Chapter 28.1
ယွိမုက တာရှန်၏ ဤအခြမ်းကို မမြင်ဖူးပေ။ သူ အံ့အားသင့်သွားပြီး သူ့ပါးစပ်ထဲက အသားတုံးပြုတ်ကျသွားခဲ့သည်။ ဒီလူက အရင်တုန်းက သူနဲ့ဆက်ဆံနေတဲ့ ရိုးသားတဲ့လူလား? သူက လီဖုန်းနားကပ်ကာ တိုးတိုးလေးပြောလိုက်၏။
“ညီအစ်ကိုတာရှန်က အရက်မူးရင် ဒီလိုပုံစံဖြစ်သွားတာလား?”
ဤစကားများက လီဖုန်း၏ အတိတ်မှတ်ဉာဏ်များကို ပြန်ယူလာပုံရပြီး ရှားပါးသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။
“သူအဲ့ဒီကောကို လက်ထပ်တုန်းက ဒီလိုပုံစံမို့လို့ သူ့ကိုမနာလိုဖြစ်နေတဲ့ ရွာထဲက အမျိုးသားတွေက ဝိုင်းရိုက်ခဲ့ကြသေးတယ်။”
သို့ပေမယ့် သူက ဝင်ပါဖို့ ငယ်သေးတာကြောင့် စောင့်သာကြည့်ခဲ့သည်။
“ဟားဟားဟား…” ယွိမုက စားပွဲကိုထုကာ အော်ရယ်လိုက်သည်။ “ငါတောင် မင်းကိုရိုက်ချင်လာပြီ။ သူက အဲ့လောက်ကောင်းတာလား? အစ်ကိုကြီး ခင်ဗျား ကောတစ်ယောက်ကို မြန်မြန်လေး လက်ထပ််လိုက်ပါလား? နောက်ကျရင် သူ့လို ကြွားလိုရတာပေါ့။”
တာရှန်က ထိုစကားကြားတော့ စိတ်မဆိုးပေ။ သူ့မှာ သူ့ကောရှိသရွေ့ တခြားသူတွေ ဘယ်လောက်ကောင်းကောင်း သူ့ရဲ့ဇနီးလေးလိုတော့ ဂရုစိုက်ပြီး စဥ်းစားပေးတတ်မှာမဟုတ်ပေ။
သို့ပေသိ သူက ယွိမုစကားကိုကြားတော့ မူးမူးဖြင့် မေးလိုက်သည်။
“ဖုန်းရှောင်ကျစ်၊ ငါ့ကိုအမှန်အတိုင်းပြောစမ်းပါ။ အရင်နှစ်တွေမှာ မင်းကြိုက်တဲ့လူကိုမတွေ့ခဲ့ဘူးလား? မဟုတ်ရင် အလျင်မလိုတာ ဖြစ်နိုင်ပါ့မလား?”
ယွိမုက သူ့ဘေးမှာ ရယ်မောနေသည်။ လီဖုန်းက သူ့ကို ပါးစပ်ပိတ်ထားဖို့ အကြည့်တစ်ချက်ပေးလိုက်သည်။ သူ့ပခုံးက လှုပ်ခါနေဆဲဖြစ်ပြီး တာရှန်က နည်းနည်းလေးပိုသောက်ခဲ့တာဖြစ်၍ ရှုပ်ထွေးလောက်သည်အထိ မူးမနေပေ။ လီဖုန်း သဘောကျတဲ့သူရှိနေတာလား?
“သူ့စကားကိုနားမထောင်နဲ့။ ငါက ဆင်းရဲပြီး အသက်ကြီးတဲ့ လူကြမ်းတစ်ယောက်ပဲ။ ဘယ်ကောက ငါ့ကိုသဘောကျမှာလဲ? သူက သူ့မိဘတွေရဲ့မျက်လုံးထဲမှာ ရတနာပဲ။ ငါနဲ့လက်ထပ်ပြီး ဆင်းရဲဒုက္ခမကြုံစေချင်ဘူး။ ငါ ဒီကိုပြန်ရောက်ခါစမို့ အေးချမ်းတဲ့ဘဝကို ဖြတ်သန်းချင်ရုံပဲ။ နောက်ကျရင်တော့ ငါ့ကို နားလည်ပေးနိုင်တဲ့လူကိုရှာပြီး တာရှန်လို နေသွားချင်တယ်။”
ပြောပြီးသည်နှင့် သူစိတ်ထဲ၌ တစ်စုံတစ်ယောက်၏ပုံရိပ်ပေါ်လာသည်။ နေ့ရက်တွေက အလွန်ခက်ခဲမယ်ဆိုတာ သိသာသည်။ သို့ပေမယ့် ထိုလူကတော့ အမြဲတမ်းပြုံးနေပြီး အကောင်းမြင်စိတ်ဖြင့် ပွင့်လင်းနေခဲ့သည်။ ထိုလူက သူ အရင်တွေ့ဖူးခဲ့သော လူများနှင့် ကွာခြား၏။
ထိုလူက သူသိဖူးခဲ့သော တခြားသောကောများနှင့် ကွာခြားပြီး သူ့ဘေးမှာရှိနေရုံဖြင့် သူ့အငွေအသက်ကူးစက်စေသည်။
လီဖုန်းက သူ၏ကြမ်းတမ်းမှုကို မကြောက်သော ကောတစ်ယောက်ကို ရှာချင်ပြီး သူက ထိုလူနဲ့အတူ ဆင်းရဲတွင်းထဲမှာ ရိုးရှင်းသောဘဝကို နေထိုင်လို၏။ သူတို့နှစ်ဦးက အိမ်သေးသေးလေးကို လည်ပတ်ပြီး လေတွေမိုးတွေ ဘယ်လောက်တိုက်ခတ်ပါစေ အိမ်လေး၏ နွေးထွေးမှုကို မှုတ်ထုတ်လို့ရမှာမဟုတ်ပေ။
မူလက သူပြန်လာသောအခါ မိသားစုတစ်ခုထူထောင်ဖို့ ရည်ရွယ်ချက်မရှိသော်လည်း ဒုတိယအကြိမ် ကလေးမွေးတော့မည့် ထိုလူကိုမှ သဘောကျနေ၏။ ဟုတ်သည်… ကျောက်တာဟူရှိနေသေးလျှင် သူက ထိုကောနှင့် ဝေးဝေးနေပြီး အထင်ကြီးလေးစားကာ မသင့်လျော်သော အတွေးများလည်းရှိမည်မဟုတ်ပေ။
“အဲ့ဒီကောလေးမှာ ကလေးရှိရင် ဘယ်လိုလုပ်မလဲ? ဒီရှုထောင့်ကလွဲရင် အကုန်အဆင်ပြေပါတယ်။ လူလွတ်ကောတစ်ယောက်ဆိုရင်တော့ အောင်သွယ်တော် လာပြီးလောက်မှာ စိုးရိမ်တယ်။”
တာရှန်က လီဖုန်း၏အတွေးကို စုံစမ်းဖို့ပြောထားသည့် သူ့ဇနီးလေး၏စကားကို ဆက်လက်လုပ်ဆောင်လိုက်သည်။ မသောက်ထားရင်တော့ သူထိုမေးခွန်းမျိုးကို မေးနိုင်မှာမဟုတ်ပေမယ့် ယခုတော့ သူက စကားနှိုက်လိုက်နိုင်သည်။
သူ့အမြင်မှာ မင်ကောအာ၌ ကလေးမရှိလျှင် သူက အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်မည်။ သူက ရွာထဲက ကောတွေထက် ပညာတတ်ပြီး အချက်အပြုတ်ကျွမ်းကျင်သလို အိမ်ထောင်စုကိုလည်း ကောင်းကောင်းစီမံနိုင်သည်။ သူသာဆိုလျှင် ကလေးရှိသော ကောတစ်ယောက်ကို လက်ခံဖို့ရန် ထိုမျှလောက် သဘောကောင်းမှာမဟုတ်ပေ။
လီဖုန်းက ခေါင်းငုံ့ကာ ဝိုင်သောက်နေပြီး တာရှန်က သူ့မျက်နှာပေါ်က အမူအရာကို မမြင်နိုင်ခဲ့ပေ။
သို့ရာတွင် ယွိမုက သူပြောတာကို အလွန်စိတ်ဝင်စားသွားသည်။ သူက ပြုံးစိစိဖြင့် မေးလိုက်လေသည်။
“သူက ဟင်းချက်ကောင်းလား? ကလေးက လိမ္မာပြီး ချစ်ဖို့ကောင်းလား? အဲ့လိုကောတစ်ယောက်ရှိရင် ငါ့ကိုပြောစမ်းပါ။”
“ဖွီ!” လီဖုန်းနဲ့တာရှန်က ဝိုင်တစ်လုတ်ထွေးထုတ်လိုက်ပြီး မရပ်မနားချောင်းဟန့်နေ၏။ လီဖုန်း၏အသားအရေက နက်မှောင်ပေမယ့် သူ့မျက်နှာနီနေတာကို သူခံစားမိသည်။ သူက ယွိမုကို မဆိုင်းမတွ ကန်ထုတ်လိုက်ကာ ပါးစပ်ထဲကဝိုင်ကိုသုတ်ပြီး အော်လိုက်သည်။
“ထွက်သွား! မနက်ဖြန် စစ်တန်းလျားကို ပြန်သွားတော့ မင်းဒီမှာနေတာကြာနေပြီ။”
လီတာရှန်က ပြောစရာပျောက်ရှသွား၏။ “ညီအစ်ကိုယွိမုက တာဝန်ကျတုန်းလား?”
ယွိမုက လီဖုန်း၏ အထက်လူကြီးဖြစ်သည်ဟု သူများပြောတာ ကြားဖူးသော်လည်း သူ လီဖုန်းနောက် တကောက်ကောက်လိုက်နေတာကို တွေ့သောအခါ ရွာသားတွေက သူ့သရုပ်မှန်ကို ရှုပ်ထွေးနေသည်။
“ဘာဖြစ်လို့လဲ” ယွိမုက စိတ်မဆိုးပေ။ သူ မတ်တပ်ထရပ်ပြီး ဖြူစင်သလိုပြုံးပြကာ ပြောလိုက်၏။ “ငါ့အစ်ကိုကြီးက အနောက်ဘက် လူရိုင်းတွေကို အများကြီးသတ်ခဲ့တာ။ ပြီးတော့ စစ်ရည်စစ်သွေးကြောင့် ဗိုလ်ချုပ်ရာထူးတိုးခဲ့သည်။ ငါ့အစ်ကိုကြီးဘေးမှာ သက်တောင့်သက်သာရှိလွန်းလို့ ဘယ်မှမသွားချင်ပါဘူး။ ဟီးဟီး…”
ကျောက်မင်းဆက်၌ ဗိုလ်ချုပ်က ဆဋ္ဌမအဆင့် စစ်အရာရှိတစ်ယောက်ဖြစ်သည်။ ခရိုင်တရားသူကြီးကတော့ သတ္တအဆင့် အရပ်ဘက်အရာရှိတစ်ဦးဖြစ်ပြီး ဗိုက်ချုပ်ရာထူးက အရပ်ဘက််အရာရှိလောက် မမြင့်မားသော်လည်း ဧကရာဇ်ချင်ယွမ်က မြောက်ဘက်အရာရှိများကို တိုက်ခိုက်ရန် တပ်သားများကို အသုံးပြုခဲ့တာကြောင့် ဗိုလ်ချုပ်များ၏အဆင့်အတန်းက ယခင်ကထက် တိုးတက်လာခဲ့သည်။
သာမန်လူတွေက ဗိုလ်ချုပ်ရာထူးက ဘာမှန်းမသိပဲ ယာမန်အရာရှိများနှင့် တွေ့လျှင်ပင် သူတို့က အံ့အားသင့်ကာ လေးစားနေတာဖြစ်သည်။ သို့ပေသိ ဗိုလ်ချုပ်ရာထူးက ထိုယာမန်အရာရှိများထက် ပိုမြင့်မားလေသည်။
သို့ဖြစ်၍ တာရှန်က ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ စစ်တပ်ထဲမှ ဗိုလ်ချုပ်က သာမန်ပြည်သူတွေ ရှုပ်လို့မရသော လူတစ်ဦးဖြစ်သည်။ ယခင်က ယွိမုအပေါ်ထားသည့် သူ့စိတ်သဘောထားက သာမန်မျှဖြစ်၍ သူက ယခုချိန်မှာ မတ်တပ်ထရပ်ကာ တောင်းပန်လိုက်ရသည်။
ယွိမုက လီဖုန်းနောက်ကို ကမန်းကတန်းခုန်လိုက်ပြီး လီဖုန်းက ဦးညွတ်နေသော တာရှန်ကိုဆွဲကာ ထိုင်ခိုင်းလိုက်သည်။ သူ့မျက်နှာပေါ်က ထိတ်လန့်မှုက မြင်သာနေပြီး သူက လီဖုန်းကို နားမလည်နိုင်သလိုကြည့်လိုက်သည်။ ယွိမုက လီဖုန်းကို အစ်ကိုကြီးလို့သာ အမြဲခေါ်သည်။ ဒါက လီဖုန်းက သူ့အထက်လူကြီးဖြစ်နေလို့တဲ့လား? ထိုအကြောင်းစဥ်းစားလိုက်တော့ သူတို့ကြားက အကွာအဝေးက ကျယ်ပြန့်လာတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။
သရုပ်မှန်ကိုပြောပြပြီးလျှင် ရွာသားတွေက တာရှန်လိုပင် သူနဲ့ ခပ်ဝေးဝေးနေမှာကို လီဖုန်းက သိတာကြောင့် သူ ရွာကိုပြန်လာပြီးနောက် သူ့သရုပ်မှန်ကို မပြောပြချင်ခဲ့တာပင်။ လီကျန့်ကတော့ နည်းနည်းလောက် ခန့်မှန်းမိနိုင်ပေမယ့် အလုံးစုံမသိပေ။
“ညီအစ်ကိုတာရှန်… မင်းဘာလို့ သူ့ကိုရိုသေနေတာလဲ? သူက အနောက်ဘက်လူရိုင်းတချို့ကိုပဲ သတ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပါပဲ။ သူက ရွေးချယ်စရာမရှိလို့ အနောက်ဘက်ကို သွားခဲ့ရတဲ့ ငါတို့နဲ့ ဘယ်ယှဥ်နိုင်မလဲ? ငါတို့က သေလူတွေကြားမှာ ရှင်သန်နိုင်ခဲ့တာပဲ ကံကောင်းလှပြီ။ မြင်တဲ့အတိုင်းပဲ ငါကလည်း မင်းတို့လို လယ်သမားတစ်ယောက်ပဲ။ မင်းဒီလိုလုပ်နေရင် ငါရွာထဲမှာ နေရဲတော့မှာမဟုတ်ဘူး။”
“မဟုတ်ရပါဘူး။” တာရှန်က နောက်တစ်ကြိမ် ပြောစရာပျောက်ရှသွားပြန်သည်။ သူက နေရခက်စွာ လက်ခါပြပြီး ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “ရုတ်တရက်မို့ပါ။ ငါ နေသားမကျသေးလို့။ ညီအစ်ကိုယွိမု… ငါမင်းကိုတောင်းပန်ပါတယ်။”
ကျန်းရှို့ကလည်း သတိမထားမိလို့သာ သူ့ကိုလွှတ်ခဲ့တာဖြစ်၏။ မဟုတ်ပါက သူက ဆင်ခြင်တုံတရားရှိသူပင်တည်း။ ယွိမုနဲ့ ဖုန်းရှောင်ကျစ်က သူ့ကို အရင်တိုင်းပဲ ဆက်ဆံနေပြီး ညီအစ်ကိုလို့ သတ်မှတ်ထားတာ သူသိသည်။ ထိုသို့သော ညီအစ်ကိုများရှိတာက သူ့အနာဂတ်အတွက် ကောင်းပေလိမ့်မည်။
“ငါ… ငါဘာပြောခဲ့မိတာလဲ…” ဖုန်းရှောင်ကျစ်က သူ့စကားတွေကို မတုံ့ပြန်သော်လည်း သူ့သရုပ်မှန်က မရိုးရှင်းကြောင်း တာရှန်သိသွားခဲ့လေပြီ။ သူ သူ့ကို မင်ကောအာနဲ့ အောင်သွယ်ပေးရင် သူ လီဖုန်းကို မထီမဲ့မြင်ပြုသလို ဖြစ်သွားမလား? သူ့ဇနီးလေးပေးသော တာဝန်မပြီးမြောက်ခဲ့တာကို စဥ်းစားကာ တာရှန်က တစ်ခဏမျှ ဘာလုပ်ရမလဲမသိဖြစ်သွား၏။
“ဟီးဟီး” ယွိမုက ရှက်ကိုးရှက်ကန်းပြုံးကာ သူ့ထိုင်ခုံသို့ ပြန်ရောက်လာပြီး တာရှန်ကို ပုတ်လိုက်သည်။ “ငါ့အစ်ကိုကြီးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ငါဆုံးဖြတ်ပေးတာ။ အချိန်မှန်ဖြစ်ခဲ့ရင် ငါက အစ်ကိုကြီးအတွက် အိမ်ထောင်ဖက်ရှာပေးပြီးတာကြာပြီ။”
“မနက်ဖြန် ဒီကထွက်သွား၊ ပြန်မလာနဲ့!” လီဖုန်းက ဒေါသတကြီးအော်လိုက်သည်။ သို့ရာတွင် တာရှန်က မျက်တောင်ခတ်ကာ လီဖုန်းက ရှက်သွေးဖြာပြီး စိတ်ဆိုးနေတာလို့ ခံစားမိလိုက်သည်။ အားရှို့ပြောတာမှန်လား… လီဖုန်းက မင်ကောအာကို စိတ်ဝင်စားနေတာလား? မင်ကောအာက တာဟူအတွက် ဝတ်ပြုဆုတောင်းပေးနေရဆဲဖြစ်လို့ လီဖုန်းက စောင့်နေပြီး ဘာမှမပြောသေးတာလား?
“ဟားဟား… စားသောက်လိုက်ရအောင်။” လီတာရှန်က အမြန်လှုပ်ရှားလိုက်ပြီး စကားပြောတာလုံလောက်ပြီလို့ အကြံပြုလိုက်သည်။ ကျန်တာကတော့ လီဖုန်းကိုယ်တိုင် စီစဥ်သင့်သည်။ ၎င်းက ရှည်လျားသော ဘဝတစ်ခုဖြစ်၏။
&&&&&&&&
Chapter 28.2
ထန်ချွန်းမင်က အိမ်နောက်ဖေးမှ ဟင်းသီးဟင်းရွက်များကို သူရင်းနှီးသော မိသားစုများထံသို့ အကြိမ်ပေါင်းများစွာပေးဖူးသည်။ ၎င်းတွင် လီကျန့်မိသားစု၊ ဝမ်မော့မိသားစု၊ သူ့ကို မြို့ပေါ်မှာ ပစ္စည်းဝယ်ပေးလေ့ရှိသော ကျောက်လျို့မိသားစုနှင့် ကျန်းရှို့၏မိသားစုပါဝင်သည်။
ထိုအကြောင်းစဥ်းစားကြည့်တော့ ထန်ချွန်းမင်က မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်တချို့သွားပြဖို့ ဆုံးဖြတ်လိုက်သည်။ ဟင်းသီးဟင်းရွက်တွေ လာရောက်သယ်ယူမည့် ရေရှည်ဖောက်သည်တစ်ယောက်ကို ရှာဖို့လိုသည်။ အကြောင်းမှာ သူက နေ့စဥ်နေ့တိုင်း မြို့ပေါ်တက်ပြီး ဟင်းသီးဟင်းရွက် မရောင်းနိုင်လို့ပင်။
ယခု သူ့ဗိုက်က ဘောလုံးတစ်လုံးလို ကြီးလာခဲ့သည်။ တစ်ခါတစ်ရံ သူက ဗိုက်ထဲရှိ ဆူညံသံတစ်ခုကို ကြားနိုင်လေသည်။ သူဘယ်လောက်လျစ်လျူရှုပါစေ သူ လက်တွေ့ကို ရင်ဆိုင်ဖို့လိုသည်။ သူ့ဗိုက်ထဲက ကလေး ပိုမိုလေးလံလာတဲ့အချိန်မှာ သူနေ့တိုင်းအပြင်ထွက်နိုင်မှာလား? ထန်ချွန်းမင်က ကလေးမွေးမှာကို မတွေးမိဖို့ ကြိုးစားနေသော်လည်း သူ ထိုအချိန်မှာ ပြင်ဆင်မှုတချို့လုပ်ရဦးမည်။
မမွေးဖွားခင်မှာတင် ဤကလေး သူ့ကို ဘယ်လိုဒုက္ခပေးသလဲ စဥ်းစားကြည့်တော့ ထန်ချွန်းမင်က စိတ်တိုလာသည်။ သူဘယ်လိုကြည့်ကြည့် အားလင်းက လိမ္မာသိတတ်သည်။ ကလေးမွေးလာရင် ထန်ချွန်းမင်၏ရင်ထဲက သူ့နေရာမှာ အားလင်းနဲ့ ယှဥ်လို့ရမှာမဟုတ်ပေ။ ဟုတ်ပါသည်။ သူ ကျန်းရှို့ကို သူ့အတွေးတွေအကြောင်း ဘယ်တုန်းကမှမပြောပြဖူးပေ။ မဟုတ်ပါက သူအဆူခံနေဦးမည်။
မြို့ပေါ်တွင် ငါးရက်နေ့နှင့် ဆယ်ရက်နေ့တိုင်း စျေးပွဲတော်ရှိ၏။ ဖြစ်ချင်တော့ ထိုနေ့က လဝက်မှာ ကျရောက်သည်။ ထန်ချွန်းမင်က စောစောထပြီး ဟင်းသီးဟင်းရွက် တောင်းကြီးနှစ်တောင်းကို ကောက်ယူလိုက်သည်။ သူက မြို့ကိုအတူသွားဖို့ ဝမ်မော့၊ကျန်းရှို့တို့နဲ့ ချိန်းထားသည်။ သူတို့နှစ်ယောက်ကလည်း ဥတချို့ကောက်ကာ သွားရောင်းကြမှာပင်။
ကြက်များနှင့် သိုးများကို အစာကျွေးပြီး ရှောင်ဟွာအတွက် စားစရာနည်းနည်းချန်ထားခဲ့ပြီးနောက် ထန်ချွန်းမင်က အားလင်းကိုခေါ်ကာ တံခါးသော့ခတ်ပြီး တံခါးဝမှာစောင့်နေသော ကျန်းရှို့နဲ့အတူ ရွာဝင်ပေါက်ကို လျှောက်လာခဲ့သည်။ တာရှန်က ဟင်းသီးဟင်းရွက် တောင်းနှစ်တောင်းကိုသယ်ပြီး ဦးလေးကျောက်လျို့၏ နွားလှည်းပေါ်တွင် တင်လိုက်သည်။
“ဦးလေးကျောက်။”
“မင်ကောအာရောက်လာပြီ။ မင်းရဲ့ဟင်းသီးဟင်းရွက်တွေက တကယ်ကိုအရသာရှိတယ်။ မြို့ပေါ်သွားရောင်းရင် စျေးကောင်းကောင်းရလိမ့်မယ်။” ဦးလေးကျောက်လျို့က တာရှန်ကို တောင်းကူသယ်ပေးခဲ့သည်။ သူကိုယ်တိုင်မြည်းစမ်းဖူး၍ ဟင်းသီးဟင်းရွက် အရသာကောင်းတာကို သိနေလေ၏။
“ဒါဆို ဦးလေးလျို့ရဲ့စကားကို နားထောင်ပြီး စျေးကောင်းကောင်းရခဲ့ရင် အကြီးဆုံးမြေးအတွက် သကြားလုံးချိုချဥ်ဝယ်ပေးလိုက်မယ်။”
“ဟားဟား…ဟုတ်ပါပြီကွာ”
တာရှန်က ဟင်းသီးဟင်းရွက်များကို ကားပေါ်တင်ပြီးတာနဲ့ မပြန်ခင် ကျန်းရှို့ကို စကားပြောခဲ့သည်။ ဝမ်မော့ကလည်း ခြင်းတောင်းတစ်လုံးနှင့် အမောတကောရောက်လာခဲ့သည်။ ထန်ချွန်းမင် လှည်းပေါ်မှာ သက်တောင့်သက်သာ ထိုင်လို့ရစေရန် ကျန်းရှို့က ပိတ်သားခွေးခြေခုံယူလာပေးခဲ့သည်။ သူနဲ့ ဝမ်မော့က ထန်ချွန်းမင်ကို ဘယ်နဲညာကနေ ကာပေးထားသည်။ အားလင်းသည်လည်း ကျန်းရှို့လက်ထဲရောက်နေပြီး လူစုံတာကိုတွေ့တော့ ဦးလေးကျောက်လျို့က ကြာပွတ်ကိုဝှေ့ယမ်းကာ နွားလှည်းစတင်မောင်းနှင်လိုက်သည်။
နွားလှည်းပေါ်၌ လူဆယ်ဦးထက်မနည်း ပြည့်ကျပ်နေတာကြောင့် ၎င်း၏အရှိန်မှာ လီကျန့်မိသားစု၏ မြင်းကြီးနဲ့ ယှဥ်လို့မရပေမယ့် လမ်းက ပုံမှန်ရွေ့လျားနေ၏။
နွားလှည်းပေါ်က လူတွေသည် ထန်ချွန်းမင်သယ်လာသော ခြင်းတောင်းနှစ်တောင်းကို စိတ်ဝင်စားနေသည်။ အရင်တုန်းက ကျန်းရှို့သည် ခြင်းတောင်းများကို ရွာတစ်လျှောက်လုံး သယ်လာပြီး လီကျန့်၏အိမ်ကို ပို့ပေးခဲ့သည်။ သူက လမ်းခရီး၌ လူအများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။
ကျန်းရှို့က ထိုအချိန်တွင် ဘာကိုမှမဖုံးကွယ်ထားပဲ မင်ကောအာ စိုက်ပျိုးထားတာလို့ တခြားသူတွေကို ပြောခဲ့သည်။ သူက သူ့မိသားစုကိုထောက်ပံ့ဖို့ ဟင်းသီးဟင်းရွက်ရောင်းပြီး ငွေရှာချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ မင်ကောအာ၏ စိတ်ကူးကို မနှောင့်ယှက်ဖို့ တည့်ပြောလုနီးပါးဖြစ်ခဲ့သည်။ လူတစ်ယောက်၏ ဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်လျှင် ဘုရားသခင်၏ ကျိန်ဆဲခံရမည်ပင်။
ထန်ချွန်းမင်က စကားလုံးအနည်းငယ်ပဲ တုံ့ပြန့်ခဲ့ပြီး မျိုးစေ့ကို ကောင်းကောင်းစိုက်ပျိုးထားခြင်းလို့သာ ပြောခဲ့သည်။ တချို့လူတွေက အခြေအနေကို သေချာမသိရလို့ မကျေမနပ်ပြောခဲ့သည်။ “ရှို့အာ.. မင်းနဲ့ မင်ကောအာက အရမ်းရင်းနှီးတာပဲ။ မင်းတို့က အတူတူ မစိုက်ပျိုးခဲ့ပဲ အခု တူတူရောင်းဖို့ မြို့ကိုသွားနေတာပေါ့။ မင်းတို့ ပိုက်ဆံနည်းနည်းရနိုင်မယ်လို့တော့ ငါထင်တယ်။”
ထန်ချွန်းမင်က ရယ်မောမိသွားသည်။ သူက ရန်တိုက်ပေးခြင်းတစ်မျိုးဖြစ်၏။ ကျန်းရှို့ကလည်း မယဥ်ကျေးတော့ပေ။ “ဟင်းသီးဟင်းရွက်တွေကို တူတူမစိုက်ခဲ့ဘူးလို့ ဘယ်သူပြောလဲ။ မင်ကောအာရဲ့ ပိုနေတဲ့ပျိုးပင်တွေကို ငါနဲ့ မော့အာကို ခွဲပေးခဲ့တာ။ ငါတို့က မင်ကောအာလို သတ္တိမရှိလို့ ဒီရာသီမှာ ကောက်ပဲသီးနှံမရှင်သန်နိုင်မှာကို စိုးရိမ်ပြီး မစိုက်ရဲခဲ့တာ။ ပြီးတော့ အဲ့ဒါက လူတွေရဲ့ ကျွမ်းကျင်မှုအပေါ်လည်း မူတည်သေးတယ်။ ပျိုးပင်တူရင်တောင် မင်ကောအာက ငါတို့ထက် ပိုရိတ်သိမ်းနိုင်တယ်။”
တချို့လူတွေက အမြတ်အစွန်းများပြီး တချို့ကတော့ ကံမကောင်းပဲ အမြတ်အစွန်းနည်းသည်။ ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပေ။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကလည်း အလားတူပင်။
“ဟုတ်တယ်… ရှို့အာနဲ့ ငါက ကောက်ပဲသီးနှံ သိပ်မစိုက်ရဲဘူး။ အဲ့ဒီတုန်းက မင်ကောအာက ကူစိုက်ပေးမယ်လို့တောင် ပြောခဲ့တယ်။ ငါတို့မိသားစုက မင်ကောအာလောက် မစိုက်နိုင်ပေမယ့် သူ့ဟင်းသီးဟင်းရွက်တွေက ပိုအရသာရှိတယ်။” ဝမ်မော့က ပြုံးပြီး ဆက်ပြောလိုက်သည်။
သူ့ဘိုးဘိုးနဲ့ ကလေးတွေအားလုံးကြိုက်ကြလို့ သူတို့မှာ မိသားစုစားဖို့ပင်မလောက်ပဲ ရောင်းဖို့ဆိုဝေးလေသည်။
တချို့လူတွေက ထိုစကားကြားတော့ ပိုလို့တောင် မနာလိုဖြစ်သွားသည်။ ကျန်းရှို့နှင့် ဝမ်မော့က မင်ကောအာနှင့် ရင်းနှီးသောသူငယ်ချင်းတွေဖြစ်လို့ မိသားစုနှစ်စုက သူ့ကို အကြွင်းမဲ့ကူညီပေးတာကို သူတို့သိသည်။
တခြားရွာသားများက ပုံမှန်အားဖြင့် ခပ်ဝေးဝေးနေလေ့ရှိပြီး မင်ကောအာတစ်ခုခုဖြစ်လာလျှင် သူတို့ကိုပါငြိစွန်းစေမှာ စိုးရိမ်လို့ပင်။ ယခုမူ သူတို့က ကြည့်နေရုံသာတတ်နိုင်သည်။ လူတစ်ယောက်က ထန်ချွန်းမင်ကို ဘယ်ချိန်ပျိုးပင်ထပ်စိုက်မှာလဲလို့ အရှက်မရှိမေးလာခဲ့သည်။ ကျန်းရှို့က ထိုလူကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်ပေမယ့် ထန်ချွန်းမင်က တိုက်ရိုက်လက်မခံပဲ ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်သည်။
ဤဟင်းသီးဟင်းရွက်များကို မြို့ထဲမှာ စျေးကောင်းကောင်းနဲ့ ရောင်းနိုင်လျှင် သူက တခြားသူတွေကို ပျိုးပင်ကူစိုက်ပေးဖို့လိုလို့လား? သူတို့ ပျိုးပင်လိုချင်ရင် ငွေနဲ့ဝယ်လိုက်လေ။
ထန်ချွန်းမင်က လမ်းတစ်လျှောက်လုံး အိပ်လာခဲ့သည်။ အားလင်းကလည်း သူ့လိုပင်။ သူတို့မြို့ကိုရောက်တော့ ကျန်းရှို့နှင့် ဝမ်မော့က သူတို့ကိုနှိုးခဲ့သည်။
သူက မနက်အစောကြီးထပြီး အသီးအရွက်ကောက်ကာ ကြက်ပေါက်လေးများကို အစာကျွေးရတာကြောင့် ထန်ချွန်းမင်က ပုံမှန်ထက်စောပြီးထခဲ့ရသည်။ အားလင်းကလည်း သူနဲ့အတူ အမြဲအိပ်တာကြောင့် လှုပ်ရှားမှုတစ်ခုရှိတာနဲ့ သူ့အားမူနဲ့အတူ နိုးထလာခဲ့သည်။ သူတို့က လမ်းပေါ်မှာသာ အိပ်နိုင်တော့သည်။
ဦးလေးလျို့က အလွန်စိတ်အားထက်သန်သူဖြစ်ပြီး သူပြန်လှည့်မထွက်ခင်မှာ ထန်ချွန်းမင်ကို ဆိုင်ခင်းထားသော နေရာ၌ချပေးပြီး နေ့လည်မှာပြန်ဆုံဖို့ ပြောခဲ့သည်။ ဦးလေးကျောက်က သူ့ကို မတူကွဲပြားစွာ ဆက်ဆံနေတာတွေ့တော့ ထန်ချွန်းမင်က အနည်းငယ်အံ့သြသွားသည်။ ဦးလေးလျို့က သူ့ကို သနားနေပြီး သူနဲ့ ကျောက်မိသားစု ပြိုကွဲသွားလို့ သူ့ကို ဂရုစိုက်ပေးနေတာဖြစ်၏။
ကျန်းရှို့က တာလျန်၏နာမည်ကိုပြောကာ ရွာသား၏ပါးစပ်ကိုပိတ်ခဲ့သည်။ သူပြန်ရောက်ပြီးနောက် အမှတ်မထင်မေးလိုက်သည်။ အခြေအနေကို သိရှိပြီးနောက်တွင် သူက ကျောက်လျိို့၏ စိိတ်နေသဘောထားကွာခြားနေမှုကို နားလည်ခဲ့သည်။ ဦးလေးကျောက်ကလည်း သနားစရာကောင်းတဲ့လူလို့ ပြောလို့ရသည်။
ဦးလေးကျောက်က မျိုးရိုးအမည်ကျောက်ဖြစ်သည့် ရွာသားတစ်ယောက်ဖြစ်၏။ သူက တတိယဦးလေး၊ ကျောက်တာနျို့နဲ့ ဆွေမျိုးတော်သည်။ ယုတ္တိရှိရလျှင် ဦးလေးကျောက်က ထိုမိသားစုနှစ်ခုနဲ့ ပိုနီးစပ်သင့်သော်လည်း ဦးလေးကျောက်က ကျောက်မိသားစုမှာ လက်ထပ်ခဲ့သော မင်ကောအာအပါအဝင် ကျောက်မိသားစုဝင်များအပေါ် အေးစက်သော သဘောထားရှိသည်။ သူတို့က လှည်းငှားလိုလျှင် သူက အဆင်ပြေသည်။ သူတို့ ပိုက်ဆံပေးနေသရွေ့ တစ်ယောက်ကိုတစ်ယောက် စကားပင်မပြောပဲ အလုပ်လုပ်ပေးနိုင်သည်။
သို့ပေသိ ထန်ချွန်းမင် ကျောက်မိသားစုနှင့် အဆက်ဖြတ်ပြီးနောက် ဦးလေးကျောက်က သူ့အပေါ် သိသိသာသာ ဂရုစိုက်လာခဲ့သည်။ သူ မြို့ပေါ်က အသားဝယ်ပေးဖို့ပြောတိုင်း အပိုပေးချေစရာမလိုပဲ တစ်ပြားပိုရင်တောင် ဦးလေးကျောက်က ပြန်ပေးခဲ့သည်။ ထိုအချိန်က ထန်ချွန်းမင်သည် အကြောင်းပြချက်ကို မသိပေမယ့် ဦးလေးကျောက်လျို့က သူနဲ့ ကျောက်မိသားစုကို သီးခြားဆက်ဆံနေကြောင်း ရှင်းရှင်းလင်းလင်းသိခဲ့သည်။
တာလျန်အကြောင်းပြောရလျှင် သူက ကျောက်လျို့၏ လူလတ်ပိုင်းအရွယ်ကောတစ်ယောက်ဖြစ်သည်။ သူနဲ့ သူ့ဇနီးက ထိုကောလေးကို ရတနာတစ်ခုလို ပျိုးထောင်ခဲ့သော်လည်း အဆုံးမှာ ဆံဖြူလူသားက ဆံနက်လူသားကို လက်လွှတ်ပေးရမှာပင်။ သူ့ဇနီးကလည်း ထိုကိစ္စကြောင့် စိတ်ဓာတ်ကျခဲ့ပြီး ဝမ်းနည်းပူဆွေးကာ ဆုံးပါးသွားခဲ့သည်။ ရလဒ်အနေဖြင့် ဦးလေးကျောက်၏မိသားစုက ရွာထဲက ကျောက်မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး ဘယ်တော့မှ ပြန်လည်သင့်မြတ်ခြင်းရှိလာတော့မှာ မဟုတ်ပေ။
ကျန်းရှို့၏စကားအရ တာလျန်က အလွန်တိတ်ဆိတ်ပြီး ရှက်တတ်သူဖြစ်သည်။ ဦးလေးကျောက်က ကောငယ်လေးကို လက်ထပ်ပေးဖို့ တွန့်ဆုတ်နေရင်း သူ့အသက်ခြောက်ဆယ်ကျော်အထိ စောင့်ခဲ့ပြီးမှ ကောင်းမွန်သော မိသားစုတစ်ခုမှာ အိမ်ထောင်ချပေးခဲ့သည်။ သူ့ကောလေးကို ယခုလို ဂရုစိုက်ပေးတဲ့လူက ရှားသည်။ ထိုအချိန်တုန်းက လူတော်တော်များများက ဦးလေးကျောက်ကို လှောင်ပြောင်ခဲ့ကြသေးသည်။