အပိုင်း ၂၈
မာရီအန်း ပုံတူပန်းချီများကို စီမံကိုင်တွယ်နေစဉ် ရုတ်တရက် ယူဂျင်းတွင် မေးခွန်းတစ်ခု ပေါ်လာသည်။
"မာရီအန်း။ ရုန်းကန်လှုပ်ရှားရတဲ့ ရာသီအတွင်းမှာ ပါတီမကျင်းပကြဘူးလို့ ပြောခဲ့တယ်မဟုတ်လား။"
"ဟုတ်ပါတယ်၊ အရှင်မိဖုရား။"
"တားမြစ်ထားတာလား။"
"အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။"
"ဒါဆို အထက်တန်းလွှာမှူးမတ်တွေက သူတို့ဘာသာသူတို့ ဆင်ခြင်ပြီး နေကြတာပေါ့နော်။"
ယူဂျင်းက 'ရုန်းကန်လှုပ်ရှားရတဲ့ရာသီဆိုတဲ့ အကြောင်းရင်းနဲ့ ကန့်သတ်ချုပ်ချယ်တာမျိုး မလုပ်ဘူး' ဟူသော ဘုရင်မင်းမြတ်၏ စကားကို ပြန်တွေးလိုက်မိသည်။ ဘုရင်မင်းမြတ်က ယင်းအချိန်အတွင်း အထက်တန်းလွှာမှူးမတ်တို့၏ စုဝေးမှုကို တားမြစ်မည့်ပုံမပေါ်။
အထက်တန်းလွှာမှူးမတ်တွေက သူတို့သဘောနှင့်သူတို့ ချုပ်တည်းစောင့်စည်းကြသည်ဟူသော သဘောတရားက ပို၍ပင်ယုံရခက်ပေသည်။ အထက်လွှာမှူးမတ်တွေဆိုတာ စည်းစိမ်ချမ်းသာကို ယစ်မူးခံစားကြသူများ မဟုတ်ပေဘူးလား။ ထို့အပြင် နေဝင်ချိန်နောက်ပိုင်းတွင် အန္တရာယ်မရှိတော့သဖြင့် ညခင်းအချိန်များတွင် ညနေခင်းကပွဲများ ကျင်းပခြင်းက ပို၍သင့်တော်မည်မဟုတ်ပါလား။
"လက်တွေ့နဲ့ဆိုင်တဲ့ အကြောင်းရင်းကြောင့်ပါ။ ရုန်းကန်လှုပ်ရှားရတဲ့ ရာသီအတွင်းမှာ လူမှုရေးစုဝေးပွဲတွေကို ဦးဆောင်ကျင်းပနိုင်မဲ့သူ ဘယ်သူမှ မရှိပါဘူး။"
စကားဆက်လိုက်သော မာရီအန်း၏ ရှင်းပြချက်ကို နားထောင်နေရင်း ယူဂျင်းက သူကြားလိုက်ရသည့် အကြောင်းအရာကို နားလည်တာ သေချာကြောင်း တစ်ဖန်ပြန်၍ အတည်ပြုလိုက်သည်။
"ဒီတော့ တစ်နည်းပြောရရင် လူတွေက ခြောက်သွေ့ရာသီ ကုန်ခါနီးဆို အထွတ်အမြတ်မြို့တော်ဆီသွား၊ ရုန်းကန်လှုပ်ရှားရတဲ့ ရာသီအတောအတွင်း အဲ့ဒီမှာနေ၊ ခြောက်သွေ့ရာသီ နောက်တစ်ခါပြန်စရင် ဘုရင့်တိုင်းပြည်ကို ပြန်လာပေါ့၊ အဲ့ဒီလိုလား။"
"လူတိုင်း အဲ့ဒီလိုလုပ်ကြတာတော့ မဟုတ်ပါဘူး။"
"ဟုတ်ပါရဲ့။ ခရီးသွားစရိတ်ရယ်၊ မြို့တော်မှာ နေထိုင်ရတဲ့စရိတ်ရယ်က တော်တော်မြင့်မှာဆိုတော့လေ။ ပြည့်စုံကြွယ်ဝတဲ့ အထက်တန်းလွှာမှူးမတ်တချို့တလေလောက်ပဲ တတ်နိုင်ကြမှာပေါ့။"
"ဟုတ်ကဲ့၊ အမှန်ပါပဲ။"
"ဒါနဲ့ အဲ့ဒီ အထက်တန်းလွှာအုပ်စုသေးသေးလေးထဲမှာ လူမှုရေးအသိုင်းအဝိုင်းထဲက အရေးကြီးပုဂ္ဂိုလ်တွေချည်းပဲ နေမှာပေါ့နော်။ ဒါဆို မိုရီရယ်လ် မြို့စားကတော်လည်း အခု အထွတ်အမြတ်မြို့တော်မှာ ရှိနေတာပဲလား။"
"ဟုတ်ပါတယ်၊ အရှင်မိဖုရား။"
အထွတ်အမြတ်မြို့တော်ဆီသို့သွားသည့် ဝါခေါမ် မြို့စားမင်းလည်း ခြောက်သွေ့ရာသီရောက်လျှင် ပြန်လာမည်ဟူသော စကားကို မှတ်မိလိုက်၏။
မာရီအန်း ထွက်သွားပြီးသည့်နောက်တွင် ယူဂျင်းတစ်ယောက် အတွေးထဲမျောသွားခဲ့သည်။ လူမှုရေး ခေတ်ရေစီးကြောင်းကို ဦးဆောင်သည့် အဆင့်မြင့် အထက်တန်းလွှာမှူးမတ်များအားလုံး ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်း ဘုရင့်တိုင်းပြည်မှ ထွက်ခွာကုန်ကြသည်ကိုမြင်လျှင် တခြားသော အထက်တန်းလွှာများနှင့် သာမန်လူတန်းစားများက မည်သို့ ခံစားကြရမည်နည်း။
တချို့က ဝေဖန်အပြစ်တင်ကြလောက်မည်ဆိုသော်လည်း အများစုကတော့ အားကျကြပေလိမ့်မည်။ အထွတ်အမြတ်မြို့တော်တွင် လာ့ခ်များ ပေါ်လာတတ်ခြင်းမရှိသောကြောင့် ပြီးပြည့်စုံသည့် ဘေးကင်းသော ခိုလှုံရာပင်။
သို့သော် လူတိုင်းက ထိုကဲ့သို့ လုပ်နိုင်ကြသည်မဟုတ်။ လူတွေက သူတို့လို ဖြစ်ချင်ကြပြီး သူတို့၏ ဝတ်စားဆင်ယင်ပုံနှင့် အစားအသောက် ရွေးချယ်ပုံတို့အတိုင်း လိုက်အတုခိုးကြပေလိမ့်မည်။ သူတို့က ခေတ်ရေစီးကြောင်းကို ဦးဆောင်မည့်သူများ ဖြစ်လာကြမည်မှာ သဘာဝပင်။ ထို့အပြင် သူတို့၏ ဖက်ရှင်စတိုင်လ်များ၊ အပြောအဆိုနှင့်၊ အမူအကျင့်များအားလုံးကလည်း အထွတ်အမြတ်မြို့တော်တွင် ခေတ်စားနေသည့်အရာများမှ မြစ်ဖျားခံလာမည်ဖြစ်သည်။
'ဘုရင့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုက အထွတ်အမြတ်မြို့တော်ရဲ့ တစ်ဆင့်ခံဖြစ်လာမှာ မလွဲမသွေပဲ။'
ဘုရင့်တိုင်းပြည်၏ တစ်မူထူးခြားသည့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကို ထိခိုက်စေနိုင်သည့်အတွက် လက်သင့်ခံနိုင်စရာတော့မဟုတ်။ ထို့အပြင် ဟာရှီတိုင်းပြည်က မြေမျက်နှာသွင်ပြင် တည်နေရာအရ အကျိုးယုတ်မှု ရှိနေပြီးသားဖြစ်သည်။
'ဒါပေမဲ့ ဘယ်သူမဆို တိုင်းပြည်ကနေ မထွက်နိုင်အောင် နယ်စပ်ကို အတင်းအကျပ် ပိတ်လိုက်မယ်ဆိုရင် ရေရှည်အတွက် ပိုလို့တောင် ဆိုးသွားနိုင်တယ်။'
တိုင်းပြည်ခြောက်ပြည်၏ ယဉ်ကျေးမှုတို့ ဆုံစည်းရာ ဗဟိုချက် ဆုံမှတ်ဖြစ်သောကြောင့် အထွတ်အမြတ်မြို့တော်၏ ယဉ်ကျေးမှုက ပို၍တိုးတက်သည်မှာ သဘာဝပင်။ အထွတ်အမြတ်မြို့တော်နှင့် အဆက်အသွယ်ဖြတ်သည့် မည်သည့်တိုင်းပြည်မဆို နောက်ကျကျန်ခဲ့မည်သာ။
အတင်းအကျပ် တားဆီးခြင်းမပြုဘဲနှင့် လူတို့အား မြို့တော်သို့မသွားရန် တားဆီးဖို့က မည်သို့မှ မဖြစ်နိုင်ပေ။ လာ့ခ်သာ ရဲတိုက်တံတိုင်းအတွင်း၌ ပေါ်လာမည်ဆိုလျှင် တစ်ယောက်ယောက်တော့ သေပေလိမ့်မည်။ စည်းစိမ် သို့မဟုတ် အင်အားသုံးပြီး သေခြင်းတရားကို ရှောင်ရှားနိုင်မည်ဆိုလျှင် မည်သူမဆို ထိုလမ်းကြောင်းကို ရွေးချယ်ကြမည်သာ။
'ဟမ်း...လင်းနို့တွေလို ကူးချည်သန်းချည်လုပ်နေကြတဲ့ အထက်တန်းလွှာ မှူးမတ်တွေကို ချည်းကပ်တာက အကောင်းဆုံးနည်းလမ်းပဲဖြစ်မယ်...'
အကြာကြီး တွေးနေသော်လည်း မည်သည့်အကြံကောင်းမျှ ခေါင်းထဲပေါ်မလာသဖြင့် တဖြည်းဖြည်း စိတ်တိုလာတော့သည်။ မိမိ၏ ဘေးကင်းလုံခြုံရေးကိုသာ ရှေးရှုကြသည့် အထက်တန်းလွှာမှူးမတ်များကြောင့် စိတ်တိုမိရသည်။
'ဘုရင်ကတော့ တိုင်းသူပြည်သားတွေကို ကယ်တင်ဖို့ နေ့တိုင်း ဒုက္ခခံနေရတာကို။ အသိစိတ်လေးတောင် မရှိကြတဲ့ဟာတွေကတော့။ အေးလေ၊ ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် အဲ့ဒီလိုဟာတွေက ရှိကိုရှိကြတယ်ဆိုတော့လည်း။'
ယူဂျင်းတစ်ယောက် အထက်တန်းလွှာ မှူးမတ်တွေကို ဝေဖန်ရင်း ရုတ်တရက် ခပ်တိုးတိုး ရယ်လိုက်မိသည်။ တကယ့်စိတ်ရင်းနှင့် ခံစားချက်များထဲတွင် မျောပါသွားကြောင်း သတိထားမိသွားသောကြောင့်ဖြစ်၏။ အမှန်တကယ်ပဲ သူက ဤတိုင်းပြည်၏ မိဖုရား၊ ထိုလူ၏ ဇနီးမယားဖြစ်သကဲ့သို့။
'အဲ့ဒီလူက အချက်ပြ ပေါက်ပြီဆိုတာနဲ့ အကုန်ပစ်ချပြီး ထသွားတာကို။ အဲ့ဒီလိုဘုရင်မျိုး ဘယ်မှာရှိလို့လဲ။'
လာ့ခ်တွေ ညဘက်တွင် ပေါ်မလာတတ်သည်ကို တော်သေးသည်ဟုပဲ ပြောရမလား။ အကယ်၍သာ ညဘက်တွင် ရောက်လာမည်ဆိုလျှင် သူက ချစ်တင်းနှောနေရင်းတန်းလန်းလည်း ချက်ချင်း ထပြေးလောက်ပေသည်။
'ဟုတ်တယ်။ အဲ့ဒီလူသာဆို အဲ့ဒီလိုလုပ်မှာပဲ။'
ယူဂျင်းက စိတ်ကူးကြည့်ရုံနှင့်ပင် မနှစ်မြို့စရာကောင်းသည့် အခြေအနေကို တွေးကြည့်ရင်း ရယ်လိုက်သည်။
မေးထောက်လိုက်ရင်း အတွေးထဲမျောသွားပြန်၏။ မနေ့က ထိုလူ မှောင်ဝင်သားရဲကြီး၏ ကျောပေါ်သို့တက်ကာ ထွက်ခွာသွားသည့် နောက်ကျောပုံရိပ်က အတွေးထဲပေါ်လာလေတော့သည်။ သူ တိုက်ခိုက်ရန်ထွက်သွားသည့်ပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် နာရီပေါင်းများစွာကြာ၍ ကောင်းကင်တွင် အပြာရောင်မီးပွား ပေါက်ကွဲသည့်တိုင်အောင် ယူဂျင်းလည်း ဂနာမငြိမ် ဖြစ်နေခဲ့သည်။
'အတူတူရှိနေရင်းကနေ အဲ့ဒီလိုကြီး ထွက်သွားလိုက်ရင် ကျန်နေခဲ့တဲ့လူက သတင်းသိချင်နေလိမ့်မယ်လို့ မတွေးမိဘူးလား။'
ကိုယ်တိုင်ကိုယ်ကျ ပြန်မလာနိုင်လျှင်တောင်မှ အစေခံတစ်ယောက်လောက်ဖြစ်ဖြစ် စေလွှတ်ကာ အခြေအနေအကြောင်း ရိုးရိုးရှင်းရှင်း ရှင်းပြချက်ပေးခိုင်းဖို့က သိပ်ပြီး ခဲရာခဲဆစ်ဖြစ်လိမ့်မည်မထင်။
'အခု ရင်းနှီးလာပြီလို့ ထင်ထားတာကို...ငါပဲ အဲ့ဒီလိုတွေးတာများလား။'
ယူဂျင်းတစ်ယောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် တစ်ယောက်တည်း အိပ်ခဲ့သည်။ ရက်ပိုင်းလောက် နှစ်ခြိုက်စွာ အိပ်ခဲ့ရသောကြောင့် ခန္ဓာကိုယ်အခြေအနေက အင်မတန် လန်းဆန်းနေ၏။ သို့သော် ခန္ဓာကိုယ်အခြေအနေနှင့် ဆန့်ကျင်စွာ စိတ်ကတော့ ဂနာမငြိမ်ပေ။
ဓမ္မတာလာနေစဉ်အတွင်း ခါဆယ်ရ်သာ ယူဂျင်း၏ အခြေအနေကို ထည့်စဉ်းစားပေးခြင်းမရှိဘဲ အတင်းအကျပ် ကာမရယူခဲ့မည်ဆိုလျှင် မသတီစရာဟု တွေးမိမည်ပင်။ သို့သော် ယခု သူရှိမနေတော့လည်း ညီတူညီမျှ စိတ်တိုရပြန်သည်။
ခါဆယ်ရ်က သူ့အား ကလေးမွေးပေးမည့် ခန္ဓာကိုယ်တစ်ခုထက် ပိုပြီးမမြင်ကြောင်းက ထပ်ပြီးသိသာပေါ်လွင်လာခဲ့သည်။ စိတ်က ချက်ချင်း မှိုင်သွားရ၏။
'အရူးလုပ်မခံဘဲ နေရအောင်။ အဲ့ဒီလူ ကြင်နာပြနေတာတွေက ငါမွေးပေးမဲ့ ဆက်ခံသူကြောင့်ပဲ။'
ခါဆယ်ရ်က ဆက်ခံသူ မွေးပေးမည်ဟူသော ကတိတစ်ခုတည်းနှင့် သုံးနှစ်တာလုံး စည်းစိမ်များပုံအောကာ အိမ်ထောင်ရေးကို ထိန်းသိမ်းခဲ့သူဖြစ်သည်။ ရည်မှန်းချက် အထမြောက်ဖို့အတွက် တတ်နိုင်သမျှ ဘာမဆိုလုပ်မည့်လူပင်။
'ပြီးတော့ ငါကလည်း ဘယ်သူ့ကိုမှ အပြစ်လိုက်တင်နေလို့မဖြစ်ဘူး။ ဆက်ခံသူရဖို့အတွက် အဲ့ဒီလူက ဘာမဆို လုပ်မယ်မှန်းသိလို့ ကလေးမွေးပေးဖို့ တွေးခဲ့တာမဟုတ်လား။'
ယူဂျင်းက လေထဲသို့ အကြောင်သား စိုက်ကြည့်လိုက်သည်။ ရင်ထဲတွင် လေအေးတစ်ဝှေ့ တိုက်ခတ်သွား၏။ ကန္တာရထဲတွင် မျက်လုံးပွင့်လာပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုမိစဉ်က ခံစားခဲ့ရသော အထီးကျန်မှုထက် ပို၍ပြင်းထန်သော အထီးကျန်မှုက ဖုံးလွှမ်းသွားတော့သည်။
~~~~~
ယူဂျင်းက နောက်ဆုံး အလုပ်အကျွေးပြုမှု ပြီးဆုံးသွား၍ ထွက်သွားဖို့ပြင်နေသည့် အခြွေအရံမိန်းကလေးအား ခေါ်လိုက်သည်။
“အရှင်မင်းကြီးက အခုအထိ တော်ဝင်နန်းတော်ကို ပြန်မရောက်သေးဘူးလား။”
“မရောက်သေးပါဘူး၊ အရှင်မိဖုရား။”
မှောင်ရီပျိုးစတွင် ဘုရင်မင်းမြတ် နန်းတော်အပြင် ထွက်သွားသည်ဟု သတင်းကြား၏။ ခါဆယ်ရ်က မကြာမကြာ အပြင်ထွက်တတ်သည်။ သူက အခန့်သားထိုင်ကာ အမိန့်ချည်းပေးတတ်သည့်ဘုရင်မျိုး မဟုတ်သောကြောင့် ကိုယ်တိုင်လှုပ်ရှားရင်း ကြီးကြပ်ကွပ်ကဲသည့် ကိစ္စကလည်းများ၏။
မာရီအန်းဆီမှ ကြားရသော အပျင်းကြီးသည့် အထက်တန်းလွှာမှူးမတ်များအကြောင်း ပြန်တွေးမိတော့ ညည့်နက်သည့်တိုင် အလုပ်လုပ်နေဆဲဖြစ်သော ခါဆယ်ရ်က သနားစရာကောင်းသလိုလိုပင်။
ယူဂျင်းက စားပွဲပေါ်တွင်တင်ထားသည့် သစ်သားသေတ္တာကိုကိုဖွင့်ကာ လက်ဖက်ရည်ရွက်ထည့်ထားသည့် ဘူးပေါင်းများစွာထဲမှ တစ်ခုကို အခြွေအရံမိန်းကလေးဆီ ကမ်းပေးရင်း ပြောလိုက်သည်။
“အထိန်းတော်ချုပ်ကို အရှင်မင်းကြီး နန်းတော်ထဲပြန်လာတဲ့အခါ လက်ဖက်ရည်ဆက်သဖို့ပြောလိုက်။”
ပြီးခဲ့သည့်ရက်ပိုင်းက မာရီအန်းတစ်ယောက် ပင်ပန်းမှုကို ပြေပျောက်စေသည်ဟူသော လက်ဖက်ရည်ရွက်များ လက်ဆောင်ပေးသွားခဲ့သည်။ သောက်ကြည့်လိုက်တော့ ခေါင်းကြည်အောင်လုပ်ပေးနိုင်သည့် အာနိသင်ရှိပြီး အရသာလည်းကောင်း၏။
“အမှာပါးပေးလိုက်ပါ့မယ်။ အရှင်မိဖုရား။”
တစ်ယောက်တည်းကျန်ရစ်ခဲ့သော ယူဂျင်းလည်း မှန်တင်ခုံတွင်ထိုင်ကာ နေ့စဉ်မှတ်တမ်း စရေးတော့သည်။
ယူဂျင်းက နေ့စဉ်နေ့တိုင်း မအိပ်ခင် ထိုတစ်နေ့တာတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် မှတ်တမ်းတင်လေ့ရှိသည်။ တစ်ကိုယ်ရေသုံး လျှို့ဝှက်နေ့စဉ်မှတ်တမ်းဖြစ်သဖြင့် ကိုရီးယားဘာသာစကားနှင့်သာ ရေး၏။ ဘယ်သူမှမဖတ်နိုင်သည့် ကိုယ်ပိုင် လျှို့ဝှက်စာရှိနေသည်ဟူသောအချက်က စိတ်လုံခြုံမှုတစ်မျိုးကို ပေးပေသည်။
ယူဂျင်းက နေ့စဉ်မှတ်တမ်း၏ ပထမဆုံးစာမျက်နှာတွင် လုပ်ရမည့်ကိစ္စများစာရင်းကို ဖြည့်လိုက်၏။
-ပထမဆုံး လူမှုရေးစုဝေးပွဲပါတီ မတက်ခင် အနေအထားကို အကဲခတ်ကြည့်ဖို့လိုအပ်တယ်။ လက်ဖက်ရည်ပါတီ စုဝေးပွဲအသေးစားလေး လုပ်ရမလား။
ယူဂျင်းက မှန်တင်ခုံအံဆွဲကိုဖွင့်ကာ နေ့စဉ်မှတ်တမ်းကို ပြန်ထည့်လိုက်သည်။ ထရန်ပြင်လိုက်ပြီးမှ မှန်ထဲတွင်ထင်နေသည့် ကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်မိကာ ရပ်သွားခဲ့သည်။ မရင်းနှီးသော မျက်နှာကို ပထမဆုံး ရက်ပိုင်းအတွင်း လန့်ခဲ့မိသော်လည်း ယခုတော့ ကိုယ့်မျက်နှာလိုပင်။
‘ဂျင် အာနီခါ…ငါက နင်ဖြစ်လာတော့ နဂို နင်က တကယ်ပဲ ဘယ်ရောက်သွားတာလဲ။’
ပြီးတော့ ယူဂျင်း၏ နဂိုခန္ဓာကိုယ်ကရော ဘယ်ရောက်သွားသလဲ။
ယူဂျင်းက မဟာသို့ ရောက်ရောက်ချင်း အခိုက်အတန့်ကို ပြန်တွေးလိုက်သည်။ ယခုအထိ စိတ်ထဲတွင် ထင်ထင်ရှားရှားရှိနေဆဲ။
သူ့ကို အကြွေးရှင်များလိုက်သဖြင့် ပြေးရာက ထွက်ပေါက်ပိတ်သည့်လမ်းကြားထဲတွင် ကူကယ်ရာမဲ့စွာ ရပ်နေမိစဉ်။ ယင်းအခိုက်အတန့်တွင် ထိုအရာပေါ်လာခဲ့ခြင်းဖြစ်သည်။
ပထမတော့ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာ ထင်ခဲ့မိ၏။ နံရံတွင်ပေါ်လာသည့် တွင်းနက်ကြီးက ကျိန်းသေပေါက် ဤကမ္ဘာမှမဟုတ်။ ပတ်ဝန်းကျင်တွင်ရှိသမျှ အလင်းရောင်အားလုံးကို မျိုယူသွားတော့မည့်အလား အတွင်းပိုင်းက မည်းနက်နေကာ ဘာမှန်းမသိရသည့် ဓာတ်တစ်မျိုးက လေပွေအလား အတွင်းထဲတွင် ဝေ့ဝဲလည်ပတ်နေသည်။ အရွယ်အစားကား လူတစ်ယောက် ဖြတ်သန်းဝင်ရောက်နိုင်ရုံကွက်တိ။ ငရဲခန်းအဝင်ဝမှ လက်ယက်ခေါ်နေသလိုပင်။
ဘေးလမ်းကြားမှ ယူဂျင်းနောက်ကိုလိုက်လာသည့် ခြေသံများကို ကြားနေရသည်။ မိသွားလျှင် ခံစားရမည့် နှိပ်စက်မှုများက တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှ၏။ သူသာပျောက်သွားလျှင် သူ့ဆီက ငွေအချောင်နှိုက်ခွင့်ကို ဆုံးရှုံးရမည့် မိသားစုဝင်တွေ ဘယ်လောက် ပျာသွားကြမလဲဟု တွေးလိုက်မိတော့ မချိပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယူဂျင်းလည်း သေဖို့မဟုတ်ဘဲ ရှင်သန်ဖို့အတွက် တွင်းနက်ကြီးဆီသို့ မဆိုင်းမတွ လျှောက်လှမ်းလိုက်တော့သည်။
အံ့ဩစရာကောင်းလောက်အောင်ပင် အမှောင်ထု၏ ဖုံးလွှမ်းမှုကိုခံရခြင်းက သက်သောင့်သက်သာရှိလှသည်။ ခန္ဓာကိုယ် မျောလွင့်သွားသည်ကို ခံစားရင်း ယူဂျင်းလည်း အေးချမ်းသွားသည့်စိတ်နှင့် မျက်လုံးများကို မှေးမှိတ်ထားလိုက်တော့၏။ ထိုနောက်ပိုင်းတွင် ဘာဖြစ်သွားသည်ကိုမူ မမှတ်မိတော့ပေ။
ထိုတွင်းကြီးထဲသို့ ဝင်သွားပြီးသည့်နောက် အချိန်မည်မျှကြာသွားပြီမှန်းတော့မသိ။ သေလည်းမသေခဲ့သလို၊ ငရဲလည်းမကျခဲ့။ ဆုတောင်းခဲ့သည့်အတိုင်း သူ့ကို ဘယ်သူမှမသိကြသောကမ္ဘာတွင် နိုးလာခဲ့သည်။
‘အဲ့ဒီ ဖြတ်လမ်း…ဟုတ်တယ်၊ ဖြတ်လမ်းပဲဖြစ်ရမယ်။ စိတ်ဝိညာဉ်ပဲ ဖြတ်သန်းသွားလာနိုင်တာလားမသိဘူး။’
ရုပ်ခန္ဓာက ထိုတွင်း၏ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီလား မသိရပေ။
‘ဂျင်။ ငါ့မှာ နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ဘူး။ အခု နင် ပြန်လာရင်တောင် နင့်အတွက် နေရာမရှိဘူးလို့။”
ပထမတော့ ပျက်ကိန်းဆိုက်နေသည့် ဂျင်၏ အနာဂတ်ကိုသာ ပြောင်းလဲဖို့တွေးခဲ့သည်။ သို့သော် ဘယ်တုန်းက စခဲ့တာပါလိမ့်။ တဖြည်းဖြည်းနှင့် လောဘက ပိုတက်လာသည်။ ရှင်သန်ဖို့အတွက်မဟုတ်ဘဲ ‘ယူဂျင်း’ အဖြစ် နေချင်လာ၏။
ယူဂျင်းက ကိုယ့်လက်ကိုယ်ငုံ့ကြည့်ကာ ဖွဖွလေး လက်သီးဆုပ်လိုက်သည်။ ဤလက်များထဲတွင် အခွင့်ထူး အများအပြားရှိ၏။ သို့သော် နဂိုက အကုန် ဂျင်၏အပိုင်သာဖြစ်သည်။ လူကောင်းမဟုတ်ဟုဆိုကာ ထိုလူပိုင်သောအရာများကို ခိုးယူ၍ ဖြစ်မည်လား။
အသိတရားရှိနေလျှင်လည်း ရှိသည့်အလျောက်၊ မရှိပြန်လျှင်လည်း ထိုသို့မရှိသည့် ကိုယ့်ပုံစံကိုယ် စိတ်ပျက်မိ၍ တစ်လျှောက်လုံး စိတ်ထဲတွင် ဝန်လေးကာ နေသွားရပေမည်။
‘ဒါပေမဲ့ ဒါက လက်တွေ့မဟုတ်ဘူးလေ။ ငါဖန်တီးထားတဲ့ ဝတ္ထုထဲက ကမ္ဘာပဲကို။….မဟုတ်သေးပါဘူး။ ဘယ်လောက်ပဲ လက်တွေ့မဟုတ်ဘူးလို့ပြောပြော။ ဒီလောက်တောင် ထင်ထင်ရှားရှားကြီး ရှိနေတာကို။ မာရီအန်းရော၊ ဂျီးန်ရော အကုန် သူတို့ဘဝနဲ့သူတို့ နေနေကြတာကို။’
ယူဂျင်းက လက်နှစ်ဖက်နှင့် ခေါင်းကိုဆုပ်ကိုင်ကာ အဆုံးမရှိ အတွေးသံသရာလည်နေရာက ရုတ်တရက် ထရပ်လိုက်သည်။
‘အတွေးလွန်နေလို့ ဘာမှအဖြေထွက်မှာမဟုတ်ဘူး။ ဒီနေ့တော့ ဒီနေ့ကိစ္စပဲ စဉ်းစားပြီး၊ နောက်နေ့ကိစ္စကို နောက်နေ့မှ စဉ်းစားတာပေါ့။’
ယူဂျင်းက အခိုင်အမာစိတ်ပိုင်းဖြတ်ပြီး အိပ်ရာဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။ ယနေ့ကျမှ အိပ်ရာက ပုံမှန်နှင့်မတူအောင် ကြီးနေသလိုလို။ ယူဂျင်းလည်း အိပ်ရာပေါ်တက်ကာ စောင်ဆွဲခြုံလိုက်တော့သည်။
“အရှင်မိဖုရား။”
အပြင်မှ အခြွေအရံမိန်းကလေး၏အသံကို ကြားလိုက်ရသည်။ ယခုလိုအချိန်ကြီး အခြွေအရံမိန်းကလေး လာဖူးခြင်းမရှိသောကြောင့် ယူဂျင်း၏ မျက်နှာထား တင်းသွား၏။
“ဘာကိစ္စရှိလို့လဲ။”
တံခါးပွင့်သွားကာ အခြွေအရံမိန်းကလေး ဝင်လာခဲ့သည်။ သူက မြန်မြန်လေး လျှောက်လာပြီး ဦးညွှတ်အရိုအသေပြု၏။
“အရှင်မိဖုရား။ မရဏဘုရင် အရှင်မင်းမြတ် ကြွချီလာပါတယ်။”
“အခုလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
“ဧည့်ခန်းမှာ ရှိနေတာလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
ဘုရင်မင်းမြတ် အကြောင်းကြားခြင်းမရှိဘဲ ကြွချီလာခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ယခင်က အမြဲတစေ ထူးခြားသည့် အခြေအနေ အကြောင်းရင်းများရှိခဲ့ပေသည်။ ဤမျှညဉ့်နက်နေသည့်အချိန်တွင် ရောက်လာခြင်းမှာမူ ယခုမှ ပထမဆုံးအကြိမ်ပင်။
“အထဲကို ပို့ဆောင်ပေးလိုက်။”
အခြွေအရံမိန်းကလေး ထွက်သွားပြီး ခဏအကြာတွင် ခါဆယ်ရ် ဝင်လာခဲ့သည်။ သူက ဝတ်ရုံတော်ကို အပြည့်အဝ ဝတ်ဆင်ထားပြီး ပြီးပြည့်စုံစွာ သေသေသပ်သပ် စနစ်တကျရှိနေသည်။ ယခုလေးတင် နန်းတော်သို့ ပြန်ရောက်လာသည့်ပုံပင်။ နှစ်ယောက်သား ဆိုဖာတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
“အိပ်နေတဲ့လူကို ငါက နှိုးမိသွားတာလား။”
“မဟုတ်ပါဘူး။ အခုအထိ အိပ်မပျော်သေးပါဘူး။ ဘာကိစ္စရှိလို့လဲရှင့်။ ဒီအချိန်မှ ရုတ်တရက်ကြီး။”
ခါဆယ်ရ်က ချက်ချင်းပြန်မဖြေခဲ့။ သူလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ချင်သည်။ ဒီကို ဘာကြောင့် လာခဲ့မိမှန်း ကိုယ်တိုင်လည်း မသိပေ။
စောစောက ခါဆယ်ရ် နန်းတော်ကိုပြန်ရောက်တော့ ရုံးခန်းဆီသို့ တန်းသွားခဲ့သည်။ များပြားလှသည့် အလုပ်တာဝန်များကို ညနက်သည်အထိ ဆောင်ရွက်လာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ယနေ့ညသည်လည်း ထိုကဲ့သို့ပင်။
ထိုသို့နေရာက အထိန်းတော်ချုပ် လက်ဖက်ရည် တည်ခင်းဆက်သပြီး ‘အရှင်မိဖုရား ပို့လိုက်တာပါ’ ဟု ပြောလာချိန်တွင် ဖွဖွလေး အရိုက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ထင်မှတ်မထားသောလက်ဆောင်ကို ရလိုက်သောကြောင့် ဂနာမငြိမ်ဖြစ်လာခဲ့သည်။
မိဖုရားက ဘုရင့်ရုံးခန်းသို့ လက်ဖက်ရည်တို့၊ အချိုပွဲတို့ ပို့ပေးခြင်းမှာ အထူးအဆန်းတော့မဟုတ်။ အစဉ်အလာအတိုင်း ဝတ်ကျေတမ်းကျေ လက်ဆောင်ပင်။
ထို့အပြင် လက်ဖက်ရည် လက်ဆောင်ပို့ပေးခြင်းက ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။ လက်ထပ်ပြီးခါစ ကနဦးကာလတွင် မိဖုရားက ကြင်နာပြဖို့ အင်မတန် အားထုတ်ခဲ့သည်။ မနက်တိုင်း ညနေတိုင်း ဂါရဝစကားပါးလေ့ရှိပြီး၊ ကိုယ်တိုင်ကိုယ်ကျ အဆာပြေမုန့်များ ပြင်ဆင်ကာ ညီလာခံခန်းမအထိပင် လာတတ်ပေသည်။
~~~~~
Miel’s Translations