Chapter 10.1
“အိမ်ထောင်စုစာရင်းအသစ်”
“မင်အာ…. မင်း ကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲပြောပါ။ တာဟူမရှိတော့ပေမယ့် ရွာက မင်းအတွက် ဆုံးဖြတ်ချက်ချပေးမယ်။” ရွာလူကြီးက ထန်ချွန်းမင်ကိုကြည့်ကာ ပြောလိုက်၏။ တာဟူ တောင်ပေါ်တက်ပြီး ပြန်မလာသေးသည့်အကြောင်း ထန်ချွန်းမင်က သူ့ဆီလာပြောခဲ့သော အချိန်ကို သတိရသွားသည်။ သူက တာဟူကိုရှာဖို့ ကြံ့ခိုင်သန်မာသော လူတစ်စုကို စည်းရုံးခဲ့သည်။ သို့သော် ရလဒ်ကတော့ သွေးစွန်းနေသော အဝတ်အစားနှင့် အရိုးစုအနည်းငယ်သာဖြစ်၏။ ပြန်လာပြီး ထန်ချွန်းမင်ကို ပြောပြသောအခါ သူက နေရာမှာတင် မေ့လဲသွားခဲ့သည်။
“ပြီးတော့ ထန်ရှန့်ရဲ့ အငယ်ဆုံးသား ထန်ချွန်းရုံလည်းရှိတယ်မလား… မင်းက မင်းအဖေနဲ့တူတယ်။ အနာဂတ်မှာ မင်းလည်း မင်းအဖေလို အရာရှိဖြစ်လာဖို့ မျှော်လင့်တယ်။” ရွာလူကြီးက ထန်ချွန်းရုံ၏ သရုပ်သကန်ကို တိုက်ရိုက်ဖော်ထုတ်လိုက်ပြီး ထန်မိသားစုက ထန်ချွန်းမင်ကို ဂရုမစိုက်ဘူးထင်နေသော ကျောက်မိသားစုကို သိစေချင်ခဲ့တာပင်။ နောင်မှာ ထန်ချွန်းရုံ ပညာရှင်တစ်ဦးဖြစ်လာပါက ဒုက္ခရောက်မည့်သူက ကျောက်မိသားစုနှင့် ဖျင်ရှန်ရွာဖြစ်၏။
သူ ယနေ့ကိစ္စကို တရားမမျှတစွာကိုင်တွယ်ပြီး သတင်းက ကျန်းရှန်ရွာကို ရောက်သွားလျှင် ထိုလူတွေက လွှတ်ပေးမှာမဟုတ်ချေ။ မင်ကောအာက အိမ်ထောင်ကျခဲ့ပေမယ့်လည်း သူက ကျန်းရှန်ရွာမှာ ကြီးပြင်းလာတာဖြစ်၏။ တစ်ချိန်တည်းမှာ သူက ရွာပြင်မှာလက်ထပ်မည့် သူတို့ရွာက ကောများအတွက်လည်း စဥ်းစားပေးရမည်။ ဤကိစ္စ အိမ်နီးချင်းရွာတွေကို ပျံ့နှံ့သွားရင် အနာဂတ်မှာ ကိုယ့်ရွာက ကောအာလေးတွေ ပြဿနာရင်ဆိုင်ရပြီး တရားမျှတမှုရှာနိုင်တော့မှာမဟုတ်ချေ။ ရွာလေးတစ်ရွာ၏ ရွာလူကြီးအနေဖြင့် ကိစ္စတွေကို ကိုင်တွယ်တာက အပြောနဲ့တင်မလုံလောက်ပေ။
ထန်ချွန်းရုံ၏မျက်ဝန်းက နီရဲနေပြီး သူက သူ့တူလေးကို အောက်ချလိုက်သည်။ သူက သူ့နားက လူကြီးတွေကို နှုတ်ဆက်လိုက်သည်။ “ဒီကျောင်းသားက ထန်ချွန်းရုံပါ။ ကျွန်တော် မနေ့က အစ်ကို့ကို လာတွေ့ခဲ့ပြီး အစ်ကို့ဘဝခက်ခဲနေတာကို တွေ့ခဲ့ရတယ်။ ရွာလူကြီးတွေက ကျွန်တော့်အစ်ကိုအတွက် တရားမျှတမှုရှာပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အစ်ကိုက ဖြစ်ချင်တဲ့အတိုင်း ပြောလိုက်ပါ။ အစ်ကိုနဲ့ ယောက်ဖက ဒီနှစ်တွေမှာ အများကြီးခက်ခဲခဲ့တယ်။ ဒီနေရာမှာ ရှင်သန့်ဖို့ နည်းလမ်းမရှိရင် အစ်ကို ကျွန်တော်နဲ့အတူ ကျန်းရှန်ရွာကို လိုက်ခဲ့ပါ။”
ဝမ်ယင်၏ ပါးစပ်က ကွေးညွတ်သွားသည်။ ဒီကလေးက ကိုယ့်ဘာကိုယ် ဆုံးဖြတ်ချက်ချနေတာလား? သို့ပေမယ့် သူ့လင်ပါသားက ယနေ့မှာ ကောင်းကောင်းလုပ်နိုင်ခဲ့တာကို သူဝန်ခံရမည်။
ထန်ချွန်းမင်က မတ်တပ်ထရပ်ပြီး သူ့မျက်လုံးက နီရဲရောင်ရမ်းကာ ဂျင်းရည်ကို အလွန်အကျွံလိမ်းမိလိုက်သည်။ “တာဟူ သူ့ဖေဖေအပေါ် တာဝန်သိတတ်တာကို ကျွန်တော် တစ်ခါမှ မငြိုငြင်ဖူးဘူး။ ဒါက တာဟူနဲ့ ကျွန်တော်လုပ်သင့်တဲ့အရာပဲ။” ကျောက်ဖျင်ချွမ်တစ်ယောက်ပဲ သရုပ်ဆောင်နိုင်တာမဟုတ်ပေ။ “လင်းအာနဲ့ ကျွန်တော်က အေးအေးချမ်းချမ်း အိပ်ချင်ရုံပဲ။ ကျွန်တော်နဲ့ လင်းအာကို အမှီအခိုကင်းတဲ့ အိမ်ထောင်စုခွဲပေးဖို့ ရွာလူကြီးကို တောင်းဆိုပါတယ်။ ခက်ခဲပင်ပန်းနေရင်တောင် ကျွန်တော်တို့အတူရှိနေသရွေ့ အဆင်ပြေပါတယ်။”
“ဖေဖေ…ရွာလူကြီး ဘိုးဘိုး… ကျေးဇူးပြုပြီး.. အားလင်း ဖေဖေနဲ့မခွဲချင်ဘူး။” ကျောက်လင်းက စိုးရိမ်တကြီးပြေးလာပြီး သူတို့ခွဲရမှာကြောက်၍ ထန်ချွန်းမင်၏ ခြေထောက်ကို တင်းတင်းဖက်ထားသည်။
ထန်ချွန်းမင်က သူ့ကိုဖက်ကာ နှစ်သိမ့်လိုက်သည်။ “မဟုတ်တာ… ဖေဖေ မင်းကို ကာကွယ်ပေးမှာပေါ့။” ယခုဖြစ်ရပ်အပြီးမှာ သူက သူ့သားကို နှစ်သိမ့်ဖို့လိုသည်။ မဟုတ်ပါက သူ့သားရင်ထဲမှာ အရိပ်မဲတစ်ခု ကျန်ခဲ့လိမ့်မည်။
“အမှီခိုကင်းတဲ့မိသားစုလား? မင်ကောအာက အိမ်ထောင်စုတစ်ခု ထူထောင်ချင်တာလား?” ထန်ချွန်းမင် ထိုရွေးချယ်မှုပြုလုပ်မယ်လို့ ဘယ်သူမှမထင်ခဲ့ပေ။ ရွာလူကြီးကပင် စဥ်းစားကြည့်လိုက်သောအခါ ထန်ချွန်းမင်ပြောတာကို အံ့အားသင့်သွားခဲ့သည်။
“မင်ကောအာ မင်းသေချာစဥ်းစားပြီးပြီလား? ကိုယ်ပိုင်အိမ်ထောင်စုတစ်ခု ထူထောင်ဖို့က မလွယ်ဘူးနော်။ မင်း နှစ်စဥ်အခွန်ပေးဆောင်နိုင်လို့လား?” အကြီးအကဲဖြစ်သူ တတိယဦးလေး၏ ထန်ချွန်းမင်အပေါ်အမြင်က အလွန်ရှုပ်ထွေးနေသည်။ ဤကိစ္စက ကျောက်မိသားစု တတိယသား၏ ဂုဏ်သတင်းကို ထိခိုက်ပြီးလေပြီ။ စာမေးပွဲက မဖြစ်မနေဖြေရမှာဖြစ်ပြီး ယင်းမှာ ကျောက်မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်ပင်ဖြစ်၏။ ဒါကြောင့် သူက မင်ကောအာ၏ လှုပ်ရှားမှုကို မသင့်တော်ဘူးလို့ ခံစားရသည်။ သူနဲ့ ရွာလူကြီးက ပြဿနာကို သီးသန့်ဆွေးနွေးနိုင်သော်လည်း သူ တရားမျှတမှုရှာဖွေနေသည်ဟု ဖျင်ရှန်ရွာရှိ လူတိုင်းကို သိစေခဲ့သည်။ အဲ့ဒါက သူတို့ကို ဝင်ဖြေရှင်းပေးဖို့ တွန်းအားပေးနေတာမဟုတ်လား?
ဘယ်လိုပဲဖြစ်စေ ကောတစ်ယောက်၏ မိသားစုဂုဏ်သိက္ခာအဆင့်အတန်းက အမျိုးသားတစ်ယောက်လောက် အရေးမကြီးပေ။ အသက်ကြီးသောမျိုးဆက်အတွက် ကောတစ်ယောက်က လိုအပ်ရင် အနစ်နာခံဖို့ ရွေးချယ်ရမှာပင်။
မင်ကောအာက ကျောက်မိသားစုနဲ့ အပြီးအပိုင် အဆက်ဖြတ်ဖို့ ကြိုးစားနေတာလား? ဒီအားနည်းတဲ့ကောအာက တကယ်ပဲ အိမ်ကို ထောက်ပံ့နိုင်ပါ့မလား? တတိယဦးလေးက သံသယဖြစ်သွားသည်။ ကျောက်တာဟူက လယ်ကွင်းထဲက အလုပ်အများစုကို လုပ်ခဲ့တာပင်။ ယခု မင်ကောအာက ကိုယ်ဝန်လွယ်ထားရတော့ သူ့နဲ့သူ့သားကို ထောက်ပံ့ဖို့ ဘာလုပ်နိုင်မှာလဲ? သူက ထန်မိသားစုကို မှီခိုချင်တာလား?”
လူအုပ်ကြီးကလည်း ထိုအကြောင်းပြောနေကြသည်။ ယနေ့မှာ ထန်ချွန်းမင်၏ရဲရင့်မှုက မင်ကောအာအပေါ်ထားသည့် သူတို့၏အမြင်ကို ကျော်လွန်သွားခဲ့သည်။ သို့ပေမယ့် ထန်ချွန်းမင်၏ ဖြူဖျော့သောမျက်နှာ၊ တုန်ယင်နေသော ခန္ဓာကိုယ်နှင့် ကျောက်လင်း၏ ပိန်လှီသောကိုယ်လုံးကို ကြည့်လိုက်ရာ အတော်လေးပင် သနားစရာကောင်းလှသည်။ ကျောက်မိသားစုက သူတို့ကို ထိုရွေးချယ်မှုပြုလုပ်စေခဲ့တာဖြစ်မည်။ ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာက ညသန်းခေါင်မှာ မင်ကောအာကို ပြန်ပေးဆွဲနိုင်တယ်လို့ သူတို့တွေးလိုက်သည်။ ထိုအခြေအနေမှာ မင်ကောအာ ဘာမှပြောနိုင်တော့မှာမဟုတ်ချေ။
တစ်ကိုယ်ကောင်းဆန်ပြီး အတင်းအဖျင်းနှင့် နှောင့်ယှက်တတ်သော လူအနည်းငယ်မှလွဲ၍ အများစုက ထန်ချွန်းမင်ကို စာနာပြီး ရှေးလူကြီးများပြောခဲ့သော စကားဖြင့် နေရာမှာတင် ကျိန်ဆဲနေခဲ့သည်။
လူတိုင်းက ထန်ချွန်းမင်ဘက်က ရပ်တည်ပေးတာကို တချို့လူတွေက မခံမရပ်နိုင်ဖြစ်ကာ အနာကို ဆားသိပ်ချင်ခဲ့သည်။ သူတို့က တခြားသူများကို သူတို့ဘဝထက် ဆိုးရွားစေချင်သည်။
ယခင်က ဝမ်ချွန်းဟွာကို ကူညီပေးဖူးသော လီစုန့်ကမ်း၏ဇနီးက ဖရဲသီးစေ့စားရင်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “တာဟူ အရင်နှစ်အနည်းငယ်မှာ ဒီထက်မကပိုက်ဆံပိုရခဲ့တာ ဖြစ်နိုင်တယ်။ သူက အဲ့ဒီပိုက်ဆံကို အပိုင်သိမ်းပြီး မျှမပေးချင်တာဖြစ်မယ်။”
“ဘာ! လူတိုင်းက မင်းလိုလောဘကြီးတယ်ထင်နေလား။ မင်းအရင်က လုပ်ခဲ့တာတွေကို လူတိုင်းမေ့သွားပြီထင်လား? မင်းမိဘတွေနဲ့ အစ်ကိုက ကောင်းကင်ဘုံကနေ စောင့်ကြည့်နေတယ်။ မင်းမြေးနဲ့သားသမီးတွေကို ဘယ်လိုဆက်ဆံနေလဲဆိုတာလေ။ မင်းတူလေးရဲ့ အိမ်နဲ့ လယ်တွေကို သိမ်းခဲ့တာ မရှက်ဘူးလား!” လူတစ်ယောက်က ချက်ချင်းပင် သူ့ကို မညှာမတာ ကြိမ်းမောင်းလိုက်သည်။
“ဘယ်သူက လောဘကြီးတာလဲ? အဲ့ဒီတုန်းက ငါ့အကြီးဆုံးတူလေးက သူ့သဘောနဲ့တူ ထွက်သွားချင်ခဲ့တာလေ။ ငါတို့လီမိသားစုက အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေလား? ငါတို့က ငါတို့တူလေးအတွက် အိမ်နဲ့လယ်တွေကို စောင့်ရှောက်ပေးနေတာ။ ငါတို့ကြည့်မပေးလို့ မင်းတို့မိသားစုက လာကြည့်ပေးချင်လို့လား?” လီစုန့်ကမ်း၏ဇနီးက ထိုလူကို အော်ပြောလိုက်သည်။
ထိုအချိန်တွင် အမျိုးသားတစ်ယောက်က ပြေးလာပြီး မောဟိုက်ကာ ချွေးတွေရွှဲနေ၏။ ထိုလူက လူအုပ်ကြီးကို အော်လိုက်သည်။ “လီစုန့်ကမ်းမိသားစု ဒီမှာရှိလား? ခင်ဗျားတို့ တူကြီး စစ်မြေပြင်ကနေ ပြန်လာပြီ။ အိမ်ကို အမြန်သွားကြည့်လိုက်ပါ။ ခင်ဗျားတို့တူကြီး အသက်ရှင်လျက် ပြန်လာတယ်။”
“ဘာ? ဒါမဖြစ်နိုင်ဘူး!” လီစုန့်ကမ်း၏ဇနီးက ရုတ်တရက်ထအော်သည်။
“မဖြစ်နိုင်တာ… သူစစ်ပွဲကျသွားပြီလို့ ပြောခဲ့တယ်မဟုတ်ဘူးလား?” သတင်းကို သံသယဝင်နေသော လူတစ်ချို့လည်းရှိ၏။ ဘာသတင်းမှမကြားခဲ့တာ နှစ်တွေကြာပြီဖြစ်၍ လူတိုင်းက သူသေသွားပြီလို့ ထင်ထားခဲ့သည်။
“ဟားဟား” လီစုန့်ကမ်း၏ ပြစ်တင်ကြိမ်းမောင်းခံလိုက်ရသော လူက ချက်ချင်း အားရကျေနပ်သွား၏။ “လီစုန့်ကမ်းရဲ့ဇနီး… မင်းက မင်းတူကြီးအတွက် စောင့်ရှောက်ပေးနေတာလို့ ပြောခဲ့တာမလား? တူဖြစ်သူက ပြန်လာပြီဆိုတော့ အမြန်သွားပြန်ပေးလိုက်လေ။”
ထိုစကားကြားတော့ လူတော်တော်များများ ရယ်မောခဲ့ကြသည်။
သို့ပေမယ့် ရွာလူကြီး၏မျက်နှာက အရုပ်ဆိုးသွားသည်။ ဤအရာက လီမိသားစုကိစ္စ*ဖြစ်၍ သူ့မျက်နှာပန်းမလှပေ။ ရွာလူကြီးက လီစုန့်ကမ်း၏မိသားစုကို စူးစူးရဲရဲကြည့်လိုက်ပြီး လီစုန့်ကမ်း၏မိသားစုက စတင်ထိတ်လန့်လာခဲ့သည်။ ဒီလိုဖြစ်လို့်မရဘူး… အဲ့ဒီခွေးမသားက ဘာလို့အသက်ရှင်နေတာလဲ.. “ဒါ အယောင်ဆောင်တစ်ယောက်ပဲဖြစ်မယ်။ ဟုတ်တယ်မလား… ငါသွားကြည့်လိုက်ဦးမယ်။” သူ့ခြေဖဝါးက ဆီလိမ်းထားသလိုပင် သူက လူအုပ်ကြားမှ မျက်စိတစ်မှိတ်အတွင်း ထွက်သွားနိုင်ခဲ့သည်။ ပုံမှန်ဆိုရင် သူ ထိုမျှလောက် အမြန်မလျှောက်ပေ။
(*ရွာလူကြီးမျိုးရိုးက လီမို့လို့ မျိုးရိုးတူမိသားစုဖြစ်နေလို့ပါ)
ရွာလူကြီးက ထိုကိစ္စကို အမြန်စုံစမ်းချင်တာကြောင့် သူက သူ့ရှေ့က ကိစ္စကို အမြန်အဆုံးသတ်ရမည်။ “မင်ကောအာ… မင်း အိမ်ထောင်စုအသစ်လုပ်ပြီးတာနဲ့ နောက်ပြန်လှည့်လို့မရတော့ဘူး။ အစိုးရ လာစစ်ဆေးတဲ့အခါ ငါမင်းကို ကယ်လို့မရဘူး။”
ထန်ချွန်းမင်က သူကြားလိုက်ရသော သတင်းကြောင့် ဝမ်းသာနေ၏။ လီစုန့်ကမ်း၏ဇနီးနှင့် ဝမ်ချွန်းဟွာက ကြံရာပါများဖြစ်သည်။ သူ့မကောင်းသတင်းများကို ဝမ်ချွန်းဟွာက ရွာမှာဖွပေးခဲ့တာဖြစ်၏။
“ဒါပေါ့ အချိန်ကျလာရင် ခရီးအတွက် ရွာသူကြီးကို စီစဥ်ခိုင်းပါ့မယ်။ အိမ်နဲ့မြေကို ကျွန်တော့်နာမည်နဲ့ထားဖို့ အဆင်ပြေပါတယ်။” ထန်ချွန်းမင်က သူ့ပိုင်ဆိုင်မှုကို ဖော်ပြလိုခဲ့သည်။
“ဟုတ်တာပေါ့…”
ရွာလူကြီး စကားမဆုံးခင်မှာ ဘိုးဘိုးကျောက်က စကားဖြတ်ပြောခဲ့သည်။ “ဘာ! မင်းအိပ်မက်မက်နေတာလား? ငါ့ကျောက်မိသားစုရဲ့ အိမ်က မင်းနဲ့ဆိုင်လို့လား? အဲ့ဒါ ကျောက်မိသားစုအပိုင်လေ။ မင်းကိုယ်မင်းဘာထင်နေလဲ.. မင်းက ကျောက်တာဟူအတွက် အမြစ်တောင် မချန်ပေးပဲ အိမ်နဲ့မြေကို ယူပြီး လူရိုင်းကို ထောက်ပံ့မလို့လား?”
“လူရိုင်း?” ထန်ချွန်းမင်က ဒေါသထွက်သွားသည်။ “အဲ့ဒါက ဘိုးဘိုး ကျုပ်ကိုပြခဲ့တဲ့ လူရိုင်းလား? ဘိုးဘိုးလည်း ကျွန်တော်နဲ့တူတူပဲ။ သူက ကျောက်မိသားစုအိမ်နဲ့မြေကို တစ်ခုခုလုပ်ခိုင်းခဲ့လို့လား?”
“ပိတ်ထားစမ်း!” တတိယဦးလေးက ဟောက်လိုက်သည်။ ဒီနှစ်ယောက်က ဒီစကားတွေကို ဘယ်လိုပေါ့ပေါ့တန်တန် ပြောနိုင်တာလဲ? မင်းတို့ ဂုဏ်သိက္ခာကို ထိန်းချင်သေးရဲ့လား? တတိယအကြီးအကဲဦးလေးက စိတ်မငြိမ်ဖြစ်နေသော ထန်ချွန်းမင်ကို စူးစိုက်ကြည့်ကာ ဘိုးဘိုးကျောက်ကို အော်လိုက်သည်။ “ ကျောက်မိသားစု… မိသားစုကွဲသွားတုန်းက ခင်ဗျားတာဟူကို ပါးမွှားလေးပဲ ပေးခဲ့တာမလား… တာဟူက နှစ်တွေအများကြီး ခင်ဗျားကို တာဝန်သိတတ်ခဲ့တယ်လေ။ အဲ့ဒါနဲ့တင်မလုံလောက်ဘူးလား?”
“တတိယဦးလေး… ရွာလူကြီးဦးလေး… ကျွန်တော် ဒါတွေကို အကြောင်းမဲ့တောင်းနေတာမဟုတ်ဘူး။” ထန်ချွန်းမင်၏ ထိုတတိယဦးလေးအပေါ်အမြင်က ရွာလူကြီးလောက်မကောင်းပေ။ တတိယဦးလေးက ကျောက်မိသားစုကို စဥ်းစားပေးနေပြီး သူ့ကို အပြင်လူလို သတ်မှတ်ထားသည်။ သူယခုလုပ်နေတာက အပေါ်ယံဖြစ်ပြီး သူက ထန်ချွန်းမင်အတွက် တကယ်မစဥ်းစားပေးခဲ့ပေ။ “အိမ်ခွဲပြီးတော့ မြေနှစ်ဧကအပြင် ဘာမှမရခဲ့ဘူး။ အိမ်ကို ကျွန်တော့်ခန်းဝင်ပစ္စည်းနဲ့ဆောက်ထားတာ။ အပေါင်ဆိုင်ဘောင်ချာတွေလည်းရှိတယ်။ ဒီအိမ်က ကျွန်တော့်ခန်းဝင်ပစ္စည်းမို့ ကျောက်မိသားစုနဲ့မဆိုင်ဘူး။ မြေနှစ်ဧကကို လင်းအာနဲ့ ကျွန်တော့်ဗိုက်ထဲက ကလေးအတွက် သုံးခဲ့တယ်။ ဘိုးဘိုးကျောက်ကလည်း သူတို့ကို ကျောက်မိသားစုဝင်အဖြစ် သတ်မှတ်ထားတာမဟုတ်ဘူး။”
ထိုအကြောင်းစဥ်းစားကာ သူက ကျောက်မိသားကို မြေနှစ်ဧကပြန်ပေးဖို့ စိတ်အားထက်သန်နေသည်။ အနာဂတ်မှာ သူက ဘိုးဘိုးကျောက်ကို ပွင့်ပွင့်လင်းလင်း မလေးမစားဆက်ဆံလို့ရပြီး ကျောက်မိသားစုနဲ့ ပတ်သက်စရာမလိုတော့ပေ။ ထိုအတိုင်းမလုပ်လျှင် ကျောက်မိသားစု အိမ်ကိုသွားကာ စိတ်အနှောင့်ယှက်ဖြစ်နေရလိမ့်မည်။
ဘိုးဘိုးကျောက်၏မျက်လုံးက နီရဲနေပြီး သူကဒေါသထွက်နေသည်။ သူကငွေအများကြီးဆုံးရှုံးနေပြီပင်။ သူက ထိုအိမ်နှင့်ခြံကို သူ့အပိုင်အဖြစ်သတ်မှတ်ထားပြီး နောက်တစ်ကြိမ် ပျံထွက်သွားမှာကို မလိုလားပေ။ “မင်းဗိုက်ထဲက ကလေးက ပိုက်ဆံအရှုံးသမားပဲ။ ကောင်းတဲ့ပစ္စည်းတွေက ကျောက်မိသားစုနဲ့ဆိုင်တယ်။ မင်းအိမ်နဲ့မြေကိုလိုချင်ရင် ငါသေမှပဲရမယ်။”
“ဖေဖေ…လျှော့ပြောပါဦး။” ကျောက်ဖျင်ချွမ်က သူ့မိခင် မလိုလားကြောင်းသိသော်လည်း ယနေ့ကိစ္စကို အဆုံးသတ်ရမည်။ သူ့အစ်ကိုနဲ့တူလေးကို နှိပ်စက်ခဲ့တယ်ဆိုသည့် ဂုဏ်သတင်းဆိုးကို ပြန်လည်ထိန်းသိမ်းရန် သူက ထန်ချွန်းမင်ကို လိုက်လျောရမည်။ ဒါမှ ကျောက်မိသားစုက ကြင်နာတတ်လို့ အိမ်နှင့်မြေကို စွန့်လွှတ်ပေးခဲ့ကြောင်း သူပြောခွင့်ရမည်ဖြစ်၏။
“ရွာလူကြိီး… တတိယဦးလေး… ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်အစ်ကိုရဲ့ဇနီးဖြစ်ပြီး လင်းအာက ကျွန်တော့်တူပဲ။ ကျောက်မိသားစုက သူတို့ကို မတရားမလုပ်ပါဘူး။”
&&&&&&&&&&&&
Chapter 10.2
ဝမ်ချွန်းဟွာက သူ့ဘေးက ကလေးကို ခါးခါးသီးသီး ဆွဲဆိတ်လိုက်သည်။ ကောငယ်လေး ကျောက်မိန်က ယခုလေးတင် အဝတ်လျှော်ပြီးပြန်လာကာ လူကြီးတွေ ကမောက်မကဖြစ်နေတာကိုကြည့်ပြီး သူ့မျက်လုံးက နာကျင်မှုကြောင့် နီရဲနေ၏။ သို့ပေမယ့် သူက အော်ဟစ်မရုန်းကန်ခဲ့ပေ။ မဟုတ်ပါက သူ့ဖေဖေ သူ့ကို ပိုရိုက်လိမ့်မည်။
ဝမ်ချွန်းဟွာနှင့် ဘိုးဘိုးကျောက်တို့က လောဘကြီးပြီး ငွေမက်ရာမှာ တူကြသည်။ ဝမ်ချွန်းဟွာ၏ စိတ်ထဲမှာ တွက်ချက်နေပြီး သူက တာဟူ့အိမ်ကြီးကို သူ့အပိုင်အဖြစ်မှတ်ယူခဲ့တာ ကြာပြီပင်။ ယခု သူ့နှလုံးသားက ဘိုးဘိုးကျောက်လိုပင် သွေးထွက်နေ၏။ ဘိုးဘိုးကျောက်က ကျောက်တာဟူ၏အိမ်ကို မရခဲ့တာကြောင့် သူလည်း ထိုအိမ်ကို မပိုင်ဆိုင်တော့ပေ။ သူ့မျက်နှာပေါ်က အမူအရာမှာ ဒေါသဖြင့် ရှုံ့တွနေ၏။
ထန်ချွန်းမင်က ဘိုးဘိုးကျောက်၏အော်သံနှင့် ကျောက်ဖျင်ချွမ်၏ ကြင်နာမှုပြသပုံကို ဂရုမစိုက်ပေ။ သူက ရွာလူကြီး၊ တတိယဦးလေးနှင့် တခြားသော အကြီးအကဲလူကြီးများ ဆွေးနွေးနေတာကို ကြည့်နေပြီး တတိယဦးလေးက မတ်တပ်ရပ်ကာ ပြောလာ၏။ “မင်းက တာဟူရဲ့မြေကို ယူလိုက်ပြီဆိုတော့ နောင်မှာ တာဟူရဲ့မိသားစုကို လေးစားရမယ်။” ဘိုးဘိုးကျောက်လုပ်ခဲ့တာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သက်ကြီးရွယ်အိုကို မလေးစားတာက ကြီးလေးသောအပြစ်ပင်။
“ဟမ်… ဘယ်သူက သူလေးစားတာခံချင်လို့လဲ? တစ်နေ့ကျရင် သူငါ့ကို အဆိပ်ခတ်သတ်မှာကိုတောင် စိုးရိမ်နေတာ။” ဘိုးဘိုးကျောက်က စိတ်ညစ်လွန်းလို့ နှလုံးသားက သွေးယိုနေပေမယ့် သူက ကျောက်ဖျင်ချွမ်၏မျက်လုံးထဲက အကြည့်ကို တွေ့ခဲ့ရသည်။ သူ ထန်ချွန်းမင်ကို မုန်းလွန်းလို့ သူ့အသွေးအသားတွေကို စားသောက်ချင်နေ၏။
“အဲ့ဒီမြေနှစ်ဧကကို ကျောက်မိသားစုဆီ ပြန်ပေးမယ်။ အခုကစပြီး မင်ကောအာနဲ့ ကလေးနှစ်ယောက်က ကျောက်မိသားစုနဲ့မဆိုင်တော့ဘူး။ ဘိုးဘိုးကျောက်က မင်ကောအာကို နှိပ်စက်ဖို့ အသက်အရွယ်ကို အသုံးမပြုရဘူး။ မဟုတ်ရင် ဖခင်တစ်ယောက်ဖြစ်တဲ့ ငါက မင်ကောအာကို ဖျင်ရှန်ရွာမှာ ဘယ်လိုထားခဲ့နိုင်မှာလဲ။” ရုတ်တရက် မရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာသည်။ ထန်ချွန်းမင်နှင့် ထန်ချွန်းရုံက အံ့အားသင့်သွား၏။ ထိုစကားပြောခဲ့သူမှာ ထန်ချွန်းမင်၏မိထွေး ဝမ်ယင်ဖြစ်၏။
ဝမ်ယင်ရှေ့မှ လူတွေက လမ်းဖွင့်ပေးလိုက်သည်။ လူတော်တော်များများက သူ့ကို တစ်ခါမှမမြင်ဖူးပေ။ သို့သော် ကျန်းရှန်ရွာမှာ အိမ်ထောင်ကျခဲ့သူများက သူ့ကိုသိကြသည်။ အရှေ့မှာရပ်နေသော လူတွေအများကြီးရှိပြီး ဝမ်ယင်က အနောက်မှာရပ်နေ၍ သူ့ကို ဘယ်သူမှ သတိမထားမိခဲ့ပေ။ “ထန်မိသားစု? မင်ကောအာရဲ့ ဖေဖေလား?”
တတိယဦးလေးက ခဏလောက်တိတ်ဆိတ်သွားသည်။ သူက မင်ကောအာမှာ သူ့ဖခင်(ကော)၏ အထောက်အပံ့မရှိဟု ထင်ခဲ့ပေမယ့် ထိုမိထွေးဖြစ်သူက ရုတ်တရက်ပေါ်လာပြီး သူ့ကို ခေါင်းကိုက်စေခဲ့သည်။ ဒါကြောင့် လူကြီးတစ်ယောက်ဖြစ်၍ သူက မင်ကောအာကို ဖိနှိပ်လို့မရတော့ပေ။ ထားလိုက်တော… အရာအားလုံးကို ထန်ချွန်းမင်၏စိတ်တိုင်းကျ ဖြစ်ခွင့်ပေးလိုက်မည်။ ကောတစ်ယောက်က မိသားစုကို ထောက်ပံ့နိုင်တယ်လို့ သူမယုံပေ။ ဒီလိုဆိုရင် မင်ကောအာတစ်ခုခုဖြစ်လာပါက ကျောက်မိသားစု အပြစ်မဖြစ်တော့ပေ။
ဝမ်ချွန်းဟွာက နောက်ပြန်ဆုတ်သွားသည်။ ဝမ်ယင်နဲ့ယှဥ်လျှင် သူ့အရည်အချင်းက ဘာမှမဟုတ်ပေ။ ဝမ်ယင်၏ ကျွမ်းကျင်မှုက ရွာမှာလူသိများပြီး သူတို့နှစ်ယောက်လုံးက ဝမ််မိသားစုကျေးရွာက လာခဲ့တာဖြစ်၏။
ဝမ်ယင်က ထန်ချွန်းမင်ထံလျှောက်လာပြီး ရွာလူကြီးနှင့် မျိုးနွယ်စုအကြီးအကဲများကို နှုတ်ဆက်လိုက်သည်။ ထန်ချွန်းမင်က ဝမ်ယင်၏နောက်မှာ လိမ္မာပါးနပ်စွာရပ်နေ၏။ ဝမ်ယင်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ ဤမယားပါသားက ယခင်က ကျိုးနွံသော်လည်း ယခုတော့အပေါ်ယံသာဖြစ်ပြီး အတွင်းစိတ်ပြောင်းလဲသွားလေပြီ။ အမှန်မှာ သူက သူ့မယားပါသား၏ စိတ််ထား အမှန်တကယ်ပြောင်းလဲသွားပြီး အနာဂတ်မှာ အားရုံကို ဆွဲမချဖို့ မျှော်လင့်သည်။
ဒါကြောင့် သူက တစ်ဖက်လူကို အဆုံးထိကူညီဖို့ ဆန္ဒရှိပြီး ဝမ်ယင်က ရွာလူကြီးကို နှုတ်ဆက်ပြီးနောက် ပြောလိုက်၏။ “ငါအရင်က လူဆိုးမဖြစ်ချင်ခဲ့ပါဘူး။ အခု တာဟူဆုံးသွားပြီဆိုတော့ ငါအရင်ကလို မလုပ်တော့ပဲ ငါသူ့ကို အဖေတစ်ယောက်လို ကူညီမယ်။ ဖျင်ရှန်ရွာမှာ ငါ့သား မနေနိုင်တော့ဘူးဆိုရင် သူ့မှာ ကျန်းရှန်ရွာရှိပါသေးတယ်။”
ယင်းမှာ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်၏။ သူတို့ မင်ကောအာ၏အိမ်နှင့်မြေကို အပိုင်သိမ်းပြီး မင်ကောအာကို ဖျင်ရှန်ရွာမှ မောင်းထုတ်လိုက်ပါက ဖျင်ရှန်ရွာသားများသည် တခြားရွာကို မျက်နှာပြနိုင်တော့မှာမဟုတ်ပေ။ ဘယ်သူက သူတို့ရဲ့ကောတွေကို ဖျင်ရှန်ရွာမှာ လက်ထပ်ခိုင်းတော့မှာလဲ? တတိယအကြီးအကဲဦးလေး၏ မျက်နှာကလည်း နီရဲလာသည်။
မျိုးနွယ်စုအကြီးအကဲများက မျက်လုံးချင်းဆက်သွယ်နေပြီး ယခုချိန်က ခက်ထန်နေဖို့ အချိန်မဟုတ်တာကြောင့် ယင်းကိစ္စကို ဖြေရှင်းဖို့ ရွာလူကြီးကို အချက်ပြလိုက်ပြီး မင်ကောအာနှင့် သူ့ဖခင်(ကော)ပြောသည့်အတိုင်း လုပ်ဖို့ အကြံပေးခဲ့သည်။ ရွာလူကြီးက အသက်ရှုကြပ်သွားသည်။ သူ မူလက မင်ကောအာကို မြေနှစ်ဧကခွဲပေးဖို့ စီစဥ်ထားတာဖြစ်၏။ ဤလယ်တွေက တစ်ခုခုထွက်ရင် သူတို့ဗိုက်ကိုဖြည့်နိုင်ပေမယ့် တတိယဦးလေးက လက်မခံခဲ့ပေ။
“ဒါဆို ကျောက်မိသားစုရဲ့ ဆန္ဒအလျောက် မင်ကောအာနဲ့ ထန်မိသားစုရဲ့ ဆန္ဒအတိုင်းပါပဲ။ အိမ်နဲ့ တောင်ပေါ်မြေငါးဧကကို ထန်ချွန်းမင်ရဲ့ အိမ်ထောင်စုက ပိုင်ပါမယ်။ ကျောက်လင်းအာနဲ့ မင်ကောအာဗိုက်ထဲက ကလေးက ကျောက်မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ နောင်မှာ မင်အောကာနဲ့ ကလေးတွေ အခက်ကြုံရင် သူတို့ ကျောက်မိသားစုကို ရှာခွင့်မရှိတော့ဘူး။ တတိယဦးလေးနဲ့ ကျောက်မိသားစုက ဘယ်လိုထင်လဲ?”
မူလက ဘိုးဘိုးကျောက် ကန့်ကွက်ချင်ခဲ့သည်။ တောင်ပေါ်မြေက သူ့သားချန်ခဲ့တာဖြစ်သော်လည်း ဤအပျက်ကောင်က ရသွားခဲ့သည်။ သို့ပေမယ့် ထိုအပျက်ကောင်နှင့် သူ့သား သေရင်တောင် သူတို့ကို ရှာခွင့်မရှိတော့ဘူးလို့ ကြားလိုက်ရသောအခါ သူစိတ်သက်သာရာရသွားသည်။ ဝမ်ယင်က သူ့သားကိုယ်စား ရှေ့တိုးလာသော်လည်း ဘိုးဘိုးကျောက်၏ အမြင်မှာတော့ ထိုလင်ပါသားက ထန်မိသားစုကို ပြန်လာပြီး သူ့ကို မှီခိုနေမှာစိုးရိမ်တာကြောင့် သူက အိမ်နှင့်မြေအတွက် တိုက်ခိုက်ပေးခဲ့တာဖြစ်၏။ သို့သော် ထန်ချွန်းမင် အသက်ရှင်ဖို့ ရုန်းကန်နေရရင် ဝမ်ယင်ဂရုစိုက်မှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူက ထိုခွေးကောင် ဒူးထောက်ပြီး အစာတောင်းနေမှာကို မြင်ချင်သည်။ သူ ယနေ့တော့ အလျှော့ပေးလိုက်မည်။
ရွာလူကြီးက ထက်မြက်သည်။ သူ့စကားတွေက တခြားလူတွေလောက် ကျေနပ်စရာမကောင်းပေမယ့် ဘိုးဘိုးကျောက်၏ ရင်ထဲထိသွားခဲ့သည်။ ဘိုးဘိုးကျောက်က မကန့်ကွက်တော့ပဲ ပေါင်ကိုရိုက်ကာ “ငါတို့မိသားစုက သူ့ကိုရွံလို့ ကျောက်မိသားစုရဲ့ တမင်းတစ်လုပ်တောင် ကျွေးမှာမဟုတ်ဘူး။ အဲ့ဒီအစား အမှိုက်ပုံးထဲသွန်ပြီး ကြက်နဲ့ဝက်ကိုပဲကျွေးလိုက်မယ်!”
“ကျွန်တော်တို့ သေလောက်အောင် ဗိုက်ဆာနေလည်း ကျောက်မိသားစုရဲ့ အိမ်ကို မလာဘူးလို့ ကတိပေးတယ်။ ကျွန်တော်တို့ထန်မိသားစုမှာ ကျောရိုးရှိနေတုန်းပဲ။” ထန်ချွန်းမင်ကလည်း ပြောလိုက်၏။
“ကောင်းပြီ။ အားလုံးညှိုနှိုင်းပြီးပြီ။ ဘိုးဘိုးကျောက်နဲ့ အကြီးအကဲကျောက်က မင်ကောအာကို အိမ်ထောင်စုအသစ်ထူထောင်ပေးဖို့ ငါနဲ့ စာရွက်စာတမ်းတွေ လိုက်ဖြည့်ပေးပါ။ အခုကစပြီး မင်ကောအာက ဖျင်ရှန်ရွာသားဖြစ်သွားလို့ ငါတို့က ကောတစ်ယောက်ကို မောင်းထုတ်လိုက်တယ်လို့ ဘယ်သူမှမပြောရဘူး။” ရွာလူကြီးက ခက်ခက်ထန်ခန်ပြောလိုက်၏။
ကျောက်မိသားစုခြံဝင်းထဲမှ လူတစ်ယောက်ပြေးထွက်လာပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ ဖျင်ရှန်ရွာရှိ ကောနှင့် အမျိုးသားများက အထင်သေးသလို ကြည့်လိုက်သည်။ ထိုယောကျာ်းမျိုးက အထင်သေးစရာကောင်း၏။ သူ့ဖခင်က အပြင်မှာ ဒုက္ခရောက်နေပေမယ့် သူက အိမ်ထဲမှာ ပုန်းနေခဲ့သည်။ ဘိုးဘိုးကျောက်က အိမ်မှာဘာမှမလုပ်ပဲ နေနေတဲ့ ဒီလိုယောကျာ်းမျိုးကို အားကိုးလို့ရလား? ကျောက်တာဟူဆုံးပါသွားတော့ သူအားကိုးနိုင်သည့် တစ်ဦးတည်းသောလူမှာ ကျောက်လောင်စန်းဖြစ်၏။ ကျောက်လောင်စန်းက အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ သူသိချင်မိသည်။