no

Font
Theme

အပိုင်း ၃၂

-မဟာရဲ့ ထွန်း​တောက်တဲ့ အလင်းရောင်ကလည်း အရှင်ဘုရားရဲ့အပါးမှာ အမြဲတစေရှိနေမှာပါ။

နောက်ဆုံးတွင် ပုံမှန်နှုတ်ဆက်စကားဖြင့် အဆုံးသတ်လိုက်သည်။

ခါဆယ်ရ်က အပါးတော်မြဲ အကြီးအမှူးကိုခေါ်ကာ စာကိုပေးလိုက်၏။

"ဆန်းဂျယ်ဆီ ပို့မဲ့စာပဲ။ ဆက်ဆက် အထောက်တော်ကနေတစ်ဆင့် ပို့လိုက်။"

"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"

သာမန်စာပို့မြင်းရထားဖြင့် ပို့မည်ဆိုလျှင် အများဆုံး ဆယ်ရက်အတွင်း ရောက်ရှိမည် ဖြစ်သော်လည်း၊ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် လူကိုယ်တိုင် သွားရောက်မည်ဆိုပါက တစ်လခန့် ကြာမြင့်နိုင်ပေသည်။

ခါဆယ်ရ်ကား ဆန်းဂျယ်၏ စိတ်ဝင်စားမှုကို မလိုလားပေ။ မလိုအပ်သော စကားများကို ပြောမိပါက ဒုက္ခပေးလာနိုင်သည်။ မိဖုရား၏ ကျန်းမာရေးအခြေအနေကို ထပ်မံ စုံစမ်းမေးမြန်းခြင်း သို့မဟုတ် အဆိုးဆုံးက အထွတ်အမြတ်မြို့တော်သို့လာရန် ဖိတ်စာပေးပို့လာခြင်းပင်။

'ဒီလိုလုပ်လည်း ပြဿနာ၊ ဟိုလိုလုပ်လည်း ပြဿနာပဲ။'

မိဖုရား မှတ်ဉာဏ်ပြန်ရကာ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမည်ကို စိုးရိမ်ပူပန်မိသော်လည်း၊ မိဖုရား၏အခြေအနေ ဤအတိုင်း ဆက်ရှိနေခြင်းကလည်း ဖြေရှင်းနည်း မဟုတ်ပြန်ပေ။

မိဖုရားက အာနီခါတစ်ဦးအနေဖြင့် သူ့ကိုယ်သူနှင့် ပတ်သက်သည့် အချက်အလက်များကိုပင် မေ့နေလေသည်။ ယင်းကား ဘယ်သူမဆို ပြောပြပေးနိုင်သည့် အချက်အလက်များမဟုတ်သဖြင့် ဆန်းဂျယ်နှင့် တွေ့ဆုံခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိ။

'မိဖုရားက အထွတ်အမြတ်မြို့တော်ကို သွားမယ်ဆိုရင်...'

ရုန်းကန်လှုပ်ရှားရသည့်ရာသီအတွင်းတွင်တော့ အန္တရာယ်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် တားဆီးနိုင်သေးသည်။ သို့သော် ခြောက်သွေ့ရာသီ စတင်လာပြီးသည့်နောက်တွင် မည်သို့သော အကြောင်းပြချက်ဖြင့် မိဖုရားကို ဆွဲထားရမည်နည်း။

မိဖုရားက စာချုပ်ကိုလိုက်နာရန် ရည်ရွယ်ချက်မရှိဟူသော သံသယမှာ လက်တွေ့ဖြစ်နိုင်ခြေနီးပါးသေချာနေ၏။ ယခုအချိန်တွင် ကောင်းကောင်းပူးပေါင်းဆောင်ရွက်နေသောကြောင့် တူးဆွဖော်ထုတ်ခြင်း မလုပ်ဘဲနေနေခြင်းသာ။ မှတ်ဉာဏ်မရှိသူတစ်ဦးအား သူလုပ်ခဲ့သည့် လုပ်ရပ်များအကြောင်း စစ်ဆေးမေးမြန်းခြင်းမှာလည်း အချည်းနှီးပင်။

အထွတ်အမြတ်မြို့တော်သို့ ရောက်ရှိပြီးနောက် မှတ်ဉာဏ်ပြန်လည်ရရှိသွားပါက မိဖုရား စာချုပ်ကို လွှင့်ပစ်မည်မှာ သေချာပေသည်။ ဟာရှီတိုင်းပြည်သို့ လုံးဝ ပြန်လာမည်မဟုတ်ပေ။

ခင်ပွန်းဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့်လည်း အထွတ်အမြတ်မြို့တော်တွင်ရှိနေသည့် အာနီခါကို အတင်းအကျပ် ခေါ်ဆောင်ရန် မဖြစ်နိုင်။ ဆန်းဂျယ်က အာနီခါများကို အကြွင်းမဲ့ အကာအကွယ်ပေးသူပင်။ မည်သည့်အခြေအနေတွင်မဆို အာနီခါဘက်မှ ရပ်တည်ပေးမည့်သူဖြစ်၏။

ကွာရှင်းရန် လုပ်ထုံးလုပ်နည်းများက မလွယ်ကူသလို၊ ကွာရှင်းပြီးနောက်တွင်လည်း ထီးနန်းဆက်ခံသူ မွေးဖွားပေးမည့် အာနီခါကို ထပ်မံရှာဖွေရဦးပေမည်။ ထိုလုပ်ငန်းစဉ်ကို စိတ်ကူးကြည့်ရုံဖြင့်ပင် စိတ်ကုန်လာပေပြီ။

'မိဖုရားက အာနီခါဆိုတဲ့အမှန်တရားအကြောင်း မသိတဲ့သူ တစ်ယောက်မှ မရှိတာကို။'

ထိုမျှနှင့်တင် မလုံလောက်ပေဘူးလား။ မိဖုရား ရာမီတာကို ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ ဘာမှမဆိုင်ပေ။ မိဖုရားက သူ့ကိုယ်သူ ဘယ်သူမှန်း သိချင်သည့်စိတ်ကို နားမလည်သည်ကား မဟုတ်...။

လွန်ခဲ့သောတစ်ရက်က မိဖုရား ပြောခဲ့သည့် စကားကို သတိရပြီး ရယ်ချင်စိတ်ပေါက်လာ၏။

'ဘယ်လိုလုပ် အဲ့ဒီလို ထူးထူးဆန်းဆန်းတွေ စဥ်းစားနိုင်ရတာပါလိမ့်။'

မျိုးစေ့ကို အရင်ကြည့်မယ်တဲ့လား။

'အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူးဆိုတာ ထပ်ပြီးအတည်ပြုခိုင်းရမှာပဲ။'

ဘုရင်မင်းမြတ် စဥ်းစားခန်းဝင်နေရင်း မျက်နှာထား တည်တင်းနေသည်ကို အကဲခတ်မိသည့် တပ်မှူးက အသာလေး ချဥ်းကပ်လာသည်။

"အရှင်မင်းကြီး။ ဘယ်ရွန် ဝေးဇ်က အခစားဝင်ခွင့် တောင်းနေပါတယ်။"

"ဝင်လာခဲ့။"

ခဏအကြာတွင် မာရီအန်း ဝင်လာကာ ဂါရဝပြုခဲ့သည်။ မာရီအန်းကား တော်ဝင်မိသားစု၏ အထိန်းတော်အဖြစ် ခန့်အပ်ခြင်းခံရကာ အမှုထမ်းခဲ့သူပင်။ ထို့ကြောင့် ဂုဏ်ထူးဆောင် ဘယ်ရွန်ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။

သူက နဂို မြင့်မြတ်သည့်မျိုးရိုးမှ ဆင်းသက်လာသူမဟုတ်ပေ။ အထိန်းတော်ချုပ်အဖြစ် နန်းတော်တွင် နေထိုင်ခဲ့စဉ်ကလည်း ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ပြီး အထိန်းတော်ချုပ်နေရာမှ နုတ်ထွက်ချိန်တွင် ဘွဲ့ကိုပြန်အပ်ခဲ့ခြင်းဖြစ်သည်။

ခါဆယ်ရ်က ဂုဏ်ထူးဆောင်ဘွဲ့ ဆက်လက်ချီးမြှင့်ရန် ကြိုးစားခဲ့သော်လည်း မာရီအန်းက အကြိမ်ကြိမ် ငြင်းဆိုခဲ့သည့်အတွက် အချိန်အတန်ကြာအောင် 'အထိန်းတော်ချုပ်ဟောင်း' ဟုသာ ခေါ်ခဲ့ကြခြင်းပင်။

"အရှင်မင်းကြီး။ မိဖုရားက နေဝင်ရင် နန်းတော်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အရင်က အရှင်မင်းကြီးနဲ့ ပြောထားဖူးတယ်လို့လည်း သိရပါတယ်။"

"ဟုတ်တယ်၊ ပြောဖူးတယ်။ ဘယ်ကို သွားမှာတဲ့လဲ။"

"တသီးတသန့် သတ်မှတ်ထားတဲ့ နေရာတော့ မရှိပါဘူး။ မိဖုရားက လျှို့ဝှက်သိုသိပ်မှုကို လိုလားပါတယ်တဲ့။ လူမသိသူမသိ ထွက်ခွာမယ့်ပုံပါပဲ။ အဲ့ဒါကြောင့် မိဖုရားအတွက် ကိုယ်ရံတော် အစောင့်အရှောက်တွေကို ဘယ်လိုစီစဥ်ရမလဲ မေးချင်လို့ပါ။"

"လူမသိသူမသိ သွားမဲ့ခရီးဆိုရင်တော့ အစောင့်အရှောက် အများကြီးထည့်ပေးလို့ ဘယ်ဖြစ်မလဲ။"

နှုတ်လုံပြီး သိုသိပ်ကာ စောင့်ကြပ်ကာကွယ်ပေးသည့်နေရာတွင် သင့်တော်ပြီးထူးချွန်သည့် စစ်သည် ဘယ်သူရှိမလဲ။ ခါဆယ်ရ်တစ်ယောက် ခေါင်းထဲတွင် သူ့ကိုယ်သူ သတိရလိုက်မိသည်။

"ဒါပေမဲ့ ကျွန်မကလည်း မိဖုရားရဲ့သဘောထားကို တိတိကျကျမသိပြန်ပါဘူး။"

မာရီအန်း၏ စကားက ရှေ့နောက်မညီပေ။ ခါဆယ်ရ် အံ့သြစွာ ကြည့်လိုက်တော့ မာရီအန်းက မသိချင်ယောင်ဆောင်ကာ ရယ်ပြခဲ့သည်။

"ကြည့်ရတာ မိဖုရားက မကြာခဏ အပြင်မှာ လေကောင်းလေသန့်ရှူဖို့ ထွက်မဲ့ပုံပါပဲ။ အကြိမ်တိုင်း ကိုယ်ရံတော်စီစဥ်နေရရင် အလုပ်ရှုပ်မယ် မဟုတ်ပါလား။"

"ဒါဆို ဘာလဲ။"

"မိဖုရားကို စောင့်ကြပ်ကာကွယ်ဖို့အတွက် သီးသန့်တာဝန်ယူမဲ့ စစ်သည်တော်တစ်ယောက်ကို ရွေးချယ်တာ ပိုကောင်းပါလိမ့်မယ်။ ဘေးမှာ အချိန်ကြာကြာထားပြီး အသုံးပြုမဲ့သူဆိုရင် မိဖုရားရဲ့ စိတ်နဲ့လည်း ပနံသင့်တဲ့သူ ဖြစ်သင့်ပါတယ်။"

"မိဖုရားကရော ကိုယ်ရံတော်အဖြစ် ခန့်အပ်ချင်တဲ့သူ ရှိတယ်တဲ့လား။"

"အဲ့ဒီလို စကားမျိုးတော့ မပြောဖူးပါဘူး။ မိဖုရားနဲ့ အတူတူ ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ဖို့ အကြံပေးချင်ပါတယ်။ ဒီနေ့ မွန်းတည့်ဆိုရင်ရော ဘယ်လိုသဘောရပါသလဲ။"

မာရီအန်း၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည့် ခါဆယ်ရ်က အက်ရှရှရယ်ခဲ့သည်။

"မိဖုရားနဲ့ နေ့လယ်စာ စားစေချင်တယ်ဆိုတဲ့ စကားကို တော်တော်လေး ဝေ့လည်ကြောင်ပတ်တွေပြောနေတာပဲ။"

"မဟုတ်ရပါဘူး အရှင်မင်းကြီး။ ကျွန်မက ဒီအတိုင်း..."

"နေ့လယ်စာကို မိဖုရားနဲ့ အတူတူ သုံးဆောင်တာပေါ့။ အစေခံတစ်ယောက် စေလွှတ်လိုက်မယ်။"

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ မိဖုရားက ကျွန်မကို စေလွှတ်လိုက်တာ မဟုတ်ပါဘူး။"

"အဲ့ဒီလိုလည်း အထင်မလွဲဘူး။"

မိဖုရားက ထိုသို့သောလူမျိုး မဟုတ်။ သူက လျှို့ဝှက်စွာ တခြားလူကိုအသုံးချပြီး ကိုယ့်အတွေးကို ပြောခိုင်းခြင်းထက် ကိစ္စရှိလျှင် ကိုယ်တိုင် တိုက်ရိုက်လာပြောခြင်းနှင့် ပိုလိုက်ဖက်သူပင်။

'လိုက်ဖက်တယ်တဲ့လား...'

ခါဆယ်ရ်က မိဖုရားအား ဘယ်လိုလူစားမျိုးဖြစ်သည်ဟူ၍ သူကိုယ်တိုင် သတ်မှတ်နေမိခြင်းအပေါ် အံ့အားသင့်သွားတော့သည်။ လွန်ခဲ့သော သုံးနှစ်တာ ကာလကို အတူတူ ဖြတ်သန်းခဲ့သည့် မိဖုရားက ထည့်သွင်းစဥ်းစားစရာပင်မဟုတ်ခဲ့။ သူတွေးနေသည့်သူမှာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီးသည့်နောက်ပိုင်းက မိဖုရားပင်။

နှစ်ယောက်က တကယ်တမ်းတော့ တစ်ယောက်တည်းသာဖြစ်သည်။ သို့သော် မသိစိတ်က သူတို့နှစ်ယောက်ကို အမြဲတမ်း သီးသန့်ခွဲပြီး စဥ်းစားနေမိ၏။ ဘယ်တုန်းကတည်းက စခဲ့တာဖြစ်မလဲ။ မိဖုရားက မှတ်ဉာဏ်ပျောက်သွားသလို ဟန်ဆောင်နေတာလားဟူ၍ သံသယများ ခဏခဏ ဖြစ်ပေါ်လာဖူး၏။

မာရီအန်း ပြန်သွားပြီးနောက် ခါဆယ်ရ်လည်း ရုံးခန်းမှထွက်ကာ ဘဏ္ဍာတိုက်ဆီသို့ ဦးတည်လိုက်သည်။ နိုင်ငံ့ရတနာ ပျောက်ဆုံးနေသည်ကို သိရှိရပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခြင်းပင်။

သူ၏ ညွှန်ကြားချက်အတိုင်း ဘဏ္ဍာတိုက်ပတ်ဝန်းကျင်ကို အစောင့်တပ်သားများက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထား၏။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့အပြင် စစ်ဆေးရေးအရာရှိ နှစ်ဦးစီတွဲကာ အချိန်တိုအတွင်း မည်သည့်ဟာကွက်မှမရှိစေရန် စီမံထားခြင်းပင်။

ဘုရင်မင်းမြတ်ရောက်လာသည်နှင့် စစ်ဆေးရေးအရာရှိက ချက်ချင်းပြေးလာကာ ကိုယ်ကိုကိုင်းညွှတ်၍ အရိုအသေပြုလေသည်။

"တစ်ယောက်ယောက် လာတာမျိုးရှိလား။"

"မရှိပါဘူး အရှင်မင်းကြီး။"

"ဒီအတောအတွင်း ဘယ်သူမှ ဝင်မလာဘူးမဟုတ်လား။"

"မလာပါဘူး၊ အရှင်မင်းကြီး။ အမိန့်တော်အတိုင်း စစ်ဆေးမှုကိုလည်း မပြုလုပ်ရသေးပါဘူး။"

"တံခါးဖွင့်။"

စစ်ဆေးရေးမှူးက တင်းတင်းကျပ်ကျပ် ချိတ်ပိတ်ထားသော တံခါးသော့ကို ဖွင့်လိုက်သည်။ တင်းကျပ်စွာ ပိတ်ထားသော ဘဏ္ဍာတိုက်၏ ကျောက်တံခါးကြီး ပွင့်သွားကာ တစ်မျှော်တစ်ခေါ် ရှည်လျားလှသည့် အတွင်းခန်းမ ပေါ်လာ၏။

ခါဆယ်ရ်က တစ်ယောက်တည်း ဝင်သွားလိုက်သည်။ ဘဏ္ဍာတိုက်ထဲတွင် ရှည်လျားသော ခန်းမဆောင်ကို ဖြတ်၍ ဘယ်နှင့် ညာတွင်ရှိသော အခန်းများစွာသို့ ဝင်ပေါက်များစွာရှိ၏။ အရွယ်အစားအမျိုးမျိုးရှိသော အခန်းများတွင် အမျိုးအစားအလိုက် ခွဲခြားထားသော ရတနာများကို ထိန်းသိမ်းထားသည်။

သူက ဆက်လျှောက်ကာ ခန်းမ၏ အဆုံးတွင်ရှိသော အခန်းထဲသို့ ဝင်သွားလိုက်၏။ ယင်းကား နိုင်ငံ့ရတနာများကိုများ ထိန်းသိမ်းရာအခန်းပင်။ အဖိုးမဖြတ်နိုင်သော ရှားပါးပစ္စည်းများကို စုဆောင်းထားသည့် နေရာဖြစ်ပေသည်။

ဘုရင့်တိုင်းပြည်ကို စတင်တည်ထောင်ခဲ့သူ၏ နေ့စဉ်မှတ်တမ်း၊ ယခုအခါ အသုံးမပြုတော့သော ရှေးဟောင်း နိုင်ငံတော်စည်းတံဆိပ်၊ ပထမဆုံး ထုတ်ဝေခဲ့သည့် အမှတ်တရ ဒင်္ဂါးပြားများ အစရှိသဖြင့် အဖိုးတန်သော သမိုင်းဝင်ရတနာများ အများစုရှိနေသည်။

နေချင်းညချင်း ချမ်းသာကြွယ်ဝလိုသော သူခိုးသာဆိုလျှင် ဤအခန်းအတွင်းရှိ ရတနာများကို မထိဘဲနေခြင်းက ပိုကောင်းပေမည်။ ခိုးယူခဲ့လျှင်ပင် ငွေသားအဖြစ် ပြောင်းလဲရန် မဖြစ်နိုင်ပေ။

ကျောက်တုံးကိုထွင်းထုကာ လူတစ်ယောက်၏ လက်နှစ်ဖက်ကို စုစည်းထားသည့် ပုံသဏ္ဌာန်မျိုး ပြုလုပ်ထားသော စင်အရှေ့၌ ခါဆယ်ရ်က ခြေလှမ်းကို ရပ်လိုက်သည်။

ပန်းပုဆရာ၏ လက်ရာကား ရင်သပ်ရှုမောရလောက်အောင် တကယ် လူ၏လက်အစစ်အတိုင်းပင်။

ဤပန်းပုက နိုင်ငံ့ရတနာမဟုတ်။ စုစည်းထားသော လက်နှစ်ဖက်ထဲတွင် ရှိနေသင့်သည့် နိုင်ငံ့ရတနာက ပျောက်ဆုံးနေသည်။

အရွယ်အစားမှာ ကြက်ဥခန့်ရှိပြီး ပုံစံကလည်း ဆင်တူ၏။ ကြည့်လိုက်လျှင် အနက်ရောင်ဟု ထင်ရသော်လည်း၊ နိုင်ငံ့ရတနာနှင့် ပတ်သက်သည့် ရာဇဝင်များအရ ခဲနေသလိုသွေးများ နှစ်ပေါင်းများစွာကြာ၍ အရောင်ပြောင်းသွားခြင်းဖြစ်သည်ဟုဆိုကြသည်။

'မိဖုရားက တကယ်ပဲ ဘာဖြစ်လို့ အဲ့ဒါကို...'

ထိုအရာ၏ သရုပ်မှန်မှာ မျိုးစေ့ဖြစ်သည်။ သို့သော် ဗလာဖြစ်နေသော မျိုးစေ့။ သွေးများ စွန်းထင်းသွားသော်လည်း မကွဲအက်သွားသည့်သဘောပင်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက၊ မှတ်တမ်းများပင် ကောင်းစွာမကျန်တော့သော ဝေးလံသည့် အတိတ်ကာလတွင် လာ့ခ်က ဘုရင့်တိုင်းပြည်ကို ကျူးကျော်ခဲ့ဖူးသည်။ လာ့ခ်၏ အရွယ်အစားမှာ ဘုရင့်နန်းတော်နှင့်ပင် ယှဉ်နိုင်လောက်သည်အထိ ကြီးမားသည်ဟုဆိုကြရာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ပျောက်ဆုံးသွားသော နိုင်ငံ့ရတနာကား ဘိုးဘေးဘီဘင်တို့ လာ့ခ်ကို နှိမ်နင်းပြီးနောက် ရရှိခဲ့သော အောင်ပွဲအထိမ်းအမှတ်လက်ဆောင်ပင်။

မျိုးစေ့ဟု ပြောကြသော်လည်း တကယ်တမ်း မျိုးစေ့ဟုတ်မဟုတ်မှာ မသင်္ကာစရာဖြစ်၏။ စုဆောင်းရရှိသော မျိုးစေ့များ၏ အရွယ်အစားမှာ အလွန်ဆုံးရှိမှ  လက်တစ်ဆစ်ခန့်ပင် မကျော်လွန်ပေ။ ထိုမတိုင်မီက တကယ့် မျိုးစေ့ဆိုလျှင် ထူးဆန်းသော အရွယ်အစားပင်။

'နိုင်ငံ့ရတနာ အခိုးခံရတယ်ဆိုတဲ့ အချက်ကို ဒီအတိုင်း ဖုံးကွယ်ထားလို့ ဖြစ်ပါ့မလား။'

မည်သည့်ရည်ရွယ်ချက်အတွက် ယူသွားမှန်း ခန့်မှန်းမရသောကြောင့် စဥ်းစားလေလေ စိတ်မသက်မသာ ဖြစ်ရလေလေပင်။ တန်ဖိုးကြီးသော ကျောက်မျက်ရတနာများကို ယူသွားခဲ့သည်ဆိုပါက နှမြောတသခြင်းမရှိဘဲ မေ့ပစ်လိုက်မည်သာ။

ခါဆယ်ရ်က ပျောက်ဆုံးသွားသောနိုင်ငံ့ရတနာ၏ ဗလာကျင်းနေသောနေရာကို အချိန်အတန်ကြာ ကြည့်နေခဲ့ပြီးသည့်နောက် လှည့်ထွက်လာခဲ့သည်။

သူက ဘဏ္ဍာတိုက်မှ ထွက်လာကာ မိဖုရားကို အလွတ်မပေးစေရေးအတွက် သေချာစွာ သတိပေးခဲ့၏။ တင်းကျပ်စွာ ပိတ်ထားသော ကျောက်တံခါးပေါ်တွင် စစ်ဆေးရေးအရာရှိက သံကြိုးချိတ်ပြီး သော့ခတ်လိုက်သည်။ ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်မရှိဘဲ ဘဏ္ဍာတိုက်ကို လုံးဝဖွင့်တော့မည် မဟုတ်ပေ။

~~~~~

ဘုရင်မင်းမြတ်နှင့် မိဖုရားတို့၏ နေ့လယ်စာ စားတော်ပွဲကို ဧည့်ခန်းဆောင်တွင် ပြင်ဆင်တည်ခင်းထားသည်။ ယခင်တစ်ကြိမ်က နေရာနှင့်အတူတူပင်။ နေ့လယ်စာ သုံးဆောင်ပြီးနောက် ယူဂျင်းက ပြောခဲ့သည်။

"အရှင်မင်းကြီး။ ပြောစရာ ရှိပါတယ်။"

ခါဆယ်ရ်က လူအားလုံးကို ပြန်လွှတ်လိုက်သည်။ နန်းတွင်းအမှုထမ်းများနှင့် ရံရွေတော်များက ပေါ့ပါးသော မျက်နှာများဖြင့် ပြန်ထွက်သွားကြ၏။

ယခုမူ နန်းတွင်းအမှုထမ်းများလည်း ဘုရင်နှင့် မိဖုရား နှစ်ယောက်တည်း ကျန်ရှိနေသည့် အခြေအနေတွင်ပင် တင်းမာမှု မရှိတော့ချေ။

အထက်က အရှင်သခင်တို့၏ ဆက်ဆံရေးက ယခင်နှင့် ကွာခြားသွားပြီဖြစ်ကြောင်းကို လူတိုင်း ခံစားမိနေကြပေပြီ။

"အမြဲတမ်း နေ့လယ်စာက ဒီနေရာမှာပဲနော်။"

ယူဂျင်းက ဧည့်ခန်းဆောင်အတွင်းပိုင်းကို လှည့်ပတ်ကြည့်လိုက်သည်။ ဘုရင်မင်းမြတ်၏ နေ့လယ်စာသုံးဆောင်ရန် ဖိတ်ကြားမှုကို လက်ခံရတိုင်း စားသောက်ပွဲခန်းမသို့မဟုတ်ဘဲ ဤနေရာသို့ လာရလေ့ရှိ၏။

"စားသောက်ပွဲခန်းမက စကားပြောဖို့ သင့်တော်တဲ့ နေရာ မဟုတ်လို့။"

ယူဂျင်းလည်း ကျယ်ဝန်းပြီး မျက်နှာကြက်အမြင့်ကြီးရှိသော စားသောက်ပွဲခန်းမကို တွေးမိရင်း ခေါင်းညိတ်လိုက်သည်။ ထိုနေရာတွင် စကားပြောပါက အသံများ ပဲ့တင်ဟိန်းထွက်နေလိမ့်မည်။ အလွန်ကျယ်ဝန်းသဖြင့် တည်ငြိမ်မှုလည်း ရှိမည်မဟုတ်ပေ။

"နေဝင်ရင် ရဲတိုက်တံတိုင်းအပြင်ဘက်ကိုသွားဖို့ စိတ်ကူးထားတယ်ဆို။"

"ဟုတ်ပါတယ်။ ကိုယ်ရံတော်အဖြစ် ဘယ်သူ့ကို ခေါ်သွားရမလဲဆိုတာ အရှင်မင်းကြီးနဲ့ တိုင်ပင်ချင်လို့ပါ။ ဒါပေမဲ့ အဲ့ဒါမတိုင်ခင် အရင်တစ်ခါ အရှင်မင်းကြီးဆီက ကြားခဲ့ရတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးစရာ ရှိပါတယ်။"

"ဘာကိစ္စများလဲ။"

"ရာမီတာ..."

ခါဆယ်ရ်က မျက်ခုံးကို အနည်းငယ် ကျုံ့လိုက်သည်။ ယူဂျင်းက သူ့မျက်နှာအမူအရာကို အကဲခတ်လိုက်၏။ ယနေ့ ခါဆယ်ရ်တစ်ယောက် သိပ်ပြီးစိတ်ကောင်းဝင်နေပုံ မပေါ်။ ခြုံငုံကြည့်လိုက်လျှင် တော်တော်လေး စိတ်မှိုင်လက်မှိုင်ဖြစ်နေသည့်ပုံပင်။

"ရာမီတာ အဆင့်ကို ရေရဲ့ အတိမ်အနက်၊ အကျယ်အဝန်းအတိုင်းအဆနဲ့ ဆုံးဖြတ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဒါဆို ရေကန်နဲ့ ရေတွင်းမှာဆိုရင် ဘယ်ဟာက အဆင့်ပိုမြင့်လဲရှင့်။"

ခါဆယ်ရ်က ခပ်တိုးတိုး ရယ်လိုက်သည်။

"ငါ မင်းကို ပြောခဲ့တဲ့စကားက လက်လွတ်စပယ် ပြောလို့ရတဲ့ စကားမျိုး မဟုတ်ဘူး။ စကားကို ဆင်ခြင်မပြောရင် ဒုက္ခအကြီးကြီးတွေ့လိမ့်မယ်။ မင်းကတော့ ကိစ္စမရှိပေမဲ့ပေါ့။"

"ရှင်။"

"မြင့်တယ်၊ နိမ့်တယ်ဆိုတာမျိုး မရှိဘူး။ အာနီခါဆိုတာ အဆင့်သတ်မှတ်စရာ မဟုတ်ဘူးလို့။"

မှတ်ဉာဏ်မပျောက်ဆုံးမီက မိဖုရားသာဆိုလျှင် သူ့အရှေ့တွင် အာနီခါအကြောင်း ထင်ရာမြင်ရာ ပြောဆိုသူကို လုံးဝ သည်းခံမည် မဟုတ်ပေ။ အာနီခါများက နဂို မောက်မာပလွှားကြသူများဖြစ်သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားလျှင်တောင် မိဖုရားကတော့ တရားလွန်သူပင်။

သို့သော် ယခုတော့ သူကိုယ်တိုင်က ထိုသို့သော စကားမျိုးကို ပြောနေသည်။ နောင်တစ်ချိန် မိဖုရား မှတ်ဉာဏ်ပြန်ရလာသည့်အခါ ကိုယ်ပြောခဲ့သော စကားများနှင့် လုပ်ခဲ့သော အပြုအမူများကို ပြန်သတိရပြီး ဘာတွေတွေးလောက်မလဲ။

ဤသည်ကိုကြည့်လျှင် မိဖုရားက မှတ်ဉာဏ်ပျောက်ဆုံးသလို ဟန်ဆောင်နေသည်ဟု သံသယမဖြစ်မိတော့ပေ။ သူက မှတ်ဉာဏ်မပျောက်ဆုံးမီ မိဖုရား၏ ဆတ်ဆတ်ထိမခံသောအပိုင်းကို မသိမသာ သွားတို့နေသလိုပင်။

ဘဏ္ဍာတိုက်မှ ပြန်လာပြီးနောက် စိတ်ထဲတွင် ရှုပ်ထွေးနေသော ခါဆယ်ရ်လည်း စိတ်အနည်းငယ် ပြေလျော့သွားတော့သည်။

'အာနီခါက ဘာများ ထူးခြားနေလို့လဲ။'

ယူဂျင်းက စိတ်ထဲမှ ခနဲ့လိုက်သည်။ သူလည်း ယခု အာနီခါတစ်ဦးအဖြစ် ဤကမ္ဘာတွင် နေထိုင်ရတော့မည် ဖြစ်သော်လည်း၊ သူတို့၏ ဘုရားသခင် အရွေးချယ်ခံဖြစ်သည်ဟူသော အတွေးအခေါ်ကို မြင်ရသည်မှာ မသတီစရာပင်။

'ဂျင်' ရန်သူဖြစ်သွားရခြင်း၏ အကြောင်းရင်းအတွက် ကြီးကျယ်ခမ်းနားသော အကြောင်းပြချက် မရှိနိုင်ပေ။ မာနကြီးဂုဏ်မောက်လွန်းသဖြင့် သူသာလျှင်အကောင်းဆုံးဖြစ်ရမည်ဟူသော အတ္တကို မခံနိုင်ဘဲ ကောက်ကျစ်သွားခြင်းများ မဖြစ်နိုင်လောက်ဘူးလား။

"တခြားနေရာတွေမှာ ပြောပါ့မယ်။ ကျွန်မမေးခွန်းအတွက် အဖြေကရော။"

"ရေကန်နဲ့ ရေတွင်းဆိုရင်တော့ ရေတွင်းပဲ။"

"ဘာဖြစ်လို့လဲရှင့်။"

"ပိုနက်လို့။"

"အကျယ်ထက် အနက်က ပိုအရေးကြီးတယ်ဆိုတဲ့ သဘောပေါ့နော်။"

"ပုံမှန်အားဖြင့်တော့ ကျယ်လေ ပိုနက်လေပဲ။"

သို့သော် အမြဲတမ်းတော့ ထိုကဲ့သို့မဟုတ်ပေ။ ယူဂျင်းတစ်ယောက် မနေ့ညက မြင်ခဲ့ရသော မြင်ကွင်းကို သတိရလိုက်သည်။ ရေမျက်နှာပြင်က သူ့ခြေမျက်စိလောက်အထိ တက်လာကာ ဘောင်ဘင်ခတ်နေ၏။ အဆုံးမရှိသော ရေပြင်က ကျယ်ပြန့်လှသော်လည်း အနက်ကတော့ တိမ်တိမ်လေးသာ။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment