စပ်စုလိုစိတ်ဖြင့် ထိလွယ်ရှလွယ်သောအကြောင်းအရာကို အစ်အောက်မေးမြန်းခြင်းမှာ မကောင်းသောလုပ်ရပ်ပင်။ မိမိတွင် ဤကိစ္စကိုမေးပိုင်ခွင့်ရှိရဲ့လားဆိုသည်ကိုလည်း မယုံမရဲဖြစ်မိ၏။ အေးတိအေးစက်ငြင်းပယ်သောအဖြေကို ပြန်ရလောက်သည်ဟုတွေးမိတော့ ကြောက်စိတ်ဝင်လာသည်။

"ပရာ့ဂ်ျက ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိနေတယ်ဆိုတာကို ခံစားကြည့်လို့ရလားရှင့်။"

"ခံစားကြည့်လို့ရတာပေါ့။"

"ဘယ်လိုမျိုးလဲဟင်။ အရှင်မင်းကြီးပဲသိတဲ့ တစ်မူထူးခြားတဲ့ နည်းလမ်းလား။ ထင်ယောင်ထင်မှားခံစားချက်လား၊ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်းသိတာလား။"

ခါဆယ်ရ်က မျက်လုံးဖွင့်ကာ ခေါင်းကိုဘေးတစောင်းငဲ့လိုက်သည်။ ယူဂျင်းကလည်း ဦးခေါင်းကိုဘေးစောင်းလိုက်သည်။ မှောင်မိုက်နေသောကြောင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ကွက်တိမဆုံနိုင်သော်လည်း နှစ်ယောက်သား မျက်နှာချင်းဆိုင်ထားလျက်ရှိနေ၏။

"ဧကန္တ မမေးသင့်တဲ့မေးခွန်းများလား။"

"အခုအချိန်အထိ အဲ့ဒီလိုမေးခွန်းမျိုး တစ်ယောက်မှမမေးဖူးလို့။"

"ဖြေရခက်မယ်ဆိုရင်လည်း..."

"ဘယ်လိုရှင်းပြရမှန်းမသိဘူး။ ဒီအတိုင်းပဲ သိတာ။ အခု ငါ မင်းမျက်နှာကို အပြည့်အဝမမြင်ရပေမဲ့ မင်းကိုကြည့်ပြီး အဲ့ဒီမှာရှိနေမှန်းသိသလိုမျိုး။"

"အမ်... ဘာကိုပြောချင်မှန်း သိပါပြီ။ ကြည့်လို့ မြင်တာ... ခက်တာပဲ။ ဒါဆို အာနီခါကလည်း ရာမီတာကို အဲ့ဒီလိုပဲ ခံစားပြီးသိနိုင်တာလား။"

"အာနီခါကတော့ နည်းနည်းကွဲတယ်လို့ ကြားဖူးတယ်။"

"ဘယ်လိုကွာတာလဲရှင့်။"

စိတ်လှုပ်ရှားနေသော ယူဂျင်း၏အသံက မြင့်တက်လာသည်။ သူက တစ်ကိုယ်လုံးကို ဘေးတစောင်းလှည့်ကာလှဲလိုက်၏။

"အသက်အရွယ်တစ်ခုရောက်ရင် နိုးထမှုဖြစ်လာတာပေါ့။"

"နိုးထမှုဆိုတာက။"

"မင်းက အာနီခါလေ။ အဲ့ဒါလည်း မမှတ်မိတော့ဘူးလား။"

ယူဂျင်းတစ်ယောက် နှုတ်ဆိတ်လျက် သူ့ကို အသာလေးငေးကြည့်နေရာက သက်ပြင်းမောချလိုက်သည်။

"ကျွန်မရဲ့ကိုယ်ထဲမှာ ရာမီတာကို ဘယ်လိုမှ မခံစားရတော့ဘူးရှင့်။ မှတ်ဉာဏ်တွေ ပျောက်သွားတော့ ရာမီတာလည်း ပါသွားတယ်ထင်ပါရဲ့။"

ရာမီတာဟူသည်မှာ ဝိညာဉ်တွင် အမှတ်တံဆိပ်ခတ်နှိပ်ထားသော စွမ်းအားတစ်ခုပင် မဟုတ်ပေလော။ ထို့ကြောင့် ခန္ဓာကိုယ် ပြောင်းလဲသွားချိန်တွင် စွမ်းအားလည်း ပျောက်ဆုံးသွားနိုင်သလားမသိဘူးဟု တွေးခဲ့မိသည်။

"အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။"

ခါဆယ်ရ်က နှာခေါင်းရှုံ့သံဖြင့် ရယ်မောကာ ပြောခဲ့သည်။ ယုတ္တိမရှိသောစကားပင်။ ရာမီတာဟူသည်မှာ မွေးကတည်းကပါလာသော မွေးရာပါအစွမ်းဖြစ်၏။ ဘုရင်၏ ပရာ့ဂ်ျကဲ့သို့ပင် ရာမီတာကို အာနီခါမဟုတ်သူများ ရရှိနိုင်စွမ်းမရှိဘဲ အာနီခါများကလည်း ရာမီတာကို ဆုံးရှုံးနိုင်ခြင်းမရှိပေ။

"စုစည်းထိန်းသိမ်းတဲ့နေရာမှာ မျိုးစေ့တွေ ရှိတယ်မဟုတ်လား။ စွမ်းအားအဆင့်အားလုံး ရှိတာလားဟင်။"

"စွမ်းအားအဆင့်အားလုံးကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းမထိန်းသိမ်းထားဘူး။ ပြီးတော့ မြို့တော်နားမှာလည်း မရှိဘူး။ အနီးဆုံး စုစည်းထိန်းသိမ်းတဲ့နေရာဆီရောက်ဖို့ နေ့တစ်ဝက်ကြာတယ်။"

လာ့ခ်တို့သည် ခြောက်သွေ့ရာသီ၌ မျိုးစေ့အဖြစ် အိပ်ပျော်နေတတ်ကြသည်။ ခြောက်သွေ့ရာသီတွင် ထိုမျိုးစေ့များကို စုဆောင်းကာ စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုကြ၏။ မျိုးစေ့များကား ဤကမ္ဘာတွင် လျှပ်စစ် သို့မဟုတ် ရေနံကဲ့သို့သော သဘောတရားမျိုးပင်။

စုစည်းထိန်းသိမ်းသည့်နေရာဆိုသည်မှာ စုဆောင်းထားသော မျိုးစေ့များကို သိမ်းဆည်းထားသည့်နေရာဖြစ်သည်။ မျိုးစေ့များ နိုးထမလာစေရန် စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ မဟုတ်သော်လည်း မျိုးစေ့များ နိုးထလာတတ်ပေသည်။ အထူးသဖြင့် လူ့ခန္ဓာကိုယ်မှထွက်သောအရည်တို့နှင့် ထိတွေ့မိလျှင် ထိုသို့ဖြစ်တတ်၏။

ထို့ကြောင့် လူသားတို့အား မျိုးစေ့များကို လက်ဗလာဖြင့် ထိတွေ့ကိုင်တွယ်ခြင်းမပြုရန် တားမြစ်ချက်ချထားသည်။ လူ့ခန္ဓာကိုယ်မှ ထွက်သောချွေးနှင့် ထိတွေ့မိပါက မျိုးစေ့များအက်ကွဲပြီး လာ့ခ်များ နိုးထလာတတ်သောကြောင့်ပင်။ ဤနည်းဖြင့် အတင်းအကျပ် နိုးထလာသော လာ့ခ်များသည် ပုံမှန်ရုန်းကန်လှုပ်ရှားရသည့်ရာသီအတွင်း ပေါ်လာသည့် လာ့ခ်များထက် ပို၍ပင် အန္တရာယ်ရှိပေသည်။

"စုစည်းထိန်းသိမ်းတဲ့နေရာကိုသွားမှပဲ မျိုးစေ့တွေရနိုင်မှာပေါ့နော်။"

"မျိုးစေ့လိုအပ်လို့လား။ ဘာဖြစ်လို့လဲ။"

"မျိုးစေ့နဲ့ စမ်းသပ်ကြည့်တဲ့ နည်းလမ်းကို သုံးကြည့်ရင် ဘယ်လိုနေမလဲလို့လေ။"

"စမ်းသပ်မယ်တဲ့လား။"

"ရာမီတာ အဆင့်အတန်းကိုပါ။"

ရာမီတာကား လာ့ခ်၏မျိုးစေ့များကို ဖျက်ဆီးသည့် အစွမ်းမဟုတ်ဘဲ မျိုးစေ့ကို အပင်ပေါက်စေသည့် အစွမ်းသတ္တိပင်။ အာနီခါတစ်ဦးက မျိုးစေ့ကို ထိလိုက်သည်နှင့် အညှောင့်ပေါက်လာကာ အပင်အဖြစ်သို့ ကြီးထွားလာတတ်သည်။ ထိုသို့ဖြစ်ပေါ်လာသော အပင်မှထွက်သည့် မျိုးစေ့အသစ်များက လာ့ခ်အဖြစ်သို့ ပြန်လည်မပြောင်းလဲတော့ပေ။ မိစ္ဆာကောင်များ၏ ဥများကို အပင်များအဖြစ်သို့ ပြောင်းလဲစေနိုင်ခြင်းကား ရာမီတာဟူသောစွမ်းအား၏ တန်ခိုးအာနိသင်ပင်ဖြစ်ပေသည်။

လာ့ခ်၏မျိုးစေ့များတွင် အရောင်အမျိုးမျိုး ရှိ၏။ မျိုးစေ့အက်ကွဲလျှင် နိုးထလာသော လာ့ခ်၏ အဆင့်အတန်းမှာ အရောင်အလိုက် ကွဲပြားသည်။

ဥပမာအားဖြင့် အနီရောင်မျိုးစေ့မှ နိုးထသော လာ့ခ်သည် အဝါရောင်မျိုးစေ့မှ နိုးထလာသော လာ့ခ်ထက် ပို၍အားနည်းပေသည်။

အာနီခါတို့၏ ရာမီတာသည် တစ်ဦးနှင့်တစ်ဦး စွမ်းအားချင်း ကွာခြားမှုကြီး၏။ အာနီခါတစ်ဦးသည် မိမိ၏စွမ်းအားထက် နိမ့်ပါးသောအဆင့်ရှိသည့် မျိုးစေ့များကိုသာ အပင်ပေါက်အောင် ဆောင်ရွက်နိုင်ပေသည်။

ယူဂျင်းက ဂျင်း၏ ရာမီတာအဆင့်အတန်းကို မသိပေ။ ရာမီတာအဆင့်ကို ဆန်းဂျယ်သာ တိုင်းတာဆန်းစစ်နိုင်သောကြောင့် ဆန်းဂျယ်နှင့်မတွေ့ဘဲ သိရှိနိုင်သည့်နည်းလမ်းမှာ တစ်ခုသာရှိသည်။

မျိုးစေ့ကို ထိတွေ့ကာ ၎င်း၏စွမ်းရည်ကို တိုင်းတာကြည့်လျှင် ရပေပြီ။ အဆင့်အနိမ့်ဆုံးမျိုးစေ့ကို စတင်ထိတွေ့ကြည့်ပြီး ထို့နောက် တခြားသောအဆင့်အတန်းရှိသည့် မျိုးစေ့များကို ထိတွေ့ကြည့်သည့်နည်းလမ်းဖြင့်။

သို့သော် ဤနည်းလမ်းတွင် အန္တရာယ်ကြီးသည့် ပြဿနာရှိနေသည်။ ယူဂျင်းက မိမိ၏စွမ်းအား အကန့်အသတ်ကို ကိုယ်တိုင်မသိချေ။ မိမိ၏လက်ခံနိုင်စွမ်းထက် ကျော်လွန်သော မျိုးစေ့ကို ထိတွေ့မိပါက အပင်မပေါက်ဘဲ အက်ကွဲသွားပေမည်။

"မျိုးစေ့ကို ထိတွေ့ပြီး အဆင့်အတန်းကို စမ်းသပ်ကြည့်မယ်ပေါ့လေ။"

ခါဆယ်ရ်က ကြားလိုက်ရသည့်စကားကို နားကြားလွဲခြင်းဟုတ်မဟုတ် ထပ်မံစစ်ဆေးမေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်။"

"ရူးသွားပြီလား။"

"ရှင်။"

"ဘယ်လိုလုပ်ပြီး အဲ့ဒီလိုအတွေးမျိုး တွေးရတာလဲ။"

"အာ... မျိုးစေ့အက်ကွဲသွားရင် အန္တရာယ်ရှိလို့..."

"အန္တရာယ်က ပြဿနာမဟုတ်ဘူး။"

ခါဆယ်ရ်က အောင့်ထားသည့်သက်ပြင်းကို ရှူထုတ်လိုက်သည်။ သူ၏တုံ့ပြန်မှုက မျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားနေသည်ကို သတိထားမိသော ယူဂျင်းက စိုးရိမ်စိတ်ဖြင့် ခါဆယ်ရ်၏မျက်နှာအမူအရာကို မသိမသာအကဲခတ်နေမိသည်။ ယူဂျင်းက စိတ်ထဲတွင်တော့ ကောင်းလှသည့်အကြံဟု တွေးထား၏။

"ရာမီတာဆိုတာ ပေါ့ပေါ့တန်တန် သုံးလို့မဖြစ်တဲ့ စွမ်းအားပဲ။"

"ဘာလို့ ဒါလေးတောင်မသိတာလဲ။" ဟူသော စကားကို မပြောမိခင် ခါဆယ်ရ်က စကားကို မျိုသိပ်လိုက်သည်။ သူထင်ထားသည်ထက် ယူဂျင်း၏ မှတ်ဉာဏ်ပျောက်ဆုံးမှု ပိုမိုပြင်းထန်နေသည်ကို သဘောပေါက်လိုက်ရ၏။

'မဟုတ်မှ အဲ့ဒါကိုတောင် မေ့သွားတာလား...'

"အခုချက်ချင်း ရာမိီတာအဆင့်ကို သိဖို့လိုအပ်တဲ့ အကြောင်းရင်းရှိလို့လား။"

"အဲ့ဒီလိုတော့မဟုတ်ပေမဲ့..."

"ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ကုန်ဆုံးတဲ့အထိလည်း မှတ်မိမလာဘူးဆိုရင်။"

ခါဆယ်ရ် စကားကို ချက်ချင်းရပ်လိုက်သည်။ ဆန်းဂျယ်သာဆိုလျှင် မိဖုရား၏ ပျောက်ဆုံးသွားသော မှတ်ဉာဏ်အားလုံးကို ပြန်ရအောင် လုပ်ပေးနိုင်ပေလိမ့်မည်။ ဆန်းဂျယ်က သမားတော်မဟုတ်သော်လည်း အာနီခါနှင့် စိတ်တူကိုယ်တူဆက်သွယ်နိုင်သောကြောင့် နည်းလမ်းရှာဖွေနိုင်ခြေ ပိုများပေသည်။

မိဖုရားကို အထွတ်အမြတ်မြို့တော်သို့ ပို့ရမည်တဲ့လား။

'မှတ်ဉာဏ်တွေပြန်ရရင်...'

ကျိန်းသေပေါက် မိဖုရားက ဟာရှီတိုင်းပြည်ကို ပြန်လာတော့မည်မဟုတ်ပေ။ ရင်ဝတွင် တင်းတင်းကျပ်ကျပ် ဆို့လာသလိုပင်။

"နောက်ဆုံးတော့ ဆန်းဂျယ်နဲ့တွေ့မှဖြစ်မှာကိုး။"

"..."

ယူဂျင်းက သက်ပြင်းမောချကာ မျက်နှာကို ​အတည့်အတိုင်းဖြစ်အောင် ပက်လက်ပြန်လှဲလိုက်သည်။

'တကယ်ပဲ ဆန်းဂျယ်နဲ့ တွေ့မှဖြစ်မှာလား။'

"ဧကန္တ အရင်တုန်းက ကျွန်မ ဒီအကြောင်းပြောဖူးတာမျိုး မရှိဘူးလား။"

"ရာမီတာအဆင့်ကို အာနီခါကိုယ်တိုင်နဲ့ ဆန်းဂျယ်ကလွဲရင် ဘယ်သူမှမသိဘူး။ အဲ့ဒါက စည်းမျဉ်းထုံးတမ်းပဲ။"

ဆန်းဂျယ်က ဖြစ်တည်နေရုံနှင့်ပင် ကြီးမြတ်သော အာနီခါများအား ရာမီတာအဆင့်အလိုက် ခွဲခြားဆက်ဆံခြင်းမရှိစေရဟု မိန့်ဆိုခဲ့သည်။ ထို့ကြောင့် ရာမီတာအဆင့်များကို လျှို့ဝှက်သိုသိပ်စွာ စီမံခန့်ခွဲထားခြင်းဖြစ်၏။

လူတချို့က စပ်စုချင်စိတ်ကြောင့် သိလိုကြသော်လည်း မဖြစ်မနေ ထုတ်ဖော်ပြောဆိုရန် လုံလောက်ခိုင်မာသည့် အကြောင်းပြချက်မရှိပေ။ အမှန်တကယ်တွင် အာနီခါ၏ ရာမီတာကို လိုအပ်ခြင်းမရှိသောကြောင့်ပင်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment