အပိုင်း ၃၃
"ရေရဲ့အသွင်ဆိုတာက ဘယ်လောက်အထိလဲရှင့်။ ရေကန်ကိုလည်း မြင်ရ၊ မြစ်ကိုလည်း မြင်ရတာမျိုးလား။"
"ယူဂျင်း၊ ငါသိတဲ့ အချက်အလက်မှာလည်း အကန့်အသတ် ရှိသေးတယ်လေ။"
ယူဂျင်းက မျက်မှောင်ကြုတ်ပြီး သက်ပြင်းရှည်ရှည် ချလိုက်သည်။
"ဆန်းဂျယ်နဲ့တွေ့မှပဲ အားလုံးကို ရှင်းရှင်းလင်းလင်း သိနိုင်မယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဆန်းဂျယ်ကို မတွေ့ချင်လို့ပါ။ တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလားဟင်။"
ခါဆယ်ရ်၏ မျက်လုံးများ တုန်ယင်သွားတော့သည်။
"... ဘာဖြစ်လို့လဲ။"
"ဆန်းဂျယ်ကို တွေ့ဖို့ဆိုရင် အထွတ်အမြတ်မြို့တော်ကို သွားရမယ်မဟုတ်လား။"
"အထွတ်အမြတ်မြို့တော်ကို မသွားချင်ဘူးလား။"
"ကျွန်မက ပတ်ဝန်းကျင်ကိုတောင် အပြည့်အဝ နားလည်သေးတာမဟုတ်ပါဘူး။ မြင်ရ၊ ကြားရ၊ မှတ်ထားရမဲ့ အရာတွေကို ထပ်ပြီးမတိုးချင်သေးဘူးရှင့်။"
ခါဆယ်ရ့်အဖို့တော့ ဝမ်းပန်းတသာ ကြိုဆိုချင်စရာကောင်းသည့် အဖြေပင်။ သူက ယူဂျင်းအား ကူညီနိုင်မည့် နည်းလမ်းကို စဉ်းစားလိုက်သည်။
"တခြားအာနီခါတစ်ယောက်နဲ့ တွေ့ကြည့်မယ်ဆိုရင်ရော။"
"ဘယ်သူနဲ့များလဲ။"
"ဆူရာန်ရဲ့ တော်ဝင်မင်းသား ကြင်ယာတော်။"
ဟာရှီတိုင်းပြည်နှင့်အနီးဆုံး အိမ်နီးချင်းတိုင်းပြည်၊ ဆူရာန်။
'အာ...ဟိုဦးလေးကြီးရဲ့ သားပဲ။'
ဝတ္ထုထဲတွင် ပါဝင်သော ဘုရင်ခြောက်ပါးအနက် ဆူရာန်ဘုရင် ရစ်ချက်ဒ်မှာ အခန်းကဏ္ဍ အနည်းဆုံးဖြစ်သည်။ စိတ်နေစိတ်ထားကတော့ အကောင်းဆုံးဖြစ်၏။ သို့ရာတွင် ဇာတ်ရံအဖြစ် တင်ပြဖို့ရန်တော့ အသက်ကြီးနေပေပြီ။ အသက် ၅၀ ကျော်အရွယ် ဦးလေးကြီးပင်။
ရစ်ချက်ဒ်က ထူးချွန်ပြောင်မြောက်သည့် အုပ်ချုပ်သူ၊ လူကောင်းတစ်ယောက်ဖြစ်ပေသည်။ ရစ်ချက်ဒ်သာ မရှိခဲ့လျှင် ဘုရင်ခြောက်ပါးနှင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းက ကနဦးမှာပင် အတွင်းပိုင်း အကွဲအပြဲကြောင့် ပြိုလဲပျက်စီးသွားမည်သာ။
ဘုရင်ဆိုသည်မှာ တိုင်းပြည်တစ်ခုစီ၏ အနှိုင်းမဲ့ အရှင်သခင်ဖြစ်ပြီး၊ အဖွဲ့အစည်းတစ်စုံတစ်ရာ၏ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသူများမဟုတ်ကြပေ။ ပိုဆိုးသည်က ရစ်ချက်ဒ်မှလွဲ၍ ကျန်ဘုရင်ငါးပါးမှာ အသက်အရွယ် မတိမ်းမယိမ်းဖြစ်နေကြခြင်းပင်။ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးဟု ထင်ကြသော မင်းပျိုမင်းလွင်တို့တွင် အချင်းချင်း အလျှော့ပေးစရာအကြောင်းမရှိခဲ့ချေ။
သို့သော် ဖခင်အရွယ် ရစ်ချက်ဒ်က ပြောလျှင်တော့ နားထောင်ကြ၏။ မင်းပျိုမင်းလွင် ဘုရင်ငါးပါးကို စည်းရုံးနားချပေးခဲ့သော ရစ်ချက်ဒ်၏ ကောင်းမွန်သော ဆောင်ရွက်ချက်များက ကြီးမားလှပေသည်။
'တွေးကြည့်လိုက်ရင် နွေးထွေးတဲ့သူက ရစ်ချက်ဒ်ပဲမဟုတ်လား။'
ရစ်ချက်ဒ်တွင် အရွယ်ရောက်ပြီးသော သားတစ်ယောက်ရှိသော်လည်း တော်ဝင်မင်းသားမှာ လာ့ခ်ကို ကာကွယ်သည့်တိုက်ပွဲအတွက် စစ်မြေပြင်သို့ မသွားနိုင်သေးပေ။ ဘုရင်ဟောင်း သေဆုံးပြီးနောက် ထီးနန်းကို ဆက်ခံပြီးမှသာလျှင် ပရာ့ဂ်ျက တည်ငြိမ်စွာ အခြေချနိုင်မည်ဖြစ်သည်။ ထိုအချိန်အထိ မင်းသား၏ သဘာဝလွန်စွမ်းအားမှာ တစ်ဝက်တစ်ပျက်သာရှိဦးပေမည်။
တော်ဝင်မင်းသား သေဆုံးသွားပါက ဆူရာန်၏ အနာဂတ်မှာ မှောင်မိုက်သွားမည်ဖြစ်ပေသည်။ ထို့ကြောင့် မင်းသားက ဘုရင်မရှိစဉ် တိုင်းပြည်ကို စောင့်ရှောက်ကာသာ နေခဲ့လေ့ရှိ၏။ ဝတ္ထုထဲတွင်တော့ စကားအဖြစ်သာ ဖော်ပြခံရပြီး ပေါ်လာခြင်းမျိုးမရှိခဲ့။
"ဖိတ်ကြားလိုက်တာ ကောင်းမယ်ထင်ပါတယ်။ ဆူရာန်ရဲ့ တော်ဝင်မင်းသားက ဘယ်တုန်းက လက်ထပ်ခဲ့တာလဲရှင့်။"
"မနှစ်က။"
"... ဒါဆို ကြင်ယာတော်ရဲ့ အသက်ကရော။"
"မင်းထက် နှစ်နှစ် ငယ်တယ်။"
"..."
"ဘာပြဿနာရှိလို့လဲ။"
"သိနေတဲ့...သူ ဖြစ်နိုင်ပါတယ်။ မှတ်ဉာဏ်ထဲမှာတော့ မရှိပေမဲ့ပေါ့။"
အာနီခါများမှာ နှစ်အနည်းငယ်ကြာမှ တစ်ယောက် မွေးဖွားလာနိုင်ခြေရှိသူများပင်။ သို့သော် တစ်ချိန်က အာနီခါများ အချိန်အတန်ကြာသည့်တိုင် မမွေးဖွားခဲ့သော ကာလတစ်ခု ရှိခဲ့ဖူး၏။ ထို့နောက် အချိန်အပိုင်းအခြား အကြာကြီးကွာဟပြီးမှ ဂျင်ကို မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂျင်က သူ့ထက်အရင် မွေးဖွားခဲ့သော အာနီခါနှင့် အသက်ဆယ်နှစ်ကွာ၏။
ဆယ်နှစ်တာအတွင်း အာနီခါ ပေါ်ထွက်လာသော ထိုနေ့ကား အထွတ်အမြတ်မြို့တော်၏ ပွဲတော်နေ့ပင်။ ပိုဆိုးသည်က တစ်နေ့တည်းတွင် အာနီခါနှစ်ယောက်တောင် မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဂျင်နှင့် ဖလော်ရာ။
အာနီခါများက ပုံမှန်အားဖြင့် အထူးဂရုစိုက်အရေးပေးခြင်းခံရသော်လည်း၊ သူတို့နှစ်ယောက်လောက် ပတ်ဝန်းကျင်၏ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့သည့် အာနီခါတော့ ရှိမည်မဟုတ်ပေ။ ဆန်းဂျယ်က နေ့စဉ် မနက်တိုင်း သူတို့နှစ်ယောက်၏ သာကြောင်းမာကြောင်းကို မေးမြန်းပြီး တစ်နေ့တာကို စတင်သည်ဟူ၍ပင် ပြောစမှတ်ဖြစ်ခဲ့ရသည်။
သူတို့နောက်တွင် မွေးဖွားလာခဲ့ကြသော အာနီခါများမှာမူ သူတို့လောက် စိတ်ဝင်စားမှုကို မရရှိခဲ့သည့်အပြင် အနောက်ကိုပင်ရောက်သွားကြ၏။
ဂျင်ထက် နှစ်နှစ်ငယ်သည့် အာနီခါဆိုလျှင် သက်တူရွယ်တူအဖြစ် ကြီးပြင်းလာကြပြီး အထွတ်အမြတ်မြို့တော်တွင် မကြာခဏ ဆုံတွေ့ခဲ့ဖူးကြမည်ပင်။
"သူငယ်ချင်းတွေများလား။"
ယူဂျင်းက မလုံမလဲ ပြုံးလိုက်သည်။ ဖြစ်ချင်ဖြစ် သူငယ်ချင်းဖြစ်ခဲ့သည်ကမှ တော်သေးဦးမည်။
ဂျင်၏ စိတ်နေစိတ်ထားက သာမန်မဟုတ်ပေ။ လက်ထပ်ပြီး ဟာရှီတိုင်းပြည်ကို ရောက်လာမှ စရိုက်အမှန်ကို ထုတ်ပြခဲ့ခြင်း ဟုတ်လောက်မည်မထင်။ အထွတ်အမြတ်မြို့တော်တွင် နေခဲ့စဉ်က ဘုရင်မတစ်ပါးလိုနေကာ သူတစ်ပါးအား ဒုက္ခပေးရသည်ကို ကြိုက်ခဲ့မည်မှာ ရာနှုန်းပြည့် ဖြစ်နိုင်၏။
သက်တူရွယ်တူ ဖလော်ရာကား ဂျင် သွားမထိနိုင်လောက်အောင် ပတ်ဝန်းကျင်တွင် လူများဝိုင်းဝိုင်းလည်နေမည်ဖြစ်သဖြင့် ထိရန်ခက်ခဲပေလိမ့်မည်။ သို့သော် နှစ်နှစ်ငယ်သည့် အာနီခါမှာမူ ပစ်မှတ်ဖြစ်ရန် အတော်လေးသင့်တော်လှ၏။
"ဖိတ်ကြားရင်လည်း လာမှာမဟုတ်ပါဘူး။ ဆက်ဆံရေးက... မကောင်းခဲ့လောက်ဘူးထင်ပါတယ်။"
"ဆက်ဆံရေးကောင်းမှဖြစ်မဲ့ အကြောင်းရင်းရှိလို့လား။"
"သင့်သင့်မြတ်မြတ်ရှိတာက ပိုမကောင်းဘူးလားရှင့်။"
"ဘာဖြစ်လို့လဲ။"
ထင်မှတ်မထားသည့် တုံ့ပြန်မှုကြောင့် ယူဂျင်းလည်း စကားမပြောနိုင်တော့ပေ။ ယူဂျင်းက ပို၍စိတ်ရှည်ရှည်လေး ရှင်းပြလိုက်သည်။
"ကျွန်မအမှားကြောင့် ဆူရာန်ရဲ့ တော်ဝင်မင်းသား ကြင်ယာတော်နဲ့ ရန်သူဖြစ်ခဲ့လောက်မယ် ထင်လို့ပါ။"
"မင်း မှားခဲ့တာက ဘာများမို့လို့လဲ။ ဆူရာန်ရဲ့ တော်ဝင်မင်းသား ကြင်ယာတော်ကလည်း အာနီခါပဲ မဟုတ်ဘူးလား။"
"အတင်းအဖျင်းပြောတာတို့၊ အနိုင်ကျင့်တာတို့လိုမျိုးတွေပေါ့။"
ခါဆယ်ရ်က ခနဲ့ပြုံး ပြုံးခဲ့သည်။ ယူဂျင်းလည်း သူ တကယ်ပဲ လှောင်ရယ်နေသည်ဟု တွေးမိသည်ကို သဘောပေါက်သွားတော့၏။ 'ဒီလူ တော်တော်လေး လူမှုရေးညံ့တာပဲ' ဟူသောအတွေး ဝင်လာသည်။
သို့သော် မရည်ရွယ်ပါဘဲ သူ့ဘက်မှ ရပ်တည်ပေးခဲ့သလို ဖြစ်နေသည့်အတွက် စိတ်ထဲတွင် ထူးဆန်းသလိုခံစားလိုက်ရ၏။
ခါဆယ်ရ်က အပြောကြမ်းသည်ဟု ထင်ရသော်လည်း ကြင်နာတတ်သည်။ နားဝင်ချိုသော စကားများကို မပြောတတ်သော်လည်း စိတ်ထိခိုက်စေမည့်စကား သို့မဟုတ် အပြုအမူများကို မလုပ်ပေ။
ဝတ္ထုထဲတွင်တော့ သူက ကြံ့ခိုင်သလောက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ အများကြီး ရှိသူပင်။ ပါးစပ်ဖွင့်လိုက်သည်နှင့် ဓားကဲ့သို့ အသွားထက်ထက် စကားများ ထွက်လာတတ်သည်။ တစ်ဖက်လူ၏ စိတ်ထဲကို ကလိသည့် စကားများကိုလည်း ပေါ့ပေါ့ပါးပါး ပြောတတ်၏။
"ဒါပေမဲ့လည်း လေသံကသာ ခက်ထန်ပြတ်သားပေမဲ့ ကြမ်းတမ်းတဲ့စကားတွေတော့ မပြောတာကို..."
ဝတ္ထုထဲမှ မရဏဘုရင်နှင့် ယခုလက်ရှိ သူက ဆင်သလိုလိုရှိသော်လည်း ကွဲပြားနေသည်။ သဲလွန်စလေးများကို နည်းနည်းချင်းစီ မြင်နေရ၏။
ယူဂျင်းက ဂျင်နှင့် ခန္ဓာကိုယ်ချင်း လဲထားသဖြင့် ဝတ္ထုပါအကြောင်းအရာများ နည်းနည်းချင်းစီ ပြောင်းလဲလာသည့် လက္ခဏာလည်း ဖြစ်နိုင်၏။ လိုချင်သည့်အရာဆိုသော်လည်း အနာဂတ်ကို လုံးဝမသိနိုင်တော့မည့် အဖြစ်ကတော့ ကြောက်စရာပင်။
"တရားဝင် ဖိတ်စာ ပို့လိုက်မယ်။ မလွှဲသာမရှောင်သာ အကြောင်းရင်းမရှိဘဲနဲ့တော့ ငြင်းပယ်မှာ မဟုတ်ဘူး။ မင်းအပေါ် ဘယ်လိုခံစားချက်ပဲရှိရှိ၊ အဲ့ဒါက ကိုယ်ရေးကိုယ်တာပြဿနာပဲ။"
ယူဂျင်းလည်း ခေါင်းညိတ်လိုက်သည်။ နားထောင်ကြည့်လိုက်တော့ အဓိပ္ပာယ်ရှိ၏။
"ဒါပေမဲ့ အပြုအမူကိုတော့ စောင့်စည်းရမှာပေါ့။ မတော်လို့များဆိုပြီး ပြောထားတာဆိုပေမဲ့ တော်ဝင်မင်းသား ကြင်ယာတော်ကို ရာမီတာ နိုးထလာတုန်းက ဘာတွေလုပ်ခဲ့လဲဆိုပြီး သွားမေးလို့တော့ မဖြစ်ဘူးနော်။"
"အာ..."
ယူဂျင်းက မျက်လုံးများကို လှိမ့်လိုက်သည်။ ခါဆယ်ရ်လည်း ထိုမျက်နှာအမူအရာမှတစ်ဆင့် ယူဂျင်း တကယ်ပင် ထိုသို့လုပ်ရန် စဉ်းစားနေခဲ့ကြောင်းကို ရိပ်မိလိုက်၏။ သူက အံ့သြမှင်တက်စွာ နားထင်ကို လက်ဖြင့်ဖိလိုက်သည်။
"ယူဂျင်း၊ မင်း မှတ်ဉာဏ်ပြန်ရဖို့ထက် ကိုယ်က အာနီခါပါလားဆိုတဲ့ အချက်ကို ပိုပြီးသတိထားဖို့လိုမယ်။"
ယူဂျင်းက စိတ်ထဲမှ 'ကျွန်မက ရှင့်လို မွေးကတည်းက ကြီးကျယ်မြင့်မြတ်တဲ့သူမဟုတ်တော့ ကောင်းကောင်းမသိဘူးလေရှင့်' ဟု တီးတိုးရေရွတ်လိုက်၏။
မဟာတွင် အာနီခါ၏ အရိုက်အရာက လွန်ကဲလွန်းသည်ဟု ခံစားရသည်။ ဘုရင်က လာ့ခ်ကိုဖမ်းပြီး ပြည်သူများကို ကာကွယ်ပေးသော်လည်း၊ အာနီခါ၏ ရာမီတာမှာမူ သင်္ကေတတစ်ခုသာဖြစ်ပြီး အသုံးချစရာနေရာမရှိပေ။
ဘုရင်၏ ရင်သွေးကို မွေးပေးနိုင်ခြင်းပေပဲလား။ ထိုအကြောင်းရင်းတစ်ခုတည်းနှင့် ဆန်းဂျယ်က အာနီခါများကို အခွင့်ထူးပေးထားခြင်းပဲလား။
'ဆန်းဂျယ်နဲ့တော့ တွေ့သင့်တာပဲ။ ဆူရာန်ရဲ့ ကြင်ယာတော်ကို တွေ့လို့လည်း သိပ်ပြီး အကူအညီဖြစ်မဲ့ပုံမပေါ်ဘူး။'
ယူဂျင်းတစ်ယောက် သူ့အား စိုက်ကြည့်နေသော ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံမိသွားသည်။
"နောက်ထပ် သိထားသင့်တဲ့ အရာတွေများ ရှိသေးလားရှင့်။"
ခါဆယ်ရ်က ခေါင်းခါလိုက်သည်။ ရှောရှောရှူရှူ တုံ့ပြန်ခဲ့သော မိဖုရားကို အံ့သြနေမိ၏။
ကြာခဲ့ပြီဖြစ်သော အဖြစ်အပျက်ပင်။ မိဖုရားက နန်းတွင်းအမှုထမ်းများကို ကြမ်းတမ်းစွာ အပြစ်ပေးနေသောကြောင့် စကားတစ်ခွန်း ဝင်ပြောခဲ့ဖူးသည်။ နောက်ပိုင်းတွင် အသံကျယ်လာခဲ့သော်လည်း၊ ပထမ တစ်ကြိမ်နှစ်ကြိမ်ကတော့ ကောင်းကောင်းမွန်မွန် ဝေ့ကာဝိုက်ကာပြောဆိုခဲ့၏။ ထိုအခါတိုင်းတွင် မိဖုရား၏ အဖြေက အမြဲတမ်း အတူတူချည်းသာ။
[ကျွန်မဘာသာ ကြည့်လုပ်လိုက်ပါ့မယ်။ နန်းဆောင်အတွင်းရေး ကိစ္စတွေက ကျွန်မရဲ့ တာဝန်ပါ။]
ခါဆယ်ရ်က လူသားတို့၏ ပင်ကိုစရိုက်ဟူသည်မှာ ပြောင်းလဲမည့်အရာမဟုတ်ဟု ယုံကြည်ခဲ့သည်။ သို့သော် မိဖုရားကို မျက်စိရှေ့တွင် မြင်နေရပြီး တူညီသောလူ၏ အတိတ်နဲ့ ပစ္စုပ္ပန်ကို နှိုင်းယှဉ်ကြည့်မိသည့်အခါတိုင်း သူ၏ ယုံကြည်ချက်က ယိမ်းယိုင်သွားရတော့၏။
"စောစောက မင်း ရေကန်တွေနဲ့ မြစ်တွေကိုလည်း မြင်ရလားဆိုပြီး မေးခဲ့တယ်မဟုတ်လား။ စဉ်းစားမိတာ တစ်ခုရှိတယ်။ အထွတ်အမြတ်မြို့တော်ရင်ပြင်မှာရှိတဲ့ သစ်ပင်အိုကြီးကို မှတ်မိလား။"
"ဟုတ်ကဲ့။ အဲ့ဒါတော့ သိပါတယ်။"
ခါဆယ်ရ် ရှင်းပြနေစရာမလိုဘဲ ယူဂျင်း ထိုသစ်ပင်ကို သိပြီးသားဖြစ်၏။
ယူဂျင်းက အဓိကဇာတ်လမ်း၏ နောက်ခံဖြစ်သော အထွတ်အမြတ်မြို့တော်အကြောင်းကို ပုံပါဆွဲပြနိုင်သည်အထိ ကောင်းကောင်းသိပေသည်။ ဖွဲ့စည်းပုံ၊ အကျယ်အဝန်း၊ လူဦးရေ၊ မြို့၏ ခန့်မှန်းခြေပုံစံအထိ။ သူ့ဝတ္ထုတွင် ပါဝင်သည့် နေရာများအနက် အသေးစိတ်အကျဆုံး ဖော်ပြခဲ့သောနေရာဖြစ်သဖြင့် သေသေချာချာ သိနေခြင်းပင်။
အထွတ်အမြတ်မြို့တော်တွင် ကျယ်ဝန်းသော ရင်ပြင်တစ်ခု ရှိသည်။ ရင်ပြင်၏ အလယ်တွင် နှစ်ပေါင်းခြောက်ထောင်ကျော်ပြီဖြစ်သော သစ်ပင်အိုကြီးတစ်ပင်ရှိ၏။
လူပေါင်းဒါဇင်ချီ၍ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဝိုင်းပတ်ပြီးဖက်နိုင်လောက်သည်အထိ ကြီးမားလှပသော သစ်ပင်ဖြစ်ပြီး၊ ထိုသစ်ပင်မှ ဖြာထွက်လာသော အကိုင်းအခက်များက ဖန်တီးပေးသည့် အရိပ်မှာ ရင်ပြင်တစ်ခုလုံးနီးပါးကို လွှမ်းခြုံထားလျက်ရှိသည်။
ထိုသစ်ပင်နှင့်ပတ်သက်၍ ကောလာဟလတစ်ခုရှိ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အာနီခါတစ်ဦး မျိုးစေ့ကိုထိတွေ့ရာမှ အပင်ပေါက်ကာ ရှင်သန်ကြီးထွားလာသော သစ်ပင်ဟုဆိုကြလေသည်။
အချိန် အလွန်အမင်း ကြာမြင့်လှပြီဖြစ်သောကြောင့် ပန်းပွင့်ခြင်း၊ အသီးသီးခြင်းမရှိသော်လည်း နွေရာသီတစ်လျှောက်လုံး အေးမြသောအရိပ်ကို ပေးစွမ်းပေသည်။ အထွတ်အမြတ်မြို့တော်သားများက သစ်ပင်အိုကြီးကို မြို့တော်၏ သင်္ကေတအဖြစ်မှတ်ယူကာ မပြောင်းမလဲ နေရာယူထားသည်ကိုပင် ကျေနပ်ပျော်ရွှင်နေကြ၏။
ဂျင် ဦးဆောင်သော မာရာစစ်တပ် အထွတ်အမြတ်မြို့တော်ကို တိုက်ခိုက်သောအခါ သစ်ပင်အိုကြီးလည်း ထက်ပိုင်းပြတ်ကာ အမြစ်ပါကျွတ်ထွက်ပြီး လဲသွားတော့သည်။
ဆန်းဂျယ်ပင်လျှင် သစ်ပင်အိုကြီးကို ပြန်လည်အသက်သွင်းရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင်မူ မအောင်မြင်ခဲ့ပေ။ နောက်ပိုင်းတွင် အမြစ်ငုတ်တိုသာ ကျန်တော့၏။
တရားမျှတမှုက အောင်ပွဲခံအနိုင်ရခဲ့သော်လည်း ဒဏ်ရာအမာရွတ်များတော့ ကျန်ရစ်ခဲ့ပေသည်။ ဒဏ်ရာကိုဆင်မြန်းရင်း ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည့် သင်္ကေတတစ်ခုပင်။
"အဲ့ဒီသစ်ပင်အိုကြီးက နဂိုက ခရမ်းရောင်မျိုးစေ့ ဖြစ်ခဲ့တာတဲ့။"
မျိုးစေ့၏ အရောင်က စုစုပေါင်း ခုနစ်မျိုးရှိ၏။ ခရမ်းရောင်မျိုးစေ့ထဲတွင်မူ စွမ်းအားအကြီးဆုံး လာ့ခ် ကိန်းအောင်းနေသည်။
"အဲ့ဒီမျိုးစေ့ကို အပင်ပေါက်အောင်လုပ်ခဲ့တဲ့ အာနီခါရဲ့ ရာမီတာ နိုးထလာတုန်းက ရေကန်ကို မြင်ခဲ့တယ်လို့ ပြောတာပဲ။"
"ရေကန်..."
"အားလုံးက စီးနေတဲ့ရေ မဟုတ်ဘူးပေါ့။"
ယူဂျင်းတစ်ယောက် ရာမီတာကို ခပ်ထုတ်လိုက်လျှင် လျော့နည်းသွားမည့်ရေဟု ဥပမာပြခဲ့သော စကား၏ အဓိပ္ပာယ်ကို ယခု အပြည့်အဝ နားလည်သွားတော့သည်။ စီးနေသောရေက ခပ်ထုတ်လိုက်လျှင် ပြန်လည်စီးဆင်းကာ ပြည့်လာပေမည်။ သို့သော် နဂိုကတည်းက ပမာဏ သတ်မှတ်ထားသော ရေသေမှာမူ လျော့နည်းသွားရုံသာရှိ၏။
'ရေကန်က အမြင့်ဆုံးအဆင့်လား။ ဒါဆို ငါ မြင်ခဲ့တာက ဘာလဲ။ အဲ့ဒါက တကယ်ပဲ အိပ်မက်ထဲမှာ သတိရှိနေတဲ့အိပ်မက်မျိုး မဟုတ်ဘဲ ရိုးရိုးလေး အိပ်မက်ဆိုးလား။'
"လုံခြုံရေးကို ဘယ်လိုစီစဥ်မှာလဲ။"
"တခမ်းတနားအကျယ်ချဲ့တာမျိုး မလိုချင်ပါဘူး။"
"ဒီအတိုင်း... ဈေးပတ်တာ။ ဒီနေ့တော့ ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရုံပဲလုပ်မှာပါ။ မှတ်ဉာဏ်တွေ လုံးဝမရှိတော့လို့လေ။"
'မှတ်ဉာဏ် မရှိတော့တာမဟုတ်ဘဲ၊ နဂိုကကတည်းက မှတ်ဉာဏ်ထဲမှာတောင် ရှိမနေတာကို။'
ခါဆယ်ရ်က စိတ်ထဲမှ ယူဂျင်း၏ စကားကို ပြင်ဆင်လိုက်သည်။
မိဖုရားက ဆောင်ရွက်စရာရှိသည်ကို သွားလုပ်သည်မှလွဲ၍ ရဲတိုက်မှ လုံးဝမခွာခဲ့။ ယခု ပြန်စဉ်းစားကြည့်တော့ နားမလည်နိုင်စရာပင်။
နဂိုကတည်းက လူမှုဆက်ဆံရေး ညံ့ဖျင်းသူဆိုလျှင် နားလည်နိုင်သော်လည်း၊ အထွတ်အမြတ်မြို့တော်တွင် မိဖုရားအား ပထမဆုံး တွေ့ခဲ့ရသည့်နေရာမှာ ကြီးမားလှသော ကပွဲခန်းမတစ်ခု ဖြစ်နေသည်။ မိဖုရားက ပွဲတော်ခန်းမတစ်ခွင်အနှံ့ ကိုယ့်အိမ်ကိုယ့်ရာလို လျှောက်သွားနေ၏။
သူ၏ပတ်ဝန်းကျင်တွင်လည်း လူအမြောက်အမြားစုဝေးနေကာ လူတွေကို ကျွမ်းကျင်စွာ ဧည့်ခံခဲ့သူပင်။ ထိုသို့သောနေရာများနှင့် အင်မတန် ရင်းနှီးအသားကျနေသည့်ပုံပေါ်၏။ လူမှုရေးအသိုင်းအဝိုင်းတွင် ကျင်လည်ရသည်ကို နှစ်သက်ပြီး လူအများကြီးနှင့် တွေ့ဆုံခဲ့ပေလိမ့်မည်။
သို့သော် လက်ထပ်ပြီး၍ ဟာရှီတိုင်းပြည်သို့ ရောက်လာပြီးသည့် နောက်ပိုင်းတွင် လူမှုရေးပွဲများကို လုံးဝစိတ်မဝင်စားတော့ပေ။
"ငါးယောက်...ဟင့်အင်း၊ နည်းနေလောက်မလား။"
"ငါးယောက်။ ငါးယောက်တောင် အစောင့်ခေါ်သွားရမှာလားရှင့်။ တစ်ယောက်ဆို ရပါပြီ။"
"ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားလဲ။ တစ်ယောက်ပဲတဲ့လား။"
"ဘယ်သူမှ မရိပ်မိအောင် လမ်းလျှောက်ပြီးတော့ လျှောက်ပတ်ကြည့်ပြီး ပြန်လာမှာကို ငါးယောက်တောင် ကိုယ်ရံတော်ခေါ်သွားရင် ပိုပြီးထူးဆန်းနေမှာပေါ့ရှင့်။"
"ငါးယောက်ဆိုတာတောင် အနည်းဆုံးပဲရှိသေးတယ်။"
"တစ်ယောက်ပဲ။"
"ငါးယောက် ခေါ်သွား။ မဟုတ်ရင် အပြင်မထွက်ရဘူး။"
"ကျွန်မအနေနဲ့ အပြင်ထွက်ဖို့ ခွင့်ပြုချက်ယူစရာ မလိုဘူးလို့ ပြောခဲ့တယ်မဟုတ်လား။"
ယူဂျင်း အသံကျယ်လာတော့သည်။ ခါဆယ်ရ်၏ အသံပါ လိုက်ကျယ်လာ၏။
"ကိုယ်ရံတော်ခေါ်သွားရမယ်လို့ သေချာပြောခဲ့သားပဲ။ အရည်အချင်းရှိတဲ့ စစ်သည်တွေက ကိုယ်ရံတော်လုပ်ပေးမှာဆိုတော့ မင်း ဘာပဲလုပ်လုပ် အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး။"
"စစ်သည်တော် ငါးယောက်တောင်လား။ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ထည်က သာမန်မဟုတ်တာကို အပြင်ပန်းကြည့်ရုံနဲ့တင် လူတိုင်း သိကုန်တော့မှာပေါ့။"
"အဲ့ဒါကြောင့်ပဲ ကိုယ်ရံတော်တွေ ခေါ်သွားရတာပေါ့။ တစ်ခုခုဖြစ်ခဲ့ရင် နောက်ကျသွားလိမ့်မယ်။ မထိသင့်တဲ့ပုဂ္ဂိုလ်ပဲလို့ မြင်အောင်ပြပြီး အန္တရာယ်ဖြစ်မလာခင် ကြိုတင်တားဆီးတာက အကောင်းဆုံးပဲ။"
ယူဂျင်းတစ်ယောက် ဆုံနိုင်မည်မဟုတ်သည့် မျဉ်းပြိုင်များကို ခံစားမိကာ သက်ပြင်းချလိုက်သည်။
"ဒါဆိုလည်း ရှင်ပဲ အတူတူလိုက်ခဲ့ပါတော့လား။"
"အဲ့ဒီလိုလည်း ဖြစ်သားပဲ။"
"တိတ်တိတ်လေး ထွက်သွားပြီး ပြန်လာပါမယ်ဆို... ရှင်။"
ယူဂျင်းက အံ့သြသွားသောမျက်နှာဖြင့် တစ်ဖန်ထပ်ပြီးအတည်ပြုလိုက်သည်။
"တကယ်ပဲ အတူတူလိုက်ခဲ့မလို့လားရှင့်။"
~~~~~
Miel's Translations