Chapter 38.1
ထန်ချွန်းမင်က လာရောက်ရှင်းပြပေးသည့် ဆိုင်ရှင်ချီကို ကျေးဇူးတင်ရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ထန့်ယွီနှင့် ဆိုင်ရှင်ချီက သူနဲ့အလုပ်တွဲလုပ်ရန် တရားဝင်သောနည်းလမ်းများကိုသာ သုံးခဲ့ကြသည်။ အထူးသဖြင့် မျိုးရိုးနာမည်မုန့်၏ ရွံစရာကောင်းသော အပြုအမူကြောင့် နှိုင်းယှဥ်ပြီးနောက် ထန်ချွန်းမင်က ကျင်းကျိဘက်ကိုသာ မျက်နှာသာပေးခဲ့သည်။
ထန်ချွန်းမင်က မုန့်မိသားစုကို အလွန်အော်ဂလီဆန်ကြောင်း ဆိုင်ရှင်ချီက ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သဖြင့် သူတို့က မု့န်မိသားစုနှင့် ဖူမန်ထန်၏ လျှို့ဝှက်နည်းလမ်းများကို ပိတ်ဆို့ထားသရွေ့ ထန်ဖူလန်က တစ်ဖက်လူဘက်ကို လုံးဝပါသွားမှာမဟုတ်ပေ။ ဤအတွေ့အကြုံပြီးသွားတော့ သူတို့၏ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးက ပိုမိုတည်ငြိမ်လာသည်။ ထိုအကြောင်းစဥ်းစားပြီးနောက် သူက မုန့်မိသားစုနှင့် ဖူမန်ထန်ကို ကျေးဇူးတင်သင့်သည်။ လူတိုင်းက ခြိမ်းခြောက်ခံမှာမဟုတ်သလို လာဘ်ပေးခြင်းတို့ ခံရမှာလည်းမဟုတ်ပေ။
ထန်ချွန်းမင်က တစ်ခုခုကိုသတိရသွားပြီး လီဖုန်းနှင့် ဆိုင်ရှင်ချီကိုမေးလိုက်သည်။ “ ကျောက်လောင်စန်းနဲ့ ရှန်းမိသားစုက အဆင်ပြေသွားပြီလား?” သူသည် လွန်ခဲ့သည့်နှစ်ရက်က ထိုလူနှင့် အတူနေထိုင််ခဲ့တာကြောင့် သူ့မှာ အပြင်ကမ္ဘာအတွက် စိတ်ပူဖို့အချိန်မရှိခဲ့ပေ။ သူက ကျောက်လောင်းစန်ကို ရင်ထဲမှာ တေးမှတ်ထားလိုက်သည်။ သူက သေချာပေါက် လက်စားချေချင်တာပေါ့။
“သူတို့ဇာတာဖလှယ်ပြီး ဇာတာခွင်တိုက်ပြီးသွားပြီ။ အဲ့ဒါက ကောင်းကင်ဘုံဖူးစာလို့လည်း ပြောနေကြတယ်။” ဤသည်မှာ ဆိုင်ရှင်ချီ ကြားခဲ့သော သတင်းဖြစ်သည်။
“အောင်သွယ်တော်ရောက်လာတဲ့နေ့မှာ ကျောက်လောင်စန်းမရှိခဲ့ဘူးလို့ကြားတယ်။ ဘိုးဘိုးကျောက်ကတော့ နေရာမှာတင် သဘောတူခဲ့တယ်။ ကျောက်မိသားစုရဲ့ တတိယဦးလေးက သူတို့အိမ်ကိုလာပြီး ဘိုးဘိုးကျောက်ကို ဆူသွားတယ်လို့ကြားတယ်။ သူက ဒီအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တော်တော်စိတ်ပူနေပုံပဲ။ သူ့မှာအကောင်းမြင်စိတ်မရှိပေမယ့် အခုတော့ နောက်ဆုတ်လို့မရတော့ဘူး။
ဤသည်မှာ လီဖုန်းကြားခဲ့သောအရာဖြစ်ပြီး အထူးသဖြင့် ကျောက်မိသားစုက မင်ကောအာကို ပြဿနာရှာပြီးနောက်တွင် သူက ကျောက်မိသားစု၏လှုပ်ရှားမှုကို ပိုပြီးအာရုံစိုက်ခဲ့သည်။ သို့ဖြစ်၍ သူသည် အမျိုးသားတစ်ယောက်ဖြစ်သော်လည်း ကောတစ်ယောက်ဖြစ်သည့် ထန်ချွန်းမင်ထက် ကောလာဟလများကို ပိုဂရုစိုက်ခဲ့သည်။
“ကျောက်လောင်စန်း ပြန်မလာသေးဘူးလား?” ထန်ချွန်းမင်က ထိုစကားများကြားသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့မျက်ဝန်းက တောက်ပလာခဲ့သည်။
လီဖုန်း၏မျက်လုံးထဲမှာလည်း အပြုံးတစ်ခုပေါ်လာပြီး သူကပြောလိုက်သည်။ “မသိသေးဘူး။… သူ ခရိုင်မြို့ကိုသွားတယ်လို့ကြားတယ်။” ဘိုးဘိုးကျောက်က ရွာထဲမှာ သတင်းဖြန့်ခဲ့သည်။ ခရိုင်မြို့က အဆင့်မြင့်အရာရှိတစ်ဦးက ကျောက်လောင်စန်းကို ဧည့်သည်တစ်ယောက်အဖြစ် ဖိတ်ထားတဲ့သတင်းဖြစ်၏။
“ဟားဟား.. ကျောက်လောင်စန်းပြန်လာတာကို မစောင့်နိုင်တော့ဘူး။” ထန်ချွန်းမင်က ဝမ်းသာအားရပြုံးလိုက်ပြီး ငါးခိုးလာသော မြေခွေးတစ်ကောင်လိုပင်။ လီဖုန်းက သူ၏ ဤတစ်ဖက်ခြမ်းကို အများကြီးသဘောကျတာကြောင့် ထိုအပြုအမူမှာ ဘာအမှားမှရှာမတွေ့ခဲ့ပေ။ သူ့အတွက်တော့ လက်နက်မသုံးပဲ ရန်သူကိုအနိုင်တိုက်ခြင်းက သဘောကောင်းလွန်းလှပြီဖြစ်၏။ သူသဘောကျသော လူကလည်း ကျေးဇူးတရားနှင့် အာဃာတကို ရှင်းရှင်းလင်းလင်း ပိုင်းခြားနိုင်သည့်လူဖြစ်ဖို့သာ မျှော်လင့်သည်။ မင်ကောအာ၏ ဤအချက်ကို သူအလွန်သဘောကျလေသည်။
“ဟားဟား…”ဆိုင်ရှင်ချီကလည်း နားလည်သည်။ ဤမြေခွေးအိုကြီးက ပွဲကြည့်ဖို့ ဖျင်ရှန်ရွာမှာမနေနိုင်တာ နှမြောစရာပင်။ သူက ကျောက်မိသားစု၏လှုပ်ရှားမှုများကို အာရုံစိုက်ထားဖို့ ရှောင်ရွှင်းကျိကို မှာထားလေသည်။ တစ်ခုခုဖြစ်ရင် သူ့ကို အချိန်မီသတင်းပို့ဖို့ပြောခဲ့သည်။
ထွက်လမ်းမရှိတာကိုသိသော ထန်ချွန်းမင်က လီဖုန်းကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ခဲ့သည်။ ဤမိသားစုက ကိစ္စတွေကို စီမံဖို့ လူတစ်ယောက်လိုအပ်သည်။ ထို့အပြင် သူ့မှာ စောင့်ကြည့်ရေးကာလခြောက်လရှိသည်။ သူ ကျရှုံးခဲ့ပါက ထန်ချွန်းမင်က မာနကြီးစွာပင် သူ့ကို ငြင်းလိုက်မှာဖြစ်သည်။
ဆိုင်ရှင်ချီမထွက်ခွာမီတွင် ရှောင်ရွှင်းကျိက တစ်နေ့တာ ဟင်းသီးဟင်းရွက်ရိက္ခါငွေကိုတွက်ကာ ထန်ချွန်းမင်ကို ချက်ချင်းပေးချေခဲ့သည်။ ထိုအချိန်တွင် ထန်ချွန်းမင်က ပိုက်ဆံယူကာ နေရာလွတ်ထဲသို့ထည့်လိုက်သည်။ ယခု သခွားသီးများကို ခူးဆွတ်နိုင်ပြီဖြစ်ပြီး အကြိမ်တိုင်းမှာ ရောင်းဝယ်ဖောက်ကားသည့် အရေအတွက်တိုးလာတာကြောင့် ဝင်ငွေမနည်းလှပေ။ သူ့စိတ်ထဲတွင် စာရင်းတွက်ပြီးနောက် အနောက်ဘက်က တောင်ကိုဝယ်မည့် နေ့ရက်နီးလာပြီဟု တွေးလိုက်လေသည်။
ဤအခြေအတိုင်းဆိုလျှင် တခြားပစ္စည်းများထည့်ရန် ရက်ဘယ်လောက်ကြာမလဲဟု သူတွေးလိုက်သည်။ အိမ်ပြန်လာသော လီဖုန်းက ထန်ချွန်းမင်ကို သေတ္တာတစ်လုံးပေးပြီး ပြောလိုက်သည်။ “အခုကစပြီး ဒါတွေကို မင်းထိန်းသိမ်းပေးပါ”
သူ၏ဖြောင့်မှန်သောလေသံကိုကြားသောအခါ ထန်ချွန်းမင်၏နှုတ်ခမ်းက လှုပ်သွားပေမယ့် သူက မေးလိုက်သေးသည်။ “ဒီထဲမှာဘာတွေလဲ?” ရှင်းရှင်းပြောရမှာပေါ့….မရှင်းပြပဲ သိမ်းထားပေးစေချင်တာလား? ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ? လျော်ကြေးပေးဖို့ပါ တာဝန်ယူရမှာလား?
သေတ္တာကို သော့မခတ်ထားတာကြောင့် လီဖုန်းက ထန်ချွန်းမင်အရှေ့မှာပဲ ဖွင့်ပြလိုက်သည်။ အထဲမှာဘာရှိလဲ မြင်သွားသောအခါ ထန်ချွန်းမင်၏မျက်လုံးက ပြူးကျယ်သွားပြီး သူအမြင်မှားသလား မျက်လုံးကိုပင် ပွတ်ကြည့်မိသည်။
ဤသေတ္တာကမသေးပေ။ အပေါ်ဆုံးလွှာမှာ ငွေကျောက်ဆူးနှင့် ရွှေရွက်များဖြင့် ဖုံးအုပ်ထားသည်။ ရွှေငွေနှင့်ပင် သူ့မျက်လုံးကို ပြိုးပြိုးပြက်ပြက်နိုင်စေသည်။ ထန်ချွန်းမင်က သူ့ပေါင်ကိုဆွဲဆိတ်ကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ သူဟာ သူဌေးတစ်ယောက်ကိုတွေ့ခဲ့ရပြီး ထိုလူသည် ငွေတွေဖွက်ထားပြီး ဆင်းရဲသားလိုပင် သူ့အိမ်မှာနေ့တိုင်းစားခဲ့သည်။ မတိုင်ခင်က ထန်ချွန်းမင်သည် စားစရိတ်တောင်းဖို့ တွေးထားပေမယ့် သူ အိမ်မှာအလုပ်ရှုပ်နေပြီး အလုပ်ကြိုးစားနေတာကိုတွေ့တော့ ထန်ချွန်းမင်က အလျှော့ပေးပြီး စားသောက်စရိတ်ကို လုပ်အားခအဖြစ်သာ သတ်မှတ်ခဲ့သည်။
“ခင်ဗျား…သူဌေးကြီး” ထန်ချွန်းမင်က သေတ္တာကို ရုတ်တရက်ပိတ်လိုက်ပြီး အားကျသောမျက်ဝန်းဖြင့် ပြောလိုက်သည်။ “ခင်ဗျားအမျိုးတွေ ဒီအကြောင်းသိသွားရင် သူတို့အော်ငိုပြီး ခင်ဗျားကို အသနားခံလိမ့်မယ်။” သူက သေတ္တာကို လီဖုန်းထံတွန်းပို့ပြီး သူအားကျနေသော်လည်း ဤအရာများက သူ့အပိုင်မဟုတ်ပေ။
“လွန်ခဲ့တဲ့ငါးနှစ်က ငါ့ကိုလုပ်ကြံပြီး ဖျင်ရှန်ရွာကနေ ထွက်သွားခိုင်းတည်းက ငါ သူတို့ကိုလေးစားဖို့ မတွေးထားဘူး။ အဲ့ဒီချိန်တုန်းက သူတို့ဆီက အစားတစ်လုပ်စားမယ့်အစား အပြင်မှာငတ်သေတာက ပိုကောင်းမယ်လို့တွေးခဲ့တာ။” ဒါကြောင့် သူ့ပိုက်ဆံတွေကို မျှဝေပေးမှာမဟုတ်ပေ။ တခြားသူတွေက ကြားလျှင် သူ့ကို အငြိုးကြီးတယ်လို့ ပြောလိမ့်မည်။ တကယ်တော့ ထိုလူတွေက သူ့ဖခင်၏ဝမ်းကွဲများဖြစ်သည်လေ… သူ့ဖခင်အတွက်ကြောင့် သူလွန်လွန်ကဲကဲမလုပ်နိုင်ပေ။
သို့သော် သူ့ရှေ့ကလူက သူနဲ့တူတူပဲမို့ သူတို့က မျက်နှာရဖို့အတွက်နဲ့ ကိုယ့်ကိုကိုယ် တွန်းအားပေးမည့်လူတွေမဟုတ်တာကို သူသိသည်။ ကျောက်မိသားစုနှင့် အဆက်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည့် အချက်ကနေ သူ ဤအရာကို မြင်နိုင်ခဲ့သည်။
ထို့နောက် သူက ထန်ချွန်းမင်၏လက်ထဲသို့ သေတ္တာတွန်းပို့လိုက်ပြီး ဆက်လက်ရှင်းပြလိုက်သည်။ “မင်းက ဒီအိမ်ရဲ့အကြီးအကဲမို့ သေချာပေါက် မင်းသိမ်းထားရမှာပေါ့။ ငါက ငွေပဲသုံးရမှာ။ ငွေရှာနည်းနည်းပဲသိတာ။ ဒီနေရာမှာ စစ်ပွဲမရှိတော့ ငါသိမ်းထားရင် အကုန်သုံးမိလိိုက်လိမ့်မယ်။”ကျင်းကျိဆိုင်၏ပိုက်ဆံကို မင်ကောအာထံ ကမ်းပေးလိုက်သည့်အချိန် သူ ဤအရာကိုနားလည်ခဲ့သည်။ သူ၏ ယခင်အမူအရာကို ဆန်ပျော့စားခြင်းလို့ သတ်မှတ်လို့ရသည်။
ဒါကိုဘယ်လိုလက်ခံနိုင်မှာလဲ? ကောတစ်ယောက်က အမျိုးသားတစ်ယောက်ကို ဘယ်လိုထောက်ပံ့နိုင်မှာလဲ? သူ့လို လူသန်ကြီးကမှ အိမ်ကိုထောက်ပံ့သင့်တာမလား? ဒါကြောင့် သူက အိမ်မှာရှိသည့် ငွေကိုသတိရသွားကာ အမြန်ယူလာခဲ့ခြင်းဖြစ်သည်။
သူပြန်တွန်းပေးတာကိုတွေ့တော့ ထန်ချွန်းမင်က ဝမ်းသာသွားသည်။ ထိုလူက သူ့ပိုင်ဆိုင်မှုများကို သူ့လက်ထဲအပ်ထားခဲ့သည်။ ယခုချိန်မှစ၍ သူ၏ဘဏ္ဍရေးအသက်သွေးကြောက သူ့လက်ထဲ၌ရှိပေမည်။ သူ့ကို အနိုင်ယူချင်သေးလား ကြည့်ကြတာပေါ့။ ထန်ချွန်းမင်၏ရင်ထဲက ဗီလိန်ဟာ အလွန်ပျော်ရွှင်နေခဲ့သည်။
မျက်နှာပေါ်ကအပြုံးတစ််ခုဖြင့် သူက သေတ္တာကိုဖွင့်လိုက်သည်။ သာမန်လူဆိုးလေးတစ်ယောက်က ဂုဏ်ယူနေပြီး သူက အတွင်းမှာရှိသော ငွေပြားနှင့် ရွှေပြားကိုရေတွက်ကာ ပြောလိုက်သည်။ “ဒါ ခင်ဗျားဆုံးဖြတ်ချက်နော်။ ဘာမှမပြောတော့ဘူးလား။ ကျွန်တော့်လက်ထဲရောက်ရင် ပြန်မပေးတော့ဘူးနော်။ ဒီထဲမှာ ငွေဘယ်လောက်ရှိလဲ?”
လီဖုန်းက ရလဒ်ကိုကျေနပ်သွားသည်။ သူပေးပြီးလျှင် ခန်းဝင်ပစ္စည်းများကို ပြန်မရနိုင်တော့ဘူးဆိုတာသိသည်။ သို့ဖြစ်၍ ဤကောလေးက သူ့ကိုလက်ထပ်ဖို့ မငြင်းဆန်နိုင်တော့ပေ။ သူက အိမ်ကိုလည်း ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဝင်ထွက်သွားလာလို့ရပြီ။ မင်ကောအာ၏ ပြုံးနေသောမျက်နှာကို မြင်သောအခါ သူက ပြောလိုက်သည်။ “အနည်းဆုံးငွေပြားတစ်ထောင်လောက်တော့ရှိမယ်။ အတိအကျမရေထားဘူး။”
ထန်ချွန်းမင်လက်ထဲရှိ ငွေပြားလေးက လွတ်ကျသွားပြီး စားပွဲအောက်သို့ ချော်ထွက်သွားသည်။ ထန်ချွန်းမင်၏မျက်လုံးမှာ ပြူးကျယ်လာပြီး ထိုလူကို မယုံကြည်နိုင်သလိုကြည့်ကာ သူ့အသံက ကျယ်သွားခဲ့သည်။ “အနည်းဆုံးငွေပြားတစ်ထောင်? ခင်ဗျားတကယ်ပြောနေတာလား?”
လီဖုန်းက ပြုတ်ကျသွားသော ငွေပြားကိုကောက်ကာ စားပွဲပေါ်တင်လိုက်ပြီး သေတ္တာ၏အပေါ်ဆုံးလွှာကို ဖွင့်လိုက်သည်။ ထန်ချွန်းမင် ခေါင်းငုံ့လိုက်တော့ အထဲမှာ ငွေအများကြီးရှိနေတာကို တွေ့လိုက်ရသည်။ အထူအပါးကိုကြည့်ပြီး ဘယ်လောက်များလဲသိနိုင်သဖြင့် သူက အသက်ပြင်းပြင်းရှူကာ ခေါင်းခါလိုက်သည်။ ဒါက…တကယ်ကို လူချမ်းသာမဟုတ်ဘူး…ဒေသခံသူဌေးပဲ….
ငွေဒါဇင်သို့မဟုတ် ရာဂဏန်းသာရှိလျှင် သူငြင်းချင်ယောင်ဆောင်မှာပေမယ့် အခုက ငွေပြားတစ်ထောင်တဲ့လား? မဖြစ်ဘူး…အကုန်ယူရမယ်.…. ထန်ချွန်းမင်က စားပွဲပေါ်က ရွှေနှင့်ငွေပြားများကို သေတ္တာထဲပြန်ထည့်ကာ လက်မောင်းထဲထည့်သယ်ပြီး လီဖုန်းရှေ့မှာတင် နေရာလွတ်ထဲထည့်မိမလိုဖြစ်သွားခဲ့သည်။ အနည်းဆုံးတော့ သူ့မှာ ကျိုးကြောင်းဆီလျော်မှုရှိပါသေးတယ်။ “ဟားဟား…ခင်ဗျားပြောပြီးပြန်ယူလို့မရဘူးနော။ အခု ကျွန်တော်ထိန်းချုပ်လိုက်ပြီ။ ကျွန်တော် တောင်တစ်လုံးဝယ်ချင်တယ်။ တောင်ပေါ်မှာ သစ်သီးဝလံတွေ စိုက်ပျိုးချင်တယ်။ သိုးနဲ့ကြက်ပေါက်တွေအများကြီးမွေးချင်တယ်။ စားသောက်ဆိုင်လည်းဖွင့်ချင်တယ်။ အိမ်မှာထိုင်ပြီး ပိိုက်ဆံစုဆောင်းလို့ရတဲ့ သူဌေးဖြစ်ချင်တယ်။”
“ကောင်းပြီ…မင်းပြောသမျှ ကိုယ်နားထောင်မယ်။” လီဖုန်းက မျက်ခုံးပင့်ပြီး အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။ ယွိမုသာ သူတို့သူဌေး၏အမူအရာကိုမြင်လျှင် သူ သေချာပေါက်လန့်သွားမှာဖြစ်၏။
“ဟုတ်ပြီ…ဒါဆို ဒီနေ့ ခင်ဗျားကို ဆုချတဲ့အနေနဲ့ ကောင်းကောင်းချက်ကျွေးမယ်။” ထန်ချွန်းမင်က ရက်ရောသလို ပြောလိုက်၏။
“ကောင်းပြီ…” သူက မငြင်းဆန်ခဲ့ပေ။
ထန်ချွန်းမင် ထိုနေ့က အလွန်ရက်ရောခဲ့သည်။ သူက ဝက်သားဝယ်ကာ လီဖုန်းကို တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တချို့ အမဲလိုက်ဖို့ပြောခဲ့သည်။ အိမ်စိုက်ဟင်းသီးဟင်းရွက်များဖြင့် စားပွဲတစ်ခုလုံးပြည့်အောင် ချက်ပြုတ်ထားသည်။ ယင်းမှာ ကျန်းရှို့မိသားစု၊ ဝမ်မော့၊ လီကျန့်နှင့် ဦးလေးကျောက်လျို၏ မိသားစုအတွက်ပါ လုံလောက်သည်။ သူက သူတို့ကို အိမ်မှာထမင်းလာစားဖို့ ဖိတ်ခေါ်လိုက်ပေမယ့် ဝမ်မော့၏ခင်ပွန်းက လာဖို့ရှက်နေခဲ့သည်။
ရှန်းဖူလန်နှင့် လီကျန့်ရောက်လာခဲ့ပြီး ကျောက်လျိုကလည်း သူ့အကြီးဆုံးမြေးလေးကို ခေါ်လာခဲ့သည်။ သူတို့က ဆူညံစွာစားသောက်ခဲ့ကြသည်။ ကျန်းရှို့နှင့် တခြားသူများက ထန်ချွန်းမင်ကို ဘာလို့ထမင်းစားဖိတ်တာလဲ မေးချင်ပေမယ့် သူက အမှန်တိုင်းမပြောခဲ့ပေ။ ထန်ချွန်းမင်က သူ့နေရာလွတ်မှာ ငွေပြားထောင်ကျော်ရှိပြီး သူ၏ပျော်ရွင်မှုကို မျှဝေဖို့ လူတစ်ယောက်ကိုရှာနေကြောင်း မပြောပြနိုင်ခဲ့ပေ။
အဆုံးမှာ ထန်ချွန်းမင်က လီဖုန်းနဲ့ တရားဝင်အခြေချနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရှန်းဖူလန်က အရိပ်အမြွက်ပြလိုက်ရသည်။ တကယ်တော့ ဤအရာက အောင်ပွဲခံညစာဖြစ်ပြီး လက်သင့်ခံနိုင်သည့်အရာပင်။ တစ်စုံတစ်ယောက်ရဲ့ပိုက်ဆံကိုယူရင် အလဲအလှယ်အနေနဲ့ တစ်ကိုယ်လုံးပေးရမယ်မလား?
နောက်တစ်ရက်တွင် လီဖုန်းက ထန်ချွန်းမင်၏ခြံအသစ်ကို မြင်းခေါ်လာခဲ့ပြီး ထိုနေရာတွင် အခြေချနေထိုင်ခဲ့သည်။ လေနှင့်မိုးမှကာကွယ်ရန် တိရစ္ဆာန်များ၏ဘေးတွင် တဲတစ်လုံးဆောက်လုပ်ခဲ့သည်။ ပုံမှန်ဆိုလျှင် တာမောင်းနှင့်အာမောင်းက လီဖုန်း၏အိမ်မှာ ကိုယ်ခံပညာသွားသင်ပြီး ယခုမူ သူတို့က ထန်ချွန်းမင်၏အိမ်ကို လာရတော့သည်။ သူတို့က မနက်ခင်းတွင် ထန်ချွန်းမင်နှင့် လက်ရေးလှလေ့ကျင့်ပြီး နေလည့်မှာတော့ လီဖုန်းထံမှ ကိုယ်ခံပညာသင်ယူကာ တစ်နေကုန်ထိုနေရာမှာနေလေ့ရှိသည်။
လီဖုန်းက ထန်ချွန်းမင်၏စိုးရိမ်မှုကို သတိထားမိပုံရသည်။ သူက အားလင်းနဲ့ အချိန်ပိုဖြုန်းပေးသည်။ မင်ကောအာက သူ့ကို လူတစ်ဦးအဖြစ် လက်ခံထားပေမယ့် အားလင်းကသာ သူ့ကို ပထွေးအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလျှင် သူ့မှာ စိုးရိမ်စရာရှိမည်မဟုတ်တော့ပေ။
လီဖုန်းက ခြံအသစ်၌ သူ့မြင်းကိုရေချိုးပေးနေပြီး ကလေးတွေက ထိုင်ကြည့်နေသည်။ ခွေးသုံးကောင်နှင့် ဘဲနှစ်ကောင်ကိုထည့်တွက်လျှင် ရှုခင်းက အသက်ဝင်လွန်းတာကြောင့် ထန်ချွန်းမင်ကလည်း ဗိုက်ပူကြီးဖြင့် သူတို့နဲ့အတူ စောင့်ကြည့်ဖို့သွားခဲ့သည်။ အခြေအနေကခွင့်ပြုလျှင် သူက မြင်းစီးထွက်ချင်သေးသည်။
“မင်းဘာလို့ဒီရောက်နေတာလဲ?” လီဖုန်းက ထန်ချွန်းမင်ရောက်လာတာကိုတွေ့တော့ ထိတ်လန့်သွားသည်။ သူက ထန်ချွန်းမင် ဗိုက်တစ်လုံးဖြင့် ပေါ့ပေါ့တန်တန် လမ်းလျှောက်ထွက်သည်ကိုမြင်တိုင်း လန့်ဖျပ်သွားတတ်သည်။ သူက တခြားကောလေးတွေ ဗိုက်လွယ်ထားရတာကို မမြင်ဖူးတာမဟုတ်ပေမယ့် ဘယ်သူကမှ မင်ကောအာနှင့်မတူပေ။ အမှန်တိုင်းဆိုရလျှင် ထန်ချွန်းမင်၏ လက်ရှိအခြေအနေဖြင့် ပန်းရောင်သန်းနေသော မျက်နှာကလွဲ၍ ကျန်တာက အလွန်ကြောက်ဖို့ကောင်းသည်။ အထူးသဖြင့် သူလမ်းလျှောက်သောပုံစံဖြစ်၏။ ကြည့်ကောင်းသော်လည်း သူ မတည်မငြိမ်လမ်းလျှောက်လာပြီး တစ်ယောက်ယောက်နဲ့တိုက်မိမှာကို စိုးရိမ်တာကြောင့် လီဖုန်းက လက်ကိုအမြန်ဆေးကြောကာ သူ့ကိုကူညီရန် လျှောက်လာခဲ့သည်။ သူက ကလေးတစ်ယောက်ကို ခွေးခြေခုံယူလာပေးဖို့မှာလိုက်ပြီး ထန်ချွန်းမင်ကို ထိုင်ခိုင်းပြီးမှ စိတ်သက်သာရာရသွားခဲ့သည်။ “မင်းလာကြည့်ရင် ကြိုပြောပါ့လား… ကိုယ်မင်းကို ခေါ်လာပေးမှာပေါ့။”
--///----
Chapter 38.2
ထန်ချွန်းမင်က သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော်က အရမ်းနုဖက်နေဖို့လား… ခြံတစ်ခုလုံးကိုတောင် တစ်ယောက်တည်းရှင်းနိုင်တယ်သိရဲ့လား”
မင်ကောအာက စိတ်သန်မာသည်ကိုသိလျက် လီဖုန်းက အနာဂတ်မှာ သတိထားပြီး လျှော့ပြောသင့်တယ်လို့ တွေးလိုက်မိသည်။ ကံအားလျော်စွာ လီဖုန်းဘာမှမရှင်းပြနိုင်ခင် အားလင်းကပြေးလာပြီး ထန်ချွန်းမင်ကိုကြွားလိုက်သည်။ “ဖေဖေ… တာမောင်းရေချိုးပေးနေတဲ့အချိန် ကျင်းဖုန်းအော်လိုက်တယ်။”
အားလင်းက ရွှင်မြူးသောမျက်နှာဖြင့် ရယ်မောနေသည်။ ထန်ချွန်းမင်က သူ့နဖူးပေါ်က ချွေးနှင့်ရေစက်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးပြီး ပြောလိုက်သည်။ “ငါတို့အားလင်းက အရမ်းတော်တာပဲ။ ဒီတော့မြင်းနာမည်က ကျင်းဖုန်းပေါ့။ အား.. ဖေဖေတောင်မသိလိုက်ဘူး။”
“ကျင်းဖုန်းက အရမ်းခွန်အားကြီးတယ်။ ကျင်းဖုန်းက ကန်ချက်တစ်ချက်နှင့် သူ့အသက်ကိုကယ်တင်ခဲ့တယ်လို့ ဦးလေးဖုန်းကပြောတယ်။” တာမောင်းက အမူအရာလုပ်ပြရင်းပြောလိုက်သည်။ “သူက မြောက်ဘက်က လူရိုင်းကိုကန်ခဲ့တာ။”
ကလေးတော်တော်များများက မြင်းကိုကြိုက်တာ အံ့သြစရာမရှိပေ။ ယင်းမှာ ဤမျှလောက်အံ့ဖွယ်ကောင်းသော သမိုင်းကြောင်းရှိနေခဲ့သည်။ ထန်ချွန်းမင်က လီဖုန်းဘက်လှည့်ကာ မေးလိုက်သည်။ “ကျင်းဖုန်းနာမည်နဲ့ မြင်းက သူရဲကောင်းပဲ။ ခင်ဗျားနာမည်ပေးထားတာမလား… ဘာလို့ ဒီလောက်အထာကျတဲ့နာမည်ကို ရွေးခဲ့တာလဲ? ကြည့်… သူတို့အိမ်မှာ ရှောင်ဟွာ၊ရှောင်သိုက်၊ ရှောင်ဟေးရှိတယ်.. ဘယ်လောက်တောဆန်လိုက်လဲ… ကျင်းဖုန်းဆိုတဲ့ မြင်းနာမည်က မကောင်းလွန်းဘူးလား?
လီဖုန်းက အမြန်ရှင်းပြလိုက်သည်။ “ကျင်းဖုန်းဆိုတာ ကိုယ့်ကိုကယ်ခဲ့တဲ့ သမားတော်ကပေးခဲ့တာ။ ကိုယ့်လိုလူကြမ်းကြီးက ဒီလိုနာမည်ကောင်းကို စဥ်းစားလို့ရပါ့မလား? ကျင်းဖုန်းက အဲ့ဒီတုန်းက မြက်ခင်းပြင်မှာ ထိန်းကျောင်းခံရတဲ့ မြင်းတစ်ကောင်ပဲ။ အဲ့ဒီတောရိုင်းမြင်းက မထွက်သွားပဲ ကိုယ့်နောက်နေလို့ ယွိမုက တင်းကျိုးခရိုင်ကနေ ပို့ပေးခဲ့တာ။””
မှန်ပါတယ်…အထာကျလွန်းတယ်ပြောရင် သူ့အဆင့်ကိို နိမ့်တယ်လို့ပြောသလို ဖြစ်သွားမယ်မလား? “ကျင်းဖုန်းလား? ဒါက နာမည်ကောင်းပဲ။ သူအပြေးမြန်မှာပေါ့။ ဒါနဲ့ ကျင်းဖုန်းက မြင်းထီးလား… ကလေးမွေးနိုင်လား?”
ထန်ချွန်းမင်က ကျင်းဖုန်းကို စိတ်ဝင်တစားကြည့်လိုက်သည်။ သူက ခေါင်းငုံ့ကြည့်လိုက်ပြီး လီဖုန်းရှင်းပြစရာမလိုပဲ သိလိုက်သည်။ “ဒါက မြင်းထီးပေါ့… ကလေးမမွေးနိုင်ဘူး။” အားလင်း၊ တာမောင်းနှင့် အာမောင်းတို့က သဘောကျပုံရ၍ ၎င်းက ကလေးမွေးနိုင်လျှင် အနာဂတ်မှာ အားလင်းစီးလို့ရသည်။ သူက ဤမျှလောက်ရှည်သောမြင်းကိုတော့ စီးနိုင်မှာမဟုတ်ပေ။
“အဆင်ပြေပါတယ်…နောက်တစ်ခါကလေးတွေစီးလို့ရအောင် မြင်းပေါက်စလေးရှာပေးမယ်။” လီဖုန်းက သူ့ထင်မြင်ချက်ကို ချက်ချင်းပင် ထုတ်ပြောခဲ့သည်။
“တကယ်လား? ဦးလေးလီဖုန်း! ဘယ်တော့ဝယ်မှာလဲ….. ထန်ချွန်းမင် ဘာမှမပြောနိုင်ခင် ကလေးတွေက ပြဿနာရှာပြီး မြင်းပေါက်စလေး ချက်ချင်းဝယ်ပေးရန် လီဖုန်းနားမှာ တွတ်ထိုးပြောဆိုနေသည်။ ကျင်းဖုန်းကိုတော့ သူတို့စီးချင်ပေမယ့် သူတို့က ကျင်းဖုန်းလောက် အရပ်မရှည်၍ စဥ်းစားလို့မရပေ။ ဦးလေးဖုန်းနှင့်အတူလိုက်စီးရင်တော့ ရပါသည်။
“နောက်တစ်ကြိမ် ခရိုင်မြို့ကို သွားတဲ့ချိန်ထိစောင့်ရမယ်။”
“အို!... ကောင်းလိုက်တာ!”
နောက်တော့ ကျန်းရှို့ကသိသွားပြီး ထန်ချွန်းမင်ကို လက်တို့ကာ ပြောဆိုလိုက်သည်။ “သူတို့ကို အဲ့လောက်အလိုလိုက်နေတာ။ မြင်းတွေက ဘယ်လောက်တန်ဖိုးကြီးလဲ မင်းမသိပါဘူး။ ငါတို့ရွာက သူတို့ကို ဘယ်လိုမွေးမြူနိုင်မှာလဲ?”
ထန်ချွန်းမင်က အပြစ်ကင်းသယောင်ဆောင်လိုက်သည်။ “ကျွန်တော်ပြောတာမဟုတ်ဘူး။ သူက ကလေးတွေကို ကတိပေးထားတာ။ သူကတိဖျက်လို့ မရဘူး။” တကယ်တော့ သူက ရွာဝင်ဝမှာ ရပ်အော်လိုက်ချင်သည်။ ယခု သူက သူ့အိပ်ကပ်ထဲတွင် ငွေထောင်ပေါင်းများစွာရှိသော သူဌေးဖြစ်၏။ ဒါတောင် ဆင်းရဲမွေတေချင်ယောင်ဆောင်ထား၏။
“ဒါဆို မင်း လီဖုန်းကို လုပ်ချင်တာလုပ်ခွင့်မပေးနဲ့လေ။ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုထား။ ပြီးတော့ ပြောပါရစေဦး။” ကျန်းရှို့က ထန်ချွန်းမင်ကို အိမ်မှုစီမံခန့်ခွဲရေး အတွေ့အကြုံမျှဝေလိုက်သည်။ ထိုလူက သူ့အမှားတွေကို ထပ်ခါထပ်ခါ သတိပေးနေ၏။ ကျန်းရှို့က ဤအရာကိုပြောသည်မှာ အကြောင်းရှိသည်။ မင်ကောအာ၏ စိတ်ဓာတ်က ယခုချိန်မှာ အများကြီးပြောင်းလဲသွားသော်လည်း ကျောက်တာဟူနဲ့ အတူရှိစဥ်ကလို သည်းခံနေမှာကို စိုးရိမ်သည်။
“စိတ်မပူပါနဲ့။ ကျွန်တော်နားလည်ပါတယ်။ သူက သူ့ပိုက်ဆံတွေအားလုံးကို ကျွန်တော့်ဆီမှာ အပ်ထားတာ။ ဒါကြောင့် သူငွေသုံးချင်ရင် ကျွန်တော့်ဆီက တောင်းမှရမယ်။ ဒီတစ်ခါက ကလေးအတွက်ပါ… မဟုတ်ရင် သူရမှာမဟုတ်ဘူး။” ထန်ချွန်းမင်က တံခါးဝမှဖြတ်သွားသော ပုံရိပ်ကိုကြည့်ကာ ကျန်းရှို့၏စကားကို တုံ့ပြန်သည့်အနေဖြင့် သူ့ပါးစပ်က တွန့်ကွေးသွားခဲ့သည်။ ကျန်းရှို့က တံခါးကိုကျောပေးထား၍ တံခါးအပြင်ဘက်က မြင်ကွင်းကို သတိမထားမိခဲ့ပေ။
“တကယ်လား?” ကျန်းရှို့က လီဖုန်းဒီလိုလုပ်မယ်လို့ မထင်ထားပေ။ သူ့အပေါ်ထားရှိသည့် မင်ကောအာ၏သဘောထားက မကြာသေးမီက ပြောင်းလဲသွားခဲ့တာ မဆန်းတော့ပေ။ အကြောင်းအရင်းက ရှိနေခဲ့သည်။ ဤဉာဏ်ကောင်းသည့်အမျိုးသားက အထင်ကြီးစရာပင်။
“ဒါပေါ့” ထန်ချွန်းမင်က ပြုံးလိုက်သည်။
“ဒါဆိုတော်သေးတာပေါ့။ ဒါပေမယ့် နောင်မှာလည်း ဖောဖောသီသီမသုံးစွဲနဲ့။ ပိုက်ဆံစုပြီး မြေကောင်းကောင်းလေးတွေဝယ်ပါ။ တောင်ပေါ်မြေတွေက အများကြီးမထွက်ဘူး။” ကျန်းရှို့က သေချာသတိပေးလိုက်သည်။
“သိပါတယ်” ထန်ချွန်းမင်က ကျန်းရှို့ သူ့ကိုတကယ်ဂရုစိုက်တယ်လို့ ထင်မိသည်။
ထန်ချွန်းမင်က လုံးလုံးအားနေလျှင်ပင် အလုပ်မရှိ အလုပ်ရှာကြံတတ်သည်။ လီဖုန်းက သူ့ကို ကြောက်လန့်တကြား ကြည့်နေရုံသာတတ်နိုင်သည်။ ယင်းက စစ်မြေပြင်မှာ လူရိုင်းတွေကို သတ်တာထက်ပင် အန္တရာယ်ပိုများသည်။ ဒီကောလေးက ဘာလို့ဒီလောက်မနာခံရတာလဲ?
ထန်ချွန်းမင်က လီဖုန်း၏ထိတ်လန့်မှုကို လုံးဝသတိမထားမိခဲ့ပေ။ သူက ခြံထဲမှာစိုက်ထားသော ချယ်ရီပင်ကို ကျေနပ်စွာကြည့်နေသည်။ ဤအရာများက လီဖုန်းယူလာပေးခဲ့သော သီးပင်မျိုးစေ့များဖြစ်သည်။ သူက ၎င်းတို့ကို မစိုက်ခင်က အစားထိုးထားခဲ့သည်။ နေရာလွတ်ထဲက သီးပင်များကိုလည်း အစားထိုးစိုက်ပျိုးထားသည်။ နေရာလွတ်ထဲက အသီးများမှာ အရည်အသွေးမြင့်သော အသီးအနှံများဖြစ်သည်။ ဤသို့ဖြင့် အသီးအနှံတွေက အရသာရှိရှိ ထွက်လာမည်ဖြစ်သည်။
စပျစ်နွယ်ပင်များကို အစောဆုံးစိုက်ပျိုးထားသည်။ အမည်ခံအားဖြင့် ၎င်းတို့က တောင်ပေါ်မှသယ်ဆောင်လာသော တောရိုင်းစပျစ်နွယ်ပင်များဖြစ်ပြီး ထိုးထွက်စပြုလာပြီဖြစ်၏။ ထန်ချွန်းမင်က ထိုနေရာကို လက်ညွှန်ပြကာ ပြောလိုက်သည်။ “ဒီနေရာမှာစင်ဆောက်ဖို့ လိုတယ်။ ရာသီဥတုကပူပြီး စပျစ်နွယ်ပင် အမြန်ဆုံးတက်လာပြီး နွေရာသီမှာ စပျစ်သီးတွေပေါက်လိမ့်မယ်။”
လီဖုန်းက တာဝန်ကို မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ ဤကောအာလေး ငြိမ်ငြိမ်နေသရွေ့ သူဘာမဆိုလုပ်လိုက်မည်။ စစ်မြေပြင်မှာ လေ့ကျင့်ခဲ့သော စူးရှရှမျက်လုံးများဖြင့် တွေ့ရှိခဲ့သည့် မူမမှန်မူကိုတော့ သူလျစ်လျူရှုလိုက်လို့ရသည်။
“ခင်ဗျား..” ထန်ချွန်းမင်က လီဖုန်း၏အကူအညီဖြင့် ထိုင်ချကာ လီဖုန်း၏ခြေထောက်ကိုကန်ပြီး ပြောလိုက်သည်။ “အနောက်ကတောင်ကိုဝယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ? အခုထိလည်း ပိုင်ရှင်မရှိသေးဘူးမလား?”
လီဖုန်းက သူ့ကောလေး၏ အပြုအမူလေးကို စိတ်မဆိုးပဲ သူ့မျက်လုံးထဲတွင် ရင်းနှီးမှုပြုသည့် လက္ခဏာတစ်ခုရှိတယ်လို့ပင် ထင်မြင်ခဲ့သည်။ သို့သော် အခေါ်အဝေါ်နဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အချိန်ကျပြီမို့ သူက ရုပ်တည်ဖြင့် ပြောလိုက်သည်။ “အားဖုန်း…ဒါမှမဟုတ် အစ််ကိုဖုန်းလို့ခေါ်။”
“ဘာကြီး?” ထန်ချွန်းမင်က ခဏလောက် မတုံ့ပြန်နိုင်ခဲ့ပေ။ သူက တောင်ဝယ်ဖို့ကိစ္စပြောနေတာမဟုတ်ဘူးလား?
လီဖုန်းက မင်ကောအာ၏လက်ကိုဖမ်းဆုပ်ရန် ရဲဆေးတင်လိုက်ပြီး သူ့နားရွက်ဖျားက မသိမသာနီရဲနေခဲ့သည်။ သူ ယခင်က ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိခဲ့ဖူးပေ။ သူက သူ့ကို ပွေ့ချီခဲ့ဖူးပေမယ့် ထိုအချိန်က ထိတ်လန့်နေတာကြောင့် သူက သူ့လက်ရှိစိတ်အခြေအနေကို နားမလည်နိုင်ခဲ့ပေ။ လီဖုန်းက သူ့လက်ကိုထိလိုက်သောအခါ ဓာတ်လိုက်သလိုမျိုး ထုံကျင်မှုကို ခံစားလိုက်ရသည်။ ဓာတ်လိုက်ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ လာမမေးနဲ့။ သူက မုန်တိုင်းတိုက်ရင်လည်း မိုးကြိုးပစ်ခံရဖူးသည်။
ထန်ချွန်းမင်က သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည့် ထိုလူကို မှင်တက်စွာ ငေးကြည့်လိုက်သည်။ ထို့နောက် ထိုလူ၏ရှင်းပြချက်ကို နားထောင်လိုက်ရသည်။ “ကိုယ်က မင်းထက်အသက်ကြီးတယ်။ မင်းကိုယ့်ကို အစ်ကိုဖုန်းလို့ခေါ်သင့်တယ်။”
ထန်ချွန်းမင်က ရုတ်တရက်ထရယ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ရှက်သွေးဖြာနေသော ထိုလူကိုမြင်လိုက်ရပြီး သု့မျက်လုံးများက အချိန်တိုင်းလိုလို အန္တရာယ်များပြည့်နှက်နေသည်။ ထန်ချွန်းမင်က ပါးစပ်ဖွင့်ကာပြောလိုက်သည်။ “ဟုတ်ကဲ့ပါ…အစ်ကိုဖုန်း…” အစ်ကိုလို့ခေါ်တာ အသားပဲ့မပါသွားပေ။ ထို့အပြင် သူက ထိုလူ၏ရှက်ရွံ့နေသော အမူအရာကိုမြင်ရသဖြင့် ထိုက်တန်ပါသည်။
“အင်း…” လီဖုန်း၏ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး သူက သူ့ကောလေး၏ တက်ကြွသောအမူအရာကို သဘောကျတာကြောင့် ခဏလောက်စဥ်းစားပြီး ထပ်ပြောလိုက်သည်။ “မင်ကောအာ”
အို… သူတို့က တစ်ယောက်နဲ့တစ်ယောက်ခေါ်ဝေါ်ဖို့ နည်းတစ်ခုလိုသည်။ မဟုတ်ပါက သူက သူ့ကို “ခင်ဗျား”လို့ပဲ ခေါ်မိနေမည်။ သူက သူ၏ခေါ်သံကို ကြားလိုက်ရပြီး သူ့လက်က သန်မာထွားကြိုင်းသော လက်ဖဝါးကြီးထဲကို ရောက်သွားခဲ့သည်။ ထန်ချွန်းမင်က အချစ်၏အရသာကို အမှန်တကယ်မြည်းစမ်းခဲ့ရသည်။ ၎င်းက ရိုးရှင်းသော်လည်း ခိုင်မာမှုနှင့် စိတ်အေးချမ်းမှုရှိသည်။
ထိုအကြောင်းစဥ်းစားလိုက်တော့ ထန်ချွန်းမင်က လီဖုန်း၏လက်ဖဝါးကို သူ့လက်ချောင်းများဖြင့် ကလိထိုးလိုက်သည်။ လီဖုန်းက မီးလောင်သွားသလို ထခုန်မတတ်ဖြစ်သွားပြီး သူ့လည်ပင်းနှင့်နားရွက်က နီရဲလာပေမယ့် သူက လွှတ်ပေးဖို့ဝန်လေးခဲ့သည်။ သူ့ကောလေးက ရဲတင်းလွန်းပြီး ထိုအကြောင်းကို အပြင်လူတွေသိလို့မဖြစ်ပေ။ လီဖုန်းတစ်ယောက်တည်းကသာ သိရမည်။
သူတို့နှစ်ဦးက မဆောက်ရသေးသော စပျစ်ပင်အောက်၌ ထိုင်နေပြီး တစ်ယောက်က ပြုံးနေကာ တစ်ယောက်ကတော့ တင်းမာသောမျက်နှာဖြင့် တည်ငြိမ်ချင်ယောင်ဆောင်နေသည်။ အရွယ်ရောက်ခါစ အဖြူရောင်ဘဲနှစ်ကောင်က သူတို့ဘေးမှာ လှုပ်လှုပ်ရွရွလျှောက်သွားနေ၏။ အားလင်းက ရှောင်ဟွာကို ခြံဝင်းတစ်ဝိုက်လိုက်ဖမ်းနေပြီး ရယ်သံများ ရံဖန်ရံခါထွက်ပေါ်လာသည်။ ရှောင်သိုက်က နောက်ကလိုက်နေပြီး ခဏခဏလဲကျသွားပေမယ့် ယခုတော့ သူ့ဘာသာသူ ရုန်းထဖို့ ရုန်းကန်ရန်သင်ယူနိုင်ခဲ့သည်။
ခြံဝင်းငယ်လေးက နွေးထွေးပြီး သက်တောင့်သက်သာရှိသည်။
ကျောက်လောင်စန်းက နွားလှည်းပေါ်မှာထိုင်ကာ အန်ဖျင်ခရိုင်မှပြန်လာခဲ့သည်။ ရံဖန်ရံခါ လူတွေက သူ့ကိုနှုတ်ဆက်နေပြီး သူ့ကို ကျောက်ရှို့ချိုက်လို့ ခေါ်နေတာကြောင့် သူဟာ အလွန်အမင်းကျေနပ်ခဲ့သည်။
“ဟေး… ကျောက်ရှို့ချိုက်ပြန်လာပြီ… ငါတို့က မင်္ဂလာဝိုင်သောက်ဖို့ မျှော်နေတာ။”
“ရှိလာမှာပါ။ စိတ်မပူပါနဲ့။ ကျွန်တော်အားလုံးကိုဖိတ်ပါ့မယ်။” ကျောက်လောင်စန်းက လက်သီးဆုပ်ကာ ပြုံးလိုက်သည်။
“မှန်ပါတယ်.. ကျောက်မိသားစုက အခုချမ်းသာတဲ့မိသားစုဖြစ်ပြီးတော့ ရှန်းမိသားစုနဲ့ဆို ပိုပြီး ကြီးကျယ်ခမ်းနားလာမှာပါ။ ကျောက်ရှို့က ငါတို့စိတ်တိုင်းကျသောက်ဖို့ တစ်ဝိုင်းပြင်ပေးရမယ်နော်။”
“ဘယ်သူ…” ရို့ကျိုးသလို သရုပ်ဆောင်နေသော ကျောက်လောင်စန်းက ရုတ်တရက် ရှန်းတာဟူ၏နာမည်ကို ကြားလိုက်ရသည်။ သူ့မျက်နှာက ရုတ်တရက်အေးခဲသွားကာ မဝံ့မရဲမေးလိုက်သည်။ “ရှန်းတာဟူရဲ့မိသားစုလား?”
“ဟုတ်တယ်… လက်ထပ်ပွဲကို ဆုံးဖြတ်ပြီးပြီလော..ဒါကို မင်းက ငါတို့ကို ဖုံးကွယ်ထားချင်တာလား? ကျောက်ရှို့ချိုက်… မရှက်ပါနဲ့။ ဒါက ငါတို့ဖျင်ရှန်မှာ ပထမတန်းစားလက်ထပ်ပွဲပါ။ ဟားဟား … ကျောက်ရှို့ချိုက်… အိမ်ကိုမြန်မြန်ပြန်တော့။ ဘိုးဘိုးကျောက် မစောင့်နိုင်တော့ဘူး။”
အိမ်အပြန်လမ်းတွင် ကျောက်လောင်စန်းက မပြုံးပြတော့ပဲ မှုန်ကုပ်နေတာကို ရွာသားများ သတိထားမိခဲ့သည်။ သူက မှုန်မှိုင်းနေသောမျက်နှာနှင့် မျက်လွှာချကာထိုင်နေ၏။ သူက ဘိုးဘိုးကျောက်နဲ့တောင် တူနေသလိုပင်။ သူတို့က သားအဖတွေမလား? သူ့မှာ ကွဲပြားသောစိတ်အခြေအနေရှိလျှင် ထန်ချွန်မင်း၏ အိမ်တံခါးဝမှ ဖြတ်လာရင်း မော့ကြည့်မိမှာဖြစ်၏။ ယခု ကျင်းကျိစားသောက်ဆိုင်လုပ်ငန်းရပ်သွားတော့ ထိုကော၏အခြေအနေကို ကြည့်ချင်ခဲ့ပေမယ့် ယခုချိန်တွင် သူ့မှာ ထိုအကြောင်းကိုဂရုစိုက်ဖို့ပင် အချိန်မရှိပေ။
------------
Chapter 38.3
သူစေ့စပ်ဖို့အလျင်မလိုဘူးလို့ ထွက်မသွားခင် သူ့အားမူကိုပြောခဲ့တယ်မလား? ဒါမှမဟုတ် တစ်ဖက်လူက နားကြားမှာပြီး စေ့စပ်ကြောင်းလမ်းလိုက်တာလား?
ကျောက်မိသားစုအား မြှောက်ပင့်ဖားယားနေခဲ့သော လူတွေက ဘိုးဘိုးကျောက်အား ပညာရှင်သားလေးပြန်ရောက်လာပြီလို့ သတင်းပေးခဲ့သည်။ သို့ဖြစ်၍ နွားလှည်းက ရွာနောက်ဘက်ရှိ ကျောက်မိသားစုတံခါးဝရောက်လာချိန်၌ ဘိုးဘိုးကျောက်က သူ့သားကိုနှုတ်ဆက်ဖို့ တံခါးနားမှာရပ်နေခဲ့သည်။ “စန်းအာ… မင်းပင်ပန်းနေပြီလား? ခရိုင်မြို့ကိုသွားရတာလွယ်မှာမဟုတ်ဘူး။ လာပါ..အထဲဝင်ပြီး အနားယူလိုက်.. ဖေဖေ မင်းအတွက် ကြက်သားစွပ်ပြုတ်ချက်ပေးမယ်။”
ဝမ်ချွန်းဟွာသည်လည်း သူ့သားကိုချီကာ နောက်မှာရှိနေသည်။ အပြင်ထွက်မလာခင် သူက သူ့သား၏နားရွက်ကိုကိုင်ကာ သူ့ဘိုးဘိုးနှင့် ဦးလေးငယ်ကို နှစ်သိမ့်ပေးဖို့ အကြိမ်ကြိမ်ပြောခဲ့သည်။ ယခုမှစ၍ သူ့အနာဂတ်က သူ့တတိယဦးလေးအပေါ်မူတည်သည်။ ကျောက်သုန့်က အမြဲတမ်းဝန်လေးနေခဲ့သည်။ သူက အလိုလိုက်ခံရတာကို နေသားကျနေသော်လည်း သူဟာ အလိုက်ထိုက်နေတတ်သော လူငယ်ဖြစ်သည်။ သို့ပေမယ့် ဝမ်ချွန်းဟွာက သူ့ကိုပြောခဲ့သည်။ “မင်းအနာဂတ်မှာ စိုးရိမ်ပူပန်ပြီး အသက်ရှင်ချင်လား ဒါမှမဟုတ် အသားဝယ်ဖို့ ပိုက်ဆံပိုရချင်လား? အစားအသောက်ပြတ်လတ်မှုမရှိတဲ့နေ့မျိုးကို လိုချင်လား? မြို့ထဲမှာ ပျော်ရွှင်တဲ့ဘဝရှိချင်လား ဒါမှမဟုတ် လယ်စိုက်ဖို့ ကျေးလက်မှာနေချင်လား?”
ထိုစကားကြားပြီးနောက် ကျောက်သုန့်က မကန့်ကွက်နိုင်ခဲ့ပေ။ ယခု ရွာထဲက ကလေးတွေက သူ့ကို မငြင်းဆန်တော့ပဲ သူက ဘဝကောင်းမှာ နေထိုင်ရသည်။ ဤအရာအားလုံးက သူ့ဦးလေးကြောင့်ဖြစ်၏။ သူ့ဦးလေးငယ်က မြို့ထဲသို့ အခေါက်ခေါက်အခါခါ ပြေးလွှားနေသည်ကိုမြင်လျှင် သူဘယ်လိုမှ မငြူစူနိုင်တော့ပေ။ ထို့ကြောင့် ယခုချိန်တွင် သူ့အမူအရာက ခါတိုင်းထက်ရိုးသားနေသည်။
ကျောက်လောင်စန်းက နွားလှည်းပေါ်ကဆင်းပြီး ငှားခပေးကာ ဘိုးဘိုးကျောက်ကို အေးစက်စက်ပြောလိုက်သည်။ “ဖေဖေ… ခင်ဗျား ရှန်မိသားစုရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်တာလား?” အသံကျယ်လာသည်နှင့် ဒေါသတိုးလာသည်။ ဘိုးဘိုးကျောက်က ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ တတိယဦးလေးက သူ့ကိုဆူခဲ့ပေမယ့် တတိယဦးလေးက သူ့ဆွေမျိုးဖြစ်နေဆဲပင်။ သူက ရှန်မိသားစုနဲ့လက်ထပ်ပွဲကို ဆိုးရွားသည်ဟု မထင်ပေ။
ထိုသို့တွေးလိုက်တော့ သူက ယုံကြည်မှုပိုရှိလာသည်။ “မင်းဘာလို့ လက်မခံနိုင်ရတာလဲ? မင်းနောင်မှာ ပိုက်ဆံသုံးချင်ရင် ရှန်းမိသားစုက ငွေတစ်ထောင်နီးပါးရှိတဲ့ လယ်မြေငါးဧကနဲ့ ဆိုင်နှစ်ဆိုင်ကိုပေးမယ်လို့ပြောတယ်။”
“ ငွေတစ်ထောင်နီးပါးက လက်ထပ်ပြီးရင် မင်းရသွားမှာ။ ငါ ဒါတွေအားလုံးကိုစီစဥ်ပေးထားရတာကို မင်းက ငါ့ကိုအပြစ်တင်ချင်တာလား?”
“ဟုတ်တယ်…ယောက်ဖ… ဘိုးဘိုးက မင်းအတွက်စဥ်းစားပေးနေတာပဲမလား? ရှန်းမိသားစုရဲ့ကောအာလေး လက်ထပ်ရင် မင်းနဲ့ ဘိုးဘိုးကျောက်က ကံကောင်းမှုကို ခံစားရမှာ။ မင်းက ပညာရှင်ဖြစ်နေပြီမို့ ဘိုးဘိုးကျောက်ကို ဒုက္ခခံခွင့်မပေးနဲ့တော့လေ။” ဝမ်ချွန်းဟွာက ကူရှင်းပြပေးနေသည်။ ဘယ်လိုဟာသလဲ… သူကသာလျှင် လက်ထပ်ပွဲဖြစ်မြောက်အောင် တွန်းအားပေးခဲ့တဲ့သူပဲ… ရှန်းမိသားစုက ဘယ်လောက်တောင် ချမ်းသာလိုက်လဲလေ…
သူက အင်မတန်မနာလိုဖြစ်ခဲ့သည်။ သူက ယောက္ခထီးဘက်ကဆိုတော့ အနာဂတ်မှာ တာဟူအတွက် လွယ်ကူသည့်အလုပ်တစ်ခုကို စီစဥ်ပေးလို့ရလျှင် သူတို့ပိုက်ဆံပြတ်တော့မှာမဟုတ်ပေ။ ဝမ်ချွန်းဟွာ၏ဖျောင်းဖျမှုနှင့် အောင်သွယ်တော်လည်းရှိနေ၍ အောင်သွယ်တော်ပေးခဲ့သော ငွေကြေးမက်လုံးပါထည့်ပေါင်းလျှင် ဘိုးဘိုးကျောက်က ငြင်းဆန်စရာမရှိခဲ့ချေ။
ကျောက်လောင်စန်းက ဒေါသထွက်လွန်းတာကြောင့် သူ့ခန္ဓာကိုယ်က တုန်လှူပ်နေခဲ့သည်။ သူ့အားမူက ပိုက်ဆံကြောင့် သွေးဆောင်ခံရမှာကို စိုးရိမ်တာကြောင့် သူက လက်ထပ်ပွဲအကြောင်းကို နောက်မှဆွေးနွေးဖို့ အထူးတလည် ပြောပြခဲ့တာဖြစ်၏။ သူ့တတိယဦးလေးက ဘေးမှကြည့်နေသဖြင့် သူ့အားမူက ရှန်းမိသားစု၏လက်ထပ်ခွင့်ကို ချက်ချင်းသဘောတူလိုက်မည်ဟု မထင်ခဲ့ပေ။
ယခုတော့ သူက ခရိုင်မြို့ကိုသွားချင်ပေမယ့် သူ့အားမူက သူ့ကို ပြန်ဆွဲထားခဲ့သည်။ ကျောက်လောင်စန်းက ဝမ်ချွန်းဟွာကို ဖော်ပြလို့မရသည့်မျက်ဝန်းဖြင့် စိုက်ကြည့်လိုက်သည်။ “ခင်ဗျား ကျုပ်အားမူကို သွေးဆောင်ခဲ့တာမလား… ကျုပ်ထွက်မသွားခင်က သူကျုပ်ကို ကတိပေးထားပြီးသား… သူ့စိတ်က ဘယ်လိုပြောင်းသွားတာလဲ?” ဝမ်ချွန်းဟွာက ဖုံးကွယ်လို့မရခဲ့ပေ။ အရင်တုန်းက သူ့လှည့်ကွက်တွေက သူ့ကိုမထိခိုက်သရွေ့ သူက မျက်ကွယ်ပြုထားခဲ့ပေမယ့် ယခုမူ သူက သူ့ကို ပစ်မှတ်ထားနေခဲ့သည်။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ! i
“တတိယညီ…မင်းဘာတွေပြောနေတာလဲ? ဘာလို့ဒီလိုပြောနိုင်ရတာလဲ? မင်းအိမ်ကထွက်သွားတော့ ငါ့ကောနဲ့ ငါက ဖေဖေ့ကို ဂရုစိုက်ထားရတာ။ ပြီးတော့ မင်းအတွက် စားဖို့သောက်ဖို့လည်း ထေက်ပံ့ခဲ့တယ်။ မင်းကျေးဇူးမသိရင်တောင် ငါတို့က မင်းထက်ကြီးတာကိုတော့ သတိရသင့်တယ်။” မမျှော်လင့်ထားစွာပင် အမြဲတမ်းတိတ်ဆိတ်နေသော ကျောက်တာနျိုက ထွက်အော်ခဲ့သည်။
နောက်ကလိုက်လာသော ရွာသာများက ပျော်ရွှင်စရာကိစ္စကြောင့် ကျောက်မိသားစု စိတ်လှုပ်ရှားနေမယ်လို့ ထင်ခဲ့ကြသည်။ မထင်မှတ်ထားသည်မှာ သူတို့က စိတ်လှုပ်ရှားမှုကိုမြင်သော်လည်း သူတို့မျှော်လင့်ထားတာနဲ့မတူပေ။ ဝမ်းသာစရာအဖြစ်အပျက်မဟုတ်ပဲ ရန်ဖြစ်တာနဲ့တူနေ၏။
ကျောက်လောင်စန်းက ပို၍ပင် ဒေါသထွက်လာခဲ့သည်။ အမြဲတမ်းတုံးအပြီး အညံ့ဆုံးဖြစ်သည့် ကျောက်တာနျိုကလည်း သူ့ကိုချေပဝံ့ပေမယ့် သူက ဤအခြေအနေကို တခြားလူများမြင်သွားမှာ မလိုလားတာကြောင့် ဒေါသထိန်းကာ ခြံထဲသို့လျှောက်သွားလိုက်သည်။ ကျောက်လောင်စန်းနှင့် ဘိုးဘိုးကျောက်က သူ့နောက်လိုက်သွားခဲ့သည်။ ဝမ်ချွန်းဟွာက နှုတ်ခမ်းတွန့်လိုက်ပြီး နောက်ဆုံးတွင် လျှောက်လိုက်သွားရင်း အပြင်ဘက်က အိမ်နီးချင်းများကို လှမ်းအော်လိုက်သည်။ “ငါတို့တတိယညီက သတို့သားဖြစ်တော့မှာမို့ ရှက်နေရုံပါ။ အင်း… ရက်သတ်မှတ်ပြီးတာနဲ့ ငါမင်းတို့ကို အရက်သောက်ဖို့ ဖိတ်လိုက်ပါမယ်” ထို့နောက် သူက တံခါးပိတ်လိုက်လေသည်။
“မင်း….” ကျောက်လောင်စန်းက ဒေါသထွက်လွန်းလို့ မျက်နှာပျက်နေသည်။ ဘေးမှာ အပြင်လူမရှိတော့၍ ကျောက်လောင်စန်းက မထိန်းနိုင်တော့ပဲ အော်လိုက်လေသည်။ “ဒီစေ့စပ်ကြောင်းလမ်းမှုကို ချက်ချင်းဖျက်သိမ်းပေးပါ။ ပြီးတော့ အစ်ကိုကြီး… ခင်ဗျားကိစ္စခင်ဗျားလုပ်ပါ။ ကျုပ်အိမ်ထောင်ရေးက ခင်ဗျားဆုံးဖြတ်ရမှာမဟုတ်ဘူး။ ကျောက်မိသားစုကိစ္စမှာ သူလည်းဝင်ပြောစရာမလိုဘူး!.”
“ဒါဆို ဘယ်သူက ပြောပိုင်ခွင့်ရှိလဲ? ဘိုးဘိုးကျောက်ရော ပြောလို့ရလား?” ဝမ်ချွန်းဟွာက သူ့နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်ကာ တိုးတိုးလေးရေရွတ်ရင်း သဘောထားကွဲလွဲမှုကို ဖော်ပြဖို့ ကြိုးစားနေသည်။
“ဟုတ်တယ်… မင်း ငါ့စကားကို လူရာမသွင်ဘူးလို့ ဆိုလိုတာလား? ဒီစေ့စပ်ပွဲကို ဖျက်ချင်တာလား? ဒီအဘိုးကြီးရဲ့ မျက်နှာကို ဘယ်မှာသွားထားရမလဲ?” ဘိုးဘိုးကျောက်က တကယ်ကို စိတ်ဆိုးနေသည်။
ကျောက်လောင်စန်းက ဝမ်ချွန်းဟွာ၏ ဆိုးသွမ်းသောပါးစပ်ကို ပို၍ပင် မုန်းတီးလာသည်။ သူ့အလှည့်ရောက်မှသာ အနှီကော၏မျက်နှာက ဘယ်လောက်မုန်းစရာကောင်းလဲ သိတော့သည်။ သူက ကျောက်တာနျိုကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။ “အစ်ကိုကြီး… တတိယဦးလေးကို သွားခေါ်ခဲ့ပါ။” ကျောက်တာနျို မလှုပ်မယှက်လုပ်နေတာကိုတွေ့တော့ သူက သည်းခံလိုက်ရသည်။ “ဘာလဲ? အစ်ကိုကြီးက ငါ့စကားကိုအသုံးမဝင်ဘူးထင်လား? ကောင်းပြီ.. အခုကစပြီး အစ်ကိုကြီးက ညီလေးဆီက ဘာမှတောင်းဆိုခွင့်မရှိတော့ဘူး။ ငါတို့ ကိုယ့်ဘဝနဲ့ကိုယ်နေကြမယ်။!” ကျောက်လောင်စန်းက ရက်စက်ကြမ်းကြုတ်သော စကားများကို ပြောထွက်သည်အထိ ဒေါသထွက်သွားခဲ့သည်။
အပြင်မှာ အလုပ်ကြိုးစားခဲ့လို့ သူ့ကိုယ်သူ တိတ်တဆိတ်မုန်းတီးပေမယ့် အိမ်မှာ သူ့အားမူကလွဲရင် ဘယ်သူမှသူ့ကို တကယ်ဂရုမစိုက်ပေ။ ထို့အပြင် သူ့ကိုဆန့်ကျင်ဖို့လည်း သူ့အားမူကို လှုံ့ဆော်ခဲ့သည်။
ကျောက်တာနျို၏မျက်လုံးက နက်မှောင်သွားပေမယ့် အဆုံးမှာ သူဘာမှမပြောနိုင်ခဲ့ပေ။ သူက ခြံတံခါးဖွင့်ကာ တတိယဦးလေးကိုရှာရန် ထွက်သွားခဲ့သည်။ ဝမ်ချွန်းဟွာက သူရဲဘောကြောင်လွန်းသည့် ဤလူကိုမုန်းသည်။ သူက အစ်ကိုကြီးဖြစ်ပြိး ညီရဲ့စကားကို ဘာလို့မချေပနိုင်ရတာလဲ?
သို့ပေမယ့် သူက ဘိုးဘိုးကျောက်၏နောက်တွင် နာနာခံခံရပ်နေကာ သူ့သားကျောက်သုန့်အား တိတ်တဆိတ်စိုက်ကြည့်လိုက်ပြိး ယခုချိန်မှာ သူများအနှောင့်အယှက်မဖြစ်ရန် ကျယ်ကျယ်လောင်လောင် စကားမပြောပဲ တိတ်တိတ်လေးနေဖို့ အချက်ပြခဲ့သည်။ သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ဂုဏ်ယူနေခဲ့သည်။ စေ့စပ်ကြောင်းလွှာကို ဖျက်သိမ်းဖို့နည်းလမ်းမရှိပေ။ မဟုတ်ပါက ကျောက်မိသားစုပြဿနာတက်ပြီး ရှန်းမိသားစုက သွားရှုပ်လို့ရသူမဟုတ်ပေ။
ဘိုးဘိုးကျောက်က ယုံကြည်မှုမရှိတော့ပေ။ စန်းအာက သူ့စကားနားမထောင်ပဲ အရာအားလုံးကို တတိယဦးလေးနှင့် ဆွေးနွေးလိုသည့်အတွက် စိတ်ဆိုးသော်လည်း သူက ကျင့်သားရနေပြီဖြစ်၏။
သူက သောကစိတ်ဖြင့် မေးလိုက်သည်။ “စန်းအာ… မင်းဘာတွေပြောနေတာလဲ? ဘာလို့ စေ့စပ်ကြောင်းလွှာ ဖျက်သိမ်းခိုင်းနေတာလဲ? မင်း ခရိုင်မြို့မှာ ပိုကောင်းတဲ့လူတစ်ယောက်ကို တွေ့ခဲ့လို့လား?” အနည်းဆုံးတော့ သူက ငတုံးမဟူတ်ပေ။ ကျောက်လောင်စန်း ထွက်မသွားခင် ပြောခဲ့တာကိုမှတ်မိသေးသည်။ မဟုတ်ပါက သူသည် လွယ်လွယ်သွေးဆောင်ခံရမည့်လူမဟုတ်ပေ။
“ဟုတ်တယ်…အဲ့ဒါက ခရိုင်မော်ကွန်းထိန်းရဲ့ ကောပါ။ ခရိုင်တရားသူကြီးက ကျွန်တော့်ကိုသဘောကျပေမယ့် အိမ်ထောင်ရေးကို မဆုံးဖြတ်ရသေးဘူး။ စေ့စပ်ထားသူဆိုတာ သူသိသွားရင် ကျွန်တော်တို့ လက်ထပ်လို့မရရုံတင်မကဘူး။ သူတို့က ပြဿနာရှာလိမ့်မယ်။ ဖေဖေပြောပါ…. ဒီစေ့စပ်ကြောင်းလွှာကို မဖျက်သိမ်းချင်ဘူးလား?”
ကျောက်လောင်စန်း၏ မူလမာနက ပျောက်ကွယ်သွားခဲ့သည်။ သူက ခရိုင်မော်ကွန်းထိန်းကို မှီခိုနိုင်ရင် နောင်တွင် အထောက်အပံ့အများကြီးရမှာသေချာသည်။ သူ အရာရှိကျောင်းသို့ ဝင်ရောက်သည့်အခါ သူ့ကိုဂရုစိုက်ပေးမည့် လူတွေရှိလိမ့်မည်။ သူ စောစောကသိခဲ့လျှင် ယခုလိုပြဿနာတက်နေမှာမဟုတ်ပေ။
“ခရိုင်မော်ကွန်းထိန်း?” အိုး…!” ဘိုးဘိုးကျောက်က အံ့အားသင့်နေဆဲဖြစ်ပြီး ဝမ်ချွန်းဟွာက သူ့ပေါင်ကိိုရိုက်ကာ နောင်တဖြင့် အော်လိုက်လေသည်။ “တတိယညီ မင်းဘာလို့အစောထဲက မပြောခဲ့တာလဲ? မင်းက ခရိုင်မြို့က ရာထူးမြင့်အရာရှိမိသားစုနဲ့ လက်ထပ်ရမှာပေါ့။ မင်းရဲ့ယောက်ဖတစ်ယောက်အနေနဲ့ မင်းရဲ့အားမူကို လက်ထပ်ပွဲဖျက်သိမ်းဖို့ အတတ်နိုင်ဆုံးတားပေးမယ်”
သူတကယ်နောင်တရနေပေမယ့် တတိယညီက အမြဲတမ်းလျှို့ဝှက်ထားပြီး သူ့အစ်ကိုကြီးနဲ့ မဆွေးနွေးတာ စိတ်မကောင်းစရာပင်။ ဒါက ဘာလို့ ကျောက်လောင်စန်းရဲ့အပြစ်ဖြစ်ရမှာလဲ? ကျောက်လောင်စန်း ဘာမှမလုပ်ထားပေမယ့် သူ အရမ်းနောင်တရနေသည်။ သူက ကျောက်လောင်စန်းကို အရာအားလုံးအတွက် အပြစ်တင်ခဲ့သည်။ ကျောက်လောင်စန်း၏ အနာဂတ်နှောင့်နှေးခြင်းက ကြီးကြီးမားမားကိစ္စမဟုတ်သော်လည်း ယင်းမှာ သူတို့မိသားစုသုံးယောက်၏ ဘဏ္ဍာရေးကိုလည်း ထိခိုက်စေသည်။
ဝမ်ချွန်းဟွာက ကျောက်မိန်ကိုတော့ မစဥ်းစားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက အရှုံးသမားဖြစ်ပြီး အိမ်ထောင်ပြုပြီးတာနဲ့ မောင်းထုတ်လိုက်သင့်သည်။
“....စန်းအာ… ဒါအမှန်လား….” ဘိုးဘိုးကျောက်က ရင်တုန်လာပြီး လက်နှင့်နှုတ်ခမ်းလည်း တုန်ခါသွားသည်။
“ဒါကိုရယ်စရာလုပ်ရမလား?” ကျောက်လောင်စန်းက ဘိုးဘိုးကျောက်၏ အမူအရာကို သတိမထားမိပဲ ဒေါသတကြီးပြောလိုက်သည်။
ခဏလောက်တော့ ဘိုးဘိုးကျောက်က အသံမထွက်ပဲ တုန်ယင်နေသည်။ ခဏအကြာမှာ သူက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အော်လိုက်လေသည်။ “ငါ စန်းအာလေးကို ဒုက္ခပေးမိလိုက်တာပါ…” ထို့နောက် သူက နောက်လှည့်ကာ ဝမ်ချွန်းဟွာကို ပါးရိုက်လိုက်သည်။ “အဲ့ဒါမင်းကြောင့်ပဲ… ခွေးသူတောင်းစား… ရှန်းမိသားစုက ချမ်းသာလို့ သဘောတူလိုက်ဖို့ ဘယ်သူပြောခဲ့တာလဲ? ဒီလိုမှမဟုတ်ရင် ငါက မျက်လုံးကန်းနေပါ့မလား? အဲ့ဒါမင်းကြောင့်ပဲ သောက်ရူးကောင်… မင်းက ငါ့သားရဲ့အနာဂတ်ကို ဖျက်စီးလိုက်တာ။” သူက သူ့ရင်ဘတ်ကိုထုကာ အော်ငိုနေ၏။ ဤတစ်ကြိမ်၌ သူသည် တကယ်ဝမ်းနည်းနေပြီး သရုပ်ဆောင်နေတာမဟုတ်ပဲ မျက်ရည်များ စီးကျလာလေသည်။