Chapter25 - အတန်းခွဲခြင်း
အတန်းခွဲတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးက ဟာသလိုဖြစ်နေခဲ့တယ်။ ဟွာတျန် မှင်သက်နေမိစဉ်မှာပင် သူမက ကံကောင်းစွာဖြင့် ရူပဗေဒ ဆရာရဲ့ အတန်းကို ရောက်သွားခဲ့သည်။
ထို တည်ငြိမ်သော အမူအရာဖြင့် ရူပဗေဒ ဆရာသည် ဟွာတျန် နာမည်ပါတဲ့ မဲလိပ်ကို ရလိုက်သောအခါ "ဒါပဲ" ဟုအော်ကာ ထပင်ခုန်မိလေသည်။
မစ်စတာဝမ်က တစ်ခြားဆရာတွေရဲ့ မနာလိုတဲ့ အကြည့်တွေအောက်မှာပဲ ဟွာတျန်နားကို ရောက်လာခဲ့သည်။ သူက ရုပ်တည်ကြီးကနေ မနည်းဖျစ်ညစ်ပြုံးလိုက်ပြီး "ဟွာတျန် မင်းက ဒုတိယနှစ် အတန်း A မှာ တက်ရမယ်။ ငါက မင်းရဲ့ ဆရာပဲ။ နားနေခန်းကို ခဏနေကျရင် လာခဲ့လိုက် ငါမင်းကို မှတ်ရမယ့် မှတ်စုတွေ ပေးမယ် ဟုတ်ပြီလား"
ဟွာတျန် ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။"ဟုတ်ကဲ့ပါဆရာ"
ကျောင်းအုပ်ကြီးက အတန်းပိုင်ဆရာဖြစ်သွားတဲ့ မစ်စတာဝမ်ကို ပြုံးပြီးပြောလိုက်သည်။ "အခုကစပြီး ဟွာတျန်ကို ဆရာ့လက်ထဲ အပ်လိုက်ပြီ ဟွာတျန်ရဲ့ သင်ကြားမှုအတွက် တာဝန်ရှိသွားပြီနော် ငါတို့ကို စိတ်ပျက်အောင်မလုပ်နဲ့"
အတန်းပိုင်ဆရာက သက်ပြင်းချပြီးပြန်ပြောလိုက်သည်။ "အာ ဆရာက ကျွန်တော့်ကို ဖိအားတွေပေးနေတာပဲ။ တစ်ခြားဆရာတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်က ငယ်သေးတယ်လေ ပြီးတော့ ဟွာတျန် ရဲ့ အခြေအနေကလည်း ကောင်းနေတာပဲကို ဒါပေမယ့် ဒီကျောင်းသူက အနာဂါတ်မှာ ကျောင်းအတွက် ဂုဏ်ယူစရာဖြစ်လာလိမ့်မယ် ဆိုတာကို ကျွန်တော်ယုံတယ်"
ကျောင်းအုပ်ကြီးက ပြောလိုက်လေသည်။ "မစ်စတာဝမ် ကိုယ့်ကိုကိုယ်နှိမ့်ချမနေပါနဲ့ ဒီလိုမှ မဟုတ်ရင် တစ်ခြားဆရာတွေက စိတ်မထိန်းနိုင်ဘဲ မင်းကို ဂုန်နီအိတ်နဲ့ စွပ်ပြီး ဝိုင်းရိုက်ကြလိမ့်မယ်"
သူလှည့်ကြည့်လိုက်တဲ့အခါ ဆရာတော်တော် များများက ဒေါသတကြီးနဲ့ ကြည့်နေပြီး သူတို့ အင်္ကျီ လက်တွေကို ခေါက်တင်နေကြလေသည်။ မစ်စတာဝမ်လည်း လန့်သွားပြီး ချောင်းဟန့်လိုက်ကာ ကျောင်းအုပ်ကြီးကို ပြောလိုက်လေသည်။ "ဆရာ ဟွာတျန်ကို ရှင်းပြစရာရှိသေးလား မရှိတော့ရင် ကျွန်တော့် ကျောင်းသားကို ခေါ်သွားလိုက်တော့မယ်"
သူပြောလိုက်တဲ့ ကျွန်တော့် ကျောင်းသားဆိုတဲ့ စကားက တစ်ခြားဆရာများကို ပို၍ပင် စိတ်တိုသွားစေခဲ့သည်။
ကျောင်းအုပ်ကြီးကလည်း သူ့ကိုနှုတ်ဆက်လိုက်ပြီး "အေးအေး ဟွာတျန်ကို မြန်မြန် ခေါ်သွားလိုက်တော့ နောက်မှ သူ့ကို ကျောင်းက စကော်လားရှစ် ကျောင်းသားနဲ့ပက်သက်ပြီး ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ အတွက် လျှောက်လွှာတင်ဖို့ ရှင်းပြပေးလိုက် အဲ့ထဲမှာ ကျူရှင် လခတွေရော နေထိုင်စရိတ်တွေရော ပါတယ်ဆိုတာ ပြောပြထားလိုက် သူ့ကို နောက်ဆံတင်းမနေစေနဲ့"
"ဟုတ်ကဲ့ ဆရာ ကျွန်တော် နောက်မှ သီးသန့်ခေါ်ပြောပြလိုက်ပါမယ်။" မစ်စတာဝမ်က ဟွာတျန်ကို လက်ယက်ခေါ်လိုက်ပြီး "ဟွာတျန် ဆရာနဲ့ လိုက်ခဲ့ ရုံးခန်းကိုသွားပြီး မင်းရဲ့ အချက်အလက်တွေ ဖြည့်ရအောင်"
ဒါကြောင့် ဟွာတျန်ကို အတန်းပိုင်ဆရာက ဒုတိယနှစ်ဆရာတွေရဲ့ ရုံးခန်းကို ခေါ်သွားပြီးသူ့ထိုင်ခုံမှာထိုင်ခိုင်းလိုက်ပြီး ကျောင်းသားလျှောက်လွှာဖောင် အလွတ် တစ်ခုပေးလိုက်တယ်။ သူက ဟွာတျန်ကို အခြေခံ အချက်အလက်တွေ ဖြည့်ခိုင်းလိုက်တယ်။ အုပ်ထိန်းသူ အချက်အလက်တွေ ဆက်သွယ်ရမယ့် အချက်အလက်တွေက သူမ ပထမနှစ်တုန်းကနဲ့ လုံးဝ မတူတော့ပါ။
မစ်စတာဝမ်က သူမကို "ဟွာတျန် ဒီဖောင်ကိုအရင်ဖြည့်ထားလိုက်နော် ဆရာ အတန်းထဲမှာ ကိစ္စတစ်ချို့ ရှိလို့ သွားလိုက်ဦးမယ်" ဟုပြောပြီး ဟွာတျန်ကို ဖောင်ဖြည့်ခိုင်းထားခဲ့လေသည်။
"ဟုတ်ကဲ့ ဆရာ " ဟွာတျန် ခေါင်းငြိမ့်လိုက်ပြီး ဖောင်တိန်ကို ကောက်ကိုင်ကာ လျှောက်လွှာဖောင်ကို စဖြည့်လိုက်တော့တယ်။
အချိန်ကြာလာသည်နှင့် အမျှ တစ်ခြားဆရာတွေက ရုံးခန်းထဲကို အဝင်အထွက်လုပ်နေကြလေသည်။ အံဩစရာကောင်းတာက ဆရာ ဆရာမတွေ အကုန်လုံး သူမကို သိနေကြပုံရပြီး သူမကို ဖော်ရွေကြလေသည်။ တစ်ချို့ ငယ်ရွယ်တဲ့ ဆရာမလေးတွေဆို သူတို့ မုန့်တွေကိုပါ ဟွာတျန်ကို လာကျွေးကြလေသည်။
ဒါက ဟွာတျန်ကို သူမကများ လူတိုင်းသဘောကျစေတဲ့ အားသာချက်များ ရှိလို့လားလို့တောင် ထင်ပြီး အံဩသွားစေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် တစ်ခြားသူတွေရဲ့ အာရုံကို လှည့်စားနိုင်တဲ့ နည်းပညာက နောက်နှစ်ပေါင်း ၂၀၀ လောက်မှာမှ ပေါ်လာမှာပါ။ ဒါကြောင့် ဟွာတျန်က အခု သူမ တွေ့မြင်ခံစားနေရတာတွေက အလွန် မှော်ဆန်ပြီး အံဩစရာကောင်းနေလေပေသည်။
ဟွာတျန်က အခု ဒီကမ္ဘာကြီးနှင့် သူမ ကိုယ်တိုင်နဲ့ တစ်ခုခုများ လွှဲနေသလားလို့ စဉ်းစားမိနေချိန်တွင် ဟွာယု ပေါ်လာမှုကြောင့် သူမ ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားသလိုခံစားလိုက်ရလေသည်။
ခဏတာ အနားယူပြီးနောက် ဆရာ ဆရာမတွေက သူတို့ သက်ဆိုင်ရာအတန်းတွေအတွက် အစည်းအဝေးလုပ်ဖို့ ထွက်သွားကြလေသည်။ ဟွာတျန် တစ်ယောက်တည်းသာ ရုံးခန်းထဲမှာကျန်နေခဲ့သေလည်။ သူမလည်း ဖောင်ကိုဖြည့်ပြီးသွားပြီမို့လို့ ပျင်းရိငြီးငွေ့ စွာဖြင့် အာသန်းရင် ဖောင်တိန်ကို လှည့်နေလိုက်လေသည်။
ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်သည်။ ဟွာတျန်လည်း လန့်သွားပြီး ချက်ချင်းပဲ တုံ့ပြန်လိုက်တယ်။ "ဝင်လာလို့ရပါတယ်။"
"ဟယ်လို မစ်စတာဝမ် သမီး ဆရာ့ကို သမီးတို့ အတန်း ရဲ့ အတန်းတက်စာရင်းလာပေးတာ" ချိုသာပြီး သိမ့်မွေ့တဲ့ အသံသည် ရုတ်ချည်းရပ်တန့်သွားပြီး ဟွာယုသည် မစ်စတာဝမ်ရဲ့ ခုံမှာ ထိုင်နေတဲ့ ဟွာတျန်ကို စိုက်ကြည့်နေလိုက်သည်။ "ဟွာတျန် နင်က ဘာလို့ ဒီရောက်နေတာလဲ"
"ထပ်ပြီး နင်ပဲ ဖြစ်နေပြန်ပြီလား" ဟွာတျန်က သူမရှေ့ ရုတ်တရက်ပေါ်လာတဲ့ ဟွာယုကို စိတ်ပျက် လက်ပျက် ကြည့်လိုက်လေသည်။ သူမ ဒီကျောင်းကို ဆက်တက်ဖို့ ရွေးချယ်ခဲ့တာက ကောင်းတဲ့ရွေးချယ်ချက် မဟုတ်ဘူးလို့တောင် ခံစားလာရလေသည်။
"ဒါက ငါမေးရမယ့်ဟာမလား နင်ကဘာလို့ လူမုန်းများတဲ့ ပိုးဟပ်တစ်ကောင်လို့ ခဏခဏ ပေါ်လာရတာလဲ "
ဟွာယုက ရယ်မောနေပြီး မစ်စတာဝမ် ထိုင်ခုံဆီ လျှောက်သွားလိုက်သည်။ ပြီးတော့ ဟွာတျန်ရှေ့က လျှောက်လွှာဖောင်ကို ကောက်ကြည့်လိုက်သည်။
"နင့်ရဲ့ ကျောင်းသား မှတ်တမ်းလား ဒါဆို နင်က ဒီနေ့ တကယ်ပဲ ငွေထုတ်ဖို့ လာလုပ်တာပေါ့ နင့်ကို လက်ခံချင်တဲ့ တစ်ခြား အထက်တန်းကျောင်းတွေ ရှိမှာလည်းမဟုတ်ဘူး ဘာလို့ ဒီကျောင်းကို အခက်ကြုံအောင် လာလုပ်နေတာလဲ နင်ဘာသာ အထုပ်ထုပ်သွားပြီး လျှပ်စစ်ပစ္စည်းစက်ရုံမှာ အလုပ်သွားလုပ်သင့်တယ်"
ဟွာတျန်က ခုံပေါ်မှာ ပျင်းပျင်းရိရိ ထိုင်နေရင်း ဘောပင်ကို ကျွမ်းကျင်စွာလှည့်နေလေသည်။ သူမက ရိုးရှင်စွာထိုင်နေပေမယ့်လည်း သူမ ပုံစံက ဟွာယုထက် ပိုပြီး သန်မာသည့်ပုံပေါက်နေလေပေသည်။
"နင် ဖြစ်စေချင်တဲ့ အတိုင်းမဖြစ်လာလို့ စိတ်မကောင်းပါဘူး ငါထွက်သွားချင်ရင်တောင် ထွက်သွားလို့မရတော့လို့ အားနာတယ်"