no

Font
Theme

Chapter 18.1

“ချွန်းရုံ”

ထန်ချွန်းမင်က မနက်ခင်းတွင် နေရာလွတ်တွင် စိမ်ထားသော ပဲပိစပ်ကို သိုးမအား ကျွေးခဲ့သည်။ ယခုသိုးမက တစ်နေ့နှစ်ကြိမ် နို့ညှစ်လို့ရပြီး ထန်ချွန်းမင်နှင့် ကလေးသုံးယောက်အတွက် သိမ်းဆည်းလို့ရသည်။

သိုးနို့သောက်ပြီးနောက် တာမောင်းနှင့်အာ​မောင်းက နွေရာသီတွင် မြက်ပေါက်တာကိုစောင့်ကာ သိုးများကို အစာကျွေးရန် မြက်ပင်များခုတ်ထွင်မည်ဟု ဆိုသည်။

သိုးနှစ်ကောင်ကို နေရာလွတ်ထဲထည့်ပြီးနောက် ထန်ချွန်းမင်က သိုးခြံမှထွက်ကာ အိမ်ပြန်ခဲ့သည်။ သူက ဘဲနှင့်ကြက်များကို နေရာလွတ်ထဲခေါ်သွားပြီး ရှောင်ဟွာကို ကိုင်ထားသော အားလင်းကို နေရာလွတ်ထဲခေါ်သွားခဲ့သည်။

၎င်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ညစာစားပြီးနောက် ပုံမှန်လုပ်လေ့ရှိသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အားလင်းက တခစ်ခစ်ရယ်ကာ ရှောင်ဟွာနောက် ပြေးလိုက်နေပြီး ထန်ချွန်းမင် အမှတ်အသားပြုထားသော အကွာအဝေးအတွင်းက တိရစ္ဆာန်များကလည်း လှုပ်ရှားသွားသည်။ ထန်ချွန်းမင်က အသီးအရွက်တချို့ကို လှီးဖြတ်ပြီး သူတို့ကို ပစ်ကျွေးလိုက်သည်။

ပထမတော့ ထန်ချွန်းမင်က အားလင်းကို ခေါ်လာရန် တွန့်ဆုတ်နေပေမယ့် ကျောက်စိမ်းနေရာလွတ်က အခြေခံအုတ်မြစ်ဖြစ်တာကြောင့် စမ်းရေထက် ပိုအာဟာရဖြစ်သည်။

ခဏအကြာစမ်းသပ်ပြီးနောက် အားလင်းက ထန်ချွန်းမင်၏ ညွန်ကြားချက်ကို သေချာလိုက်လုပ်ပြီး လေထဲက ရလာသော အစားအစာကိုပင် သူ၏ ကစားဖော်များကို မပြောပြခဲ့ပေ။

ထန်ချွန်းမင်က အားလင်းကို သူ့သားလိုချစ်ပြီး သူက သူ့မိသားစုဝင်ဖြစ်တာကြောင့် သူတို့ကြားမှာ ကတောက်ကဆမဖြစ်ချင်ပေ။ သူ ယခုနေ အားလင်းကို ဖုံးကွယ်ထားရင်တောင် အားလင်းကြီးလာရင် မှတ်မိနေပြီး မိသားစုမှာ မူမမှန်တာကို ရှာတွေ့သွားလိမ့်မည်။

ဒါဆို သူဘယ်လိုဖြေရှင်းရမလဲ? ဘာပဲဖြစ်ဖြစ် သူက သံသယဖြစ်စရာ အချက်အလက်များကို ထုတ်ဖော်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ထန်ချွန်းမင် ယုံကြည်ခဲ့သည်။

ကျောက်မိသားစုရန်ပွဲကြောင့် သူ့ဦးနှောက်ဆဲလ်အများအပြား ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်ကလည်း သူ့ဦးနှောက်ကို အသုံးပြုရန် အလွန်ပျင်းရိနေသည်။ ပန်းတိုင်က သက်တောင့်သက်သာရှိပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်လိုတာကြောင့် အားလင်းကို အစတည်းက ဝန်ခံထားတာပြီး နတ်ဘုရားက ပေးသနားတာလို့ ပြောခဲ့တာ ပိုကောင်းသည်။

ယခုအားလင်း၏ရယ်မောသံများ တိုးလာပြီး သူ့အား မှီခိုနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ ထန်ချွန်းမင်က အားလုံးတန်ပါတယ်လို့ ခံစားလိုက်ရသည်။

သိုးပေါက်လေးက ထန်ချွန်းမင်၏နောက်ကိုလိုက်နေသည်။ ထန်အိမ်တော်မှာ အခြေချခဲ့သော ဘဲပေါက်နှစ်ကောင်က မိဘတာဝန်ယူပြီး ကြက်ပေါက်အုပ်စုကို လယ်ကွင်းထဲ ခေါ်သွားခဲ့သည်။ အားလင်းက ပြေးလွှားရင်း မောသွားပြီး ရှောင်ဟွာကို သူ့ဖေဖေဆီ ပြန်ခေါ်သွားကာ တိုးတိုးလေးပြောလိုက်သည်။ “ဖေဖေ… ရှောင်ဟွာနဲ့ သားဗိုက်ဆာတယ်။”

ထန်ချွန်းမင်က သူ့ဗိုက်ကို တမင်လှမ်းထိလိုက်သည်။ “အားလင်း တကယ်ဗိုက်ဆာနေလား ဖေဖေကြည့်ဦးမယ်။”

သူမထိခင်မှာ အားလင်းက တခစ်ခစ်ရယ်ပြီး သူ့ဖေဖေ၏ ရင်ခွင်ထဲကို ဝင်သွားသည်။

“ဖေဖေ… သား အနီရောင်အသီးအနှံတွေစားချင်တယ်။ ရှောင်ဟွာလည်း စားချင်နေတာ။”

ထန်ချွန်းမင်က ဝမ်းသာအားရထလိုက်ပြီး သားဖြစ်သူ၏လက်ကိုဆွဲကာ သစ်သားအိမ်ကို လျှောက်သွားလိုက်သည်။

“ကောင်းပြီ… ဒါပေမယ့် တစ်လုံးပဲစားရမယ်။ မဟုတ်ရင် ညဘက်ဗိုက်နာနေလိမ့်မယ်။ ​ရှောင်ဟွာက ထပ်စားလို့မရတော့ဘူး။”

“ဟူတ်ကဲ့ တစ်လုံးပဲ။” ကျောက်လင်း၏နက်မှောင်သောမျက်ဝန်းက ပျော်ရွှင်နေပြီး ရှောင်ဟွာက ဗိုက်ဝနေတာကြောင့် ထန်ချွန်းမင်နှင့် ကျောက်လင်းနားမှာ ပတ်ပြေးနေသည်။

ကျောက်လင်းက ရှောင်ဟွာလို့ နာမည်ပေးခဲ့ခြင်းမှာ သူ၏အမွေးကာလာက အနက်နှင့် အညိုပေါင်းစပ်ထား၍ နူးညံ့ပျော့ပျောင်းလို့ဖြစ်သည်။ သူကြီးလာရင် ကြီးကျယ်ခမ်းနားပေလိမ့်မည်။ ယခုတွင်မူ လူတွေကို ဆွဲဆောင်နေသော ချစ်စရာခွေးလေးတစ်ကောင်သာဖြစ်၏။

အားလင်းစားချင်သော အနီရောင်အသီးက တကယ်တော့ ချိုချဥ်အရသာ ခရမ်းချဥ်းသီးဖြစ်သည်။ ကလေးမပြောနဲ့ ထန်ချွန်းမင်တောင် စားရတာကြိုက်သည်။

ထန်ချွန်းမင်က သိုလှောင်ခန်းမှ နှစ်လုံးထုတ်ယူကာ အားလင်းကို တစ်လုံးကျွေးကာ တစ်လုံးကို ရှောင်ဟွာကို ကျွေးပြီး ဆော့ကစားခွင့်ပေးလိုက်သည်။

ထန်ချွန်းမင်ကိုယ်တိုင်က အသီးအရွက်များကောက်ရန် လယ်ထဲကိုပြေးသွားခဲ့ပြီး ပထမအသုတ်စိုက်ထားသော ဟင်းသီးဟင်းရွက်များကို ခူးဆွတ်လိုက်သည်။

အစိမ်းရောင်အရွက်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ မုန်လာဥ၊ ခရမ်းချဥ်သီး၊ သခွားသီးနှင့် ခရမ်းသီး စသဖြင်. စားလို့ရသော အသီးအနှံများဖြစ်၏။

ထန်ချွန်းမင်က အနာဂတ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်သုံးနိုင်ရန် ​ဒေသအလိုက်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ကောက်ယူလိုက်သည်။ သူက ယခုချိန်မှာ ဟင်းသီးဟင်းရွက်များကို ပိုက်ဆံနှင့် လဲရန် စဥ်းစားနေသည်။ ယင်းက သူ့ကို အခွင့်အရေးတစ်ခုပေးလိမ့်မည်။

သူက ခရိုင်မြို့ကို ပစ်မှတ်ထားလိုက်သည်။ အမှန်တော့ မြို့ပေါ်စျေးက အကန့်သတ်ရှိပြီး အသိမိတ်ဆွေနဲ့ တွေ့ရဖို့လွယ်သည်။ သူသတိမထားရင် အချက်အလက်တွေပေါ်သွားပြီး ရာသီမဟုတ်ပဲ အရင်းအမြစ်ဘယ်လိုရလဲ ရှင်းပြနေရလိမ့်မည်။

ခရိုင်မြို့က ပိုကျယ်ပြီး လူချမ်းသာများပြည့်နေလို့ ဤဟင်းသီးဟင်းရွက်များကို စျေးကောင်းကောင်းနဲ့ ရောင်းလို့ရသည်။ ရှန်းဖူလန်နှင့် စကားပြောရာတွင် သူက သားနှစ်ယောက်အတွက် အစားအသောက်နှင့် နေ့စဥ်သုံးပစ္စည်းတချို့ ယူဆောင်လာပေးရန် ရက်အနည်းငယ်အတွင်း ခရိုင်မြို့ကို သွားမှာဖြစ်ကြောင်း သိခဲ့ရသည်။

ထန်ချွန်းမင်က လမ်းကြုံလိုက်ရန် ပြင်ဆင်ပြီး ရှန်းဖူလန်က သူ့သားကျောင်းကို သွားလည်စဥ် သူက သူ့အလုပ်သူလုပ်ရန် မြို့ထဲသွားလို့ရသည်။

ထို့အပြင် တခြားအိမ်များ၏ အိမ်ထက် ဟင်းသီးဟင်းရွက်တစ်သုတ် စောစောရင့်လာစေရန် မျိုးစေ့များကို စောစောစိုက်ဖို့လိုပြီး ခြံထဲမှာ ဟင်းသီးဟင်းရွက်စိုက်ဖို့ စီစဥ်ထားသည်။ ထိုဟင်းသီးဟင်းရွက်များကို မြို့ထဲမှာ တရားဝင်ရောင်းချနိုင်ရင် ဝင်ငွေအရင်းအမြစ်ရပြီလို့ မှတ်ယူလို့ရသည်။

သို့သော် ထိုနည်းဖြင့် ထန်ချွန်းမင်၏တာဝန်က တိုးလာပြီး သူက အရင်ဆုံး ခြံထဲမှာ ​မြေရှင်းဖို့လိုသည်။ သူ့လက်ရှိ ခန္ဓာကိုယ်နဲ့ဆိုလျှင် ထန်ချွန်းမင်က တွေးရုံဖြင့် ခေါင်းကိုက်လာခဲ့သည်။

လတွေကြာလာသည်နှင့်အမျှ ထန်ချွန်းမင် လျစ်လျူရှုရန် ကြိုးစားခဲ့သည့်အရာများက လျစ်လျူရှုထားလို့မရတော့ပေ။ သူ့ဗိုက်က စထွက်လာပြီဖြစ်၏။

ဤကာလအတွင်း ကောင်းကောင်းစားပြီး အာဟာရဓာတ်ဖြည့်ထားတာကြောင့် သူ့ဗိုက်ထဲကအသားအပိုင်းစကလည်း ကြီးထွားလာခဲ့သည်။ ထိုဖောင်းနေသောအသားကို ကြည့်လိုက်တိုင်း ထန်ချွန်းမင်က မျက်ရည်မကျပဲ ငိုချင်လာ၏။

မင်ကောအာ၏ အားလင်းကို မွေးဖွားသော မြင်ကွင်းကို ပြန်စဥ်းစားလိုက်သောအခါ သူက တုန်ယင်လာသည်။ လူသားဖြစ်ရတာ တကယ်ခက်ခဲတာပဲ….

ယခုလိုပင် ထန်ချွန်းမင်က ခဏထိုင်ပြီးနောက် မတ်တပ်ရပ်ဖို့လိုလေ၏။ မဟုတ်ပါ​က သူ့ဗိုက် မသက်မသာဖြစ်လိမ့်မည်။ ကံအားလျော်စွာ သခွားသီးခူးခြင်းက ပြဿနာကြီးကြီးမားမားမဟုတ်ခဲ့ပေ။

ခဏကြာတော့ ခရမ်းချဥ်သီးစားပြီးသော အားလင်းက သူ့ဖေဖေကို ကူညီဖို့ရောက်လာသည်။ ထန်ချွန်းမင်က သူ့ကိုမတားနိုင်ခဲ့ပေ။ သူက လူကောင်းသေးပြီး နှေးသော်လည်း ထန်ချွန်းမင်၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေသည်။

စုဆောင်းထားသော ဟင်းသီးဟင်းရွက်များက အသင့်ပြင်ထားသော ခြင်းထဲကိုထည့်ကာ မြေပြင်ပေါ်မှာ အရင်ချထားလိုက်သည်။ နေရာလွတ်ထဲမှ ထွက်သွားသည့်အခါ ထန်ချွန်းမင်က သူတို့ကို သိုလှောင်ခန်းထဲပြောင်းရန် စိတ်စွမ်းအင်သုံးမှာပင်။ ယခုလုပ်လို့ရပေမယ့် အဆုံးမှလှုပ်ရှားတာက ပိုကောင်းသည်။ ထန်ချွန်းမင်က သူ့သားကို သဘာဝလွန်အတတ်ပညာတွေ သင်ယူထားကြောင်း မရှင်းပြချင်ပေ။

ထန်ချွန်းမင်က အိမ်နောက်ဖေးရှိ ဟင်းသီးဟင်းရွက်​ကို မည်သို့သန့်ရှင်းရမလဲ စိုးရိမ်နေချိန် အခမဲ့အလုပ်သမားက အသင့်ပေါ်လာသည်။ ထန်ချွန်းမင်က အပြင်ဘက်ရှိ နေသာသောကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ဘုံက သူ့အပေါ် ကောင်းနေဆဲပင်။

&&&&&&&&&&&&&^

Chapter 18.2

ထန်ချွန်းရုံက ထန်ချွန်းမင်း၏ အိမ်တံခါးဝကို ရောက်လာသော အခကြေးငွေမပေးရသည့် အလုပ်သမားဖြစ်သည်။ သူက သူ့အဝတ်အစားကို ပြန်ငုံ့ကြည့်ပြီး အံ့အားသင့်သွားသည်။ သူ့အစ်ကိုက ဘာလို့ အဲ့လိုကြည့်နေတာလဲ?

“အစ်ကို… ဘာလုပ်နေတာလဲ? အားလင်းဘယ်မှာလဲ? ဦးလေးရောက်နေတယ်..” ထန်ချွန်းရုံက သူ့အစ်ကို၏ မြင်ကွင်းမှ အရင်ထွက်ခွာတာကောင်းမယ်လို့ ထင်တာကြောင့် သူက ထန်ချွန်းမင်ကိုကျော်ကာ လင်းအာလေးကို ရှာလိုက်သည်။

ထန်ချွန်းမင်က လက်ဆန့်ပြီး သိုးတွေကို လက်ညိုးထိုးပြလိုက်သည်။

“သူတို့အားလုံး သိုးစာကျွေးနေတယ်။ တာမောင်း၊အာမောင်းလည်း ရှိတယ်။”

ထန်ချွန်းရုံက တစ်ဖက်ခြမ်းကို အရှိန်နှစ်ဆတင်ကာ ထွက်ပြေးသွားသည်။ သူရောက်လာတာနဲ့ ခေါင်းသေးသေးလေး သုံးလုံးက စုနေပြီး သိုးများ၏အော်သံထွက်ပေါ်လာသည်။ သူ့အစ်ကိုခြံက သူနောက်ဆုံးရောက်ဖူးတုန်းကထက် ပို၍ပင် အသက်ဝင်နေ၏။

“မင်္ဂလာပါ… ဦးလေး” အားလင်းက ခေါ်သံကြားတော့ ရှောင်ဟွာကိုကိုင်ကာ လှည့်လိုက်သည်။ သူက ယဥ်ယဥ်ကျေးကျေးအော်လိုက်ပြီး တာမောင်းနှင့် အာမောင်းကလည်း သူ့ကို ဦးလေးလို့ လိုက်ခေါ်သည်။

ထန်ချွန်းရုံက တုံ့ပြန်လိုက်ပြီး အားလင်း၏မျက်နှာကိုကြည့်လိုက်သည်။ ကျောက်မိသားစုနဲ့ ခွဲပြီးနောက်ပိုင်း ပိုကောင်းလာပြီး ယခင်တစ်ခေါက်ကနဲ့ယှဥ်ရင် အများကြီးအဆင်ပြေလာဖို့ အချိန်မကြာခဲ့ပေ။ “အားလင်း ဦးလေးကိုလွမ်းလား? ဦးလေးက အားလင်း၊ တာ​မောင်းနဲ့ အာမောင်းတို့အတွက် သကြားလုံးယူလာတယ်။”

တာ​မောင်း​က နှုတ်ခမ်းကို ဖွဖွဖိထားပြီး ရှက်ကိုးရှက်ကန်းဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။ အာ​မောင်းက ပို၍ရိုးရှင်းသည်။

သို့သော် သူတို့က ထန်ချွန်းမင်ထံမှ စာရေးတတ်ဖတ်တတ်လာတာကြောင့် သူတို့အားလုံးက ရွာရှိ ဆိုးသွမ်းသော ​ကလေးများနဲ့ ကွာခြားတယ်လို့ ထင်မိသည်။ သူတို့က တစ်ခါတစ်လေ အပြင်လူများနဲ့ ရင်ဆိုင်ရာတွင် လေးလေးနက်နက်ပြုမူတတ်ပြီး ကျန်းရှို့က လူဆိုးနှစ်ကောင်၏ အပြုအမူကိုတွေ့သောအခါ မရယ်ပဲမနေနိုင်တော့ပေ။

သို့ရာတွင် အားလင်း၏ရင်ခွင်ထဲက ရှောင်ဟွာက ထန်ချွန်းရုံကို အော်ခေါ်လိုက်သည်။ သူ့အသံက နူးညံ့သိမ်မွေ့ပြီး ခြိမ်းခြောက်မှုတစ်စုံတစ်ရာမရှိသော်လည်း သူက သူ့သခင်လေးကိုကာကွယ်ရန် ခန္ဒာကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ အားလင်းက ရှောင်ဟွာကို ကမန်းကတန်းပုတ်ကာ ချော့လိုက်ရသည်။ “ရှောင်ဟွာ… ဒါက ဦးလေးပါ။ မအော်ရဘူး။”

ရှောင်ဟွာက မရပ်မနားပဲ နှစ်ကြိမ်ထပ်အော်လိုက်ပြီး နောက်လှည့်ကာ သခင်လေး၏ရင်ခွင်ထဲဝင်သွားသည်။ ခွေးလေးက သူ့ကို မထီမဲ့မြင်ပြုနေကြောင်း ထန်ချွန်းရုံ ခံစားမိသည်။ “ဒါက အစ်ကိုခေါ်လာတဲ့ ရှောင်ဟွာဆိုတဲ့ ခွေးလေးလား?” နာမည်ကနားလည်ရလွယ်သည်… ဒါကခွေးမတစ်ကောင်ပဲဖြစ်မည်။

တကယ်တော့ ရှောင်ဟွာက ခွေးထီးဖြစ်၏။

“ဟုတ်တယ်…ရှောင်ဟွာ…ဦးလေးကို နှုတ်ဆက်လိုက်ဦး။” အားလင်းက ရှောင်ဟွာ၏ ရှေ့ခြေထောက်ကိုကိုင်ကာ ထန်ချွန်းရုံအား ဝေ့ယမ်းပြလိုက်သည်။

“ဦးလေး…ရှောင်ဟွာက အရမ်းလိမ္မာတာ။ ဖေဖေက သူကြီးလာရင် ခြံစောင့်ခိုင်းမယ်လို့ပြောတယ်။”

“အင်း…ရှောင်ဟွာကြီးလာရင် အရမ်းအင်အားကြီးမှာ။” ထိုအသက်အရွယ်ဖြင့် သူက သူစိမ်းတွေကို အံကြိတ်ပြနိုင်သေးသည်။

ထန်ချွန်းရုံက သူ့နှာခေါင်းကိုထိလိုက်ပေမယ့် တကယ်တမ်း သူက ရှက်နေတာဖြစ်၏။ နောက်ဆုံးအကြိမ်လာတုန်းက သူက အရမ်းအလျင်လိုနေပြီး သူ့အစ်ကို၏ အခြေအနေကိုပဲ အာရုံစိုက်ခဲ့သည်။

သူက သူ့တူလေးအတွက် မုန့်ဝယ်လာဖို့ မေ့သွားပြီး မပြန်ခင်လည်း ဘာမှမပေးခဲ့ရပေ။ သူက ထိုကိစ္စကို စိတ်ပူနေတုန်းဖြစ်၏။

ဒါကြောင့် ယခုတစ်ကြိမ်မှာ သူက အစ်ကိုဆီလာလည်ရန် သူ့ဖေဖေကို မေးခဲ့ပြီး မုန့်ဖိုးစုကာ သကြားလုံးတစ်ထုပ်ဝယ်လာခဲ့သည်။

“ဒီကိုလာ… တစ်ယောက်ကို နှစ်လုံး … ကျန်တာကို အားလင်းဖေဖေဆီ ပေးထားလိုက်။ စားပြီးမှထပ်ယူ။”

ကလေးသုံးယောက်က ထန်ချွန်းရုံလက်ထဲက စက္ကူအိပ်ကိုကြည့်လိုက်သည်။ အားလင်းက ယခုချိန်မှာ အစားအသောက် အဝစားရပေမယ့် သကြားလုံးမစားရတာကြာပြီပင်။

သူက နှစ်လုံးယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ သကြားလုံးက ချိုပြီး အရသာရှိကာ ကျန်တာကိုတော့ ဖေဖေ့ကို ပေးထားလိုက်သည်။

&&&

ထန်ချွန်းရုံက အားလင်းကိုကိုင်ထားပြီး အားလင်းက ရှောင်ဟွာကိုကိုင်ထားကာ တာမောင်း၊အားမောင်းတို့နဲ့အတူ အိမ်ထဲဝင်သွားလိုက်သည်။ အုပ်စုက ထိုအတိုင်း အခန်းထဲဝင်သွားပြီး ထန်ချွန်းမင်က မရယ်မောပဲ မနေနိုင်တော့ပေ။ ထန်ချွန်းရုံက ကလေးကြီးဖြစ်ပြီး ယခုသူက ကလေးခေါင်းဆောင်နဲ့တူနေ၏။

“အစ်ကို..ဘာပြောလိုက်တာလဲ?” ထန်ချွန်းရုံက သူ့တူလေးကို အောက်ချကာ ရှက်ရှက်ဖြင့် မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး။” ထန်ချွန်းမင်က သူ့ညီ၏ ကိုယ့်ကိုယ့်ကို လေးစားမှုကို ဂရုစိုက်လို့ အမှန်အတိုင်းမ​ပြောတော့ပေ။

ထန်ချွန်းရုံက သူ့အစ်ကို၏ တံခါးဝကို စဝင်လာစဥ်က သူ့အစ်ကို၏မျက်နှာပေါ်က အမူအရာကို နားလည်ခဲ့ပြီး ယင်းမှာ အချိန်ကိုက်ရောက်လာလို့ ဝမ်းသာနေခြင်းဖြစ်၏။

"

သို့ဖြစ်၍ သူကပြောလိုက်သည်။ “အစ်ကို…အနားယူပါ… အစ်ကို့အလုပ်တွေကို ကျွန်တော်လုပ်ပေးမယ်။ ခြံနောက်က ဟင်းသီးဟင်းရွက်ဥယျာဥ်မလား? ပေါက်ပြားကဘယ်မှာလဲ? ကျွန်တော် ဒီနေ့ပြီးအောင် မြန်မြန်လုပ်ပေးမယ်။”

ထန်ချွန်းမင်က ရင်ထဲထိသွားသည်။ သူက ဤမျှကောင်းသော ညီအစ်ကိုတစ်ယောက်နှင့် အမှန်ပင် တွေ့ဆုံခဲ့သည်။ သူက ထိုကောင်လေး လှည့်ဖြားမခံရအောင် ဂရုစိုက်ရမည်။ သူ့မိထွေးက သန်မာလွန်း၍ အားရုံ၏ စိတ်ထားက သာမန်အမျိုးသားတွေထက် ပျော့ညံ့ပေမယ့် ယင်းမှာ သူထိန်းညှိလို့ရသော အရာမဟုတ်ပေ။ နောက်ဆုံးတစ်ကြိမ်က သူသည် မိထွေးကိုဆန့်ကျင်ပြီး သူ့ထံပြေးလာခဲ့သည်။ ဒါတွေအားလုံးအတွက် သူ့ကိုကျေးဇူးတင်ရမည်။

ထန်ချွန်းရုံက ယခင်တစ်ခေါက်ကဲ့သို့ပင် ရှပ်အင်္ကျီအရှည်ကို ဝတ်လာခဲ့သည်။ ထန်ချွန်းမင်က သူ့အတွက် ရှပ်တိုအင်္ကျီကိုရှာရန် သေတ္တာကိုဖွင့်လိုက်သည်။ ထန်ချွန်းရုံ အခန်းထဲဝင်ရောက်လာတာနဲ့ သူက အိမ်ထဲမှာ ချထားသော ကြက်ပေါက်လေးများကို တွေ့လိုက်ရပြိီး သူတို့က တက်ကြွပြီး အော်ဟစ်နေကြသည်။ အားလင်းက သူ့ဦးလေးကို ယဥ်ယဥ်ကျေးကျေးပြောလိုက်သည်။

“ဒါလေးတွေ အားလင်း ထိန်းပေးဖို့ ဖေဖေကအပ်ထားတာ။ နောင်မှာ သားက ဥတွေကောက်ပြီး ရောင်းမှာ။”

“အားလင်းက တကယ်တော်တာပဲ!” ထန်ချွန်းရုံက ရင်ထဲမှာ ဝမ်းနည်းလာသည်။ သူ့ဖေဖေ၊ သူ့အစ်ကို၊ အားလင်းနှင့် သူ့အစ်ကိုဗိုက်ထဲကကလေး အနာဂတ်မှာ အနိုင်ကျင့်မခံရအောင် သူ အင်ပါယာစာ​မေးပွဲအောင်ဖို့လိုသည်။

သူသာ ပညာတောင်သင်ဘွဲ့ရခဲ့ရင် သူ့ဖေဖေက အလုပ်အရမ်းလုပ်စရာမလိုသလို သူ့အစ်ကိုက နောက်အိမ်ထောင်ပြုဖို့မလိုပဲ သူ့တူ​လေး အားလင်းကလည်း တခြားကလေးတွေရဲ့ အနိုင်ကျင့်ခံရတော့မှာမဟုတ်ပေ။

နောက်ဆုံးအကြိမ်က ကျောက်မိသားစုမှလွတ်မြောက်ရန် သူ့အစ်ကိုက ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရသဖြင့် သူ့ခံစားချက်များက အဆင်မပြေခဲ့ပေ။

ဒါတွေအားလုံးက ထန်မိသားစု၏ တစ်ဦးတည်သော ယောကျာ်းလေးဖြစ်သည့် သူအသုံးမကျလို့ပင်။ ဒါကြောင့် သူက အိမ်ပြန်ပြီး လယ်လုပ်ဖို့ပြောသည့် သူ့ဖေဖေ၏ စကားကို နားထောင်မှာမဟုတ်ပေ။

“နောက်ဆိုရင် ဦးလေးက အားလင်းအတွက် ပိုက်ဆံအများကြီးရှာပေးမယ်။ သုံးလို့မကုန်ပဲ အားလင်းကိုလည်း ဘယ်သူမှအနိုင်ကျင့်လို့မရတော့တဲ့အထိ အများကြီးရှာပေးမှာ။” ထန်ချွန်းရုံက အားလင်း၏ခေါင်းကိုထိကာ ကတိပေးလိုက်သည်။

“အားလင်းလည်း ဖေဖေ့အတွက် ပိုက်ဆံရှာချင်တယ်။”

အားလင်းက ရှုပ်ထွေးသော စကားလုံးများကို နားမလည်ပဲ ခြင်းတောင်းထဲက ကြက်ပေါက်လေးများကိုသာ လက်ညိုးထိုးပြခဲ့သည်။

“အားလင်း… ငါတို့လည်း မင်းအတွက် တူတူမွေးပေးမယ်။” တာမောင်းနဲ့ အာမောင်းက ပြောလိုက်သည်။ ကျန်းရှို့ကြားရင် ရယ်ရမလား ဒေါသထွက်ရမလား သိမှာမဟုတ်ပေ။ သူက ထန်ချွန်းမင်ကို သေချာပေါက်ပြောလိမ့်မည်။ “ဒီနှစ်ယောက်ကိုကြည့်ပါဦး၊ မင်းမိသားစုက မွေးထားသလိုပဲ။ မင်းကိုတောင်ပေးလို့ရနေပြီ။”

ထန်ချွန်းမင်က သူ့ညီလေးနှင့် သူ့သားကြားရှိ စကားတွေကို ကြားခဲ့ရပြီး ရင်ထဲထိသွားပေမယ့် မကြားသလိုဟန်ဆောင်ကာ အဝတ်အစားရှာပြီး​နောက် အပြင်ထွက်သွားခဲ့သည်။ ၎င်းမှာ သူ့ဘောင်းဘီတိုဖြစ်လို့ သူ့ညီနဲ့လည်း ဝတ်လို့တော်လိမ့်မည်။

ထိုအကြောင်းကိုတွေးလိုက်တော့ စိတ်လှု​ပ်ရှားနေသော ခံစားချက်က ပျောက်ကွယ်သွားပြီး ဝမ်းနည်းမှုသာ ကျန်ရစ်ခဲ့သည်။ သူ့ခန္ဓာကိုယ်က အမျိုးသားတစ်ယောက်လို အရပ်မရှည်ပေ။ ဖျင်ရှန်ရွာမှာ လက်ထပ်ပြီး လွန်ခဲ့သည့် နှစ်များမှာ ဘဝကခက်ခဲခဲ့၍ သူက အနည်းငယ် ပုညှက်သွားခဲ့သည်။ ထန်ချွန်းမင်က သူ့အရပ်ကို ၁.၇မီတာပဲရှိတယ်လို့ ခန့်မှန်းလိုက်သည်။

ဟုတ်ပါသည်။ ထန်ချွန်းရုံဝတ်လျှင် သူ့အင်္ကျီလက်နှင့် ဘောင်းဘီတိုကို လှန်တင်ထားဖို့လိုပြီး ဘာပြဿနာမှမရှိပါပေ။

ထန်ချွန်းမင်က ကလေးသုံးယောက်ကို ယနေ့သင်ထားသည့် အက္ခရာများ ရေးခိုင်းထားပြီး ထန်ချွန်းရုံနှင့်အတူ အိမ်နောက်ဖေးလိုက်သွားခဲ့သည်။

ထန်ချွန်းရုံက သူ့အစ်ကို စာသင်ပေးမယ်လို့ မထင်ထားခဲ့ပေမယ့် သူ့အစ်ကို၏နည်းလမ်းက အတော်လေးကောင်းတယ်လို့ ထင်မိသည်။

“အစ်ကို… ကျွန်တော်လည်း အချိန်ရရင် လာသင်ပေးမယ်။”

“မင်းရဲ့ကျောင်းစာက ပိုအရေးကြီးတယ်။ ငါ သူတို့ကို နည်းနည်းသင်ပေးလို့ရတယ်။ မင်းကျောင်းတက်ခွင့်ရတဲ့အချိိန်မှပဲ အဲ့ဒီအကြောင်းပြောတာ​ပေါ့။ ဘယ်လိုထင်လဲ? ဖေဖေက မင်းကို ပညာဆက်သင်ခိုင်းမှာလား အိမ်ပြန်ရမှာလား?”

ထန်ချွန်းမင်က သူ့ညှီလေးကိုမေးပြီး အိမ်နောက်ဖေးမှာ ကိရိယာများကို ချလိုက်သည်။

မူလမှတ်ဉာဏ်နှင့်ယှဥ်လျှင် သူ့မိထွေးက ပညာရှင်တွေအပေါ် အထင်ကြီးခြင်းမရှိတာကို ခံစားမိသည်။ ယင်းမှာ သူ့ဖခင်​ကြောင့်ဖြစ်၏။ ကျေးလက်နေပြည်သူများအတွက် ပညာသင်ကြားဖို့ အမှန်ပင် ခက်ခဲ၏။

ထန်ချွန်းရုံက ပေါက်ပြားဖြင့် မြေတူးနေရင်း သူ့အစ်ကိုကိုမော့ကြည့်ပြီး ပြောလိုက်သည်။

“အစ်ကို၊ ကျွန်တော်စာမေးပွဲဖြေချင်ပေမယ့် ဖေဖေက သဘောမတူဘူး။ အစ်ကို… ကျောက်ဖျင်ချွမ်ကလည်း ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ဖေဖေက မောက်မာဝံ့ကြွားတတ်တာကိုသိမှာပေါ့။ ကျွန်တော် ပညာရှင်ဘွဲ့ကိုရရင် အနည်းဆုံးတော့ ကျောက်မိသားစုက အစ်ကို့ကို နှောင့်ယှက်လို့ရမှာမဟုတ်တော့ဘူး။”

“စာမေးပွဲအောင်တာတော့ ကောင်းပါတယ်။ တခြားအရာတွေကို ထည့်မတွက်ရင်တောင် မိသားစုအခွန် ကင်းလွတ်ခွင့်ရလိမ့်မယ်။”

ရှေးခေတ်မှာ ပညာရေးကလွဲရင် အရာအားလုံးက နိမ့်ပါးသည်။ သူ စာ​မေးပွဲအောင်တာနဲ့ နဂါးတံခါးဝကနေ ခုန်ချနိုင်သည့် ငါးကြင်းတစ်ကောင်ဖြစ်သွားပြီး အခြေအ​နေလည်း ချက်ချင်းကွာခြားသွားပေမည်။

ထန်ချွန်းမင်က ကျောင်းတွင်သင်ခဲ့ရသည့် စာသားတစ်ခုကို မှတ်မိနေသေးသည်။ ဖန်ကျင်းအမည်ရှိ လူတစ်ယောက် စာမေးပွဲဖြေဆိုခြင်းအကြောင်းဖြစ်၏။

ထိုလူသည် အသက်ကြီးလာစဥ်မှာလည်း မိသားစု၏အဆင့်အတန်းကို ပြောင်းလဲရန် ပညာသင်နေဆဲဖြစ်၏။ နောင်တွင် စာမေးပွဲအောင်သည်ဖြစ်စေ အရာရှိဖြစ်လာသည်ဖြစ်စေ အခွန်ကင်းလွတ်ခွင့်နှင့် လုပ်အားခွန်ကင်းလွတ်ခွင့်ရတာကြောင့် ကောင်းသည့်သဘောဖြစ်သည်ဟု ထန်ချွန်းမင် ခံစားခဲ့ရသည်။

“အစ်ကိုလည်း ထောက်ခံတယ်မလား?” ထန်ချွန်းရုံ၏ မျက်ဝန်းက ရုတ်တရက်တောက်ပလာသည်။

ထန်ချွန်းမင်ကပြုံးကာ ပြောလိုက်သည်။ “မင်းဖေဖေကို ဖျောင်းဖျချင်ရင်တော့ ငါ့ကိုသုံးလို့မရဘူး။ အဲ့ဒါက မင်းဖေဖေကို ပိုပြီး မကျေမနပ်ဖြစ်စေလိမ့်မယ်။ မင်းဖေဖေနဲ့ အရင်ဆုံးဆွေးနွေးကြည့်ပါလား? ဥပမာ စာမေးပွဲအကြိမ်ရေကို ကန့်သတ်ထားလားပေါ့။ မင်းစာမေးပွဲအောင်ရင် မင်းဖေဖေက အခက်မတွေ့တော့ဘူး။ ခြောက်နှစ်အတွင်း မအောင်ရင်တော့ မင်းက မင်းဖေဖေစီစဥ်တာကို နား​ထောင်ပြီး ကောတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးယူလိုက်။”

ထန်ချွန်းရုံက သူအစ်ကိုစကားကိုကြားတော့ လေးနက်သွားပြီး သဘောတူလိုက်သည်။ မိသားစုအခြေအနေက သူ့ကို စာမေးပွဲဆက်ဖြေခွင့်မပြုပေ။ အစ်ကိုပြောခဲ့သည့် အချက်အလက်ကမှန်သည်။ သို့​သော် နောက်ဆုံးပိုင်းကို ကြားလိုက်သောအခါ ထန်ချွန်းရုံက ရှက်သွားပြီး သူ့အစ်ကိုကို လျစ်လျူရှုက အလုပ်ဆက်လုပ်လိုက်သည်။.

ထန်ချွန်းမင်က ရယ်လိုက်ပေမယ့် သူ့ညီလေးကို နှစ်သိမ့်လိုက်သည်။ “အရင်နှစ်နှစ်လောက်က ငါမကူညီနိုင်ခဲ့ဘူး။ ငါ့လက်ထဲပိုက်ဆံရှိလာရင် မင်းစိတ်အေးလက်​အေး ကျောင်းသွားလို့ရတယ်။ ငါမင်းကိုထောက်ပံ့မယ်။”

ထန်ချွန်းမင်က သူလုပ်နိုင်တယ်ဆိုတာယုံသည်။ ယင်းမှာ သူ့ညီငယ်အတွက် သူ၏ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်သည်။ မိထွေးဖြစ်သူက သူ့လုပ်ဆောင်ချက်ကြောင့် သူနဲ့အတူ အဆင်ပြေအောင်နေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာ တန်ဖိုးအရှိဆုံးက အားရုံဖြစ်သည်လေ….

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment