Chapter 8.1
“ဆူညံသံ”
ကျန်းရှို့၏ခင်ပွန်း လီတာရှန်က ရွာလူကြီး၏မိသားစုနှင့် ဆွေမျိုးမတော်သော်လည်း တခြားမိသားစုများနှင့်ယှဥ်လျှင် အတော်လေးရင်းနှီးသည်။ အိမ်ထဲဝင်လာပြီးနောက် သူက အဆုတ်ကွဲအောင် အော်ခေါ်လိုက်လေ၏။ “ဦးလေး? ဦးလေးရှိလား?”
ရွာလူကြီး၏အိမ်က ရွာထဲက အကောင်းဆုံးအိမ်ဖြစ်ပြီး အပြာရောင်အုတ်နှင့်ကြွေပြားဖြင့် ဆောက်လုပ်ထားသည်။ ယင်းမှာ သပ်ရပ်ကျယ်ဝန်းပုံပေါ်သည်။ ခြံရှေ့တွင် ဂျူဂျူသီးပင်နှင့် သလဲသီးပင် စိုက်ပျိုးထားပြီး မွေးဖွားမှုနှင့် ကံကောင်းခြင်းဟူ၍ ကိုယ်စားပြုသည်။ နွေရာသီမှာ ရာသီဥတုပူလေ ခြံကအသက်ဝင်လေဖြစ်၏။ ထိုအချိန်တွင် လူလတ်ပိုင်းကောတစ်ယောက်က အိမ်ထဲမှထွက်လာပြီး သူက လာလည်သူကို ပြုံးပြခဲ့သည်။ သူက ရယ်မောကာ စနောက်လိုက်သေးသည်။ “တာရှန်ရဲ့မိသားစုက အားရှို့ပဲ။ ဘာကိစ္စရှိလို့လဲ? တစ်ယောက်ယောက်က မင်းအောက်ပိုင်းကို မီးရှို့လိုက်လို့လား?” သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် စနောက်ဖို့အတွက် ကောင်းလွန်းသည်။
“ကျွန်တော့်ဖင်ကြီးကို ဘယ်သူမှရှို့မနေဘူး။” ကျန်းရှို့၏မျက်နှာက အလွန်တက်ကြွနေ၏။ “ဦးလေးအိမ်မှာရှိလား? ကျောက်မိသားစုက ပြဿနာရှာနေလို့။ ဦးလေး သူတို့ကို ကယ်တင်မှရမယ်။ မဟုတ်ရင် မင်ကောအာနဲ့ သူ့သားကို ကျောက်မိသားစုက သေအောင်နှိပ်စက်လိမ့်မယ်။”
“ဘာ… ဘာလို့ နှစ်အစမှာ သေမယ့်ကိစ္စတွေ ပြောနေတာလဲ” ပထမလမဆုံးခင်မှာ ထိုစကားလုံးများ မပြောကောင်းပေမယ့် တစ်ဖက်က ဆက်ပြောခဲ့သည်။ “ကျောက်မိသားစုက ပြဿနာရှာနေလို့ ခင်ဗျား သွားပြီး ထိန်းချုပ်နိုင်လား? အရင်နှစ်ရက်က ဘိုးဘိုးကျောက် ငွေအတွက်နဲ့ မင်ကောအာကို နောက်အိမ်ထောင်ပြုဖို့ ဖိအားပေးခဲ့တယ်လေ။” စိုက်ပျိုးရာသီမဟုတ်၍ ရွာတွင်ဖြစ်ပျက်နေသော ကောလာဟလများက လျင်မြန်စွာ ပျံ့နှံ့လာသည်။ ရွာလူကြီး၏ဇနီးကို သူ့အသိတွေက သတင်းပေးပြီးပြီပင်။
သူပြောလို့ပြီးသည်နှင့် ရုပ်တည်သော လူလတ်ပိုင်းအမျိုးသားတစ်ယောက်က လျှောက်ထွက်လာခဲ့သည်။ သူက သာမန်လယ်သမားများနှင့် ယှဥ်လျှင် ပို၍ ကြီးကျယ်ခမ်းနားပုံရသည်။ “ဒီကျောက်မိသားစုက တကယ်အရှက်မရှိတာပဲ။ တူတူသွားကြည့်ရအောင်။ ပထမလပဲရှိသေးတာကို သူတို့က လူသတ်ချင်နေတယ်ပေါ့။” အကယ်၍ တစ်ယောက်ယောက် အမှန်တကယ်သေဆုံးသွားပါက သူ့အပြစ်ဖြစ်လာမည်ဖြစ်၍ ၎င်းက ဖျင်ရှန်ရွာ၏ ဂုဏ်သိက္ခာကို ကျဆင်းစေလိမ့်မည်။ အဘိုးကျောက်က လူကောင်းတစ်ယောက်ဖြစ်သော်လည်း သူက ဇနီးကောင်းတစ်ယောက်ကို လက်မထပ်ခဲ့ပေ။ ဤဇနီးက သူ့ခင်ပွန်းမရှိတော့ ပို၍ပင် မောက်မာလာခဲ့သည်။ ပညာတတ်တစ်ယောက်ဖြစ်သည့် ကျောက်ဖျင်ချွမ်၏ မျက်နှာကြောင့်သာမဟုတ်ရင် ရွာသူကြီးက ကောအဘိုးကြီးကို သည်းခံနေမှာမဟုတ်ပေ။
“သွားမယ်။ သွားစို့။ အဘိုးကြီးကျောက်ကို ကြောက်တဲ့ တခြားသူတွေလိုမဟုတ်ဘူး။ ငါ သူ့ကိုမကြောက်ဘူး။ ဒီလိုလူမျိုးက ဆင်ခြင်တုံတရားမရှိဘူး။ အားရှို့…. မင်းအရင်သွားနှင့်။ မင်းဦးလေးက နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာလိမ့်မယ်။” ရှန်းဖူလန်က သူ့အင်္ကျီလက်ကိုပုတ်ပြီး သူ့ခင်ပွန်းကိုတစ်ချက်ကြည့်ကာ လျှောက်ထွက်သွားခဲ့သည်။ သူ့ခင်ပွန်းက ထိုအဘိုးကြီးနဲ့ ဆက်ဆံဖို့ စိတ်မရှည်ကြောင်းသိ၍ သူက အဖော်လိုက်ပေးရမှာပေမယ့် သူမကြောက်ပါပေ။
“ကောင်းပြီ… ဦးလေး… ခင်ဗျားနှေးမနှေနဲ့ဦးနော်။ တခြားမျိုးနွယ်စုလူကြီးတွေကိုလည်း အတူခေါ်လိုက်ရင်ကောင်းမယ်။ ဒါမှ ဘိုးဘိုးကျောက်က ဦးလေးကို မတိုက်ခိုက်နိုင်မှာ။” ကျန်းရှို့က ဝမ်းသာအားရပြောလိုက်၏။
ရွာလူကြီး၏ဇနီးက ကျန်းရှို့ကို ထူးဆန်းသောအကြည့်တစ်ချက်ပေးပြီး သူ့နဖူးကို လက်ညိုးဖြင့် ပုတ်လိုက်သည်။ ဤအရာကို သူ့စိတ်ထဲမှာ တွေးထားပြီးသားဖြစ်ပေမယ့် ရှို့အာက စိတ်ထားကောင်းသည့် ကောတစ်ယောက်ဆိုတာ သူသိသည်။ တတိယသားအကြောင်း တွေးမိသောအခါ သူ့ခင်ပွန်းက ကျောက်လောင်စန်းကို သဘောကျပေမယ့် ဤကဲ့သို့ ညံ့ဖျင်းသောလူကို နှိမ့်ချသည်။ သူ့မိသားစုထဲက ကောင်လေးနှစ်ယောက်ကလည်း စာသင်နေပေမယ့် သူတို့က လယ်လုပ်ဖို့လည်း မမေ့ပေ။ သူတို့ကောင်းကင်ပေါ်ပျံနိုင်လျှင်ပင် အောက်ခြေလွတ်သွားမှာမဟုတ်ပေ။
&&&
ရွာ၏နောက်ဘက်တွင် ကျောက်မိသားစုတံခါးဝက အကျယ်ကြီးဖြစ်၍ လူတွေအုံနေသည်။
ကျန်းရှို့၊ ရွာသူကြီးနှင့် သူ့ဇနီးတို့ ရောက်လာသောအခါ သူတို့က ဘိုးဘိုးကျောက်၏ ငိုကြွေးသံကို ကြားလိုက်ရသည်။
“မင်းဘာလို့ စောစောသေသွားရတာလဲ။ ဒီအဘိုးကြီး ဒီလိုအနိုင်ကျင့်ခံရဖို့ ထားခဲ့တာလား? ငါ့ဘဝက ဘာထူးတော့မှာလဲ? ဒီနေ့ ကောင်းကင်က မိုးကြိုးပစ်နေပြီး ငါက ကိုယ့်သားရဲ့ အနိုင်ကျင့်ခံနေရတုန်းပဲ။ မျက်လုံးဖွင့်ကြည့်ပါဦး။ ငါရှင်သန်ဖို့ ဖြစ်နိုင်ပါဦးမလား? မင်းငါ့ကိုရိုက်သတ်ပစ်လိုက်ပါတော့လား?”
“ဒီကံဆိုးတဲ့ကောင်က ငါ့ယောကျာ်းကို သတ်ခဲ့သလို သူ့အဖေကိုလည်းသတ်ခဲ့တယ်။ ငါတို့ကျောက်မိသားစုက သဘောထားကြီးလို့ သူ့ကိုလက်ခံပေးခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သူ ငါ့သားကို သတ်လိုက်မယ်လို့ ငါမထင်ခဲ့ဘူး။ သူ ကျောက်မိသားစုထဲ ဝင်လာတော့ ဘာလုပ်ပေးခဲ့လို့လဲ? သူက လူကြီးတွေကို မလေးစားရုံတင်မကဘူး။ ငါ့သားအလတ်ကောင်ကိုပါ မိသားစုနဲ့ခွဲပစ်ခဲ့တယ်။ ဒါတောင် သူက မကျေနပ်သေးဘူး။ သူက အိမ်မှာ သူ့ယောကျာ်းအတွက် ပူဆွေးနေမယ့်အစား ငါ့ဆီလာပြီး ဆူညံဆူညံနဲ့ ငါ့မိသားစုကို နှောင့်ယှက်လိုက်သေးတယ်။”
ဘိုးဘိုးကျောက်က နှာချေးနှင့် မျက်ရည်အပြည့်ဖြင့် မြေကြီးပေါ်မှာထိုင်ပြီး ဆံပင်ဖရိုဖရဲနှင့် တစ်ကိုယ်လုံးဖုံတွေပေနေ၏။ မြေပြင်ပေါ်မှာ အော်ဟစ်ငိုကြွေးရင်း သူ့မျက်လုံးက အသားစားပြီး သွေးသောက်ချင်သလို ထန်ချွန်းမင်ကို စူးစိုက်ကြည့်နေသည်။
တတိယသား၏မျက်နှာက နီရဲနေပြီး ဒေါသထွက်ရမလား ရှက်ရမလားပင် မသိတော့ပဲ “အသိတရားမရှိတဲ့ အစ်ကို… ညီအစ်ကိုတွေနဲ့ လူဆိုးတွေကို ပျိုးထောင်ရခက်တယ်လို့ ပြောကြတာ အံ့သြစရာမရှိတော့ဘူး။ ခင်ဗျား ကျုပ်ကို စော်ကားတာကိစ္စမရှိပေမယ့် လူကြီးတွေကို မလေးမစားမလုပ်နဲ့။ ကျုပ်ဖေဖေကို မြန်မြန်တောင်းပန်လိုက်။ ခင်ဗျားယောကျာ်း ထွက်သွားလည်း ဖေဖေက လူကြီးမို့လို့ သူ့ကိုရိုသေသင့်တယ်။”
“တတိယညီပြောတာ အဓိပ္ပါယ်ရှိတယ်။ မင်း ဖေဖေ့ကို ဘယ်လိုလုပ်ခဲ့တာလဲ ကြည့်ဦး? မင်းက တာဟူကို မွေးခဲ့တဲ့ ဖခင်ကို စော်ကားဖို့တန်လို့လား? မင်းက လူကြီးတွေကို ရိုသေလေးစားတဲ့တာဟူနဲ့ရော တန်လား? ဖေဖေ.. ခင်ဗျားမှာ တာနျိုနဲ့ တတိယညီရှိပါသေးတယ်။ ယောကျာ်း…ခင်ဗျားဘာလုပ်နေတာလဲ? ဒီကိုလာပြီး ဖေဖေ့ကိုထူဦးလေ။ ထန်ချွန်းမင်… မင်းဘာလို့ဒီလောက်ရက်စက်ရတာလဲ!” ဝမ်ချွန်းဟွာက ခဏကြာမှပြန်ပေါ်လာပြီး သူ ထန်ချွန်းမင်ကို နာကြည်းစွာ စိုက်ကြည့်နေသည်မှာ ထန်ချွန်းမင်က ဘိုးဘိုးကျောက်ကို သေခိုင်းနေသလိုပင်။ ကျောက်မိသားစု၏ အကြီးဆုံးသားက အိမ်ထဲမှာပုန်းနေ၏။ သူ့ညီ၏ဇနီး ပြဿနာလာရှာတော့ သူဘာပဲထွက်ပြောပြော အကျိုးရှိမှာမဟုတ်ပေ။
“ဒါကြောင့် တာဟူက သူ့ကို ရတနာတစ်ခုလိုဆက်ဆံပြီး သူ့မွေးဖခင်အိမ်ကိုတောင် ပြန်ဖို့ မစဥ်းစားခဲ့တာလား။ ဒီလူကြောင့်လေ… ကျွတ်..ကျွတ်…” ပွဲကြည့်နေသော လီစုန့်ကမ်းက ဝင်ပြောလာသည်။ လီစုန့်ကမ်း၏ဇနီးနှင့် ဝမ်ချွန်းဟွာက ရင်းနှီးကြောင်း လူတိုင်းသိသည်။ ဤအဓိပ္ပါယ်ရှိသော ကျွတ်ကျွတ်နှင့် ရှည်လျားသောစကားလုံးက ထန်ချွန်းမင်နှင့် သူ့မိသားစု၏ ဆက်ဆံရေးမကောင်းကြောင်း ဖော်ပြနေသည်။ ထန်ချွန်းမင်မှာ မိထွေးရှိတာ လူသိများသည်။ အဓိပ္ပါယ်က သူ တကယ်ကို လူကြီးတွေကို မလေးစားတာလား?
ထိုအသံကြောင့် ဘိုးဘိုးကျောက်က မြေကြီးပေါ်မှာ လူးလိမ့်ပြီး ငိုသံက ပိုပြီးကျယ်လောင်လာ၏။ လိုက်လာကြသော လူကြီးတစ်ချို့ကလည်း ထန်ချွန်းမင် နည်းနည်းလွန်သွားတယ်လို့ တွေးမိသွားသည်။ ရွာထဲက ကောငယ်လေးတွေ သူ့အပြုအမူကို အတုယူခဲ့ရင် နောင်မှာ ဘယ်သူက သူ့တို့ကို ဂရုစိုက်ပေးတော့မှာလဲ?
ထိုအချိန်တွင် ဘိုးဘိုးကျောက်ကို မျက်နှာသာပေးသော အသံတချို့ထွက်ပေါ်လာ၏။ “မင်ကောအာ…တာဟူထွက်သွားပေမယ့်လည်း မင်းက ကျောက်မိသားစုကပဲလေ။ တစ်ခုခုဆိုရင် တံခါးပိတ်ပြီးဆွေးနွေးလို့ရတာပဲ။ ဒီကောအဘိုးကြီးရဲ့ ပုံစံကိုလည်း ငဲ့ပါဦး။”
“ဟုတ်တယ်။ ကောတစ်ယောက်က ဦးလေးငယ်ကို ဒူးထောက်တောင်းပန်နေတယ်။ ဒါ ဘာနဲ့တူလဲ? သံသယတွေကို ရှောင်ရှားရမှာမသိဘူးလား”
ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာက ထိုအသံကိုကြားတော့ ပိုပြီး ဂုဏ်ယူလာကြသည်။ ယနေ့ သူတို့ ထန်ချွန်းမင်၏ လေကြောကိုဖြတ်တောက်ပစ်ရင် နောင်မှာ သူကျောက်မိသားစုနဲ့ သူငြင်းခုံနိုင်မှာမဟုတ်တော့ပေ။ သူတို့ ပျံလွန်သွားရင်တောင် ဒီလူကိုတော့ တစ်စစီလှီးခဲ့မည်!
သို့သော် တချို့ကောတွေက ထန်ချွန်းမင်နှင့် သူ့သားကို သဘောကျဆဲဖြစ်၏။ သူတို့သားဖနှစ်ယောက်က ပြိုလဲတော့မလို ဘာလို့ပိန်လှီနေတာလဲ? အထူးသဖြင့် ကျောက်မိသားစုက ဘိုးဘိုးကျောက်၊ ဝမ်ချွန်းဟွာတို့နဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ? သူတို့ကိုယ်မှာ အဆီများလွန်းလို့ တုန်တောင်တုန်နေတယ်။ ပြီးတော့ အဲ့ဒီဗိုက်ထဲမှာ အသားတွေဘယ်လောက်တောင် ထိုးထည့်ထားလဲ သူတို့မသိပေ။
ထန်ချွန်းမင်က ရွာရှိ လူကြီးများ၏ တုံ့ပြန်မှုကို မအံ့သြပေ။ သူက ကျေးလက်မှာ ကြီးပြင်းလာသူဖြစ်ပြီး တချို့လူတွေက တခြားသူတွေကို ဖိနှိပ်ဖို့ အသက်အရွယ်ကို အသုံးပြုတတ်သည်။ သူတို့အိမ်နှင့် ရွာရှိ မျိုးဆက်သစ်လူငယ်များ၏ မောက်မာမှုကိုဖိနှိပ်ဖို့မဟုတ်ပါက ဘယ်သူက သူတို့၏ အိုဆွေးနေသော စကားတွေကို နားထောင််မည်နည်း။ သူတို့က သူတို့အိမ်နှင့် ရွာမှာ ဘာအဆင့်ရှိလို့လဲ?
ထန်ချွန်းမင်က ထိုမတရားမှုကို လက်မခံပေ။ ယနေ့ ဤဆက်ဆံရေးကို မဖြတ်တောက်နိုင်ရင် သူ အေးချမ်းသောဘဝကို ရမှာမဟုတ်တော့ပေ။
&&&&&&&&&
Chapter 8.2
“ဆူညံသံ”
သူ ဒူးထောက်ဖို့မလိုတော့၍ မြေပြင်ကနေအမြန်ထကာ သူ့သားကို အားရုံလက်ထဲထည့်ပေးလိုက်၏။ သူက အားရုံကို ဤလူတွေနဲ့ မငြင်းခုံရန် တားဆီးခဲ့သည်။ သူတို့လိုလူတွေကို အာရုံစိုက်နေဖို့မတန်ပေ။ ယခုခေတ်မှာ အားရုံလို ကျောင်းသားတစ်ယောက်၏ ဂုဏ်သတင်းက အရေးကြီးသည်။ သူ ယနေ့မှာ ပြဿနာရှာရဲတာ မကြာခင်မှာ ကျောက်မိသားစု၏ တတိယကလေး စာမေးပွဲဖြေတော့မှာမို့ဖြစ်၏။
ထန်ချွန်းမင်က ထန်ချွန်းရုံကို ဝန်ခံလိုက်သည်။ “အားလင်းကိုပဲ ဂရုစိုက်ပေး။ လိုက်မလာနဲ့။ မဟုတ်ရင် ဒီလူတွေက အားလင်းကို နာကျင်အောင်လုပ်လိမ့်မယ်။ ဒီလူတွေက ငါ့ကိုအနိုင်ကျင်လို့မရလို့ သူတို့ကို သွားမရှုပ်နဲ့။” ထန်ချွန်းရုံက ဘေးသို့တွန်းခံလိုက်ရပြီး အားလင်းက ရှိုက်ငိုနေ၍ ထန်ချွန်းမင်က သူ့သားအရှက်ရတာကို မကြည့်ရက်တော့ပေ။
“ကျွန်တော်…” ထန်ချွန်းရုံက ရှက်နေသော်လည်း သူ့မှာ ထိုအဘိုးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိပေ။
“ငါ့ကိစ္စငါလုပ်မယ်။ အားလင်းကိုသာ ဂရုစိုက်။” ထန်ချွန်းရုံကို တွန်းလိုက်ပြီးနောက် ထန်ချွန်းမင်က ကျောက်မိသားစုကို ရင်ဆိုင်ရန် နောက်လှည့်လိုက်သည်။ သူက ကျန်းရှို့အပြင် လူအများကြီးရောက်လာတာကို တွေ့လိုက်ရပြီး ကျောက်မိသားစုက အရှက်ကွဲမှာ မကြောက်သဖြင့် သူက မျက်နှာဖုံးကို ချွတ်ချပေးလိုက်မည်။
“အကြီးဆုံးအစ်ကိုနဲ့ တတိယညီ။ ငါ လူကြီးတွေကို မလေးစားဘူးလို့ စွပ်စွဲတာကို လက်မခံနိုင်ဘူး။ ကျောက်မိသားစုမြေကို ဘယ်သူစိုက်ပျိုးပေးခဲ့တာလဲ? ဘယ်မိသားစုက တစ်နှစ်ပတ်လုံး ဝတ္တရားကျေခဲ့လဲ? ဒီရွာက လူတိုင်းမှာမျက်လုံးတွေရှိတယ်။ မင်းတို့ ဇာတ်လမ်းတွေဖန်တီးနေပေမယ့် သူတို့က ကန်းနေလို့လား?”
“တတိယညီ… တာဟူ ဘာလို့သေသွားတာလဲ? မင်းငါ့ကို ထပ်ပြောစေချင်လား? တတိယညီ.. မင်းက ကျောင်းသားတစ်ယောက်ဆိုတော့ နှစ်စမှာ ကျောင်းလခပေးပြီး အစိုးရစာမေးပွဲဖြေဆိုရမှာမလား? ဘိုးဘိုးကျောက်က တာဟူကို ပိုက်ဆံဘယ်လောက်တောင်းခဲ့လဲသိလား? ငွေပြားနှစ်ဆယ်! ငွေပြားနှစ်ဆယ်… ညီလေး.. မင်းက ပညာတတ်တစ်ယောက်ဆိုတော့ မင်းရဲ့ဒုတိယအစ်ကိုမိသားစုက ငွေပြားနှစ်ဆယ် ဘယ်ကရမှာလဲ? နက်စောက်တဲ့ တောင်တွေ တောတွေမှာ စွန့်စားတာအပြင် သူဘာလုပ်နိုင်မှာလဲ?”
ယင်းက လူတိုင်းမသိသော ကိစ္စတစ်ခုဖြစ်၏။ မူလပိုင်ရှင်က စိတ်ပျော့၍ မိသားစုအခက်ခဲများကို နေရာတိုင်းမှာ ထုတ်မပြခဲ့ပေ။ အများဆုံးမှ သူက ကျန်းရှို့ကိုသာပြောလေ့ရှိပေမယ့် အားလုံးကိုတော့ မပြောပြခဲ့ပေ။ သူက အံကြိတ်ပြီး အရာရာကို သည်းခံမယ့်လူဖြစ်၏။
“မင်း… မင်း…” ဒါပေါ့ ကျောက်ဖျင်ချွမ်က ထိုကိစ္စကိုသိသော်လည်း သူ့အမြင်မှာ ဒါက ဒုတိယအစ်ကိုလုပ်သင့်သည့်ကိစ္စဖြစ်၏။ မဟုတ်ရင် သူ အနာဂတ်မှာ သူ့ကိုမှီခိုလို့ ဘယ်ရမလဲ? သူ့လို ကျောင်းသားတစ်ယောက်က ကိုယ့်ဘာကိုယ် ငွေစုဖို့ဖြစ်နိုင်ပါ့မလား? သူသိပေမယ့်လည်း ဒီလိုတော့ပြောလို့မရပေ။ “ကျုပ်က ပညာရှင်တစ်ယောက်လေ။ ခင်ဗျားရဲ့ အဖြူအဝါကို ကျုပ်ဂရုမစိုက်ပေမယ့် ဒီပညာရှင်ကိုတော့ စွန်းထင်းအောင်မလုပ်နဲ့!”
“ဟမ်..” ထန်ချွန်းမင်က လှောင်ပြောင်သောအသံဖြင့် ပြောလိုက်၏။ “အဝါနဲ့အဖြူ? ပညာရှင်တွေက စားသောက်ဖို့မလိုဘူးလား? မင်းအဝတ်အစားက ဘယ်ကရလဲ မင်း ကျောင်းလခဘယ်ကရလဲ? မင်းစားသောက်ဆိုင်မှာ ဝင်စားနေတဲ့အချိန် အဝါအဖြူဆိုတာကို မတွေးခဲ့ဘူးလား? မင်းသိထားတဲ့ အဝါနဲ့အဖြူက မင်းကျောင်းတက်နိုင်ဖို့ မင်းအစ်ကိုရဲ့ အသွေးအသားနဲ့ လဲထားရတာ။ မင်းက မင်းအစ်ကိုကို ကျေးလက်သားမို့ အထင်သေးတာ ငါသိတယ်။ ဒါဆိုမင်းရဲ့ကြီးမားတဲ့ ရည်မှန်းချက်ကြောင့် မင်းအစ်ကိုရဲ့ အဝါနဲ့အဖြူကို ဘာလို့အသုံးချခဲ့တာလဲ?”
(*အဝါနဲ့အဖြူတွဲစပ်က ဘာကိုဆိုလိုမှန်းသေချာနားမလည်ပေမယ့် အနီးစပ်ဆုံးရှာဖွေလို့ရတာကတော့ အသေးအဖွဲလို့ အဓိပ္ပါယ်ရပါတယ်။)
ပတ်ဝန်းကျင်မှာ လှောင်ရယ်သံများထွက်ပေါ်လာ၏။ ယင်းမှာ ကျောက်လောင်စန်းက တိုင်းပြည်၏လူမျိုးများအပေါ် ပထမဆုံးအကြိမ် နှိမ်ချခဲ့ခြင်းမဟုတ်ပေ။ ထိုပညာရှင် စား၊ သောက်၊ ဝတ်တာမှန်သမျှ လယ်သမားများ၏ လယ်ကွင်းများမှ ထွက်လာခဲ့တာဖြစ်၏။ အရင်တုန်းကတော့ သူတို့က ပညာရှင်တွေထက် နိမ့်ကျတယ်လို့ ခံစာားခဲ့ရပေမယ့် ထန်ချွန်းမင်၏ စကားက သူတို့ရင်ထဲရောက်လာပြီး လန်းဆန်းသွားစေသည်။
ကျောက်ဖျင်ချွမ်က မျက်လုံးများမှိတ်ကာ လဲကျတော့မလိုပင် သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေခဲ့သည်။
ဘိုးဘိုးကျောက်က အခြေနေကိုမြင်တော့ မြေပြင်ပေါ်မှာ လူးလိမ့်နေတာရပ်သွားပြီး မတ်တပ်ထရပ်ကာ ဝမ်ချွန်းဟွာကို တွန်းလိုက်သည်။ သူ့ကို နှစ်သိမ့်ချင်ယောင်ဆောင်နေသော ဝမ်ချွန်းဟွာကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး သူက တုန်တုန်ယင်ယင် လဲကျတော့မလိုဖြစ်သွားခဲ့သည်။ ဘိုးဘိုးကျောက်က ဒေါသတကြီးပြေးသွားသည်။ “မင်းကံဆိုးတဲ့ကောင်။ ငါ မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ်။ ငါတို့ကျောက်မိသားစုကိစ္စကို အပြင်လူဖြစ်တဲ့မင်းက ဝင်ပြောဖို့လိုသလား? တာဟူက ငါ့သွေးသားပဲ။ ငါသူ့သွေးကိုသောက်ပြီး အသားကိုစားလို့ရတယ်။ သူဘာမှပြောလို့ရမှာမဟုတ်ဘူး။”
ထန်ချွန်းမင်က သူ၏အနိုင့်ကျင့်မှုကို မကြောက်ပဲ သူ့ဗိုက်ကိုလက်ညိုးထိုးကာ ပြောလိုက်၏။ “လာလေ.. ခင်ဗျား ကျုပ်ဗိုက်ကိုလာရိုက်လိုက်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်ကို ငွေဆယ့်ငါးပြားနဲ့ရောင်းချင်တာမလား… ကျုပ်ဗိုက်ထဲက ကလေးကို သတ်လိုက်။ ဒါမှကျုပ်ကို ငွေနဲ့လဲလို့ရမှာ။ ပြီးတော့ ငွေဆယ်ပြားနဲ့ ရောင်းစားလို့ရတဲ့ လင်းအာလည်းရှိသေးတယ်။ ကျုပ်တို့သားဖနှစ်ယောက်ကို ရောင်းလိုက်ရင် ခင်ဗျား ငွေနှစ်ဆယ့်ပြားရလိမ့်မယ်။ ဒါဆို ဦးလေးငယ် အပြင်မှာသွားဖြုန်းလို့ရပြီ။ တကယ်လို့ သူက မွေးမလာသေးတဲ့ ကလေးသွေးတွေစွန်းနေတဲ့ ငွေကို မကြိုက်တာမျိုးမရှိရင်ပေါ့” ထန်ချွန်းမင်က ကျောက်လောင်စန်းကို တွက်ချက်ပေးလိုက်၏။
ဘိုးဘိုးကျောက်က ခေါင်းငုံ့ကာ ထန်ချွန်းမင်၏ ဗိုက်ဆီသို့ မဆင်မခြင်ပြေးဝင်လာသည်။ ကြည့်ရှုသူအချို့က အော်ဟစ်နေပြီး တချို့က ဘိုးဘိုးကျောက်ကို တားဖို့ ပြေးလာကြပေမယ့် ၎င်းတို့အနက် ဘယ်သူကမှ ကျောက်ဖျင်ချွမ်လောက်မမြန်ပေ။ မျက်စိတစ်မှိတ်အတွင်း ဘိုးဘိုးကျောက်က တစ်ယောက်ယောက်ကို ဝင်တိုက်မိပြီး အော်သံနှစ်ခုဆက်တိုက်ထွက်ပေါ်လာ၏။
ဘိုးဘိုးကျောက်က ပုပုကွကွဖြစ်ပြီး သူက ထန်ချွန်းမင်ကို သတ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာကြောင့် သူက ထိုလူကိုခေါင်းနှင့်တိုက်ကာ မြေကြီးပေါ်လဲကျသွားစေသည်။ ကျောက်ဖျင်ချွမ်က မြေကြီးပေါ်ကို ပြုတ်ကျကာ တစ်ကိုယ်လုံး နာကျင်သွားပေမယ့် သူဂရုမစိုက်ပေ။ သူက သူ့အဖေအိုကြီးကို ကမန်းကတန်းအော်လိုက်သည်။ “ဖေဖေ ဘာလုပ်တာလဲ? သူမှားတယ်ဆိုရင်တောင် သူက အစ်ကိုရဲ့ဇနီးလေ။ ပြီးတော့ သူ့ဗိုက်ထဲမှာ အစ်ကို့ရဲ့ကလေးရှိတယ်!”
သူသာ သူ့ကိုတကယ်ထိမိရင် ကျောက်ဖျင်ချွမ်၏အပြစ်က ဘယ်တော့မှ ဖျောက်ဖျက်လို့ရတော့မှာမဟုတ်ပေ။ ကျောက်ဖျင်ချွမ်က ပိုက်ဆံရဖို့ သူ့အစ်ကို၏ဇနီးနှင့် သူ့တူလေးကို သတ်ခဲ့တယ်လို့ တခြားလူတွေ သေချာပေါက်ပြောလိမ့်မည်။ အစိုးရစာမေးပွဲအောင်ရင်တောင် သူ့ဂုဏ်သတင်းစွန်းထင်းသွားလိမ့်မည်။ လက်ရှိတွင် သူ့ဂုဏ်သိက္ခာကို ထိန်းထားနိုင်ဖို့က အဓိကပင်။ အမြဲလိုလိုကျိုးနွံခဲ့သည့် ထန်ချွန်းမင် ယနေ့လာခဲ့သည့် အကြောင်းအရင်းမှာ သူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ဖို့ဖြစ်၏။ ယခုချိန်တွင် သူသိရင်တောင် ဘာမှလုပ်လို့မရပေ။ သူက မကောင်းတာမလုပ်ဖူးပေမယ့် တခြားသူတွေအမြင်မှာ သူ့ဖခင်က သူ့အတွက် ပိုက်ဆံလိုချင်နေတာဖြစ်၏။
“အဓိပ္ပါယ်မရှိတာ! ဘယ်သူသေချင်တာလဲ? ဘယ်သူက ငွေနှစ်ဆယ့်ငါးပြားနဲ့ ရောင်းမှာလဲ?”
မြင်ကွင်းက ကမောက်ကမဖြစ်နေ၏။ တချို့လူတွေက ထန်ချွန်းမင်ကို ကာကွယ်ရန် ပြေးထွက်လာပြီး တချို့ကတော့ ကျောက်အဘိုးကြီးကို တားဖို့ ပြေးလာကြသည်။ ထိုအချိန်တွင် အသံတစ်သံထွက်ပေါ်လာပြီး လူတိုင်းလှည့်ကြည့်လိုက်တော့ နက်မှောင်သောမျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အုံ့ဆိုင်းနေသောအမူအရာဖြင့် ရပ်နေသော လူတစ်ယောက်၏နောက်တွင် ဂုဏ်သိက္ခာရှိသော ရွာလူကြီးတစ်ယောက်ရှိနေ၏။