Chapter 11.1
“လီမိသားစု”
တိုက်ပွဲက အလွန်ကျေနပ်စရာကောင်းပြီး ရလဒ်လည်း ကောင်းခဲ့သည်။ ထန်ချွန်းမင်က ကျန်းမာရေးမကောင်းတာကြောင့် ပွဲပြီးတာနဲ့ အနားယူရန် အိမ်ပြန်သွားခဲ့သည်။ ဒါကြောင့် လီမိသားစု၏ အငြင်းပွားမှုကို စောင်ကြည့်နေသော ရွာသားတွေက ဆေးသေတ္တာသယ်ကာ ထန်ချွန်းမင်ဆီသွားနေသော ဟူလန်ကျုံးကိုတွေ့ခဲ့ရသည်။
စိတ်အားထက်သန်သူများ သို့မဟုတ် ရွာသားတချို့က ဟူလန်ကျုံးကို တားကာ ထန်ချွန်းမင် ဘာဖြစ်ခဲ့တာလဲမေးလိုက်သည်။ ဟူလန်ကျုံးက ဒေါသထွက်ကာ မုတ်ဆိတ်ကို မှုတ်လိုက်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။ “ဒါကို အဓိပ္ပါယ်မရှိဘူးလို့ ထင်လို့လား? သူ့ကျန်းမာရေး ဘယ်လောက်ဆိုးလဲသိလား? သူ့သန္ဓေသား အန္တရာယ်ရှိလို့ ငါသူ့ကို ကယ်နိုင်ပါ့မလားတောင် မသိဘူး။ လူကောင်းတစ်ယောက်လို့ ထင်ရတဲ့ ကျောက်တာဟူက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မယ်လို့ မထင်ထားဘူး။” ဟူဟန်ကျုံးက ဆေးသေတ္တာကို ကျောမှာလွယ်ကာ ထွက်သွားခဲ့သည်။
နေရာတိုင်းတွင် သက်ပြင်းချသံများရှိ၏။ လီမိသားစု အရေးကိစ္စသာပေါ်မလာရင် ထန်ချွန်းမင်က အတင်းအဖျင်းစာရင်းထဲမှာ အချိန်အတော်ကြာ နေရာယူထားမည်ဖြစ်၏။
ရွာလူကြီး၏ဇနီး၊ သူ့မိထွေးနှင့် ကျန်းရှို့၏ ပေါင်းအဆူခံလိုက်ရသော ထန်ချွန်းမင်က ခန်းကုတင်ပေါ်တွင် လင်းအာကိုဖက်ကာ စိတ်ပျက်လက်ပျက် လဲလျောင်းနေ၏။ ယခု လင်းအာက သူ့ဖေဖေကလွဲလို့ ဘယ်သူ့ကိုမှ မဖက်ထားချင်ပေ။ ထန်ချွန်းမင်က တွန့်ဆုတ်မနေပဲ သူ့သား၏တောင်းဆိုမှုကို လိုက်လျောပေးခဲ့သည်။
“အားလင်း.. မင်းဦးလေးကို မင်းမလိုချင်တော့ဘူးလား?” ထန်ချွန်းရုံက ခန်းကုတင်ဘေးကနေ သူ့တူလေးကို စနောက်လိုက်သည်။
ကျောက်လင်းအာက သူ့ဦးလေး၏ ဝမ်းနည်းနေသော အမူအရာကို တွေ့သွားပေမယ့် သူက သူ့ဖေဖေကို မလွှတ်ပေးချင်တာကြောင့် ပြောလိုက်ရသည်။ “အားလင်း…မနက်ဖြန်… မဟုတ်သေးဘူး.. သဘက်ခါ ဦးလေးနဲ့ အဖော်လုပ်ပေးပါ့မယ်။” ဦးလေးက သူ့အပေါ်ကောင်းသလို ဆန်ပြုတ်ကျွေးကာ ချိုချိုသာသာ စကားပြောသည်။ သူက ဟိုလူတွေထက် အဆတရာပိုကောင်းတာမို့ ကျောက်လင်းက သူတစ်ခါမှမမြင်ဖူးခဲ့သော သူ့ဦးလေးကို ချစ်ပါ၏။ သူက သူ့ဦးလေးကို ဝမ်းမနည်းစေချင်ပေ။
ထန်ချွန်းရုံ၏ပါးစပ်က တွန့်ကွေးသွားပြီး ကျန်းရှို့က ပြုံးလိုက်သည်။ ထိုစဥ် ရွာလူကြီး၏ ဇနီးကလည်း ရယ်လိုက်ပြီး “ငါတို့လင်းအာက အရမ်းဉာဏ်ကောင်းတယ်။ အလိုလေး…ငါသူ့ကိုကြိုက်လိုက်တာ။ ငါသူ့ကို ပြုစုပျိုးထောင်ဖို့ အိမ်ကို ခေါ်သွားချင်တယ်။” သားဖြစ်သူ၏ အပြုံးကိုမြင်လိုက်သော ဝမ်ယင်ကလည်း မပြုံးပဲမနေနိုင်ခဲ့ပေ။ အမှန်တော့ ဒါလေးက သူ့မြေးဖြစ်ပြီး သူ့ဖေဖေထက်ချစ်ဖို့ကောင်းပြီး ဉာဏ်ကောင်းသည်။
“ဟုတ်ပြီ…ဖေဖေ့ကို အရင်အဖော်ပြုပေးပါဦး။ အားလင်က တကယ့်လိမ္မာတဲ့သားလေးပဲ။” ထန်ချွန်းမင်က ဂုဏ်ယူသလိုပြောလိုက်သည်။ သူက သူ့သား၏ခေါင်းကိုဆွဲကာ အနမ်းကြီးကြီးတစ်ပွင့်ပေးလိုက်တော့ ကျောက်လင်းအာက ရှက်ရှက်ဖြင့် စောင်ထဲဝင်ပုန်းခဲ့သည်။
“ဟုတ်ပါပြီ.. ဒါဆို မင်းတို့သားအဖကို ဂရုစိုက်ပေးမယ့် အားရှို့လည်းရှိနေတော့ ငါအားမှ ပြန်လာခဲ့မယ်။ ငါတို့ ပစ္စည်းတချို့ယူလာပေးတယ်။ မင်းဦးလေးကို အားနာစရာမလိုလို့ မငြင်းနဲ့နော်။ မင်းကိုယ်မင်းနဲ့ မင်းခန္ဓာကိုယ်ကို ဂရုစိုက်ပါ။” ရွာလူကြီး၏ဇနီးက အခန်းထဲဝင်လာသောအခါ ပစ္စည်းတွေကို စားပွဲပေါ်တစ်ခါတည်းတင်လိုက်၍ ထန်ချွန်းမင် မငြင်းနိုင်တော့ပေ။
ထန်ချွန်းမင်က ကျေးဇူးတင်လိုက်သည်။ လက်ဆောင်တွေက ဥနှင့် ဂျုံဖြူဖြစ်၏။ ထန်ချွန်းမင်က အနာဂတ်မှာ ဖျင်ရှန်ရွာ၌ နေထိုင်လိုလျှင် အားကိုးရမည့်လူရှိစေရန် ရွာလူကြီးမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရမည်။ အားရုံက ခဏခဏလာနိုင်မှာမဟုတ်၍ တစ်ခုခုဆိုရင် အချိန်မီအကြောင်းကြားလို့မရပေ။
ထန်ချွန်းမင်က သူ့မိထွေးကို လှည့်ကြည့်လိုက်ပြီး “ဖေဖေ… ဒီနေ့အတွက်ကျေးဇူးပါ။ ဖေဖေ့စကားတစ်ခွန်းက အားလုံးပြီးသွားစေခဲ့တယ်။” သူ တစ်နေ့လုံး အားစိုက်ထုတ်ခဲ့ပေမယ့် သူ့မိထွေးပေါ်လာတော့ ကိစ္စတွေက ပိုရှင်းသွားခဲ့သည်။ အရေးကြီးသောအချိန်တွင် မိသားစုရှိဖို့လိုသည်။ ရှေးခတ်မဟုတ်ရင်တောင် သူနေခဲ့သော ခေတ်သစ်မှာလည်း ယခုလိုပင်။ မိသားစုမှာ ညီအစ်ကိုမောင်နှမများရန်ဖြစ်ပါက မိဘတွေ ဝင်ဖျန်ဖြေပေးရမည်။
“မင်းကို ကူညီလို့ရပေမယ့် အကန့်သတ်ရှိတယ်။” ဝမ်ယင်က ကူညီခဲ့ပေမယ့် သေချာပြောထားလိုက်သည်။ “မင်း ကိုယ့်ဘာကိုယ်ရပ်မတည်နိုင်ရင် ငါလာကူညီပေးဖို့ မမျှော်လင့်နဲ့။ အဲ့ဒါက မင်းရဲ့လုပ်ရည်ကိုင်ရည်ပေါ်မူတည်တယ်။ ငါက စွမ်းဆောင်ရည်ကို အလေးထားတယ်။ ဘိုးဘိုးကျောက်လိုမဟုတ်ဘူး။”
ကျန်းရှို့က ဘာပြောရမလဲမသိဖြစ်နေ၏။ ဝမ်အားမော့ ယနေ့မှာ ပေါ်လာမယ်လို့ သူမထင်ထား၍ သူက စိတ်ထဲက ကျေးဇူးတင်နေမိသည်။ ဝမ်အားမော့နဲ့ အားရုံတို့ မင်ကောအာကို နည်းနည်းလောက် ပိုပြီးကူညီနိုင်မယ်လို့ မျှော်လင့်နေသော်လည်း ယခုချိန်တွင် ဘယ်သူ့ဘက်က ရပ်တည်ရမည်ကို သူမသိပေ။
ထန်ချွန်းမင်က စိတ်မဆိုးပေ။ သူ့အမြင်မှာ သူ့မိထွေးက ပတ်ဝန်းကျင်ရှိလူအားလုံးတွင် အထက်မြက်ဆုံးလူပင်။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အရူးလုပ်လို့မရပေ။ သူက ဘယ်သူ့ကိုမှ မလှည့်စားချင်သလို တစ်ဖက်သတ် အားကိုးတာမျိုးလည်း မလုပ်ချင်ပေ။ သူက သူ့မိထွေး၊ညီလေးတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိချင်သည်။ ဟုတ်ပါသည်။ ဆက်ဆံရေးက တစ်ဖက်တည်းမှီခိုလို့မရပါပေ။ တစ်ဖက်တည်းက မှီခိုနေလျှင် မိသားစုဖြစ်ရင်တောင် နှလုံးသားတွေ အေးစက်လာလိမ့်မည်။ ထိုသို့ဖြင့် ဆက်ဆံရေးက အပေါ်ယံဖြစ်သွားပေမည်။
“ဖေဖေ…စိတ်ချပါ။ ကျွန်တော် ဖေဖေပြောတာတွေကို နားလည်ပါတယ်။ ပြီးတော့ ဖေဖေတွေးနေတာကိုလည်းသိတယ်။ အနာဂတ်မှာ ကိုယ့်ကိုယ်ကို ထူထောင်ပြီး အားရုံနဲ့ ဆက်ဆံရေးကောင်းမှာပါ။ ဖေဖေက အဲ့ဒါကို စောင့်ကြည့်ဖို့ပဲလိုတယ်။ ဖေဖေ.က ပါးစပ်ဆိုးပြီး စိတ်နှလုံးကောင်းတဲ့လူလို့ ကျွန်တော်ပြောဖူးသလား?”
ဝမ်ယင်က ထိုစကားကြားတော့ ကျေနပ်သွားသည်။ သူ့လင်ပါသားက ရုတ်တရက် ဉာဏ်အလင်းပွင့်လာပြီး သူလုပ်နိုင်မယ်လို့ ထင်သည်။ သို့သော် သူက ပူပန်နေတုန်းပင်။ အနာဂတ်မှာဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမည်။ သူအားရုံရဲ့ ပြိုင်ဘက်ဖြစ်လာမှာလား?
“အားရုံ..သွားစို့!” ဝမ်ယင်က ထန်ချွန်းရုံကို ဆွဲကာ အပြင်ထွက်သွားသည်။
“ဖေဖေ… အစ်ကို ဒီမှာနေဖို့ လူတစ်ယောက်လိုတယ်။” ထန်ချွန်းရုံက စိုးရိမ်နေသည်။ ယခုလေးတင် အားလုံးအဆင်ပြေခဲ့ပေမယ့် သူ့အဖေက ဘာထဖြစ်တာလဲ.. သူ့အဖေနှင့် အစ်ကိုကြားက စကားတွေကလည်း ရှုပ်ထွေးနေသည်။
“အားရုံ…မင်းဖေဖေနဲ့ အရင်လိုက်သွားလိုက်။ အတန်းတွေအကြာကြီးပျက်လို့မရဘူး။ ငါပြောတာနားထောင်။ မင်းဖေဖေက မင်းကောင်းဖို့အတွက် လုပ်ပေးနေတာ။” ထန်ချွန်းမင်က သူ့ညီကို အော်ပြောလိုက်၏။ သူတို့ထွက်သွားပြီးသည့်တိုင် မိထွေးဖြစ်သူနှင့် ထန်ချွန်းရုံ၏ စကားများသံကို ကြားနေရဆဲဖြစ်သည်။ ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာ တိတ်တဆိတ် ရယ်မောလိုက်သည်။
ကျန်းရှို့က ခဏကြာမှ အသိစိတ်ပြန်ဝင်လာသည်။ သူအများကြီးနားမလည်သော်လည်း သူက မင်ကောအာနှင့် ဝမ်အားမော့ကြားရှိ ဆက်ဆံရေးပိုကောင်းလာတာကို မြင်နိုင်သည်။ အားရုံက သူတို့ကြားရှိ အဓိကသော့ချက်ဖြစ်၏။ သူက မင်ကောအာအတွက် ဝမ်းသာပေမယ့် မင်ကောအာ၏ အမြင်တွင် ဝမ်အားမော့၏ အပြုအမူက မကောင်းပဲ အကူအညီမဲ့သလို ဖြစ်နေမှာစိုးရိမ်၏။ သူက မင်ကောအာ၏ခေါင်းကို လှမ်းထိလိုက်သည်။ “မင်း အဖေကို ဘာလို့နှိုးဆွချင်တာလဲ။ မင်းပြောသလိုပဲ ဝမ်အားမော့က အပြောဆိုးပြီး နှလုံးသားလှတယ်။ ဘိုးဘိုးကျောက်နဲ့ယှဥ်ရင် သူက ပိုကောင်းတယ်။ နောက်ကျရင် မင်းကတော့ စိတ်ပျော့နေလို့မရဘူးနော်။”
မင်ကောအာ အသက်ပြန်ရှင်လာသလိုပင်။ အရင်ကလည်းမဆိုးပေမယ့် မင်ကောအာက တစ်ယောက်တည်း ဒုက္ခရောက်နေခဲ့တာဖြစ်၏။ ယခုအခါ သူ့ရင်ထဲက အထုံးပြေသွားပြီး သူ့နှလုံးသားက ပိုရှင်းလာသည်။ ထိုအကြောင်းကြောင့် သူက မင်ကောအာ၏ အမှီခိုကင်းကင်း နေထိုင်ခြင်းကို မကန့်ကွက်ခဲ့တာဖြစ်၏။
ထန်ချွန်းမင်က ပြုံးပြီး အားလင်း၏နှာခေါင်းကို လက်ချောင်းဖြင့် ကလိထိုးကာ စလိုက်သည်။ “အားလင်း.. ဖေဖေ မင်းဦးလေးနဲ့ ဘိုးဘိုးကို ထွက်သွားခိုင်းလိုက်ပြီ။ ဘယ်လိုလုပ်မလဲ?”
“ဖေဖေ… မစိုးရိမ်ပါနဲ့။ အားလင်းက ဖေဖေနဲ့အတူနေမှာပါ။”.ကျောက်လင်းက သူ့ဖေဖေကို လှမ်းဖက်ပြီး လူကြီးလေးလို နှစ်သိမ့်နေ၏။
ကျန်းရှို့က ရယ်မောလိုက်သည်။ “အားလင်း… မင်းဖေဖေပြောတာနားမထောင်နဲ့။ ဘိုးဘိုးက အလုပ်ရှုပ်နေပြီး မင်းဦးလေးက ကျောင်းတက်ရမယ်။ ဦးဦးက မင်းနဲ့ မင်းဖေဖေကို လာကြည့်မှာပါ။”
ကျောက်လင်းက ကျန်းရှို့ကိုကြည့်ကာ မျက်တောင်တစ်ချက်ခတ်ပြီးမှ သူ့ဖေဖေကိုကြည့်လိုက်သည်။ “ဖေဖေ…ဦးလေးက စိတ်မဆိုးပါဘူး။ ဦးလေးက အားလင်းကို ဂရုစိုက်တယ်။” ဘိုးဘိုးက ခက်ထန်လို့ သူနည်းနည်းတော့ကြောက်ပေမယ့် ဘိုးဘိုးက ဘိုးဘိုးကျောက်ထက် ကောင်းသည်။ သူက သူ့ကို သူ့ဖေဖေနှင့် ခွဲမှာမဟုတ်ပေ။ ကလေးတွေရဲ့ပင်ကိုယ်စိတ်က အလွန်စူးရှပြီး ဝမ်ယင်က ခက်ထန်သော်လည်း ကျောက်လင်းက သူ့ကို ဘိုးဘိုးကျောက်နဲ့တူတယ်လို့မထင်ပေ။
“လိမ္မာတဲ့တစ္ဆေလေး” ထန်ချွန်းမင်က သူ့သားကို အားရပါးရဖက်လိုက်၏။ သူ့သားက သေးပေးမယ့် ထက်မြက်လို့ အရူးလုပ်ရမလွယ်ပေ။
&&&
Chapter 11.2
“လီမိသားစု”
ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာ တစ်နေကုန်လဲလျောင်းနေပြီးနောက် မအိပ်ချင်တော့ပေ။ နေရာလွတ်မှ စမ်းရေက သူ့ခန္ဓာကိုယ်ကို အာဟာရဓာတ်ဖြည့်ပေးပြီး သူက အရင်ကထက် အများကြီးပိုကောင်းလာသည်။ စမ်းရေက ဆေးဖျန်းရာတွင်သုံးသောရေဖြစ်သည်။ လီတာရှန်က သူ့အိမ်ကို ရေသယ်လာပြီး ထန်ချွန်းမင်က ရေတွေကို နေရာလွတ်ထဲ တိတ်တဆိတ်ထည့်ကာ နေရာလွတ်ထဲမှ စမ်းရေနဲ့လဲလိုက်သည်။ ဒါကြောင့် ဤရက်ပိုင်းတွင် မိသားစုက စမ်းရေကိုသာသုံးနေခဲ့သည်။ မင်ကောအာအိမ်က ရေက ပိုသောက်လို့ကောင်းတယ်လို့ ကျန်းရှို့က ခဏခဏပြောခဲ့သေးသည်။
မနေ့ကတိုက်ပွဲအပြီးမှာ သူက စိတ်ရောကိုယ်ပါ မောဟိုက်နေခဲ့ပေမယ့် ယခုမူ သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းမိသည့် မအီမသာဖြစ်မှု ပျောက်ကွယ်သွားတယ်လို့ ခံစားလိုက်ရသည်။ သူက အင်မတန်စိတ်သက်သာရာရနေသည်။ ယင်းမှာ မူလပိုင်ရှင်မင်ကောအာ၏ ခန္ဓာကိုယ်ထဲက နောက်ဆုံးအကြွင်းအကျန်ဖြစ်လောက်သည်။ ကျောက်မိသားစုကို ဖယ်ရှားပြီး အားလင်းကို ဂရုစိုက်နိုင်ခဲ့လို့ မူလပိုင်ရှင်က စိတ်သက်သာရာရပြီး လုံးလုံးပျောက်ကွယ်သွားတာဖြစ်၏။ ဒါကြောင့် ထန်ချွန်းမင်၏ ခန္ဓာကိုယ်က သူရောက်လာခါစထက် ပိုကောင်းလာခဲ့သည်။
နောက်နေ့မနက် ထန်ချွန်းမင် အိပ်ရာထသောအခါ မျက်လုံးပွတ်ကာ သူနဲ့အတူထချင်သော အားလင်းက အိပ်ရာပေါ်ကို ပြန်အဖိခံလိုက်ရပြီး ခဏလောက် ထပ်အိပ်ခဲ့သည်။ ကလေးက ကြီးထွားဖွံ့ဖြိုးရန် ပိုမိုအိပ်စက်သင့်သည်။ ထန်ချွန်းမင်က ယခုချိန်တွင် သူ့သားကို အလိုလိုက်ခြင်း နိယာမကို လိုက်စားနေသည်။
ထိုအချိန်တွင် ကျန်းရှို့က စိုးရိမ်တကြီးရောက်လာသည်။ သူက ထန်ချွန်းမင်ကို အိပ်ရာမထစေချင်ပေမယ့် ထန်ချွန်းမင်က ယနေ့မှာ ပိုကြည့်ကောင်းနေတာကြောင့် သတိထားဖို့သာ မှာလိုက်ရသည်။ ထန်ချွန်းမင် မနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး စိတ်စွမ်းအင်ကို အသုံးမပြုခဲ့တာကြောင့် သူ့အသားအရေက သဘာဝအတိုင်း ပြန်ကောင်းလာသည်။
ကျန်းရှို့၏မိသားစုက အိမ်မှာလုပ်စရာအများကြီးရှိတာကြောင့် သူထန်ချွန်းမင်နှင့် စကားနည်းနည်းပြောပြီးနောက် အမြန်ပြန်သွားခဲ့သည်။ စိုက်ပျိုးရာသီမဟုတ်သော်လည်း အလုပ်ကြိုးစားသူများက မိသားစုအတွက် အပိုဝင်ငွေရဖို့ အစွမ်းကုန်ကြိုးစားသည်။ သူ့တာရှန်က မြို့ထဲမှာ မိသားစုတစ်ခုအတွက် အလုပ်လုပ်ဖို့ သဘောတူခဲ့ပြီး တစ်ရက်လျှင် ငွေဆင့်နှစ်ဆယ် သုံးဆယ်ရနိုင်၍ သူ ထိုပိုက်ဆံကို အလဟဿအဆုံးရှုံးခံလိုက်လျှင် သူဝမ်းနည်းရပေမည်။
ထန်ချွန်းမင်က ထိုကိစ္စအတွက် အလွန်ဝမ်းသာခဲ့သည်။ ယခုသူ့ကို စောင့်ကြည့်မယ့်သူမရှိ၍ သူက နေရာလွတ်ထဲက အစားအစာကို ထုတ်ယူကာ အားလင်ကို အာဟာရဖြည့်ကျွေးလိုက်၏။ လီတာရှန်က သူ့ခန်းဝင်ပစ္စည်း စျေးကောင်းကောင်းရဖို့ ခရိုင်မြို့ကိုသွားခဲ့ပြီး ကျန်းရှို့က သူ့ကို ငွေဆယ့်ရှစ်ပြားပေးခဲ့သည်။ လက်ခနှင့် အလေးချိန်ကြောင့် သူငွေနည်းနည်းရှုံးခဲ့သေးသည်။ ဤပစ္စည်းများက မူလပိုင်ရှင်မိသားစု ပိုင်ဆိုင်ပြီး လက်ဆင့်ကမ်းခဲ့သည့် သမိုင်းကြောင်းလည်းရှိပေမယ့် ကံမကောင်းစွာပင် ယနေ့မှာတော့ မိသားစုဝင်တစ်ဦးမှ မရှိတော့ပေ။
ထန်ချွန်းမင်က ကျန်းရှို့ကို နို့ထွက်သည့် သိုးမတစ်ကောင်ရှာပေးဖို့ ပြောခဲ့သည်။ လူတွေကို တိုက်ကျွေးရာတွင် သိုးနို့က အကောင်းဆုံးဖြစ်၏။ ထို့အပြင် သူ့အတွက် သိုးမွေးတာက ကောင်းသောနည်းလမ်းဖြစ်၏။ သူ ကြက်တွေဖမ်းပြီး အိမ်မှာ မွေးမြူဖို့လည်းလိုအပ်သည်။
ထန်ချွန်းမင်က ကြက်ဥတစ်လုံးပြုတ်ပြီး နေရာလွတ်ထဲမှာ ထမင်းကိုသုံးကာ ဆန်ပြုတ်ပျစ်ပျစ်လေး ကျိုခဲ့သည်။ အဆုံးမှာ သူက ပန်းသီးစိတ်လေးတွေကို ထည့်လိုက်သည်။ ထို့နောက် အခန်းထဲပြန်လာကာ အားလင်းကို ခေါ်လိုက်၏။
“ဖေဖေ.. အရသာရှိတယ်။” ကျောက်လင်းအာက တောက်ပသောမျက်လုံးများဖြင့် ဂျုံဆန်ပြုတ်ကို သောက်လိုက်သည်။ သူက တစ်ဝက်စားပြီး ရပ်လိုက်ကာ သူ့ရှေ့က ကြက်ဥပြုတ်ကို ကြည့်ရင်းပြောလိုက်သည်။ “ဖေဖေ… သားဗိုက်ပြည့်ပြီ။” သို့ပေမယ့် သူ့သားလေးက လျှာကိုသပ်လိုက်ပြီး မျက်လုံးက ရှုပ်ထွေးနေသည်။
ထန်ချွန်းမင်က သူ့သားနဲ့တူတူ မနက်စာစားလိုက်သည်။ မဟုတ်ရင် သူက သူ့သားမစားမှာကို စိုးရိမ်လို့ပင်။ သူ့သားက ယခုတစ်နပ်စားပြီး နောက်တစ်နပ်မရှိမှာကို စိုးရိမ်နေသည်။ ထိုအချိန်တွင် သူက ခဏလောက်ရှုပ်ထွေးသွားသည်။ သူ့အရင်ကျေးလက်ရွာတွင် ထိုအရွယ်ကလေးတွေက မိသားစု၏အချစ်ခံရပြီး လိုချင်တာမှန်သမျှကို ရခဲ့သည်။ သူတို့အသက်နည်းနည်းကြီးလာတော့ ဂရုမစိုက်တော့ပဲ အပြင်မှာပြေးလွှားဆော့ကစားကြသည်။
သူက စိတ်သဘောထားကြီးသူဖြစ်၍ နေရာလွတ်ထဲမှ ကောင်းသောအရာများကို သားဖြစ်သူအား ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပေ။ ယခုသူသည် အားလင်းကို သားတစ်ယောက်လို အမှန်တကယ်သတ်မှတ်ထားသည်။ တကယ်တော့ သူတို့က စားဝတ်နေရေးအတွက် စိတ်ပူစရာမလိုတော့ပဲ သူ့သားကို ယခုလို စိတ်မပူစေချင်ပေ။
“ကောင်းကောင်းစားပါ။ အားလင်းဗိုက်ပြည့်ပြီး မြန်မြန်ကြီးလာမှ ဖေဖေ့ကိုကူညီပြီး ငွေရှာနိုင်မှာလေ။ စိတ်ပူမနေနဲ့။ ဖေဖေ အားလင်းကို အငတ်ထားမှာမဟုတ်ဘူး။” ထန်ချွန်းမင်၏ပါးစပ်က တွန့်ကွေးသွားပြီး ဆက်ပြောလိုက်သည်။ “ဗိုက်ထဲက ညီလေးအတွက်” သူ့ကိုယ်သူဖေဖေလို့ ခေါ်ရတာအဆင်ပြေလာသည်။ သူ့ဗိုက်ထဲက ကလေး၏ တည်ရှိမှုကလည်း သူ့ကို ပုံသေသတိပေးနေ၍ သူ့ဖြစ်တည်မှုကို မှတ်မိစေသည်။
“ကြည့်… ဖေဖေလည်း အကုန်စားမှာ။ အားလင်း မစားတော့ရင် ဖေဖေလည်းမစားတော့ဘူး။” ထန်ချွန်းမင်က သူ့ရှေ့က ပန်းကန်လုံးကို ညွှန်ပြလိုက်သည်။
“မဟုတ်တာ…အားလင်းစားချင်တယ်။” ကျောက်လင်းလေးက ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်ပြီး သူ့ဖေဖေကို ပြန်ကြည့်လိုက်သည်။ သူက စားနေရင်း မျက်လုံးများ ကျဥ်းမြောင်းသွားတာကြောင့် အလွန်ချစ်ဖို့ကောင်းနေ၏။ အဆုံးမှာ သူက ပန်းကန်လုံးကို နှမြောတသ လျက်လိုက်သေးသည်။
ထန်ချွန်းမင်က ပြုံးကာပြောလိုက်၏။ “အရသာရှိလား?”
“အရသာရှိတယ်”
“ဒီထက်အရသာရှိတာတွေစားချင်ရင် အားလင်း ဘယ်သူ့ကိုမှ ပြောပြလို့မရဘူးနော်။ တခြားသူတွေသိသွားရင် စားလို့အရသာရှိမှာမဟုတ်တော့ဘူး။”
ကျောင်လင်းက စိတ်ရှုပ်သွားသည်။ “ရှို့အားမော့ကိုရော မပြောရဘူးလား?”
“ဖေဖေနဲ့ အားလင်းပဲသိရမယ်။”
“ဟုတ်ကဲ့ဖေဖေ…” ရှို့အားမော့က အားလင်းအပေါ် အလွန်ကောင်းသော်လည်း ကျောက်လင်းက စကားနားထောင်ရမည်။ မဟုတ်ပါက သူနဲ့ သူ့ဖေဖေ နောက်တစ်ကြိမ် ငတ်သွားလိမ့်မည်။
“လိမ္မာတဲ့ကလေး.. အားလင်း နောက်ဆို ဖေဖေ မင်းအတွက် သကြားလုံးတွေဝယ်ပေးမယ်။” လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ ကြိုးစားနေသော ကျောက်လင်း၏ အမူအရာကိုကြည့်ကာ ထန်ချွန်းမင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သုံးနှစ်ပဲရှိသေးသော သူ့သားက ယုံလွယ်သည်။
မနက်ခင်းတွင် ထန်ချွန်းမင်က အားလင်းကိုကိုင်ကာ စကားပြောနေစဥ် ကျန်းရှို့က သူ့သားနှစ်ယောက်ကို ခေါ်လာခဲ့သည်။ ကျန်းရှို့ အခန်းထဲဝင်လာတာနဲ့ သူက ကျောက်လင်းကို ကလိထိုးကာ ရယ်မောစေသည်။
ထန်ချွန်းမင်က တာမောင်းနဲ့ အာမောင်းကို လက်ယမ်းပြကာ ကုတင်ပေါ်ခေါ်လိုက်သည်။ “မင်းဖေဖေ ဘာဖြစ်လို့လဲ?”
တာမောင်းကတည်ငြိမ်နေပြီး သူ့ဖေဖေကို ကြည့်ကာပြောလိုက်၏။ “ဖေဖေက ဦးလေး အိမ်မှာဖြစ်ပျက်ခဲ့တာကို ကြားခဲ့လို့ထင်တယ်။”
“သားသိတယ်…သားသိတယ်” အာမောင်းက စိတ်အားတက်သန်စွာပြောလိုက်၏။ “ဦးလေးကမ်းမိသားစုက တူလေးပြန်လာပြီး ဦးလေးကမ်းရဲ့ အိမ်နဲ့မြေကို လုယူနေတယ်လို့ပြောတယ်။” သူက ပြောပြီး ထန်ချွန်းမင်ဆီက ချီးကျူးစကားကို စောင့်နေ၏။
ထန်ချွန်းမင်က အားမော့၏မျက်နှာကိုကိုင်ပြီး ဝမ်းသာအားရပြောလိုက်၏။ “ငါတို့အားမော့လေးက အများကြီးသိတာပဲ။ နောက်ကျရင် ဦးဦး မင်းကို စာဖတ်နည်းသင်ပေးရမလား? လင်းအာလေးနဲ့ စာတူတူသင်လို့ရတယ်။”
“တကယ်လား?” ကျန်းရှို့က အရယ်ရပ်သွားပြီး ထန်ချွန်းမင်ကို အမြန်မေးလိုက်သည်။ သူက သူ့သားကို ကျောင်းပို့ချင်ပေမယ့် မိသားစုက နှစ်စဥ်ကြေးမတတ်နိုင်ပေ။ တစ်ယောက်တည်းဆိုရင် သူပို့နိုင်ပေမယ့် မပို့ခဲ့ပေ။ သူ့သားနှစ်ယောက်ကို ခွဲခြားသလိုဖြစ်မှာစိုး၍ သူက နှစ်ယောက်လုံးကို မပို့ခဲ့ပေ။ သူက မင်ကောအာ၏ အခြေအနေကို မေ့သွားခဲ့သည်။ မင်ကောအာသည်လည်း ပညာတတ်ဖြစ်၏။ မနေ့က စာရင်းစာအုပ်က သူ့ကို သဘောပေါက်စေခဲ့သည်။ သို့သော် မင်ကောအာက ထိုအတွေးကို အရင်အဆိုပြုလာမယ်လို့ မမျှော်လင့်ခဲ့ပေ။
ကျေးလက်တွင် ပညာသင်တာက အစိုးရစာမေးပွဲဖြေဖို့ပဲ မဟုတ်ချေ။ တကယ်တော့ စာမေးပွဲအောင်နိုင်ချေက အလွန်နည်းသည်။ သို့သော် သူတို့စာတတ်ရင် မြို့ပေါ်မှာ အလုပ်ကောင်းတစ်ခုရနိုင်ပြီး လယ်ကွင်းတွေထဲမှာ ပိတ်မိနေမှာမဟုတ်တော့ပေ။
ထန်ချွန်းမင်က ကျန်းရှို့ကိုနားလည်၍ ပြောလိုက်သည်။ “အများကြီး အပန်းမကြီးပါဘူး။ ဒါနဲ့ ကျွန်တော် အားလင်းကိုသင်ပေးမှာပဲလေ။ မတူညီတဲ့အရာသုံးခုကို သင်ပေးမှာမို့ အများကြီးတော့ မမျှော်လင့်ပါနဲ့။”
“မင်းအဆင့်ကမမြင့်လို့လား? မင်းစာရင်းစာအုပ်ပြတုန်းက လူတွေ ဘယ်လောက်မျက်စိကျနေလိုက်လဲ။ အဲ့ဒီပညာတတ်အမျိုးသားတွေကတောင် မင်းရဲ့စာရင်းစာအုပ်က မြို့ထဲက ဆိုင်တွေထက် ကောင်းတယ်လို့ပြောတယ်။” တချို့လူတွေက မင်ကောအာ ကောဖြစ်နေတာကို နှမြောနေ၏။ မဟုတ်ပါက သူ ကျေးလက်မှာနေဖို့မလိုပေ။ သူ့အရည်အချင်းနဲ့ဆိုရင် မြို့ထဲမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်သည်။ တချို့လူတွေက အားကျနေ၏။ သူဘယ်လောက်ပဲ အရည်ချင်းရှိရှိ သူက ခင်ပွန်းကိုဆုံးရှုံးထားရသော မုဆိုးဖိုသာဖြစ်၏။ ထိုဘဝက မကောင်းတာကြောင့် သူပညာတတ်ရင်တောင် လယ်ကွင်းထဲမှာ အလုပ်ကြိုးစားတာပိုကောင်းပေမည်။
ထန်ချွန်းမင်က ထိုစကားပြောလိုက်သော်လည်း သူက စိတ်ထဲမှာ ဂုဏ်ယူနေ၏။ သူကလည်း ဘွဲ့ရတစ်ယောက်ဖြစ်သလို မူလပိုင်ရှင်ကလည်း မှတ်ဉာဏ်တချို့ကို ချန်ထားခဲ့သည်။ “ကောင်းပြီ… ခင်ဗျား တာမောင်းနဲ့ အာမောင်းကို ပို့လိုက်ပါ။ သူတို့ အားလင်းကိုလည်း ဂရုစိုက်ပေးလို့ရတယ်။ အားလင်းက နည်းနည်းကြာမှ စသင်ရမှာမို့ အနာဂတ်မှာ သူတို့က သူ့ကို ပြန်သင်ပေးလို့ရတယ်။” ကျန်းရှို့မိသားစုက သူ့ကိုအများကြီးကူညီပေးခဲ့တာကြောင့် သူက ကျေးဇူးပြန်ဆပ်ချင်သည်။ အနာဂတ်မှာ သူက ကျန်းရှို့နဲ့ လီတာရှန်းထံမှ အကူအညီလိုဦးမှာဖြစ်၍ သူတို့ဆက်ဆံရေး ကြာရှည်နေမှဖြစ်မည်။
“ဖေဖေ… သားသင်ချင်တယ်။” ကျောက်လင်းအာက ထန်ချွန်းမင်၏ အဝတ်အစားကို ဆွဲလိုက်သည်။
“ကောင်းပါပြီဗျ...လင်းအာလေးလည်း သင်ရပါမယ်။” သူက သူ့ကောလေး သင်ယူသင့်လား မသင်ယူသင့်သလား ဂရုမစိုက်ပေ။ သူက သူ့သားကို ပညာတတ်စေချင်သည်။
တာမောင်းနှင့် အာမောင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရွှင်မြူးသွားကြသည်။ ဒါအရမ်းကောင်းတာပဲ! သူတို့က ကျောင်းသွားနိုင်သော ကလေးများကို အမြဲအားကျခဲ့ရသည်။ သူတို့က တစ်ယောက်ချင်းစီ ရင်ကိုကော့ကာ ထန်ချွန်းမင်ရှေ့တွင် စာကြိုးစားပါမယ်လို့ ကတိပေးလိုက်သည်။ ကျန်းရှို့က သားနှစ်ယောက်၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ကာ ပြုံးလိုက်လေသည်။
ထိုကိစ္စအပြီးမှာ ကျန်းရှို့က ဦးလေးကမ်းရဲ့မိသားစုအကြောင်း ပြောပြခဲ့သည်။ ယင်းမှာ မနေ့ကပြဿနာရှာခဲ့သော လီစုန့်ကမ်း၏မိသားစုဖြစ်၏။ သူတို့က ရွာမှာနေထိုင်ပြီး သူတို့မျိုးရိုးနာမည်မှာ လီဖြစ်တာကြောင့် လီတာရှန်း၊ ရွာလူကြီးလီတို့နှင့် တော်စပ်သည်။ လီစုန့်ကမ်းက သူတို့နဲ့အလှမ်းဝေးပြီး ရွာလူကြီးနဲ့ ဝမ်းကွဲတော်သည်။ သူတို့က ကျန်းရှို့တို့မိသားစုထက် ရွာလူကြီးနဲ့ ပိုရင်းနှီးသော်လည်း ကျန်းရှို့လိုတော့ နေ့စဥ်ဆက်သွယ်မှုမပြုကြပေ။
လီစုန့်ကမ်း၏အိမ်မှ အကြီးအကဲများ ကွယ်လွန်သွားပြီပင်။ မူလက ညီအစ်ကိုနှစ်ယောက်နှင့် အိမ်ထောင်ကျပြီးသော ကောတစ်ယောက်ရှိ၏။ လီစုန့်ကမ်း၏ ညီငယ်ဆုံးသွားတော့ တူလေးတစ်ယောက်ကျန်ခဲ့သည်။ ထိုတူလေးက လီဖုန်းဖြစ်၏။
“ဒီကိစ္စလား” ထန်ချွန်းမင်က မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို ပြန်တွေးလိုက်သည်။ ယင်းမှာ မူလပိုင်ရှင်လက်မထပ်ခင်က ဖြစ်ပုံရသည်။ သူက လူတွေပြောတာပဲကြားဖူးပြီး လီစုန့်ကမ်းမိသားစုကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ပေ။ “လွန်ခဲ့တဲ့ငါးနှစ်ကပဲ။”
“မဟုတ်ဘူး” ကျန်းရှို့က ခန်းကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ထန်ချွန်းမင်၏ ပေါင်ကိုပုတ်ပြီး ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ငါးနှစ်က အစိုးရတရားရုံးက စစ်သားစုဆောင်းခဲ့တယ်။ သူ့အဖေမသေခင်မှာ သူ့သားကို သူ့အစ်ကိုကြီးဆီ အပ်ခဲ့ပေမယ့် အဲ့ဒီလူမှာ စိတ်ဓာတ်မကောင်းဘူးလေ။”