Chapter 39.1
“တောင်ဝယ်ခြင်း”
လီဖုန်းက ပေါင်တစ်ဝက်ကျော် အလေးချိန်ရှိသော ငါးနှစ်ကောင်နှင့် ပုဇွန်းအသေးလေးနှစ်ကောင်ကို လက်ထဲမှာကိုင်ဆောင်ကာ ပြန်လာခဲ့သည်။ ထိုနေ့က မင်ကောအာ၏ ခြေထောက်ကြွက်တက်ခြင်းအတွက် သူစိုးရိမ်တာကြောင့် မင်ကောအာအနားယူနေချိန်၌ သူက ဟူလန်ကျုံးဆီ ပြေးသွားခဲ့သည်။ ဟူလန်ကျုံးကတော့ ယခုလိုအချိန်မှာ ကြွက်တက်တာကို ကြီးကြီးမားမားလို့မထင်ချေ။ ညဘက်မှာ တစ်ခါတစ်လေဖြစ်တတ်တယ်လို့ အားလင်းပြောတာကို ကြားခဲ့ရသည်။ သူက နေ့ဘက်မှာစောင့်ကြည့်နိုင်သော်လည်း ညဘက်မှာ ဘာလုပ်သင့်သနည်း။
ဤအရာက ကိုယ်ဝန်သည်တွေကြားမှာ ဖြစ်ရိုးဖြစ်စဥ်တစ်ခုလို့ ဟူလန်ကျုံးကပြောခဲ့သည်။ ကုသရန်နည်းလမ်းမရှိပေ။ လုပ်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ အစားအသောက်ကို ဂရုစိုက်ပေးဖို့ဖြစ်၏။ ၎င်းက ဗိုက်ထဲကကလေးနှင့် သူ့အားမူက အစားအစာကို လုနေကြလို့ဖြစ်၏။ ဟူလန်ကျုံးက အစားအသောက်စာရင်းရေးခဲ့ပြီး ကိုယ်ဝန်ဆောင်ကောများ အာရုံစိုက်သင့်သည့် အရာများကိုရှင်းပြခဲ့သည်။
“လိမ္မာတဲ့ကောင်လေး၊ မင်းက လူကောင်းတစ်ယောက်ပါ!” သမားတော်ဟူက လီဖုန်းကိုချီးကျုးပြီး ပြောလိုက်သည်။ “မင်ကောအာ အရင်က ကျန်းမာရေးအတော်ဆိုးရွားခဲ့တယ်။ ပြီးခဲ့တဲ့ခြောက်လလောက်က သူ့ကိုယ်သူ ကောင်းကောင်းပြုစုစောင့်ရှောက်ထားပေမယ့် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရတုန်းပဲ” ဤသည်မှာ သမားတော်ဟူက ကျောက်မိသားစုကို သဘောမကျသော အကြောင်းအရင်းလည်းဖြစ်၏။
ဤအချိန်ကာလတွင် မင်ကောအာက အစားအသောက်နဲ့ပတ်သက်ပြီး သူ့ကိုယ်သူ ဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူးဆိုတာ လီဖုန်းလည်းသိတာကြောင့် သူက အကောင်းဆုံးသာကြိုးစားနိုင်သည်။ နံရိုးစွပ်ပြုတ်၊ အမဲသားနှင့် ဥများကဲ့သို့ အစားအစာများကို ညစာစားပွဲပေါ်တွင် မကြာခဏတွေ့ရသော်လည်း ငါးမြစ်ချင်းကို စားပွဲပေါ်မှာ တွေ့ရခဲယဥ်းသည်။ လီဖုန်းက သမားတော်နှင့်တိုင်ပင်ပြီး ငါးဖမ်းရန် ရွာအနီးရှိမြစ်တစ်စင်းဆီသွားခဲ့သည်။ ပြန်ရောက်တော့ ပြုတ်တာဖြစ်ဖြစ် ချက်တာဖြစ်ဖြစ် မင်ကောအာ သူ့အစားအသောက်ကို သဘောကျနေတာမြင်ရတော့ စိတ်ချမ်းသာသည်။
မင်ကောအာ အထူးတောင်းဆိုခဲ့သော ငါးနှင့်ပုဇွန်လေးများကို လီဖုန်းက အာရုံစိုက်ခဲ့ပြီး ၎င်းက ကျေးဇူးပါးမွှားလေးသာဖြစ်၍ လီဖုန်းက သိပ်ဂရုမစိုက်ပဲ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုခဲ့လေသည်။
“ဟေး… ဖုန်းရှောင်ကျစ်က ငါးဖမ်းလာပြန်ပြီလား” ရွာသားတွေက သူ့ကိုတွေ့တော့ နှုတ်ဆက်လာပြီး သူ့လက်ထဲကငါးကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
“ဟုတ်တယ်… မင်ကောအာက နေမကောင်းဘူးလေ။ ဟူလန်ကျုံးက သူ့ကိုဖြည့်စွက်စာကျွေးဖို့လိုတယ်လို့ ပြောခဲ့တယ်” လီဖုန်းက သာမန်ကာလျှံတုံ့ပြန်ခဲ့သည်။ သူက သူ့ကို ကြင်ကြင်နာနာဆက်ဆံသူတွေကို ပြန်တုံ့ပြန်မည်ဖြစ်၏။ သူက အရေးမကြီးသည့်အရာများကို ရင်ထဲမထည့်ထားပေ။
မင်ကောအာကလည်း ထိုနည်းအတိုင်းပင်။ သူက အရေးမကြီးသည့် ကိစ္စများကို ရင်ထဲမထားပေ။ မဟုတ်လျှင် သူက စိတ်ပူပြီးမောပန်းနေရလိမ့်မည်။ ဤအချက်မှစတင်၍ သူက စိတ်ရှည်သည့် လူတစ်ဦးဖြစ်ကြောင်းသိနိုင်သည်။
“မင်ကောအာက တကယ်ကံကောင်းတာပဲ။ ဒါက ဒုက္ခခံစားရပြီးမှ ကောင်းချီးပေးခံရတယ်လို့ခေါ်တယ်။” သူ့မှာ ရည်ရွယ်ချက်ကောင်းရှိသော်လည်း သူကမနာလိုဖြစ်နေဆဲပင်။ အချိန်တိုအတွင်းမှာ မင်ကောအာက တခြားသူများထက် ပိုကောင်းသောဘဝကို နေထိုင်ခဲ့သည်။ သူက ပိုက်ဆံရှာနိုင်ရုံတင်မကပဲ ယောကျာ်းတစ်ယောက်ကို သူ့တံခါးဝရောက်လာအောင် လုပ်နိုင်ခဲ့သည်။ ထို့အပြင် သူက ဂရုစိုက်တတ်သော လူတစ်ယောက်ဖြစ်နေ၍ ယခင်က လီဖုန်း၏ရုပ်ကို လန့်နေကြသော လူတွေကလည်း နောင်တရသွားခဲ့သည်။
“မဟုတ်တာ… မင်ကောအာကမှ လူကောင်းတစ်ယောက်ပါ။” လီဖုန်းက အများကြီးမပြောချင်ပေမယ့် သူက မင်ကောအာ ရွာထဲမှာ ချီးကျူးခံရအောင် စကားလုံးတချို့ပြောပေးချင်သည်။
လီဖုန်းထွက်သွားတော့ ရွာသားတွေက ပို၍ပင်တက်ကြွစွာ ပြောဆိုနေကြသည်။ လူတစ်ချို့က ဆွေမျိုးများနှင့် စကားများပြီး ကြမ်းတမ်းခက်ထန်သည့် လီဖုန်းကို သဘောမကျခဲ့ပေ။ ရွာသားတွေက သူ့ကို အိမ်ထောက်ဖက်ကောင်းမဖြစ်လောက်ဟု ထင်မြင်ကြသည်။ သူ သူ့ဦးလေးအပေါ် အကြင်နာမဲ့သည့်အကြောင်းလည်း ရွာထဲမှာ ပျံ့နှံ့နေခဲ့သည်။
သူရဲ့အဲ့ဒီကြမ်းတမ်းတဲ့ပုံစံနဲ့ အနာဂတ်မှာ သူက သူ့ကောနဲ့ ယောက္ခထီးတွေကို ဘယ်လိုဂရုစိုက်နိုင်မှာလဲ? သူ့ရုပ်ရည်က မဆိုးပေမယ့် ရွာထဲက လူလွတ်ကောများကို ထိတ်လန့်စေသည်။ သို့ဖြစ်၍ သူ့နာမည်က အပြင်မှာပိုဆိုးလာသည်။
“လီစုန့်ကမ်းရဲ့မိသားစုက အခုနောင်တရနေလောက်ပြီ။ သူတို့က သူတို့တူလေးကို ဆင်းရဲတယ်လို့ပြောခဲ့တယ်။ မတွေ့ရတာခဏလေးပဲရှိသေးပေမယ့် သူက မြို့ပေါ်က မြင်းတောင်ဝယ်နိုင်ခဲ့တယ်။ မြင်းက အရမ်းတန်ဖိုးကြီးတယ်လို့ ငါကြားတယ်။ ငွေဒါဇင်ချီတန်တယ်တဲ့!” သူ၏တအံ့တသြလေသံမှာ ငြူစူခြင်းအပြည့်ရှိ၏။ ၎င်းကို ငွေနဲ့လဲလှယ်ပါက မိသားစုတစ်စုအတွက် တစ်သက်လုံးသုံးစွဲဖို့လုံလောက်သည်။ လီစုန့်ကမ်းမိသားစုက အဲ့ဒီပိုက်ဆံတွေအကြောင်းသိသွားရင် ပျော်နိုင်ပါဦးမလား?
“အခု အဲ့ဒါတွေက မင်ကောအာအပိုင်ပဲ။ ဆွေမျိုးတွေနဲ့မဆိုင်တော့ဘူး။ အခုကစပြီး တခြားသူတွေ သူ့ကို မနာလိုအားကျရမယ့်အချိန်ရောက်ပြီ။” တချို့လူတွေက မင်ကောအာ၏ကောင်းသောနေ့ရက်များ ရောက်လာတော့မည်ထင်နေသည်။
“နောင်မှာ မနာလိုသူတွေအများကြီးရှိလာမှာ။ တခြားမိသားစုအကြောင်းမပြောရင်တောင် လီစုန့်ကမ်းက မနာလိုမဖြစ်ပဲနေပါ့မလား?” တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
လူအများအပြားက ရယ်မောလိုက်ကြပြီး မကြာမီမှာပင် သူတို့က လီစုန့်ကမ်း၏ဇနီးနှင့် သူ့ကောအာလေး လမ်းဆုံမှလျှောက်လာတာကို တွေ့လိုက်ရသည်။ လူတိုင်းက တက်ညီလက်ညီဖြင့် လီဖုန်းက မင်ကောအာအပေါ် ဘယ်လောက်ကောင်းကြောင်း ပြောခဲ့ကြသည်။ မင်ကောအာအတွက် ငါးဖမ်းရန် နေ့စဥ်နေ့တိုင်း မြစ်ကိုသွားခဲ့ကြောင်းလည်း ပါဝင်သည်။
ကျောက်တာဟူသာ ယခုရှိနေလျှင် မင်ကောအာက ထိုကောင်းချီးကို ခံစားနိုင်မှာမဟုတ်ပေ။ ကျင်းကျိစားသောက်ဆိုင်မှ လူများက မင်ကောအာကို ငွေအများကြီးပေးခဲ့ကြောင်းလည်း တချို့လူတွေက ပြောနေကြသည်။ ထို့အပြင် ထိုလှည်းကလည်း နေ့တိုင်းရောက်လာတော့ မင်ကောအာက တစ်နှစ်အတွင်း ငွေဘယ်လောက်စုလိုက်နိုင်မလဲ?
ထိုလူတွေက သူ့ကိုအရှက်ရစေရန် တမင်တကာပြောနေကြောင်း လီစုန့်ကမ်း၏ဇနီးကသိသည်။ သို့သော် သူတို့ကို ဖြတ်လျှောက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အမူအရာပျက်ယွင်းသွားခဲ့သည်။ သူ့ကောအာလေးက ယခုနှစ်တွင် ဆယ့်လေးနှစ်ပြည့်မည်။ အိမ်ထောင်ပြုပေးဖို့ အချိန်ရောက်ပြီဖြစ်၍ လီမိသားစုမှာ သူတို့ကောအာလေးအတွက် မျှော်လင့်ချက်များစွာရှိလေသည်။ ဖျင်ရှန်ရွာတစ်ခုလုံးတွင် သူတို့အိမ်ကကောလောက် ကြည့်ကောင်းပြီး ထူးချွန်းသူမရှိပေ။ နောင်အနာဂတ်မှာ ရွာသားအားလုံး သူ့ကိုခယဝယလုပ်လာစေရန် သူက ချမ်းသာသောမိသားစုတစ်ခုကို ရှာဖို့လို့သည်။
“ဖေဖေ…. သူတို့ပြောတာအမှန်ပဲလား? ကျွန်တော့် ဒုတိယဦးလေးက အပြင်မှာ ငွေအများကြီးရခဲ့တာလား?” ကောငယ်လေးက ရွာတွင် သူငယ်ချင်းကောင်းများရှိသည်။ သို့ဖြစ်၍ ထန်ချွန်းမင်နှင့် လီဖုန်းအကြောင်းပြောနေသူများလည်း ရှိခဲ့သည်။ လက်မထပ်ရသေးသော လူလွတ်ကောများက မင်ကောအာကို မကျေနပ်ကြပေ။ ကလေးနှစ်ယောက်ရှိသည့် မုဆိုးဖိုက အင်မတန်အရှက်မဲ့ပြီး ရွာထဲက လူပျိုယောကျာ်းများနှင့်ပင် ပတ်သက်ရဲသေးသည်။
မတိုင်ခင်က လူပျိုကောလေးများက လီဖုန်းကို သဘောမကျခဲ့ပေ။ ထိုလူမှာ ကြောက်စရာကောင်းသော ရုပ်ရည်ရှိလို့ဖြစ်၏။ သူတို့ သူ့ကိုမကြိုက်ပေမယ့်လည်း သူ မုဆိုးဖိုကိုကြိုက်တာတော့ သူတို့လက်မခံနိုင်ပေ။
“ဘာ! ဘာဒုတိယဦးလေးလဲ? သူက ငါတို့ကို ဆွေမျိုးလို့ သတ်မှတ်ထားတာမဟုတ်ဘူး။ ငါတို့က ဘာလို့ သူ့ဆီသွားပြီး ကိုယ့်အရှက်ကိုယ်ခွဲရမှာလဲ?” လီစုန့်ကမ်း၏ဇနီးက ထိုအကြောင်းတွေးကာ ဒေါသထွက်လာသည်။ လီဖုန်း သူတို့ဆီက မြေနဲ့အိမ်ပြန်ယူသွားချိန်မှာ သူအိပ်ရာထဲလဲသွားခဲ့သည်။ သူ ပြန်ထလာနိုင်သည့်အခါ သူက ရွာအတွင်းအပြင်၌ သူ့တူလေး၏ မကောင်းသတင်းများကို ဖြန့်ခဲ့သည်။ အဆုံးမှာ ဘယ်ကောကမှ သူ့ကို လက်မထပ်ချင်ပဲ တစ်သက်လုံးလူပျိုလုပ်ရတော့မယ်လို့ ထင်ခဲ့သည်။ ဒါကြောင့် အနာဂတ်မှာ ကလေးမွေးစားလျှင်ပင် မိသားစုပိုင်ဆိုင်မှုများက သူတို့လက်ထဲပြန်ရောက်လာပြီဖြစ်သည်။
သူ ထိုမြင်းကိုတွေဖို့ မြို့ပေါ်ကိုတောင် သွားခဲ့သည်။ မြင်းကောင်းတစ်ကောင်ကို ငွေဆယ့်နှစ်ပြားနဲ့တောင် ဝယ်လို့မရဘူးလို့ ဆိုကြသည်။ ထိုအမျိုးအစားက ဘယ်လောက်ကျလဲ စုံစမ်းပြီးနောက် သူ မြို့ပေါ်သွားကာ ချက်ချင်းရောင်းစားလိုက်ချင်မိသည်။
အရာအားလုံးက ထိုလူယုတ်မာကြောင့်ဖြစ်၏။ သူက ထိုအကြောင်းကို တမင်တကာဖုံးကွယ်ထားပြီး ဆင်းရဲချင်ယောင်ဆောင်ခဲ့သည်။ ရွာထဲကလူများကို သူ့ဘက်အပါအခေါ်ကာ ဘယ်သူကမှ သူတို့မိသားစုအတွက် မပြောပေးခဲ့ပေ။ သူ့မှာပိုက်ဆံရှိတာတောင် သူက အိမ်နဲ့မြေကို မိသားစုဆီက ပြန်ယူခဲ့သေးသည်။ သူ့စိတ်ဓာတ်က ပုပ်သိုးနေတာဖြစ်၏။
ကောအာလေးကလည်း သူတို့မိသားစုကို စိတ်ညစ်အောင်လုပ်ခဲ့သည့် ဒုတိယဦးလေးကို အပြစ်တင်ခဲ့သည်။ အကြီးဆုံးအစ်ကိုကြီး၏ ကလေးပြန်ရောက်လာပြီးနောက် မိသားစုက နေ့စဥ်နေ့တိုင်း ပြဿနာတက်ခဲ့ပြီး သူ့ဘဝက မလွယ်ကူခဲ့ပေ။ သူက သူ့ကိုနေ့တိုင်းစောင့်ကြည့်ပြီး သူ့နောက်လိုက်ဖို့ လူလွှတ်ခဲ့သည်။
“ဖေဖေ .. လွတ်ထားလိုက်ပါ။ ဒုတိယဦးလေးက ကျွန်တော်တို့မိသားစုကို အများကြီးဒုက္ခပေးထားတာ။ ဖေဖေလက်ခံမှာလား?” ကောငယ်လေးက အကြံတစ်ခုရသွားကာပြောလိုက်သည်။ “တစ်ခုခုလုပ်ချင်ရင်တော့ မျိုးနွယ်စုအကြီးအကဲကို ထွက်ပြောခိုင်းလိုက်ပါ။ ဒုတိယဦးလေးပြန်ရောက်တော့ သူက သူ့မှာငွေမရှိဘူးပြောလို့ မျိုးနွယ်စုအကြီးအကဲက အိမ်နဲ့မြေကိုပေးလိုက်တာမလား။ အခု သူက တခြားသူတွေကို ထောက်ပံ့နေတော့ ကျွန်တော်တို့မိသားစုရဲ့ မျက်နှာကို ဘယ်သွားထားရမလဲ?”
“ဟုတ်တယ်။ သူ့ဘက်က ယုတ််မာနေတော့ ငါတို့လည်း မိသားစုနှောင်ကြိုးကို ထည့်မတွက်တော့ဘူး။ မင်းအိမ်ပြန်လိုက်။ ငါက မျိုးနွယ်စုအကြီးအကဲတွေကို တရားမျှတမှုတောင်းခံဖို့ သွားခေါ်လာမယ်။” လီစုန့်ကမ်း၏ဇနီးက သူ့ကောလေး၏စကားကို လက်ခံခဲ့သည်။
လီဖုန်းက ငါးကိုအိမ်ပြန်သယ်သွားခဲ့သည်။ သူအတွက် မင်ကောအာရှိသည့်နေရာက သူ့အိမ်ဖြစ်သည်။ သူ့အိမ်က သူ့မိဘတွေနေသွားဖူးသည့် နေရာဖြစ်သော်လည်း အိမ်ကြီးက ငါးနှစ်အတွင်းမှာ ပျက်စီးလာခဲ့သည်။ မကြာသေးခင်က ပြုပြင်မွမ်းမံမှုက ထိုအငွေ့အသက်များကို ပျောက်ကွယ်လုနီးပါးဖြစ်စေခဲ့သည်။ ယွိမုရှိနေတုန်းကလည်း သူထိုနေရာ၌ အထီးကျန်နေခဲ့သည်။ သို့ပေမယ့် ယခုအခါ မင်ကောအာ၏ အသက်ဝင်သောအပြုံးကို နေ့တိုင်းမြင်နေရတာကြောင့် သူက အားအင်ပြည့်နေသလို ခံစားရသည်။
“မင်ကောအာ… ကိုယ်ပြန်လာပြီ။” ခြံဝင်းထဲဝင်သွားပြီးနောက် လီဖုန်းက အိမ်ထဲကလူတွေကို ကျယ်လောင်စွာနှုတ်ဆက်လိုက်သည်။ ခဏကြာတော့ အကြီးလေးနဲ့ အငယ်လေးက အိမ်ထဲမှထွက်လာကာ သူ့ကိုနှုတ်ဆက်ခဲ့သည်။ လီဖုန်းက အားလင်းကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး တစ်ဖက်မှာတော့ ခြင်းတောင်းကိုင်ထားသည်။ သူက မင်ကောအာကို ငါးတွေပေးလိုက်သည်။ “ဂရုစိုက်ဦး…. ငါးရေမစင်စေနဲ့။” ငါးကရှင်နေသေးသည်။ သူ၏ ကြမ်းတမ်းသော အချက်အပြုတ်စွမ်းရည်ကြောင့်သာမဟုတ်လျှင် သူက မီးဖိုချောင်မှာ အမှုထမ်းပေးလိုက်မှာဖြစ်၏။
“သိပါတယ်… ခင်ဗျားလည်းလက်ဆေးလိုက်ဦး။ အားလင်းကို ငါးညှီနံ့မကူးအောင်။” ထန်ချွန်းမင်က ငါးကိုကိုင်ကာ မီးဖိုချောင်ထဲထွက်သွားခဲ့သည်။
“အင်းပါ…” လီဖုန်းက နောက်ကနေကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။
“ဦးလေးဖုန်း… မြင်းစီးရအောင်…” အားလင်းက ငါးအနံ့ရှိမရှိစိတ်မဝင်စား။ ဦးလေးဖုန်းပြန်လာမှ သူမြင်းစီးနိုင်တာဖြစ်၏။
“အားလင်းက မြင်းပုလေးအရင်စီးနှင့်မလား? တာမောင်းနဲ့အာမောင်း အိမ်စာလုပ်ပြီးမှ မြင်းသွားစီးမယ်လေ?” လီဖုန်းက သူနဲ့အတူဆွေးနွေးလိုက်သည်။
“ကောင်းပြီ… ကျွန်တော် တာမောင်းနဲ့ အာမောင်းကို စောင့်လိုက်မယ်။” အားလင်းက အကြောင်းပြချက်ကို နားလည်သည်။ မဟုတ်ရင် တာမောင်းနှင့် အာမောင်းက ဝမ်းနည်းသွားလိမ့်မည်။ ထို့နောက် သူက ကွင်းထဲမှ အော်ပြေးသွားသည်။ “ ရှောင်သိုက်… ငါ့နောက်လိုက်ခဲ့။ မြင်းပုသွားစီးမယ်။” ရှောင်သိုက်က သူ့နောက်လိုက်သွားပြီး ရှောင်ဟေးက ဥယျာဥ်ကိုလည်ပတ်ဖို့ ရှောင်ဟွာနောက်ကိုလိုက်သွားသည်။
////////
Chapter 39.2
မြင်းပုဟုခေါ်သောမြင်းသည် လီဖုန်း သူ့အတွက်လုပ်ပေးထားသော သစ်သားမြင်းဖြစ်ပြီး အားလင်းအရွယ် ကလေးများကစားရန်သင့်တော်သည်။
လီဖုန်းက မင်ကောအာကို ကူညီဖို့ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ မနေ့က အမဲလိုက်ခဲ့သည့် တောရိုင်းတိရစ္ဆာန်အသားများ အိမ်မှာရှိသေးသည်။ လီဖုန်းက အကြံပြုလိုက်သည်။ “ကိုယ်တို့ လီကျန့်နဲ့ တခြားသူတွေကိုဖိတ်ပြီး တောင်ဝယ်ဖို့ကိစ္စဆွေးနွေးကြမလား?” လီဖုန်းက မင်ကောအာအကြောင်းတွေးနေသည်။ ရွာထဲက ဘယ်သူကမှ မဝယ်ခဲ့သော်လည်း မင်ကောအာဝယ်လို့မရဘူးလို့ မဆိုလိုပေ။
“ကောင်းပြီ… ခင်ဗျား သူတို့ကိုမြန်မြန်ခေါ်လိုက်။ ကျွန်တော်ဟင်းသီးဟင်းရွက် နည်းနည်းလောက်ထပ်သွားခူးပြီး ဟင်းပိုချက်လိုက်ဦးမယ်။ အားရှို့နဲ့ တာရှန်ကိုပါ ခေါ်လိုက်မလား?” ထန်ချွန်းမင်က လီဖုန်း ကတိတည်မယ်လို့မထင်ထားပေ။ ဤကိစ္စမှာ သူကသာလျှင် သူ့ကိုပံ့ပိုးပေးသည့်သူဖြစ်သည်။ တခြားသူများ၏အမြင်တွင် မြေဝယ်ခြင်းက အမြတ်မရနိုင်ပဲ ငွေကို ရေထဲပစ်ချသလိုဖြစ်နေမှာပင်။
သူကတော့ ဒီလိုစဥ်းစားပေးတတ်တဲ့လူကို ရွေးချယ်နိုင်ခဲ့တာပဲ… သူက စိတ်လှုပ်ရှားနေသဖြင့် မီးဖိုချောင်ထဲမှာရှိနေသူကို ကလိထိုးလိုက်လေသည်။ လီဖုန်းက ခေါင်းကိုအသာငုံ့လိုက်ပြီး သူ့မျက်လုံးထဲတွင် မေးခွန်းများရှိနေ၏။
“အနီးကပ်လာပြီး နည်းနည်းငုံ့လောက်။ ခင်ဗျား ဘာလို့ အရပ်အရမ်းရှည်တာလဲ?” ထန်ချွန်းမင်က မနာလိုသော်လည်း သေချာသည်မှာ သူက ထိုလူကို သဘောကျသည်။ ထိုလူက သူ့အကြိုက်ဖြစ်၏။ သူနဲ့နီးကပ်နေသော မျက်နှာပေါ်၌ အမာရွတ်ရှိသော်လည်း သူက သူ့မျက်လုံးထဲမှာတော့ ယောကျာ်းပီသနေ၏။
လီဖုန်းက နားမလည်နိုင်သော်လည်း သူက ခေါင်းငုံ့ကာ မင်ကောအာ၏တောင်းဆိုချက်အတိုင်း အနီးကပ်သွားလိုက်သည်။ သူက သူ့မျက်နှာပေါ်၌ ရှုထုတ်လိုက်သော လေကိုခံစားမိသည်။ သူက ဒူးကိုကျုံ့ကာ မျက်နှာလွဲဲပြီး ငေးတာရပ်လိုက်သင့်သည်ဟု တွေးလိုက်သည်။ မင်ကောအာ၏ မျက်နှာက ဖြူဖွေးနေသော နှုတ်ခမ်းက အပေါ်ကို ကွေးညွတ်နေပြီး ပြုံးနေသောမျက်လုံးများက အကြည့်လွှဲဖို့ခက်ကာ မက်မက်မောမော စိုက်ကြည့်မိစေသည်။
ရုတ်တရက် မျက်နှာက နီးကပ်နေပြီး နွေးထွေးသော လေငွေ့များက သူ့မျက်နှာပေါ်ကို ဖျန်းကနဲလာရိုက်ခတ်ခဲ့သည်။ ဘာဖြစ်သွားတာလဲ သိသွားသည့်အချိန်မှာ လီဖုန်းက အလွန်တုန်လှုပ်သွားပြီး လဲကျလုနီးပါးဖြစ်သွားခဲ့သည်။ သူ့မျက်နှာကနီမြန်းလာပြီး အသက်ရှူသံက မြန်ဆန်လာကာ သူဟာ ထိတ်လန့်တကြားထွက်ပြေးလုနီးပါးပင်။
“ဟားဟား….. “ထန်ချွန်းမင်က လီဖုန်း၏တုံ့ပြန်မှုကြောင့် သဘောကျသွားသည်။ ထိုကဲ့သို့ အပြစ်ကင်းသောသူကို လှည့်စားခြင်းက မှားသည်ဟု ထင်မြင်မိသည်။ သူက အမြဲတစေ သီအိုရီထက် လက်တွေ့ပိုဆန်သူဖြစ်တာကြောင့် လီဖုန်းကိုပုတ်ကာ ပြောလိုက်လေ၏။ “ဒါက ဆုပေးတာ… မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။”
“အို….” လီဖုန်းက နာနာခံခံမတ်တပ်ရပ်ကာ လှည့်ထွက်သွားတော့သည်။ သူမီးဖိုချောင်ကထွက်လာတော့ လေတိုက်ခတ်မှုကြောင့် နိုးသွားလေသည်။ သူ မင်ကောအာ၏ အနမ်းခံခဲ့ရတယ်! မင်ကောအာက သူ့ကိုနမ်းလိုက်တယ်! ဒါပေမယ့် မင်ကောအာက အစပြုခဲ့တာကို သူက ယောကျာ်းမပီသသလို ပြုမူခဲ့တယ်! သူက ဘာလို့ ဒီကောကို အစပြုခွင့်ပေးခဲ့တာလဲ? သူ လုံလုံလောက်လောက် တက်ကြွမှုမရှိလို့ဖြစ်ရမယ်။
မစဥ်းစားပဲ သူသည် မီးဖိုချောင်သို့ ရုတ်တရက်ပြန်လှည့်သွားခဲ့သည်။ ထန်ချွန်းမင်က လီဖုန်း၏တုံးအမှုကို ဝမ်းသာအားရ ရယ်မောနေ၏။ သူလှည့်လိုက်တော့ အရိပ်တစ်ခုပြေးလာတာကို မြင်လိုက်ရသည်။ သူ၏နက်မှောင်သောခေါင်းက အဖိခံလိုက်ရပြီး သူ့ပါးစပ်ထောင့်က နာကျင်သွားခဲ့သည်။
ထန်ချွန်းမင်က ကြက်သေသေသွားလေ၏။ လီဖုန်း မီးဖိုချောင်မှထွက်သွားမှသာ သူ လက်စားချေခံလိုက်ရမှန်း သိလိုက်သည်။
ပါးစပ်ထောင့်ကိုထိကာ သူက ဘာပြောရမှန်းမသိဖြစ်နေပေမယ့် သူ့အတွက်တော့ ဤနေရာကိုရောက်လာပြီးနောက် ထိုလူနှင့်ဆုံရတာ သူ့ဖခင်၏ကောင်းချီးဖြစ်နိုင်သည်။
လီဖုန်းက အားလုံးကို ဖိတ်ခေါ်လာခဲ့သည်။ ဤတစ်ကြိမ်၌ လီဖုန်းက ဆွေးနွေးစရာရှိသည်ဟုပြော၍ လီကျန့်က မငြင်းပဲ သူ့ဇနီးနဲ့အတူ ရောက်လာခဲ့သည်။ သူ ဤခြံကိုရောက်လာတိုင်း အသက်ဝင်တယ်လို့ ခံစားရသည်။
ခြံထဲမှာစိုက်ထားသော သီးပင်စားပင်များက အရွက်သစ်များပေါက်ကာ အကျွမ်းတဝင်မရှိလှသော ပန်းပင်အမျိုးအစားများက အိမ်တစ်ဝိုက်တွင် ပွင့်လန်းနေ၏။ လီကျန့်က သူ့ဇနီးကို စိတ်ဝင်တစားမေးလိုက်သည်။ “မင်ကောအာ ဘာစိုက်ထားတာလဲ? သူက ကျေးလက်နေကောတစ်ယောက်မဟုတ်ပဲ ပညာရှင်တစ်ယောက်ပဲဖြစ်မယ်။”
“ခင်ဗျားဘာတွေပြောနေတာလဲ? ကျွန်တော်က ကြမ်းတမ်းတဲ့ကောမို့လို့ မကြိုက်ဘူးလို့ပြောတာလား” ရှန်းဖူလန်က ဒေါသတကြီးဖြေလိုက်သည်။ သူ့ခင်ပွန်းက တခြားနေရာများမှာ ကောင်းပေမယ့် သူသည်းမခံနိုင်တာတစ်ခုရှိသည်။ သူက ကျေးလက်ဒေသမှာ မွေးဖွားလာခြင်းဖြစ်၏။
ထိုလူက ရက်အနည်းကြာအောင် လက်ရေးလှသင်ယူခဲ့ပြီး ကျွမ်းကျင်လာတာကြောင့် သူ့ကိုယ်သူထူးခြားတယ်ထင်ပြီး လေပေါ်မှာမြှောက်နေခဲ့သည်။ သူက အကြိမ်အနည်းငယ် ချီးကျူးခံရပြီးနောက် သူ့နာမည်ကိုပင် မေ့သွားခဲ့သည်။ ထိုလူ စာဆက်မသင်ခဲ့တာ တကယ်ကောင်းတဲ့အရာလို့ ရှန်းဖူလန်က တွေးလိုက်သည်။ မဟုတ်ပါက သူလည်းပဲ ကျောက်လောင်စန်းလို နာမည်ကြီးလာပြီး ဤကျေးလက်သားများကို အထင်သေးနေလိမ့်မည်။
“မဟုတ်တာ… သူများအိမ်မှာ မင်းဘာတွေပြောနေတာလဲ!” ရွာသူကြီး၏မျက်နှာက နီမြန်းလာပြီး သူက သူ့ဇနီးကို ကြိမ်းမောင်းလိုက်သည်။ ရှန်းဖူလန်က သူ့ကိုမကြောက်ပေ။ ထိုအစား သူက သူ့ကိုဆွဲပြီးပြောလိုက်သည်။ “မင်ကောအာက အိမ်မှာ သိုးနဲ့ကြက်တွေမွေးထားတာ။ အခုရာသီဥတုပူနေတော့ ခြင်နဲ့ ယင်ကောင်တွေကို ဆွဲဆောင်မိမှာပဲ။ မင်ကောအာက အင်းဆက်ပိုးမွှားနဲ့ ခြင်ယင်တွေကို နှိမ်နင်းဖို့ ပန်းပင်တစ်ချို့ရှာတွေ့ခဲ့တယ်လေ။ ကျွန်တော် ဟူလန်ကျုံးကိုမေးလိုက်မယ်။ တကယ်ထိရောက်မှုရှိရင် ကျွန်တော် မင်ကောအာဆီက သင်ယူပြီး မနက်ဖြန်မှာ စိုက်ပျိုးလိုက်မယ်။”
“တကယ်လား?” နွေရာသီမှာ သူတို့က ဆေးလိပ်ခြောက်ကိုသာ မီးရှို့လေ့ရှိသည်။
“စောင့်ကြည့်လိုက်ပါ။ ရာသီဥတုက ပိုပူလာတော့မှာ။ ပြီးတော့ ပန်းအများစုက စံပယ်တွေပဲ။ မင်ကောအာပြောတာတော့ အခြောက်ခံပြီး လက်ဖက်ရည်ဖျော်လို့လည်း ကောင်းတယ်တဲ့။ ကျွန်တော် နောက်တစ်ခါမှ မင်ကောအာဆီက နည်းနည်းတောင်းလိုက်မယ်။” သူပြောပြီးသည်နှင့် အခန်းထဲဝင်သွားပြီး ထန်ချွန်းမင်ကို သတိပေးလိုက်သည်။ “မင်ကောအာ… ငါတို့သဘောတူတယ်။ အချိန်တန်ရင် ငါတို့ဝေစုကိုတော့ မမေ့နဲ့နော်။”
“မမေ့ပါဘူး။ ဒီကိုလာပြီး အားဖုန်းဆီကသာ တောင်းလိုက်ပါ။” ထန်ချွန်းမင်က ကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်တာကြောင့် သဘောတူလိုက်သည်။ လီကျန့်ဝင်လာတော့ သူက သူ့ဇနီးနဲ့ရန်မဖြစ်တော့ပဲ လက်နှစ်ဖက်ကိုကျောပစ်ကာ သခင်ကြီးအသွင်ဖမ်းလိုက်သည်။ ဇနီးဖြစ်သူ၏ ဆွဲဆိတ်ခံရပြီးမှသာ သူက တာရှန်နှင့် ပြုံးပြုံးရွှင်ရွှင်စကားပြောလိုက်သည်။ အဆုံးမှာ သူတို့အားလုံးက လီမိသားစုကဖြစ်ပြီး ဆက်ဆံရေးက ပိုရင်းနှီးသည်။
“လီဖုန်းဘယ်မှာလဲ? ဘာလို့ ငါတို့ကိုနှုတ်ဆက်ဖို့ ထွက်မလာတာလဲ?” လီကျန့်က လီဖုန်းကိုရှာမတွေ့တာကြောင့် တာရှန်ကိုလှည့်မေးလိုက်သည်။ လီဖုန်းက မင်ကောအာကို သဘောကျနေကြောင်း သူသိပြီးကတည်းက သူသည် မင်ကောအာကို မိသားစုအဖြစ် မှတ်ယူခဲ့သည်။
တာရှန်က အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ “သူက မင်ကောအာကို မီးဖိုချောင်ထဲမှာ ကူညီပေးနေတာ။ ပြီးသွားရင် ထွက်လာလိမ့်မယ်။”
“သူက သူ့ကိုယ်သူ ဧည့်သည်လိုလုပ်နေတာပဲ။ ဆိုးလိုက်တဲ့အကျင့်စရိုက်!” ရှန်းဖူလန်က ဒေါသတကြီးပြောကာ မီးဖိုချောင်ထဲမှာကူညီဖို့ လှည့်ထွက်သွားသည်။ လီကျန့်က သူ့ဇနီးလေး၏ အကျင့်စရိုက်ကို သိတာကြောင့် အာမခံရဲပေ။ သူက တာရှန်ကိုသာ ပြောလိုက်တော့သည်။ “ဖုန်းရှောင်ကျစ်ကိုကြည့်ပါဦး… မီးဖိုချောင်ထဲမှာ ကောတစ်ယောက်ရှိနေတာကို သူကပါ ဝင်ကူပေးနေတယ်…”
သူက ဒီကောလေးကို တကယ်တွယ်ကပ်ဖို့ကြိုးစားနေတာပဲ။ အခုကစပြီး အဲ့ဒီကောက သူ့ကိုနိုင်တော့မှာသေချာတယ်!” မင်ကောအာက အတော်လေးကောင်းပေမယ့်လည်း သူက မြင့်မြင့်ကြံသူဖြစ်၏။ အနာဂတ်မှာ ဖုန်းရှောင်ကျစ်က ပြောခွင့်ဆိုခွင့်ရှိပါဦးမလား?
တာရှန်က မထိန်းနိုင်ပဲ ရယ်မောလိုက်သည်။ “စိတ်မပူပါနဲ့… မင်ကောအာက လူကောင်းပါ။ မင်ကောအာက ကိုယ်ဝန်နဲ့တစ်ယောက်တည်းဖြစ်နေလို့ ကျန်းရှို့က ဒီကိုလာပြီး ကူပေးနေကြလေ။ ဖုန်းရှောင်ကျစ်အများဆုံးလုပ်ရမှာ မီးမွှေးတာလောက်ပါ။”
ဤစကားများက လီကျန့်ကို အတန်ငယ်စိတ်သက်သာရာရစေသည်။ တာရှန်က စိတ်ပျော့သော်လည်း ကျန်းရှို့က သူ့ကို အိမ်မှာရော အပြင်မှာပါ လေးစားသေးသည်။ တာရှန်၏အားမူက အကြီးဆုံးသားကိုသာ မျက်နှာသာပေးသော်လည်း တာရှန်က မိဘတွေကို အမြဲသိတတ်လို့ မျိုးနွယ်စုအတွင်းရှိ လူများကို စိတ်သက်သာရာရစေခဲ့သည်။
ရှန်းဖူလန် မီးဖိုချောင်ကိုရောက်တာ့ သူက လီဖုန်းကိုမောင်းထုတ်လိုက်သည်။ “ကောတွေစကားပြောနေတာကို မင်းက ကြားထဲမှာဘာလုပ်မှာလဲ? အပြင်မှာ မင်းဦးလေးနဲ့ စကားသွားပြောလိုက်” လီဖုန်းက ချီတုံချတုံရပ်သွားပြီး အပြင်ထွက်သွားခဲ့သည်။ ရှန်းဖူလန်က ပြုံးပြကာ ထန်ချွန်းမင်နှင့် ကျန်းရှို့ကို ပြောလိုက်သည်။ “ငါ့ယောကျာ်းက စိတ်ပူနေတုန်းပဲ။ မင်ကောအာ. သူ့ကို စိတ်မဆိုးပါနဲ့နော်။”
“မဆိုးပါဘူး။” ထန်ချွန်းမင်ကပြုံးကာ လက်ယမ်းပြလိုက်သည်။ “ဦးလေးလီကျန့်က ကျွန်တော့်ကို ဂရုစိုက်ပါတယ််။ သူက အားဖုန်းကို စိတ်ပူနေရုံပါ။” အပြင်လူများရှေ့မှာ သူက သူ့ကို လီကျန့်လို့ခေါ်သည်။ ယခုတော့ သူက ဦးလေးလို့ခေါ်သည်။
“ဦးလေး… သူက လီဖုန်းကို သူ့တူလို့သတ်မှတ်ထားတာ။ မဟုတ်ရင် သူ့ကိုစိတ်ပူနေမှာမဟုတ်ဘူး။ မင်ကောအာက ဖုန်းရှောင်ကျစ်ကိုအနိုင်ကျင့်ပြီး စည်းစိမ်ဥစ္စာအားလုံး သိမ်းလိုက်မှာကို သူစိုးရိမ်နေတာ။” ကျန်းရှို့က အရွှန်းဖောက်လိုက်သည်။ “ဒါပေမယ့် ဦးေလး… လီမိသားစုက လီဖုန်းအကြောင်းပြောသေးလား?”
ရှန်းဖူလန်က လီဖုန်းကိုယ်စား မီးမွှေးရန် မီးဖိုအောက်တွင် ထိုင်လိုက်သည်။ သူက ခေါင်းစောင်းငဲ့လျက် ပြောလိုက်သည်။ “သူတို့ပြောစရာမရှိဘူးလို့ ထင်လို့လား? လီဖုန်းမြင်းဝယ်လာတော့ သူတို့ဘယ်လောက််မနာလိုဖြစ်နေလဲ မင်းမသိပါဘူး။ အထူးသဖြင့် လီစုန့်ကမ်းရဲ့ဇနီးပေါ့။ သူက မျိုးနွယ်စုအကြီးအကဲတွေဆီကိုသွားပြီး ဖုန်းရှောင်ကျစ်က သူတို့ကို မတရားလုပ်ပါတယ်ဆိုပြီး လျှောက်တင်ခဲ့တယ်။ ဒါပေမယ့် ငါ့ဆီလာရင်တော့ ငါက ကန်ထုတ်လိုက်တာကြာပြီ။” ရှန်းဖူလန်၏စိတ်ဓာတ်ကြောင့် လီစုန့်ကမ်း၏ဇနီးက သူ့တံခါးရှေ့မလာရဲပေမယ့် မျိုးနွယ်စူအကြီးအကဲများထံ သွားခဲ့သည်။
လူကြီးများ၏စိတ်ကပျော့သည်။ တကယ်တော့ သူတို့က သူတို့မျက်စိရှေ့မှာ ကြီးပြင်းလာပြီး သူတို့ဘဝရင်းပြီး စောင့်ရှောက်ပေးခဲ့ရသူများဖြစ်၏။ သူတို့က မျက်ကွယ်မပြုနိုင်တာကြောင့် တချို့လူတွေက ရွာလူကြီးနဲ့ စကားများခဲ့ကြသည်။
လီဖုန်းက ကလေးဘဝကလို ညံ့ဖျင်းခြင်းမရှိတော့ပဲ သူ့ဘဝက ပိုကောင်းလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချနိုင်သည်။
“တခြားသူတွေရဲ့ကိစ္စမှာ ဝင်စွက်ဖက်ချင်တဲ့ သက်ကြီးရွယ်အိုတွေလည်းရှိတာပဲ။ သူတို့က ရွာလူကြီးကိုမေးဖို့ ငါ့အိမ်ကိုလာခဲ့တယ်။ သူတို့က ဖုန်းရှောင်ကျစ်ကို မင်းနဲ့သဘောမတူဘူးတဲ့။ ဒါက လီမိသားစုကို အရှက်ရစေတယ်တဲ့။ အနာဂတ်မှာ တခြားရွာလူတွေနဲ့ ဒီရွာကလူတွေက လီမိသားစုကို ဝေဖန်ကြတော့မှာတဲ့။”
“ဟင်းးးး! ငါမင်းကိုပြောပြမယ်။ သူတို့ လီဖုန်းကိုအနိုင်ကျင့်ဖို့ လီစုန့်ကမ်းမိသားစုကို ကူညီပေးမှ တကယ်အရှက်ကွဲမှာ။ သူတို့လုပ်ခဲ့တာကို အားလုံးသိနေတာပဲ။ လီဖုန်း အသက်ရှင်ပြီး ပြန်လာနိုင်တာက ဘုရားသခင်ရဲ့ကောင်းချီးပဲ။ ဒါတောင် သူတို့က သူများကိုလက်ညိုးထိုးနေသေးတယ်။ ဒီတော့ ငါတို့ဘက်ကလည်း ပြန်ကြိမ်မောင်းလိုက်တာ။ လူကြီးတွေကို မလေးစားဘူးလို့ပြောလည်း ငါဂရုမစိုက်ဘူး!”
ရှန်းဖူလန်က အားရပါးရ ကြိမ်းမောင်းခဲ့သည်။ သူကြိမ်းမောင်းပြီးနောက် လီဖုန်းကိစ္စက မင်ကောအာနဲ့ သက်ဆိုင်နေကြောင်း သတိရသွားသည်။ မင်ကောအာက ထိုစကားကြားတော့ စိတ်ဆိုးသွားနိုင်သည်။ သူက ကမန့်းကတန်းပြောလိုက်၏။ “မင်ကောအာ… စိတ်မပူပါနဲ့.. ဒီရွာက အသိဉာဏ်ရှိတဲ့လူတွေက မင်းဘက်မှာရှိလိမ့်မယ်။ တခြားသူတွေကတော့ သူတို့ဘဝသူတို့ရှင်သန်ပါစေ။”
ထန်ချွန်းမင်က ငါးချက်ဖို့ပြင်ထားတာဖြစ်၏။ ငါးကိုမသတ်ခင် ဟင်းချက်အမွှေးအကြိုင်များဖြင့် နယ်ထားသည်။ ယခုချိန်က ချက်ပြုတ်ရန် အကောင်းဆုံးအချိန်ဖြစ်၏။ ငါးကို အိုးထဲထည့်ပြီးနောက် သူကပြုံးပြီးပြောလိုက်သည်။ “ပြောချင်တာပြောကြပါစေ။ ကျွန်တော်က ကျောက်မိသားစုကိုတောင် ဂရုစိုက်တာမဟုတ်ဘူး။ ကျွန်တော်နဲ့ ဘာမှမဆိုင်တဲ့လူတွေဆို ဝေးသေးတယ်။ သူတို့လာလည်ရင်တောင် အားဖုန်းက ဖြေရှင်းလိမ့်မယ်။ ကျွန်တော်က ခုထိ လီမိသားစုဝင်မဟုတ်သေးဘူး….ဟားဟား”
“ဒါပဲလေ…အဲ့ဒီကျိုးကြောင်းမသင့်တဲ့လူတွေကို လီဖုန်းကိုင်တွယ်ပါစေ။” ကျန်းရှို့က ထိုစကားကြားတော့ ပျော်သွားသည်။ သို့သော် နှစ်ဆုံးတွင် မင်ကောအာက လီမိသားစုဝင်ဖြစ်လာပြီး သူနဲ့ပိုမိုနီးစပ်လာလိမ့်မည်။ ကျန်းရှို့က ထိုအကြောင်းတွေးကာ ပျော်နေ၏။
ထန်ချွန်းမင်က ဂရုမစိုက်သလို နှစ်ယောက်သားကလည်း ကိစ္စကိုဘေးဖယ်ကာ အိုးထဲက ငါးကို အတူတူကြည့်လိုက်သည်။ ထန်ချွန်းမင်က ငါးနှစ်ဖက်လုံးကိုကြော်ရန် ယောက်မကို အသုံးပြုလိုက်ပြီး ဂျင်း၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်နှင့် ရှာလကာရည်စသည့် ဟင်းခတ်အမွှေးအကြိုင်များကို နည်းနည်းစီထည့်လိုက်သည်။ သူတို့နှစ်ယောက်က အံ့အားသင့်သွားခဲ့သည်။ သူတို့က ဒီလိုဟင်းခတ်အမွှေးအကြိုင်များကို အသုံးမပြုဖူးပေ။ ငွေမသုံးချင်ပေမယ့် အနံ့ထွက်လာသောအခါ နှစ်ယောက်သားက ငါးအရသာကို မြည်းစမ်းဖို့ မျှော်နေခဲ့သည်။
ထိုအချိန်တွင် ခြံထဲ၌ ကစားနေသော ကလေးသုံးယောက်က အနံ့ရလို့ မီးဖိုချောင်ထဲကို ပြေးဝင်လာသည်။ သူတို့က မီးဖိုကို စိတ်အားထက်သန်စွာကြည့်နေ၏။ ထန်ချွန်းမင်က သူ့သား၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ “ခဏနေရင် စားသောက်လို့ရပြီလို့ အိမ်ထဲကလူတွေကို ပြောလိုက်။ မြန်မြန်စားပွဲရှင်းကြပါလို့။”
“ဟုတ်ကဲ့!” ကလေးတွေက ဝမ်းသာအားရထွက်ပြေးသွားပြီး သူတို့၏အော်သံတွေက မီးဖိုချောင်ထဲက ထွက်လာသည်။
-----------
Chapter 39.3
ထုံးစံအတိုင်းပင် လူတိုင်းက အထူးလက်ရာ ငါးချိုချဥ်အပါအဝင် နေ့လည်စာကို ကြိုက်ကြသည်။ ငါးက အရင်ကုန်သွားပြီး လီဖုန်းက မင်ကောအာ နည်းနည်းလေးတောင် မစားခဲ့ဘူးလို့ တွေးလိုက်သည်။ သူက မနက်ဖြန်မှာ မင်ကောအာချက်စားဖို့ ငါးနှစ်ကောင်ထပ်ဖမ်းပေးလိုက်မည်။ အားလင်း၏အစားစာနှုန်းက သူ့အားမူနှင့်တူ၏။
လီဖုန်းက စားနေရင်းတစ်ဝက်လောက်မှာ အရှိန်လျှော့ပြီး စီးပွားရေးအကြောင်းပြောလာသည်။ လီဖုန်းက တောင်တစ်လုံးဝယ်ဖို့ကိစ္စကိုပြောရန် အခွင့်အရေးယူခဲ့သည်။ လီကျန့်က ထိုအကြောင်းကြားတော့ အံ့အားသင့်သွားသည်။ “တောင်ဝယ်မှာလား မင်းက တောင်ကိုဘာလုပ်မလို့လဲ? အခုတောင်ဝယ်ဖို့လိုနေတာလား? ဒါမင်းရဲ့အကြံလား မင်ကောအာရဲ့အကြံလား?”
“ယောကျာ်း… ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာရဲ့အကြံက တူတူပဲလေ။ ဒီကိစ္စက နည်းနည်းဆန်းကြယ််တယ် ထင်ရပေမယ့် အနည်းဆုံးတော့ သူတို့အကြံကိုနားထောင်ပေးပြီး ဆွေးနွေးလို့တယ်လေ။ အဲ့ဒါကို ဘာလို့ ချက်ချင်းဆန့်ကျင်မှာလဲ?” ရှန်းဖူလန်က ရွာလူကြီးကို စိုက်ကြည့်နေသည်။
“ကောင်းပြီ…မင်းတို့ဆက်ပြော၊ ငါနားထောင်မယ်။” လီကျန့်က သူ့ခင်ပွန်းကို ကူကယ်ရာမဲ့ကြည့်လိုက်သည်။ သူက အမြဲတမ်းဆန့်ကျင်ဘက်ပြောပြီး အရှက်ကွဲအောင်လုပ်သည်။ ယင်းက မင်ကောအာ၏အကြံဆိုတာ သိသာသည်။
လီကျန့်၏မှန်းဆချက်မှန်ပေမယ့် လီဖုန်းက မင်ကောအာကို တစ်ချက်ကြည့်ပြီး ရှင်းပြလိုက်သည်။ “ခြံအသစ်ဆောက်ပြီးပေမယ့် ကြက်နဲ့ သိုးတွေကို လှောင်ခြံထဲအမြဲထားလို့မရတာ တွေ့ကြမှာပေါ့။ အချိန်ကျလာရင် ကျွန်တော်တို့ အနောက်ဘက်ကတောင်မှာ ကြက်နဲ့သိုးတွေ မွေးလို့ရတယ်။ သီးပင်တွေစိုက်ပြီး မြို့ထဲမှာလည်း ရောင်းလို့ရတယ်။ ကျွန်တော်တို့သေချာပေါက် စျေးနှုန်းကောင်းရမှာ။”
လီကျန့်က စကားပြောတာရပ်ပြီး လီဖုန်း၏စကားကိုတွေးလိုက်သည်။ ဤအစီအစဥ်များက ယခင်က ဘယ်သူမှမတွေးခဲ့ဖူးပေ။ အလုပ်ဖြစ်ပါ့မလား? အလုပ်ဖြစ်ရင် သူတို့ပိုက်ဆံရှုံးတော့မှာမဟုတ်ဘူး ဒါပေမယ့် အဲ့ဒီအကြံဘယ်လောက်ကောင်းကောင်း သူတို့အလုပ်မဖြစ်ခဲ့ရင် ပိုက်ဆံကပလုံသွားပြီး သူတို့က အိမ်နီးနားချင်းနှင့် တစ်ရွာလုံး၏ရယ်စရာဖြစ်သွားလိမ့်မည်။ လူကြီးတစ်ယောက်အနေဖြင့် ရလဒ်ဘယ်လိုဖြစ်လာပါစေ လီကျန့်က သူတို့ကို အကြံပေးသင့်တယ်လို့ထင်သည်။
“ရွာမှာဘယ်သူမှဒီလိုမလုပ်ဖူးဘူး။ အနီးနားမှာဆို ပိုဆိုးတယ် အဲ့ဒါက ငွေရပါ့မလား?” လီကျန့်က ညင်သာသောလေသံဖြင့်မေးလိုက်သည်။
“ဦးလေး… ခြံထဲမှာမွေးမြူထားတဲ့ကြက်တွေကို ကြည့်လိုက်ရင် သိပါလိမ့်မယ်။ ဦးလေးဒီနေ့စမ်းကြည့်လို့ရအောင် သတ်ပေးမယ်။” လီဖုန်းအရင်က မစားဖူးပေမယ့် ကြက်အရသာက တခြားသူတွေနဲ့ မတူမှန်း အာမခံနိုင်သည်။ ဤယုံကြည်မှုက မင်ကောအာပြသထားသော ယုံကြည်မှုဖြစ်သည်။ “ကြက်တွေကို ကောင်းကောင်းမွေးထားရင် ကျင်းကျိကလည်း လာယူမယ်လို့ ကတိပေးထားတယ်။”
နောက်ဆုံးစာကြောင်းက လီကျန့်အတွက် အရေးကြီးဆုံးဖြစ်၏။ ကျင်းကျိ၏အာမခံချက်နှင့်ဆိုလျှင် လီကျန့်က စိတ်အေးသွားသည်။ “ပိုက်ဆံကရော? မလောက်ရင်….”
“လောက်ပါတယ်… ကျွန်တော်တို့က စုစုပေါင်းဘယ်လောက်ကျမလဲ ဦးလေးကိုမေးချင်လို့ပါ။ ဒါဆို မင်ကောအာရဲ့နာမည်နဲ့ဝယ်ပြီး လီမိသားစုကလည်း ဦးလေးကို ပြဿနာရှာတော့မှာမဟုတ်ဘူး။”
ဘယ်လိုပဲဖြစ်ဖြစ် ငွေကို မင်ကောအာထံ အပ်ထားပြီးဖြစ်တာကြောင့် ဘာဝယ်ဝယ် မင်ကောအာ၏သဘောထားဖြစ်သည်။ တခြားသူတွေကတော့ မင်ကောအာ ငွေပေးနေတယ်ထင်လိမ့်မည်။
လီကျန့်၏မျက်နှာနီရဲလာသည်။ မထင်မှတ်ထားသည်မှာ ဖုန်းရှောင်ကျစ်ကလည်း လီမိသားစုထဲက ပြဿနာများကို သိနေသည်။ သူက နေရခက်သလို ချောင်းဟန့်ကာပြောလိုက်သည်။ “မင်းအဲ့ဒီကိစ္စတွေစိတ်ပူစရာမလိုပါဘူး။ ငါ့ဆန္ဒမပါရင် သူတို့ မင်းရှေ့မှာ ပြဿနာရှာရဲမှာမဟုတ်ဘူး။ သူတို့ကို အာရုံမစိုက်နဲ့။”
“ဦးလေး ကျွန်တော့်အပေါ်ကောင်းတာကိုသိပါတယ်။ ကျွန်တော် သူတို့ဘာပြောပြောစိတ်မရှိဘူး။ ပြီးတော့ သူတို့ ကျွန်တော့်ကို အခွင့်အရေးယူလို့လည်းမရဘူး။ သူတို့ ခင်ဗျားနေရာမှာ ပြဿနာထပ်ရှာရင် ဒီစကားသာပြောလိုက်ပါ။ ကျွန်တော် အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ရင်.. ကျွန်တော် မြောက်ဘက်သွားတုန်းက လူကောင်းတစ်ယောက်နဲ့သာ မတွေ့ခဲ့ရင်.. ကျွန်တော် တကယ်ကို…” သူဘာမှဆက်မပြောနိုင်ခင်မှာ သူက မင်ကောအာကို လှည့်ကြည့်လိုက်သည်။ ကံကောင်းတာက သူအသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်။
ထန်ချွန်းမင်က လီဖုန်း၏လက်ကို ဆုပ်ကိုင်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ သူ့ဆွေမျိုးများက ကျောက်မိသားစုထဲမှ လူတွေနဲ့မကွာပေ။ သူတို့အားလုံးက အတူတူပင်ဖြစ်၏။ လီဖုန်းက ဤလူတွေနဲ့ ထပ်ပတ်သက်နေရလျှင် သူ့အသက်ရှုံးလုနီးပါးဖြစ်သွားလိမ့်မည်။ ထိုကိစ္စပြောပြီးနောက် သူက တောင်ပေါ်ရှိ ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းရန် လူအများအပြားလိုအပ်ကြောင်းပြောလိုက်သည်။ သို့ဖြစ်၍ တောင်ဝယ်တာက တချို့လူတွေကို မနာလိုဖြစ်စေပြီး ထေ့ငေါ့ကြမှာဖြစ်ပေမယ့် တချို့လူတွေကတော့ အလုပ်လုပ်ပြီး ငွေရှာနိုင်ဖို့ အခွင့်အရေးရသွားလိမ့်မည်။
လီကျန့်က ထန်ချွန်းမင်၏အကြံပြုချက်အတိုင်း လိုက်နာပြီး တောင်ပေါ်စီမံကိန်းနှင့် ဘေးကင်းရေးကိစ္စများကို အထူးသတိပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ လီဖုန်းဘေးမှာရှိနေတော့ အများကြီးစိတ်ပူစရာမလိုပေ။ ရံဖန်ရံခါတောင်ပေါ်ကိုလှည့်ပတ်ပြီး တောရိုင်းတိရစ္ဆာန်ကြီးများကို ရှင်းပစ်ဖို့သာလိုသည်။ ဤကိစ္စနဲ့ပတ်သက်၍ လီဖုန်း၏အတွေ့အကြုံက လုံလောက်တာထက်ပိုသည်။
ညစာစားပြီးနောက် လီဖုန်းနှင့် ထန်ချွန်းမင်က သူတို့၏ကိုယ်ပိုင်အကြံဉာဏ်များကို တိုက်တွန်းနေသေးတာ မြင်လိုက်ရသဖြင့် လီကျန့်က သူတို့ကို ဘယ်လိုဖျောင်းဖျတားမြစ်ရမလဲ မသိတော့ပေ။ အများဆုံးမှ သူက သူတို့ကို ပိုဂရုစိုက်ပေးပြီး လီမိသားစု၏ပြဿနာကို ဖြေရှင်းပေးနိုင်သည်။ ထို့နောက် မဖြစ်ထွန်းသောတောင်တန်းကိုဝယ်ယူရန် ဦးစားပေးမူဝါဒရှိမရှိနှင့် ငွေဘယ်လောက်ကုန်ကျမလဲစုံစမ်းရန် အစိုးရရုံးကို သွားရောက်ဖို့လိုသည်။ သူတို့က မြေရိုင်းဖွင့်ပြီး အခွန်သုံးနှစ်ကင်းလွတ်နိုင်လား? တောင်နဲ့ပတ်သက်ပြီး စည်းကမ်းတချို့လည်းရှိလောက်မည်။
လီဖုန်းက သူနဲ့အတူလိုက်သွားပြီး ငွေအလုံအလောက်သယ်သွားခဲ့သည်။ မထွက်ခင်မှာ ကလေးသုံးယောက်က လီဖုန်းကို မြင်းပေါက်ဝယ်ဖို့ သတိပေးခဲ့သည်။ ကျန်းရှို့က သူ့သားနှစ်ယောက်၏ နားရွက်ကို လိမ်ဆွဲမိမတတ်ဖြစ်သွား၏။
လီဖုန်းက ရွာလူကြီးနဲ့အတူ လှည်းမောင်းသွားပြီးနောက် ကျန်းရှို့က ထန်ချွန်းမင်ကိုပြောလိုက်၏။ “ဒီကလေးနှစ်ယောက်က ပျက်စီးတော့မှာပဲ။ သူတို့ကိုယ်သူတို့ အပြင်လူလို့ကို မသတ်မှတ်တော့ဘူး။”
ထန်ချွန်းမင်က ပြုံးကာပြောလိုက်၏။ “အပြင်လူမဖြစ်တာပိုကောင်းပါတယ်။ တာမောင်းနဲ့အာမောင်းက အားဖုန်းရဲ့တူလေးတွေပဲလေ။ အားဖုန်းက အားလင်းကို မြင်းဝယ်ပေးမယ်လို့ ကတိပေးခဲ့တာ။ သူက အားလင်းရဲ့တောင်းဆိုမှုကို အစွမ်းကုန်ဖြည့်ဆည်းပေးနေတာ သိရဲ့လား?”
ကျန်းရှို့နှင့် ရှန်းဖူလန်နှစ်ယောက်လုံးက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ အားလင်း သူ့ကို ဖခင်အဖြစ် အသိအမှတ်ပြုလာစေရန် လီဖုန်းက အကောင်းဆုံးကြိုးစားနေတာပင်။ သူက အားလင်းကို ကောင်းကင်ထိမြင့်အောင် အလိုလိုက်ချင်နေ၏။ နှစ်ယောက်သားက ထန်ချွန်းမင်ကို ကလေးတွေနဲ့နေခိုင်းပြီး ပန်းကန်ဆေးရန် မီးဖိုချောင်ကိုသွားခဲ့ကြသည်။
သန့်ရှင်းရေးလုပ်ပြီးနောက် သူတို့က ထန်ချွန်းမင်က ခဏလောက်နေပေးခဲ့သည်။ သူတို့က အလုပ်လုပ်စရာရှိ၍ အိမ်ပြန်ခဲ့ကြသည်။ သူတို့က တာမောင်းနဲ့ အာမောင်းကို တစ်ချိန်လုံးကစားမနေပဲ မင်ကောအာကို ဂရုစိုက်ပေးဖို့ ပြောခဲ့သည်။ မဟုတ်ပါက သူတို့ဦးလေးဖုန်းလာရင် သေချာပေါက် အပြစ်ခံပေးရမှာဖြစ်၏။
နှစ်ယောက်သား ခြံတံခါးဝသို့ရောက်လာသောအခါတွင် သူတို့က ရွာပြင်က ရောက်လာသော လှည်းတစ်စီးကိုမြင်လိုက်ရသည်။ ၎င်းက ထန်ချွန်းမင်အိမ်ရှေ့ကနေ မရပ်မနားဖြတ်သွားခြင်းဖြစ်၏။ သူတို့နှစ်ယောက်က ထူးဆန်းသလိုကြည့်လိုက်သည်။ “ဒါဘယ်သူ့လှည်းလဲ? လတ်တလော ရွာထဲမှာ လှည်းအဝင်အထွက်တွေ အများကြီးတွေ့နေရတယ်။” ပုံမှန်အားဖြင့် မိသားစုအများအပြားက ရွာလူကြီးအိမ်က မြင်းပြာကြီးကိုသာ အသုံးပြုကြသည်။
“ဒါက ကျောက်မိသားစုအတွက် လာတာများလား? သူတို့အိမ်ကလွဲရင် တခြားနေရာမှာ လှည်းပေါ်လာတာဆိုလို့ မင်ကောအာရဲ့အိမ်ပဲရှိတယ်။” ကျန်းရှို့က ခေါင်းမော့ကာ လှည်း၏လမ်းကြောင်းကို ကြည့်လိုက်သည်။ ဆူညံသံများကြားနေရပြီး လူတော်တော်များများက ထွက်ကြည့်နေသည်။ အိမ်နီးချင်းတွေကလည်း တံခါးနားမှာ စကားရပ်ပြောနေကြ၏။
ထိုလမ်းကြောင်းက အမှန်တကယ်ပင် ကျောက်မိသားစု၏အိမ်ဖြစ်သည်။ ကျောက်မိသားစု၏ တံခါးရှေ့မှာရပ်ပြီးနောက် လှည်းပေါ်ကနှစ်ဦးက ခုန်ဆင်းကာ တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ကန်ခဲ့သည်။
“ကျောက်််မိသားစုမှာ တစ်ခုခုဖြစ်လို့လား? ဒီလူက အရမ်းထူးဆန်းတာပဲ။” အနီးနားက မည်သူမဆို ဒေါသရောယှက်နေသော တံခါးခေါက်သံကို ကြားနိုင်သည်။
“ဖြိုချလိုက်စမ်း!” လှည်းပေါ်မှ ဆင်းမလာသေးသည့်သူတစ်ဦးဖြစ်ပြီး ဒေါသသံထွက်ပေါ်လာလေသည်။
ထင်ထားသလိုပင် အမိန့်လက်ခံရရှိသော လူက ကျောက်မိသားစု တံခါးဖွင့်မလာခင် တံခါးကိိုရိုက်ချိုးလိုက်သည်။ ထို့နောက် ဒေါသတကြီးအော်သံထွက်ပေါ်လာ၏။ “မင်း….ကျောက်မိသားစု… တော်တော်လွန်သွားပြီ! မင်းတို့ ဒီနေ့ ရှန်းမိသားစုကို ခိုင်လုံတဲ့ အကြောင်းပြချက်မပေးနိုင်ရင် ငါတို့ယာမန်မှာ တရားစွဲမယ်။ ငါတို့ရှန်းမိသားစုက အရူးလုပ်လို့ရလား!”
ရှန်းမိသားစုလား? ကျောက်မိသားစုနဲ့ လက်ထပ်တော့မယ့် ရှန်းမိသားစုလား? သူတို့စေ့စပ်ပြီးပြီမဟုတ်လား? ဘာလို့ဖျက်သိမ်းလိုက်တာလဲ? ဘိုးဘိုးကျောက်က ရှန်းမိသားစုနာမည်ကြားတော့ မလုံမလဲဖြစ်နေခဲ့သည်။ သူက ကျောက်လောင်စန်း၏နာမည်ကို ထိတ်လန့်တကြားအော်လိုက်သည်။
အရပ်ရှည်ရှည်နှင့် သန်မာသော အမျိုးသားနှစ်ယောက်က ပြေးဝင်လာပြီး နောက်ဆုံးမှာ ပိုးထည်ဝတ်ရုံနှင့် လူလတ်ပိုင်းအမျိုးသားတစ်ယောက် ဝင်လာခဲ့သည်။
“ကျောက်မိသားစုမှာ တစ်ခုခုဖြစ်နေပြီ! ရှန်းဖူလန်နှင့် ကျန်းရှို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ ရှန်းဖူလန်က မင်ကောအာကို အမြန်နှုတ်ဆက်ကာ အလောတကြီး အိမ်ပြန်သွားခဲ့သည်။ သူက လမ်းလျှောက်ရင်းဖြင့် ပြောလိုက်သည်။ “ရွာလူကြီးကို တစ်ယောက်ယောက် အကြောင်းကြားပြီးပြီလားမသိဘူး။ သူခုလေးတင် ထွက်သွားတာဆိုတော့ ငါလိုက်သွားလိုက်ဦးမယ်။” မဟုတ်လျှင် ရွာလူကြီးက တမင်တကာ ရှောင်နေသည်ဟု ထင်နေလိမ့်မည်။ လီကျန့်က ရွာမှာ ဂုဏ်သိက္ခာနှင့် အာဏာရှိသော်လည်း တစ်ခါတစ်လေ ပြဿနာများလွန်းသည်။ ယခုလိုမျိုး အပြင်လူများ ဖောက်ထွင်းဝင်လာလျှင် လီကျန့်က ရွာသားများကို ကာကွယ်ပေးဖို့ ထွက်လာလေ့ရှိသည်။
အဝေးရောက်နေလို့ ထိုနေရာ၌ ဘာဖြစ်နေလဲမကြားရပေမယ့် အခြေအနေက အေးဆေးမနေဘူးဆိုတာ မြင်နိုင်လေသည်။ ယခုချိန်မှာ ကျောက်လောင်စန်းက ပညာရှင်ဘွဲ့ရသွားပြီမို့ ထိုကိစ္စက ကျောက်မိသားစုအတွက် အသေးအမွှားမဟုတ်ဘူးလို့ သူခံစားရသည်။ ယခုချိန်မှာ ရွာလူကြီး အဝေးရောက်နေတာကို ကောင်းတယ်လို့ ခံစားမိသည်။ မဟုတ်ပါက ဝင်ရောက်ဖြန်ဖြေပေးဖို့ ရွာလူကြီးအတွက် ခက်ခဲပေမည်။
အိမ်ပြန်ရောက်လာသော တာရှန်ကလည်း အမြန်ပြန်ပြီး သူ့ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ “ပွဲသွားမကြည့်နဲ့။ ဝင်မပါနဲ့။ မင်ကောအာ.. အိမ်တံခါးပိတ်ထားပါ။ သတင်းထူးရှိရင် ငါတို့အရင်ဆုံးသိရမှာပါ။” လီဖုန်း၏ဆက်ဆံရေးကြောင့် တာရှန်က မင်ကောအာကို ပိုဂရုစိုက်ပေးဖို့လို၍ သတိပေးလိုက်လေသည်။
“စိတ်မပူပါနဲ့… ကျွန်တော်ပွဲကြည့်ဖို့ ပျင်းနေလို့။ ပြီးတော့လည်း တစ်ယောက်ယောက်က အကုန်ပြန်ပြောပြမှာပဲလေ။” ထန်ချွန်းမင်က သမ်းဝေကာ ပျင်းပျင်းရိရိပြောလိုက်သည်။ သူက သူ့ကိုထွက်သွားဖို့ လက်ယမ်းပြပြီး တံခါးပိတ်ကာ ကလေးသုံးယောက်ကိုပြောလိုက်သည်။ “ငါ တစ်ရေးအိပ်ချင်လို့ မင်းတို့လည်း အိပ်ချင်အိပ် ကစားချင်ကစား…ဒါပေမယ့် ခြံပြင်တော့မထွက်ရဘူးနော်။”
ကလေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အားလင်းက ရှေ့တိုးလာပြီး ပြောလိုက်သည်။ “ဖေဖေ…. သိုးခြံသွားကြည့်မယ်။” မြင်းကြီးမရှိတော့ သူတို့အာရုံက သိုးပေါ်ရောက်သွားသည်။
“ကောင်းပြီ…ဒါပေမယ့် အရမ်းမဆော့ရဘူးနော်?” သိုးမက နာခံသော်လည်း သူက သူတို့ကို သတိပေးဖို့လိုသေးသည်။
“သိပါတယ် ဦးလေးဖုန်း သားတို့ကိုပြောထားတယ်။” ကလေးသုံးယောက်က ချက်ချင်းဆိုသလိုပင် ရင်ကော့ကာ အာမခံလာသည်။
စားသောက်ပြီး အိပ်ငိုက်လာသည်။ နွေဦးပေါက်မို့ ပိုလို့တောင် အိပ်ငိုက်လွယ်သည်။ ထန်ချွန်းမင်က အိမ်ထဲသို့သွားရာ လမ်းတစ်လျှောက်၌ သမ်းဝေပြီး ချည်သိိုးမွှေးခေါင်းအုံးပေါ်မှာ အိပ်ပျော်သွားခဲ့သည်။
သူနိုးလာတော့ နေဝင်ခါနီးဖြစ်၏။ ထန်ချွန်းမင်က မျက်လုံးကို ပွတ်သပ်လိုက်သည်။ သူ အကြာကြီးအိပ်ခဲ့သည်။ လီဖုန်းရောက်လာပြီးကတည်းက သူက ပိုပိုပြီး ပျင်းရိလာသည်။
သူ့ခန္ဓာကိုယ်က ပျင်းရိမှုတွေ ပေါက်ကွဲထွက်သွားသလိုပင်။ သူတစ်နေ့တာ အချိန်အများစုမှာ အိပ်မောကျနေ၏။ ကျန်းရှို့ သိလိုက်ရသောအခါ သူ၏အစောပိုင်းကိုယ်ဝန်လက္ခဏာများက အလယ်အလတ်အဆင့်သို့ ပြောင်းသွားပြီဟု ပြောခဲ့သည်။
သူက အနားယူရန် လဲလျောင်းလို့မရပဲ သူ့ဘာသာတစ်ယောက်တည်း အရာအားလုံးကို လုပ်ရမယ်ဆိုတာ ယခင်ကသိထား၍ သူ့ခန္ဓာကိုယ်က တင်းမာနေခဲ့သည်။ ယခုတော့ သူဟာ လွတ်လပ်သွားပြီး အရင်တုန်းက လက္ခဏာများ ပြန်ပေါ်လာခဲ့သည်။
ထိုအကြောင်းကြားပြီးနောက် ထန်ချွန်းမင်က အလွန်ဆိုးရွားသော ကိုယ်ဝန်လက္ခဏာဖြစ်ကြောင်း စိတ်ထဲကနေသာ ညည်းညူနိုင်သည်။
သို့သော် သူနိုးလာတော့ အနည်းငယ်ဆာလောင်ပြီး ရေဆာသလို ခံစားလိုက်ရသည်။ ထန်ချွန်းမင်က နေရာလွတ်မှ ဟင်းသီးဟင်းရွက်တချို့ကိုထုတ်ကာ လီဖုန်းအဝေးရောက်နေစဥ် စားလိုက်၏။ အားလင်းကိုတော့ သူညနေမှကျွေးလို့ရမည်။
သစ်သီးဝလံများစားသုံးပြီးနောက် ထန်ချွန်းမင်က သက်တောင့်သက်သာရှိလာသည်။ သူက ခန်းကုတင်မှထလိုက်သည်။ သူဘယ်လောက်ပျင်းရိနေပါစေ ညစာချက်ရဦးမည်။ လီဖုန်းဘယ်တော့ပြန်လာမလဲဆိုတာ သူမသိပေ။
ကလေးသုံးယောက်က ခြံထဲမှာ ကစားနေပေမယ့် ထန်ချွန်းမင်ထွက်လာတော့ သူတို့က သတိထားမိသွားသည်။ အားလင်းက အမြန်ပြေးလာကာ အော်လိုက်သည်။ “ဖေဖေ… သားရေခပ်ပေးမယ်။ ဦးလေးဖုန်းက ဖေဖေနိုးလာရင် ရေတိုက်ရမယ်လို့ ပြောထားတယ်။” ဦးလေးဖုန်းက သူ့အားမူကို ဂရုစိုက်ဖို့ပြောထားသည်။
ထန်ချွန်းမင်က သားဖြစ်သူ၏စောင့်ရှောက်မှုကို ခံစားရင်း တံခါးနားရှိ ဝါးကုလားထိုင်တွင် ပျင်းရိစွာထိုင်နေသည်။ အာမောင်းက အမြန်ပြေးလာပြီး ထန်ချွန်းမင်၏ဘေးတွင်ထိုင်ကာ ချီးကျူးခံချင်နေ၏။ “မင်အားမော့… သားတို့ နေ့လည်က ခြံပြင်မှာသွားမဆော့ဘူး။”
“ကောင်းပါပြီဗျာ…သားဗိုက်ဆာနေပြီလား? အနောက်ခြံက သခွားသီးခူးစားလိုက်နော်။”