Chapter 33.1
“ပညာရှင်”
ရွာသားတွေ သူ့အကြောင်းပြောနေကြမယ်ဆိုတာ ထန်ချွန်းမင်သိပြီးသားဖြစ်ပေမယ့် ကိစ္စမရှိပေ။ သူ့ကိုယ်ပေါ်က အသားတစ်ပိုင်း ဆုံးရှုံးသွားမှာမဟုတ်သဖြင့် ၎င်းက အရေးအကြီးပါပေ။
မနေ့က လယ်ကို ရေလောင်းပေးမယ်လို့ ပြောခဲ့သော လီဖုန်း၏စကားကိုတွေးကာ အချိန်ကိုခန့်မှန်းလိုက်ပြီး ထန်ချွန်းမင်က တာမောင်းနဲ့အာမောင်းကို စာလုံးကြီးတွေရေးဖို့ တာဝန်ပေးလိုက်သည်။ အားလင်းကို အိမ်မှာထားခဲ့ပြီးနောက် သူက အခြေအနေကိုစစ်ဆေးဖို့ ခြံပြင်ထွက်သွားခဲ့သည်။ တောင်ပေါ်ရေသွင်းပေးခြင်းက အခက်ခဲဆုံးဖြစ်သည်။ အထူးသဖြင့် သူ့လက်ရှိအခြေအနေကြောင့် သူက ရေပုံးသယ်ဖို့ တာရှန်ကို အကူအညီတောင်းလေ့ရှိသည်။ တစ်ခါတစ်ခါ ယွိမုနှင့် တခြားသူများက ကူညီပေးဖို့လုပ်ပေမယ့် သူက နေရာလွတ်စမ်းရေနဲ့ ရောစပ်ချင်တာကြောင့် ကိုယ်တိုင်သာ ရေလောင်းလို့ရသည်။
တာမောင်းက အသက်အကြီးဆုံးဖြစ်ပြီး စာလုံးကြီးငါးလုံးရေးရန် တာဝန်ပေးခံထားရသည်။ အာမောင်းက ငယ်သေးတာကြောင့် စာလုံးသုံးလုံးသာ ရေးခိုင်းထားသည်။ အားလင်းအတွက်တော့ ထန်ချွန်းမင်က အံ့အားသင့်နေပြီး သုံးနှစ်အရွယ်လေးကလည်း အမှန်တကယ်ပင် အမှီလိုက်နိုင်သည်။ သူလည်း စာလုံးရေများစွာကိုသိပြီး ထန်ချွန်းမင်နဲ့အတူ နေ့တိုင်း လက်ရေးလှလေ့ကျင့်ခဲ့သည်။ ထန်ချွန်းမင်က သူ့ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပေးထားသည်။
အရင်ဘဝမှာ ယခုလိုဆိုလျှင် ထိုကလေးမျိုးကို ဉာဏ်ကြီးရှင်လို့ သတ်မှတ်ကြမှာဖြစ်ပေမယ့် ဤကမ္ဘာမှာတော့ ကောတစ်ယောက်ဖြစ်ရခြင်း၏ အဆင်မပြေမှုများရှိတာကြောင့် နှမြောစရာပင်။ သို့ပေမယ့် သူ့အမြင်မှာတော့ ပညာတတ်ပြီး စာအုပ်များများဖတ်နိုင်တာက ရွာထဲက အသေးအဖွဲကိစ္စများမှာ ကန့်သတ်ခံထားရခြင်းထက် အတွေးအမြင်ကို ကျယ်ပြန့်စေသည်။
“မင်ကောအာ…လယ်ထဲသွားမလို့လား?” လမ်းမှာ သူနဲ့ဆုံသွားသည့် လူတွေက သူ့ထက်ပင် စိတ်အားထက်သန်နေပုံရသည်။ ကျင်းကျိစားသောက်ဆိုင်မှ လူများက ထန်ချွန်းမင်၏အိမ်၌ ဟင်းသီးဟင်းရွက်ခူးဖို့ စောစောစီစီးလာခဲ့သည့် သတင်းကို ရွာသားအားလုံးသိကြသည်။ လူတိုင်းက ထိုကိစ္စကိုပြောနေပေမယ့် သူ့ရှေ့ကလူတွေက သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေရန် ကြင်နာမှုကိုပြသဖို့ အစပျိုးခဲ့ကြသေးသည်။
“အင်း… ငါ လယ်ကွင်းထဲက အခြေအနေကို တစ်ချက်သွားကြည့်မလို့။” ထန်ချွန်းမင်က သူတို့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
သူ့လယ်ကွင်းထဲမရောက်ခင် တစ်ဖက်မှ ရေပုံးနှစ်ပုံးသယ်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက လီဖုန်းမှလွဲရင် တခြားဘယ်သူဖြစ်နိုင်မှာလဲ? ထန်ချွန်းမင်ပေါ်လာတာကိုတွေ့တော့ လီဖုန်းက အံ့အားသင့်သွားသည်။ သူ သူ့ကိုကူညီမယ်လို့ မပြောခဲ့ဘူးလား? မင်ကောအာက သူ့အကူအညီမလိုချင်တာလား? လီဖုန်းက အတန်ငယ်စိတ်ဓာတ်ကျသွားသည်။
ထန်ချွန်းမင် သူ့ဆီလျှောက်သွားသောအခါ လီဖုန်းက သူ့ကို နက်မှောင်သောမျက်ဝန်းဖြင့် ကြည့်ပြီး ပြောလိုက်၏။ “ငါမင်းကိုကူညီမယ်။”
ထန်ချွန်းမင်က အနှီလူနဲ့ စကားပြောသည့်အခါ သူဘာကိုဆိုလိုလဲ နားလည်ရန် ဝါကျကိုဖြည့်စွက်ဖို့ ဦးနှောက်သုံးရသည်။ ဥပမာ သူယခုပြောချင်တာက “ငါရေလောင်းကူပေးနေတာကို မင်းဘာလို့လာတာလဲ?’ဖြစ်၏။ တကယ်လား? သို့ပေမယ့် သူက ခက်ထန်သောနည်းလမ်းဖြင့် ပြောဆိုပါက သူ၏ရည်ရွယ်ချက်ကောင်းများကို လူအများနားလည်မှုလွဲသွားမည်ဖြစ်သည်။
“သိပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ရေလောင်းဖို့လိုတယ်။ ကျေးဇူးပြုပြီး ရေပုံးလေး ဆက်သယ်ပေးဖို့ တောင်းဆိုပါတယ်။ ခင်ဗျားရဲ့မြေကလည်း ရေလောင်းဖို့လိုတယ်မလား။ ခင်ဗျားရဲ့အလုပ်ကို အရင်သွားလုပ်ပါ။ ကျွန်တော်ရေလိုရင် ခေါ်လိုက်မယ် ဟုတ်ပြီလား?”
လီဖုန်းက သူ့ကို တိတ်တိတ်လေးကြည့်နေပြီး ထန်ချွန်းမင် သူ့ကိုယ်သူတွန်းအားပေးနေတာ မဟုတ်မှန်း သေချာအကဲခတ်ခဲ့သည်။ ထို့နောက် သူက ပခုံးပေါ်က တိုင်လုံးကိုချ၍ ထန်ချွန်းမင်ယူလာသော ရေပုံးကိုယူကာ ရေသယ်ဖို့ လှည့်ထွက်သွားခဲ့သည်။ ထိုလူ၏ကျောကိုကြည့်လိုက်ရာ ထန်ချွန်းမင်၏နှလုံးသားထဲတွင် ခံစားချက်တွေ ရောယှက်နေသလိို ခံစားလိုက်ရသည်။
လီဖုန်းက ရေလောင်းရင်း မင်ကောအာ၏အခြေအနေကို စောင့်ကြည့်နေသည်။ သူက ဗိုက်ပူပူကြီးနဲ့ အလုပ်လုပ်ရမှာကို စိုးရိမ်နေသည်။ အထူးသဖြင့် အားနည်းသူမှလွဲ၍ ကိုယ်ဝန်ရှိချိန်၌ အလုပ်မလုပ်သော ကောတွေရှားပါး၏။ ထို့အပြင် ကလေးကို ပံ့ပိုးဖို့လိုအပ်သော ထန်ချွန်းမင်က အလုပ်နားဖို့ ပိုလို့တောင်မဖြစ်နိုင်ပေ။
သူ အရင်က ယွိမုနဲ့အတူ ရေကူသယ်ပေးပြီး မင်ကောအာ၏လယ်ကွင်းကို ဂရုစိုက်ပေးခဲ့သည်။ သူ ယခု ဂရုမစိုက်ပေးလျှင်ပင် ဤနေရာကိုလျှောက်လာသူများက မင်ကောအာ၏လယ်ကွင်း ကောင်းကောင်းကြီးထွားနေတာကို တွေ့ရပေလိမ့်မည်။ မင်ကောအာ၏လယ်တွေက တခြားသူတွေထက် ပိုကောင်းသည်။ လီဖုန်းက မျက်နှာပေါ်မှာ ဘာမှမပြပေမယ့် သူက စိတ်ထဲမှာအများကြီးတွေးနေသည်။ မင်ကောအာက ကောက်ပဲသီးနှံများကို ရေလောင်းဖို့ သူ့ကိုယ်သူတွန်းအားပေးနေသည်ဟု သူထင်ခဲ့သည်။ ၎င်းက သူ့ကောက်ပဲသီးနှံများ တခြားသူတွေထက် ပိုကောင်းနေသည့် အကြောင်းအရင်းဖြစ်လိမ့်မည်။ ဤအတွေးဖြင့် သူက အလျင်စလိုရပ်တန့်လိုက်သည်။
ရေလောင်းပြီးအပြန်လမ်းမှာ ထန်ချွန်းမင်က ဝမ်ချွန်းဟွာနဲ့ ဝင်တိုးမိသည်အထိ ကံဆိုးခဲ့သည်။ သို့ပေမယ့် ထိုလူက ထန်ချွန်းမင်၏လက်ထဲမှာ တစ်ကြိမ်ထက် ပိုခံစားခဲ့ရတာကြောင့် ယခုချိန်တွင် ဝမ်ချွန်းဟွာက အလွန်နီးကပ်နေခြင်းမရှိပဲ အဝေးမှာရပ်ပြီး မုန်းတီးသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ထန်ချွန်းမင်က အစပိုင်းမှာ အံ့အားသင့်သွားသည်။ ဒီလူက တကယ်ဝမ်ချွန်းဟွာလား? အရင်တစ်ခေါက် သူ့ကိုတွေ့တော့ သူက အနည်းငယ်ပိန်ပါးနေပြီး သေသေသပ်သပ် မဝတ်ဆင်ထားခဲ့သလို သူ့အသားအရောင်ကလည်း ဆိုးရွားနေ၏။ သို့ပေမယ့် ယခုမူ ထိုလူ၏မျက်နှာတွင် ဒဏ်ရာများဖြင့် ရောင်ရမ်းနေ၏။ မျက်လုံးတစ်ဖက်က ဖောင်းနေကာ လူတွေကိုစွေကြည့်မှရမည်။ သူ့မျက်နှာနှင့်လည်ပင်းမှာလည်း ကုတ်ရာများရှိပြီး ခေါင်းပေါ်ကဆံပင်မှာ ပါးလွှာနေပုံရသည်။
ဝမ်ချွန်းဟွာ၏မျက်လုံးထဲက အမုန်းတရားကိုမြင်ရတော့ ထန်ချွန်းမင်က ရယ်စရာကောင်းတယ်လို့သာ တွေးလိုက်သည်။ မူလမင်ကောအာဖြစ်စေ ယခုသူဖြစ်စေ ဘယ်သူကမှ လက်တုံ့ပြန်ရန် အစပြုခြင်းမရှိခဲ့ပေ။ မင်ကောအာ အတိတ်မှာ ဘယ်လောက်ထိ အနိုင်ကျင့်ခံရလည်း သူမပြောတော့ပေ။ သူလုပ်ခဲ့တာက သူတို့နဲ့ အဆက်ဖြတ်ခဲ့တာဖြစ်၏။ သူတို့ ယခုလို အဆုံးသတ်သွားတာ ကိုယ့်အပြစ်မဟုတ်ပေ။ ကိုယ့်အားနည်းချက်ကိုယ်ရှာရမယ့်အစား ဘာလို့အပြင်လူဖြစ်တဲ့ သူ့ကိုမုန်းနေမှာလဲ?
ထန်ချွန်းမင်က နှာမှုတ်ကာ ဝမ်ချွန်းဟွာကို ကျော်သွားဖို့ လုပ်လိုက်ပေမယ့် ဝမ်ချွန်းဟွာက သူ့ကိုတားကာ သွားကြားထဲကလေသံဖြင့် ပြောလိုက်သည်။ “ထန်ချွန်းမင်… ငါဒီလိုဖြစ်တာ မင်းကြောင့်ပဲ။ မင်းကိုယ်မင်းဂုဏ်ယူနေလား? မင်းသေဖို့ထိုက်တန်တယ်။ အရမ်းမောက်မာမနေနဲ့!”
ထန်ချွန်းမင်က ပြန်လှည့်ကာ သရော်လိုက်သည်။ “ကျုပ် ခင်ဗျားကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ? ခင်ဗျားလိုချင်တာယူခွင့်ပေးပြီး အနိုင်ကျင့်မခံတော့လို့ ခင်ဗျားကို ဒုက္ခပေးသလိုဖြစ်သွားလား? ဒါမှမဟုတ် ခင်ဗျား ကျုပ်ကိုဖမ်းပြီး ငွေနဲ့ရောင်းစားတာကို ခံရမှာလား? ဝမ်ချွန်းဟွာ …ခင်ဗျားလို ဦးနှောက်မရှိတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး။ ခင်ဗျားက လူတိုင်းကို ငတုံးလိုဆက်ဆံပြီး ခင်ဗျားကိုယ်ခင်ဗျား တော်တယ်ထင်လား? ကျုပ် ခင်ဗျားကိုရော ကျောက်မိသားစုကိုရော ဘာအကြွေးမှတင်မနေဘူး။”
ထိုသို့ပြောပြီးနောက် သူက ဝမ်ချွန်းဟွာ၏အတွေးကို ဂရုမစိုက်ပဲ ထွက်သွားခဲ့သည်။ ဝမ်ချွန်းဟွာက ထန်ချွန်းမင်၏ စွဲမက်ဖွယ်ကောင်းသောမျက်နှာကို ကုတ်ဆွဲချင်ခဲ့သည်။ ထန်ချွန်းမင် ကောင်းကောင်းရှင်သန်နေလေ သူ့ကံဆိုးမှုက ပေါ်လွင်လာလေဖြစ်၏။ ဒါတွေအားလုံးက ထန်ချွန်းမင်ကြောင့်ဖြစ်သည်။ သို့ပေမယ့် ဤနေရာမှာ တခြားသူတစ်ယောက်လည်းရှိပြီး သူ့နောက်ကလူက သူ့ကိုထိတ်လန့်သွားစေသည်။ ထိုလူက ရေပုံးသယ်ကာ သူ့ဆီလျှောက်လာသဖြင့် ဝမ်ချွန်းဟွာက ရွေးချယ်စရာမရှိပဲ ထွက်သွားခဲ့ရသည်။
ဘိုးဘိုးကျောက်က ထန်ချွန်းမင်ကို ညှဥ်းပန်းနှိပ်စက်ရန် သူ အသုံးပြုသည့် နည်းလမ်းများကို သုံးခဲ့ရုံတင်မက မနေ့ညက အဖြစ်အပျက်အပြီးတွင် ကျောက်တာနျို၏ သဘောထားပါ ပြောင်းလဲသွားခဲ့သည်။ ဝမ်ချွန်းဟွာက နောက်မှ နောင်တရခဲ့သည်။ သူက ဘိုးဘိုးကျောက်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေပြီး သူ့ခင်ပွန်း အရာအားလုံးကို စောင့်ကြည့်နေတာ မေ့သွားခဲ့သည်။ သူပိုက်ဆံပေးဖို့ ငြင်းလိုက်တာကြောင့် သူ့ခင်ပွန်းက စိတ်ပျက်သွားတာဖြစ်မည်။ သူ ညအိပ်ရာဝင်တိုင်း ကျောက်တာဟူက တိတ်ဆိတ်နေပြီး သူအဆင်ပြေရဲ့လားပင် မမေးပေ။ သူ့ရှေ့မှာတင် ဘာမှမဖြစ်ခဲ့သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခဲ့သည်။
ဝမ်ချွန်းဟွာက ၎င်းကို တိတ်တဆိတ် ဒေါသထွက်ခဲ့သည်။ ၎င်းက သူ့အမှားမဟုတ်ပဲ ခဏတာပေါ့ဆမှုမျှသာဖြစ်၏။ ဘိုးဘိုးကျောက်က သူ့ထက်ပိုဆိုးတာမဟုတ်ဘူးလား? သူက သူ့သားအငယ်ဆုံးအတွက် အများကြီးသုံးခဲ့ပေမယ့် လုပ်အားပေးခွန်အတွက် တစ်ပြားမှ မထုတ်ချင်ခဲ့ပေ။ ဒီလိုလုပ်တာက ဘိုးဘိုးကျောက် ဘယ်လောက်ဘက်လိုက်လဲ ရွာကလူတွေကို သိစေခဲ့တာမဟုတ်ဘူးလား? ကျောက်တာနျိုက သူ့ကို ယခုလိုမဆက်ဆံသင့်ပေ။ ဘိုးဘိုးကျောက်လက်အောက်မှာ နေခဲ့ရတာ သူ့အတွက် လွယ်တယ်ထင်နေလား?
အနောက်ကလီဖုန်းက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ထွက်သွားသော ဝမ်ချွန်းဟွာကို ကြည့်လိုက်သည်။ မင်ကောအာ၏ လျှာစောင်းထက်မှုကို သူသိလို့ ဝမ်ချွန်းဟွာက သူ့စကားတွေကို အသာစီးရနိုင်မှာမဟုတ်ပေမယ့် ဤစိတ်ဓာတ်မကောင်းသော ကောက လက်လျှော့မှာမဟုတ်ပေ။ သို့ဖြစ်၍ လီဖုန်းက ထိုဒုက္ခကို ဘယ်လိုဖယ်ရှားရမလဲတွေးလိုက်သည်။.
ခဏကြာတော့ ထန်ချွန်းမင်နှင့် လီဖုန်းတို့က အပြန်အလှန်နားလည်မှုရှိတယ်လို့ ခံစားလိုက်ရသည်။ လယ်ကွင်းသို့ သွားသည့်အခါတိုင်း လီဖုန်းက တိတ်တဆိတ် ရေသယ်လာပေးပြီး လယ်ကွင်းဘေးမှာ ထားရှိပေးသည်။ သူ ရေနှစ်ပုံးလောင်းပြီးပါက နောက်ထပ်ရေနှစ်ပုံးက လယ်ကွင်းထိပ်ကို ရောက်ရှိလာသည်။ ထန်ချွန်းမင် ရေလောင်းမယ်လို့ ပြောလိုက်ကတည်းက လီဖုန်းက ကူညီမယ်လို့မပြောပဲ ရေပုံးသယ်သော တာဝန်ကိုသာ ထမ်းဆောင်နေ၏။
တစ်ကြိမ်နှစ်ကြိမ်သာဖြစ်ခဲ့ပါက ထန်ချွန်းမင်က သူ့ကို သဘောကောင်းသည့် အစ်ကိုကြီးလို့ ထင်ကောင်းထင်နိုင်ပေမယ့် အကြိမ်ရေများစွာ ဖြစ်လာသောအခါ သူ မစဥ်းစားပဲမနေနိုင်တော့ချေ။ လီဖုန်းက ဘာကိုဆိုလိုတာလဲ? တာမောင်းနှင့် အာမောင်းက ကိုယ်ခံပညာသင်ယူနေချိန် သူ့အတွက် ဟင်းလျာတချို့ချက်ပြုတ်ကာ ယူသွားပေးလေ့ရှိသည်။ ဒီလူက ဒီအတွက် ကျေးဇူးပြန်ဆပ်နေတာလား? တစ်ယောက်ယောက်က သူ့ကို တိတ်တိတ်ကလေး ချစ်နေမလားလို့ တွေးလိုက်သောအခါ ထန်ချွန်းမင်က ပျားရည်သောက်ရသလို ခံစားလိုက်ရသည်။
ငါ စိတ်ကူးယဥ်နေတာမဟုတ်ပါဘူးနော်… ငါတကယ်စိတ်ကူးယဥ်နေတာ မဟုတ်ဘူး…
ဟေး…သူငယ်ချင်း … တကယ်တော့ တစ်ယောက်ယောက်ကို လျှို့ဝှက်ချစ်နေဖို့မလိုပါဘူး။ ငါ့ကို ပွင့်ပွင့်လင်းလင်း လာပြောလိုက်ပါ… ဒီအမိုက်စား အချောဆုံး ယောကျာ်းက ငါ့အကြိုက်ဆိုတာ မသိဘူးလား? ငါမင်းရဲ့နောက်ကွယ်မှာ ဘယ်လောက်တောင် သွားရည်ယိုနေလဲ သိရဲ့လား….
ထန်ချွန်းမင်က ယခုအခါ ပျိုးပင်မျိုးစုံကို စိုက်ပျိုးရန်အတွက် အိမ်နောက်ဖေးထောင့်တွင် မြေကွက်တစ်ခုကို တိုးချဲ့ခဲ့သည်။ တစ်ချို့ပျိုးပင်တွေကိုတော့ လက်ဆောင်ပေးကာ တစ်ဝက်ကိုရောင်းလိုက်မည်။ ထိုမိသားစုနှစ်ခု၏ ကြော်ညာချက်ကြောင့် သူတို့ပျိုးပင်တွေဝယ်ခဲ့တာ လူတိုင်းသိသည်။ ယင်းကြောင့် ထိုလူတွေက ထန်ချွန်းမင်၏အိမ်ကိုသွားပြီး ပျိုးပင်တောင်းခံခြင်းမရှိတော့ပေ။ ထန်ချွန်းမင်က ကပ်စေးနည်းပြီး ပျိုးပင်ကိုတောင် ပေးဝယ်ရတယ်ဟု ပြောဆိုနေသဖြင့် လူအများစုက စောင့်ကြည့်နေကြသည်။ ကျန်းရှို့နဲ့ ဝမ်မော့၏မိသားစုသာ ငွေရှာနိုင်ရင် သူတို့ရူးသွားလောက်သည်။
သို့ပေမယ့် နောက်ထပ် မိသားစုနှစ်စုက လာဝယ်ခဲ့ပြီး တစ်ယောက်က ရှန်းဖူလန်ဖြစ်ပြီး တစ်ယောက်က ဦးလေးကျောက်လျိုဖြစ်၏။ ရှန်းဖူလန်က သူ့စားစရာကို စားဖူးတာကြောင့် သူ ထန်ချွန်းမင်ဆီလာတာ မထူးဆန်းပေ။ ထန်ချွန်းမင်က ငွေပြတ်လတ်နေတာမဟုတ်၍ သူက လီကျန့်မိသားစုကို နည်းနည်းပေးဖို့ပြင်ထားသည်။ လီကျန့်မိသားစုနဲ့ ဆက်ဆံရေးကောင်းမှရမည်။ နောင်မှာ တစ်ခုခုဖြစ်လာရင် လီကျန့်မိသားစုက သူ့ဘက်မှာရပ်တည်ပြီး စကားဆယ်ခွန်းထက် ပိုပြောပေးလိမ့်မည်။ ဦးလေးကျောက်လျို၏ ရောက်ရှိလာမှုက သူ့ကို အံ့အားသင့်စေခဲ့သည်။
-----------/
Chapter 33.2
ဦးလေးကျောက်က သူ့မြေးအကြီးဆုံးနဲ့ လိုက်လာသည်။ သူ့မြေးအကြီးဆုံးက ယခုနှစ်တွင် ခြောက်နှစ်သာရှိသေးပြီး အာမောင်းထက် အနည်းငယ်ကြီးသည်။ သူရောက်လာသောအခါ အလွန်ရှက်နေပုံရပြီး အာမောင်းကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။ သူတို့က ရွာမှာ မကြာခဏ အတူဆော့ကြသည်။ ထန်ချွန်းမင်က သူတို့ကိုဧည့်ခံရန် ကလေးသုံးယောက်အား မုန့်ယူလာဖို့ပြောလိုက်သည်။
ဦးလေးကျောက်က သူ့မြေးအကြီးဆုံးအတွက် စိတ်မကောင်းဖြစ်နေတာကို မြင်နိုင်သည်။ ဦးလေးကျောက်က ကောလေးအပေါ်ထားသည့် သူ့အချစ်တွေအားလုံးကို အကြီးဆုံးမြေးအပေါ် လွှဲပြောင်းပေးထား၍ သူ ဤနှစ်များတစ်လျှောက် တောင့်ခံနိုင်ခဲ့တာဖြစ်သည်။
“ဦးလေးကျောက်… ဝယ်မယ်မဝယ်ဘူးဆိုတဲ့ စကားကိုမပြောနဲ့။ ရက်ပိုင်းအတွင်းထွက်လာရင် ကျွန်တော်ပို့ပေးမယ်။”
“မဟုတ်တာ…မဟုတ်တာ..” ဦးလေးကျောက်က ကမန်းကတန်း လက်ဝှေ့ယမ်းပြလိုက်သည်။ “ရွာထဲမှာစောင့်ကြည့်နေတဲ့သူအများကြီးရှိတာ။ ငါတို့ဒီစည်းမျဥ်းကို ဖောက်ဖျက်လို့မရဘူး။ နောက်ကျရင် မင်းရွာမှာ အခက်တွေ့အောင် လုပ်မိသွားလိမ့်မယ်။ ပြီးတော့ ငါ အပိုငွေနည်းနည်းလေးပဲ လိုချင်ရုံပါ။ ငါမြို့ကိုနေ့တိုင်းသွားတာမို့ လမ်းကြုံ ဟင်းသီးဟင်းရွက်ရောင်းရတာ အဆင်ပြေမယ်လို့ထင်တယ်။ မင်းရဲ့အသီးအရွက်တွေက စျေးကောင်းရနိုင်တယ်။”
“ကောင်းပြီ။ ဦးလေးလျိုက ဒီလိုပြောတော့လည်း ကျွန်တော်အားမနာတော့ဘူး။ ဘယ်လောက်လိုချင်လဲပြောပါ။ ကျွန်တော်ပြင်ပေးပါမယ်။”
“ဟုတ်ပါပြီ။” ဦးလေးလျိုက ပြုံးလိုက်သည်။
ထို့အပြင် ထန်ချွန်းမင်က ဟူလန်ကျုံးကိုမမေ့ပဲ ဟင်းပွဲတချို့ မကြာခဏပို့ပေးလေ့ရှိသည်။ သူ ဤနေရာကိုရောက်ခါက သူ့ကို ကယ်တင်ပေးခဲ့သူမှာ ဟူလန်ကျုံးဖြစ်သည်။ နောက်တော့ ကျောက်မိသားစုနဲ့ စကားများရာတွင် သူ့အတွက် ဖုံးကွယ်ပေးပြီး ကူပြောပေးခဲ့တာလည်း ဟူလန်ကျုံးဖြစ်၏။ ဒီလိုမှမဟုတ်ရင် သူ အဲ့နေ့က လွယ်လွယ်လွတ်မြောက်နိုင်ခဲ့ပါ့မလား?
ထန်ချွန်းမင်က ခန်းပေါ်တွင်ထိုင်ကာ နေရာလွတ်ထဲမှ ပိုက်ဆံအိုးကိုထုတ်ပြီး သူ၏လက်ရှိပိုင်ဆိုင်မှုကို ထပ်မံရေတွက်ခဲ့သည်။ ကျင်းကျိက ရက်အနည်းငယ်ကြာတိုင်း ဟင်းသီးဟင်းရွက်တွေ လာရောက်ကောက်ယူခဲ့ပြီး သူက ကျင်းကျိထံမှ ငွေဆယ့်နှစ်ပြား စုဆောင်းမိခဲ့သည်။ ထိုကာလတွင် သူ့မှာ စရိတ်စခသိပ်မရှိပေ။ ခရိုင်မြို့မှ ရောင်းရငွေနဲ့ပေါင်းရင် စုစုပေါင်း ငွေပြားခြောက်ဆယ်နီးပါးရှိသည်။ ကျင်းကျိက စိုက်ခင်းဧရိယာကို အတတ်နိုင်ဆုံးအမြန်ချဲ့ထွင်ရန် သူ့ကိုတွန်းအားပေးနေသည်။ သူ့မှာ ငွေကြေးအခက်အခဲရှိလျှင် ကျင်းကျိက တစ်စိတ်တစ်ပိုင်း ကြိုတင်ပေးလို့ရတယ်လို့ ပြောခဲ့သေးသည်။
ထန်ချွန်းမင်က ငြင်းလိုက်ပေမယ့် တကယ်တော့ သူက မြေတစ်ချို့ကို ဝယ်ယူခဲ့သည်။ အနီးနားပတ်ဝန်းကျင်ရှိ မြေရိုင်းများက စျေးသိပ်မကြီးပေ။ မြေဝယ်ပြီး တံတိုင်းဆောက်ခြင်း၏ ကုန်ကျစရိတ်က လက်ရှိစုဆောင်းငွေ၏ တစ်စိတ်တစ်ပိုင်းသာရှိမည်။ ကံမကောင်းတာက သူ့လက်ထဲ၌ ငွေသိပ်မရှိပေ။ မဟုတ်ပါက သူ့နောက်က တောင်ကုန်းတစ်ခုလုံးကိုဝယ်ပြီး နေရာအတွက် စိတ်ပူစရာမလိုပဲ ကြက်နှင့် သိုးများမွေးနိုင်လိမ့်မည်။
ထန်ချွန်းမင်က ငွေပြားနှစ်ဆယ်ကိုထုတ်ကာ ကျန်တာကို နေရာလွတ်ထဲမှာ သိမ်းထားလိုက်သည်။ ထန်ချွန်းမင်က အခန်းထဲမှ လျှောက်ထွက်လာခဲ့သည်။ ရှောင်ဟွာနှင့် ကစားနေသော ထန်ချွန်းမင်က သူ့အားမူကို မော့ကြည့်လိုက်သည်။ ထန်ချွန်းမင်က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဖေဖေ ရွာသူကြီးအိမ်ကိုသွားမယ်။ အားလင်း လိုက်ခဲ့မလား အိမ်မှာနေမလား?”
“သားလည်းလိုက်ချင်တယ်…သား ဖေဖေနဲ့လိုက်ချင်တယ်။ ရှောင်ဟွာကို အိမ်စောင့်ခိုင်းလိုက်ပါ။” အားလင်းက ခြေအလှမ်းအနည်းငယ်လှမ်းပြီး ထန်ချွန်းမင်ထံ ပြေးသွားကာ ထန်ချွန်းမင်၏ခြေထောက်ကို ကိုင်လိုက်သည်။
“အင်းပါ… ဒါဆို ရှောင်ဟွာကို အိမ်စောင့်ခိုင်းလိုက်မယ်။ အားလင်းက ဖေဖေ့ကို အဖော်ပြုပေး။” ထန်ချွန်းမင်က ပြုံးလိုက်ပြီး သူ့သား၏ခေါင်းကိုထိလိုက်သည်။ ရှောင်ဟွာက အိမ်ကိုစောင့်ပြီး ကြက်နှင့် သိုးပေါက်များကို စောင့်ရှောက်ပေးထားမယ်လို့ ပြောထားသလိုပင် ခေါင်းကိုမော့ကာ နှစ်ကြိမ်ဟောင်လိုက်၏။
ထန်ချွန်းမင်က လက်ဗလာနဲ့ မသွားခဲ့ပေ။ သူက ဟင်းသီးဟင်းရွက်နှင့် လတ်ဆတ်သော သခွားသီးခြင်းကို သယ်သွားခဲ့သည်။
ရွာသားတွေက ထန်ချွန်းမင်ကို နောက်တစ်ကြိမ်တွေ့သောအခါ သူတို့မျက်လုံးတွေက အနည်းငယ်ရှုပ်ထွေးနေ၏။ မူလက သူ ထိုစားသောက်ဆိုင်နဲ့ အလုပ်တွဲလုပ်နေတာကို စောင့်ကြည့်နေပေမယ့် စားသောက်ဆိုင်က ဟင်းသီးဟင်းရွက်များကို အမြဲတမ်းလာကောက်မယ်လို့ မမျှော်လင့်ခဲ့ပေ။ တချို့လူတွေက သူတို့၏ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များကိုခူးပြီး စားသောက်ဆိုင်လှည်းကိုတားကာ သူတို့ဟင်းသီးဟင်းရွက်တွေကိုပြဖို့ လမ်းမှာစောင့်ကြည့်နေကြသည်။
သူတို့က သူတို့ပစ္စည်းကိုမြင်စေချင်ပြီး စျေးပေါလည်း ကိစ္စမရှိပေ။ ဒါပေမယ့် စားသောက်ဆိုင်က လူတွေက သူတို့ကို နားထောင်မှာတဲ့လား? ထန်ဖူလန်၏အစားအစာက သူတို့နဲ့အဆင့်မတူပေ။ ကျင်းကျိစားသောက်ဆိုင်က အခုချိန်တိုးတက်လာတာ ထန်ဖူလန်ရဲ့ ဟင်းသီးဟင်းရွက်တွေကြောင့်ဆိုတာ သူတို့မသိကြဘူးလား?
လူတစ်ယောက်က ဟာသတစ်ခုကို ကြားခဲ့ရသလိုပင် ထန်ချွန်းမင်ကို ပြောခဲ့ပေမယ့် ထန်ချွန်းမင်က နားထောင်ပြီး လုံးဝအလေးအနက်မထားပေ။ ကိုယ့်လုပ်ငန်းက စီးပွားဖြစ်နေသရွေ့ တခြားသူတွေရဲ့ စကားကိုနားထောင်စရာမလိုပေ။ ရွာသားများက သူ့လုပ်ဆောင်မှုများကို အားကျအတုယူပြီး သူတို့၏လယ်ဧကအနည်းငယ်ကို ဂရုစိုက်နေမယ့်အစား ချမ်းသာဖို့ တခြားနည်းလမ်းများကို ရှာသင့်သည်။ သူက ကျေးလက်မှာကြီးပြင်းလာပြီး ကျေးလက်၏ အပြောင်းအလဲများကို သူ့မျက်လုံးဖြင့် မြင်တွေ့ခဲ့ရသည်။ ဆယ်နှစ်ကျော်အတွင်းမှာ ကျေးလက်ဒေသတွင် မြေငလျင်ကြီးများလှုပ်ခတ်ခဲ့သည်။ အရေးပါဆုံးက အတွေးအခေါ်ပြောင်းလဲဖို့ဖြစ်၏။
သူလျှောက်လာသောအခါ သူ ကျင်းကျိစားသောက်ဆိုင်က ဘယ်လောက်ရခဲ့လဲ ရွာသားတွေဆွေးနွေးနေတာကို ထန်ချွန်းမင််သိသည်။ သူမြေဝယ်လိုက်ပြီဆိုသော သတင်းများထွက်လာသည်နှင့်အမျှ သူဟာ ရွာ၏ နာမည်အကြီးဆုံး သတင်းခေါင်းစဥ်တစ်ခု ဖြစ်လာပေမည်။
ရှန်းဖူလန်က သူ့လယ်ကွင်းမှပြန်ရောက်လာပြီး လူကြီးနဲ့ ကလေးကိုတွေ့လိုက်ရတော့ ပျော်သွားခဲ့သည်။ မြို့မှာအိမ်ထောင်ကျခဲ့သော သူ့ကောလေးက ယခုကိုယ်ဝန်ရှိနေ၏။ သူ့ကောလေးက ယောက္ခထီးအတွက် ယောကျာ်းလေးမွေးပေးနိုင်ဖို့ မျှော်လင့်ထားပေမယ့် ထိုကလေးက အားလင်းလို လိမ္မာရေးခြားရှိသော ကောလေးဖြစ်ခဲ့လျှင် သူက သူ့ကိုလည်း သဘောကျမှာဖြစ်၏။
မင်ကောအာသည်လည်း ကောင်းကောင်းရှင်သန်နိုင်ပြီဖြစ်၍ သူ့လောက်ပျော်ရွှင်တဲ့လူမရှိနိုင်တော့ပေ။ “မင်ကောအာ…မင်းဦးလေးကိုရှာနေတာလား? သူအိမ်မှာရှိလောက်တယ်။” ထို့နောက် သူက ခြံဘက်ကို လှည့်အော်လိုက်သည်။ “ယောကျာ်း….ခင်ဗျားဒီမှာရှိလား…မင်ကောအာ ရောက်နေတယ်။” ထန်ချွန်းမင်က လယ်ကွင်းထဲမှာ လုပ်စရာရှိသည်မှလွဲ၍ ရွာထဲလာခြင်းသိပ်မရှိပေ။ ထိုအစား သူနဲ့ တခြားအိမ်များမှ ကောတွေကသာ မင်ကောအာ၏အိမ်ကို သွားလေ့ရှိသည်။ မင်ကောအာ၏ လက်ရှိအခြေအနေဖြင့် အဆင်မပြေမှုများစွာရှိတာကြောင့် မင်ကောအာ သူ့အိမ်ကိုလာတာ သူ့ခင်ပွန်းကို ရှာဖွေဖို့ဖြစ်သည်ဟု ရှန်းဖူလန် သေချာသိသည်။
“မင်း.. လူပဲလာလို့ရတယ်။ ဟင်းသီးဟင်းရွက်တွေ ယူလာစရာမလိုဘူး။ မင်း ဟင်းသီးဟင်းရွက်တွေ ရောင်းချတာ ဘယ်သူကမသိလို့လဲ? နောက်တစ်ခါခွင့်မပြုဘူးနော်။” ရှန်းဖူလန်က ထန်ချွန်းမင်၏လက်ထဲက ခြင်းတောင်းကိုကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။ သို့ပေမယ့် ယင်းမှာ မင်ကောအာ၏ စေတနာဖြစ်ပြီး သူနောက်တစ်ကြိမ် ထပ်လုပ်ဦးမယ်ဆိုတာလည်း သိသည်။ သူ မင်ကောအာကို သဘောကျတာ မထူးဆန်းတော့ပေ။ သူက ရွာထဲက တခြားကောတွေထက် စွမ်းဆောင်ရည်ပိုရှိတာကြောင့် ရှန်းဖူလန်က သူ့ကို ပိုပြီးကူညီချင်မိသည်။
“ကျွန်တော်သိပါတယ်။” ထန်ချွန်းမင်က ပေါ့ပေါ့တန်တန် ဖြေလိုက်သည်။ “ဦးလေးလီကျန့်နဲ့ ခင်ဗျားကို သခွားသီး လတ်လတ်ဆတ်ဆတ် မြည်းစမ်းစေချင်ရုံပါ။” ရှန်းဖူလန်က သူ့ကိုကြည့်ကာ ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်သည်။
“လိမ္မာတဲ့အားလင်းလေး… လာဖက်ပေးပါဦး။ အို…ငါတို့မတွေ့ရတာ ရက်နည်းနည်းကြာသွားပြီ။ ငါတို့အားလင်းလေးက နည်းနည်းလေးလာတာပဲ။ ဒီလိုမျိုးလေးလာရင် ငါအားလင်းကို ချီနိုင်တော့မှာမဟုတ်ဘူး။” ရှန်းဖူလန်က အားလင်းကိုချီကာ ဖက်လိုက်သည်။ ထန်ချွန်းမင်က သူတို့နောက်ကနေ ခြံထဲကို လိုက်သွားခဲ့သည်။
“အားလင်းက မြန်မြန်ကြီးပြင်းလာပြီး ညီလေးကို ချီထားချင်တာ။” အားလင်းက မြန်မြန်ကြီးလာချင်တာကြောင့် အများကြီးစားဖို့ စိတ်အားထက်သန်နေပြီး ယခုဆိုရင် သူ့မျက်နှာလေးက ဝိုင်းစက်ပြီး ပြည့်လာခဲ့သည်။
“ငါတို့အားလင်းလေးက အနာဂတ်မှာ အသိဉာဏ်အရှိဆုံးနဲ့ အကောင်းဆုံးအစ်ကိုကြီးဖြစ်လာမှာ။” ရှန်းဖူလန်က ချီးကျူးလိုက်သည်။ လီကျန့်က အခန်းထဲကထွက်လာပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “မင်ကောအာ…မင်းဘာရှာနေတာလဲ? ပြဿနာတစ်ခုခုရှိလို့လား?”
“ဦးလေးလီကျန့်..” ထန်ချွန်းမင်က ရိုးရှင်းစွာမေးလိုက်ပြီး “ကျွန်တော့်အိမ်ဘေးက မြေကွက်မှာပိုင်ရှင်ရှိလား? ဘယ်သူမှမရှိရင် ကျွန်တော်ဝယ်ချင်လို့။ ခြံထဲမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးပြီး တင်သွင်းဖို့ မြေနည်းနည်းလေးပဲရှိတယ်။”
ရှန်းဖူလန်နှင့် လီကျန့်က ထန်ချွန်းမင်ကိုကြည့်ကာ အံ့အားသင့်နေပြီး သူနောက်နေတာမဟုတ်မှန်း သေချာသွားမှ ထိုကာလအတွင်း သူ ကျင်းကျိဆိုင်က ငွေအများကြီးရခဲ့မှန်း သိလိုက်ရသည်။ ယခု လီကျန့်တောင် ထန်ချွန်းမင်ကို မနာလိုဖြစ်မိသည်။ သူက အံ့အားသင့်မှုကို ဘေးချိတ်ကာ ပြုံးပြီးပြောလိုက်သည်။ “အခန်းထဲမှာ စကားသွားပြောရအောင်။” စိတ်မပူပါနဲ့… အဲ့ဒီမြေကို ဘယ်သူမှစိတ်မဝင်စားဘူး။ မင်းလိုချင်ရင် ရဖို့လွယ်တယ်။”
“ ကျေးဇူးပါ.. ဦးလေးလီကျန့်..” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။
အိမ်ထဲရောက်သောအခါ လီကျန့်က သူ့အမူအရာကိုပြောင်းပြီး မင်ကောအာကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံခဲ့သည်။ သူက အများကြီးမလုပ်တတ်ပေမယ့် လီကျန့်၏အမြင်မှာ မင်ကောအာက ရွာထဲက အမျိုးသားတစ်ချို့ထက် ပိုသန်မာသည်။
ထန်ချွန်းမင်၏အိမ်အနီးတစ်ဝိုက်က မြေတွေသည် မြုံနေပြီး အပျက်အစီးအစအနတွေ အများကြီးရှိသည်။ လူအများစုက အိမ်ဆောက်ရန် ထိုမြေကွက်ကိုဝယ်ယူပြီး တချို့လူတွေက တခြားနေရာမှာသုံးဖို့ ဝယ်ယူလိုကြသည်။ ထိုနေရာကို သန့်ရှင်းဖို့ အများကြီးအားထုတ်ရမှာပင်။ လီကျန့်က ထန်ချွန်းမင်ကို အနိမ့်ဆုံးစျေးဖြင့် မြေတစ်ဧကလျှင် ငွေသုံးပြားပေးသည်။ ထန်ချွန်းမင်က စျေးမှန်တယ်လို့မြင်ပြီး နောင်မှာ တခြားသူတွေ ထိုမြေကိုလိုချင်လာမှာစိုး၍ သူက အကုန်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ လက်ကျန်ငွေပြားနှစ်ဆယ်ကို တံတိုင်းဆောက်လို့ရသည်။ ဒါကြောင့် သူက လီကျန့်ကို ထိုကိစ္စပြောပြီး လယ်မြေတွေကို သန့်ရှင်းရေးလုပ်ဖို့ လူရှာပေးရန်ပြောလိုက်သည်။ အချိန်ရောက်လာလျှင် သူက လစာပေးမှာဖြစ်ပြီး လီဖုန်း အိမ်ဆောက်ခဲ့တုန်းကလိုပင် သူကပိုက်ဆံပေးပြီး အစားအသောက်ကျွေးမှာမဟုတ်ပေ။ မဟုတ်ပါက သူတစ်ယောက်တည်း အားလုံးကို စီမံနိုင်မှာမဟုတ်ပေ။
“ကောင်းပါပြီ။ ရွာလူကြီးက အားလပ်ချိန်မှာ အမြန်ရှင်းပေးမယ်။ မင်ကောအာ စိတ်မပူနဲ့။ ဒီအချိန် ရွာထဲမှာ အားနေတဲ့ယောကျာ်းလေးတွေက လာကူပေးလိမ့်မယ်။” တချို့အမျိုးသားတွေက အခွန်လုပ်အားပေးဖို့သွားကြပေမယ့် တချို့ကတော့ ကျန်နေသေးတယ်လို့ သူ့နောက်မှာထိုင်နေသော ရှန်းဖူလန်က ပြောခဲ့သည်။ ကျန်နေခဲ့သူများက လုပ်အားခွန် ပေးဆောင်ခဲ့တာကြောင့် လက်ထဲမှာပိုက်ဆံမရှိတော့ပေ။ လူတိုင်းက ယခုချိန်မှာ ကျပ်တည်းနေတာကြောင့် မိသားစုဝင်ငွေကို ဖြည့်ဆည်းပေးနိုင်မယ့် အလုပ်တချို့ရှိလာဖို့ မျှော်လင့်နေသည်။
“ကောင်းပြီ။” လီကျန့်က ဆေးလိပ်ခြောက်ကို မှုတ်ထုတ်လိုက်ပြီး “ငါဂရုစိုက်လိုက်မယ်။ ငါမြေစာရင်းလုပ်ဖို့ အရင်ဆုံးမြို့ကိုသွားမယ်။ ပြီးရင် သန့်ရှင်းရေးလုပ်ဖို့ လူငှားပေးမယ်။ အလုပ်ကို အမြန်အပြီးသတ်ရအောင်။”
“ ကျေးဇူးပါ…ဦးလေးလီကျန့်…ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ရပါတယ် …ဒါ လုပ်ရမယ့်ကိစ္စပါ။ မင်းတစ်ခုခုလိုအပ်တာရှိရင် သူ့ကိုပြောလိုက်။ သူငြင်းရင်….ဟင်း” ရှန်းဖူလန်က ပြောလိုက်သည်။ ရွာလူကြီးက ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူ မင်ကောအာကို မကူညီဘူးလို့ ပြောလိုက်မိလို့လား?
မြေစာရင်းက အလျင်အမြန်ထုတ်ပေးလာပြီး လူတချို့က မြေကို လာတိုင်းတာခဲ့သည်။ မိသားစုခွဲပြီး သိပ်မကြာခင်မှာ မင်ကောအာ မြေဝယ်လိုက်တာကိုတွေ့တော့ ဖျင်ရှန်တစ်ရွာလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မင်ကောအာ ချမ်းသာလာပြီဟု ဆိုကြသည်။ သူကျင်းကျိစားသောက်ဆိုင်ကနေ ငွေဘယ်လောက်ရခဲ့လဲမသိပါပေ။ မဟုတ်ပါက ဤမျှလောက်ငွေများကို တစ်ခါတည်း မည်သို့သုံးစွဲနိုင်မည်နည်း။
ပုံမှန်လိုပင် တချို့လူတွေက ပြဿနာရှိကြသည်။ ကျောက်တာနျိုနဲ့ ဝမ်ချွန်းဟွာက သူ့ကို အလွန်တရာမုန်းတီးနေ၏။ ထန်ချွန်းမင် ဟင်းသီးဟင်းရွက်ရောင်းပြီး မြေဝယ်နိုင်တယ်ဆိုတာ သူတို့မယုံပေ။ အရင်က ကျောက်တာဟူ၏ပိုက်ဆံကို သူစုထားတာပဲဖြစ်မည်။ သူတို့က ပြဿနာသွားမရှာသည်မှာ တတိယဦးလေး၏ သတိပေးချက်ကြောင့်ဖြစ်သည်။ ထန်ချွန်းမင်က ပို၍ပင် မုန်းစရာကောင်းလာသည်ဟု သူတို့ထင်သည်။
တချို့လူတွေက ထိုကောလာဟလများကို ဖြန့်နေပေမယ့် လူအများစုက ထိုစကားကြားပြီး ရယ်သာရယ်လိုက်ကြသည်။ ဘိုးဘိုးကျောက်က ထန်ချွန်းမင်ကို မနာလိုဖြစ်နေလို့ ထိုစကားမျိုးပြောတာလို့ သူတို့ထင်သည်။ တာဟူက သူတို့ကို နှစ်တွေကြာအောင် ပိုက်ဆံပေးခဲ့တာပဲမလား? ထန်ချွန်းမင်အတွက် ပိုက်ဆံချန်ထားရင်တောင် သူတို့နဲ့ဘာမှမဆိုင်ပေ။ ကျောက်တာဟူက ကျောက်မိသားစုနဲ့ ကွဲသွားတာကြာပြီဖြစ်၍ သူ့ကိုယ်ပိုင်ဝင်ငွေသာဖြစ်သည်။
လီကျန့်က ထန်ချွန်းမင်ကို အလုပ်ကူလုပ်ပေးရန် လူဆယ်ယောက်ကို ခေါ်လာပေးခဲ့သည်။ လီဖုန်းနဲ့ တာရှန်ကလည်း ရောက်လာခဲ့သည်။ ထန်ချွန်းမင်က လီတာရှန်ကိုပဲ ပြောခဲ့တာဖြစ်ပေမယ့် လီဖုန်းက သူ့နောက်မှလိုက်လာခဲ့သည်။ ရွာလူကြီးက တစ်ခုခုပြောချင်သော်လည်း သူ့ဇနီးဖြစ်သူက တားခဲ့သည်။ ယခုချိန်တွင် လီဖုန်းက ထန်ချွန်းမင်ကို သဘောကျနေကြောင်း ရှန်းဖူလန် သေချာသွားခဲ့သည်။ ထို့အပြင် လီဖုန်းက မင်ကောအာကို လက်ထပ်ခွင့်တောင်းရန် မင်ကောအာ၏ ဝတ်ပြုဆုတောင်းကာလ ပြီးမြောက်မှုကို စောင့်နေပုံရသည်။
------------
Chapter 33.3
ပုံမှန်ဆိုလျှင် တာရှန်က ထန်ချွန်းမင်၏မိသားစုကို အခမဲ့ကူညီပေးပေမယ့် ယခုတစ်ကြိမ်တွင် သူက အခကြေးငွေရရှိခဲ့သည်။ ထန်ချွန်းမင်က သူနဲ့ရင်းနှီးသောဆက်ဆံရေးရှိသူများကို ဦးစားပေးဂရုစိုက်ရမည်ဖြစ်သည်။
ဤနေရာ၌ အလုပ်များလာသောအခါ ထန်ချွန်းမင်၏ မြေယာဝယ်ယူမှုကြောင့် ဖြစ်ပေါ်လာသော အပူတပြင်း ဆွေးနွေးမှုများကို လျင်မြန်စွာ ဖုံးဖိရန် ကျောက်မိသားစုမှ ပျော်ရွှင်စရာကိစ္စရပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျောက်လောင်စန်း ပြန်ရောက်လာပြီး သူက ပညာရှင်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်။ အချိန်အတော်ကြာ ငြိမ်သက်နေသော ဘိုးဘိုးကျောက်က မာနကြီးလာပြန်သည်။ အမြဲတမ်းတွန့်တိုနေသော ထိုလူက သူ့သားအတွက် အောင်ပွဲခံဖို့ အိမ်မှာပွဲတစ်ခုကျင်းပမယ်လို့ ပြောခဲ့သည်။
တတိယဦးလေးက တခြားသူများရှေ့တွင် ပြုံးရယ်ကာ အားလုံးရှေ့မှာ ကျောက်လောင်စန်း ဘယ်လောက်တော်ကြောင်း၊သိတတ်ကြောင်း ချီးကျူးစကားဆိုနေ၏။ အိမ်နီးချင်းများကလည်း လာလည်ခဲ့ကြသည်။
ဘိုးဘိုးကျောက်နှင့် တတိယဦးလေး၏အပြုံးများက စိတ်ပျက်ဖို့ကောင်းတယ်လို့ လီကျန့်ခံစားရသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးသော ပညာရှင်ဆုံးပါးသွားပြီးနောက် ဖျင်ရှန်ရွာတွင် ပညာရှင်စာမေးပွဲမအောင်ခဲ့တာ နှစ်တွေကြာခဲ့ပြီပင်။ ၎င်းက ဖျင်ရှန်ရွာအတွက် ပွဲကြီးတစ်ခုဖြစ်တာကြောင့် သူက ဘိုးဘိုးကျောက်၏ဧည့်သည်များကို ကူညီဧည့်ခံပေးခဲ့သည်။
—------
ကျောက်မိသားစုတွင်။
ဘိုးဘိုးကျောက်က ဝတ်လေ့ဝတ်ထမရှိသော အဝတ်အစားသစ်များကို ထုတ်ယူကာ အတွင်းခန်း၌ သူတစ်ပါး၏ ချီးကျူးစကားများကို နားထောင်ပြီး အာဏာရှင်လူအိုကြီးတစ်ယောက်လို ပြုမူနေခဲ့သည်။ ဖျင်ရှင်ရွာက လူတွေ၊ တခြားရွာမှလူတွေအပြင် သူ့အားမူဘက်က ဆွေမျိုးများလည်း လာခဲ့ကြသည်။ ကျောက်မိသားစုတွင် နှစ်ပေါင်းများစွာ ထိုကဲ့သို့ သက်ဝင်လှုပ်ရှားမှုများမရှိတာ ကြာခဲ့လေပြီ။ သူ့အချစ်ဆုံးသားက သူ့ကို ထိုသို့ ဂုဏ်ပြုခဲ့သည်။
ဝမ်ချွန်းဟွာက အောက်ထိုင်ခုံ၌ ပြုံးပြီးထိုင်နေသည်။ သူ၏ ယခင်က တင်းမာမှုကို မတွေ့နိုင်တော့ပေ။ သူက ဘိုးဘိုးကျောက်အတွက် လက်ဖက်ရည်နှင့်ရေကို အခါအားလျော်စွာ ယူလာပေးပြီး အလွန်ဂရုစိုက်ကြောင်း ပြသနေသည်။ သူတို့နှစ်ဦး ရန်ဖြစ်ထားသည့် သဲလွန်စမရှိတော့ပဲ တစ်ရွာလုံးကြားခဲ့ရသော အော်ဟစ်သံများ ပျောက်ကွယ်သွားခဲ့သည်။
“အို မင်းဘာတွေပြောနေတာလဲ? ငါတို့ဘိုးဘိုးကျောက်က အကောင်းဆုံးပဲ။ ကျောက်မိသားစုမှာ လက်ထပ်ခွင့်ရခဲ့တာကံကောင်းတယ်။ ငါ့ယောက္ခမက အသင်အပြလည်းကောင်းတယ်။ သူက အရည်အချင်းရှိတဲ့ အမျိုးသားတစ်ယောက်ကို ပျိုးထောင်ခဲ့ရုံတင်မကပဲ သူ့သားက တာဝန်သိတတ်သလို စဥ်းစားပေးတတ်တယ်။ သားလေး.. မင်းဘာလို့ရပ်နေတာလဲ? လာလေ… မင်းဘိုးဘိုးကို နှိပ်ပေးလိုက်။” ဝမ်ချွန်းဟွာက သူ့ပါးစပ်ကို ပန်းထိုးလက်ကိုင်ပုဝါနဲ့အုပ်လိုက်သည်။ အမှန်တရားကို သိသူများက သူ့နှုတ်ခမ်းထောင့် တွန့်ကွေးသွားတာကိုမြင်နိုင်လိမ့်မည်။ ဝမ်ချွန်းဟွာ၏ သရုပ်ဆောင်စွမ်းရည်က ရွာမှာအကောင်းဆုံးဖြစ်သည်။
“ဟုတ်ကဲ့ပါ ဖေဖေ. . ဘိုးဘိုး သားနှိပ်ပေးပါမယ်။” ကျောက်သုန့်က အရင်ကလို ဝတုတ်မဟုတ်တော့ပေ။ သူက သူ့အားမူလုပ်ခိုင်းတာတွေကို မကျေနပ်သော်လည်း ပညာရှင်တစ်ယောက်ဖြစ်ပြီးလျှင် မိသားစုက ဘဝကောင်းတစ်ခုမှာ ရှင်သန်ဖို့ စိတ်ပူစရာမလိုသလို ရွာထဲက ဘယ်သူကမှ သူတို့ကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူးလို့ သူ့အားမူကပြောခဲ့သည်။ ကျောက်သုန့်က ယနေ့လိုရက်မျိုးကို စောင့်မျှော်ခဲ့တာကြာခဲ့လေပြီ။ ထိုရွာထဲမှ လူတွေက သူနဲ့မကစားတော့တာကြောင့် သူ အင်မတန်စိတ်ဆိုးခဲ့သည်။
“ဖေဖေ…သား ခွန်အားဘယ်လောက်သုံးရမလဲ? ဘိုးဘိုးက အဆင်ပြေပါ့မလား?” ကျောက်သုန့်က ခယဝယလုပ်လိုက်သည်။
“အဆင်ပြေတယ်။ ဘိုးဘိုးကျောက်အဆင်ပြတယ်။ ငါ့မြေးက သိတတ်လိုက်တာ။ မင်းလည်း မင်းဦးလေးဆီက သင်ယူရမယ်နော်။” မျက်နှာသာပေးသည့်အနေဖြင့် ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာကို တစ်ချက်ကြည့်ကာ ဘာမှမပြောခဲ့ပေမယ့် တတိယဦးလေးကတော့ သတိပေးခဲ့သည်။ သူက ဤနေ့ရက်ကောင်းကို မပျက်စီးစေချင်ပေ။
“ဟုတ်ကဲ့ပါ.. ဘိုးဘိုး” ကျောက်သုန့်က တုံ့ဆိုင်းစွာဖြေသည်။ သူက စာလုပ်ရမှာ အကြောက်ဆုံးဖြစ်ပြီး စာဖတ်ပြီးလျှင် ခေါင်းကိုက်လာသည်။ သို့ဖြစ်၍ ဘိုးဘိုးကျောက်က သူ့မြေးကို ဘယ်လောက်ချစ်ချစ် သူ့သားငယ်လေးလောက်တော့ မချစ်ပေ။ သူ့အမြင်မှာ ပညာရှင်ဖြစ်လာရုံနဲ့ ဘိုးဘိုးကျောက်၏ မျက်နှာသာပေးမှုကို ရမှာမဟုတ်ပေ။
“ငါ့ယောက်ဖ ဘယ်လောက်တော်လဲကြည့်ပါ။ ဒီလိုကောင်းတဲ့ဘဝက သူ့အတွက်ချည်းပဲမဟုတ်ဘူး။ တချို့လူတွေက ဒီလိုကောင်းချီးကို ခံစားရဖို့ ကံမပါလာဘူးထင်တယ်။ ကောတစ်ယောက်က တခြားသူတွေနဲ့ စီးပွားရေးဆွေးနွေးဖို့ သွားရဲသေးတယ်။ တာဟူသာရှိရင် ဒီလိုအရှက်မရှိတဲ့ကောတစ်ယောက်ကို မောင်းထုတ်ပစ်လိမ့်မယ်။ မဟုတ်ရင် ငါ့ယောက်ဖမျက်နှာပျက်ပြီး သိက္ခာကျလိမ့်မယ်။” ဝမ်ချွန်းဟွာက ပြောလိုက်သည်။ သူ့မျက်နှာပေါ်မှာ ရွံရှာဖွယ်အမူအရာရှိပြီး တခြားတစ်ယောက်က သူပြောတာကို ထောက်ခံလာသောအခါ ဘိုးဘိုးကျောက်က ပိုလို့ပင် မာနကြီးသွားခဲ့သည်။ ယခု သူက ထိုခွေးကောင်ထန်ချွန်းမင်၏ နောင်တရပြီး မနာလိုဖြစ်နေမည့် မျက်နှာကို မြင်ချင်နေသည်။
“ဟင်းဟင်း…သူက ကံဆိုးလာဘ်ပိတ်ကောင်လို့ ငါပြောခဲ့ပါတယ််။ အခုသူထွက်သွားတော့ ကျောက်မိသားစုရဲ့ နေ့ရက်ကောင်းတွေ ရောက်လာတော့တာပဲ။ မဟုတ်ရင် ငါ့တတိယကလေးရဲ့ အနာဂတ်ကို နှောင့်နှေးစေရင် ငါ သူ့ကိုသတ်ပစ်မှာ။” ဘိုးဘိုးကျောက်က ရှုတ်ချသောမျက်နှာဖြင့် ကြမ်းပြင်ကို ခါးခါးသီးသီး တံတွေးထွေးလိုက်လေ၏။
ကျောက်လောင်စန်းက ကန့်လန့်ကာကိုရုတ်ပြီး ဝင်လာခဲ့သည်။ သူက သူ့အားမူ၏အပြုအမူကို တစ်ချက်ကြည့်ကာ မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ့သားဝင်လာတာကိုတွေ့တော့ ဘိုးဘိုးကျောက်က ချက်ချင်းပြုံးပြသည်။ “လောင်စန်း… မင်းအပြင်မှာ ဧည့်သည်မစောင့်တော့ဘူးလား? ငါတစ်ခုခုလုပ်ပေးရမလား?”
“အားလုံးကို တောင်းပန်ပါတယ်။ … မြို့ပေါ်က ရှန်းမိသားစုဝင်တစ်ယောက်လည်း ရောက်လာလို့ ရှန်းမိသားစုကို ဧည့်ခံဖို့ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ။ ဖေဖေ” ကျောက်ဖျင်ချွမ်က ဘိုးဘိုးကျောက်ကို မဖိတ်ခေါ်ခင် ရောက်ရှိနေသူအားလုံးကို ယဥ်ကျေးစွာတောင်းပန်ခဲ့သည်။ သူ့ကိုမြင်ဖူးသူတိုင်းက ကျောက်လောင်စန်း၏ ယဥ်ကျေးသောအပြုအမူအတွက် ချီးမွမ်းကြလိမ့်မည်။ ကျောက်တာဟူကတော့ ကံမကောင်းစွာပဲ တောင်ပေါ်မှာ အသက်ဆုံးရှုံးခဲ့ရသည်။ မဟုတ်လျှင် နောက်ထပ်အနည်းငယ်စောင့်ပြီး သူက သူ့ညီလေး၏ကောင်းချီးကို ခံစားရမှာဖြစ်သည်။ ကျောက်လောင်စန်းကို ထောက်ပံ့ရတာ ခက်ခဲခဲ့သော်လည်း ကျောက်လောင်စန်း စာမေးပွဲအောင်သွားတော့ သူ့ဒုတိယအစ်ကိုကို ဆိုးဆိုးရွားရွား ဆက်ဆံပါ့မလား?
ဘိုးဘိုးကျောက်က ရှန်းမိသားစုလို့ကြားတော့ သူ့မျက်လုံးက ရုတ်ချည်းတောက်ပလာပြီး အားလုံးကလည်း တက်ကြွလာသည်။ ထိုမိသားစုအကြောင်းပြောရလျှင် ဖျင်ရှန်ရွာရှိ လူတိုင်းက သူတို့ဘယ်လောက်တောင် နာမည်ကြီးလဲသိကြသည်။ သူက ရှန်းမိသားစုကို ရေးတေးတေးမှတ်မိသည်။ ဒီအချိန် သူတို့က ကျောက်မိသားစုကို ရောက်လာတာလား? သူတို့က ကျောက်ဖျင်ချွမ်ကို တောက်ပသောမျက်ဝန်းဖြင့် ကြည့်လိုက်သည်။
ဘိုးဘိုးကျောက်ကလည်း ထိုသို့တွေးလိုက်သည်။ သူက တတိယကလေး၏ အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး စိတ်ပူနေပေမယ့် တတိယကလေးနှင့် တတိယဦးလေးနှစ်ယောက်လုံးက ဆုံးဖြတ်ချက်မချခင် အင်ပါယာစာမေးပွဲအောင်စာရင်းထွက်သည်အထိ စောင့်ဖို့ပြောခဲ့သည်။ သူ ပညာရှင်အဖြစ် ရွေးချယ်ခံရလျှင် အဆင့်အတန်းမြင့်သော လက်တွဲဖော်ကို ရှာနိုင်မှာဖြစ်ပြီး သူမအောင်ခဲ့ရင်လည်း အဆင့်အတန်းတူသည့် တစ်ယောက်ကိုရလိမ့်မည်။ ယခု တတိယသားက ပညာရှင်ဘွဲ့ရလာတော့ ဘိုးဘိုးကျောက်က ပညာရှင်၏ဖခင်ဖြစ်သွားပြီး ထိုလူအတွက် လိုအပ်ချက်က မြင့်မားလာခဲ့သည်။ သာမန်မိသားစုက သူ့အတွက်ရိုးရှင်းလွန်းသည်။ သူက တတိယသားအတွက် ဝမ်ချွန်းဟွာလို သာမန်ကောလေးမရှာချင်ပေ။ သူက စန်းအာနှင့် အဆင့်တူသည့် လူချမ်းသာမိသားစုမှ တစ်ယောက်ကိုသာ ရွေးချယ်မည်။
ရှန်းမိသားစုက မြေရှင်ကြီးတစ်ဦးဖြစ်ပြီး သူတို့က မြေသြဇာကောင်းသော မြေရာကျော်နှင့် ဆိုင်များစွာကို ပိုင်ဆိုင်ထားသည်။ သူတို့ကောက ကျောက်မိသားစုမှာ လက်ထပ်လိုက်လျှင် သူ ခန်းဝင်ပစ္စည်းအများကြီးရလိမ့်မည်။ ထိုသို့ဖြင့် ထိုပစ္စည်းအားလုံးက တတိယကလေး၏အပိုင်ဖြစ်သွားလျှင် တတိယသားက သူ့ကိုပြန်စောင့်ရှောက်မှာမို့ သူ တစ်ဘဝလုံး သက်တောင့်သက်သာနေလို့ရလေပြီ။
ကျောက်မိသားစုတံခါးဝတွင် ရထားလုံးတစ်စီးရပ်သွားပြီး လီကျန့်နဲ့ တတိယဦးလေးက ရထားလုံးပေါ်မှဆင်းလာသော လူလတ်ပိုင်းစုံတွဲကို ထွက်နှုတ်ဆက်ခဲ့သည်။ လူလတ်ပိုင်းအမျိုးသားက သူတို့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့သည်။ “ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးလို့ ကျောက်မိသားစုကို ဂုဏ်ပြုပါတယ်။ ပညာရှင်က ဘယ်မှာလဲ? ဘာလို့တစ်ယောက်မှမရှိတာလဲ?”
“ရှန်းသခင်ကြီး အထဲမြန်မြန်ဝင်ခဲ့ပါ။ ထူးထူးခြားခြားဧည့်သည်တွေလာတာကို ဖျင်ချွမ်ကြားတော့ သူက ဧည့်ခံပေးဖို့ ဘိုးဘိုးကျောက်ကို သွားခေါ်လို့ပါ။ ကြည့်… သူလာနေပြီ။” တတိယဦးလေးက စကားပြောကောင်းသူဖြစ်၏။ သူက တစ်နေကုန်ရယ်မောနေပြီး ပါးစပ်တောင်မစေ့နိုင်ပေ။ ယခု ရှန်းသခင်ကြီးနဲ့ ရှန်းဖူလန်၏ ကိုယ်တိုင်ရောက်ရှိလာမှုက ကျောက်မိသားစုကို ဂုဏ်သတင်းကို မွှေးစေမှာသေချာသည်။ ကောင်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာရင်တော့ အကောင်းဆုံးပင်။
လီကျန့်က ခေါင်းခါလိုက်ပြီး ကျောက်မိသားစု၏ ဂုဏ်ကျက်သရေကို တိတ်တိတ်လေး အားကျနေပေမယ့် သူက ကျောက်မိသားစုလိုတော့ မဖြစ်ချင်ပေ။ သူ့သားနှစ်ယောက်လည်း စာမေးပွဲအောင်ဖို့ မျှော်လင့်သည်။ သုံးနှစ်အတွင်းမှာ သူလည်း လူတိုင်း၏မနာလိုအားကျမှုကို ခံစားခွင့်ရချင်သည်။ သူ့သားနှစ်ယောက်အတွက် သူ့ဆရာ၏အကဲဖြတ်စကားများကို စဥ်းစားလိုက်သောအခါ လီကျန့်က သူ့ရင်ဘတ်ကို အမြန်ဖိလိုက်ရသည်။