no

Font
Theme

Chapter 35.1

ခြံထဲ၌ အသစ်ဆောက်ထားသော သိုးနှင့် ကြက်လှောင်အိမ်များရှိသည်။ ထန်ချွန်းမင်က ကြက်နှင့် သိုးမွေးမြူရေးဧရိယာနှစ်ခုကို အထူးသတ်မှတ်ထားပြီး ကြက်ငါးဆယ်နှင့် သိုးသုံးကောင်ကို မူလခြံထဲမှ ပြောင်းရွှေ့ပေးခဲ့သည်။ ရာသီဥတုပူလေ အနံ့အသက်က ပိုပြင်းလာလေဖြစ်၏။ နွေရာသီတွင် ခြံဟောင်းမှာနေလျှင် သူတို့ဘဝက ပိုခက်ခဲနေလိမ့်မည်။ ထန်ချွန်းမင်က ခြံဟောင်းထဲ၌ အသီးအနှံအနည်းငယ်စိုက်ထားပြီး စပျစ်သီးများစိုက်ပျိုးရန် ပြင်လိုက်သည်။ နွေရာသီနှင့် ဆောင်းဦးရာသီတွင် သူက အသီးအနှံစားရင်း အအေးဓာတ်ကို ခံစားကာ စပျစ်ပင်အောက်၌ ထိုင်လို့ရသည်။ အသီးစားပြီး လန်းဆန်းနေဖို့… ထန်ချွန်းမင်က အချိန်မြန်မြန်ကုန်သွားဖို့ မျှော်လင့်သည်။

 

သို့ရာတွင် လုံခြုရေးက အလွန်အရေးပါသည်။ ထန်ချွန်းမင်က သူနဲ့ဆက်ဆံရေးကောင်းသည့် လူများကို ခွေးပေါက်လေးများရှာပေးရန် အကူအညီတောင်းခဲ့သည်။ ဤတစ်ကြိမ်တွင် ဦးလေးလျိုက သူ့ကို ခွေးပေါက်နှစ်ကောင်ရှာပေးခဲ့သည်။ သူက မြို့ကို မကြာခဏသွားပြီး လူအများကြီးနှင့် ရင်းနှီးသည်။ သို့ဖြစ်၍ ခွေးမွေးထားသော ပိုင်ရှင်များမှာ ခွေးပေါက်ရှိမရှိ သူမေးခဲ့သည်။ သာမန်မိသားစုများက ဤခွေး​ပေါက်များကို စောင့်ရှောက်ရန် ဆန္ဒရှိမည်မဟုတ်ပေ။ သူတို့မှာ မွေးမြူဖို့ စားစရာအများကြီးမရှိတာကြောင့် ပုံမှန်များဖြင့် သူတို့က ခွေးပေါက်လေးများကို သူများပေးလိုက်သည်။

 

ခွေးနှစ်ကောင်ရခဲ့သည်။ တစ်ကောင်မှာ အနက်ရောင်ဖြစ်ပြီး ကလေးများက ရှောင်ဟွာ၏နာမည်နှင့် လိုက်ဖက်ညီစေရန် ရှောင်ဟေးလို့ တညီတညွတ်တည်းပေးခဲ့သည်။ နောက်တစ်ကောင်က အဖြူအမည်း အမွေးများနှင့် ခွေးပေါက်လေးမို့ ပြဿနာပိုရှိသည်။ ရှောင်ဟွာမှာ ဒီနာမည်ရှိနေပြီမို့ ဒီတစ်ကောင်ကို သူတို့ဘယ်လိုခေါ်ရမလဲ? ကလေးများက နာမည်စဥ်းစားနေပေမယ့် နောက်ဆုံးမှာ အဖြေမထွက်လာ၍ ထန်ချွန်းမင်ကိုသာ မေးလိုက်သည်။ ဒုတိယခွေးပေါက်လေး၏ ခေါင်းပေါ်တွင် စေးကပ်နေသော အမွေးအမျှင်များရှိနေသည်ကို ထန်ချွန်းမင်မြင်လိုက်ရပြီး ၎င်းကို ရှောင်သိုက်လို့ခေါ်ဖို့ ဆုံးဖြတ်ခဲ့သည်။

 

ခွေးပေါက်လေးနှစ်ကောင်ရောက်လာပြီးနောက် ခွေးပေါက်အမျိုးအစားကို ကျော်လွန်လာခဲ့သည့် ရှောင်ဟွာက ကျေနပ်အားရစွာဖြင့် သူ့အမြီးကို အားကြိုးမာန်တက် လှုပ်ရမ်းလိုက်သည်။ သူ့အား ခွေးခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့ပြီး သူ့အောက်မှာ ညီလေးနှစ်ယောက်ရှိသည်။ သခင်ဖြစ်သူ ထန်ချွန်းမင်က ထိုခွေးပေါက်နှစ်ကောင်ကို စောင့်ရှောက်ရန် သူ့အား တာဝန်ပေးထားတာကြောင့် ရှောင်ဟွာက ညီငယ်လေးနှစ်ဦးကို အထူးဂရုစိုက်နေ၏။

 

အံ့အားသင့်စရာအကောင်းဆုံးမှာ ထန်ချွန်းမင်က ထိုခွေးပေါက်နှစ်ကောင်ကို မလေ့ကျင့်ပေးမီ သူတို့က ရှောင်ဟွာ၏နောက်ကို သတိရှိရှိလိုက်သွားပြီး သူတို့၏ဇီဝကမ္မပြဿနာများကို ဖြေရှင်းရန် သတ်မှတ်ထားသောနေရာကို ပြေးသွားကြသည်။ ၎င်းက ထန်ချွန်းမင် ရှောင်ဟွာအတွက် တူးပေးထားသော သီးသန့်တွင်းကြီးဖြစ်၏။ ၎င်းပေါ်တွင် အပေါက်တူးထားသော ဘုတ်ပြားဖြင့် ပိတ်ဆို့ထားပြီး ထန်ချွန်းမင်က ထိုအပေါက်ကို ပုံမှန်ဆေးကြောပေးသည်။

 

ဇီဝကမ္မကိစ္စရပ်ကိုဖြေရှင်းရန် ရှောင်ဟွာနှင့် ရှောင်ဟေးနောက်တွင် ခလုတ်တိုက်မိသော ရှောင်သိုက်ကိုမြင်သောအခါ ကျန်းရှို့နှင့် ဝမ်မော့က ရယ်မောကာ ကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ တကယ်တော့ ထန်ချွန်းမင် မတော်တဆပေးခဲ့မိသည့် ရှောင်သိုက်ဆိုသည့်နာမည်မှာ ကွက်ကွင်းပြီး ထွားကြိုင်းသော ခွေးကလေးက ချစ်ဖို့ကောင်းပြီး မရိုးမရွဖြစ်နေ၏။ သူက ရှောင်ဟေးလို ထွား​ကြိုင်းပေမယ့် လမ်းငြိမ်ငြိမ်မလျှာက်နိုင်ပဲ မကြာခဏ ပက်လက်လဲကျနေသည်။ ရှောင်ဟေးနှင့် ရှောင်ဟွာက နောက်လှည့်ပြီး သူ့ကို ပါးစပ်နဲ့ထူပေးလိုက်လျှင်ပင် သူ့ပုံစံက ရှုပ်ထွေးနေဆဲဖြစ်၏။

  

“မင်းနာမည်ဆိုးကို ရွေးခဲ့တယ်ထင်တယ်။ ရှောင်သိုက်ဆိုတာ ဘာကိုပြောတာလဲ?” ကျန်းရှို့က ရယ်မောကာ ဗိုက်ပွတ်ရင်းပြောလိုက်၏။

  

“အို…ဦးလေးလျိုက ရယ်စရာကောင်းတဲ့ ခွေးလေးကို ဘယ်လိုရှာတွေ့ခဲ့တာလဲ?.. တကယ့်ရတနာလေးပဲ။” ဝမ်မော့က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

  

“ငါလည်းမသိဘူး။” ထန်ချွန်းမင်က ပခုံးတွန့်ပြသည်။ “သူကြီးလာရင် ပိုကောင်းလာလိမ့်မယ်။ ရှောင်ဟွာ အခုဘယ်လောက်တောင် အရပ်ရှည်လိုက်လဲ… အရင်နှစ်ရက်လောက်က ကြွက်တောင် ဖမ်းမိခဲ့သေးတယ်။” ရှောင်ဟွာကိုမွေးခဲ့တာက နောက်ဆုံးတော့ အသုံးဝင်လာပြီ…ဟုတ်တယ်မလား? ထန်ချွန်းမင်က ထိုခွေးကို ဒုက္ခများတယ်လို့မထင်ပေ။

 

သူ ရှောင်သိုက်ကို အိမ်ပြန်ခေါ်လာတုန်းက ရှောင်သိုက်နဲ့ပတ်သက်ပြီး ပြဿနာတချို့ရှိနေတာကို မြင်ခဲ့ရသည်။​ နောက်ခြေတစ်ဖက်က တိုနေပေမယ့် သေချာမကြည့်မိဘူးဆိုရင်တော့ သတိထားမိမှာမဟုတ်ပေ။ ခွေးပိုင်ရှင်သည် မူလက ခွေးကိုစွန့်ပစ်ချင်ခဲ့ပေမယ့် ဦးလေးကျောက်လျိုက မင်ကောအာထံသို့ အရင်ခေါ်လာပြဖို့ ဆုံးဖြတ်ခဲ့သည်။ မင်ကောအာ သဘောမကျရင် စွန့်ပစ်လိုက်လို့ရသည်လေ။ မြင်ပြီးနောက်မှာ ထန်ချွန်းမင်က ဘာမှမပြောပဲ ခေါ်ထားခဲ့သည်။ ထိုအားနည်းသော ခွေးလေးက စွန့်ပစ်ခံရလျှင် အသက်ရှင်နိုင်မှာမဟုတ်ပေ။ သူက ထိုကဲ့သို့မဖြစ်စေချင်တာကြောင့် စမ်းရေက ခွေးလေးအပေါ် သက်ရောက်မှုရှိမရှိ သိချင်ခဲ့သည်။

အကျိုးသက်ရောက်မှုကို မမြင်ရသေးသော်လည်း ရှောင်သိုက်က ပျော်ရွှင်စရာများကို ယူလာပေးခဲ့ပြီး ထန်ချွန်းမင်က ရှောင်သိုက်ကို မွေးမြူခဲ့တာ ထိုက်တန်တယ်လို့ ခံစားလိုက်ရသည်။

 

ယခင်ကမွေးထားသော ကြက်ပေါက်ငါးဆယ်လုံး အသက်ရှင်ခဲ့ပြီး ယခု သူတို့က အလယ်အလတ်အရွယ် ကြက်များအဖြစ် ကြီးထွားလာခဲ့သည်။ ခြံအသစ်ဆောက်ပြီးနောက် ထန်ချွန်းမင်က နောက်ထပ်ကြက်ပေါက်ငါးဆယ်နှင့် သိုးပေါက်ဆယ်ကောင်ကို ထပ်ယူလာခဲ့သည်။ ထိုထဲတွင် နို့ထွက်သော သိုးမနှစ်ကောင်လည်းပါသည်။ ရှိနေသော သိုးပေါက်လေးများကိုတော့ ထန်ချွန်းမင်က နို့ဖြတ်ပြီး အစာပြောင်းကျွေးမည်ဖြစ်သည်။

 

ထန်ချွန်းမင်လိုချင်သော အတိုင်းအတာက ယခုလက်ရှိနဲ့ဝေးပါသေးသည်။ သို့သော် တစ်ဖက်တွင်မူ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့က အလုပ်များလွန်းနေပြီး နောက်တစ်ဖက်မှာတော့ ရွာရှိ တခြားလူများနှင့် လိုက်လျောညီထွေဖြစ်စေရန် အချိန်ကာလတစ်ခုလိုအပ်သည်။ နောင်မှာ ထန်ချွန်းမင်က အတိုင်းအတာကို ထပ်မံတိုးချဲ့သည့်အခါ သူတို့က သူ့အတွက် အကြောင်းပြချက်များကို အလိုလိုရှာဖွေကြလိမ့်မည်။ ဤမွေးမြူရေးအတွေ့အကြုံများက တစ်ဆင့်ပြီးတစ်ဆင့် စုဆောင်းထားရတာဖြစ်၏။

 

လယ်မြေသုံးဧကကျော် ကျန်နေသေးသည်။ ထန်ချွန်းမင် ထိုနေရာတွင် ဟင်းသီးဟင်းရွက်အားလုံးစိုက်ပျိုးရန် လူတစ်​ယောက်ကို ငှားရမ်းချင်ခဲ့သည်။ သို့သော် ကျန်းရှို့၊ဝမ်မော့နှင့် တခြားသူများ၏ အကူအညီဖြင့် လူငှားဖို့ပင်မလိုခဲ့ပေ။ လူအများကြီးကို ဖိတ်ခေါ်ပြီးနောက် ဤလူများက တစ်ရက်တည်းဖြင့် သူ့ကို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးခဲ့ပြီး သူတို့၏လုပ်အားက ထိုအမျိုးသားများထက် မနိမ့်ပါပေ။ ဤလူများက ထန်ချွန်းမင်၏လုပ်အားခကို မလိုချင်တာကြောင့် သူက သူတို့ကို ကျေးဇူးဆပ်ရန် အရသာရှိတာတွေ ချက်ကျွေးခဲ့သည်။

 

သို့သော် အိမ်မှာ လုပ်စရာပိုများလာပြီး အကူအညီမတောင်းပါပဲ တစ်​ယောက်တည်းမလုပ်နိုင်တော့ချေ။ ထန်ချွန်းမင်၏ရည်ရွယ်ချက်က ကောင်းမွန်ပြီး သက်တောင့်သက်သာရှိသော ဘဝကို နေရဖို့ဖြစ်ပြီး ဘဝကောင်းမှာနေရဖို့ရန် သူ့ကိုယ်သူအပင်ပန်းခံပြီး သေအောင်အလုပ်လုပ်ဖို့မဟုတ်ပေ။ မင်းရှင်သန်မယ်ဆိုလျှင် ကောင်းကျိုးက ဆိုးကျိုးထက် သာလွန်မှရမည်။ သို့သော် ထန်ချွန်းမင်က ဤအဆင့်တွင် တုံ့ဆိုင်းနေသည်။ ယင်းမှာ တခြားအ​ကြာင်းပြချက်ကြောင့် မဟုတ်ပါပဲ လူမြင်းကွင်မှာ ကြက်နှင်သိုးစာကျွေးလျှင် ရွာသားများက အစားအစာကို ဖြုန်းတီးသည်ဟုဆိုကာ အော်ဟစ်ကြိမ်းမောင်းလာလိမ့်မည်။

  

“ခင်ဗျားပြောချင်တာက ကျောက်မိသားစုက မြို့ပေါ်က ရှန်းမိသားစုနဲ့ လက်ထပ်တော့မှာလား?” ယခုရက်ပိုင်းတွင် ရေတွင်းတူးခြင်း၊ ကြက်စာကျွေးခြင်း၊ သိုးမွေးမြူခြင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အလုပ်များနေသော ထန်ချွန်းမင်က ကျောက်မိသားစုအကြောင်းကို လုံးလုံးမေ့သွားခဲ့သည်။ ပညာရှင်ဆိုတာဘာများလည်း… ပညာရှင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပိုက်ဆံရှာခြင်းလောက် အရေးမကြီးပေ။ ယခုချိန်မှာ သူက ရွာနဲ့မြို့က ​သတင်းများအကြောင်း ရှန်းဖူလန်ပြောပြနေတာကို ရုတ်တရက်ကြားလိုက်ရသည်။

 

ကျောက်လောင်စန်းက မြို့ပေါ်မှာကျောင်းအပ်ပြီး စာမေးပွဲအောင်ခဲ့သော ပညာရှင်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တာကြောင့် သူဂုဏ်သတင်းက အများကြီးတိုးတက်လာခဲ့သည်။ ရှန်းဖူလန် သူ့ယောက်ဖအိမ်သို့ သွားသောအခါမှာလည်း အရည်အချင်းနှင့် အလာအလာရှိသော ကျောက်ဖျင်ချွမ်အကြောင်း တခြားသူတွေပြောနေတာကို ကြားခဲ့ရသည်။ မြို့ပေါ်ရှိ ရှန်းမိသားစုက သူ့ကိုသဘောကျနေပြီး သားမက်တော်ဖို့ ပြင်ဆင်ထားသည်ဟု ဆိုသည်။ ရွာထဲ၌ ထိုသတင်းများ ပျံ့နှံ့​နေခဲ့သည်။

 

ဘိုးဘိုးကျောက်မြို့ပေါ်ကို သွားခဲ့သည့် အကြောင်းအရင်းမှာ ရှန်းတာဟူ၏ကောအာလေးအကြောင်း မေးမြန်ဖို့အတွက်ဖြစ်တာကြောင့် လက်ထပ်ပွဲဖြစ်လာနိုင်သည်ဟု ဆိုကြသည်။

 

ထန်ချွန်းမင်က လွန်ခဲ့သည့်ရက်အနည်းငယ်မှာ အလုပ်များနေပြီး ယခုမူ ထန်ချွန်းမင်က လုံးဝမလှုပ်ချင်ပဲ ကိုယ်တစ်ဝက်လဲလျောင်းနေ၏။ အလည်လာသောရှန်းဖူလန်က ခြံအသစ်ထဲက ခွေးပေါက်လေးနှစ်ကောင်ကို စိတ်ဝင်စားနေသည်။ ခွေးပေါက်လေးနှစ်ကောင်က ထိုနေရာမှာ ကစားနေပြီး ထန်ချွန်းမင်က ကလေးတွေကိုလည်း ကစားခွင့်ပြုထားသည်။ ကလေးတွေက မကစားပဲဘယ်လိုနေနိုင်မှာလဲ? လီဖုန်းကသာ သူတို့လေးတွေ​ကို အမိန့်နာခံအောင် လုပ်နိုင်လိမ့်မည်။

 

ပျင်းရိနေသော ထန်ချွန်းမင်က အတန်ငယ်အတင်းပြောခဲ့လေသည်။ သူက ကျောက်လောင်စန်းကို လက်ထပ်မည့် ကောလေးအကြောင်းစိတ်ဝင်စားနေ၏။ ဘယ်လိုတောင်ကန်းနေလို့ ကြောင်သူတော်ကြွက်သူခိုးကို ချစ်မိသွားရတာလဲ? “ရှန်းတာဟူက ဘယ်လိုလူမျိုးလဲ? ပြီးတော့ သူ့ကောအာလေးက ကျောက်လောင်စန်းကို သဘောကျလား?”

  

“အဲ့ဒီနေ့က ရှန်းတာဟူတို့လင်မယား ကျောက်မိသားစုကို ဂုဏ်ပြုဖို့လာခဲ့တယ်လို့ကြားတယ်။ ဒါပေမယ့် သူနဲ့လက်ထပ်ပေးမယ့် ကောအာလေးက ရှန်းမိသားစုရဲ့ ကလေးမဟုတ်ပဲ အပြင်မှာကြီးပြင်းလာတဲ့ တရားမဝင်ကလေးလို့ကြားတယ်။ အဲ့ဒါက ရှန်းတာဟူရဲ့ အငယ်အနှောင်းက ချန်ခဲ့တဲ့ ကလေးဖြစ်ပြီး သူ့ဇနီးက ပျိုးထောင်ပေးခဲ့တယ်ပြောပေမယ့် ငါ့ရဲ့ကောလေးပြောတာကတော့ သူ့မြို့ပေါ်မှာ အိမ်ထောင်ကျပြီး နှစ်အနည်းငယ်အတွင်း ရှန်းတာဟူရဲ့ဇနီးက အဲ့ဒီကောလေးကို အပြင်ထုတ်လာတာ မမြင်ဖူးဘူးတဲ့။ ဒါကြောင့် အခု သူ့ပုံစံကဘယ်လိုလဲ ဘယ်သူမှမသိကြဘူး။” ရှန်းဖူလန်က နှာမှုတ်လိုက်သည်။ ထန်ချွန်းမင်က အချိန်အတော်ကြာတွေးတောနေခဲ့သည်။

 

ထိုအတွေးထဲမှာ အငယ်အနှောင်းရှိသည့် ရှန်းတာဟူကို အထင်သေးခြင်းပါဝင်ပြီး ရှန်းတာဟူဇနီး၏ အပြုအမူအတွက် နားမလည်နိုင်သော အဓိပ္ပါယ်များလည်းရှိနေသည်။ ထိုကောလေးကို သူ့ဘေးမှာ ဘယ်တော့မှမထားခဲ့ခြင်းက စာနာစိတ်မရှိလို့ဖြစ်ပေမည်။ သူ့ကို ပြန်ခေါ်လာခဲ့ပေမယ့် သူဟာ အပြင်အဆောင်မှာ နေခဲ့ရသည့် အငယ်အနှောင်းကလေးတစ်ယောက်သာဖြစ်သည်။ ထိုသို့သော လူငယ်လေးသည် သူ့ကိုယ်သူမထောက်ပံ့နိုင်မှာ သေချာသည်။

 

ယင်းမှာ ဤကမ္ဘာပေါ်ရှိ အမျိုးသားများက အငယ်အနှောင်းထားရှိနိုင်သည်ဆိုသော ဖြစ်ရပ်ကို ​သူ ပထမဆုံးကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ရှန်းတာဟူ၏ ဇနီးသည်ကလည်း ခွန်အားကြီးသည်။ အငယ်အနှောင်းကိစ္စများကို အိမ်ခေါ်လာမယ့်အစား အပြင်မှာပဲ လျှို့ဝှက်ထိန်းသိမ်းစေရန် သူက ရှန်းတာဟူကို ခြယ်လှယ်နိုင်ခဲ့သည်။ သို့သော် သူက ထိုလူ၏အောက်ပိုင်းကိုတော့ မထိန်းချုပ်နိုင်ပဲ သူ့ခင်ပွန်း အပြင်မှာအငယ်အနှောင်းထားနေသည့် သက်သေအထောက်အထားများက သူ့ဆီကို သတိပေးချက်အဖြစ် ရောက်လာခဲ့သည်။ သူ့မှာပိုက်ဆံရှိလျှင်ပင် သူ့ဘဝက ဆိုးယုတ်လွန်းလှသည်။

 

အကယ်၍ သူ့လူက အနာဂတ်မှာ စည်းမျဥ်းတစ်ခုခုကို ထပ်ချိုးဖောက်ရဲလျှင် ထိုလူက သူထိန်းချုပ်လို့မရသည့် သူ့ပစ္စည်းကို တစ်သက်လုံးသုံးလို့ရတော့မှာမဟုတ်ပဲ ကန်ထုတ်ခံရလိမ့်မည်ဟု ထန်ချွန်းမင် အာမခံနိုင်သည်။ သို့သော်စဥ်းစားကြည့်လိုက်တော့ ထန်ချွန်းမင်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ အဲ့ဒီလူကတော့…. အမှားမလုပ်သင့်ဘူး!... သူတို့နှစ်ယောက်ရန်ဖြစ်ရင် သူ၏အားနည်းသော လက်နှင့်ခြေထောက်များက ထိုလူ့ကို အနိုင်ရမှာမဟုတ်ပေ။ မင်းပဲ ပြန်စဥ်းစားကြည့်လိုက်စမ်းပါ….

  

“ဒါဆို ကျောက်လောင်စန်းက ဒီအိမ်ထောင်ရေးကို သဘောတူလား? သူက အဲ့လောက်ငယ်တဲ့ကောလေးကို လက်ထပ်ဖို့ဆန္ဒရှိလား?” ကျောက်လောင်စန်းက ငွေလိုချင်တာလား ဂုဏ်သိက္ခာကိုလိုချင်တာလား ထန်ချွန်းမင်တွေးနေခဲ့သည်။ ရှန်းတာဟူက ပညာရှင်တစ်ဦးကို သူ့ဘက်သိမ်းသွင်းလိုတာကြောင့် ခန်းဝင်ပစ္စည်း နည်းနည်းလေးပဲပေးမှာမဟုတ်ပေ။ သို့ပေမယ့် ထိုကောငယ်လေးက အငယ်အနှောင်း၏သားဖြစ်မှန်း ရှန်းတာဟူ သိပြီးသားမို့ ၎င်းက သူ့သိက္ခာကို ထိခိုက်စေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်သတင်းနဲ့ပတ်သက်ပြီး အလေးထားသော ကျောက်လောင်စန်းက အဲ့ဒါကို သဘောတူမှာလား?

  

“ငါဒီအကြောင်းကိုတော့မသိပေမယ့် မြို့ပေါ်က ငါ့ကောလေးတောင် မိသားစုနှစ်ခုက လက်ထပ်တော့မယ်လို့ ကြားခဲ့တယ်။ သူတို့နှစ်ယောက်နေလို့ရအောင် မြို့ထဲက အိမ်တစ်လုံးကို ခန်းဝင်ပစ္စည်းအဖြစ်ပေးမယ်လို့ ပြောခဲ့တယ်။ အဲ့ဒါက မြို့ထဲမှာ ကျောက်လောင်စန်း စာကိုအာရုံစိုက်လို့ရအောင်လည်းပါတယ်။ အဲ့ဒီကောလာဟလတွေက ရှန်းတာဟူဆီက ပျံ့သွားတာပဲဖြစ်မယ်။ မဟုတ်ရင် သူက ဒီလိုနမော်နမဲ့နိုင်ပါ့မလား” ရှန်းဖူလန်က အသေးစိတ်မသိတာကြောင့် သူကြားခဲ့တာကိုပြောခဲ့သည်။ “ဒါပေမယ့် ဒီသတင်းမပျံ့ခင်မှာ ကျောက်မိသားစုအိမ်ကို အောင်သွယ်တော်တွေ အများကြီးရောက်လာတယ်လို့ကြားတယ်။ နှစ်ရက်နေတော့ သူတို့ကို အစအနတောင် မတွေ့ရတော့ဘူးတဲ့”

 

သူတို့က ကျောက်လောင်စန်း၏ အိမ်ထောင်ရေးအကြောင်းကို ပြောနေကြတာပင်။ မြို့ထဲမှာ အတန်းဖော်များကို အရက်ခေါ်တိုက်နေသော ကျောက်လောင်စန်းက ထိုကိစ္စကြောင့် နာမည်ကြီးသွားခဲ့သည်။ သူက အနည်းငယ်ဂုဏ်ယူနေပေမယ့် ရှန်မိသားစု၏ချဥ်းကပ်မှုကို သိပ်မကျေနပ်ပေ။ သူအခုထိ သဘောမတူရ​သေးတာကို ကောဟာလဟက ဘယ်လိုပျံ့နှံ့သွားတာလဲ?

 

သူ ယနေ့ အတန်းဖော်များနဲ့တွေ့သောအခါ သူတို့အားလုံးက သူ့ကို ချီးကျူးနေပြီး မင်္ဂလာဆောင်ဘယ်နေ့လဲ မေးခဲ့သည်။ ထိုမှသာ လူတိုင်းက သူ့ကို ရှန်းမိသားစု၏ သားမက်အဖြစ် သတ်မှတ်ထားမှန်း သူသဘောပေါက်ခဲ့သည်။ ကျောက်ဖျင်ချွမ်က ကိစ္စရပ်အားလုံးကို သူ့ထိန်းချုပ်မှုအောက်တွင် အမြဲထားလိုသူဖြစ်သည်။ ယခု သူက ရှန်းမိသားစု၏လုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်သွားခဲ့သည်။

&&&&&&&&

Chapter 35.2

 

သူ ဧည့်သည်များကို ဧည့်ခံနေသော နေရာမှာ ကျင်းကျိစားသောက်ဆိုင်ဖြစ်သည်။ သူနဲ့ အတန်း​ဖော်သုံးယောက်က အပေါ်ထပ်မှာ သီးသန့်ခန်းတောင်းခဲ့သည်။ သီးသန့်ခန်းထဲဝင်ရောက်ပြီးနောက် ထိုအရာအားလုံးက ရှန်းမိသားစု၏ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကျောက်လောင်စန်းက စိတ်မရှည်စွာ ပြောပြခဲ့သည်။ သူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ယခုအိမ်ထောင်ရေးက ပိုလို့တောင် လေးနက်လာခဲ့သည်။ သူ့အားမူသည်လည်း မြို့ပေါ်ကို လာရောက်စုံစမ်းခဲ့ပေမယ့် သူ ထိုကောငယ်လေးအကြောင်း ဘာမှရှာမတွေ့ခဲ့ပေ။ ထိုကောငယ်လေးက အိမ်မှာပဲကြီးပြင်းလာလို့ အပြင်ထွက်တာရှားသည်ဟုဆိုသည်။ သူကလည်း ပညာတတ်ပြီး ယဥ်ကျေးသိမ်မွေ့သည်။ ထိုနှစ်ချက်က ကျောက်ဖျင်ချွမ်၏လိုအပ်ချက်နှင့် ကိုက်ညီသည်။ သူ့အမြင်အရ ကောဆိုတာ ထိုသို့ဖြစ်ရမည်။ ယောကျာ်းလေးတစ်ယောက်လို လူရှေ့သူရှေ့ထွက်ပြရမယ့်အစား ကောတစ်ယောက်က မိဘတွေကို အိမ်မှာပြုစုစောင့်ရှောက်သင့်ပြီး သူ့ခင်ပွန်းကိုလည်း ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုသင့်သည်။ သူအပြင်မှာ စကားအများကြီးပြောလျှင် ခင်ပွန်းဖြစ်သူက မျက်နှာပျက်ရလိမ့်မည်။ ထန်ချွန်းမင်ကဲ့သို့ သာဓကတစ်ခုရှိကတည်းက သူသည် သူလက်ထပ်ချင်သော ကောတစ်ယောက်ဆီမှ လိုချင်သည့်အချက်ပိုများလာခဲ့သည်။

  

“မင်းငါ့ကိုမေးရင်တော့ ဒါဘာမှမမှားပါဘူး။ ဒါတွေအားလုံးက မင်းငယ်ငယ်လေးနဲ့ ပညာရှင်တစ်ယောက်အဖြစ် ရွေးချယ်ခံလိုက်ရလို့ပါ။ လောင်စန်း.. ရှန်မိသားစုက မင်းရဲ့အနာဂတ်ကိုမြင်လို့ မင်းကိုလက်ထပ်ဖို့ မစောင့်နိုင်တော့တာဖြစ်မယ်။ အနာဂတ်မှာ မင်းသူတို့ကို ပံ့ပိုးထောက်ပံ့တာကို လိုချင်တာ။ ဒီလိုဆိုရင် ရှန်းမိသားစုက မင်းကို ဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူး။ ဒါကြောင့် အရင်ဆုံးလက်ထပ်လိုက်ပါ။ မင်းသူ့ကိုသဘောမကျရင် အချိန်မရွေးကွာရှင်းလိုက်လို့ရတယ်။ ဒါက ယောကျာ်းတွေဆုံးဖြတ်ရမှာ။” တစ်ယောက်က အကြံပေးလိုက်သည်။

 

တကယ်တော့ ကျောက်ဖျင်ချွမ်က လက်မခံချင်သေးပေ။ သူက တင်းကျိုးခရိုင်နှင့် ခရိုင်မြို့တော်ကိုသာ သွားချင်သည်။ သူ၏အောင်မြင်မှုများအပေါ် အခြေခံပြီး သူ့အနာဂတ်ကိုမြင်နိုင်သည့် တစ်ယောက်ယောက်တော့ရှိမယ်လို့ သူယုံကြည်သည်။ ရှန်းမိသားစုကတော့ သူတို့၏အာသီသကို​ဖြည့်ချင်ပေမယ့် ယခုလိုစွန့်လွှတ်လိုက်ရတာ နှမြောစရာကောင်းလိမ့်မည်။ ရှန်းမိသားစုမှာ အမြင်ကောင်းရှိပြီး သူ့အတွက် ရင်းနှီးမြှုပ်နှံတာ ထိုက်တန်ကြောင်းသိသော်လည်း သူတို့က စိတ်အားထက်သန်လွန်းနေသည်။

  

“ဟုတ်ပါတယ်. မင်းအရင်ဆုံး အဲ့ဒီကောလေးကိုတွေ့ဖို့ အခွင့်အရေးရှာလိုက်ပါလား? သူက ပန်းလေးလိုလှတဲ့သူလည်း ဖြစ်နိုင်တာပဲ” နောက်လူတစ်ယောက်က ရယ်မောလိုက်သည်။ သူတို့က ကျောက်လောင်စန်းထက် အသက်ကြီးပြီး အတွေ့အကြုံများစွာရှိသည်။

 

သူတို့က သီးသန့်ခန်းထဲတွင် ရှန်းမိသားစုနှင့် သူတို့၏ကောလေးအကြောင်း ဆွေးနွေးခဲ့သည်။ အောက်ထပ်မှာတော့ တစ်ယောက်ယောက်က ဆိုင်ရှင်ချီကို တီးတိုးပြောလာခဲ့သည်။ ထန်ချွန်းမင် ခရိုင်မြို့မှာပေါ်လာခြင်းက သူတွေ့ခဲ့သော အသားမဲမဲကောလေးတစ်ယောက်နှင့် ပတ်သက်နေလားဆိုတာ ထန့်ယွီက ရှာဖွေချင်ပြီး သူက အခြေအနေကို စုံစမ်း​ပေးဖို့ ပိုင်ရှင်ချီကိုပြောခဲ့သည်။

ထို့ကြောင့် ဆိုင်ရှင်ချီက ထန်ချွန်းမင်၏ လက်ရှိအခြေအနေကို ကောင်းစွာသိသည်။ ဤကျောက်လောင်စန်းက ထန်ချွန်းမင် ခွဲထွက်လာသည့် ကျောက်မိသားစုဝင်တစ်ဦးဖြစ်သည်။ ကျောက်လောင်စန်း သူတို့စားသောက်ဆိုင်ကို ရောက်လာတာတွေ့လျှင် ဆိုင်ရှင်ချီက ပိုပြီးသတိရှိလာသည်။

 

အလားအလာရှိသော ပညာရှင်တစ်ဦးနှင့် နှိုင်းယှဥ်လျှင် သူနဲ့ ထန့်ယွီက ထန်ချွန်းမင်ကို ပိုတန်ဖိုးထားသည်။ ထို့အပြင် ထန်ချွန်းမင်၏ အခြေအနေကို စုံစမ်းပြီး​နောက် သူတို့က ကျောက်မိသားစု ဘယ်လိုဆိုတာသိခဲ့ရသည်။ ကျောက်မိသားစု၏ တတိယဦးလေးက ကျောက်လောင်စန်း၏ ဂုဏ်သတင်းကိုမြှင့်တင်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ဖျင်ရှန်ရွာမှာ ဖြစ်ပျက်ခဲ့သည်များကို မပျံ့ပွားအောင် မည်ကဲ့သို့ လျှို့ဝှက်နိုင်မည်နည်း။ ထို့ကြောင့် ဆိုင်ရှင်ချီသည် ထိုအချိန်က ကျောက်မိသားစု ဘာဖြစ်ခဲ့လဲဆိုတာကို သေချာသိပြီး သူက ကျောက်လောင်စန်း၏ အကျင့်စရိုက်ကိုလည်း ရှုတ်ချသည်။

 

ဆိုင်ရှင်ချီက အသေးစိတ်မသိသော ကျောက်လောင်စန်းလိုမဟုတ်ပေ။ သူက ဤမြို့၌ နှစ်ပေါင်းများစွာ ဆိုင်ရှင်ဖြစ်ခဲ့ပြီး ရှန်းမိသားစုအကြောင်း အားလုံးသိသည်။ သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူက ရင်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။ ဤကိစ္စတွင် သူက နောက်ကွယ်မှတွန်းအားပေးပြီး ကျောက်လောင်စန်းကို ကောင်းသောအရာလုပ်ခွင့်ပေးလို့ရသည်။

  

ကျောက်လောင်စန်းက သူ့စားသောက်ဆိုင်ကိုသာ လာမစားခဲ့ဘူးဆိုလျှင် သူဟာ ထန်ချွန်းမင်ကို ကူညီဖို့ တွေးခဲ့မှာမဟုတ်ပေ။ တကယ်တော့ ထန်ချွန်းမင်က သူ့စိုက်ခင်းဧရိယာကို တိုးချဲ့ပြီးပြီဲဖြစ်သည်။ သခင်လေးသည် စားသောက်ဆိုင်၏ အကျိုးစီးပွားအတွက် ထန်ချွန်းမင် ပျော်ရွှင်နေပြီး အနှောင့်အယှက်ကင်းတာကို မြင်ချင်သည်။

 

ဆိုင်ရှင်ချီက အောက်ထပ်မှာ ကျောက်လောင်စန်းကို လှည့်ဖြားရန်ကြံနေသော်လည်း ကျောက်လောင်စန်းက ကျင်းကျိနဲ့ဆက်သွယ်ဖို့ နည်းလမ်းရှာနေတာကို သူမသိခဲ့ပေ။ သူက အဆက်အသွယ်ရှိသော သူ့အတန်းဖော်ကို မေးလိုက်သည်။ “ကျင်းကျိရဲ့ သူဌေးကဘယ်သူလဲ မင်းသိလား? ငါ ကျင်းကျိကို တစ်ခုခုမေးချင်ရင် ဘယ်လိုလုပ်ရမလဲ?”

“ဘာဖြစ်လို့လဲ? ကျင်းကျိရဲ့ပိုင်ရှင်နဲ့ ဘာကိစ္စရှိလို့လဲ? ငါသိသလောက်တော့ ကျင်းကျိသူဌေးက ခရိုင်မြို့ကတဲ့။ သူ့မှာ နောက်ခံကောင်းကောင်းရှိတယ်။” ထိုလူမှာ အဆက်အသွယ်တချို့ရှိတယ်။ ကျင်းကျိသူ​ဌေးထန့်ယွီက အန်ဖျင်းခရိုင်ကဆိုတာလည်း ထိုလူသိသည်။ ဒါဆို သူက ရှန်းမိသားစုအကြောင်းကို တကယ်မသိတာလား? ထိုလူကဝိုင်ခွက်နှင့်ကစားနေပြီး ကျောက်လောင်စန်းကို ရွှင်ပျပျကြည့်နေ၏။

  

“အဲ့ဒါက မိသားစုကိစ္စတစ်ခုတည်းအတွက် မဟုတ်ဘူး။” ကျောက်လောင်စန်းက မျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်နေသောပုံဖြင့် ထန်ချွန်းမင်၏ကိစ္စကို ဖြေရှင်းချက်နောက်တစ်ခု ပြောင်းပြောခဲ့သည်။ “ငါ့ဒုတိယအစ်ကို ထွက်သွားပေမယ့် ငါ့မိသားစုက သူ့အတွက် စဥ်းစားပေးနေတုန်းပဲ။ သူဒီလိုမျိုး လူရှေ့သူရှေ့ထွက်ပြပြီး စားသောက်ဆိုင်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လိုလား? ရွာထဲက ဘယ်သူကများ ငါ့ဒုတိယအစ်ကိုအကြောင်းပြောရမှာ မရှက်ကြလို့လဲ? ငါ့အားမူကလည်း အပြင်ထွက်ရမှာတောင် ရှက်​နေတယ်။ ငါ စားသောက်ဆိုင်ကလူတွေနဲ့ စကားပြောချင်လို့လေ။ ပြီး​တော့ ဟင်းသီးဟင်းရွက်တင်သွင်းသူကို ​ပြောင်းစေချင်တာ။ ဒါပေမယ့် တခြားတစ်ယောက်ဖြစ်နေရင်တော့ တစ်မျိုးပေါ့။” ကျောက်ဖျင်ချွမ်က ထိုအရာကို အလေးအနက်မထားပေ။ ပညာရှင်တစ်ယောက်ဖြစ်သည့် သူ့စကားကြောင့် ကျင်းကျိစားသောက်ဆိုင်က ဟင်းသီးဟင်းရွက်တင်သွင်းသူကို ပြောင်းလိုက်လျှင် လုံးဝအရှုံးပေါ်တော့မှာမဟုတ်ပေ။

  

“မင်းဒုတိယအစ်ကိုရဲ့ဇနီးက ကျင်းကျိစားသောက်ဆိုင်ကို ဟင်းသီးဟင်းရွက်တွေ ရောင်းခဲ့တယ်လို့ ပြောချင်တာလား?” ယခင်က ပေါ့ပေါ့တန်တန် ဝိုင်ခွက်လှည့်နေသူက ထိုသတင်းကြားပြီး ရုတ်တရက် ဝိုင်ခွက်ကိုညှစ်ကာ မျက်လုံးထဲမှာ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။

  

“ဟုတ်တယ်.. ဟင်းသီးဟင်းရွက်ရောင်းတာ ပိုက်ဆံဘယ်လောက်ရမှာမို့လဲ? ဒါပေမယ့် သူအဲ့လိုလုပ်နေတော့ ငါတို့ကျောက်မိသားစုက ကောတစ်ယောက်ကိုတောင် မထောက်ပံ့နိုင်ပဲ ငါ့အမေကလည်း သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံနေတယ်လို့ လူတွေပြောလိမ့်မယ်။ ကျောက်မိသားစုက သူ့ကို မထောက်ပံပေးနိုင်တာမဟုတ်ပေမယ့် ငါတို့သူ့ကို စွန့်ပစ်လိုက်လို့တော့မရဘူးမလား။ ဒီမျက်နှာနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် တခြားလူတွေရဲ့ ပြောစကားကြောင့် ငါ့အားမူကို အရှက်မရစေချင်ဘူး။” ကျောက်လောင်စန်းက အကူအညီမဲ့နေပုံပင်။

   

“ဒီကိစ္စက ဖြေရှင်းရလွယ်ပါတယ်။ ငါနဲ့လွှတ်ထားလိုက်။ ငါ့မှာ ဒီစားသောက်ဆိုင်က အသိတစ်ချို့ရှိတယ်။ မင်းအခက်အခဲမဖြစ်အောင် ငါတစ်ယောက်ယောက်ကို ပြောပေးမယ်။” ထိုလူက ဖန်ခွက်ကိုချပြီး ကျောက်လောင်စန်း၏ ပခုံးကိုပုတ်ကို အပြုံးတစ်ခုဖြင့် သဘောတူလိုက်သည်။

“ဒါဆို ငါ အစ်ကိုကျစ်ယိကိုပဲ အားကိုးတော့မယ်!” ကျောက်ဖျင်ချွမ်က ဦးညွတ်လိုက်ပြီး သူ့အမူအရာက ရိုးသားနေသည်။

 

ဆိုင်ရှင်ချီက ဘယ်သူ့ကိုမှ ဆက်နားထောင်ခွင့်မပြုခဲ့ပေမယ့် သူ့မျက်လုံးထဲက လူကလေးက သူတို့စားသောက်ဆိုင်၏ ဘဏ္ဍာရေးအရင်းအနှီးကိုဖြတ်တောက်ဖို့ တခြားသူများနှင့် ပူးပေါင်းကြံစည်နေမှန်း သူမသိခဲ့ပေ။

 

စားသောက်ပြီးနောက် ကျောက်ဖျင်ချွမ်က အတန်း​​ဖော်သုံးယောက်ကို နှုတ်ဆက်လိုက်သည်။ ကျောက်ဖျင်ချွမ်၏ နောက်ဆုတ်သွားသော ပုံရိပ်ကိုကြည့်ကာ အစောပိုင်းက ငွေအတွက်နဲ့ ရှန်းမိသားစု၏ကောအာလေးကို လက်ထပ်ဖို့ ကျောက်ဖျင်ချွမ်အား အကြံပေးခဲ့သည့် လူငယ်လေးတစ်ယောက်က အစ်ကိုကျစ်ယိလို့ခေါ်သော အမျိုးသားကို လှောင်ပြောင်သောလေသံဖြင့်​ ပြောလိုက်သည်။ “အစ်ကိုကျစ်ယိ… ဒီဆင်းရဲတဲ့ပညာရှင်က ရှန်းမိသားစုရဲ့ကောလေးနဲ့ တကယ်လက်ထပ်တော့မှာလား?”

 

ဤလူသုံးယောက်က ရှန်မိသားစု၏ ကိစ္စရပ်များကိုသိပေမယ့် ဘယ်သူမှ ကျောက်ဖျင်ချွမ်ကို မပြောပြခဲ့ပေ။ ဤသည်မှာ အတန်းဖော်များကြားက ဆက်ဆံရေးမှာ အတုအယောင်ဖြစ်ကြောင်းဖော်ပြနေသည်။ တတိယလူကပြုံးကာပြောလိုက်သည်။ “လက်ထပ်တာက ဘာမှမမှားပါဘူး။ ကျောက်မိသားစုကို ခန်းဝင်ပစ္စည်းပေးလိုက်တာကမှ ရှန်းမိသားစုအတွက် အရှုံးဖြစ်တာမလား?” မျက်နှာပေါ်မှာတော့ သူဟာ ကျောက်ဖျင်ချွမ်နှင့် ဆက်ဆံရေးကောင်းသလို ဟန်ဆောင်နေပေမယ့် တကယ်တော့ ကျောက်ဖျင်ချွမ်ကို ဘယ်သူကမှ အလေးမထားပေ။ သူက ကျေးလက်ရှိ ဆင်းရဲသားပညာရှင်တစ်ယောက်သာဖြစ်၏။ သူဟာ ကိုယ်သိကိုယ်တတ်လူစားမျိုးဖြစ်ပေမယ့် ပညာရှင်တစ်ယောက်ဖြစ်လာမယ်လို့ သူတို့မထင်ထားခဲ့ပေ။

  

“အမှန်ပဲ။” အစ်ကိုကျစ်ယိက လက်ခုပ်တီးပြီး ဝမ်းသာအားရပြောလိုက်သည်။ “ငါလည်း အရေးကြီးတဲ့အချက်အလက်တစ်ချို့ပေးခဲ့တဲ့ ကျောက်ဖျင်ချွမ်ကို ကျေးဇူးတင်ချင်တယ်။ ဒီတော့ ငါသူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလို့မရဘူး။ လှပတဲ့ ကောတစ်ယောက်နဲ့ အရည်အချင်းရှိတဲ့ အမျိုးသားတစ်ယောက်က ကောင်းကင်ဘုံဖူးစာပဲ။ ကျောက်ဖျင်ချွမ်လည်း ငါတို့ကို အနာဂတ်မှာ ကျေးဇူးတင်နေမယ်လို့ မျှော်လင့်တယ်။”

 

“အစ်ကိုကျစ်ယိ…သူ့ဒုတိယအစ်ကိုဆိုတာက–ဖြစ်နိုင်မလား…”

  

“မပြောနဲ့…မပြောနဲ့… “ ညီအစ်ကိုကျစ်ယိက လက်ညိုးကို ခါးယမ်းလိုက်သည်။ “ငါတို့ပဲသိထားတာပေါ့။ ဟားဟား… ပြန်ကြမယ်။”

 

ကျောက်ဖျင်ချွမ်က သူ့​နောက်ကွယ်ကနေ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်ဖို့ ကြိုးစားနေမှန်း ထန်ချွန်းမင်မသိခဲ့ပေ။ မဟုတ်ပါက သူသည် ကျောက်မိသားစု၏ပွဲကို ထိုင်ကြည့်နေမှာမဟုတ်ပေ။ သူ သူ့ကို ဓားနဲ့ထိုးသတ်ချင်မှာကိုပင် စိုးရိမ်နေမိသည်။ ထိုနည်းတူစွာ တစ်စုံတစ်ယောက်က ကျင်းကျိရဲ့ ​တင်သွင်းမှုအရင်းအမြစ်ကို ရှာနေကြောင်း သူမသိခဲ့ပေ။ ကျောက်ဖျင်ချွမ်က မတော်တဆပေါက်ကြားအောင် လုပ်ခဲ့မိသည်။

----------

Chapter 35.3

ထိုနေ့မွန်းလွဲပိုင်းတွင် ထန်ချွန်းမင်က အိမ်မှာထိုင်ကာ ချယ်ရီသီးသုံးပြီး ချယ်ရီအနှစ်ပြုလုပ်ခဲ့သည်။ နေရာလွတ်ထဲက ချယ်ရီသီးများ ရင့်မှည့်လာတော့ အားလင်းက အမြဲစားချင်နေခဲ့လို့ ထန်ချွန်းမင်က သူ့သားကိုကျွေးမွေးရတာပျော်နေ၏။ ယခု လူတွေရဲ့မျက်လုံးနှင့်နားကို ဖုံးကွယ်ရန် သူက ခြံထဲမှာ မက်မွန်သီး၊ သစ်တော်သီး၊ ဇီးပန်းသီးနှင့် တရုတ်တည်သီးများအပါအဝင် သီးပင်များစွာကို စိုက်ထားသည်။ သူက ခရိုင်မြို့၌ ရောင်းချသည့် သစ်သီးဝလံအမျိုးအစားကို စောင့်ကြည့်စုံစမ်းရန် ရှန်းဖူလန်မှတစ်ဆင့် သူ့သားနှစ်ယောက်ကို အကူအညီတောင်းခဲ့သည်။ နေရာလွတ်ထဲ၌ သီးပင်မျိုးစုံကို ပြောင်းရွှေ့စိုက်ပျိုးပြီးလျှင် နေရာလွတ်ထဲက သီးနှံများကိုထုတ်ကာ ယခုကဲ့သို့ ခိုးကြောင်းခိုးဝှက် စားသုံးဖို့မလိုတော့ပဲ အနာဂတ်မှာ ပွင့်လင့်မြင်သာစွာ ထုတ်ထားလို့ရလေသည်။ ၎င်းမှာ အစွန်အဖျား၌ စားနေသလိုပင် ဖမ်းမိသွားဖို့လွယ်ကူလေသည်။

 

ခွေးသုံးကောင်မှာ အကြီးတစ်ကောင်နှင့် အသေးနှစ်ကောင်က သူနဲ့အားလင်း၏ခြေရင်း၌ လဲလျောင်းနေပြီး အသီးများကိုက်ဝါးနေသည်။ ရှောင်ဟွာ၊ ရှောင်ဟေးနှင့် ရှောင်သိုက်က နေရာလွတ်မှထွက်ရှိသော သစ်သီးဝလံများကို ဘယ်တော့မှငြင်းဆိုခြင်းမရှိပေ။ တိရစ္ဆာန်များက နေရာလွတ်၏လေထုကို ပိုသတိထားမိပြီး ထိုအရာများကိုစားခြင်းက သူတို့အတွက်ကောင်းမှန်းသိကြလေသည်။

  

“ဖေဖေ…သားရဲ့ လက်ရေးလှစာလုံးကြီးကို ကြည့်ပါဦး။” မှင်စွန်းနေသော အားလင်း၏မျက်နှာမှာ အပြုံးကြီးကြီးတစ်ပွင့်ရှိနေပြီး သူက ထန်ချွန်းမင်ရှေ့မှာ စာရွက်တစ်ရွက် ထိုးပြလာသည်။ လီဖုန်းက ထိုမွန်းလွဲပိုင်း၌ အိမ်မှာမရှိသော်လည်း ကလေးနှစ်ယောက်ကို သူ့အိမ်မှာ ကိုယ်ခံပညာလေ့ကျင့်နေဖို့ ပြောခဲ့သည်။ ပျင်းရိနေတာကိုတွေ့ရင် ပြစ်ဒဏ်က နှစ်ဆတိုးမည်။ သို့ဖြစ်၍ လီဖုန်းမရှိရင်တောင် တာမောင်းနဲ့အာမောင်းက ပျင်းရိဖို့မဝံ့ရဲပေ။ အားလင်းက ထိုပွဲ၌မပါခဲ့ပဲ သူ့အားမူနဲ့အတူ အိမ်မှာနေခဲ့သည်။

  

“ကောင်းပြီ.. အားလင်း… မင်းရဲ့စာတွေက တကယ်ကောင်းတယ်..ဒါက အားလင်းကိုဆုချတာ။” ထန်ချွန်းမင်က ထိုစာကိုမြင်မြင်ချင်းပြုံးလိုက်ပြီး သူက ထောင်းထားသော ချယ်ရီသီးအနှစ်ကိုပေးကာ အားလင်း၏မျက်နှာပေါ်က မှင်နှင့်ဖုန်မှုန့်များကို ရေစိုဝတ်ဖြင့် သုတ်ပေးလိုက်သည်။ အားလင်းက အသီးနှစ်ကိုစားပြီးနောက် ထန်ချွန်းမင်က သူရေးထားသော စာလုံးကြီးများကို ဂရုတစိုက်ကြည့်လိုက်သည်။ ငယ်ရွယ်ပြီး အားနည်းသော အားလင်းလေး၏ စာလုံးများက သူနဲ့အတူလေ့လာနေသော အာမောင်းနဲ့တော့ မယှဥ်နိုင်ပေ။ သူ့အကြိုက်​ဆုံး ချယ်ရသီးရနံ့ကြောင့် နောက်ဆုံးစာလုံးတွေမှာ နည်းနည်းခက်ခဲနေသည်။ သူက စိတ်မရှည်စွာဖြင့် ကောက်ကွေးနေအောင် ရေးထားသော်လည်း စာသားများက မှန်ကန်ပါသည်။ ထန်ချွန်းမင်က အလွန်အကျွံမတောင်းဆိုပဲ အားလင်းကို လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ခွင့်ပေးထားသည်။

 

ထန်ချွန်းမင်ကလည်း အသီးအနှံတွေ ယူစားလိုက်သည်။ သူ့ဗိုက်ကကြီးလာလေ သူပိုစားလေဖြစ်၏။ နေ့လည်စာစားပြီး သိပ်မကြာခင်မှာ ဗိုက်ဆာလာတာကြောင့် အစာစားချင်စိတ်ကိုဖြည့်တင်းရန် အသီးအနှံများကို မှီခိုခဲ့ရသည်။ ထို့နောက် သူက ခွေးသုံးကောင်စားတာကိုစောင့်နေလိုက်သည်။ သန့်ရှင်းရေးလုပ်ပြီး​နောက် အပြင်မှာ အသံတစ်ခုထွက်လာခဲ့သည်။ ရှောင်ဟွာက ကမန်းကတန်းပြေးထွက်သွားပြီး ရှောင်ဟေးက သူ၏နူးညံ့သောအသံဖြင့်အော်လိုက်ကာ ရှောင်သိုက်က ဘာတွေဖြစ်နေမှန်းမသိပဲ ခေါင်းညိတ်နေသည်။

  

“ဖေဖေ….ဧည့်သည်ရောက်နေတယ်။” အားလင်းက ခန်းပေါ်မှ စွေ့ခနဲလျှောဆင်းပြီး သူ့အားမူကို ဆင်းကူလိုက်သည်။ ထန်ချွန်းမင်က ထိုကဲ့သို့သော ကလေး၏ခွန်အားကို ချေးငှားရန်ပင် ဆန္ဒမရှိခဲ့ပေ။

 

ခြံထဲကိုလှမ်းကြည့်လိုက်တော့ တံခါးဝမှ လူတစ်ယောက်၏ အော်ခေါ်သံကိုကြားလိုက်ရသည်။ “ထန်ဖူလန် ဒီမှာရှိလား? ငါက ကျင်းကျိဆိုင်ရှင်ပါ။”

 

ဆိုင်ရှင်ချီလား? သူဘာလို့ဒီရောက်နေတာလဲ? ထန်ချွန်းမင်က ရှုပ်ထွေးနေပေမယ့် သူက ချက်ချင်းပြန်ထူးလိုက်သည်။ “လာပြီ….ခဏစောင့်ပါ။…” ပထမအကြိမ်ကတည်းက ကျင်းကျိဆိုင်မှ အစေအပါးလူငယ်လေးတစ်ယောက်က ဟင်းသီးဟင်းရွက်လာယူလေ့ရှိသည်။ သူက အလွန်ပင် လုံ့လဝီရိယရှိပြီး ထန်ချွန်းမင် အချိန်မီမပြီးလျှင် သူက ဟင်းသီးဟင်းရွက်များကို ကူခူးပေးလေ့ရှိသည်။ သို့ပေမယ့် သူက ရက်အနည်းငယ်တိုင်း မနက်ခင်း၌သာ လာတတ်သည်။ ဒီတော့ ဒီနေ့မှာ ဘာလို့နေ့လည်ဘက်လာရတာလဲ?

 

ထန်ချွန်းမင်က ခြံတံခါးဖွင့်ပြီး အပြင်မှာရပ်ထားသည့် လှည်းနှင့် လှည်းဘေးမှာ မတ်တပ်ရပ်နေသော ဆိုင်ရှင်ချီကို တွေ့လိုက်ရသည်။ တံခါးလာခေါက်သူက အသီးအရွက်လာကောက်လေ့ရှိသော လူငယ်ဖြစ်သည်။ ဆိုင်ရှင်ချီက ပြုံးပြပြီး ထန်ချွန်းမင်ကို ဦးညွတ်ကာပြောလာသည်။ “ထန်ဖူလန်…အနှောင့်ယှက်ပေးမိလို့ တောင်းပန်ပါတယ်။ ဖြစ်ချင်တော့ ကျုပ်ဒီနေ့အားနေလို့… ရှောင်ရွှင်းကျိနဲ့ အတူလာခဲ့တာ။”

 

ထန်ချွန်းမင်ကပြုံးကာ တံခါးဖွင့်ပေးလိုက်သည်။ “အထဲဝင်ခဲ့ပါဗျ… ဆိုင်ရှင်ချီက အလုပ်ရှုပ်နေတဲ့ကြားက လာရတော့မို့ ကျွန်တော်က အမြန်ကြိုဆိုပေးရမှာပေါ့”

 

ဆိုင်ရှင်ချီက ထန်ချွန်းမင်၏စကားကြောင့် စိတ်ရွှင်သွားသည်။ သူဟာ သူတွေ့နေကျ ကောတွေနဲ့မတူပေ။ သူ့မှာ ကျေးလက်ကကော​တွေလို ရိုင်းပျမှုမရှိပဲ တခြားကောများနှင့် ကွာခြားသည့် တက်ကြွသည့်အသွင်အပြင်ရှိသည်။ သူက လှည်းပေါ်မှလက်ဆောင်များကို ရှောင်ရွှင်းကျိအား သယ်ခိုင်းလိုက်သည်။ ထို့နောက် သူက ထန်ချွန်းမင်နောက်ကနေ ခြံထဲလိုက်သွားခဲ့သည်။ ဆိုင်ရှင်ချီက လမ်းလျှောက်ရင်း ရယ်မောလိုက်သည်။ “ထန်ဖူလန်…ဒီခွေးတွေက ဉာဏ်အရမ်းထက်တာပဲ။” မူလက သူ့ကိုဟောင်နေသော ရှောင်ဟွာက တိတ်ဆိတ်သွားပြီး ထန်ချွန်းမင်နောက်သို့ နိုးနိုးကြားကြားလိုက်လာပုံမှာ အချိန်မရွေး ထခုန်တော့မလိုပင်။ သူက ဆိုင်ရှင်ချီထံ ရောက်လာပေမယ့် အနက်​​ရောင်ခွေးပေါက်လေးက သူ့ခြေထောက်နားမှာ အနံ့လာခံသည်။ ဆိုင်ရှင်ချီက မတော်တဆတက်နင်းမိမှာ​ကြောက်၍ သတိထားလျှောက်နေသည်။ “မင်း ခြံအသစ်ဖွင့်လိုက်ပြီဆိုတာ ရှောင်ရွှင်းကျိပြောပြလို့ ဒီနေ့လာကြည့်ရင်း ဟင်းသီးဟင်းရွက်တချို့လာယူတာ။”

 

ရှောင်ရွှင်းကျိက ထန်ချွန်းမင် အသုံးပြုလို့ရသည့် ချည်ထည်များနှင့် အဆာပြေမုန့်များကို သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည်။ သူက အလွန်အမင်း စဥ်းစားပေးတတ်သည်။ ထန်ချွန်းမင်က ဆိုင်ရှင်ချီကို ဘေးခြံသို့ ဗိုက်တကားကားဖြင့် လိုက်ပြပေးခဲ့သည်။ “ကျွန်တော့်နေရာသေးသေးလေးက ဆိုင်ရှင်ချီနဲ့ သခင်လေးထန့်တို့ရဲ့ နားထဲရောက်သွားတာပဲ။ အခုမှဆောက်ခါစဆိုတော့ အရမ်းရှုပ်နေတယ်။ ခြေလှမ်းတွေကို သတိထားပါ။ အားလင်း…. အိမ်ပြန်ပြီး အစ်ကိုရှောင်ရွှင်းသောက်ဖို့ ရေခပ်ပေးလိုက်။”

  

“ဟုတ်ကဲ့ဖေဖေ….” အားလင်းက နာခံစွာတုံ့ပြန်သည်။ သူနဲ့ ရှောင်ရွှင်းကျိက တစ်​ယောက်နဲ့တစ်ယောက်ရင်းနှီးပြီး သူက ရှောင်ရွှင်းကျိကို လူကြီးလေးတစ်ယောက်လို အိမ်ထဲခေါ်သွားခဲ့သည်။

 

သူက ဆိုင်ရှင်ချီနဲ့အတူ ခြံသစ်တစ်ဝိုက်လည်ပတ်ခဲ့သည်။ ဆိုင်ရှင်ချီက ထန့်ယွီလိုချင်သည့်အတိုင်း စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုတွေ့တော့ ကျေနပ်သွားခဲ့သည်။ လက်ရှိတင်သွင်းမှုက စားသောက်ဆိုင်၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ပိုင်ရှင်မှာ စားသောက်ဆိုင်တစ်ခုထက် ပိုရှိတာကို ထည့်မပြောလျှင်ပင် ထန်ချွန်းမင်က တတ်နိုင်သလောက် များများစိုက်ပျိုးသင့်သည်။

 

ဆိုင်ရှင်ချီက စားသောက်ဆိုင်လုပ်ငန်းရှိ ထန်ချွန်းမင်၏လွှမ်းမိုးမှုနှင့် ဧည့်သည့်များထံမှ ချီးကျူးစကားများကို မဖုံးကွယ်ထားခဲ့ပေ။ သူပြောနေရင်းဖြင့် ကျောက်ဖျင်ချွမ်အကြောင်း ပါလာခဲ့သည်။ “ပညာရှင်အသစ်က မင်းတို့ဖျင်ရှန်ရွာကလာတာလို့ ငါကြားတယ်။ ဖျင်ရှန်ရွာက တကယ်ကို ထူးချွန်တဲ့နေရာပဲ။ စိုက်ပျိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ကောင်းသလို ဒီနေရာမှာ ကြီးပြင်းလာတဲ့သူတွေကလည်း ထူးခြားတယ်။”

 

ထန်ချွန်းမင်က ဆိုင်ရှင်ချီကို စွေကြည့်လိုက်သည်။ ဆိုင်ရှင်ချီ ဤနေရာကို ဘာကြောင့်လာရောက်သည်ကို သူမသိလျှင် သူ့ဘဝတစ်ခုလုံးက အချည်းအနှီးဖြစ်သွားပေမည်။ သူက သူနဲ့ အချိန်အကြာကြီးစကားပြောနေတာက မထူးဆန်းတော့ပေ။ ကြည့်ရတာ သူက ယခုအခြေအနေကို စောင့်နေပုံရသည်။ သို့ဖြစ်၍ ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကလေးတွေကိုပဲ ပြုစုစောင့်ရှောက်နိုင်တဲ့ ကောတစ်ယောက်က ဆိုင်ရှင်ချီလို သိတတ်နားလည်နိုင်ပါ့မလား?- ဆိုင်ရှင်ချီက ထူးချွန်းတယ်ပြောတော့လည်း ထူးချွန်တယ်ပေါ့။”

  

“ဟားဟား.. “ ဆိုင်ရှင်ချီက ဤကောလေး ပို၍ပင်ထက်မြက်ပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိသည်။ သူက ဆက်ပြောလိုက်သည်။ “ငါ စားသောက်ဆိုင်မှာ လူတချို့နဲ့တွေ့ပြီး တချို့အကြောင်းအရာတွေကို ကြားခဲ့ရတယ်။ မဟုတ်ဘူး။ မြို့ပေါ်က ရှန်းတာဟူက ဒီလိုပညာရှင်မျိုးကို ရှာပြီး သူ့သားဖြစ်သူ ကောအာလေးနဲ့ လက်ထပ်ပေးချင်နေတာ။ သူက သူ့ကောငယ်လေးကို စောင့်ရှောက်ထားပေမယ့် အဲ့ဒီကောလေးက ကျန်းမာရေးမကောင်းဘူးလေ။ သူက ဒီကောင်းချီးကို လက်မခံနိုင်ပဲ ဆက်တိုက်ဖျားနာနေတာ။ သူတို့ရဲ့ ကောလေး အသက်မရှင်နိုင်မှာကိုကြောက်လို့ သူတို့လင်မယားက သူ့ကို ကျေးလက်ပို့ပြီး ကောလေးကို စောင့်ရှောက်ပေးစေချင်တာ။ ဒီကောငယ်လေးက ကျေးလက်​ရောက်လာရင် ကျန်းမာရေးကောင်းလာမယ်လို့ ဘယ်သူထင်မှာလဲ? ပြီးတော့ အခုသူက အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာပြီ။ ဒီချမ်းသာတဲ့စုံတွဲက အရည်အချင်းရှိတဲ့သူကို ဂရုတစိုက်ရွေးချယ်ထားတာပဲ။”

 

ရှန်းဖူလန် ယခင်က ပြောခဲ့သည်များကို စဥ်းစားကြည့်လိုက်တော့ ထန်ချွန်းမင်က ရယ်မောချင်စိတ်ကို မထိန်းနိုင်ဖြစ်လုနီးပါးပင်။ ဖြစ်ချင်တော့ ဆိုင်ရှင်ချီက သူ့ကို ကျောက်လောင်စန်းအိမ်ထောင်ရေးအကြောင်း ​ပြောဖို့လာခဲ့တာပဲ။ မြို့ပေါ်က ကောငယ်လေးအကြောင်း ဘာသတင်းမှမရှိတာ မထူးဆန်းတော့ပေ။ သူဟာ ကျေးလက်မှာကြီးပြင်းလာ၍ “သတိရှိ”ဆိုသော စကားလုံးက ထင်ရှားနေ၏။

  

“ရှန်းတာဟူနဲ့ သူ့ဇနီးက သူတို့ကောလေးအတွက် တကယ်တွေးပေးကြတာလား? သူတို့မှာ တခြားကလေးတွေရှိလား?”

  

“ရှိတာပေါ့. ဒီကောလေးက ကံကောင်းတဲ့လူတစ်ယောက်လို့ ငါကြားတယ်။ ရှန်းမိသားစုကိုပြန်လာပြီး သိပ်မကြာခင်မှာပဲ ရှန်းမိသားစုရဲ့ဇနီးက ကိုယ်ဝန်ရသွားတယ်။ နောက်နှစ်မှာ သူ လုံးကစ်ကစ်ကလေးလေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲ့ဒီကလေးက လက်ရှိမှာ ရှန်းမိသားစုရဲ့ ရတနာလေးပေါ့။” ဆိုင်ရှင်ချီက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

 

လမ်းလျှောက်ပြီး ခြံဟောင်းထဲပြန်ဝင်သွားပြီးနောက် ​ရှောင်ရွှင်းကျိက နောက်ဖေးခြံမှာ ဟင်းသီးဟင်းရွက်ကောက်ပြီး ခြံထဲပြန်သယ်ပြီးပြီပင်။ အားလင်းက ရှောင်သိုက်ကိုဖက်ကာ ကြီးကြပ်သူလေးလို စောင့်ကြည့်နေပြီး ရှောင်ရွှင်းကျိနဲ့ စကားပြောနေခဲ့သည်။

 

ထိုအချိန် တံခါးဝတွင် ရုတ်တရက်စကားများသံထွက်ပေါ်လာပြီး အေးစက်သော ကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။ ၎င်းက အလွန်ရင်းနှီးနေသည်။ ဒါ ခရီးကပြန်လာတဲ့ လီဖုန်းလား? ဘာတွေဖြစ်နေတာလဲ? ထန်ချွန်းမင်က ဗိုက်ကိုကိုင်ကာ ခြံတံခါးဝကို လျှောက်သွားခဲ့ပြီး လှမ်းကြည့်လိုက်သည်။

 

လီဖုန်းက မော့ကြည့်လိုက်တာနဲ့ ထန်ချွန်းမင်ကို တွေ့သွားခဲ့သည်။ ခြံတံခါးဝမှာ လှည်းတစ်စီးလည်းရပ်ထားသည်။ လီဖုန်းက ၎င်းကို ကျင်းကျိစားသောက်ဆိုင်မှ ဖြစ်သင့်သည့်ဟု ထင်မြင်ခဲ့ပြီး ထိုလူ့နောက်က လိုက်လာသူမှာ ဆိုင်ရှင်ချီဖြစ်နေ၏။ လီဖုန်းက သူ့ရှေ့မှာ ပိတ်ဆို့နေသော နွားလှည်းနှစ်စီးကို စိတ်မရှည်သလို ကြည့်လိုက်၏။ “မင်းက ဘယ်အိမ်ကိုသွားမှာလဲ? ဘာလို့ ဒီမှာရပ်နေတာလဲ?!”

  

လီဖုန်းက ခရီးထွက်သွားခဲ့ပြီး သူပြန်ရောက်တော့ လှည်းတစ်စီးမောင်းနှင်လာခဲ့သည်။ ထန်ချွန်းမင်၏အိမ်က အလွန်သက်ဝင်နေ၏။ ဆိုင်ရှင်ချီ၏လှည်းက တံခါးဝမှာရပ်ထားပြီး သူ့ရှေ့နားမှာ နွားလှည်းနှစ်စီးက ပြိုင်ဆိုင်နေသည်။ လူတိုင်းက ထိုနေရာမှာရပ်ချင်တာကြောင့် သူက တစ်ဖက်လူကို ကျော်ချင်နေ၏။

 

ထန်ချွန်းမင်ကို စိတ်အနှောင့်ယှက်ဖြစ်စေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော နွားလှည်းပေါ်မှ လူလတ်ပိုင်း ကောနှစ်ယောက်က ကျယ်လောင်စွာ ငြင်းခုံနေ၏။

  

“ငါက အရင်ရောက်တဲ့သူပဲ။ ထွက်သွားသင့်တာ မင်း! ငါလမ်းကိုမပိတ်နဲ့။!”

 

“နေရာကိုလည်းကြည့်ပါဦး…ကျုပ်အရင်သွားလို့ရတာကို… ခင်ဗျားတို့က ကျော်ဖြတ်လာတာလေ။ ခင်ဗျားတို့မှာ အသိဉာဏ်မရှိဘူးလား?”

 

လီဖုန်းပြောပြီးနောက် လူလတ်ပိုင်းကောနှစ်ယောက်က ခေါင်းကိုလှည့်ကာ တစ်ပြိုင်နက်တည်း ပြောလိုက်သည်။ “သူ့ကိုထွက်သွားဖို့ပြောလိုက်”

  

“ဟမ်? ဒါက မြို့ရှေ့ဘက်က အောင်သွယ်တော်ချန်နဲ့ မြို့နောက်ဘက်က အောင်သွယ်တော်ဟွာမလား?” ဒီနေ့ဘာဖြစ်လို့လဲ? မင်းတို့ ဖျင်ရှန်ရွာကို တူတူရောက်လာတယ်။ ဘယ်သူ့မိသားစုအတွက် အောင်သွယ်တော်လုပ်ပေးမှာလဲ?” ထန်ချွန်းမင်နောက်ဘက်က အသံသည် လမ်းပိတ်ထားသည့် လူနှစ်ဦး၏ သရုပ်မှန်ကို ပေါ်သွားစေသည်။ ထန်ချွန်းမင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူက သူ့မျက်လုံးကိုပင် ဆေးချင်မိသည်။ သူတို့က အောင်သွယ်တော်တွေမို့ သူစိတ်အနှောင့်အယှက်ဖြစ်ရတာ မဆန်းတော့ပေ။

  

“ဒါက ဆိုင်ရှင်ချီဖြစ်နေတာကိုး…ကျုပ်က ကျောက်မိသားစုကိုသွားမှာ။” အောင်သွယ်တော်ချန်က သူ့လက်ကိုင်ပုဝါကို ဝေ့ယမ်းကာ ပြောလိုက်သည်။

  

“ဆိုင်ရှင်ချီ…ကျုပ်က ထန်မိသားစုကိုသွားမှာ။ ထန်မိသားစုက ဘယ်မှာလဲသိလား?” အောင်သွယ်တော် ဟွာကလည်း အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment