no

Font
Theme

Chapter 30.1

“စာချုပ်”

ထန်ချွန်းမင်က ကျန်းရှို့နဲ့အတူ မြို့ထဲရှိ ပန်းထိုးအလုပ်ရုံကို လိုက်သွားခဲ့သည်။ ကျန်းရှို့သည် သိပ်မကြာခင်က သိမ်းဆည်းထားသော ပန်းထိုးလက်ရာများကို ငွေအများကြီးနဲ့ လဲလှယ်ခဲ့ပြီးနောက် ငွေစုရန် ပန်းထိုးခြင်းအလုပ်ကို ဆက်လုပ်ရန် ချည်မျှင်များနဲ့ တခြားပစ္စည်းများကို အိမ်သို့ပြန်ပို့ခဲ့သည်။ သူက ဝမ်မော့၏ဝေစုအတွက်လည်း အလားတူလုပ်ဆောင်ခဲ့သည်။ ထန်ချွန်းမင်က ထိုအရာကိုတွေ့တော့ သူ သက်ပြင်းချလိုက်မိသည်။ ငွေရှာရတာခက်ခဲ၏။ သူ့နေရာလွတ်သာ သူနဲ့အတူပါမလာရင် ယခုနေ သူ့ဘဝလွယ်ကူမှာမဟုတ်သလို ငွေလည်းရှာတတ်မှာမဟုတ်ပေ။

နှစ်ယောက်သား ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့သည်။ ထန်ချွန်းမင်က အားလင်းအတွက် ဂျုံအရုပ်များ၊ သစ်သားပန်းပုအရုပ်များ၊ ကျားရုပ်များ၊ သကြားလုံးနှင့် သစ်သီးသကြားလုံးများ ဝယ်ပေးခဲ့သည်။ ကျန်းရှို့က သူ့ကိုတားပြီး ဝမ်မော့က ဆိုင်မှာ ဟင်းသီးဟင်းရွက် ကူးရောင်းနေရဆဲဆိုတာကို သတိမပေးလိုက်မိလျှင် ထန်ချွန်းမင်က စျေးဝယ်ထွက်နေဦးမှာဖြစ်၏။ သူက စျေးကွက်ထဲရှိ သစ်သားကြမ်းဖြင့် ပြုလုပ်ထားသော အရုပ်များကိုလည်း သဘောကျနေသည်။

ကျန်းရှို့က သူ့လက်ထဲက ကလေးကို စနောက်လိုက်သည်။ “မင်းဖေဖေက မင်းကို ဘယ်လောက်ချစ်လဲ ကြည့်ပါဦး။ မင်းကြီးလာရင် မင်းဖေဖေကို ကောင်းကောင်းစောင့်ရှောက်ရမယ်နော်။”

အားလင်းက သူ့လက်သီးနှစ်လုံးထက်ကြီးသော သစ်သားကျားရုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး နောက်တစ်ဖက်မှာ သကြားလုံးထုတ်တိုးကို ကိုင်ထား၏။ ထန်ချွန်းမင်က သူ့လက်ထဲမှာ တခြားပစ္စည်းတွေကို ​ကိုင်ထားရသည်။ အားလင်းက တောက်ပသော အနက်ရောင်မျက်ဝန်းဖြင့် ပြောလိုက်၏။ “အားလင်းက ဖေဖေ့ကို အကောင်းဆုံးဆက်ဆံမှာ။ ပြီးတော့ ညီလေးလည်းရှိတယ်နော်။ ဒီအရုပ်ကို သား သူ့အတွက် ချန်ထားပေးမှာ။” သူက လက်ထဲက ကျားရုပ်ကိုကိုင်ပြီး အများကြီးသဘောကျတာကြောင့် သူ့ညီလေးလည်း သဘောကျလိမ့်မည်။

နှစ်ယောက်သားက အပြုံးတစ်ခုဖြင့် လမ်းလျှောက်လာကြသည်။ ကျင်းကျိစားသောက်ဆိုင်ကထွက်လာပြီးနောက် တစ်နာရီလေးပုံနှစ်ပုံခန့် ကြာသွားခဲ့သည်။ သူတို့က သူတို့ဆိုင်ကို လှမ်းကြည့်လိုက်တော့ ဝိုင်းအုံနေသည့် လူများစွာကို တွေ့လိုက်ရပြီး ဝမ်မော့က ထိုလူတွေအား တစ်ခုခုကို စိုးရိမ်တကြီးရှင်းပြနေ၏။

“ဘာဖြစ်နေတာလဲ? မင်ကောအာ… ဖြည်းဖြည်းလျှောက်… ငါသွားကြည့်လိုက်မယ်။” ကျန်းရှို့က ပြောပြီးသည်နှင့် အားလင်းကိုချီကာ အမြန်ပြေးသွားခဲ့သည်။ သူက မြို့ပေါ်မှာ ပစ္စည်းတွေရောင်းဖို့ မကြာခဏလာလေ့ရှိပြီး တစ်ခါတစ်ရံ မြို့၏အနီးနားဒေသက လူဆိုးတချို့နှင့် ကြုံရလေ့ရှိသည်။ သို့သော် သူတို့ဝတ်စားထားပုံမှာ ငွေညှစ်ဖို့ ရောက်လာတာနဲ့မတူပေ။

ကျန်းရှို့က အနည်းငယ်စိတ်ရှုပ်သွားသည်။ ရွာသားတွေက ဒေသထဲရှိလူဆိုးများအပါအဝင် မြို့ထဲက လူတွေကို ရန်မစရဲကြပေ။ သူတို့ကိုကာကွယ်ဖို့ အမျိုးသားမပါလျှင် သူတို့က တတ်နိုင်သလောက်ရှောင်ကြသည်။ သူ့နောက်က ထန်ချွန်းမင်သည် အခြေအနေကောင်းနေမှန်း ရှင်းရှင်းလင်းလင်း မြင်ပြီးပြီဖြစ်၍ အပြုံးတစ်ခုဖြင့် မျက်လုံးများကျဥ်းမြောင်းသွားသည်။ ထိုလူတွေထဲက တစ်ယောက်မှာ မကြာသေးမီက သူနဲ့ဆုံခဲ့သော ဆိုင်ရှင်ချီဖြစ်ပြီး စီးပွားရေးက သူ့တံခါးကို ရောက်လာခဲ့လေပြီ။

ဆိုင်ရှင်ချီနှင့် သူနဲ့အတူလာသည့် လူတွေအပါအဝင် ပွဲကြည့်ရန် ဆိုင်အနီးအနားတွင် စုဝေးနေသူများလည်းရှိသည်။ အကြောင်းမှာ ကျန်းရှို့က အစပိုင်းတွင် ထိတ်လန့်နေခဲ့ပြီး ဆိုင်ရှန်ချန်ကို မမှတ်မိနိုင်ခဲ့ပေ။

အားလင်းကိုဖက်ထားပြီး သူက ဝမ်မော့ဘေးကို တိုးဝင်လိုက်ကာ ရှေသို့ရောက်သွားခဲ့သည်။ ထိုမှသာ ဆိုင်ရှင်ချန်က ကျန်းရှို့ကိုမှတ်မိသွားခဲ့သည်။

“ဒါက ကျုပ်တို့ဆိုင်ကို ထန်ဖူလန်နဲ့အတူ ဟင်းသီးဟင်းရွက်လာပို့တဲ့ ကောလေးလား? ကျုပ်က ကျင်းကျိစားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ချီပါ။ မင်းနဲ့ထန်ဖူလန် ထွက်သွားတာ သိပ်မကြာသေးပါဘူး။ ကျုပ်ကို မမှတ်မိတော့ဘူးလား?”

ကျန်းရှို့က ပိုင်ရှင်၏အသံကို နားထောင်ပြီး ရုတ်တရက် နားလည်သွားခဲ့သည်။ သူ့နှလုံးသားက ရုတ်တရက် ဝမ်းသာသွားပြီး ကြည့်ရတာ မင်ကောအာ၏ အစီအစဥ် အောင်မြင်သွားပုံရသည်။ သူက အားလင်းကို ဝမ်မော့လက်ထဲအပ်ပြီး ဆိုင်ရှင်ချီကို ပြောလို​က်သည်။

“ဟူတ်ကဲ့။ ကျွန်တော့်မျိုးရိုးနာမည်က ကျန်းပါ။ ခင်ပွန်းရဲ့ မျိုးရိုးနာမည်က လီပါ။ ဆိုင်ရှင်ချီက မင်ကောအာကို လာရှာတာလား? ဖြစ်ချင်တော့ မင်​ကောအာက နောက်မှာကျန်ခဲ့တယ်။” “မင်ကောအာ…လာ… ကျင်းကျိစားသောက်ဆိုင်က ဆိုင်ရှင်ချီရောက်နေတယ်။” သူက ဖြည်းဖြည်းချင်း လျှောက်လာနေသော မင်ကောအာကို ခေါ်လိုက်သည်။

ဆိုင်ရှင်ချီက သူ လက်ယပ်ခေါ်နေသည့် လမ်းကြောင်းကိုလှည့်ကြည့်လိုက်ပြီး ထန်ချွန်းမင်ကို တွေ့တော့ ပြန့်လှည့်သွားကာ ထန့်ယွီကိုပြောလိုက်သည်။ “သခင်လေး…အဲ့ဒါက ထန်ချွန်းမင်ပဲ။ သူက ဒီကပိုင်ရှင်ထင်တယ်။”

ဝမ်မော့က ကျန်းရှို့၏အင်္ကျီလက်ကိုဆွဲကာ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ? ဒီလူတွေ ဒီကိုရောက်တာနဲ့ ဒီမှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်မှာမို့ အပြင်လူတွေကို မရောင်းဖို့ပြောခဲ့တယ်။ သူတို့က ဘာလို့ မင်ကောအာကိုမေးနေတာလဲ? ငါလန့်လွန်းလို့ ဘာလုပ်ရမလဲတောင် မသိတော့ဘူး။”

ဒါသူ့အပြစ်မဟုတ်ပေ။ ၎င်းမှာ ဘရိုကိတ်ဝတ်ရုံဝတ်ထားသော သခင်လေးက ကြောက်စရာကောင်းသော အပြုအမူရှိပြီး လူလတ်ပိုင်းအမျိုးသားက မင်ကောအာနဲ့ပတ်သက်သော မေးခွန်းအများကြီးမေးနေတာကြောင့် အရှက်ကြီးသော ဝမ်မော့ကပင် ပွစိပွစိရေရွတ်လာခဲ့သည်။

အနှီလူတွေကို ဘယ်လိုပဲကြည့်ကြည့် သူတို့ပုံစံက ချမ်းသာပုံပေါ်ပြီး စော်ကားလို့ရသည့် သာမန်လူတစ်ယောက်မဟုတ်ပေ။

“ဒါက ကျင်းကျိစားသောက်ဆိုင်က ဆိုင်ရှင်ချီပါ။ စိတ်မပူပါနဲ့။ သူ မင်ကောအာရဲ့ ဟင်းသီးဟင်းရွက်တွေကို သဘောကျလို့ မင်ကောအာနဲ့ ဆွေးနွေးဖို့လာတာဖြစ်မယ်။” ကျန်းရှို့က သူ့လက်ကိုပုတ်ပြီး နှစ်သိမ့်လိိုက်သည်။

အရင်တုန်းက မင်ကောအာသည် ဆူဆူညံညံလုပ်တတ်သည့် စည်းကမ်းမဲ့သူမဟုတ်သော်လည်း သူက သူတို့နဲ့ကွာခြားသည့် ပညာတတ်ဖြစ်သည်။ သူက သူဌေးများနှင့် ရင်ဆိုင်ရာမှာ စိတ်လှုပ်ရှားနေခြင်းမရှိပေ။

“ထန်ဖူလန်… နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ။ ဒါက ငါတို့သူဌေး၊ မင်းပေးခဲ့တဲ့ ပစ္စည်းတွေကိုချက်ဖို့ ငါ စားဖိုမှူးကို ချက်ချင်းမှာခဲ့တယ်။ ဖြစ်ချင်တော့ အဲ့ဒီနေရာမှာ ငါ့သူဌေးလည်းရှိ​နေတယ်။ ဒါကြောင့် ငါတို့သူဌေးက ဒီကို လူကိုယ်တိုင်လာခဲ့တာ။ မဟုတ်ရင် ရှန်းဖူလန်… မင်းပဲကြည့်တော့…. ဒီနေရာက စကားပြောလို့ရတဲ့နေရာမဟုတ်ဘူး။ ငါတို့စားသောက်ဆိုင်မှာထိုင်ပြီး အသေးစိတ်စကားပြောကြမလား” ဆိုင်ရှင်ချန်က အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး သူ့မျက်နှာက သဘောကောင်းပြီး စိတ်ထားနူးညံ့​ပုံပေါ်ကာ ထိုနောက်ကွယ်၌ ပါးနပ်မှုကို ဖုံးကွယ်ထားသည်။

“ငါ့ရဲ့မျိုးရိုးနာမည်က ထန့်မင်ယွီပါ။ နှုတ်ဆက်ပါတယ်။ ထန်ဖူလန်… ငါတို့ရဲ့ ကျင်းကျိက မင်းနဲ့ပူပေါင်းချင်တာ စိတ်ရင်းအမှန်ပါ။ ထန်ဖူးလန်ရဲ့ ဟင်းသီးဟင်းရွက်ပမာဏ လုံလောက်ရဲ့လားမသိဘူး။ ဘယ်လောက်ပဲရှိရှိ.. ငါတို့ကျင်းကျိစားသောက်ဆိုင်က ဝယ်ချင်ပါတယ်။” ထန့်ယွီက ကလေးလွယ်ထားသော ကောအာကိုကြည့်ပြီး ထိုလူက​ လောင်ချန်ရည်ညွှန်းသည့် လူနဲ့ လုံးဝမတူကြောင်း တွေ့ခဲ့ရသည်။ သူက သူ့နားရှိ တ​ခြားကျေးလက်အမျိုးသားတွေလို ဝတ်ဆင်ထားပေမယ့် သူ့မှာ မတူညီသော အပြုအမူရှိသည်။ သို့သော် ဤလူက ယခုလိုဆူညံသော စျေးထဲတွင် စိတ်ပြေန​ပြေ အပန်းဖြေနေခဲ့သည်။ သူတွေ့တာမှန်လျှင် ထိုကော၏ပါးစပ်မှာ အပြုံးတစ်ခုရှိနေသည်။ ထောင်ချောက်ထဲဝင်လာတာကို စောင့်နေသော မြေခွေးလိုပင်။ ကြည့်ရတာ သူတို့လာမှာကို သိနေပုံပင်။

“သဘောတူပါတယ်။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “သခင်လေးထန့်နဲ့ ဆိုင်ရှင်ချီက လူအုပ်ကြားထဲမှာ စိတ်ရှည်ရှည်နဲ့ စောင့်နေတာ။ ဒီနေရာကိုရှင်းပြီး ကျင်းကျိစားသောက်ဆိုင်ကို လိုက်ခဲ့ပါမယ်။ အစ်ကိုရှို့နဲ့ အစ်ကိုမော့.. ဘာစောင့်နေတာလဲ… မြန်မြန်လုပ်မယ်။”

“ထန်ဖူလန်ကိုယ်တိုင်လုပ်ဖို့မလိုဘူး။ စားသောက်ဆိုင်အတူသွားလို့ရအောင် သခင်လေးထန့်ရဲ့ သူငယ်ချင်းတွေက ကူသိမ်းပေးပါလိမ့်မယ်။” ထန့်ယွီက သူ့စားသောက်ဆိုင်က အလုပ်သမားကောင်လေးနှစ်ယောက်ကို အတူခေါ်လာသည်။ သူတို့က သခင်ရဲ့ ညွှန်ကြားချက်ကို ဘယ်လိုဆန့်ကျင်လို့ရမလဲ? သူတို့က ရှေ့တိုးလာပြီး ကျန်းရှို့နှင့် ဝမ်မော့၏အလု​ပ်ကိုလုပ်ပေးကာ ဥတွေပါသော ခြင်းတောင်း​တွေကိုပဲ သယ်ပေးခဲ့တာကြောင့် နောက်ကနှစ်ယောက်က ဘေးမှာရပ်နေပြီး ငေးစိုက်ကြည့်နေသည်။

“ထန်ဖူလန်…ကျေးဇူးပြုပြီး…”

“သခင်လေးထန့်နဲ့ ဆိုင်ရှင်ချီ ကျေးဇူးပြုပြီး အရင်သွားပါ။” ထန်ချွန်းမင်က ယဥ်ယဥ်ကျေးကျေး ပြောလိုက်ပြီး အားလင်းကို လက်ဝေ့ယမ်းပြလိုက်သည်။ “အားလင်း…ဖေဖေနဲ့လိုက်ခဲ့။”

အားလင်းက နာနာခံခံ တုံ့ပြန်လိုက်ပြီး သူ့အားမူ၏ဘေးကို လျှောက်လာ​ကာ လက်ကို တင်းတင်းဆု​ပ်ကိုင်လိုက်သည်။ ဦးလေးချီက သူ့အတွက် မုန့်တွေပေးလိုက်ဖူးတာကို သိပေမယ့်လည်း သူက သူစိမ်းတွေကို သတိထားနေသည်။

“မင်ကောအာ။” ကျန်းရှို့က ထန်ချွန်းမင်၏အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။ “ငါတို့်အပြင်မှာစောင့်နေရင်ရော… ထားလိုက်ပါတော့… ငါမင်းနဲ့ သတ္တိရှိရှိလိုက်လာတာ ကောင်းပါတယ်။” ကျန်းရှို့​က သူနည်းနည်းနေရခက်တယ်လို့ ပြောခဲ့ပေမယ့် ပြန်တွေးကြည့်လိုက်တော့ သူတို့မဝင်သွားရင် ထန်ချွန်းမင်က ထိုသခင်လေးကို တစ်ယောက်တည်းရင်ဆိုင်ရပြီး နေရခက်နေလိမ့်မည်။

ရှေ့မှာလျှောက်နေသော ဆိုင်ရှင်ချီက ထိုစကားကြားတော့ နှုတ်ခမ်းကွေးညွတ်သွားသည်။ သူတို့ကျင်းကျိကို သားရဲတွင်းလို့ သတ်မှတ်ထားတာလား? လှည့်ကြည့်လိုက်တော့ သခင်လေးကလည်း ဘာမှမကြားသလို ပြုံးနေတာကို တွေ့လိုက်ရသည်။

သူတို့စားသောက်ဆိုင်ကိုရောက်တော့ ဆိုင်ရှင်ချီက သူတို့ကို ဒုတိယထပ်က သီးသန့်ခန်းကို ဖိတ်လိုက်သည်။ ၎င်းက ယခုနက ထန့်ယွီထိုင်နေခဲ့သည့် အခန်းပြတင်းပေါက်၏ဘေး၌ရှိသည်။

သခင်လေးက ထန်ချွန်းမင်ကို သဘောကျတာကြောင့် သူက သူတို့ကို ကောင်းကောင်းဆက်ဆံရမည်။ ဆိုင်ရှင်ချီ၏စိတ်ထဲ၌ သူက ထိုသူသုံးယောက်ကို မနှိမ်ခဲ့ခြင်းက သူတို့၏သရုပ်မှန်ကြောင့်ဖြစ်သည်။

မုန့်ချပေးရင်း ဆိုင်ရှင်ချီက ထိုအရွယ်ကော​လေး စားရတာကြိုက်သော စားစရာပြင်ပေးလိုက်ပြီး သူ့ရှေ့ချပေးခဲ့သည်။ အကြောင်းမှာ ထန်ဖူလန်က သူ့ကလေးကို အရမ်းချစ်ပြီး ကလေးစိတ်ကျေနပ်အောင် လုပ်ပေးခြင်းက ထန်ချွန်းမင်ကို စိတ်ချမ်းသာစေလို့ပင်။

“ဒါက တောင်ဘက်ကလာတဲ့ လက်ဖက်ရည်အသစ်။ သောက်ကြည့်ရအောင်။ “ထန့်ယွီက ဖိတ်ခေါ်သည့်အမူအရာဖြင့် သူ့အာရုံက ထန်ချွန်းမင်အပေါ်ရှိနေ၏။ သူ့မျက်နှာပေါ်တွင် တခြားကောနှစ်​ယောက်လို နေရခက်နေမှုမရှိချေ။

လက်ဖက်ရည်အသစ်၊ ထန်ချွန်းမင်က တစ်ငုံသောက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ ကောင်းလိုက်တဲ့လက်ဖက်ရည်! သူက လက်ဖက်ရည်ကို အရသာမခံတတ်သော လူကြမ်းကြီးဖြစ်သော်ငြား ကောင်းတဲ့အရသာနှင့် ဆိုးတဲ့အရသာကိုတော့ ခွဲခြားနိုင်သည်။ အထူးသဖြင့် သူ့မှာနေရာလွတ်ရှိပြီး မကြာခဏ နေရာလွတ်အစားအစာကို စားခဲ့တာကြောင့် သူ့လျှာက ပိုအသုံးဝင်လာသည်။ သူက သောက်ပြီးတာနဲ့ အရသာကောင်းမကောင်း သိနိုင်သည်။ နေရာလွတ်ထဲက စမ်းရေနှင့် ရောစပ်နိုင်ပါက အရသာက ပိုကောင်းလာလိမ့်မည်။

လက်ဖက်ရည်က တိုင်းသူပြည်သားတို့အတွက် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သည်။ ဧည့်သည်တွေကို ဖျော်ဖြေသည့်အခါ သကြားတစ်ဇွန်းကို သကြားရေတစ်ခွက်ထဲထည့်တာက ကောင်းတဲ့အရာလို့ ယူဆရသည်။ ကျန်းရှို့နဲ့ ဝမ်မော့က ထန်ချွန်းမင်ကို အားပေးဖို့ လာရောက်ခဲ့သော်လည်း ယခုမူ သူတို့က စိတ်ထဲကသာ ရေရွတ်နိုင်တော့သည်။

လူချမ်းသာတွေက သူတို့နဲ့ကွာခြားသည်။ လက်ဖက်ရည်ကိုမဆိုနှင့်၊ စားပွဲပေါ်မှာ မုန့်မျိုးစုံရှိပြီး အများစုက သူတို့တစ်ခါမှ မမြည်းစမ်းဖူးပေ။ ပုံမှန်အချိန်မှာ သူတို့မြင်ခဲ့လျှင် တည်တည်ငြိမ်ငြိမ် ထိုင်နေနိုင်မှာမဟုတ်ပေမယ့် ယခုမူ မင်ကောအာကြောင့် သူတို့က ငြိမ်ငြိမ်ထိုင်နေရသည်။ ကျည်ဆံကိုက်ပြီး နောက်မဆုတ်တမ်း သူတို့က တစ်ယောက်ကိုတစ်​ယောက် တူညီသော ဆုံးဖြတ်ချက်ဖြင့် ကြည့်နေကြ၏။

ထန့်ယွီက ဘယ်သူမို့လဲ? သူက ဆယ်ကျော်သက်ဘဝတည်းက သူ့လုပ်ငန်းသူ လည်ပတ်ခဲ့သည်။ သူ လူဘယ်နှစ်ယောက်ကို ကိုင်တွယ်ရင်ဆိုင်ခဲ့တာမို့လဲ? ကျန်းရှို့နဲ့ဝမ်မော့က ဘယ်လိုလူစားမျိုးလဲ တစ်ချက်ကြည့်ရုံနဲ့ သူသိနိုင်သော်လည်း ထန်ချွန်းမင်ကတော့… လူတွေက သူ့ကိုမမြင်နိုင်လို့ စူးစမ်းချင်စိတ်ကို ထိန်းမရဖြစ်နေ၏။

“အင်း…ကျွန်တော် လက်ဖက်ရည်သောက်ပြီးပြီ၊ ဟင်းသီးဟင်းရွက် ကိစ္စပြောကြမလား.. ခင်ဗျားတို့စားသောက်ဆိုင်က ဘယ်စျေးနဲ့ဝယ်ချင်တာလဲ.. ဘယ်လောက်အရေတွက်လိုချင်တာလဲ?” ထန်ချွန်းမင်က လက်ဖက်ရည်ခွက်ကိုချကာ ပြောပြောဆိုဆိုဖြင့် အသီးတစ်လုံးကို ကောက်ကိုင်လိုက်သည်။

သစ်သီးသကြားလုံးကို အားလင်းပါးစပ်ထဲထည့်လိုက်သည်။ အားလင်းက သူမယူပေးပဲ မစားခဲ့ပေ။ အားလင်းက နာနာခံခံ ပါးစပ်ဖွင့်ပေးပြီး အပြုံးတစ်ခုဖြင့် စားလိုက်တာကိုတွေ့တော့ ထန်ချွန်းမင်ကလည်း ပြုံးလိုက်သည်။

“ထန်ဖူလန်က ရိုးသားတဲ့လူတစ်ယောက်ပဲ ဒါကြောင့် ကျွန်တော်အများကြီးမပြောတော့ဘူး။ ထန်ဖူလန်မှာ စုစုပေါင်းပျိုးပင်ဘယ်နှစ်ပင်ရှိလဲဲ? ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ဝယ်နိုင်ပါတယ်။ စျေးနှုန်းကတော့ ညှိနှိုင်းရလွယ်ပါတယ်။ စျေးကွက်ပေါက်စျေးအတိုင်းပါ။ စျေးကွက်ထဲမှာ ဘယ်လောက်ကျလဲ? ကျွန်တော်တို့ နောက်ထပ် 20% တိုးပေးရင်ရော?”

ထန့်ယွီက ထန်ဖူလန်နှင့် ဆိုင်ရှင်ချန်ပြောခဲ့သည့် အသားမဲမဲ အမျိုးသားတစ်ယောက်ကြားက ဆက်ဆံရေးကို သိချင်သော်လည်း ကိစ္စကို အလျင်မလိုသင့်ဘူးဆိုတာ သူသိသည်။ သူက ထန်ဖူလန်ကို တည်ငြိမ်အောင်အရင်လုပ်ပြီး သူ့နောက်ကွယ်က လူကို ဖြည်းဖြည်းချင်း စုံစမ်းသွားရမည်။ ဆက်စပ်နေသလားဆိုတာကတော့ ထင်ကျင့်စားသောက်ဆိုင်နဲ့ အနီးဆုံးလက်ရာကို ထန်ဖူလန်က ပေးခဲ့တာဖြစ်၏။ ထန့်ယွီက ဤဟင်းလျာများကို လက်လွှတ်မခံနိုင်ပေ။

သေချာပါသည်။ သူက အနာဂတ်မှာ ထန်ဖူလန်ပေးသွင်းသည့် ဟင်းလျာအရည်အသွေးကိုလည်း လက်ရှိအသုတ်ထက် မနိမ့်အောင် စစ်ဆေးရမည်။

နှစ်ဆယ်ရာခိုင်နှုန်း? ကျန်းရှို့နှင့် ဝမ်မော့က ဝမ်းသာသွားသည်။ နှစ်ဆယ်ရာခိုင်နှုန်းဆိုလျှင် မင်ကောအာကို ထောက်ပံ့ပေးနိုင်လိမ့်မည်။ သူတို့က မင်ကောအာ သဘောတူလိုက်ဖို့ မစောင့်နိုင်တော့ပေ။ သို့သော် ထန်ချွန်းမင်က စိတ်ထဲကတွေးလိုက်သည်။ နှစ်ဆယ်ရာခိုင်နှုန်းက စျေးနှုန်းတစ်ခုတိုးလာပေမယ့် ယခုခေတ်တွင် ဤဟင်းရွက်တွေက ဤရာသီမှာ စျေးအသက်သာဆုံးဖြစ်၏။ ဆင့်အနည်းငယ်နဲ့ အများကြီးဝယ်လို့ရပေမယ့် သူကတော့ သူ့အသီးအရွက်တွေကို ကောင်းကောင်းသိသည်။ စမ်းရေရောစပ်ပြီး ပျိုးထားသော အစားအစာက အရသာအပြင် အာဟာရဓာတ်လည်းတိုးစေသည်။ သူ နေရာလွတ်အစားအစာကို ပုံမှန်စားသုံးလျှင် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။ တ​ခြားအရာတွေအပြင် သူ ဤနေရာကိုရောက်လာပြီးနောက်မှာ သူနဲ့အားလင်းရဲ့ ခန္ဓာကိုယ်ကို တ​ခြားလူတွေမရနိုင်သည့် လ​က်ရှိအဆင့်ရောက်အောင် ညှိယူနိုင်ခဲ့သည်။

လုပ်ငန်းက အပေးအယူသဘောတရားဖြစ်၏။ တစ်ဖက်လူက စျေးနှုန်းသတ်မှတ်လိုက်တာနဲ့ သဘောတူလိုက်လို့မရပေ။ သို့ဖြစ်၍ ထန်ချွန်းမင်က ခေါင်းခါပြီး ပြောလိုက်သည်။ “အရမ်းနည်းတယ်။ ခင်ဗျားစားပြီးလို့ ကျွန်တော့်အစားအစာကို မှာမလို့ ဆုံးဖြတ်ခဲ့တာမလား? အပြင်က ဟင်းသီးဟင်းရွက်တွေက တန်ဖိုးမမဲ့ပေမယ့် ကျွန်တော့်ဟင်းသီးဟင်းရွက်က ကွာ​ခြားတယ်။ ပျိုးပင်တွေကို ထူးထူးခြားခြား ပျိုးထောင်ထားရတာ။ လယ်ထဲမှာ ရေလောင်း၊ မြေသြဇာတူးထားပုံက တခြားလူတွေနဲ့မတူဘူး။ ဘာလို့လဲ? အဲ့ဒီစျေးက ကုန်ကျစရိတ်ကို မကာမိဘူး။”

ကျန်းရှို့နဲ့ ဝမ်မော့၏မေးရိုးများ ပြုတ်ကျသွားမတတ်ပင်။ ဤမင်ကောအာက အလွန်အမင်း အတင့်ရဲသည်။ စျေးနှုန်းက အရမ်းနိမ့်တယ်တဲ့။ သူတို့နှစ်​ယောက်က တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။

ဆိုင်ရှင်ချီက မျက်တောင်ခတ်လိုက်သည်။ ဒါ​က ကျောက်တာဟူရဲ့ ကောလေးလား? သူ့စိတ်သဘောထားက ဘာလို့ ကျောက်တာဟူနဲ့ကွာတာလဲ? သူက ရိုးသားလိုက်တာ! ဒါပေါ့.. သူတို့စားသောက်ဆိုင်က ရိုးသားသော လူတွေကို အနိုင်မကျင့်ဖူးသလို သူပို့ပေးခဲ့သည့် တောရိုင်းတိရစ္ဆာန်တွေကိုလည်း စျေးမနှိမ်ခဲ့ဖူးပေ။ တာဟူပြောတာကို တွေးကြည့်လိုက်သည်။ သူ့ကောလေးက အရှက်အကြောက်ကြီးပြီး သူစိမ်းတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူးတဲ့လား? ဆိုင်ရှင်ချန်က တာဟူနောက်ကိုလိုက်သွားပြီး မေးလိုက်ချင်သည်။ သူက သူ့ကောလေးအကြောင်းပြောနေတာလား?

*&&&&&&&&&

Chapter 30.2

“စာချုပ်”

ထန့်ယွီက မျက်ခုံးပင့်လိုက်​သော်လည်း သူက ထန်ချွန်းမင်၏ ညှိုနှိုင်းမှုကို စိတ်မဆိုးပေ။ အရင်က သူထင်တာမှားခဲ့သည်။ ခဏကြာပြီးနောက် ဤဟင်းလျာက တန်ဖိုးမဲ့သွားပြီး ၂၀% တိုးပေးလိုက်ရင် အဆင်ပြေတယ်လို့ ထင်ခဲ့သည်။ သို့ဖြစ်၍ သူက ပြုံးပြီးမေးလိုက်သည်။ “ထန်ဖူလန်က ဘယ်လောက်နဲ့ ညှိနှိုင်းချင်ပါသလဲ?”

“၆၀%”

သူ့နောက်တွင် ပင့်သက်ရှိုက်သံထွက်ပေါ်လာသော်လည်း ထန်ချွန်းမင်က နားမကြားသလိုပင် ကျင်းကျိစားသောက်ဆိုင်ပိုင်ရှင်ကိုပဲ ကြည့်နေသည်။

သူက ထိုလူငယ်လေး၏ အပေါ်ယံပုံစံဖြင့် လှည့်စားခံမှာမဟုတ်ပေ။ ဆိုင်ရှင်ချီက သူ့ကိုလေးစားတာသိသလို သူက ကြွားရတာကြိုက်သော သခင်လေးလည်းတစ်ယောက်သာသာ မဟုတ်မှန်းလည်း သိသည်။

“၃၀%” ထန့်ယွီက မျက်မှောင်ကြုတ်လိုက်သည်။

“၆၀%!” ထန်ချွန်းမင်က အခိုင်အမာပြောသည်။

“၅၀%!” ထန့်ယွီက နောက်တစ်လှမ်းဆုတ်ပေးလိုက်သည်။

“၆၀%!” ထန်ချွန်းမင်က မတုန်မလှုပ်ပဲနေခဲ့သည်။

“မရဘူး။ ၆၀% က အရမ်းမြင့်တယ်။ ဒီရာသီမှာ အဆင်ပြေပေမယ့် လက်ရှိအခြေအနေမှာ စျေးကမြင့်လွန်းတယ်။ ငါတို့စားသောက်ဆိုင်က လုပ်ငန်းအသေးလေးပဲ။ ငါတို့ရဲ့ရိုးသားမှုကိုထောက်ထားပြီး ထန်ဖူလန်က လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်။”

ထန့်ယွီက စိတ်ခံစားချက်ကိုသုံးပြီး ဆွဲဆောင်လိုက်ရသည်။

“ကောင်းပြီ။ ကျွန်တော်တို့ တစ်လှမ်းဆုတ်ပြီး ၅၀% နဲ့ ညှိနှိုင်းလိုက်တာပေါ့။ ခင်ဗျား ဒီဟင်းလျာတွေကို ချက်ပြီးရင် မူရင်းစျေးနဲ့ ရောင်းလို့မရတာတော့ သိတယ်မလား၊ ဒီဟင်းလျာတွေကို အထူးလက်ရာအဖြစ်သတ်မှတ်ပြီး စားသုံးသူအများကြီးကို ဆွဲဆောင်နိုင်မှာပါ။ ဒါဆို လုပ်ငန်းက ပွင့်လန်းလာပြီး ဝင်ငွေက ကျွန်တော့်လို နည်းနည်းလေးဖြစ်မှာမဟုတ်ဘူး။” ဟုတ်သည်။ ထန်ချွန်းမင် မူလက ငါးဆယ်ရာခိုင်နှုန်းလို့ ပြောချင်ပေမယ့် ထန့်ယွိ၏တွန့်တိုမှုကို ကြည့်ကာ သူက စျေးနှုန်းကို ထပ်တိုးမြှင့်လိုက်ရသည်။ ယခု သူတစ်လှမ်းဆုတ်ပေးတော့ ထန့်ယွီက ပိုပျော်သွားမှာသေချာသည်။

စားသောက်ဆိုင်ကို အမြတ်ထုတ်လိုက်ရသလို ပြုံးပျော်နေသော ထန်ချွန်းမင်ကိုကြည့်ပြီး ထန့်ယွီက ရင်ထဲမှာ တိတ်တဆိတ် ဝမ်းသာနေပြီး ပြောလိုက်ရသည်။ “ကောင်းပြီ။ ဒါဆို ထန်ဖူလန်ပြောတဲ့အတိုင်း ၅၀% တိုးပေးမယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ စာချုပ်ချုပ်ရပါမယ်။ အခုကစပြီး ထန်ဖူလန်က ကျွန်တော်နဲ့ ထန့်မိသားစုကိုပဲ ကုန်ပေးသွင်းရပါမယ်။ တခြားစားသောက်ဆိုင်တွေကို ရောင်းလို့မရတော့ပါဘူး။”

“ဒါပေါ့.. ဒါပေမယ့် ကျွန်တော့်စိုက်ခင်းကို တိုးချဲ့လိုက်ရင် ကျင်းကျိစားသောက်ဆိုင်က အကုန်ဝယ်နိုင်မှာလား? ပိုနေတဲ့အသီးအရွက်တွေကို ဘယ်နားသွားရောင်းရမလဲ? မြေကြီးထဲမှာပဲ ပုပ်သိုးအောင်ထားလို့မရဘူး။”

ဘယ်စားသောက်ဆိုင်ကို ရောင်းချရမလဲ ထန်ချွန်းမင်အတွက် အရေးမကြီးသော်လည်း ဂရုတစိုက် ထည့်စဥ်းစားဖို့လိုသည့် ကိစ္စရပ်များရှိသေးသည်။

“စိတ်မပူပါနဲ့။ ကျင်းကျိအပြင် ငါ့မှာ တခြားလုပ်ငန်းတွေရှိသေးတယ်။ ထန်ဖူလန်ရဲ့ အသီးအရွက်တွေကို မပုပ်စေရပါဘူး။ ခင်ဗျားနဲ့ စာချုပ်ချုပ်တာ ငါပါ။ ကျင်းကျိမဟုတ်ဘူး။” ထန့်ယွီက ယုံကြည်မှုရှိရှိ​ ပြောလိုက်သည်။”

သူက အမှန်တကယ်ပင် သူဌေးတစ်ဦးဖြစ်သည်။ ထန်ချွန်းမင်က ရင်ထဲမှာ သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “တစ်နှစ်စာ စာချုပ်ချုပ်တာပိုကောင်းပါတယ်။ သက်တမ်းကုန်သွားရင် အားလုံးမှာ စဥ်းစားဖို့ အချိန်ရှိိလိမ့်မယ်။ ဒီလိုဆိုရင်ရော?”

“​​ဒါက….” ထန့်ယွီက သူ့ဘေးမှာ အေးအေးဆေးဆေးထိုင်နေသော ဆိုင်ရှင်ချီကို ကြည့်လိုက်သည်။ ဒါက ဆိုင်ရှင်ချီပြောတဲ့ ရိုးသားတဲ့လူဆိုတာလား? “ဟုတ်ပါပြီ…အဲ့လိုလုပ်လို့ရတယ်။ ဒါပေမယ့် ငါတို့ ဆန္ဒအလျောက် လက်တွဲဖြုတ်တာမဟုတ်ရင် ထန့်ကို ဦးစားပေးမယ်လို့ စာချုပ်ထဲမှာ ရေးရမယ်။”

“ကိစ္စမရှိ​ပါဘူး။ အားလုံးက ညှိနှိုင်းရတာလွယ်ပါတယ်။” ထန်ချွန်းမင်က ညှိနှိုင်းမှုပြေလည်ပြီးနောက် ခံစားချက်ကောင်းနေပြီး ရယ်မောနေ၏။

ထန့်ယွီ၏ပါးစပ်ထောင့်ကလည်း တွန့်ကွေးသွားသည်။ ထိုလူ့စိတ်ထားက သာမန်ကောတွေနဲ့ ကွာခြားသည်။ သူ၏ ထင်ရှားသော အသွင်အပြင်ကြောင့်သာ မဟုတ်လျှင် သူက သူနဲ့တူသည့် အမျိုးသားတစ်ယောက်နဲ့ ရင်ဆိုင်နေရတယ်လို့ ထင်ပေလိမ့်မည်။

ထိုအချိန်တွင် ဆိုင်ရှင်ချီက နှစ်ဖက်စလုံးလက်မှတ်ထိုးမည့် စာချုပ်သုံးဆောင်ပြင်လိုက်ပြီး အသိသက်သေအဖြစ် ပွဲစားတစ်ယောက်ကိုပါ ခေါ်ခဲ့သည်။ ထန်ချွန်းမင် ရေးသားသော လက်ရေးလှအသေးစားကိုကြည့်ပြီး သူ့က စာတစ်လုံးမှမဖတ်တတ်သည့် ကျောက်တာဟူ၏ ဇနီးဖြစ်သူလို့ ဆိုင်ရှင်ချီ မယုံနိုင်ခဲ့ပေ။ ထို့အပြင် သူဘာကြောင့် ထိုယောကျာ်းမျိုးနဲ့ လက်ထပ်ခဲ့သလဲပင် နားမလည်နိုင်ခဲ့ပေ။

စာချုပ်ကိုစုဆောင်းပြီးနောက် ဆိုင်ရှင်ချီက လက်ကျန်ဟင်းပွဲအများစုနဲ့ မုန့်များကို အားလင်းအတွက် ထုပ်ပိုးပေးခဲ့သည်။ ထန်ချွန်းမင်က သူ့လက်ထဲတွင် စရံငွေကိုင်ကာ အားလင်းကိုတော့ ကျန်းရှို့လက်ထဲ ထည့်ပေးလိုက်၏။ အံ့အားသင့်နေဆဲဖြစ်သည့် ကျန်းရှို့နှင့် ဝမ်မော့ကိုဆွဲကာ ထန်ချွန်းမင်က စားသောက်ဆိုင်ထဲက ထွက်သွားခဲ့သည်။

သီးသန့်ခန်းထဲတွင် ထန့်ယွီက လက်ဖက်ရည်သောက်ရင်း အပြင်ဘက်လမ်းမကို ကြည့်လိုက်တော့ လူကြီးသုံးယောက်နှင့် ကလေးတစ်ယောက် စားသောက်ဆိုင်ထဲက ထွက်လာတာကို တွေ့လိုက်ရသည်။ ထန်ဖူလန်က တခြားနှစ်ယောက်နဲ့ စနောက်နေပြီး တစ်ယောက်နဲ့တစ်​ယောက် ဖျစ်ညှစ်နေကြသည်။ သူက ကောနှစ်ယောက်ကို နောက်တစ်ကြိမ်ရိုက်နှိုးလိုက်လေသည်။ သူတို့ထဲက တစ်ယော​က်က အော်လိုက်တော့ ထန်ဖူလန်က ကျယ်ကျယ်လောင်လောင် အော်ရယ်သည်။ သူ၏ရယ်မောပုံကလည်း တခြားကောအာလေးတွေလို့ ရှက်ရွံ့နေခြင်းမရှိပေ။

ရယ်မောရင်းဖြင့် လမ်းပေါ်၌ ပျောက်ကွယ်သွားသော လူသုံးယောက်ကိုတွေ့တော့ ထန့်ယွီက နောက်ကိုလှည့်ကြည့်လိုက်သည်။ ဆိုင်ရှင်ချီက သူ့ဘေးမှာရပ်နေပြီး ထန့်ယွီက သူ့ကို ထိုင်ခိုင်းကာ စကားပြောလိုက်သည်။ “လောင်ချီ…ဒီလုပ်ငန်းက အကျိုးမရှိဘူးလို့ မင်းထင်လား?”

ဆိုင်ရှင်ချီက ခေါင်းခါလိုက်သည်။ သူ အရင်တုန်းက ဟင်းလျာတွေကို စားဖူးသည်။ စားသောက်ဆိုင်၏ဟင်းလျာအရသာမှာ သေချာပေါက် တိုးတက်လာမည်ဖြစ်ကာ လုပ်ငန်းကလည်း ထန်ဖူလန်ပြောသလိုပင် ထွန်းကားလာလိမ့်မည်။ ရေရှည်မှာ ဤလုပ်ငန်းက စားသောက်ဆိုင်အတွက် အကျိုးရှိမှာသေချာသည်။ သို့သော် သခင်လေးက ထန်ဖူလန်ကို စိတ်ဝင်စားနေပုံရသည်။

“သခင်လေး.. ထန်ဖူလန်ရဲ့ခင်ပွန်း ကျောက်တာဟူဆုံးသွားတာ နှစ်ဝက်မပြည့်သေးဘူး။ သူ့မှာ ကလေးနှစ်ယောက်လည်းရှိတယ်။” ထိုကောမျိုးက သခင်လေး၏ကျွန်ဖြစ်ဖို့ပင် အရည်အချင်းမရှိပေ။ ဆိုင်ရှင်ချီက သူ့သခင်လေးကို သတိပေးလိုက်ရသည်။

ထန့်ယွီက ဘယ်သူမို့လဲ? ပုံမှန်အားဖြင့် သူက ဆိုင်ရှင်ချီ၏စကားအဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားပြီး ဒေါသတကြီးပြောလိုက်သည်။ “လောင်ချီ…ခင်ဗျား ကျုပ်ကိုဘာထင်နေလဲ? သူက ဝတ်ပြုဆုတောင်းနေရဆဲပဲ။ ဒါပေမယ့် အဲ့ဒီကာလပြီးသွားရင်တောင် သူ့လိုလူက တစ်​ယောက်ယောက်ရဲ့ အငယ်အနှောင်းလုပ်မယ်လို့ မထင်ဘူး။ သူ့ကို တ​ခြားကောတွေနဲ့ တူတယ်လို့ ထင်လား? သူ့နေရာမှာ တခြားကောတွေသာဆို ဘဝကို ကောင်းကောင်းရှင်သန်နိုင်ပါ့မလား?”

ဆိုင်ရှင်ချီက ခေါင်းခါလိုက်သည်။ ကွာခြားတယ်ဆိုတာသိပေမယ့် အဲ့ဒါက ထန်ဖူလန်အပေါ် သခင်လေးက ထူးထူးခြားခြား မြင်နေလို့မဟုတ်ဘူးလား? သခင်လေးက သူသိတာကို သိပြီးသားဖြစ်နေ၍ သူက အများကြီးမ​ပြောချင်တော့ပေ။

သို့ပေမယ့် သူက ပြောလိုက်သည်။ “သခင်လေးအိမ်ထောင်ပြုသင့်ပြီ။ ထန်ဖူလန်မှာ က​လေးနှစ်ယောက်ရှိတာကို မြင်တယ်မလား” သူ့ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိပေမယ့်လည်း သူက သခင်လေးလောက်တော့ အသက်မကြီးသေးပေ။

ထန့်ယွီက မျက်မှောင်ကြုတ်သည်။ အဘိုးကြီးချီက လက်မလျှော့ဘူးပဲ။… သူက ပျင်းရိပျင်းတွဲ လက်ယမ်းပြကာ ပြောလိုက်သည်။ “ကျုပ်သိပြီ… ခင်ဗျားအလုပ်သွားလုပ်တော့… ကျုပ်ဒီမှာပဲထိုင်နေမယ်။”

“ဟုတ်ကဲ့ပါ…သခင်လေး…” သခင်လေး စကားဆက်မပြောချင်တာကို တွေ့လိုက်ရပြီး ဆိုင်ရှင်ချီက တိုးတိုးလေး သက်ပြင်းချ​လိုက်မိသည်။ သခင်လေး ဘယ်တော့လက်ထပ်မှာလဲ?

သူတို့သုံးယောက်က စိတ်မငြိမ်ခင်အထိ ရူးသွပ်နေကြပြီး ​ကျန်းရှို့နဲ့ ဝမ်မော့က ထန်ချွန်းမင်ကို ထမင်းလိုက်ကျွေးဖို့ ယဥ်ယဥ်ကျေးကျေး ​တောင်းဆိုလိုက်သည်။ စားနေစဥ်၌ ကျန်းရှို့ကပြောလိုက်သည်။ “အဲ့ဒီစားသောက်ဆိုင်ရဲ့သူဌေးက အရမ်းချောတယ်နော်။ ပြီးတော့ သူက မြို့ထဲက သခင်လေးဖြစ်ပြီး ငါတို့က ကျေးလက်နေ ကောတွေမို့ ယှဥ်လို့မရဘူး။”

“အင်းပါ။ ငါပြန်ရောက်ရင် ကျန်းရှို့က မြို့ထဲက သခင်လေးကို ကြိုက်နေတယ်လို့ တာရှန်ကိုပြောပေးမယ်။”

“ဟာ!” ကျန်းရှို့က ထန်ချွန်းမင်ကို ရိုက်လိုက်သည်။ ဝမ်မော့က ဘေးကနေရယ်နေသည်။ သူလည်းပဲ မြို့ကလူငယ်တွေကို ချောတယ်လို့ထင်မိသည်။ ရွာက ကြည့်ကောင်းတဲ့ကောလေးတွေက မြို့ထဲမှာ လက်ထပ်ချင်ကြတာမဆန်းပေ။ သို့ပေမယ့် ထိုကိုယ်ကျိုးရှာသော ကောလေးတွေက မင်ကောအာလောက် ကြည့်မကောင်းပါပေ။

စားပြီးနောက် ထန်ချွန်းမင်က ပစ္စည်းအများအပြားဝယ်ခဲ့သည်။ ကျန်းရှို့က ယခုတစ်ကြိမ် သူ့ကိုမတားခဲ့ပေ။ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်သရွေ့ ပိုက်ဆံပြတ်လတ်မှာ မဟုတ်ပေ။

ဦးလေးကျောက်နဲ့ သဘောတူထားသော နေရာကိုရောက်သောအခါ ဦးလေးကျောက်က သူတို့ကို ထိုင်စောင့်နေသည်။ ကျန်းရှို့နဲ့ ဝမ်မော့က အသီးအရွက်ရောင်းသည့်ကိစ္စကို ထည့်မပြောခဲ့ပေ။ ကျင်းကျိစားသောက်ဆိုင်က ဟင်းသီးဟင်းရွက်တွေကို လာသယ်တာနဲ့ ရွာသားအားလုံးသိသွားကြမှာပင်။ အနည်းဆုံးတော့ သူတို့ ယခုနေပြန်သွားသည့်အခါ ရွဲ့စောင်းသော စကားသံများရပ်သွားပေလိမ့်မည်။

မင်ကောအာ၏ ခြင်းတောင်းနှစ်တောင်းလွတ်နေတာကို ထိုလူတွေက မြင်လိုက်တာနဲ့ ပိုက်ဆံအများကြီးရလာမှန်း သိသွားခဲ့သည်။ သူတို့က လှည်းပေါ်မှာ ချိုမြိန်သောစကားတွေပြောနေပြီး မင်ကောအာ ဘယ်လောက်နဲ့ရောင်းခဲ့လဲ စကားနှိုက်ချင်ကြသည်။ ကျန်းရှို့နဲ့ဝမ်မော့က တစ်ပြိုင်နက်တည်း သူတို့စကားတွေကို ကြားဖြတ်ပြောခဲ့သည်။

သူတို့ဖျင်ရှန်ရွာကို ပြန်ရောက်သောအခါ ထန်ချွန်းမင်က ဦးလေးကျောက်ကို သကြားလုံးတစ်ထုပ်နှင့် ကျင်းကျိမှ သရေစာတစ်ထုပ်ပေးခဲ့သည်။ ဦးလေးကျောက်က ငြင်းချင်ပေမယ့် ထန်ချွန်းမင်က အရင်တည်းက ပြင်ဆင်ထားလို့ ကျန်းရှို့နဲ့ ဝမ်မော့မှာလည်းရှိတယ်လို့ ပြောခဲ့သည်။ ထို့အပြင် ၎င်းက ဦးလေးကျောက်အတွက် မဟုတ်ပဲ ဦးလေးကျောက်၏ အကြီးဆုံးမြေးအတွက်ဖြစ်သည်။ ဦးလေးကျောက်က ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရသည်။ အမှန်တိုင်း​ပြောရလျှင် သူက အကြီးဆုံးမြေးအတွက် စိတ်မကောင်းဖြစ်ရသည်။

အရင်တုန်းက သူ့ကောအာလေး၏ကိစ္စအတွက် ငွေရှာရန် မြေတစ်ပိုင်းကိုရောင်းခဲ့သည်။ သူက ကောအာလေး၏အိမ်မှ နွားတစ်ကောင်ကို ပြန်ယူခဲ့သည်။ ကံအားလျော်စွာ သူ့မှာ မိသားစုကိုထောက်ပံ့ဖို့ ဤနွားလေးရှိလာခဲ့သည်။ သူ့မြေးကြီးအတွက် စားစရာလုံလုံလောက်လောက်ရှိပေမယ့် သရေစာဝယ်ဖို့တော့ ပိုက်ဆံအပိုမရှိခဲ့ပေ။

နွားလှည်းပေါ်မှာထိုင်ကာ ပြန်မောင်းလာရင်း ဦးလေးကျောက်၏မျက်လုံးက နီရဲနေသည်။ တာလျန်သာ မင်ကောအာလို သန်မာခဲ့ရင် ယခုချိန်မှာ မိသားစုက ပျော်ပျော်ရွှင်ရွှင်နေရလိမ့်မည်။ မိသားစုအတူရှိခြင်းက တခြားအရာတွေထက် ပိုကောင်းသည်။

အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လီကျန့်နဲ့ ရှန်းဖူလန်က တံခါးဝရောက်လာခဲ့သည်။

ထန်ချွန်းမင်က သူတို့ကို တံခါးဖွင့်ပေးပြီး အလွန်အံ့အားသင့်သွားခဲ့သည်။ ရှန်းဖူလန်က လာနေကြပေမယ့် လီကျန့်ရောက်လာတော့ တစ်ခုခုမှားနေလို့ဖြစ်မည်။ ဒီအချိန်အတောအတွင်း ဘာဖြစ်သွားတာလဲ?ရုတ်တရက် စကားတစ်ခွန်းက သူ့စိတ်ထဲရောက်လာသည်။

သေစမ်း! အခွန်!

အာဏာရှင်က ကျားထက်ပိုရက်စက်သည်!

ရိုးရိုးသားသားပြောရလျှင် ရှေးခေတ်လူနေမှုဘဝက ထူးထူးခြား​ခြား ကျွမ်းကျင်မှုမရှိလျှင် ခက်ခဲသည်။

ယခုချိန်၌ ထန်ချွန်းမင်က သူ့တတိယဦးလေး၏အတွေးကို နားလည်သွားခဲ့သည်။ သူက ကျောက်မိသားစုမှာ ပညာရှင်တစ်ယောက်ရှိလာဖို့ စိတ်အားထက်သန်နေပြီး မျိုးနွယ်စု၏မြေကို ထိုပညာရှင်၏နာမည်အောက်တွင် မှတ်ပုံတင်ချင်ခဲ့သည်။ ထိုသို့ဖြင့် သူတို့က အခွန်ပေးဆောင်ဖို့မလိုတော့ပဲ ပညာရှင်မိသားစုကလည်း လုပ်အားပေးအခွန်ဆောင်စရာမလိုတော့ပေ။ အင်ပါယာစာမေးပွဲအောင်ရင်တော့ ပိုပြီးအံ့အားသင့်စရာဖြစ်လာပေမည်။

နားလည်တယ်ဆိုတာ ထောက်ခံတယ်လို့ မဆိုလိုပေ။ တတိယဦးလေးက တခြားသူတွေအပေါ်မှာ အတော်လေးအေးစက်သည်။

ထန်ချွန်းမင်က ရွာလူကြီးကို နှုတ်ဆက်နေစဥ် ဆင်ခြင်တုံတရားမဲ့စွာ တွေးတောနေသည်။ မျှော်လင့်ထားသလိုပင် အရာရှိဝတ်ရုံဝတ်ထားသော အစိုးရအရာရှိနှစ်ဦးက သူ့နောက်ကလိုက်ပါလာသည်။ ရှောင်ဟွာက အံကြိတ်ပြီး သူစိမ်းတွေကို အော်ဟစ်လိုက်သည်။ ထန်ချွန်းမင်၏အဆူခံရပြီးနောက် သူက အမြီးကိုခါကာ လဲလျောင်းလိုက်သည်။

သို့ပေမယ့် ဝင်လာသော လူအနည်းငယ်ကို စိုက်ကြည့်နေဆဲဖြစ်သည်။ အားလင်း ကြောက်နေမှာကို စိုးရိမ်သော ရှန်းဖူလန်က ကောအာလေးကို အိမ်ထဲပြန်ခေါ်သွားခဲ့သည်။

ခြံထဲကသိုးတွေက အော်မြည်နေပြီး ကြက်ပေါက်ငါးဆယ်က အစာတောင်းနေသည်။ သူပြန်လာသည့်အချိန် သူတို့ကိုကျွေးဖို့ အချိန်မရှိခဲ့ပေ။ သို့ပေမယ့် ခြံဝင်းလေးက အသက်ဝင်နေ၏။

လီကျန့်က လာရင်းကိစ္စကို တိုက်ရိုက်ပြောလိုက်သည်။ “မင်ကောအာ… လုပ်အားပေးခွန်က နွေဦးထွန်ယက်ပြီးတာနဲ့ ရောက်လာမယ်လို့ ငါမင်းကိုပြောပြီးသားပါ။ မဟုတ်ဘူး။ ယာမန်က လူဦးရေစာရင်းကောက်ပြီးသွားပြီ။ လုပ်အားပေးမလား ငွေပေးမလား မင်းဆုံးဖြတ်လို့ရတယ်။ ဒါပေမယ့် မင်းရဲ့လက်ရှိအခြေအနေကြောင့် မင်းငွေပေးလို့ပဲရမယ်။ မင်းရဲ့မိသားစုအ​ခြေအနေအရ မင်းက ငွေတစ်ပြားပေးဖို့ပဲလိုတယ်။ မင်ကောအာ… မင်းအခုအဆင်မပြေရင် …..”

လီကျန့်က မင်ကောအာဒုက္ခရောက်နေတာကို သူ့ဇနီးဖြစ်သူနဲ့ ဆွေးနွေးပြီးပြီဖြစ်သည်။ သူတို့မိသားစုက အရင်စိုက်ပေးထားပြီး မင်ကောအာ ကလေးမွေးပြီးသည်အထိ စောင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့သည်။ ထန်ချွန်းမင်က အလုပ်ကြိုးစားသော ကောတစ်ယောက်ဖြစ်ပြီး သူ့အတွက် ထိုကိစ္စက မလွယ်ကူပေ။ ရှန်းဖူလန်ပြောပြ၍ သူက ခြံထဲက အခြေအနေကို လာကြည့်ခဲ့ပြီး ထိုလူက တကယ်ကို အလုပ်ကြိုးစား​ကြောင်းသိခဲ့ရသည်။ လက်ရှိအခြေအနေကို ကျော်ဖြတ်ပြီးလျှင် ဘဝကို ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မည်။

“ဦးလေးလီကျန့်…စိတ်မပူပါနဲ့။ ဒီနေ့ ကျွန်တော် ဟင်းသီးဟင်းရွက်နှစ်တင်းရောင်းဖို့ မြို့ကိုသွားခဲ့တာ ဦးလေးမသိသေးဘူးလား? ကျွန်တော်ပိုက်ဆံရခဲ့တယ်။ နေဦး.. ကျွန်တော်အိမ်ထဲဝင်ပြီး ပိုက်ဆံသွားယူလိုက်ဦးမယ်။” အစိုးရအရာရှိနှစ်ဦးနှင့် ခြံထဲမှာရပ်နေပြီး ထန်ချွန်းမင်က အိမ်ထဲသို့ပြေးဝင်သွားသည်။ ရှန်းဖူလန်က သူ့ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ ထန်ချွန်းမင်က သေတ္တာကို အပြုံးတစ်ခုဖြင့်ဖွင့်လိုက်ပြီး နေရာလွတ်ထဲမှာ ငွေပြားဝက်တန်ဖိုးရှိသည့် ငွေပြားတစ်စကို ယူကာ အပြင်ထွက်လာခဲ့သည်။ သူထွက်လာပြီး​နောက် အစိုးရအရာရှိနှစ်ဦးကို ပေးလိုက်သည်။

အစိုးရအရာရှိက မင်းဘယ်လိုလူစားမျိုးလဲ၊ မင်းကိုကိုယ်ချင်းစာသင့်သလားဆိုတာကို ဂရုမစိုက်ပေ။ သူတို့လိုအပ်တာက သူတို့အလုပ်ပြီးအောင် အိမ်ထောင်စုအခွန်တောင်းဖို့ဖြစ်သည်။ လီကျန့်မိသားစု၏ ယောက်ဖကလည်း သူတို့နဲ့ အတူလိုက်လာပြီး သူက ဖျင်ရှင်ရွာရှိ လူကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရကာ အတော်လေးယဥ်ကျေးသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment