no

Font
Theme

အပိုင်း ၃၉

ခါဆယ်ရ်က ယူဂျင်းကို ဘာမှမပြောဘဲ ကြည့်နေခဲ့ရာမှ စကားစခဲ့သည်။

“တော်ဝင်မိသားစုရဲ့ ဘဏ္ဍာရေးကို တော်ဝင်မိသားစုက စီမံခန့်ခွဲရမယ်ဆိုတဲ့ မူဝါဒရှိတယ်။”

ယူဂျင်းက ရုတ်တရက် တခြားအကြောင်းအရာကို ပြောလာသည့် ခါဆယ်ရ်အား မျက်လုံးအပြူးသားနှင့် ကြည့်လိုက်မိ၏။

“တော်ဝင်မိသားစုက စီမံခန့်ခွဲရမယ်ဆိုတဲ့ မူဝါဒမှာ အရည်အချင်းပြည့်မီတဲ့သူကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိပေမဲ့ တော်ဝင်မိသားစုဝင်တွေကပဲ အရည်အချင်းပြည့်မီတယ်လို့ ဆိုလိုတာ။ လက်ရှိမှာ အရည်အချင်းပြည့်မီတဲ့သူက ငါရယ်၊ မင်းရယ်ပဲ ရှိတယ်။”

“... ကျွန်မကလား။”

“အခုချိန်အထိ ငါပဲ လုပ်ခဲ့တာ။”

“ဟုတ်ကဲ့။”

“ရှေ့လျှောက် မင်းလုပ်မလား။”

ယူဂျင်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် သူ့စကားကို အဓိပ္ပာယ်ဖော်နေမိသည်။ 'မင်းကို ငွေစာရင်း အပ်မယ်၊ ကိုယ့်စရိတ်နဲ့ ကိုယ့်မိသားစုကိုယ် စီမံခန့်ခွဲ' ဟု ပြောနေသလိုပင်။

“ဘာလို့များ... အရှင်မင်းကြီးပဲ လုပ်လာခဲ့တာမဟုတ်ဘူးလားရှင့်။”

“မင်းက မလုပ်ချင်ဘူးဆိုလို့လေ။ မှတ်မိမှာတော့မဟုတ်ပေမဲ့ပေါ့။”

“အရင်ကလည်း ဒီလို ကမ်းလှမ်းခဲ့ဖူးတာလားရှင့်။”

“လက်ထပ်ပြီးခါစကလေ။ ပုံမှန်ဆို မိဖုရား လုပ်ရမဲ့အလုပ်ပဲကို။”

“ကျွန်မသာ လုပ်မယ်ဆိုရင် ဘယ်လိုအလုပ်တွေ လုပ်ရမှာလဲဟင်။”

“မျိုးစုံပဲပေါ့။ စကားနဲ့ ရှင်းပြရရင်တော့ ရှည်တယ်။ နောက်မှ စုစည်းထားတဲ့အချက်အလက်တွေ ပို့ပေးလိုက်မယ်။ ဒီတစ်ခါလို ငါ နန်းတော်မှာမရှိတဲ့အခါ မင်းက တာဝန်ခံပဲ။”

“ကျွန်မက တာဝန်ခံဆိုတော့ အရှင်မင်းကြီးဆီ အစီရင်ခံစရာ မလိုတော့ဘူးဆိုတဲ့သဘောလားဟင်။”

“ခြွင်းချက်တော့ရှိတာပေါ့။ အများစုကတော့ မင်းဆုံးဖြတ်လိုက်ရင် အတည်ဖြစ်ပြီ။”

ယူဂျင်းလည်း ဂျင် ဘာကြောင့် ငြင်းခဲ့ကြောင်း နားလည်သွားတော့သည်။ အာဏာအများကြီး ပေးအပ်ခံရသလောက် ဂရုစိုက်ရမည့် ကိစ္စများလည်း အများကြီးရှိလာမည်သာ။ ဂျင်အတွက် လိုအပ်သည်က ရှေးဟောင်းစာအုပ်များ ဝယ်ယူရန် ငွေကြေးသာဖြစ်သည်ဆိုလျှင် လိုအပ်သည့်အချိန်မှ ယူသုံးသည်က ပို၍လွယ်ကူပေလိမ့်မည်။

“ဘာဖြစ်လို့ ရုတ်တရက်ကြီးလဲရှင့်။”

“ရုတ်တရက် မဟုတ်ဘူး။ ပြောပြီးသားလေ။ နဂိုကတည်းက မင်းလုပ်ရမဲ့ အလုပ်လို့။”

“ဒါပေမဲ့ အခုအချိန်အထိ အရှင်မင်းကြီးပဲ လုပ်ခဲ့တာမဟုတ်လား။ အဲ့ဒါကြောင့်…”

ယူဂျင်းက သင့်တော်မည့်စကားကို ရှာနေရင်းကနေ သက်ပြင်းချလိုက်သည်။ ယခုရက်ပိုင်း စကားပြောစွမ်းရည်ကို လေ့လာနေ၏။

ယူဂျင်း၏ တဲ့တိုးပြောဆိုပုံကို မာရီအန်းက မကြာခဏ ထောက်ပြလေ့ရှိသည်။ လူမှုရေးလှုပ်ရှားမှုများ လုပ်မယ်ဆိုလျှင် ပြုပြင်သင့်သည်ဟုဆို၏။ ကြိုးစားနေသော်လည်း တစ်ရက်တည်းနှင့် ပြောင်းလဲရန်ခက်သည့် အကျင့်ပင်။

လေ့လာမှုကတော့ အားနည်းနေသေးသည်။ ရည်ရွယ်သည့်အဓိပ္ပာယ်ကို သေချာပေးနိုင်သော ပုံစံမျိုးနှင့် ပြောင်မြောက်စွာ ပြောဆိုနိုင်မည့် နည်းလမ်းကို မစဉ်းစားနိုင်ခဲ့။

“အရှင်မင်းကြီး။ ပွင့်ပွင့်လင်းလင်း ပြောပေးပါ။ ကျွန်မကို စမ်းသပ်ချင်တာလား။ ဒါမှမဟုတ် အခု ကျွန်မကို ယုံကြည်ပြီး တာဝန်ပေးအပ်တော့မဲ့သဘောလား။”

ခါဆယ်ရ်က ရယ်ချလိုက်သည်။

“မင်းပြောတဲ့စကားတွေက တိကျပြတ်သားနေတာပဲ။ လူတိုင်း မင်းလိုပဲပြောနိုင်ရင် ကောင်းမယ်။”

မာရီအန်း ထောက်ပြသည့် တဲ့တိုးပြောဆိုမှုပုံစံကို သူက ကောင်းသည့်ဘက်မှ တုံ့ပြန်လာတော့ ယူဂျင်းလည်း ခပ်အမ်းအမ်း ပြုံးလိုက်မိသည်။

“နှစ်ခုစလုံး မဟုတ်ဘူး။”

ယူဂျင်းက ခပ်ချဉ်ချဉ်မျက်နှာဖြင့် တုံ့ပြန်လိုက်သည်။

“... အရှင်မင်းကြီးကလည်း တဲ့တိုးဆန်တာပါပဲနော်။”

ခါဆယ်ရ်က တစ်ဖန်ထပ်ပြီး ရယ်ခဲ့ပြန်သည်။

“တော်ဝင်မိသားစုရဲ့ ဘဏ္ဍာရေးက အရေးကြီးတဲ့ကိစ္စဖြစ်သလို၊ အသေးအမွှားကိစ္စတွေလည်း ရှိတာပဲ။ ရံရွေတစ်ယောက် ဆေးခွင့်ယူတာအထိ ငါကိုယ်တိုင် လိုက်စစ်ဆေးရတော့ အလုပ်ရှုပ်တာပေါ့။”

‘လုပ်ရမဲ့အလုပ်က ပင်ပန်းလို့ တစ်ယောက်ယောက်ကို ကိုယ်စားလုပ်ပေးစေချင်တယ်လို့ ပြောနေတာလား...’

“ကျွန်မကို မယုံဘူးဆိုပြီးတော့ ကျွန်မကို တာဝန်ပေးတာက အဆင်ပြေရဲ့လားရှင့်။”

“ငါစိုးရိမ်တာ တစ်ခုပဲရှိတယ်။ မင်း….”

စကားပြောရင်း ရပ်လိုက်သည့် ခါဆယ်ရ့်မျက်နှာက တည်တံ့သွားတော့သည်။ မျက်လုံးပြာပြာတွေက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတာကြောင့် ယူဂျင်းလည်း ရုတ်တရက် တောင့်တင်းသွား၏။

“အခု ငါနဲ့ပြောခဲ့တဲ့ စကားတွေကို နောက်ကျရင် မမှတ်မိပါဘူးလို့ ပြောမှာကိုပဲ။”

“ကျွန်မက အဲ့ဒီလောက်အထိ ရူးနေတာမဟုတ်ပါဘူး။”

“မှတ်ဉာဏ်ပျောက်သွားတဲ့လူတွေက နောက်မှ မှတ်ဉာဏ်တွေ ပြန်ရလာရင် လတ်တလောဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပိုပြီးမမှတ်မိနိုင်ကြဘူးတဲ့။”

ခါဆယ်ရ်က စိတ်ထဲရှိနေသည့်စကားများကို ထုတ်ပြောပြီးမှ နောင်တရတစ်ဝက်နှင့် သက်ပြင်းချလိုက်မိသည်။ မိဖုရားကို ယခုအတိုင်းလေး ဆက်ရှိသွားစေချင်သော်လည်း ဘေးမှနေ၍ နှစ်သိမ့်ပေးဟန်ဆောင်နေရသည်က သူ၏စရိုက်နှင့်မကိုက်ညီပေ။

မိဖုရား၏ စည်းတံဆိပ်တုံးရိုက်နှိပ်ထားသော အထိန်းတော်ချုပ်အစီရင်ခံစာကို မြင်ပြီးသည့်နောက် တစ်နေ့လုံး သူ တွေးနေမိ၏။

ယခင်က တာဝန်များကို ရှောင်ဖယ်ခဲ့သော မိဖုရားက ကိုယ်တိုင်တာဝန်ယူရမည့်နေရာကို ရောက်လာခဲ့ပေပြီ။ စကားပြောပုံ ပြောင်းလဲသွားခြင်းနှင့် ယှဉ်၍မရသည့် အပြောင်းအလဲပင်။ လူတစ်ကိုယ်လုံး ပြောင်းလဲသွားခြင်းဖြစ်၏။

မိဖုရား မှတ်ဉာဏ်များပြန်ရလာလျှင်တောင် တစ်ရက်တည်းနှင့် ယခင်လို ပြန်ဖြစ်မည်မဟုတ်ဟူသော ဖြစ်နိုင်ခြေကို ယုံကြည်ရန် ဆုံးဖြတ်ထားလိုက်သည်။ မာရီအန်းပြောသလို မိဖုရားက လိုက်လျောညီထွေဖြစ်အောင် အချိန်အကြာကြီး လိုအပ်ခဲ့တာလည်း ဖြစ်နိုင်ပေ၏။

ဘုရင်နှင့်မိဖုရားမှာ ကနဦး အစကတည်းက လမ်းလွဲနေခဲ့ခြင်းပင်။ ယခင်က လမ်းကြောင်းလွဲနေမှန်း သိလျက်နှင့် လျစ်လျူရှုခဲ့မိ၏။ မိဖုရားက ဘယ်လိုလူလဲဆိုသည်ကို သိလိုစိတ်လည်းမရှိခဲ့သလို ကြိုးစားလိုစိတ်လည်းမရှိခဲ့ပေ။

သို့သော် သူ့စိတ်က ပြောင်းလဲခဲ့လေပြီ။ ယခင်နှင့်မတူသော ဆက်ဆံရေးမျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု ယူဆထား၏။

“ပွင့်ပွင့်လင်းလင်း ​ပြောလက်စနဲ့ ဒါကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။ အရင်က ကျွန်မထက် လက်ရှိ ကျွန်မက အရှင်မင်းကြီးအတွက်၊ ဒီတိုင်းပြည်အတွက် အထောက်အကူဖြစ်တယ်လို့ တွေးနေတာလားရှင့်။”

ခါဆယ်ရ်က ချက်ချင်းမဖြေဘဲ တွေဝေနေသည်။

“ဟုတ်တယ်။”

ပြန်ဖြေပြီးသည့်နောက်တွင် စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ အကြောင်းရင်းကိုကား မသိခဲ့။

‘ထင်သားပဲ။ အဲ့ဒါကြောင့်ကိုး။’

အနည်းငယ် တက်ကြွနေသော ယူဂျင်း၏စိတ်လည်း တစ်ဖန်ပြန်ပြီး ငြိမ်ကျသွားတော့သည်။

“ငါ့အတွက် အရေးအကြီးဆုံးက ဒီတိုင်းပြည်ပဲ။”

သူက သူ့တိုင်းပြည်ကို ကာကွယ်ဖို့အတွက်ဆိုလျှင် ကမ္ဘာပေါ်တွင် အချစ်တတ်ဆုံး ယောက်ျားအဖြစ် သရုပ်ဆောင်ရသည်ကိုလည်း လုပ်နိုင်မည့်သူပင်။

‘အဲ့ဒါကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်မနေနဲ့။ မဟာမှာ ကိုယ့်အတွက် နေရာတစ်ခု ဖန်တီးနိုင်အောင် ကူညီပေးတဲ့အတွက်ကိုပဲ ကျေးဇူးတင်ရမှာ။’

“အရှင်မင်းကြီးပြောတဲ့ ကိစ္စတွေကို ကျွန်မ လုပ်ပေးရင် အရှင်မင်းကြီးအတွက် အကူအညီဖြစ်မှာလားရှင့်။”

“အများကြီး အကူအညီဖြစ်တာပေါ့။”

“ဒါဆို ကျွန်မ လုပ်ကြည့်ပါ့မယ်။”

ခါဆယ်ရ်တစ်ယောက် သူ့ကိုကြည့်ပြီး ပြုံးနေသည့် မိဖုရားကို မြင်လိုက်ရတော့ နှလုံးထဲတွင် အောင့်ခနဲဖြစ်သွားခဲ့သည်။ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း မနှစ်မြို့ဖွယ် ခံစားချက်တော့ မဟုတ်ပေ။

မကြာသေးမီက တိတိကျကျ သတ်မှတ်၍မရသော ခံစားချက်များနှင့် ရောဂါလက္ခဏာများကို စတင်ခံစားခဲ့ရ၏။ သို့သော် ယင်းက ဘာမှန်း သေချာစဉ်းစားရန်တော့ အချိန်မရှိခဲ့။ အင်မတန် အလုပ်များနေခဲ့သောကြောင့်ပင်။

ယနေ့လည်း လုပ်စရာများက အဆုံးမရှိပုံနေ၏။ သူ့ကိုယ်စား တိုင်းပြည်ရေးရာကိစ္စများကို ဖြေရှင်းပေးခဲ့သည့် ဘယ်ရုစ်လည်း ဘုရင်မင်းမြတ်၏ နောက်ဆုံးဆုံးဖြတ်ချက်ကို ရယူရန်အတွက် စာရွက်စာတမ်းများ အပုံလိုက်ပုံပြီး စောင့်နေပေလိမ့်မည်။

သို့သော် ခါဆယ်ရ်က ထိုအလုပ်များကို အကုန်ဘေးဖယ်ထားပြီး ရုတ်တရက် ယူဂျင်းအား ကမ်းလှမ်းလိုက်၏။

“အပြင်ထွက်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ သွားကြမလား။”

“အခုလားရှင့်။”

“နေလုံးလုံးဝင်ပြီးမှ။”

“အခုအထိ အပြင်မှာ ရှုပ်ထွေးနေဦးမှာကို...”

“အကုန် သူတို့ရဲ့ ပုံမှန်နေ့စဉ်ဘဝအတိုင်း ပြန်ဖြစ်သွားကြပြီ။ အချိန်အတိုင်းအတာတစ်ခုအထိ လာ့ခ်လည်း ပေါ်လာတော့မှာမဟုတ်လို့ လမ်းတွေပေါ်မှာ အသက်ဝင်စည်ကားနေမှာ။”

“ဘာဖြစ်လို့လဲဟင်။”

“လာ့ခ်တွေက အစုလိုက်အပြုံလိုက် ပေါ်လာပြီးသွားရင် နားချိန်တစ်ခုရှိတယ်။ ဒီတစ်ခါ တစ်တပ်ကြီး ရောက်လာတာဆိုတော့ ဆယ်ရက်လောက် ဘာမှဖြစ်မှာမဟုတ်ဘူး။”

“ဝါး၊ တကယ် အတော်ပဲပေါ့… စစ်တပ်ကြီးရောက်လာတာကို ကောင်းတယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဒါဆို သွားကြမလားဟင်။ သွားချင်ပါတယ်။”

“ကောင်းပြီလေ။”

ခါဆယ်ရ်၏ နှုတ်ခမ်းများ အနည်းငယ် ပြုံးရောင်သမ်းသွားသည်။ ယူဂျင်းလည်း သူ့ကို ကြည့်နေသည့် မျက်လုံးများနှင့် မျက်နှာအမူအရာက နူးညံ့နေသည်ဟု ခံစားလိုက်ရ၏။ မျက်နှာတွေ ထူပူလာပြီး နီရဲကုန်သဖြင့် ယူဂျင်း အကြည့်လွှဲလိုက်တော့သည်။ ကောင်းကင်ကို ကြည့်ရင်း ‘နေလုံးလုံးဝင်သွားပြီပဲ’ ဟု အလကားနေရင်း တီးတိုးရေရွတ်လိုက်မိ၏။

“ဒီနေရာကနေရော ခုန်ချလို့ရလားဟင်။”

ဤတံတားက ခါဆယ်ရ်၏ ရုံးခန်းထက် အများကြီး ပိုမြင့်ပေသည်။ အောက်ကို ကြည့်လိုက်လျှင် ရင်တုန်လောက်သည်အထိ မြင့်မား၏။

“လုပ်ကြည့်ရမလား။”

ခါဆယ်ရ်က ကုလားထိုင်ကိုတွန်းကာ ထရပ်လိုက်သည်။ ယူဂျင်းလည်း တအားလန့်သွားပြီး ‘မလုပ်ပါနဲ့’ ဟု အော်ပြောလိုက်မိ၏။

မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေသည့် ယူဂျင်း၏ မျက်နှာကိုကြည့်ပြီး ခါဆယ်ရ်က ရယ်ခဲ့သည်။ ယူဂျင်းက ခါဆယ်ရ် နောက်နေသည်ကို မယုံနိုင်လောက်အောင် အံ့ဩတကြီး ကြည့်နေမိ၏။

သူ့ကို နောက်ပြောင်ပြီး ပျော်နေသည့် ခါဆယ်ရ်အား စိုက်ကြည့်နေရာက ယူဂျင်းလည်း လိုက်ရယ်မိတော့သည်။

ပထမဆုံးအကြိမ် တွေ့ခဲ့တုန်းက အမြင်ကို ပြန်တွေးမိတော့ အမြဲတမ်း မျက်နှာထားတင်းတင်းနှင့် ပြောစရာရှိတာပဲပြောပြီး မပြုံးမရယ်နေတတ်သည့် အေးတိအေးစက်စရိုက်ရှိသူဟု ထင်ခဲ့မိ၏။ လူဆိုသည်မှာ အပေါ်ယံကြည့်ရုံနှင့် ဆုံးဖြတ်၍မရအောင် ရှုပ်ထွေးသည့်ဖြစ်တည်မှုပဲဟူ၍ ထပ်ပြီးသဘောပေါက်လိုက်ရတော့သည်။

ခါဆယ်ရ် နောက်ပြောင်ပြီး သဘာဝကျကျ ရယ်မောသည့်ပုံစံကို ပြသသည်က သူ့တစ်ယောက်တည်းကိုပဲ ဖြစ်စေချင်သည်ဟူသော လောဘမျိုးဝင်လာ၏။ မသိစိတ်က တွေးလိုက်မိသည့်အတွေးကို ရုတ်တရက် သတိထားမိသွားသည်နှင့် စိတ်ထဲတွင် လစ်ဟာမှုတစ်မျိုးကို ခံစားလိုက်ရတော့သည်။

သူ့စိတ်က ယိမ်းယိုင်နေပြီဆိုသည်ကို အလိုလို သိလိုက်၏။ စိတ်ကို ဆန္ဒနှင့်ထိန်းချုပ်နိုင်လျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ စိတ်ထဲတွင် အတွေးများက ရှုပ်ထွေးလျက်။

~~~~

ယူဂျင်းတစ်ယောက် အပြင်ထွက်ရန်အတွက် ပြင်ဆင်ပြီးသွားပေပြီ။ ညဘက်အပြင်ထွက်ရန် လူအများအာရုံစိုက်နိုင်သည့် သူ့ဆံပင်ကို ဖုံးကွယ်ထားရ၏။

ယူဂျင်းက အညိုရောင်ဆံပင်တုကို တပ်ဆင်ကာ ဝတ်ရုံကိုခြုံပြီးသည့်နောက် ဝတ်ရုံခေါင်းဆောင်းကို ဆောင်းလိုက်သည်။ ည၏အမှောင်ကြောင့် မျက်နှာအရှေ့အထိ တည့်တည့်လာမကြည့်လျှင် မျက်လုံးအရောင်ကို မြင်နိုင်မည်မဟုတ်ပေ။

မာရီအန်းက ကိုယ်တိုင်ကိုယ်ကျ ဝတ်စုံကို ဝတ်ပေးခဲ့သည်။

“ပြီးပါပြီ၊ အရှင်မိဖုရား။”

မာရီအန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ စိတ်လှုပ်ရှားနေသော မိဖုရား၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များကို ဖတ်ကြည့်၍ရနေ၏။ တော်ဝင်မိသားစုအပေါ် မရိုမသေအတွေးဖြစ်သော်လည်း မိဖုရားက ချစ်ဖို့ကောင်းသည်ဟု တွေးမိသည်။

ဘုရင်မင်းမြတ် မိဖုရားကိုကြည့်သည့် မျက်လုံးများကလည်း သူနှင့် ကွဲပြားမည်မဟုတ်ပေ။ ဤကဲ့သို့ ချစ်ခင်နှစ်လိုဖွယ်ကောင်းသူ၏ ဆွဲဆောင်မှုကို နောက်ကျမှပဲဖြစ်ဖြစ် ဘုရင်မင်းမြတ် သတိထားမိသွားတာ တော်သေး၏။

‘အရှင်မင်းကြီးက အကင်းမပါးတဲ့ပုဂ္ဂိုလ်မို့လို့သာ အခုမှပဲ တစ်လျှောက်လုံး ဘေးမှာရှိနေခဲ့တဲ့သူကို စပြီးမြင်လာနိုင်တာပေါ့။’

နှစ်ယောက်တည်းသီးသန့် ညဘက်အပြင်ထွက်ကြမည်ဆိုတော့ စိတ်လှုပ်ရှားနေမိသည်။ သူတို့နှစ်ဦး၏ဆက်ဆံရေးက ဤနှုန်းအတိုင်းသာ ပိုပြီးရင်းနှီးလာမည်ဆိုလျှင် မာရီအန်းအတွက် ဒီထက်ပို၍ လိုချင်တာရှိတော့မည်မဟုတ်။

“ဂရုစိုက်ပြီး သွားပါရှင့်။”

“မြို့တော်ရဲ့ လုံခြုံရေးကို ကောင်းကောင်းကြပ်မတ်ထားတယ်ဆို။”

“ဒါပေမဲ့ ရဲတိုက်အတွင်းပိုင်းနဲ့တော့ မတူပါဘူး။ အရှင်မင်းကြီးရဲ့အပါးကနေ လုံးဝမခွာလိုက်ပါနဲ့။”

ယူဂျင်းက အနေခက်သလို ပြုံးလိုက်သည်။ ရင်းနှီးသူတစ်ယောက်ထံမှ စိတ်ရင်းအမှန်နှင့် စိုးရိမ်ပူပန်ကြောင်းစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ဤနေရာမှ လူတိုင်းက သူ့အပေါ် ကြင်နာကြသည်။ မိဖုရားဖြစ်နေ၍ ရရှိသော ကြင်နာမှုဖြစ်သော်လည်း သူ မိဖုရားအဖြစ် ရှိနေသရွေ့ သူတို့၏ ကြင်နာမှုက အလိမ်အညာဖြစ်မည်မဟုတ်ပေ။

‘မသိခဲ့ရင် မသိတဲ့အတိုင်းပဲ နေသွားမိမှာကို။’

ယူဂျင်းအဖြစ်သို့သာ ပြန်ပြောင်းသွားခဲ့မည်ဆိုလျှင် 'ဘာပဲဖြစ်ဖြစ် ဘဝက တစ်ယောက်တည်းပဲ' ဟူသော အတွေးဖြင့် ယခင်လို တက်တက်ကြွကြွ နေနိုင်တော့မည်မဟုတ်။

ရံရွေတော်တစ်ယောက် ဝင်လာကာ 'အရှင်မင်းကြီး စောင့်နေပါတယ်' ဟု သတင်းပို့ခဲ့သည်။

ယူဂျင်းလည်း ဧည့်ခန်းသို့ ထွက်လာခဲ့လိုက်သည်။ ဝတ်စားဆင်ယင်ပုံကြောင့်ပဲဖြစ်မလား၊ ဧည့်ခန်းထဲမှ အရပ်ရှည်ရှည်နှင့်လူ၏ ပုံစံက အစိမ်းသက်သက်ဖြစ်နေ၏။

ခါဆယ်ရ်ကလည်း ယူဂျင်းကဲ့သို့ပင် သာမန်အရပ်ဝတ်ကို ဝတ်ထားကာ ဆံပင်တု တပ်ဆင်ထားသည်။ သို့သော်ညစ်တိညစ်ပတ် အဝတ်အစားနှင့် အရောင်မှိန်ပြီး ရှုပ်ပွနေသည့် အညိုရောင် ဆံပင်တုတပ်ထားလျက်ကတောင် ဖုံးဖိ၍မရနိုင်သည့် ရုပ်ရည်မျိုးပင်။

‘ဒီရုပ်ရည်မျိုးနဲ့သာ ထွက်သွားလိုက်ရင် လူတိုင်း စိုက်ကြည့်နေကြမှာပဲ။’

မျက်လုံးချင်းဆုံတော့ သူ့မျက်နှာက အနည်းငယ် ဒေါသထွက်နေပုံရ၏။

“အကုန် အသင့်ဖြစ်ပြီလား။”

“ဖြစ်ပါပြီ၊ အရှင်မင်းကြီး။”

မာရီအန်းက ပြန်ဖြေခဲ့သည်။ 'ဒါလေးပဲလား' ဟု စောဒကတက်နေသလို ခံစားရသဖြင့် ယူဂျင်းလည်း ကိုယ့်အဝတ်အစားကိုယ် တစ်ခုခုများ လွဲနေလားဟု စစ်ဆေးလိုက်၏။

“ခေါင်းဆောင်းပိုနက်တဲ့ဝတ်ရုံ မရှိတော့ဘူးလား။ မိဖုရားရဲ့ မျက်နှာတစ်ခုလုံး မြင်နေရတယ်လေ။”

“အရှင်မင်းကြီး။ နေဝင်သွားပြီမို့လို့ ကိစ္စမရှိပါဘူး။”

ယူဂျင်းက ခါဆယ်ရ်၏ အပြစ်ရှာမှုကို မနှစ်မြို့နိုင်ခဲ့။ လက်ရှိဆောင်းထားသည်ထက် ပိုနက်သည့် ခေါင်းဆောင်းကို ဆောင်းလိုက်မည်ဆိုလျှင် အရှေ့ကို ကောင်းကောင်းမြင်ရတော့မည်မဟုတ်ပေ။ အပြင်ထွက်ရမည်ကို စိတ်ရှုပ်သဖြင့် ဤသို့လုပ်နေတာပဲလားဟု တွေးလိုက်မိသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment