no

Font
Theme

အပိုင်း ၄

မိဖုရားက သူ၏ နှစ်လိုဖွယ်ရှိမှုကို အင်မတန် ကျင်လည်စွာ အသုံးချတတ်သည့် မိန်းမပင်။ အထွတ်အမြတ်မြို့တော် (Holy City) တွင် မိဖုရားကို ပထမဆုံးတွေ့ရသည့်နေ့က အရွယ်ရောက်ခြင်း မွေးနေ့ရှင် မိဖုရားသည် ယောက်ျားသားများ ဝိုင်းဝိုင်းလည်နေသည့်ကြားတွင် အရိုင်းဆန်ဆန် ရယ်မောလျက်ရှိနေခဲ့သည်။

ခါဆယ်ရ့်တွင် ပိုးပန်းနေကြသူများအုပ်စုထဲသို့ ဝင်ပါရန် စိတ်ကူးမရှိပေ။ တစ်ချက်အကြည့်မှာတင် ထိုမိန်းမက ကန္တာရထဲတွင် လိုက်လျောညီထွေ နေသားကျနိုင်မည်မဟုတ်သည့်ပုံပင်။ 'အခွင့်အရေးမရှိတဲ့ကိစ္စတစ်ခုကို မျှော်လင့်ချက်တွေထားပြီး အပင်ပန်းမခံဘဲ နေရအောင်' ဟူ၍ တွေးခဲ့သည်။ သို့ရာတွင် မိဖုရားက ခါဆယ်ရ့်ကို အရင်ချဉ်းကပ်ခဲ့ပြီး ထူးဆန်းသည့် ကမ်းလှမ်းချက်ကို လုပ်ခဲ့သည်။

[သုံးနှစ်ဆို ရပါပြီ။ သုံးနှစ်ပဲ ထုံးတမ်းအစဉ်အလာနဲ့အညီ တရားဝင် အိမ်ထောင်ရေးမှာ နေပေးမယ်ဆိုရင် သုံးနှစ်ပြီးသွားတဲ့အခါ ဆက်ခံသူ မွေးဖွားပေးပါ့မယ်။]

[ဘာလို့ ငါဖြစ်ရတာလဲ။]

[မရဏဘုရင်က ကျွန်မကို စိတ်မဝင်စားတဲ့ပုံပေါ်လို့ပါ။ အဲ့ဒီလိုဆိုရင် ကျွန်မ လိုချင်တဲ့ သုံးနှစ်တာ ဝတ္တရားဆန်ဆန် အိမ်ထောင်ရေးက ပိုပြီးလွယ်ကူလိမ့်မယ်လို့ထင်ပါတယ်။]

[ဘာဖြစ်လို့ ဟန်ဆောင်လက်ထပ်ဖို့ လိုအပ်တာလဲ။]

[ကျွန်မတို့ရဲ့ သဘောတူစာချုပ် အဖုအထစ် တစ်စုံတစ်ရာမရှိဘဲ ပြီးသွားတဲ့အခါ ပြောပြပါ့မယ်။]

[ကလေးမွေးပြီးသွားရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။]

[အဲ့ဒါကိုလည်း...နောက်မှ ပြောပြပါ့မယ်။ မရဏဘုရင်အတွက် မကောင်းတဲ့ကမ်းလှမ်းချက်တော့ မဟုတ်ဘူးထင်ပါတယ်။ ဆက်ခံသူ လိုအပ်နေတယ်မဟုတ်လား။]

သူပြောခဲ့သည့်အတိုင်း ဆက်ခံသူမွေးဖွားရန် ခါဆယ်ရ်က အာနီခါကို လိုအပ်ပေသည်။ 'အာနီခါ' များသာလျှင် ဘုရင်တစ်ပါး၏ အရည်အချင်းများကို အမွေဆက်ခံနိုင်မည့် ဆက်ခံသူကို မွေးဖွားပေးနိုင်မည်ဖြစ်သောကြောင့်ပင်။

အရှေ့တွင်စိုးစံခဲ့ကြသော မရဏဘုရင်များသည် ဆက်ခံသူ ရယူရာတွင် အမြဲတစေ အခက်တွေ့ခဲ့ကြရသည်ချည်းဖြစ်သည်။ အမှန်တော့ မျိုးဆက်ပြတ်လုနီးပါး ဖြစ်ခဲ့ရသည့် အရေးပြဿနာပင် ရှိခဲ့ဖူး၏။ ခါဆယ်ရ်၏ ဖခင်သည် အသက်ငါးဆယ်အရွယ်နားကပ်ခါမှ ဆက်ခံသူကို ခဲရာခဲဆစ် ရခဲ့ခြင်းဖြစ်သည်။

ဟာရှီတိုင်းပြည်သည် အထွတ်အမြတ်မြို့တော်နှင့် အဝေးဆုံးတွင် တည်ရှိ၏။ ကြမ်းတမ်းသည့်တောင်တန်းများကိုလည်း ဖြတ်ကျော်လာရပေမည်။ ရလဒ်အနေဖြင့် ဘာသာရေးကိုင်းရှိုင်းသူများနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း အနည်းအကျဉ်းသာရှိသည်မှာ သဘာဝပင်ဖြစ်သည်။

တသီးတသန့် ကွဲထွက်ဖြစ်တည်နေသည့် ဟာရှီတိုင်းပြည်သည် ယဉ်ကျေးမှုအရာတွင် ချို့တဲ့လှသည်။ ခမ်းနားပြောင်မြောက်သည့် မှူးမတ်အနွယ်တော် မျိုးကြီးရိုးကြီးတို့၏ ယဉ်ကျေးမှု ဖွံ့ဖြိုးခြင်းမရှိပေ။ သာယာမှုကို နှစ်သက်ခံစားကြသည့် မြင့်မြတ်သူ မှူးမတ်အနွယ်တော်တို့အတွက် ဟာရှီတိုင်းပြည်သည် ခြောက်ကပ်ကပ် နယ်စပ်တစ်ခုပင်။

ဘုရင်က ဆက်ခံသူ လိုချင်သည်ဆိုပါလျှင် အာနီခါတစ်ဦးနှင့် ပေါင်းဖက်ရပေမည်။ အာနီခါ အားလုံးသည် အထွတ်အမြတ်မြို့တော်မှ ဖြစ်ကြပြီး အများသူငါ အားကျထိုက်သည့် ခမ်းနားထည်ဝါသော ဘဝများတွင် နေထိုင်ကြသူများပင်။ သူတို့သည် အထွတ်အမြတ်မြို့တော်၏ ယဉ်ကျေးမှုနှင့် အသားတကျရှိပြီး အလှမ်းဝေးကွာလှသည့် ကန္တာရတိုင်းပြည်သို့ မသွားလိုကြပေ။

ခါဆယ်ရ်၏ အသက်မှာ ငယ်ငယ်ပင်ရှိသေးသဖြင့် အလောတကြီး ကိစ္စမဟုတ်သော်ငြားလည်း အနှေးနှင့်အမြန် ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပေသည်။ သူ၏ဖခင်ကဲ့သို့ ဟိုဟိုဒီဒီ ပြေးလွှားရင်း ဆက်ခံသူရှာဖွေရမည့်အဖြစ်ကို တွေးကြည့်မိရုံဖြင့်ပင် စိတ်မောရ၏။

ထို့ကြောင့် ထိုအချိန်တွင် အဆင်ပြေသည့် အပေးအယူပေပဲဟု တွေးခဲ့မိသည်။ သို့သော် အချိန်တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ သူလည်း ဆက်ပြီးမသိတော့ပေ။

လက်ထပ်ပြီးခါစတွင် 'ဒီမိန်းမ တကယ်ပဲ သူ့ကတိသူ တည်ပါ့မလား' ဟု သံသယပွားခဲ့ရ၏။ သို့သော် ယခုတွင်မူကား 'ဒီမိန်းမရဲ့ဗိုက်ကိုငှားပြီး မွေးလာတဲ့ကလေးကို ငါ့ရဲ့ဆက်ခံသူ လုပ်လို့ဖြစ်ပါ့မလား။' ဟူ၍ တွေးမိလာတော့သည်။

'အဲ့ဒီမိန်းမမှာ ဘာပြဿနာများရှိလို့လဲ' ဟု သူများမေးလာခဲ့ပါလျှင် အဖြေကို ရှင်းလင်းသေချာစွာ ပေးနိုင်မည်မဟုတ်ပေ။ စိတ်ကအလိုလို မုန်းတီးစက်ဆုပ်မိခြင်းသာဖြစ်၏။

သို့သော် သူက သူ၏ အလိုလိုသိစိတ်ကို ဆက်လက်လျစ်လျူရှုထားခဲ့သည်။ သူက ဘုရင်ဖြစ်နေပြီး ထိုမိန်းမက အာနီခါ ဖြစ်နေခြင်းကြောင့် ဘယ်လိုမှမတတ်နိုင်ဘူးဟူ၍သာ တွေးခဲ့၏။

'သုံးနှစ်...'

ခါဆယ်ရ်က တစ်ဖက်လှည့်ပြီး လမ်းပြန်လျှောက်လိုက်သည်။ သူနှင့်ကတိပြုထားသည့် သုံးနှစ်တာကာလသည် ကုန်ဆုံးရန် နီးကပ်လာပေပြီ။ မကြာခင် ထိုမိန်းမ အဘယ်ကြောင့် ဤကဲ့သို့ ထူးဆန်းသည့် အပေးအယူစာချုပ်ကို စီစဉ်ခဲ့ရသလဲဆိုသည့် အကြောင်းရင်းကို ကြားသိရပေတော့မည်။ ပြီးလျှင် ထိုသဘောတူညီချက်အတိုင်း အမှန်တကယ် ဖြည့်ဆည်းချင်ရဲ့သလားဆိုသည်ကို သူ့ဟာသူ စိတ်ပိုင်းဖြတ်ချက်ချရမည်ဖြစ်ပေသည်။

နေ့လယ်နှောင်းပိုင်းတွင် ညီလာခံစတင်ခဲ့ပြီး နားချိန်တစ်ချက်မရှိဘဲ အချိန်အကြာကြီး ဆက်ခဲ့သည်။

အနေအထားက တစ်နည်းအားဖြင့် ဗရုတ်သုတ်ခဆန်လှ၏။ ဘုရင်မင်းမြတ် ဦးဆောင်ကျင်းပသည့် ညီလာခံဖြစ်သော်လည်း ထုံးတမ်းအစဉ်အလာနှင့်အညီ ထိန်းချုပ်ကွပ်ကဲထားခြင်း မရှိခဲ့ပေ။ ကြိုကြားကြိုကြားတွင် အဆာပြေမုန့်များ တည်ခင်းခဲ့ပြီး အရေးတကြီးကိစ္စရှိသူများကလည်း အပြင်တစ်ချက်ထွက်ပြီးမှ ပြန်လာကြသည်။

ညီလာခံတက်ရောက်သူများ အင်မတန် များပြားလှသည့်အတွက် ကြီးမားလှသည့် ညီလာခံခန်းမပင် ပြည့်သွားရ၏။ အဆင့်မြင့်မှူးမတ်တွေသာမက ရာထူးအရိုက်အရာနိမ့်သော အလုပ်လုပ်နေသည့်အဆင့်မှ အရာရှိများပါ တက်ရောက်ကြသည်။

ပြောဆိုဆွေးနွေးပိုင်ခွင့်အတွက် ကန့်သတ်ချက်မရှိပေ။ တက်ရောက်ကြသူ မည်သူမဆို မိမိတို့၏ အတွေးအမြင်ကို သဘာပတိဖြစ်သည့် ဘုရင်မင်းမြတ်ထံ တိုက်ရိုက်တင်ပြခွင့် ရကြသည်။ ရာထူးအရိုက်အရာ အဆင့်အတန်းနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိသည့် အနေအထားသည် ဟာရှီတိုင်းပြည်၏ ထူးခြားသည့် ဝိသေသ လက္ခဏာပင်။

ဟာရှီတိုင်းပြည်၏ လွတ်လပ်သောတိုင်းပြည်ဟူသည့် ကိုယ်ပိုင်ခံယူချက်သည် တခြားတိုင်းပြည်များထက်ပို၍ ပြင်းထန်သည်။ သီးသန့်ကွဲထွက်နေသည့် ပထဝီဝင်တည်နေရာနှင့် စစ်ဖြစ်နေခြင်းနှင့် အလားတူအခြေအနေတို့ကလည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေ၏။ အချင်းချင်း စုစုစည်းစည်းရှိမှသာ ရှင်သန်နိုင်မည်ဟူသော သဘောထား​က အားကောင်းသည့် စည်းလုံးညီညွတ်မှုကို ဖန်တီးပေးထားသည်။

ရှည်လျားသည့် ညီလာခံသည် ညလုံးပေါက်ခဲ့ပြီး နောက်တစ်နေ့ မနက်ရောက်သည်အထိ အဆုံးမသတ်ခဲ့ပေ။ ညလုံးပေါက် ညီလာခံများကို ခြောက်သွေ့ရာသီ အဆုံးသတ်တွင် အနည်းဆုံး တစ်နှစ်လျှင်နှစ်ကြိမ် အမြဲတစေ ကျင်းပလေ့ရှိသည်။ နှစ်လတာနီးပါး ကြာရှည်သည့် ရုန်းကန်လှုပ်ရှားရမည့်ကာလအတွက် စေ့စေ့စပ်စပ် ပြင်ဆင်နိုင်ရန်ဖြစ်၏။

"အားလုံးပဲ တာဝန်ကျေတယ်။ ဒီမှာပဲ ရပ်ကြတာပေါ့။"

ဘုရင်မင်းမြတ်က ညီလာခံ အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ညလုံးပေါက်နေခဲ့ကြသူများ၏ အသားအရေတို့မှာ ဖြူဖျော့လျက်။ သူတို့က နှေးကွေးသည့် ခြေလှမ်းများဖြင့် ညီလာခံခန်းမထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြသည်။

ခါဆယ်ရ်က သဘာပတိခုံတွင်ထိုင်ရင်း ညီလာခံခန်းမ ရှင်းလင်းသွားသည်အထိ ညီလာခံတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများ၏ အကျဉ်းချုပ်မှတ်တမ်းများကို ဖတ်နေခဲ့သည်။ နောက်ဆုံးစာမျက်နှာကို လှန်ပြီးသည့်နောက်တွင် သူက မျက်လုံးနှစ်ဖက်ကြားနေရာကို လက်တစ်ဖက်ဖြင့် ဖိလိုက်၏။

တစ်လ​နီးပါးကြာအောင် ကန္တာရကို ဖြတ်ကျော်ခဲ့ရသည်။ ပြန်ရောက်ရောက်ချင်း ညလုံးပေါက် ညီလာခံထိုင်ခဲ့ရ၏။ သူ၏ သက်လုံက သာမန်ထက် ထူးခြားသာလွန်သော်ငြားလည်း အနည်းငယ်တော့ ပင်ပန်းရသည်။

အထိန်းတော်ချုပ်က သတိထားရင်း ရှင်ဘုရင်အပါးကို ချဉ်းကပ်လာခဲ့သည်။

"အရှင်မင်းကြီး။ ရေချိုးရေ ပြင်ဆင်ပေးထားပါတယ်။"

"အင်း။"

"ပွဲတော်တည်ဖို့ကိုရော ဘယ်လိုလုပ်လိုက်ရပါမလဲ။ အရင်ဆုံး အိပ်စက်အနားယူလိုက်မလား။"

'စားဖို့ထက် အိပ်ဖို့ပိုလိုအပ်နေတာ။'

ခါဆယ်ရ်က ဖြေဖို့ပြင်ပြီးမှ ရပ်တန့်သွားခဲ့သည်။

"မိဖုရား အခု ပွဲတော်တည်နေပြီလား။"

မနေ့က မိဖုရား အိပ်ခန်းထဲက ထွက်လာပြီး အစေခံမိန်းကလေးအား စားတော်ပွဲကို အထဲယူခဲ့ဖို့ မှာခဲ့သည်။ သို့သော် ထို့နောက်တွင် ဘာဆက်ဖြစ်ခဲ့သလဲဟူသည်ကိုကား ဂရုမစိုက်မိခဲ့ချေ။

အထိန်းတော်ချုပ်က မေးခွန်းကို ပြန်မဖြေနိုင်ခဲ့။ သူ့ခမျာ အင်မတန် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတော့၏။ ဘုရင်မင်းမြတ်က မိဖုရား၏ လက်ရှိအခြေအနေအကြောင်း တစ်ခါမှ မမေးဖူးပေ။ လက်ထပ်ပြီးပြီးချင်း နောက်ပိုင်းတွင် အနည်းငယ် စိတ်ဝင်စားသလိုလို ရှိခဲ့ဖူးသော်လည်း ထိုအချိန်က ဘယ်တုန်းကမှန်း မမှတ်မိတော့။ ဘုရင်မင်းမြတ် မေးမြန်းခြင်းမရှိသည့် ကိစ္စရပ်များကို သူကလည်း အားကြိုးမာန်တက် မေးမြန်းစုံစမ်းခြင်း မလုပ်ခဲ့မိပေ။

"စိုးရွံ့မိပါတယ်၊ အရှင်မင်းကြီး။ စုံစမ်းအတည်ပြုကြည့်ပါ့မယ်။"

ခါဆယ်ရ်က အထိန်းတော်ချုပ်ကို အပြစ်မတင်ခဲ့။ သူ့မေးခွန်းက ကျပန်းဖြစ်နေမှန်း သူကိုယ်တိုင်လည်းသိ၏။

ဘုရင်မင်းမြတ်နှင့် သူ့ဇနီးကို ခစားကြသည့် နန်းတွင်းအမှုထမ်းများသည် ဘုရင်မင်းမြတ်တို့ ဇနီးမောင်နှံ၏ ဆက်ဆံရေးမှာ ခြောက်ကပ်ကပ်နိုင်ကြောင်း ရိပ်စားမိကြပေမည်ပင်။

ယခုတွင် အထိန်းတော်ချုပ်နေရာမှ ဆင်းလိုက်ပြီဆိုသော်လည်း မာရီအန်း အုတ်မြစ်ချပေးခဲ့သည့် စည်းမျဉ်းစည်းကမ်းများက ကောင်းကောင်းအသက်ဝင်နေဆဲဖြစ်၏။ နန်းတွင်းအမှုထမ်းများမှာ နှုတ်လုံကြသည်။ ထို့ကြောင့် ရှင်ဘုရင်နှင့် မိဖုရားကြားက ဆက်ဆံရေးကို လူပုံလယ်တွင် ပြောဆိုခြင်းမရှိကြချေ။ မိဖုရား၏ ပြောင်မြောက်သော သရုပ်ဆောင်မှုကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါ၏။

မိဖုရားက သူ့အား တရားဝင်လိုအပ်သည့် နေရာများ၊ အထူးသဖြင့် သူ့ကိုကြည့်မည့် မျက်စိအများကြီးရှိသည့် နေရာများမှ ပျက်ကွက်ခြင်း အလျဉ်းမရှိခဲ့ပေ။ ထို့အပြင် ရှင်ဘုရင်နှင့် ပြောဆိုဆက်ဆံသည့်အခါတိုင်း အလွန်တရာ ပြုံးပြုံးရွှင်ရွှင်နှင့် မူရာမာယာ များတတ်လေ့ရှိသည်။ ဤအဖြစ်ကို မြင်ကြသူများက ဘုရင်နှင့် မိဖုရားတို့ ဆက်ဆံရေးကောင်းကြသည်ပဲဟူ၍သာ ထင်ကြတော့သည်။

"ရပြီ။ မိဖုရားက သူ့ဟာသူ ကြည့်လုပ်လိမ့်မယ်။"

"...ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"

ခါဆယ်ရ်က တစ်ချက် တုံ့ဆိုင်းသွားခဲ့သည်။

'နောက်ဆုံးတော့ မိဖုရားနဲ့ စကားပြောဖို့ အချိန်တန်ပြီ။'

သူ စိတ်ပိုင်းဖြတ်လိုက်၏။

"အထိန်းတော်ချုပ်။ ကျုပ် မိဖုရားနဲ့ နေ့လယ်စာစားမယ်။"

အထိန်းတော်ချုပ် မျက်လုံးပြူးသွားခဲ့ပြီး ထို့နောက်တွင် ခေါင်းငုံ့လိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ပြင်ဆင်လိုက်ပါ့မယ်။"

အထိန်းတော်ချုပ်က အလျင်စလို မျှော်လင့်ချက်မထားခဲ့ပေ။ သူတို့နှစ်ယောက်၏ ပတ်သက်မှုတွင် အပြောင်းအလဲရှိမရှိကို ဆုံးဖြတ်ဖို့က စောလွန်းပါသေးသည်။ သို့သော်လည်း စိတ်ထဲတွင်တော့ ဤသည်မှာ ကောင်းသည့်လက္ခဏာဖြစ်ပါစေဟု မျှော်လင့်ထားခဲ့၏။

နန်းရင်းဝန် ဘယ်ရုစ်က ညီလာခံခန်းမဆီမှ ပြန်လာခဲ့သည်။ စင်္ကြံလျှောက်လမ်းတွင် အထိန်းတော်ချုပ် ဆာရာနှင့် ဆုံဖြစ်၏။

ဆာရာသည် မာရီအန်း၏ ထောက်ခံချက်ဖြင့် အထိန်းတော်ချုပ် ဖြစ်လာခဲ့သူပင်။ မာရီအန်းလောက် အရှိန်အဝါ မရှိသော်ငြားလည်း သူက စိတ်ရင်းဖြောင့်မတ်ပြီး စေ့စပ်တိကျသူဖြစ်၏။ သူက မာရီအန်း၏ လစ်လပ်နေသောနေရာကြောင့် ပူပန်ကြောင့်ကြနေသူများကို စိတ်အေးစေခဲ့ပြီး အထိန်းတော်ချုပ်နေရာကို ရယူခဲ့သူပင်။

လူနှစ်ယောက်က တိတ်တဆိတ် ဦးညွှတ်ပြီး နှုတ်ဆက်ဂါရဝပြုလိုက်ကြသည်။

"အရှင်မင်းကြီးကို သွားတွေ့မလို့လား။"

"ဟုတ်ပါတယ်၊ အထိန်းတော်ချုပ်။ အရှင်မင်းကြီး အိပ်စက်အနားယူနေပြီလား။"

"အခု ရေချိုးသန့်စင်နေပါတယ်။"

"အာ၊ ဒါဆို နောက်မှပြန်လာရမယ်ထင်ပါရဲ့။"

"ဟုတ်ကဲ့။ ဒါနဲ့ နန်းရင်းဝန်။ နန်းရင်းဝန်မို့လို့ နည်းနည်း ပြောပြပါဦးမယ်။"

ဆာရာက ပြောချင်တာ ပါးစပ်ယားနေသည့်အတွက် သည်းမခံနိုင်တော့ပေ။ ဘယ်ရုစ်က ပါးစပ်ဖွာသူ မဟုတ်တာကြောင့် ပြဿနာမရှိ။ ထို့အပြင် ဘယ်ရုစ်လည်း ဘုရင်နှင့် သူ့ဇနီး၏ အေးတိအေးစက် ဆက်ဆံရေးကို သိရှိထားသည်ပင်။

"အရှင်မင်းကြီးက မိဖုရားနဲ့အတူ နေ့လယ်စာစားဖို့ ပြင်ဆင်ခိုင်းလိုက်ပါတယ်။"

"ခင်ဗျာ။ ဧကန္တ..."

ဘယ်ရုစ် ​မပြောရသေးခင်မှာ ဆာရာက သူပြောချင်သည်ကို နားလည်ပြီး ပြန်ပြောခဲ့သည်။

"ဟင့်အင်း။ မာရီအန်း ဝင်ပါလို့မဟုတ်ဘူး။ အရှင်မင်းကြီးက အရင်ပြောခဲ့တာ။"

ဆာရာက သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ခဲ့ပေ။ မိမိအရှင်သခင် ဇနီးမောင်နှံ၏ အရေးကိစ္စများတွင် ရာရာစစ ဝင်မစွက်ဖက်ဝံ့သည့်အတွက် အလွန်တရာ စိုးရိမ်ပူပန်ရုံသာ တတ်နိုင်ခဲ့သည်။

ဘုရင်မင်းမြတ် ထိမ်းမြားလက်ဆက်ခဲ့သည်မှာ သုံးနှစ်နီးပါးပင် ရှိခဲ့ပေပြီ။ သူတို့နှစ်ဦးကြားတွင် သတင်းကောင်းကြားရရန် အချိန်တန်ပြီဟု ပြောကြသူများ တဖြည်းဖြည်း များသထက် များလာပြီဖြစ်၏။ ထိုသို့သောစကားမျိုး ကြားရတိုင်း ဆာရာခမျာ ထုတ်မပြဝံ့ဘဲ စိတ်ထဲ၌သာ သက်ပြင်းကြိတ်ချရလေသည်။

"စိတ်လှုပ်ရှားစရာလားတော့ မပြောတတ်ပေမဲ့ ခံစားချက်ကတော့ ကောင်းသားပဲ။ အရင်သွားနှင့်ပါဦးမယ်။ အကြောင်းမဲ့ စိတ်ထဲအတွေးများနေလို့ပါ။"

"ဟုတ်ကဲ့ပါ၊ အထိန်းတော်ချုပ်။"

ဘယ်ရုစ်က စိတ်လှုပ်ရှားခြင်းကြီးစွာ လမ်းလျှောက်သွားသည့် ဆာရာ၏ ကျောပြင်ကိုကြည့်ရင်း ထူးဆန်းသည့်မျက်နှာထားမျိုး လုပ်လိုက်သည်။ သူကြားခဲ့ရသည့် အကြောင်းအရာ တစ်ခုနှစ်ခုနဲ့တင် မိဖုရားက ပြဿနာဖြစ်နေပြီဖြစ်သည်။ မသိရသေးသည့် ကိစ္စတွေ အများကြီး ရှိကောင်းရှိနိုင်ပေ၏။

သို့ရာတွင် အထိန်းတော်ချုပ်က အသည်းနှလုံးမရှိသည့် မကြင်နာတတ်သူ မဟုတ်ပေ။ အထိန်းတော်ချုပ်ဟူသည့် နေရာသည် ထိုမျှလောက် လွယ်ကူသည့်နေရာမဟုတ်။

အားလုံးက 'ငါတို့ မိဖုရား' ရယ်လို့ ကြွေးကြော်နေသည့်ကြားတွင် ဘယ်ရုစ်က သူတစ်ယောက်တည်းသာ မကောင်းသည့်စိတ်ထားနှင့်လူဖြစ်နေသလို ခံစားချက်မျိုး ဝင်လာတော့သည်။

'မိဖုရား အထိန်းတော်ချုပ်ရဲ့စေတနာကို နားလည်တဲ့နေ့မျိုး ရောက်လာပါ့မလားဆိုတာ မသိတော့ဘူး။'

ဘယ်ရုစ်က ရှုံ့မဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။

'ဒါနဲ့ ဘယ်လိုလုပ်ပြီး...'

တိုက်တိုက်ဆိုင်ဆိုင် ဘုရင်ကို သွားတွေ့မည့် အကြောင်းရင်းက မိဖုရားကြောင့်ပင် ဖြစ်နေခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက မိဖုရား ဘာဖြစ်ခဲ့သလဲဆိုသည်ကို ယခုအချိန်အထိ ဘုရင်မင်းမြတ်အား အသိမပေးရသေးပေ။ မိဖုရားက ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ခဲ့သည့်အတွက် အလွယ်လေး ကျော်သွား၍မရမည့် ကိစ္စများမှာ တစ်ခုနှစ်ခုမကချေ။

ဘယ်ရုစ်တစ်ယောက် စင်္ကြံလျှောက်လမ်းတွင်လျှောက်ရင်း ဝေခွဲမရ ဖြစ်နေခဲ့သည်။ မည်သို့ပင် မိဖုရားကို သဘောမကျဟုဆိုပါစေ ဘုရင်နှင့် သူ့ဇနီးကြားမှ ဆက်ဆံရေး ယခုထက်ပိုပြီး ခက်ခဲလာမည်ကို မလိုချင်ပေ။

တိုင်းပြည်ရှေ့ရေးအတွက် ရှင်ဘုရင်တွင် ဆက်ခံသူတစ်ဦး ရှိရပေမည်။ သွေးအေးသည့် ဇနီးမောင်နှံများကြားတွင်ပင် ကလေးတစ်ယောက် မွေးဖွားလာနိုင်သေးပေသည်။ ရင်းနှီးမှု အတိုင်းအတာတစ်ခုအထိ ရှိမည်ဆိုလျှင် အခွင့်အရေးက ပိုရှိလာနိုင်၏။

'နောက်မှပဲ ပြောလိုက်ပါတော့မယ်လေ။'

ဘယ်ရုစ်က တစ်ဖက်လှည့်ပြီး ဆာရာ လျှောက်ထွက်သွားခဲ့သည့် ဦးတည်ရာအတိုင်း လျှောက်ထွက်သွားခဲ့လေသည်။

~~~~~

အမှတ်မထင် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံရသည်မှလွဲ၍ ထူးထူးခြားခြား အဖြစ်အပျက်မရှိဘဲ နောက်တစ်နေ့ ကုန်ဆုံးသွားခဲ့ပြန်သည်။ ဘုရင်မင်းမြတ် ညဘက်မှာပြန်လာပြီး ဇနီးမောင်နှံတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ခိုင်းမည်စိုးသောကြောင့် ယူဂျင်းတစ်ယောက် ညဉ့်နက်သည်အထိ အိပ်မပျော်နိုင်ခဲ့ပေ။ တော်သေး၍ မနက်ကို ဘေးကင်းကင်း ရောက်ရှိလာခဲ့သည်။

မိဖုရားဆိုသည့်နေရာသည် အင်မတန်ပင် အေးဆေးသက်သာလှပေသည်။ သူ့ထံ လာတွေ့မည့်သူလည်းမရှိဘဲ ဘေးမှနေ၍ တစ်နေ့တာ လုပ်ဆောင်ရမည့်အရာများကို ပြောမည့်လက်ထောက်လည်း မရှိပေ။

မနက်စာစားပြီးသည့်နောက်တွင် ယူဂျင်းက အတွေးစများကို ပြန်လည်စုစည်းခဲ့၏။

'ဟာရှီတိုင်းပြည်မှာ မိဖုရားအဖြစ် ရှိနေတုန်း ဂျင် ဘာတွေလုပ်ခဲ့ပါလိမ့်။'

ဂျင် မိဖုရားအဖြစ်ရှိခဲ့သည့် ကာလကို ဝတ္ထုထဲတွင် စာတစ်ကြောင်းနှစ်ကြောင်းဖြင့်သာ အကျဉ်းချုပ် ဖော်ပြထားခဲ့သည်။ အကြောင်းမူကား ဝတ္ထုတစ်ပုဒ်လုံး၏ ဇာတ်လမ်းအသွားအလာအတွက် ထိုကာလက လုံးဝအရေးမပါသောကြောင့်ပင်။

ဗီလိန်၏ သရုပ်မှန်မှာ 'ဂျင် အာနီခါ' ဖြစ်ကြောင်းကိုလည်း တော်တော်နောက်ကျမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် ဂျင်၏ အမိန့်အောက်မှာ လှုပ်ရှားကြသည့် ဗီလိန်အသေးစားများက အရင်ဆုံး ပြဿနာစရှာခဲ့ကြသည်။ ဂျင်က နောက်ဆုံးဗီလိန်ဖြစ်သည့်အတွက် သူ၏ သရုပ်မှန်ကို ဇာတ်လမ်းတစ်ဝက်ရောက်မှသာ ဖော်ပြခဲ့၏။

"ဆက်တင်ကို ပိုပြီးတော့ အသေးစိတ်ကျကျလေး လုပ်ခဲ့လိုက်ရမှာ။"

နောင်တရဖို့ကလည်း နောက်ကျခဲ့လေပြီ။ မည်သို့ပင်ဆိုစေ သူဖန်တီးခဲ့သည့် ဇာတ်လမ်းဖြစ်သည့်အတွက် 'အခုပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်ရော' ဆိုသည့် အတွေးမျိုး တွေးမိခဲ့သည်။

သို့သော် စိတ်ထဲတွင် ဘာတစ်ခုမှ ပေါ်မလာခဲ့ချေ။ ဤကမ္ဘာသို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှစ၍ 'မဟာ' ဟူသော ဧရာမနာရီကြီး၏ အစိတ်အပိုင်းလေးတစ်ခု ဖြစ်သွားသလို ခံစားခဲ့ရသည်။

ဟာရှီ တိုင်းပြည်အကြောင်းကိုလည်း မည်မည်ရရ သိခြင်းမရှိ။ ဤနေရာသည် ဝတ္ထုထဲတွင် တိုင်းပြည်အမည်နှင့် တည်နေရာသာ ဖော်ပြထားခြင်းခံရသည့် နေရာဖြစ်၏။

ဤကမ္ဘာအား စက်ဝိုင်းတစ်ခုအဖြစ် ဖော်ပြရမည်ဆိုလျှင် ဗဟိုတွင်ရှိသည့် အထွတ်အမြတ်မြို့တော်မှာ အဖြစ်အပျက်များ၏ ဗဟိုချက်နှင့် နောက်ခံဖြစ်ပေသည်။ တိုင်းပြည်ခြောက်ခုက အထွတ်အမြတ်မြို့တော်ကို ပတ်လည်ဝန်းရံထားကြ၏။

သို့သော် ဟာရှီတိုင်းပြည်မှ အထွတ်အမြတ်မြို့တော်သို့ ရောက်ဖို့ရန်အတွက် ဧရာမတောင်တန်းကြီးများကို ကျော်ဖြတ်ရမည်ဖြစ်ပြီး ဆူရန်တိုင်းပြည်ကို ဖြတ်သွားရပေမည်။ တစ်နည်းပြောရလျှင် ဟာရှီတိုင်းပြည်သည် အထွတ်အမြတ်မြို့တော်နှင့် အဝေးဆုံးတွင် တည်ရှိ၏။ အထွတ်အမြတ်မြို့တော်တွင်ဖြစ်သည့် အဖြစ်အပျက်များသည် ဟာရှီတိုင်းပြည်အပေါ်တွင် သက်ရောက်မှု အနည်းငယ်သာရှိပေသည်။

TL/N : အရှေ့မှာ နန်းရင်းဝန်ကို ဗီးရပ်စ်လို့ သုံးခဲ့ပေမဲ့ ကိုရီးယားမူရင်းနဲ့ ပြန်တိုက်ကြည့်ပြီး ဘယ်ရုစ်လို့ ပြောင်းထားပါတယ်။ ရှေ့လျှောက်ကိုလည်း အဲ့ဒီအတိုင်းပဲ ဆက်သုံးသွားပါမယ်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment