no

Font
Theme

အပိုင်း ၃၅

လက်စတာက ရေမြေ့သခင်ဘုရင်မင်းမြတ်အပါး၌ အစဉ်အမြဲ တစ်သဝေမတိမ်း ခစားလိုက်နာခွင့်ရသော မိမိကိုယ်ကိုယ် ကံကောင်းလိုက်လေခြင်းဟု ယူဆထား၏။ အလွန် ပင်ပန်းနွမ်းနယ်ရမည်ဖြစ်သော ဘုရင်မင်းမြတ်၏ လုပ်ဆောင်ချက်များကို မြင်ရသည့်အခါတိုင်း စိတ်မချမ်းမမြေ့ဖြစ်ရသည့်အပြင် စိတ်မကောင်းဖြစ်ရသည်များလည်းရှိပေသည်။ သို့သော် စိုးရိမ်ပူပန်မှုဟူ၍ကား တစ်ကြိမ်မျှပင် မရှိဖူးချေ။

လှိုင်းလုံးအလား တရကြမ်းတိုးဝင်လာသည့် လာ့ခ်တပ်မတော်၏ အရှေ့ဆုံးမှ စစ်သည်နှင့် ဘုရင်မင်းမြတ်အား တင်ဆောင်လာသော မှော်ဝင်သားရဲကြီးတို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုက်ကြလေတော့သည်။

ခါဆယ်ရ်က ဖျတ်လတ်တက်ကြွမှုအပြည့်နှင့် ကိုယ်ကို ကိုင်းညွှတ်ကာ အာဘူ၏ ကျောပေါ်သို့ တက်လိုက်သည်။ သူ၏ ပစ်မှတ်မှာ လာ့ခ်တပ်မတော်ကို ဦးဆောင်လာသော ပုရွက်ဆိတ်စစ်သည်များပင်။ ယင်းတို့မှာ အခြားပုရွက်ဆိတ်များထက် နှစ်ဆခန့်ပိုမိုကြီးမားကြ၏။

ခါဆယ်ရ်က အာဘူ၏ ကျောကို တွန်းကန်ကာ လေထဲသို့ ခုန်ပျံတက်လိုက်သည်။ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ပုရွက်ဆိတ်စစ်သည်၏ ဦးခေါင်းပေါ်သို့ ဝှစ်ခနဲ ခုတ်ချလိုက်၏။ အလွန်ထက်မြက်လှသည့် အစိမ်းနုရောင် ဓားသွားက ပုရွက်ဆိတ်စစ်သည်၏ ဦးခေါင်းခွံကို ထပ်ခြမ်းခွဲကာ ကိုယ်လုံးကိုပါ ထက်ဝက်ပိုင်းဖြတ်သွားလေသည်။

ခါဆယ်ရ်၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်ထားသော အပြာရောင်မြွေသဏ္ဌာန်ကလည်း ထင်ရှားစွာ ပေါ်လာတော့၏။ ဧရာမမြွေကြီး၏ ကိုယ်ပေါ်တွင် အကြေးခွံများ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။

ခါဆယ်ရ်ကို ဗဟိုပြုထားသော စက်ဝိုင်းပုံလှိုင်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ ထိုလှိုင်းများက ဓားသွားများကဲ့သို့ သူ့အနီးရှိ ပုရွက်ဆိတ်များကို ထိုးဖောက်ဝင်ရောက်သွားကြလေသည်။

ပတ်ပတ်လည်တွင် ဖတ်ခနဲ၊ ဖတ်ခနဲ အသံများ ထွက်ပေါ်လာပြီး ပုရွက်ဆိတ်တို့၏ အပိုင်းအစများက အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွားကုန်၏။ သေကြေပျက်စီးသွားသော လာ့ခ်တို့မှာ ဖုန်မှုန့်များအဖြစ် လေထဲသို့ ပျံ့လွင့်သွားကြလေသည်။

မကြာမီ ခါဆယ်ရ်၏ပတ်ဝန်းကျင်တွင် ကျယ်ဝန်းသော စက်ဝိုင်းပုံ နေရာလွတ်တစ်ခု ဖြစ်ပေါ်လာ၏။ မြို့ရိုးတံတိုင်းပေါ်မှ အောက်သို့ ငုံ့ကြည့်နေသော တပ်သားများက မည်းနက်နေသော မြေပြင်ပေါ်တွင် ကြီးမားသည့် အပေါက်ကြီး ဖောက်ထားသည့်အလား သဲကန္တာရ၏သဲများကို မြင်လိုက်ရလေသည်။

တဒင်္ဂ တိတ်ဆိတ်သွား၏။ ဆန်းကြယ်လှသော မြင်ကွင်းကြောင့် တပ်သားများ အသက်ရှုရပ်သွားကြသည်။

"ဝါးးးး....."

"အရှင်မင်းကြီး။"

အသံကုန်ဟစ်ကာ ဂုဏ်ပြုသံများ အရပ်မျက်နှာအနှံ့မှ ပဲ့တင်ထပ်လာသည်။ အားတက်လာကြသော တပ်သားများက လည်ချောင်းကွဲမတတ် အော်ဟစ်ကာ ဘုရင်မင်းမြတ်ဟု ဟစ်ကြွေးကြ၏။ ဘုရင်မင်းမြတ်၏ ဂုဏ်သရေရှိအောင်ပွဲအရှေ့တွင် ညစ်ပေနေသော စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသည့် သူတို့၏ ကြောက်ရွံ့မှုများသည်လည်း အကုန်အစင် ပျောက်ကွယ်တော့သည်။

ခါဆယ်ရ်က သူ့လက်သူ ငုံ့ကြည့်ကာ လက်သီးကို ဆုပ်လိုက်၏။

‘တစ်ခုခုတော့ လွဲနေတာ သေချာတယ်။’

မည်သည့် လှုပ်ရှားမှုမျိုးတွင်မဆို ပရာ့ဂ်ျက သူ့စိတ်ကို ဖတ်နေသည့်အလား လွယ်လင့်တကူ လှုပ်ရှားခဲ့သည်။

သဲကန္တာရအနီးရှိ ဟာရှီတိုင်းပြည်တွင် အထူးတလည် အင်မတန်ကြံ့ခိုင်သည့် လာ့ခ်များ ထွက်ပေါ်လာတတ်၏။ ထို့ကြောင့် တိုင်းပြည်ခြောက်ခုအနက် အားအကောင်းဆုံး ပရာ့ဂ်ျကို ပိုင်ဆိုင်ထားသည့် ဘုရင်ဖြစ်နေခြင်းပင်။

တိုင်းပြည်အသီးသီးအနှံ့ ကူးလူးသွားလာနေသော ကုန်သည်များက အရက်သောက်ရင်း စကားစမြည်ပြောကြသည့်အခါ ရန်ဆောင်ဖွယ် အကြောင်းအရာကို စကားစကြလေ့ရှိသည်။ မိမိတို့တိုင်းပြည်၏ ဘုရင်ကသာ အင်အားအကြီးဆုံးဖြစ်ကြောင်း အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုရင်း ငြင်းခုံရန်ဖြစ်ကြသည်မှာ ဆယ်ကြိမ်မကပေ။

ထိုအရာက အစဉ်အမြဲ နှိုင်းယှဉ်စရာတစ်ခု ဖြစ်နေတတ်သည်။ ဘုရင်များသာ အင်အားအကြီးဆုံးဖြစ်သည်ဟူသည့် အချက်ကိုတော့ မည်သူမျှ မငြင်းနိုင်ပေ။

သို့သော်လည်း အားကောင်းသည့် စွမ်းအားနောက်တွင် ကြီးလေးသည့်အဖိုးအခ ရှိတတ်သည့်အလျောက် ပရာ့ဂ်ျကို လုံးဝ ထိန်းချုပ်နိုင်ခြင်းက အရင်းအမြစ်တစ်ခုဖြစ်ပြီး အရှင်သခင်က ပရာ့ဂ်ျ အထိန်းအကွပ်မှ လွတ်ထွက်သွားခြင်းကို ဟန့်တားနိုင်ရေးအတွက် အမြဲတစေ စွမ်းအားကို ထိန်းချုပ်ထားရ၏။

သို့သော် ဤနေရာတွင်တော့ နည်းနည်းပိုကောင်းပေသည်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ စတင်သည့်အခါ ဗလောင်ဆူနေသည့်အလား ပရာ့ဂ်ျက ခန္ဓာကိုယ်အတွင်း၌ လှုပ်ရှားနေတတ်၏။

ခါဆယ်ရ်က ပရာ့ဂ်ျကို သူ၏ ခန္ဓာကိုယ်တွင် ကိန်းအောင်းနေသည့် နောက်ထပ် သက်ရှိတစ်ခုလို ခံစားရသည်။ သူ့ခန္ဓာကိုယ်အတွင်း၌ ပိတ်မိနေပြီး သူ့ဆန္ဒအတိုင်း လှုပ်ရှားနေရခြင်းကို မကျေမနပ်ဖြစ်နေသည့်ပုံပင်။

ထို့ကြောင့် တစ်ခါတစ်ရံတွင် သူ့စကားကို နားထောင်သလို၊ တစ်ခါတစ်ရံတွင်မူ ဇကလေး နည်းနည်းပြတတ်၏။ ပရာ့ဂျ်ကို ထိန်းချုပ်ရင်း တစ်ဖက်ကလည်း ထုတ်လွှတ်ရသည့်အခါ အလွန်ပင် ခက်ခဲပေသည်။

နဂိုအတိုင်းသာဆိုလျှင် ပရာ့ဂျ်ကို ဤမျှလောက်အထိ အသုံးပြုပြီးပါက မောပန်းလာရပေမည်။ သို့သော် ယခုတော့ သူ့ခန္ဓာကိုယ်က ပေါ့ပါးနေ၏။

'နောက်မှပဲ။'

ယခုက တွေးတောနေရမည့်အချိန် မဟုတ်သေးပေ။ ခါဆယ်ရ်က ဓားကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။ တဒင်္ဂ ရပ်တန့်နေခဲ့သော ပုရွက်ဆိတ်များက သူ့ထံသို့ ပြန်လည် ပြေးဝင်လာကြ၏။

သူတစ်ယောက်တည်း ပုရွက်ဆိတ်တပ်ကြီးတစ်ခုလုံးကို တားဆီးရန် မဖြစ်နိုင်ပေ။ ပုရွက်ဆိတ်တချို့က မြို့ရိုးဆီသို့ ဦးတည်သွားကြသည်။ ဘယ်အချိန်တွင် ပြီးဆုံးမည်ကို မသိရသော စစ်ပွဲက ယခုမှသာ စတင်ခြင်းပင်။

~~~~~

ယူဂျင်း အိပ်ခန်းသို့ ပြန်ရောက်ပြီး မကြာမီတွင် အချက်ပြမီးရှူး ပစ်လွှတ်သည့်အသံကို ကြားလိုက်ရသည်။

'ဒီနေ့တော့ ကောင်းကောင်း ဖြေရှင်းနိုင်တဲ့ပုံပဲ။'

အပြာရောင် အချက်ပြမီးရှူးပဲဟုတွေးကာ ကောင်းကင်ကို ကြည့်လိုက်သည့် ယူဂျင်းတစ်ယောက် အံ့ဩတကြီး ဖြစ်သွားရ၏။ အစိမ်းရောင် မီးခိုးများ ပျံ့နှံ့နေသည်။ နှလုံးက ပရမ်းပတာ စတင်ခုန်လာတော့၏။

"ဂျီ…ဂျီးန်။"

"ဟုတ်ကဲ့၊ အရှင်မိဖုရား။"

"ခုနက အဝါရောင်အချက်ပြမီးရှူး တွေ့လိုက်ရတာကို အခု အစိမ်းရောင် မီးရှူးက နှစ်ခါတောင် ဖြစ်နေပြီဆိုတော့၊ အဆင်ပြေရဲ့လား။"

"ကျွန်မ သွားစုံစမ်းလိုက်ပါ့မယ်။"

ဂျီးန်ထွက်သွားသည်နှင့် တစ်ပြိုင်နက် နောက်ထပ် အချက်ပြမီးရှူးတစ်ချက် ထပ်မံပစ်လွှတ်ခဲ့ပြန်သည်။ ဒီတစ်ခါလည်း အစိမ်းရောင်ပင်။ အချက်ပြမီးရှူးနှစ်ခု ဆက်တိုက် ပစ်လွှတ်ခြင်းကို မကြားဖူးပေ။

ယူဂျင်းက အိပ်ခန်းထဲတွင် ရင်တမမနှင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ပိတ်ထားသော တံခါးကို အဆက်မပြတ် ထုနေသော်လည်း တံခါးခေါက်သံကိုမူ မကြားရပေ။

"မာရီအန်းက ဘာလို့ မလာသေးတာပါလိမ့်။"

မာရီအန်းကား ဤသို့သောအချိန်မျိုးတွင် အရင်ဆုံး အပြေးအလွှား ရောက်ရှိလာကာ အသေးစိတ် ရှင်းပြပေးမည့်သူပင်။ တစ်ခုခု ဖြစ်သွားတာပဲလား။

အခြွေအရံမိန်းကလေးကို ခေါ်လိုက်ရန် တွေးမိသေးသော်လည်း စိတ်ကလောနေသဖြင့် မစောင့်နိုင်တော့။ ဤကမ္ဘာတွင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပြောဆိုနိုင်သည့် ဆက်သွယ်ရေးကိရိယာလည်း မရှိသေးသည်ကို သတိပြုမိတော့ စိတ်က ပို၍ကျဉ်းကျပ်လာရ၏။

ယူဂျင်းက အိပ်ခန်းထဲမှ ထွက်လာပြီးနောက် မျက်စိရှေ့တွင် မြင်နေရသည့် အစေအပါးမိန်းကလေးကို ခေါ်လိုက်သည်။ မာရီအန်း ဘယ်တွေသွားနေသလဲဟု မေးလိုက်တော့ အစေအပါးမိန်းကလေးက ပြန်ဖြေလာ၏။

"အထိန်းတော်ချုပ်နဲ့ စကားပြောနေတာကို တွေ့လိုက်ပါတယ်ရှင့်။"

"ဘယ်မှာလဲ။ တွေ့ခဲ့တဲ့နေရာကို လိုက်ပို့ပေး။"

ယူဂျင်းက အစေအပါးမိန်းကလေးနှင့်အတူ စင်္ကြံကို ဖြတ်ကျော်ကာ လှေကားအတိုင်း ဆင်းလာလိုက်သည်။ ရဲတိုက်ကို ချောင်ကြိုချောင်ကြားမကျန် ရောက်ဖူးသည်မဟုတ်သော်လည်း အဆောက်အအုံ၏ အခြေခံဖွဲ့စည်းပုံကိုတော့ ကျွမ်းကျင်စွာသိ၏။ အစေအပါးမိန်းကလေး လိုက်ပို့ပေးသည့်နေရာမှာ အထိန်းတော်ချုပ်ရုံးခန်းဖြစ်ပြီး အနီးအနားတွင် ကိုယ်ရံတော်များ နေထိုင်ရာနေရာရှိနေသည်။

အထိန်းတော်ချုပ်ရုံးခန်းရှေ့တွင်လည်း အခြွေအရံမိန်းကလေးများ စုရုံးနေကြ၏။ မာရီအန်းတစ်ဦးတည်းသာ အလေးအနက်မျက်နှာထားဖြင့် စကားပြောနေရာက အနီးသို့ ရောက်လာသော ယူဂျင်းကို တွေ့သွားခဲ့သည်။ သူတို့နှစ်ယောက်က ယူဂျင်းအနားသို့ ချက်ချင်း ချဉ်းကပ်လာကာ ဦးညွှတ်လိုက်ကြ၏။

ယူဂျင်းက မာရီအန်းနှင့် ဆာရာကိုကျော်ပြီး မျက်နှာတွင် တင်းမာမှုများပေါ်လွင်နေသော အခြွေအရံမိန်းကလေးများကို ဝေ့ဝဲအကဲခတ်လိုက်သည်။ တခြားအချိန်ဆိုလျှင်တော့ ဝင်ရောက်စွက်ဖက်မည်မဟုတ်။ ဤနေရာမှ ဘဝအကြောင်းကို မသိသည်က အမြောက်အမြားရှိနေသေးသဖြင့် တတ်နိုင်သလောက် ဘာမှမလုပ်ရန် တွေးထား၏။

ထိုသို့နေခဲ့ရာမှ အစိမ်းရောင် အချက်ပြမီးရှူးကြောင့် စိတ်က နည်းနည်းအကဲဆတ်လာသည်။ တစ်ယောက်တည်း ပူပန်နေရသလို ခံစားရသောကြောင့် စိတ်မကြည်နိုင်ခဲ့ပေ။

"ရုတ်ရုတ်သဲသဲနဲ့ပါလား၊ ဘာဖြစ်တာလဲ။"

"အထဲကိုခေါ်သွားပြီး ပြောပြပေးပါ့မယ်။"

ယူဂျင်းက မာရီအန်း၊ ဆာရာတို့နှင့်အတူ အထိန်းတော်ချုပ်ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ တံခါးပိတ်လိုက်သည်နှင့် မာရီအန်းက ချက်ချင်းပင် တောင့်တင်းစွာ ရပ်လိုက်၏။

"ဘယ်လောက်တောင် ထိတ်လန့်သွားရမလဲ။ ချက်ချင်း လာတွေ့သင့်တာကို ကျွန်မက မစဉ်းစားမိလိုက်တာပါ။"

အကြောင်းရင်းတစ်ခုခု ရှိမည်ဆိုသော်လည်း မာရီအန်းကတော့ မဖြေရှင်းခဲ့ပေ။ ထိုသို့သော အပြုအမူကြောင့် သံသယက ပိုခိုင်မာလာ၏။ ယူဂျင်းက ပို၍ ခိုင်မာသော စိတ်ပိုင်းဖြတ်ချက်ဖြင့် အခြေအနေများကို မေးလိုက်သည်။

"အစိမ်းရောင် အချက်ပြမီးရှူး ဆက်တိုက်လာတယ်ဆိုတာက အရေးပေါ် အခြေအနေ ကြေညာထားတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား။"

"အနီရောင် အချက်ပြမီးရှူးကရော ပြင်းထန်လား။"

"အခြေအနေပေါ် မူတည်ပြီး ပိုပြင်းထန်နိုင်ပါတယ်။ အစိမ်းရောင် အချက်ပြမီးရှူး ပစ်လွှတ်ပြီးတဲ့နောက်မှာ အနီရောင် အချက်ပြမီးရှူး ထပ်ပစ်လွှတ်တယ်ဆိုရင် လာ့ခ်တွေကို မတားဆီးနိုင်လို့ မြို့ရိုးကိုကျော်ပြီး အခြေစိုက်စခန်းအထိ ကျူးကျော်ဝင်ရောက်လာတယ်လို့ ဆိုလိုတာပါ။"

"အရှင်မင်းကြီးတောင်မှ မတားဆီးနိုင်တဲ့ လာ့ခ်တွေလား။"

"ဘေးပတ်ဝန်းကျင်မှာ အများကြီး ဖြစ်လာရင် အဆိုးဆုံးပါပဲ။ အရှင်မင်းကြီး မတားဆီးနိုင်တဲ့ မကောင်းဆိုးဝါးတွေဆီကနေ လွတ်မြောက်နိုင်ပါ့မလား။ ယေဘုယျအားဖြင့်တော့ စည်းမျဉ်းအတိုင်း စောင့်ကြည့်ရမှာပါ။"

ယူဂျင်းလည်း နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။

"အနီရောင် အချက်ပြမီးရှူးအဖြစ် ဆက်တိုက်လွှတ်တဲ့သဘောလို့ထင်လား။"

"အခုထိတော့ မသိရသေးပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ လောလောဆယ် ကျွန်မတို့က အနားမှာ ရှိနေပေးပါ့မယ်။"

"ဒါဆို ဘာလို့ ဒီမှာ အားလုံး စုနေကြတာလဲ။"

စိုးရိမ်ပူပန်ရိပ် ပြသလိုက်တော့ ဆာရာက ရှေ့သို့ တိုးလာသည်။

"အရှင်မိဖုရား၊ စိုးရိမ်ပူပန်ရအောင် ပြုမူမိတဲ့အတွက် စိုးရွံ့မိပါတယ်။ ကျွန်မက နန်းတွင်းသူတွေကို ဂရုမစိုက်မိတဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်သွားရတာပါ။"

"ရုတ်ရုတ်သဲသဲဖြစ်တယ်ဆိုတာက ဘာလဲ။"

"အခြွေအရံမိန်းကလေးတစ်ယောက်ရဲ့ အဘွားက အိမ်မှာ တစ်ယောက်တည်း ရှိနေတယ်လို့ သိရပါတယ်။ နားမကြားတဲ့အတွက် မီးရှူးလွှတ်တဲ့အသံကို မကြားနိုင်လို့ အဘွားရဲ့ အခြေအနေကို သွားစောင့်ရှောက်ဖို့ ထွက်သွားခွင့်တောင်းဆိုခဲ့တာပါ။"

ဆာရာက စည်းမျဉ်းအတိုင်း ခွင့်မပြုခဲ့ပေ။ ငိုယိုကာ တောင်းပန်နေသော အခြွေအရံမိန်းကလေးကို နှစ်သိမ့်ပေးကာ အခြေအနေကို အချိန်မီ ဖြေရှင်းနိုင်ခဲ့သောကြောင့် ကြီးကြီးမားမား အထိအခိုက်မရှိခဲ့။ အခြေအနေကိုထိန်းရန်အတွက် အခြားသော ရံရွေတော်မိန်းကလေးများက ခေါ်ဆောင်သွားကြချေပြီ။

ထိုကဲ့သို့သော အသေးစိတ်အချက်အလက်များကိုမူ ရှင်းပြမနေတော့။

"ဒါက ဘာလို့ ပြဿနာဖြစ်ရတာလဲ။"

"အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အချိန်မှာ ဘယ်သူမှ မြို့ရိုးအပြင်ဘက်ကို ထွက်ခွင့်မရှိသလို၊ ဘယ်သူမှလည်း မြို့ရိုးအတွင်းကို ဝင်လာခွင့်မရှိပါဘူး။"

ယူဂျင်းက မာရီအန်းအား စိုက်ကြည့်လိုက်သည်။ မာရီအန်းက စိတ်မချမ်းမြေ့သည့် မျက်နှာထားဖြင့် ခေါင်းညိတ်ခဲ့၏။

"အဲ့ဒီကလေးမရဲ့ အဘွားက ဘုရင့် အမိန့်ကို လိုက်နာရမှာပါ။ ဘုရင့်ရဲတိုက်ထဲကို ကျူးကျော်ဝင်ရောက်ခွင့် လုံးဝမရှိပါဘူး။"

"အခုက အဲ့ဒီလောက်အထိ အရေးတကြီး အခြေအနေ မဟုတ်ဘူးလေ။ အရှင်မင်းကြီးက မဖြစ်ဘူးလို့ ပြောမှာမဟုတ်ဘူး။"

"ဟုတ်ပါတယ်၊ ဒါပေမဲ့…"

"အရှင်မင်းကြီးရဲ့ ဆန္ဒကို သီးသန့်တွက်ဆပြီး ဆုံးဖြတ်လို့မရဘူးပေါ့။ ချက်ချင်း အရှင်မင်းကြီးဆီကနေ ခွင့်ပြုချက်တောင်းဖို့ကလည်း မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား။"

"မှန်ပါတယ်၊ အရှင်မိဖုရား။"

ယူဂျင်းတစ်ယောက် အတွေးထဲ မျောသွားတော့သည်။ နာမည်ပင်မသိရသော အခြွေအရံမိန်းကလေး၏ အခြေအနေက သနားစရာကောင်းသော်လည်း သူ့အဘွားအသက်က အရေးပေါ်အခြေအနေတော့ မဟုတ်ပေ။

အရေးပေါ်အခြေအနေကိုလည်း သေချာပေါက် ရုပ်သိမ်းလိမ့်မည်သာ။ ထိုလူလည်း မည်သည့်အန္တရာယ်နှင့်မျှ ကြုံတွေ့မည်မဟုတ်။ အခြွေအရံမိန်းကလေး၏ အဘွားသည်လည်း ဘာမှမဖြစ်ဘဲ ရှိလိမ့်မည်။ သို့သော်လည်း လောကတွင် မသေချာသည့် အခြေအနေများရှိပေသည်။

ရံရွေတော်မိန်းကလေး၏ အဘွားက မမျှော်လင့်ဘဲ အဖြစ်ဆိုးနှင့် ကြုံတွေ့ရနိုင်သလို၊ ထိတ်လန့်ပြီး နှလုံးရပ်ကာ အချိန်မီ ကူညီကယ်ဆယ်ခွင့်ကို လက်လွတ်ဆုံးရှုံးရပြီး သေဆုံးသွားနိုင်သည်မဟုတ်ပါလား။

"မာရီအန်း၊ အမိန့်မချဘူးလား။"

"ကျွန်မတို့မှာ အမိန့်ချပိုင်ခွင့်မရှိပါဘူး။"

"ဒါဆို… ကျွန်မရဲ့ အာဏာနဲ့ရော တံခါးကို ဖွင့်လို့မရဘူးလား။"

မာရီအန်းက ယူဂျင်းကို ခဏစိုက်ကြည့်ပြီးမှ ခေါင်းငုံ့ကာ ပြန်ဖြေခဲ့သည်။

"…အရှင်မင်းကြီးက အမိန့်အာဏာ သက်ရောက်နိုင်ခြင်းမရှိလောက်အောင် အဝေးကြီးကိုရောက်နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ပြီးတော့ အရှင်မင်းကြီးက နန်းတော်ဂိတ်တံခါး ဖွင့်ဖို့၊ ပိတ်ဖို့ အခွင့်အာဏာကို တရားဝင် လွှဲအပ်ထားတာမျိုးလည်း မရှိပါဘူး။ အဲ့ဒါကြောင့် မိဖုရားရဲ့ အခွင့်အာဏာကို သုံးပြီးတော့ အရင်ဆောင်ရွက်ပြီး နောက်မှ ခွင့်ပြုချက် ရယူရပါလိမ့်မယ်။"

အရင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှ ခွင့်ပြုချက်ယူရမည်။ အခွင့်အာဏာနောက်တွင် တာဝန်ယူမှုပါလာ၏။

"ကျွန်မ တာဝန်ယူမယ်။"

ယူဂျင်းတစ်ယောက် ပခုံးပေါ်တွင် တစ်စုံတစ်ခု လေးလံစွာဖိစီးလာသလို ခံစားလိုက်ရသည်။ အရင်တစ်ခါ ပျောက်ဆုံးသွားသော အခြွေအရံမိန်းကလေးများအတွက် နစ်နာကြေးကိစ္စနှင့်ပတ်သက်ပြီး မာရီအန်းထံမှ အစီရင်ခံစာကို လက်ခံရရှိခဲ့စဉ်က ခံစားခဲ့ရသော ဝန်ဖြစ်မှုနှင့် ဆင်တူ၏။

မဖြစ်မနေ ရှေ့ထွက်ရန် မလိုအပ်ပေ။ ဘာမှမလုပ်ပါက ဘာတာဝန်ကိုမှ ယူရန်လိုအပ်မည်မဟုတ်။

ဒီအတိုင်း မြို့တံခါးလေး ဖွင့်ပေးရုံပြဿနာမျှသာ။ သို့သော်လည်း ယူဂျင်းကတော့ အလေးအနက် စဉ်းစား၏။ စိတ်ရှုပ်စရာများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်မဟုတ်။

ယင်းမှာ ယူဂျင်းအနေဖြင့် 'မိဖုရား' ဟူသော မိမိ၏ အနေအထားကို သတိပြုမိပါလျက်နှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုရမည့်ကိစ္စပင်။ စာနာသနားစိတ်ဖြင့် မာရီအန်းအား အခြွေအရံမိန်းကလေးများအတွက် လျော်ကြေးကိစ္စကို တောင်းဆိုခဲ့စဉ်ကနှင့်မတူပေ။

"အထိန်းတော်ချုပ်။"

"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"

"အမိန့်အတိုင်းလုပ်မယ်။ ကျွန်မကပဲ တာဝန်ယူတာပေါ့။"

"အမိန့်တော်အတိုင်းပါ၊ အရှင်မိဖုရား။"

ဆာရာက ကိုယ်ကိုကိုင်းညွှတ်ကာ အရိုအသေပေးခဲ့သည်။

ဘုရင်မင်းမြတ်မရှိသည့် ကာလအတွင်း မိဖုရားက ဘုရင့်နေရာကို ကိုယ်စားဝင်ရပေသည်။ သို့သော်လည်း ဒီကာလတစ်လျှောက်လုံး မိဖုရားက မည်သည့်အရာကိုမျှ မလုပ်ခဲ့။

မိဖုရားမရှိသည့် အခြေအနေဖြစ်ပါက အထိန်းတော်ချုပ်က ကြိုတင်ပြီး အခွင့်အာဏာကို တောင်းခံထားခွင့်ရှိ၏။ သို့သော်လည်း ပေါ်ပေါ်ထင်ထင်ရှိနေသော မိဖုရား၏ အခွင့်အာဏာကို ကျော်လွန်ပြီး ဆောင်ရွက်၍မဖြစ်ပေ။

မိဖုရား၏ ဖြစ်တည်မှုက မရှိသည်ထက် ပို၍ဆိုးဝါးသည့် အခြေအနေပင်။ အထိန်းတော်ချုပ်အနေဖြင့် လုပ်ဆောင်နိုင်သည့် အရာများတွင် အကန့်အသတ်က ကျိန်းသေပေါက်ရှိပေသည်။

ယခုတော့ တစ်ယောက်တည်း ရုန်းကန်ရသည့် အခြေအနေကို ကြုံတွေ့ရတော့မည် မဟုတ်ဟု ခံစားလိုက်ရ၏။

ဆာရာတစ်ယောက် နောက်ဆုံးတွင် မှန်ကန်သော စည်းမျဉ်းစည်းကမ်းများ စတင်လာတော့မည်ဟု ခန့်မှန်းလိုက်သည်။

အခြွေအရံမိန်းကလေး ရဲတိုက်မှ ထွက်ခွာသွား၏။ အခိုင်အမာ ပိတ်ထားရမည်ဖြစ်သည့် မြို့တံခါး ပွင့်သွားသည်ကို တွေ့သောအခါ အတွင်းရဲတိုက်ပတ်ပတ်လည်တွင် ကင်းလှည့်နေကြသော စစ်သည်တော်များက အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပေါ်လာသည်ဟု ကောက်ချက်ချကြလေသည်။ ထိုသတင်းက နန်းရင်းဝန် ဘယ်ရုစ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားတော့၏။

~~~~~

"အတွင်းရဲတိုက်ကနေ လူတစ်ယောက် ထွက်လာတယ်တဲ့လား။ ဘာဖြစ်တာလဲ ချက်ချင်း စုံစမ်းလိုက်။"

"ဟုတ်ကဲ့ပါ၊ အရှင်။"

ဘုရင်မင်းမြတ် စစ်သည်တော်များကို ဦးဆောင်ကာ လာ့ခ်နှင့် တိုက်ခိုက်နေစဉ် တိုင်းပြည်ရေးရာများ စီမံခန့်ခွဲခြင်းနှင့် အထွတ်အမြတ်မြို့တော်ကို ကာကွယ်ခြင်းက ဘယ်ရုစ်၏ တာဝန်အောက်တွင်ရှိသည်။ ဘယ်ရုစ်၏ အိမ်တော်က ယာယီအုပ်ချုပ်ရေးရုံးခန်း ဖြစ်လာ​သဖြင့် အင်အားကြီးမားသော အခွင့်အာဏာများ နန်းရင်းဝန်ထံတွင် စုဝေးလာတော့၏။

ဟာရှီတွင်သာရှိသော ထူးခြားသည့် အခြေအနေမဟုတ်ဘဲ ကျန်တိုင်းပြည်အားလုံးတွင်လည်း ဒုတိယပုဂ္ဂိုလ်က ဘုရင်ကို ကူညီထောက်ပံ့ကာ တိုင်းပြည်ကို ဦးဆောင်ကြလေသည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment